အခန်း (၅၆၃+၅၆၄)
Vol. 23 Ch. 563+564
အခန်း(၅၆၃) လူယုတ်မာ
“ယုရှန်း… ဒီ… ဒီကို ဘယ်လိုရောက်လာတာလဲ”။ ချူးဟမ့် အလွန် အံ့အားသင့်သွားခဲ့သည်။
လခွမ်း! ဒီမိန်းမက ဘာလို့ ရောက်လာတာလဲ! သူပြန်လာမယ့်အချိန်ကို အိမ်မှာပဲ စောင့်နေရမှာ မဟုတ်ဘူးလား!
လင်းယုရှန်း ဘာမှ ပြန်မပြောနိုင်ဘဲ ချူးဟမ့်ကို စိုက်ကြည့်နေခဲ့သည်။
တစ်ချိန်တုန်းက သူမအပေါ် တစ်သက်လုံး သစ္စာရှိမည်ဟု ကတိပေးခဲ့သော်လည်း အခုတော့ ဟိုတည် ကုတင်ပေါ်မှာ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက်ကို အပေါ်မှ မိုးထားသည့် ယောက်ျားအား စိုက်ကြည့်နေတာ ဖြစ်သည်။
“မင်းဘာလို့ ဒီကို ရောက်လာတာလဲ။ အခုချက်ချင်း အိမ်ပြန်စမ်း!”။ ချူးဟမ့် ရှက်ရမ်းရမ်းကာ ဒေါသတကြီး အော်ငေါက်လိုက်ပါသည်။
လင်းယုရှန်း ဘာမှ မပြောနိုင်ဘဲ အသက်မဲ့နေသော ရုပ်သေးရုပ်လို ဒီတိုင်း ရပ်ကြည့်နေပါသည်။
“ရှင်ပြောတဲ့ အလုပ်ဆိုတာ ဒါလား ချူးဟမ့်”။ လင်းယုရှန်းက ကုတင်ပေါ်ရှိ ရှန်းဝူရွှင်းကို လက်ညှိုးထိုးကာ ချူးဟမ့်အား မေးလိုက်သည်။
“ယုရှန်း လျှောက်မတွေးနဲ့နော် နားလည်မှုလွဲနေတာ!။ စီအီးအိုရှန်း သောက်တာ များသွားလို့ သူ့အခန်းထဲ ငါလိုက်ပို့ပေးတာ။ ငါခြေချော်ပြီး ကုတင်ပေါ် လဲကျသွားတဲ့အချိန် မင်းဝင်လာတာ! ငါကျိန်ဆို ကျိန်ရဲပါတယ်!”။ ချူးဟမ့် ပျာယာခတ်ကာ ရှင်းပြလိုက်သည်။
ထို့နောက် ချူးဟမ့်က လင်းယုရှန်းကို အပြစ်ပြန်တင်လိုက်ပါသည်။ “ယုရှန်း ငါ့ကို မင်းယုံကြည်မယ်် ထင်ထားတာ။ ဒီလို အမှားသေးသေးလေးတစ်ခုကြောင့် နားလည်မှုလွဲလိမ့်မယ်လို့ ထင်မထားဘူး”
“အမှားသေးသေးလေး ဟုတ်လား”။ ဒီလောက် လက်ပူးလက်ကြပ် မိနေတာတောင် သူမ ယောက်ျားက မဟုတ်တာတွေ ပြောရဲသေးတာ လင်းယုရှန်း မယုံကြည်နိုင်ပါ။
“မဟုတ်ဘူးလား။ ငါရှင်းပြပြီးပြီလေ။ စီအီးအိုရှန်းကို ဒီတိုင်း အခန်းထဲ လိုက်ပို့ပေးတာလို့”။ ချူးဟမ့် ထပ်ရှင်းပြလိုက်သည်။ ထို့နောက် အပေါ်ပိုင်းဗလာဖြစ်နေသော သူ့ခန္ဓာကိုယ်ကို လင်းယုရှန်း စိုက်ကြည့်နေမှန်း မြင်သဖြင့် ဆင်ခြေထပ်ပေးလိုက်ပါသည်။ “ငါ့-ငါ့အင်္ကျီပေါ် သူအန်ချလိုက်လို့ ချွတ်ထားရတာ!”
