ကျန်းရှောင်နူ သူမ၏ နာမည် အပြည့်အစုံသည်ကား ကျန်းရှောင်နူ
Vol. 1 Ch. 5
အကြီးအကဲချုပ်၏ ပြောပုံအရ ကျန်းရီ၏ အမေသည် သူ တစ်နှစ်သားအရွယ်တွင် သူ့ဝေယျာဝစ္စများ လုပ်ဆောင်ရန် သူမကို ဝယ်လာခဲ့ခြင်း ဖြစ်သည်။ အိမ်တော်တွင် သူမ၏ အဆင့်အတန်းသည် အစေခံမျှသာ ဖြစ်သော်ငြား သူမသည် အစေခံလိုမျိုး ဘယ်တုန်းကမှ ဆက်ဆံခြင်း မခံခဲ့ရပေ၊ သူမသည် ကျန်းရီနှင့် မောင်နှမ အရင်းလိုမျိုး အတူ ကြီးပြင်းလာခဲ့သည်။ အကြီးအကဲ ချုပ်ပျောက်ကွယ် သွားပြီး နောက်တွင် သူတို့နှစ်ဦးသည် အသက်ရှင်သန် နေထိုင်ရန်အတွက် တစ်ဦးအပေါ် တစ်ဦး မှီခိုခဲ့ကြရသည်။ ရှောင်နူ၏ အားပေး တိုက်တွန်းမှုများကြောင့်သာ မဟုတ်လျှင် ခက်ခဲသော အချိန်များကို တောင့်ခံရန် အမှန်ပင် ခက်ခဲခဲ့ပေလိမ့်မည်။
နဂါး၏ လည်ပင်းပေါ်ရှိ ပြောင်းပြန် အကြေးခွံကို ထိလိုက်မိသည်နှင့် သေစေနိုင်သကဲ့သို့ တစ်စုံတစ်ယောက်ကို မှားယွင်းသော နည်းလမ်းနှင့် ဆက်ဆံမိလျှင် ကိုယ့်သေတွင်းကိုယ်တူးနေသည်နှင့် မခြားပေ။ (တရုတ် အယူအဆများတွင် နဂါး၏ လည်ပင်းတွင် တစ်ခုတည်း ရှိသော ပြောင်းပြန် အကြေးခွံကို ထိလိုက်လျှင် နဂါးကို ရန်စ စော်ကားလိုက်သည်နှင့် တူသောကြောင့် ချက်ချင်း အသတ်ခံရသည် ဆိုကြသည်။)
ကျန်းရီတွင်လည်း ထိုကဲ့သို့ အကြေးခွံလေးတစ်ခုရှိသည်၊ ၎င်းသည်ကား ရှောင်နူပင်... .
ထို့ကြောင့် ရှောင်နူ ဒုက္ခရောက်နေသည်ဟု ကြားသည်နှင့် ကျန်းရီသည် ဒေါသစိတ်နှင့် ပေါက်ကွဲသွားခဲ့ခြင်း။ ခြံဝန်းရှေ့သို့ ပြေးထွက်လာချိန်တွင် သူ့မျက်နှာသည် ဒေါသများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူ၏ ကြမ်းတမ်းသော အပြုအမူများသည် သတင်းပို့သူ မိန်းကလေးကိုပင် အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
သူသည် ပြေးထွက်လာရင်းနဲ့ပင် အော်ဟစ်လာခဲ့သည်။
"ရှောင်နူ ဘာဖြစ်နေတာလဲ ချွန်းယာ... ရှောင်နူ ဘာဖြစ်နေတယ်လို့ မင်းပြောခဲ့တာလဲ"
ကျန်းရီသည် သတင်းယူဆောင်လာသူ မိန်းကလေးကို မှတ်မိသွားခဲ့သည်၊ သူမသည် ဘေးဘက် ခြံဝန်းထဲတွင်နေသော ကျန်းမိသားစု အိမ်တော်ထိန်း၏ သမီးအကြီးဆုံး ဖြစ်သည်။ သူမနှင့် ရှောင်နူသည် သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး တစ်ခါတစ်ရံ အပြင်လုပ်များ လုပ်ရန် အတူတူ ခိုးထွက်တတ်ခဲ့ကြသည်။
ကြောက်လန့်နေသော ချွန်းယာသည် မျက်နှာတွင် မျက်ရည်အပြည့် ဖုံးလျက် ဖြေလာခဲ့သည်။
"သခင်လေးကျန်းရီ၊ ရှောင်နူ ဖန်းယွီဆောင် ကြာမြိုင်မှာ အရိုက်ခံနေရတယ်။ အဲ့က စီမံခန့်ခွဲသူ မန်နေဂျာ ပြောတာတော့ သူမက ပန်းချီကားတစ်ချပ်ကို ပျက်စီးအောင်လုပ်မိလို့တဲ့ ၊ ပြီးတော့ ရှောင်နူကို အလျော် ပေးစေချင်နေတယ် မပေးရင် သူမကို သေတဲ့အထိ ရိုက်လိမ့်မယ် ။ မြန်မြန် သူမကို ကယ်ဖို့ လူတွေခေါ်ပါဦး... ."
