အခန်း (၅၆၇+၅၆၈)
Vol. 23 Ch. 567+568
အခန်း(၅၆၇) လက်ကလေးက ကိုင်လို့ ကောင်းလိုက်တာ
“ရန်ငြှိုးရန်စတော့ မရှိပါဘူး။ ဒါပေမယ့် နင့်ကို သဘောမကျတာက မကျတာပဲ။ နင်တို့လို လူယုတ်မာတွေက လူသားမျိုးနွယ်ရဲ့ ရန်သူတွေပဲ!”။ ရှန်းဝူရွှင်းက တောက်ပစွာ ပြုံးလိုက်လေသည်။
ထို့နောက် လက်တစ်ဖက်ဖြင့် ချူးဟမ့်၏ မေ့းစေ့ကို ဆွဲကာ ကျန်လက်တစ်ဖက်ဖြင့် ဖန်ခွက်ထဲကရေကို ပါးစပ်ထဲ လောင်းထည့်လိုက်ပါသည်။
“စီအီးအိုရှန်း! မလုပ်ပါနဲ့! မလုပ်…”။
ချူးဟမ့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ မျက်လုံးတွေ အလွန်ပြူးကျယ်နေပြီး အသံက ဗလုံးဗထွေး ဖြစ်နေပါသည်။
အတင်းဆွဲဟခံထားရသည့် ချူးဟမ့်ပါးစပ်ထဲ အိမ်သာရေတွေ ဝင်သွားခဲ့သည်။
တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘာမှလှုပ်ရှားလို့မရသဖြင့် ရေကို ပြန်ထွေးထုတ်ဖို့သာ အသည်းအသန် ကြိုးစားနိုင်သည်။
နောက်ဆုံးမှာတော့ ရေအတော်များများကို မျိုချလိုက်မိပြီး ပြန်ထွေးထုတ်နိုင်ခဲ့သည့် ရေတွေကလည်း သူ့မျက်နှာပေါ် ပေကျံကုန်ပါသည်။
ချူးဟမ့်၏ မျက်နှာ၊ ဆံပင်တွေပေါ်မှာ အိမ်သာခွက်ထဲကရေနဲ့ ပါးစပ်ထဲမှ ထွက်လာသော သွားရည်များ ညစ်ပတ် ပေကျံသွားလေသည်။
သူ့ပုံစံက အလွန်စုတ်ပြတ်သပ်သွားပါသည်။
အိမ်သာရေတွေ အတင်းတိုက်ခံလိုက်ရပြီးနောက် ချူးဟမ့်မျက်နှာ ရှုံ့မဲ့သွားပြီး မျက်လုံးများကလည်း လူသတ်ချင်စိတ် ပေါက်သွားပါသည်။
သို့သော် မျက်လုံးတွေကလွဲလို့ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို စူစူလေးက ခွန်အားကြီးစွာ ထိန်းချုပ်ထားသဖြင့် သူဘာမှ မတတ်နိုင်ပေ။
သူ့ကို ဒီလိုပုံစံနဲ့ မြင်လိုက်ရသောအခါ ရှန်းဝူရွှင်း အားရပါးရ ရယ်မောလိုက်မိပါသည်။
ဒီလို လူယုတ်မာမျိုး ဒုက္ခရောက်နေတာကို မြင်ရတာ အလွန်စိတ်ချမ်းသာဖို့ ကောင်းသည်။
ချူးဟမ့်ကို နှိပ်စက်ပြီးနောက် စူစူလေးကို ရှန်းဝူရွှင်း လှည့်ကြည့်လိုက်သည်။
စူစူလေးက ကုတင်ပေါ်မှာ မတ်တပ်ရပ်နေတာဖြစ်သဖြင့် ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်နေသည့် ရှန်းဝူရွှင်းနဲ့ အရပ်တူတူလောက်ဖြစ်သွားကာ မျက်လုံးချင်းဆုံအောင် ကြည့်နိုင်ခဲ့သည်။
“ချစ်မွေးလေးက အရမ်းတော်တာပဲ!”။ ရှန်းဝူရွှင်း ချီးကျူးလိုက်သည်။
“အွန်း! သမီးက အရမ်းတော်တာ!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိုက်ပါသည်။
သူမက ပိုင်ကျဲနတ်သားရဲပဲဥစ္စာ။ တော်ရမှာပေါ့!။
စူစူလေးရဲ့ ချစ်စရာကောင်းသော ဂုဏ်ယူဝံ့ကြွားမှုလေးကို ရှန်းဝူရွှင်း သဘောကျသွားခဲ့ပါသည်။
စူစူလေးကို ရှန်းဝူရွှင်း မေးလိုက်၏။ “ချစ်မွေးလေးရဲ့ လက်ကလေးကို ခဏလောက် ကြည့်လို့ရမလား”
လူကြီးတစ်ယောက်ကိုတောင် ကိုင်ပေါက်နိုင်သည့် ထိုလက်ကလေးက ဘာတွေ ထူးခြားနေသလဲဆိုတာ သိရဖို့ ရှန်းဝူရွှင်း ကိုင်ကြည့်ချင်ပါသည်။
“ရတယ်”။ စူစူလေးက သဘောကောင်းစွာ လက်ထုတ်ပေးလိုက်ပါသည်။
ဒီအစ်မကြီးက ချိုချိုသာသာ မေးမှတော့ ပြပေးရတာပေါ့!