ဆင်ခြေပေါင်း သောင်းခြောက်ထောင် ပေးနေသည့် ချူးဟမ့်ကို ကြည့်ရင်း လင်းယုရှန်း နှလုံးသား အစိတ်စိတ်အမွှာမွှာ ကွဲသွားရသည်။
ဒေါသ၊ ဝမ်းနည်းမှု၊ နာကျင်မှု အားလုံးကို လင်းယုရှန်း ခံစားနေရသည်။ သို့သော်လည်း သူမရဲ့ ခံစားချက်တွေကို ဒေါသ ဟူသည့် စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြုဖို့ မလုံလောက်ပါ။
တစ်ချိန်တည်းမှာပင် လင်းယုရှန်း အရူးတစ်ယောက်လို ခံစားလိုက်ရသည်။ သူမဘေးကလူတွေ သူမကို ဘယ်လောက်ပဲ တားမြစ်ခဲ့ပါစေ ချူးဟမ့်က သူမအတွက် လူမှန်ဖြစ်သည်ဟု ယုံကြည်ခဲ့မိသည်။
သူက မုဆိုးဖိုဖြစ်ပြီး ကလေးတစ်ယောက် ရှိနေတာတောင် သူ့ရဲ့ ဒုတိယဇနီးဘဝကို ကြည်ကြည်ဖြူဖြူ လက်ခံကာ သူ့ဘေးမှာ ရပ်တည်ပေးခဲ့သည်။
လင်းယုရှန်း၏ တိတ်ဆိတ်မှုကြောင့် ချူးဟမ့် ဂယောင်ချောက်ချား ဖြစ်သွားလေသည်။
ဒီလို လူမိခါနီး အခြေအနေတွေ အများကြီး ကြုံခဲ့ဖူးသော်လည်း လင်းယုရှန်းကို သူအမြဲတမ်း အရူးလုပ်နိုင်ခဲ့သည်။
လင်းယုရှန်းက အချစ်မှိုင်းမိနေသော လူတစ်ယောက်ဖြစ်သဖြင့် လှည့်စားရ လွယ်ကူပါသည်။
“စီအီးအိုချူး တော်လောက်ပါပြီ”။ ရှန်းဝူရွှင်းက ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ထလိုက်ပြီး ကုတင်စွန်းမှာ ခြေချိတ်လျက် ထိုင်နေလိုက်ပါသည်။
“စီအီးအိုရှန်း ကျွန်တော့်မိန်းမကို ကူရှင်းပြပေးပါဦး!” ရှန်းဝူရွှင်းအား ချူးဟမ့် အကူအညီ အမြန်တောင်းလိုက်ပါသည်။
သူမလို ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်က မယားငယ်ဟု အမည်တပ်ခံမှာတော့ မဟုတ်ပေ။ ထို့ကြောင့် သူ့ဘက်မှ ရှန်းဝူရွှင်း ကူပြောပေးဖို့ ချူးဟမ့် မျှော်လင့်မိပါသည်။
ရှန်းဝူရွှင်းက အပြုံးမပျက်သေးပါ။ သူမရဲ့ အပြုံးက ညှို့အားပြင်းသလို မာယာလည်းများသည်။
“ဘယ်လိုသဘောရလဲ လင်းယုရှန်း။ ယောက်ျားတစ်ယောက်ရဲ့ ပါးစပ်က လှည့်စားတတ်တဲ့ မကောင်းဆိုးဝါးဆိုတာ ယုံကြည်ပြီလား”။ ရှန်းဝူရွှင်းက ချူးဟမ့်ကို ဘာမှပြန်မပြောဘဲ လင်းယုရှန်းကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။
ချူးဟမ့်က ရှန်းဝူရွှင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “စီအီးအိုရှန်း…”
ဒီမိန်းမ ဘာတွေပြောနေတာလဲ။ သူပြောခိုင်းတဲ့အတိုင်း ဘာလို့မပြောဘဲ လင်းယုရှန်းကို စကားသွားပြောနေတာလဲ။
ရှန်းဝူရွှင်း ပြုံးလိုက်ပြီး သူမရဲ့ ဂါဝန်ပေါ်က နှင်းဆီရင်ထိုးကို ဖြည်းညှင်းစွာ ဖြုတ်လိုက်ပါသည်။
အလွန်လှပသည့် ထိုရင်ထိုးလေးကို လက်သည်းနီနီးဆိုးထားသည့် သူမ၏ လက်ချောင်းတွေကြားထဲမှာ ကစားပြလိုက်သည်။
အဲ့တာ… ကင်မရာအသေးစားလေးလား…။
… … …
အခန်း(၅၆၄) လူယုတ်မာအတွက် အပြစ်ဒဏ် (၁)
ချူးဟမ့် မျက်လုံးများ ပြူးကျယ်သွား၏။ ထိုနှင်းဆီရင်ထိုး၏ ဗဟိုမှာ ကင်မရာအသေးစားလေးတစ်ခု ပါဝင်သည်။