"ဖန်းယွီ ဆောင်ကြာမြိုင်"
ကျန်းရီ၏ မျက်ဝန်းထဲတွင် ကြက်သီးထစရာ အကြည့်တစ်ခု ဖျတ်ခနဲလက်သွားခဲ့သည်။ သူ ဖန်းယွီ ဆောင်ကြာမြိုင်ကို သိသည်။ ၎င်းသည် မြို့တော် အရှေ့ဘက်ရှိ ကျန်းမိသားစုပိုင် အကြီးဆုံးဆောင်ကြာမြိုင် ဖြစ်သည်။ သူသည် ရှောင်နူ နောက်ကို တစ်ခါလိုက်သွားခဲ့ဖူးသည်။ သူမသည် ငွေစနည်းနည်းလေး ရဖို့အတွက် ဆောင်ကြာမြိုင် အနောက်ဆောင်ထဲတွင် သူတို့၏ အဝတ်အစားများနှင့် အိပ်ယာခင်းများကို လျှော်ဖွပ်သည့်အလုပ်ကို လုပ်ရလေသည်။
"အကူအညီတောင်းဖို့"
ကျန်းရီ ခေါင်းရမ်းခဲ့သည်။ အကြီးအကဲချုပ် ပျောက်ဆုံးသွားပြီးနောက် ကျန်းမိသားစုရှိ မည်သူမှ သူ့ကို တန်ဖိုးမထားခဲ့ချေ။ သို့ဖြစ်ရာ မည်သူက သူ့ကိုကူညီလိမ့်မည်နည်း။ ဒါ့အပြင် ဂိုဏ်းသည် ဒီလို အရှက်ရစရာ ကိစ္စမျိုးကို သိရှိခဲ့ပါလျှင် ရှောင်းနူသည် ဖန်းယွီ ဆောင်ကြာမြိုင်မှ လူများ၏ သေအောင်ရိုက်ခြင်းကို မခံရလျှင်တောင် သူမသည် စည်းကမ်း ထိန်းသိမ်းဆောင်ကို သေချာပေါက် အခေါ်ခံရပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရပေလိမ့်မည်။
"ချွန်းယာ၊ အရင်ဆုံးပြန်သွား" သူအလျှင်စလို ညွှန်ကြားခဲ့သည်။
"မှတ်ထားပါ၊ ဒါကို တခြားလူကို စကားလေး တစ်ခွန်းတောင် မဟမိစေနဲ့"
ထို့နောက် သူဖိနပ်ကို စီး၍ ပြေးထွက်သွားခဲ့သည်။
အကြောင်းအရာကို တွေးနေဖို့ သူ့မှာ အချိန်များများစားစား မရှိချေ။ သူ လုပ်နိုင်တာဆိုလို့ တစ်ယောက်တည်း ထွက်သွားရန်သာ ဖြစ်သည်။ သူသေတဲ့အထိ အရိုက်ခံရလျှင်တောင် ရှောင်နူကိုကယ်ရမည်။ ကျန်းရီသည် သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် လေအလျင်ကဲ့သို့ ပြေးထွက်သွားသည်ကို မြင်လျှင် ချွန်းယာသည် သူ့ကို အော်ဟစ သတိပေးခဲ့သည်။
"သခင်လေး ကျန်းရီ၊ အလျင်စလိုမလုပ်ပါနဲ့၊ ဖန်းယွီဆောင် ကြာမြိုင်မှာ အစောင့်တွေ အများကြီးရှိတယ်၊ အားလုံးက သန်မာကြပြီး အရေအတွက် ကလည်း အများကြီး... ."
