အခန်း (၅၆၉+၅၇၀)
Vol. 23 Ch. 569+570
အခန်း(၅၆၉) မိထွေးမဟုတ်တော့ဘူး (၂)
“ဒေါ်လေးလင်း…”။ ချူးယန်ရှီ နာကျင်သွားပုံရသည်။
“မလာနဲ့တော့။ နင့်အဖေနဲ့ငါ ဇာတ်သိမ်းသွားပြီ။ ငါက နင့်မိထွေး မဟုတ်တော့ဘူး”။ လင်းယုရှန်း၏ မျက်နှာပေါ်မှာ နာကျင်မှုများဖြင့် ပြည့်နေပါသည်။
ထိုသို့ပြောပြီးနောက် ချူးယန်ရှီဘေးမှ ကွေ့ပတ်ကာ လင်းယုရှန်း ထွက်သွားလေသည်။
ချူးယန်ရှီ မျက်လုံးပြူးကာ ကျန်ခဲ့သည်။
သူမအဖေနဲ့ လင်းယုရှန်း ဇာတ်သိမ်းသွားပြီတဲ့လား။
အရင်ဘဝကထက် ၁၀ နှစ်တောင် ပိုစောနေသေးတယ်!
ဘာဖြစ်သွားတာလဲ! အပေါ်ထပ်မှာ ဘာတွေဖြစ်သွားတာလဲ!
လင်းယုရှန်းလို အချစ်မိုးမွှန်နေသည့် လူတစ်ယောက်အား ဘယ်အရာက နိုးထစေခဲ့တာလဲဆိုတာ ချူးယန်ရှီ မတွေးတတ်တော့ပါ။ သို့သော်လည်း အခုလင်းယုရှန်းထွက်သွားမှာကို မတားနိုင်ပါက သူမတို့ ချူးမိသားစု တကယ် ပွဲသိမ်းသွားမှာကိုတော့ နားလည်ပါသည်။
အရင်ဘဝကလို ဒေဝါလီခံသွားရရုံတင်မကဘဲ ၁၀ နှစ်လောက် စောပြီး ဘဝပျက်ရမှာ ဖြစ်သည်။
ထိုအတွေးဖြင့် လင်းယုရှန်းနောက်ကို ချူးယန်ရှိ ပြေးလိုက်ကာ လက်ကို အတင်းဆွဲထားလိုက်သည်။ “ဒေါ်လေးလင်း မသွားပါနဲ့! မသွားပါနဲ့! ရှောင်းရှီလေးကို မထားခဲ့ပါနဲ့! ရှောင်းရှီဘာအမှားလုပ်မိလို့လဲ။ ရှောင်းရှီလေး ပြင်ပါ့မယ်! ဒေါ်လေးလင်း…”
ဒီလို ရင်နာစရာကောင်းသည့် ငိုကြွေးသံအား လင်းယုရှန်း လျစ်လျူမရှုနိုင်ပါ။
ထို့ကြောင့် ချူးယန်ရှီအား သူမ လှည့်ကြည့်လိုက်သည်။ ချူးယန်ရှီ၏ မျက်ဝန်းတွေထဲ မျက်ရည်များဖြင့် ပြည့်နှက်နေပါသည်။
ဒီလို ချိုမြိန်သည့် ကလေးတစ်ယောက်ကို လင်းယုရှန်း မနာကျင်စေချင်ပါ။
ချူးဟမ့်အပေါ် သူမ မုန်းတီးတာက ၄ နှစ်အရွယ် ကလေးနဲ့ ဘာမှမဆိုင်ပေ။ ဘာမှ နားမလည်သည့်ကလေးတစ်ယောက် စိတ်ဒဏ်ရာရသွားမှာမျိုးကို လင်းယုရှန်း မလိုလားပါ။
“ရှောင်းရှီလေး… ဒေါ်လေးတောင်းပန်ပါတယ်။ သမီးအဖေဆီ သွားလိုက်နော်။ ဒေါ်လေးကို ထပ်မရှာပါနဲ့တော့”။ လင်းယုရှန်း မျက်ရည်တွေဝဲကာ ပြောလိုက်သည်။
“ဒေါ်လေးလင်း အီးဟီးဟီး… ရှောင်းရှီလေး ဘာအမှားလုပ်မိလို့လဲ။ ရှောင်းရှီလေး လိမ်လိမ်မာမာ နေပါ့မယ်။ မထားခဲ့ပါနဲ့။ ရှောင်းရှီလေးကို စိတ်မဆိုးပါနဲ့! ရှောင်းရှီလေးမှာ အမေမရှိဘူး။ ဒေါ်လေးလင်းက သမီးအမေပဲ ဒေါ်လေးလင်းနဲ့ မခွဲနိုင်ဘူး…”