ရှန်းဝူရွှင်းက စူစူလေး၏ လက်ကလေးကို ကိုင်ကြည့်လိုက်သည်။ အတော်လေး သေးငယ်ပြီး သူမလက်ဖဝါးရဲ့ အစိတ်အပိုင်းတစ်ခုစာလောက်သာ ရှိသည်။
အလွန်ဖြူဖွေးနူးညံ့ကာ ကိုင်လို့လည်း ကောင်းပြီး ဂျုံလုံးလေးနဲ့ တူလှသည်။
ဒီလောက်နူးညံ့တဲ့လက်ကလေးက ဘာကြောင့် အားအရမ်းကြီးနေရတာလဲ…။
တကယ်ဆန်းကြယ်လွန်းပါသည်။
ရှန်းဝူရွှင်းက စူစူလေး၏ လက်ကလေးကို အချိန်အတော်ကြာအောင် ကိုင်ထားခဲ့ပါသည်။
“ဘယ်လောက်ကြာကြာ ကိုင်ထားမှာလဲ”။ လုကျန်းယွီက မေးလိုက်၏။
ရှန်းဝူရွှင်း လှည့်ကြည့်လိုက်ရာ လုကျန်းယွီ၏ မကျေမနပ်အကြည့်ကို မြင်လိုက်ရပါသည်။
ဒီကောင်လေးက ငယ်ရွယ်သော်လည်း မျက်လုံးများ စူးရှသည်။ လုမိသားစုဝင်တစ်ယောက်ဖြစ်မှန်း သံသယဖြစ်စရာပင် မလိုပါ။
လုကျန်းယွီ၏ စောင့်ကြည့်မှုအောက်တွင် ရှန်းဝူရွှင်းလည်း စူစူလေး၏ လက်ကို ပြန်လွှတ်ပေးလိုက်ရပြီး အပြုံးဖြင့် ပြောလိုက်ပါသည်။ “စိတ်မထိန်းနိုင်လို့ပါရှင်။ ကလေးမလေးရဲ့ လက်ကလေးက အရမ်းကိုင်လို့ ကောင်းလွန်းလို့ မလွှတ်ချင်တော့တာ”
ထို့နောက် ရှန်းဝူရွှင်းက ဆက်မေးလိုက်သည်။ “ဒီကလေးမလေးက ဘယ်သူလဲ။ အရမ်းလည်းချစ်ဖို့ကောင်းတယ် လူယုတ်မာကောင်ကို လက်ဗလာနဲ့ ကိုင်ပေါက်နိုင်စွမ်းတောင် ရှိတယ်။ အရမ်းတော်တာပဲ!”