သို့ရာတွင် သူ့ကို အော်ပြောပြီးလျှင် ပြီးချင်း ကျန်းရီသည် ဆယ်ပေခန့် ဝေးသော ထောင့်တစ်ခု အလွန်တွင် ပျောက်ကွယ်သွားသည်ကို သူမ မြင်လိုက်ရသည်။ ချွန်းယာသည် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။
"ဟမ်"
သူမသည် အံ့အားသင့်သည့် လေသံဖြင့် တိုးတိုးလေးပြောခဲ့သည်။
"သခင်လေး ကျန်းရီက ဘယ်လိုလုပ် ဒီလောက်တောင် မြန်သွားရတာလဲ ၊ သူက သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာ မဟုတ်ဖူးလား၊ ဒီအမြန်နှုန်းက အနည်းဆုံးတော့ ဒုတိယအဆင့် မဟုတ်ရင် တတိယအဆင့် လောက်တော့ရှိပြီ။"
ကျန်းရီ၏ အမြန်နှုန်းသည် တကယ်တမ်းလဲ နှစ်ဆ သုံးဆလောက် မြန်နေခဲ့သည်။ သူသည် စိတ်ပူပန်နေသောကြောင့် သူ၏ အမြန်နှုန်းကို လျှပ်စီးကဲ့သို့ မြန်သွားစေရန် အနက်ရောင် အတွင်းအား အနည်းငယ်ကို ဘယ်ဘက် ခြေထောက်ဆီသို့ ပို့ဆောင် အသုံးပြုခဲ့သည်။ မိနစ်ဝက်ခန့် အတွင်းမှာပင် ဂိုဏ်း၏ အနောက်ဘက် မုခ်ဝကို ရောက်ရှိသွားခဲ့ပြီး အပြင်ဘက် လမ်းကြားထဲသို့ ဆက်လက် ပြေးသွားခဲ့သည်။ ကံကောင်းစွာပင် သူ့ကို ကျန်းမိသားစုဝင် တစ်ယောက်တလေမှ မမြင်ခဲ့ချေ။ သို့မဟုတ်ပါက သူသည် လူအချို့ကို သေချာပေါက် လန့်သွားစေလိမ့်မည်။
ပေရာကျော်ခန့် ပြေးပြီးနောက် သူ့အရှိန်သည် မြန်မြန်ဆန်ဆန် လျော့ကျသွားခဲ့သည်။ အနက်ရောင် အတွင်းအားများ ကုန်သွားခဲ့ပြီဖြစ်သည်။ သူသည် အရှိန်ကိုမြှင့်ရန် နောက်ထပ် အနက်ရောင်အတွင်းအား အမျှင်လုံးလေး တစ်ခုလောက်ကို ထပ်ပြီး အသုံးပြုချင်သော်လည်း မြန်မြန်ဆန်ဆန် အသိဝင်လာခဲ့သည်။
သူသည် နှစ်နာရီကျော်ကျော်လေးသာ ကျင့်ကြံခဲ့ရသည်။ နောက်ပြီး အနက်ရောင် အတွင်းအားကို အလုံးလေး ငါးခုခန့်သာ ထုတ်လုပ်ခဲ့ရသည်။ ယခု နောက်တစ်လုံးကို ထပ်ပြီး အသုံးပြုခဲ့ပါလျှင် ဖန်းယွီ ဆောင်ကြာမြိုင်တွင် ရန်ပွဲဖြစ်ခဲ့ပါလျှင် သူ့ကိုယ်သူ မည်သို့ ကာကွယ်ရမည်နည်း။
"ရှောင်နူ၊ မင်းအဲ့မှာ ခဏလောက်တော့ တောင့်ခံထားပါ"
သူသည် အံကို တင်းတင်းကြိတ်ထားကာ အပြာရောင် အတွင်းအားများကို ရူးသွပ်စွာ လှည့်ပတ်ရင်း ဖန်းယွီ ဆောင်ကြာမြိုင်ဆီ ပြေးသွားခဲ့သည်။ အလျင်စလို နိုင်မှုကြောင့် ဘေးမှ ဖြတ်သွားသူများကိုတောင် သူတိုက်မိမလိုဖြစ်ခဲ့သည်။
ကံကောင်းထောက်မ၍ ဖန်းယွီ ဆောင်ကြာမြိုင်မှာ ကျန်းမိသားစု ခြံဝန်းကဲ့သို့ပင် မြို့တော် အရှေ့ပိုင်းတွင် တည်ရှိခဲ့သည်။ ကျန်းရီသည် ဖန်းယွီဆောင် ကြာမြိုင်ရှိရာ အရှေ့တိမ် တိုက်လမ်းသို့ ရောက်ရန် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ သူ့မျက်လုံးများသည် ခမ်းနားသော အဆောက်အဦကြီးကိုသာ မမှိတ်မသုန် စိုက်ကြည့်လျက် ဆက်လက် ပြေးသွားခဲ့သည်။
"လူကြီးမင်း အထဲဝင်ပြီး ပျော်ပါးသွားပါဦးရှင့် ဖန်းယွီ ဆောင်ကြာမြိုင်က မိန်းမပျိုလေးတွေက လူကြီးမင်းကို ပြုစုဖို့ အကောင်းဆုံးရှိနေကြပါတယ်"
"ဟုတ်ပါတယ်.. လူကြီးမင်းရှင့်၊ အထဲကိုကြွပါ မိန်းမပျိုလေး ယန်းဟော်က လရိပ်ရင်ခွင်ဆိုတဲ့ ပုလွေတေးသွား တစ်ခုကို သိပ်မကြာသေးခင်လေးကမှ သင်ထားခဲ့တာ အဲဒါက အရမ်း ကြည်နူးဖို့ ကောင်းတာပဲ... . "