“မင်းရင်ဘတ်မှာ ကင်မရာအသေးစား တပ်ထားတယ်ပေါ့”။ ရှန်းဝူရွှင်းအား ချူးဟမ့် မေးလိုက်သည်။
“ဟုတ်တယ်။ Wireless ဖြစ်ပြီး ဝိုင်ဖိုင်နဲ့လည်း ချိတ်ထားတယ်”။ ရှန်းဝူရွှင်းက အပြုံးမပျက်ဘဲ ပြန်ဖြေလိုက်ပါသည်။
ခုနက ချူးဟမ့်၏ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းကို ကင်မရာမှ ရိုက်ကူးထားပြီး လုံခြုံရေးအခန်းထဲသို့ တိုက်ရိုက် ပို့ဆောင်နေတာဖြစ်သည်။
ရှန်းဝူရွှင်း၏ အပြုံးက ညှို့အားပြင်းနေဆဲဖြစ်သော်လည်း အခုတော့ ဆွဲဆောင်မှုရှိသည်ဟု ချူးဟမ့် မထင်မိတော့ပါ။ သူ့အတွက် အလွန်ကြောက်ဖို့ကောင်းသွားပါသည်။
“စီအီးအိုရှန်းက… ဘာ… ဘာလို့…” ချူုးဟမ့် မယုံကြည်နိုင်ဘဲ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
သူ့ကို ရှန်းဝူရွှင်းက အကွက်ချခဲ့တာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရှန်းဝူရွှင်းက သူ့ကို ဘာလို့ ထောင်ချောက်ဆင်မှာလဲ။ အဓိပ္ပာယ်မရှိတာ!
ရှန်းဝူရွှင်းက ချူးဟမ့်၏ မေးခွန်းများကို လျစ်လျူရှုကာ လင်းယုရှန်းအား မေးလိုက်ပါသည်။ “ရှင့်ယောက်ျားရဲ့ သရုပ်မှန်ကို မြင်သွားပြီလား။ ရှင့်တစ်ယောက်တည်းကို ချစ်တာပါလို့ ရှင်ကထင်နေပေမယ့် တကယ်တမ်းတော့ သူက ရှင့်ကို ခြေနင်းပြားတစ်ခုလိုပဲ သဘောထားတာ။ ရှင်တို့ လင်းမိသားစုက ချမ်းသာပြီး အဆက်အသွယ်ကျယ်ပြန့်တော့ ရှင်နဲ့လက်ထပ်ရင် လင်းမိသားစုရဲ့ အဆက်အသွယ်တွေနဲ့ ရင်းနှီးခွင့်ရမယ်လို့ သူထင်ခဲ့လို့လေ။ အဲ့ထဲမှာ လုမိသားစုက အရေးအကြီးဆုံးပေါ့”။
ယခုချိန်မှာ လင်းမိသားစုက ဘာမှမကျန်တော့သော်လည်း ယခင်တုန်းကတော့ အလွန်အာဏာရှိသည့် မိသားစုတစ်စု ဖြစ်ခဲ့ဖူးသည်။
လင်းမိသားစု၏ ဘိုးဘေးများက ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်ပြီး အဆက်အသွယ်ကျယ်ပြန့်ကြသည်။ ချူးဟမ့်လိုချင်တာလည်း ဒါပဲဖြစ်၏။
ရှန်းဝူရွှင်းက ဆက်ပြောလိုက်သည်။ “ရှင့်ထက်ပိုသာတဲ့ လူတစ်ယောက်ပေါ်လာတာနဲ့ ချက်ချင်း ပြေးကပ်တာပဲ။ ရှင့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာပဲ မဟုတ်လား။ ကျွန်မ ဟွာချန့်မြို့ကို ရောက်လာတာ ၂ ရက်ပဲရှိသေးပေမယ့် သူ့ကို ဒီအထိရောက်လာအောင် မြှားခေါ်နိုင်ခဲ့တယ်။ ရှင့်အပေါ်ထားတဲ့ သူ့ခံစားချက်က ရှင်ထင်နေသလို အချစ်ဖြစ်မယ်လို့ ယုံကြည်နေတုန်းလား”
ဒါကိုကြားတော့ ချူးဟမ့် စိတ်သောက ရောက်ကာ လင်းယုရှန်းကို အမြန်ပြောလိုက်ပါသည်။ “ယုရှန်း ဒီမိန်းမ မဟုတ်တာတွေ ပြောနေတာ နားမထောင်နဲ့! အကုန် အကွက်ချစီစဉ်ထားကြတာ! ဒီမိန်းမဘာလို့ ဒီလိုလုပ်ရတာလဲ မသိပေမယ့် သူပြောတာ မင်းကြားတယ်မလား! ကိုယ့်ကို ထောင်ချောက်ဆင်ထားကြတာ! သူပြောတာ တစ်ခွန်းမှ ယုံလို့မဖြစ်ဘူး!”