“သူက ချင်းမိသားစုရဲ့ သခင်မလေး”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။
“ချင်းမိသားစုဟုတ်လား။ ချင်းယုဟွိုင်းရဲ့ ညီမလေးလား”
“ချင်းယုဟွိုင်းတို့ မိသားစုကဟုတ်ပေမယ့် သူ့ညီမ မဟုတ်ဘူး”
“ဪ ဒါဆို သူ့သမီးပေါ့။ အဲ့ဒီကောင်လေး တည်ငြိမ်ချင်ယောင် ဆောင်နေမှန်း ငါသိသားပဲ။ သမီးလေးတစ်ယောက် ခိုးမွေးထားတာ ငါအခုမှသိတယ်”။ ရှန်းဝူရွှင်း ကျီစယ်လိုက်ပါသည်။
“မဟုတ်ဘူး။ စူစူလေးက ချူးဟုဟွိုင်းရဲ့ ဒေါ်လေး။ သူ့ဒေါ်လေးအရင်း”။ လုကျန်းယွီ သေချာ ရှင်းပြလိုက်ပါသည်။
“ဒေါ်လေး ဟုတ်လား။ သူက… ချင်းယုဟွိုင်းရဲ့ ဒေါ်လေးလား!”။ ရှန်းဝူရွှင်း၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်မှာ အံ့ဩမှင်သက်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။
… … …
အခန်း(၅၆၈) မိထွေး မဟုတ်တော့ဘူး (၁)
ရှန်းဝူရွှင်း၏ လှပသော မျက်လုံးများက စူစူလေးကို ထပ်ကြည့်လိုက်သည်။ သူမကို သေသေချာချာ အကဲခတ်ပြီးနောက် ထပ်ပြုံးမိသွားပါသည်။
ထို့နောက် နှုတ်မှလည်း ရေရွတ်လိုက်ပါသည်။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ကတော့ တကယ် အစွမ်းအစရှိတာပဲ။ ကြည့်ရတာ ငါအိမ်ထောင်ပြုဖို့ စိတ်လောစရာမလိုသေးဘူးထင်တယ်။ ဒီလို ချစ်စရာကောင်းတဲ့ ကလေးလေး မွေးဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်”။
ထို့နောက် စူစူလေးကို ရှန်းဝူရွှင်း ပြောလိုက်သည်။ “ချစ်မွေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ပါးလေးကို ဖျစ်ညှစ်ကြည့်လို့ ရမလား။ လုပ်ပါနော်”
“ဒီနေ့မှ တွေ့ဖူးတာကို ပါးညှစ်ခွင့် မပေးဘူး!”။ စူစူလေး ငြင်းဆန်လိုက်ပါသည်။
စူစူလေးက စည်းကမ်းကြီးပါသည်။ သူမလက်ကို ဆွဲဆိတ်တာနဲ့တင် လွန်လွန်းလှပြီ။
“ဟားဟားဟားဟား”။ ရှန်းဝူရွှင်း ထပ်မံ ရယ်မောမိပြန်သည်။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးမျိုးတကယ်ရှိတာလား။
ကလေးတွေ အားလုံးသာ ဒီလောက်ချစ်ဖို့ကောင်းရင် တွဲတာတွေ၊ လက်ထပ်တာတွေ အကုန် အဆင့်ကျော်လိုက်ပြီး ကလေးပဲ တန်းမွေးတော့မယ်!
ရှန်းဝူရွှင်း အလျှော့ပေးလိုက်ပါသည်။ “ဒါဆိုလည်း ပါးလေးကို မညှစ်တော့ဘူးနော်။ အဲ့ဒီ လူယုတ်မာကို ဘယ်လို ကိုင်ပေါက်လိုက်တာလဲဆိုတာ ပြောပြ”
“ဒီတိုင်း ခြေထောက်ကဆွဲပြီး ကိုင်ပေါက်ပစ်လိုက်တာ”။ စူစူလေး ပြန်ဖြေလိုက်သည်။
“အဲ… ကိုင်ပေါက်တဲ့ နည်းလမ်းကို မေးတာမဟုတ်ဘူး။ အဲ့လို ခွန်အားမျိုး ဘယ်လိုရတာလဲဆိုတာ မေးတာ”
“ဒီကနေရတာ”။ စူစူလေးက ရင်ဘတ်ကို လက်ညှိုးထိုးပြလိုက်ပါသည်။
သူမရဲ့ ခွန်အားက ခန္ဓာကိုယ်ထဲကပဲ လာတာပေါ့။ သူများဆီက ငှားထားတယ်များ ထင်နေလား။ ဒီအစ်မကြီးက နည်းနည်းတုံးမယ့်ပုံပဲ။ ဒီလောက် ရိုးရှင်းနဲ့ မေးခွန်းကို လာမေးနေတယ်။