ဖန်းယွီဆောင်ကြာမြိုင်မှ အတော်လေး လှမ်းနေသော်ငြား ဖောက်သည် အမျိုးသားများကို ဆွဲဆောင် ကြိုဆိုနေကြသော အပျော်မယ် တချို့၏ အသံကို သူကြားနေရသည်။ အချိန်ကား မှောင်စပျိုးလုပြီ ဖြစ်သည်... ဖန်းယွီ ဆောင်ကြာမြိုင် ဖွင့်နေကျ အချိန်လည်း ဖြစ်သည်။
ကျန်းရီသည် အိမ်တွင် အနက်ရောင် အတွင်းအားကို လေ့လာဖို့ အချိန်အတော်များများ မဖြုန်းမိခင် အနောက်ဘက် တောင်ကုန်းတွင်လည်း ဆေးပင်များကို ရေတွက်ရင်း လေးနာရီကြာ ကုန်ဆုံးခဲ့သေးသည်။ သူသည် အချိန်ကို သတိမထားမိတော့ လောက်အောင် အနက်ရောင် အတွင်းအား၏ ဆန်းကြယ်သော အစွမ်းသတ္တိ ထံတွင်သာ အာရုံဝင်စားနေခဲ့သည်။ သို့မဟုတ်ပါက ရှောင်နူ၏ အိမ်ပြန်နောက်ကျခဲ့ခြင်း အပေါ် သံသယဝင်မိမည်မှာ ကြာပြီဖြစ်သည်...
သူဒါကို တွေးမိသောအခါ နောင်တကြီးစွာ ရခဲ့သည်။ သူသည် အနောက်ဘက် ခြံဝန်းကို ကွေ့ဝိုက် သွားမနေတော့ဘဲ ခန်းထဲကနေ အနောက်ဘက်ကို ဖြတ်သွားရန် ပြင်ဆင်၍ ဖန်းယွီ ဆောင်ကြာမြိုင်ထဲသို့ လေအလျင်ကဲ့သို့ ဖြတ်ဝင်သွားခဲ့သည်။
အပျော်မယ် နှစ်ယောက်သည် အမျိုးသား ဖောက်သည်များကို ဆွဲဆောင် ကြိုဆိုရင်း အလုပ်ရှုပ်နေသောကြောင့် ကျန်းရီကို သတိမထားမိခဲ့ပေ၊ သူ့ကို ဝင်ခွင့်ပြုလိုက်သလိုမျိုး ဖြစ်သွားခဲ့သည်။ ဆောင်ကြာမြိုင်ထဲတွင် သက်လတ်ပိုင်းအရွယ် အပျော်မယ် ခေါင်းဆောင်သည် တင်ပါးများကို လှုပ်ခါလျက် လမ်းလျှောက်လာရင်း သူ့ကို အပြုံးတစ်ခုနှင့် နှုတ်ဆက်လာခဲ့သည်။
"အလိုလေး ကောင်လေးရယ် ... ဘာတွေများ စိတ်မရှည်နိုင် ဖြစ်နေရတာလဲ အမျိုးသမီးလေးတွေ... ."
ကျန်းရီသည် ဒီအဘွားအိုကြီးနှင့် အချိန်ဖြုန်းလိုစိတ် ရှိမနေချေ။ သူသည် ဈေးပေါသော ရေမွှေးနံ့များနှင့် မျက်နှာချေ အနံ့များကို နှာခေါင်းပိတ်ပြီး သည်းခံနေခဲ့သည်။ သူ၏မျက်လုံးများကတော့ အနောက်ခြံဝန်းကို ဦးတည်နေသော တံခါးပေါ်တွင်သာ စူးစိုက်နေခဲ့သည်။ သူသည် တံခါးဆီ တည့်တည့်ပြေးသွားခဲ့သည်။
"ဘန်း"
ပခုံးများကို သုံး၍ တံခါးကိုတွန်းတိုက်ကာ အနောက်ဘက် ခြံဝန်းဆီ ကျန်းရီတစ်ယောက် ပြေးဝင်သွားခဲ့သည်။ ဓားသွားကဲ့သို့ စူးရှနေသော သူ့မျက်လုံးများကတော့ အနီးဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေခဲ့သည်။
"ရှောင်နူ ဘယ်မှာလဲ"
ခြံဝန်းသည် အတော်လေး ကျယ်ဝန်းသည်။ အစေခံ တော်တော်များများသည် သူတို့ရှေ့တွင် သစ်သားဇလုံလေးများ ချလျှက် အဝတ်လျှော် နေခဲ့ကြသော်လည်း ရှောင်နူ၏ အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် အစေခံအိုကြီးများ၏ မျက်နှာအမူအရာသည် တစ်စုံတစ်ရာ မူမမှန်ဖြစ်နေသည်ကို သူသတိပြုမိခဲ့သည်။ သူတို့၏ မျက်နှာတွင် ကြောက်ရွံ့ ထိတ်လန့်မှုများက အထင်းသား ပေါ်နေခဲ့ပြီး သူတို့သည် ခြံဝန်းထောင့်ရှိ အဆောက်အဦငယ် တစ်ခုဆီကို ချောင်းကြည့်နေခဲ့ကြသည်။
"ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့ သခင်.. ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့... ..ကျွန်မကို သေအောင်ရိုက်မယ်ဆိုရင်တောင် စာချုပ်မှာ လက်မှတ်ထိုးမှာ မဟုတ်ပါဘူး... သခင်.. မရိုက်ပါနဲ့တော့... ၊ ကျွန်မ အကျွေး ပြန်ဆပ်ဖို့ တခြားနည်းလမ်း တစ်ခုခု စဉ်းစားပါ့မယ်... ."