ဖြောင်း-!
လင်းယုရှန်း ရုတ်တရက် လက်မြှောက်ကာ ချူးဟမ့်ကို ပါးဖြတ်ရိုက်လိုက်ပါသည်။
ချူးဟမ့် ကြက်သေသေသွား၏။ ဒီလောက်ပျော့ညံ့တဲ့ လင်းယုရှန်းက သူ့ကို ပါးရိုက်ရဲတယ်ပေါ့။
လင်းယုရှန်း မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေပါသည်။ ထိုရိုက်ချက်မှာ သူမရဲ့ လက်ကျန်ခွန်အားတွေ အကုန်ပါသွားသလိုပင်။
ချူးဟမ့်ကို ပါးရိုက်ပြီးနောက် လင်းယုရှန်း ခန္ဓာကိုယ် ယိမ်းယိုင်သွားခဲ့သည်။ ကံကောင်းစွာဖြင့် အိမ်တော်ထိန်းကျန်း အချိန်မှီရောက်လာကာ လင်းယုရှန်းကို ကူတွဲပေးနိုင်ခဲ့ပါသည်။
လုကျန်းယွီနဲ့ စူစူလေးတို့လည်း ရောက်လာကြပါသည်။
“ဦးလေးကျန်း၊ ကျွန်တော့်ဒေါ်လေး အနားယူဖို့ ဟိုဘက်အခန်းထဲ လိုက်ပို့ပေးလိုက်ပါ”။ လုကျန်းယွီ ညွှန်ကြားလိုက်သည်။
သူ့ဒေါ်လေးက အလွန်စိတ်ပျော့သူဖြစ်မှန်း လုကျန်းယွီ သိပါသည်။
ဒီအဖြစ်အပျက်က သူမ အတွက် ပြင်းထန်လွန်းသည်။ စိတ်ပြန်တည်ငြိမ်ဖို့အတွက် အချိန်တစ်ခုယူဖို့ လိုအပ်ပါသည်။
“ဒါပေမယ့် သခင်လေး ဒီလူက…”။ အိမ်တော်ထိန်းကျန်း စိတ်ပူနေပါသည်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ချူးဟမ့်က ဘာမဆို လုပ်သွားနိုင်သည်။ သူမရှိတော့ပါက သူ့သခင်လေးကို ချူးဟမ့် ဒုက္ခပေးမှာ အိမ်တော်ထိန်းကျန်း စိတ်ပူမိပါသည်။
“ကျွန်တော့်ကို ကာကွယ်ပေးဖို့ စူစူလေးရှိပါတယ်။ စိတ်မပူနဲ့”။
လုကျန်းယွီဘေးရှိ ချစ်ဖို့ကောင်းသော စူစူလေးကို ကြည့်ကာ အိမ်တော်ထိန်းကျန်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဒါဆိုလည်း ကောင်းပါပြီ”
ထို့နောက် အိမ်တော်ထိန်းကျန်းက လင်းယုရှန်းကိုတွဲပြီး ထွက်သွားလေသည်။ ဒါကိုမြင်တော့ ချူးဟမ့်က အနောက်မှ ပြေးလိုက်ဖို့ ကြိုးစားသော်လည်း လက်သေးသေးလေး တစ်ချောင်းက သူ့ကို ဖမ်းဆွဲထားလိုက်သည်။
ချူးဟမ့် ငုံ့ကြည့်လိုက်ရာ စူစူလေးကို တွေ့လိုက်ရပါသည်။
ချင်းမိသားစုရဲ့ ကလေးမလေး… သူ့သမီးအောက် ၆ လတောင် ငယ်သေးသည်။
အခုချိန်မှာ ကလေးတစ်ယောက်ကို အာရုံမစိုက်နိုင်သဖြင့် စူစူလေး၏ လက်ကို ခါချကာ ပြေးဖို့ ချူးဟမ့် ကြိုးစားလိုက်ပါသည်။
စူစူလေး၏ လက်ကို တစ်ချက် ခါချလိုက်သည်။ ဘာမှ ဖြစ်မသွားပါ။
ဒုတိယတစ်ကြိမ် ခါချလိုက်သည်။ ဘာမှ မဖြစ်သေးပါ။
တတိယအကြိမ် ခါချဖို့ ပြင်လိုက်စဉ် စူစူလေးက ချူးဟမ့်၏ ခြေထောက်တစ်ဖက်ကို ဖက်လိုက်ပြီး အခန်းထဲက ကုတင်ပေါ်သို့ အားအပြည့်ဖြင့် ပစ်ပေါက်လိုက်ပါသည်။
… … …