ရှန်းဝူရွှင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။ ကလေးမလေးရဲ့ အဖြေက အဓိပ္ပာယ်ရှိသော်လည်း သူမ သိချင်တာ ဒါမဟုတ်ပေ။
“ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီအီးအိုရှန်း”။ လုကျန်းယွီက စူစူလေးနဲ့ ရှန်းဝူရွှင်းတို့၏ စကားဝိုင်းကို တမင်သက်သက် ဝင်ဖြတ်ကာ ပြောလိုက်ပါသည်။
“ရပါတယ်ရှင်။ ဦးလေးကျန်းက တောင်းဆိုထားတာဆိုတော့ ကူညီပေးရတာပေါ့”။ ရှန်းဝူရွှင်း အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ ထို့နောက် စူစူလေး ဆုံးမတာ ခံထားရသော ချူးဟမ့်ကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။ “ပြီးတော့ ဒီလို လူယုတ်မာမျိုးကို အပြစ်ပေးရတာ ပျော်စရာကြီးလေ”
ရှန်းဝူရွှင်း၏ ဝမ်းသာပျော်ရွှင်နေသော မျက်နှာကိုမြင်ပြီး ချူးဟမ့် အံကြိတ်ထားမိသည်။ သူ့မျက်လုံးတွေ ကျွတ်ကျအောင် ကြည့်ရင်တောင် ရှန်းဝူရွှင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါ။
ချူးဟမ့် ဒီအခန်းထဲကနေ ထွက်နိုင်ခဲ့ရင်တောင် သူ့ရှေ့က လူတွေကို ဘာမှ လက်တုန့်ပြန်နိုင်မှာ မဟုတ်ပါ။
--- --- ---
ချူးယန်ရှီ အောက်ထပ်မှာ စောင့်နေတာ နာရီဝက်လောက်ကြပါပြီ။ စိတ်တွေလည်း အလွန်ပူနေသည်။
ကလေးထိန်းအဒေါ်ကြီးက ချူးယန်ရှီလေး လင်းယုရှန်းကို တွေ့ချင်လွန်းသဖြင့် စိတ်ဖိစီးနေတာဖြစ်မည်ဟုထင်ကာ နှစ်သိမ့်ပေးလိုက်ပါသည်။
“သခင်မလေး ဘာမှစိတ်မပူပါနဲ့။ ဒေါ်လေးလင်း မကြာခင် ရောက်လာတော့မှာပါ”
“ပါးစပ်ပိတ်ထား!”။ ချူးယန်ရှီ အလွန်ဒေါသထွက်နေသဖြင့် ဘယ်သူ့အသံကိုမှ မကြားချင်ပါ။
ချူးယန်ရှီ၏ မျက်လုံးများက ဓာတ်လှေကားဆီမှာသာ ရှိနေသည်။ နောက်ဆုံးတော့ ဓာတ်လှေကားတံခါးပွင့်သွားပြီး သူမ အမြင်ချင်ဆုံးသူကို မြင်လိုက်ရလေသည်။
လင်းယုရှန်း!
ချူးယန်ရှီ ချက်ချင်းဆိုသလို ကလေးထိန်းအဒေါ်ကြီး၏ လက်ထဲမှ ရုန်းထွက်ကာ လင်းယုရှန်းထံ ပြေးသွားခဲ့ပါသည်။
“ဒေါ်လေးလင်း!”။ ချူးယန်ရှီက လင်းယုရှန်းကို ချိုမြိန်သော အသံလေးဖြင့် ခေါ်လိုက်ပါသည်။
ထိုခေါ်သံကို ကြားသောအခါ လင်းယုရှန်း မော့ကြည့်လိုက်သည်။ ချူးယန်ရှီ ပြေးလာတာကို မြင်ပြီး လင်းယုရှန်း ခြေလှမ်းများ ရပ်တန့်သွားရသည်။
ချူးယန်ရှီက လင်းယုရှန်းအနားသို့ ရောက်လာကာ ခြေထောက်တွေကို ပွေ့ဖက်လိုက်ပါသည်။ “ဒေါ်လေးလင်း ဘယ်တွေသွားနေတာလဲ။ ဒေါ်လေးလင်းကို မတွေ့လို့ သမီးစိတ်ပူနေတာ”
လင်းယုရှန်း မျက်မှောင်ကြုတ်သွားပြီး သူမကို ပွေ့ဖက်ထားသည့် ချူးယန်ရှီ၏ လက်များအား ဖြည်းညှင်းစွာ ဆွဲခွာလိုက်ပါသည်။
ချူးယန်ရှီ တုန်လှုပ်ကာ ကြက်သေသေသွားသည်။ သူမကို လင်းယုရှန်း တကယ်ကြီး တွန်းထုတ်လိုက်တာလား…။
… … …