သနားညှာတာမှုကို တောင်းခံနေသော ငိုရှိုက်သံတစ်ခုက ခြံဝန်းထောင့်ရှိ အဆောက်အဦထံမှ ပျံ့လွင့်လာခဲ့သည်။
ကျန်းရီသည် တုန်လှုပ်လာပြီး ချက်ချင်းပင် အော်ခေါ်ခဲ့လိုက်သည်..
"ရှောင်နူ"
"ဝှစ်"
ကျန်းရီသည် အဆောက်အဦဆီ အလျင်အမြန် ပြေးသွားခဲ့သည်။ သူသည် ပိတ်ထားသော တံခါးကို အတွင်းအား ထည့်ထားခြင်းမရှိ ခြေကန်ချက်တစ်ခုနှင့် ဆောင့်ကန်ဖွင့်လိုက်သည်။ ခြေကန်အားသည် တံခါးကို အပိုင်းပိုင်းအစစ ပျက်စီးသွားစေရန် လုံလောက်ခဲ့သည်။
ကျန်းရီ၏ ဓားမြှောင်တစ်လက်ကဲ့သို့ စူးရှသော မျက်ဝန်းတို့သည် အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ ဆီးကြိုနေသော မြင်ကွင်းသည် သူ့ကို လဲကျ သွားစေလုနီးပါးပင်..။
အခန်းသည် သိပ်မကျယ်ဝန်းပေ.. သို့သော် တုတ်ခိုင် သန်မာသော လူကြီးတစ်ယောက်သည် ပိန်ပိန်ပါးပါးနှင့် အာစ နည်းပုံရသည့် မိန်းကလေးငယ်တစ်ယောက်ကို ကန်ကျောက် ထိုးနှက်နေခဲ့သည်။ သူမသည် ငိုယို တောင်းပန်ရင်း တုန်ရီနေသည့် အပြင် မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေခဲ့သေးသည်။ သို့သော် ထိုလူကြီးသည် သူမကို အဆက်မပြတ် ထိုးနှက်နေဆဲပင်... ..။
"ဗုန်း"
ရှောင်နူ၏ ကြေကွဲနာကျင်ဖွယ် အနေအထားကို မြင်လိုက်ရသောအခါ ကျန်းရီ၏ စိတ်သည် ပေါက်ကွဲ သွားခဲ့သည်။ သူသည် စဉ်းစား မနေတော့ဘဲ ထိုလူကြီးဆီ ပြေးဝင်သွားကာ ရင်အုပ်ကို လက်သီးတစ်ချက် ထိုးချခဲ့သည်။
"ဒါကဘယ်သူလဲ"
လူကြီးသည် ကျန်းရီက တံခါးကို ချိုးဖျက်၍ ဝင်လာချိန်တွင် သဘာဝအားဖြင့် အံ့အားသင့်သွားခဲ့သေးသည်။ လေထဲကို ဖြတ်သန်းလာသော ကျန်းရီ၏တိုက်ခိုက်မှုကို မြင်သောအခါ သူသည် အံ့အားသင့်နေရာမှ လှောင်ပြုံးပြုံးလာခဲ့သည်... .
"သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာဘဲ ရှိသေးတဲ့ ကောင်စုတ်လေးက ဘယ်လိုတောင် ရဲတင်း လွန်းနေတာလား မင်း အသက် မရှင်ချင်တော့ဘူးလား"
လူငယ်လေးက ဖန်းယွီ ဆောင်ကြာမြိုင်ထဲကို ပြဿနာရှာဖို့ ဝင်လာရဲနေမှတော့ ဒီကောင်လေး ဘယ်သူလဲ ဆိုတာကို သူက ဂရုမစိုက်ခဲ့ပေ။ တိုက်ခိုက်မှုက ကျရောက်လာခဲ့သည်။ သူ့အတွက်တော့ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယ အဆင့်ဖြစ်စေ၊ တတိယ အဆင့် ဖြစ်စေ ဘာမှ မဟုတ်ချေ။
ကြမ်းပြင်ပေါ်မှ အသက်ဆယ့်လေးနှစ် အရွယ် မိန်းကလေးငယ်သည် အသိ ဝင်လာခဲ့သည်။ သူမသည် ဒေါသအပြည့်နှင့် ပြေးလာနေသော ကျန်းရီကို မြင်သောအခါ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားခဲ့သည်။
"သခင်လေး" သူမသည် အသံကုန် အော်ဟစ်ခဲ့သည်။
"သခင်လေးက သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး ကျွန်မကို ထားခဲ့ပြီး မြန်မြန်ထွက်သွားပါတော့"
"ဟမ်"
ရှောင်နူ၏ အော်သံသည် ကျန်းရီ၏ အားနည်းမှုကို အမှတ်ရသွားစေခဲ့သည်။ သူသည် ချက်ချင်းပင် အနက်ရောင် အတွင်းအား အမျှင်လေးတစ်ခုကို သူ့လက်သီးတွင် စုစည်းခဲ့ပြီး အပြာရောင် အတွင်းအားများနှင့် ပေါင်းစပ်လိုက်သည်။
"ဗုန်း"
"ခွပ်"
အတွင်းအားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လက်သီးနှစ်ခုသည် ထိပ်တိုက် တွေ့သွားခဲ့သည်။ ကျန်းရီသည် အနည်းငယ် ယိမ်းယိုင်သွားကာ နောက်သို့ ခြေသုံး၊ လေးလှမ်းခန့် ဆုတ်သွားရသော်ငြား ဘာမှမဖြစ်ခဲ့ပေ။
မမျှော်လင့်စွာ သူ့ ပြိုင်ဘက်သည်ကား လွင့်ထွက်သွားပြီး နောက်ရှိ နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားကာ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့သည်။ ကျိုးသွားသော သူ့လက်ကို ကိုင်လိုက်ရင်း အလွန်အမင်းနာကျင်နေသော အသံဖြင့် အော်ဟစ် လာခဲ့သည်...။
"ဟား... "
ကျန်းရှောင်နူသည် သူမ သခင်လေးကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ကြည့်လိုက်သည်။ သူမ မျက်လုံးများသည် ဝေခွဲမရ ဖြစ်မှုများနှင့် ရှုပ်ထွေးနေခဲ့သည်။ ဒါက သူမရဲ့ သခင်လေးလား
သခင်လေးက ဘယ်လိုများ ဒီလောက် အားကောင်းလာတာလဲ
"ရှောင်နူ... သွားစို့"
ကျန်းရီသည် အရူးမဟုတ်ပေ။ ဖန်းယွီ ဆောင်ကြာမြိုင်သည် မြို့တော် အရှေ့ပိုင်းတွင် အကြီးဆုံး ဆောင်ကြာမြိုင်ဖြစ်ရာ နောက်ကွယ်က ထောက်ပံ့နေသော အဓိက အဖွဲ့အစည်းတစ်ခု မရှိဘဲ အင်အား အကြီးဆုံး ဖြစ်လာပါမည်လား စောစောက သူ ပြေးဝင်လာစဉ်တွင် ခန်းမထဲရှိ အစောင့်စစ်သားအများစုသည် သူ့ကို ဖြတ်ခနဲ မြင်လိုက်ခဲ့သည်ပင်။ သူတို့သာ ဝိုင်းဝန်း ဖမ်းဆီးပါလျှင် ပြဿနာ တက်ပေလိမ့်မည်...။
သူသည် ကိုယ်ကို ကိုင်း၍ ရှောင်နူကို ကျောပိုးလိုက်ပြီး အခန်းတွင်းမှ ခြေလှမ်းကျယ်ကြီးများနှင့် ထွက်လာခဲ့သည်။ သူသည် အနောက်ခြံဝန်းမှ အမြန် လွတ်မြောက်ရန် အစီအစဉ်ဆွဲနေခဲ့သည်။ သူသာ ကျန်းမိသားစုကို ပြန်ရောက်ခဲ့လျှင် ဖန်းယွီဆောင်ကြာမြိုင်ရှိ လူများသည် မည်မျှပင် သတ္တိရှိနေပါစေ ကျန်းမိသားစုပိုင် မြေပေါ်တွင် ပြဿနာ ရှာရဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်း မိသားစုသည် ကောင်းကင် တောင်ပံမြို့ရှိ အင်အားအကြီးဆုံး ဂိုဏ်းငါးခု ထဲမှ တစ်ခုပင် ဖြစ်ချေသည်။
သို့ရာတွင် ကျန်းရီသည် ရှောင်နူကို ကျောပိုးလျက် တံခါးဝသို့ ရောက်သောအခါ ခြံဝန်း တံခါးဝတွင် ပုံရိပ်လေးခုသည် သူတို့ကို ဝန်းရံလျက် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ အိမ်တော်ထိန်း ဖြစ်ပုံရသော လူကြီးသည်လည်း ပြေးလာခဲ့သည်။
"ဟမ့်" သူအော်ဟစ်ခဲ့သည်...
"ဖန်းယွီဆောင်ကြာမြိုင်မှာ ဘယ်လိုများ ပြဿနာရှာရဲတာလဲ ခွေးသားလေး... သေချင်နေတာလား သူ့ကိုရိုက်ကြ"
အဝတ်လျှော် နေကြသော အစေခံများသည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြရင်း ကျန်းရီကို သေလူနှယ် ကြည့်နေခဲ့ကြသည်။ ရှောင်နူသည်လည်း ကြောက်လွန်း၍ တုန်ယင်နေခဲ့ပေသည်။
"သူတို့ထဲက သုံးယောက်က သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာရှိတယ်... သူတို့ထဲက တစ်ယောက်ကတော့ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်မှာ... "
ကျန်းရီသည် အစောင့်များ၏ အမြန်နှုန်းကို ကြည့်လိုက်ရင်း သူတို့၏ အင်အားကို ယေဘုယျ ဆုံးဖြတ်လိုက်သည်။ စိုးရိမ်မှုလှိုင်း တစ်ခုသည် သူ့စိတ်ထဲတွင် ဖြတ်၍ စီးဆင်းသွားခဲ့သည်။ ဒီအစောင့်တွေကို သူ ဘယ်လိုရှင်းရမည်လဲ သူတို့ထဲက တစ်ယောက်ဆို သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်တောင် ရောက်နေသေး... .
သူ၏ စိတ်သည် နှစ်ပေါင်းများစွာ အဖိနှိပ်ခံဘဝတွင် အသားကျနေခဲ့ပြီးဖြစ်သည်။ သူ၏ စိတ်ရှည် သည်းခံမှုသည် သူတတ်နိုင်တာ ထက်တောင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်အောင် ကြိုးစားလိုက်သည်။ သူ့ကို ဝန်းရံပိတ်ဆို့ထားသူများကို အေးစက်စက် စိုက်ကြည့်ခဲ့လိုက်သည်။
"နေ..နေဦး" သူအံကြိတ်ရင်း ပြောခဲ့လိုက်သည်။
"ဖန်းယွီ ဆောင်ကြာမြိုင်မှာ ပြဿနာရှာဖို့ ရည်ရွယ်ချက် ငါ့မှာ မရှိခဲ့ဘူး မင်းတို့သာ ငါရဲ့ ကိုယ်ပိုင်အစေခံကို မရိုက်ရင် ငါလည်း တိုက်ခိုက်စရာ အကြောင်း မရှိဘူး ဒီကိစ္စကို မြို့တော် အရှင်ဆီ သယ်သွားမယ် ဆိုရင်လည်း ငါမကြောက်ဘူး... မင်းတို့က တိုက်ချင်နေရင်လည်း လာခဲ့လေ ငါကြောက်နေမလား ဆိုတာ ကြည့်လိုက်"
သူရလိုက်တဲ့ တုံ့ပြန်မှုကတော့ အစောင့်လေးယောက်၏ အရိပ်များသည် သူရှိရာသို့ တိုးဝင်လာခဲ့ခြင်းပင်... ၊ လက်သီးအချို့သည်လည်း လေထုကို ဖြိုခွင်းလျက် ရောက်လာခဲ့သည်။
ကျန်းရီ၏ အမူအရာသည် အေးစက်သွားခဲ့သည်။ သူသည် အခန်းတွင်းကို အလျင်အမြန်ပြန်ဝင်လိုက်ပြီး ရှောင်နူကို ကြမ်းပြင်ပေါ် အသာအယာချလိုက်သည်။ သူသည် အနက်ရောင် စွမ်းအား အမျှင်လေးတစ်ခုကို လက်သီးဆီသို့ ထပ်မံ ပို့ဆောင်လိုက်ပြီး တိုက်ခိုက်လာသော သဏ္ဍာန် သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်ရှိ အစောင့်ကို လက်သီးနှင့် ထိုးချလိုက်သည်။
"ပုံရိပ်ယောင် လက်သီး"
ကျန်းရီသည် ရှောင်နူရှိရာ သူ့နောက်ဘက်ကို အစောင့်များ မရောက်စေရန် သူ၏ အကောင်းဆုံးသော အမြင့်ဆုံးအဆင့်ရှိ အဆင့်မြင့် သိုင်းပညာရပ်ကို အသုံးပြုခဲ့သည်။ ထိုပညာရပ်သည် ကျန်းမိသားစုတွင် သူ သင်ယူခဲ့ရသော တစ်ခုတည်းသော အမြင့်ဆုံး အဆင့်ရှိ ပညာရပ်ပင် ဖြစ်သည်။
သူ၏ လက်သီးသည် ပုံရိပ်ယောင် သုံးခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ပုံရိပ်ယောင် တစ်ခုချင်းစီသည် တကယ့် အစစ်နှင့် မခြားပေ..။ သူသည် တိုက်ခိုက်လာသော အစောင့်၏ ဘယ်ဘက်ပခုံး၊ ညာဘက်ပခုံးနှင့် နဖူးတို့ကို ပုံရိပ်ယောင် လက်သီးများ ပစ်သွင်းခဲ့သည်။
"အ"
သူ ပစ်ခွင်းလိုက်သော ပုံရိပ်ယောင် လက်သီးသုံးခုကို မြင်လျှင် အစောင့်သည် တိုက်ခိုက်မှုကို လက်ကို မြှောက်၍ ကာလိုက်ခဲ့သည်။ သို့သော်လည်း ကျန်းရီသည် သူ၏ လက်သီးအစစ်ကို ဘယ်ဘက်ပခုံးဆီ ပစ်သွင်းလိုက်သည်။
"ဘန်း"
အရာအားလုံး မျှော်လင့် ထားသလို ဖြစ်လာခဲ့သည်။ သဏ္ဍာန် သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်ရှိ အစောင့်သည် သူ့နောက်က ကပ်လျက်ရှိသော အစောင့်နှင့်အတူ အခန်းပြင်ဘက် လွင့်မသွားခင် နာကျင်မှုဖြင့် အော်ဟစ်သွားခဲ့သည်။
"ကလေးကလား အကွက်နဲ့ "
သဏ္ဍာန်သုံးဆင့် အသွင် ပြောင်းခြင်း တတိယ အဆင့်ရှိ အစောင့်သည် အော်ဟစ်လိုက်သည်။
လွင့်ထွက်သွားသော အစောင့် နှစ်ယောက်သည် တတိယမြောက် အစောင့်အတွက် လမ်းကြောင်း ဖွင့်ပေးလိုက်ကြသည်။ တတိယမြောက် အစောင့်သည် သူ့လက်ဝါးကို မြှောက်ကာ ကျန်းရီ၏ ရင်ဘတ်ကို ဦးတည်၍ ရိုက်ချခဲ့လိုက်သည်။
သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့်သည် တတိယအဆင့်ရှိ သိုင်းပညာရှင်နှင့် လုံးဝ ကွဲပြားပေသည်။
အစောင့်၏ အမြန်နှုန်းသည် ကျန်းရီ တတ်နိုင်သည်ထက် သာလွန်ပေသည်။ အစောင့်၏ အင်အားသည်လည်း အတော်လေး ပြင်းထန်ပေသည်။ လက်ဝါး ရိုက်ချက်မှ ဖိအားကို ခံစား၍ပင် ရနေပေသည်။
ကျန်းရီသည် အလျင်အမြန် ဘေးကို ရှောင်တိမ်းလိုက်ရင်း အားအချို့ကို ကြေပျက်သွားစေရန် သူ့ပြိုင်ဘက်၏ လက်ဝါးဆီ သူ၏ လက်သိုင်း ပညာရပ်ကို သုံး၍ လက်သီးတစ်လုံး ထိုးသွင်းခဲ့လိုက်သည်။ ကျန်းရီသည် တိုက်ခိုက်ခံရမှုကြောင့် လွင့်ထွက်မသွားခင် အစောင့်၏ လက်ဝါးကို ခဏတော့ တားဆီးထားနိုင်ခဲ့သည်၊ ထို့နောက် အစောင့်၏ လက်ဝါးသည် ကျန်းရီ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့သည်။
သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ရှိသူ၏ ကြောက်စရာ အင်အားသည် သူ၏ လက်ရှိ စွမ်းရည်နှင့် ခုခံနိုင်သည့် အရာမဟုတ်ချေ... ..
"ဘန်း"
ကျန်းရီ၏ ခန္ဓာကိုယ်သည် လွင့်စင်သွားကာ နံရံနှင့် ရိုက်မိပြီး ရှောင်နူရှိရာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
ကျန်းရီ၏ လက်မောင်းသည် ထိခိုက်မိသော နေရာတွင် ထုံကျင်နေခဲ့သည်။ စူးရှရှနာကျင်မှုတစ်ခုက သူ၏ ဝဲဘက်ရင်အုံတွင် တိုက်စားလျက် ရှိသည်။ ပုံရိပ်ယောင်သဖွယ် ထပ်မံ ကျရောက်လာသော ပြိုင်ဘက်၏ လက်ဝါးကို ကြည့်ရင်း သူခါးသက်စွာ တီးတိုးပြောခဲ့သည်... .
"အားလုံးပြီးသွားပြီ... ရှောင်နူ..မင်းနဲ့ငါ ဒီနေ့ ဒီ ဆောင်ကြာမြိုင်ကနေ မလွတ်မြောက်နိုင်တော့ဘူး... .."
***