ချူးယန်ရှီ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေကာ အလွန်သနားစရာ ကောင်းနေပါသည်။
လင်းယုရှန်း နှလုံးသား တုန်ခါသွားရသည်။
ရှောင်းရှီလေးက အပြစ်ကင်းစင်သည်။ သူမက ရှောင်းရှီလေးရဲ့ ဘဝထဲကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့သူဖြစ်ပြီး ရှောင်းရှီလေးကို အမေတစ်ယောက်ရှိနေသလို ခံစားရအောင် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ အခုကျတော့လည်း ရှောင်းရှီလေးက မတောင်းဆိုဘဲ သူမ ပြန်ထွက်ခွာသွားရတော့မည်။
လင်းယုရှန်း စိတ်တွေ ယိမ်းယိုင်လာပါသည်။
“ကျွန်တော့် ဒေါ်လေးကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါ ဦးလေးကျန်း”
ရုတ်တရက် လုကျန်းယွီ၏အသံထွက်လာကာ လင်းယုရှန်းအတွေးတွေ ပျက်သွားခဲ့သည်။
အိမ်တော်ထိန်းကျန်းလည်း ရောက်လာပြီး ပြောလိုက်သည်။ “သခင်မလင်း၊ နောက်တောင်ကျနေပြီ။ အိမ်ပြန်ပြီး အရင် အနားယူလိုက်ပါ”
လင်းယုရှန်း အတွေးတွေ ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလာပြီး အာရုံထဲ ချူးဟမ့်နဲ့ ရှန်းဝူရွှင်းတို့၏ ပုံရိပ်များ ပြန်လည် ထင်ဟပ်လာခဲ့ပါသည်။
အရိုးထဲထိ စွဲသည့် နာကျင်မှုကြောင့် သူမ အသည်းမာသွားရသည်။
ချူးယန်ရှီက လင်းယုရှန်း၏ လက်ကို ဆွဲထားဆဲဖြစ်ပြီး လွှတ်ပေးဖို့ စိတ်ကူးမရှိပါ။ “ဒေါ်လေးလင်း မသွားပါနဲ့!!”
ချူးယန်ရှီ ထပ်တောင်းပန်ဖို့ ကြံလိုက်စဉ် ယောက်ျားတစ်ယောက်၏ လက်ကြမ်းတစ်ဖက်က သူမလက်ကို တင်းတင်းကြပ်ကြပ် လာဆုပ်ကိုင်လေသည်။
နာကျင်မှုကြောင့် လင်းယုရှန်းကို လက်ဆွဲထားတာ ချူးယန်ရှီ လွှတ်ပေးလိုက်ရလေသည်။
လင်းယုရှန်းနဲ့ အိမ်တော်ထိန်းကျန်းတို့ အမြန်ထွက်ခွာသွားကြ၏။
လင်းယုရှန်း အဝေးသို့ရောက်သွားတာကိုမြင်ကာ ချူးယန်ရှီ စိတ်ဖိစီးဒေါသထွက်သွားသည်။
သူမလက်ကို ဆုပ်ကိုင်ထားသည့်လူအား လှည့်ကြည့်လိုက်ပါသည်။ “နင်ဘယ်သူလဲ။ ငါ့ကိုလွှတ်စမ်း!”
ချူးယန်ရှီကို ဟဲပေမူ ခံစားချက်မဲ့စွာ ကြည့်နေသည်။
အမြင်အာရုံထဲမှ လင်းယုရှန်း ပျောက်ကွယ်သွားသောအခါ ချူးယန်ရှီ ရင်ထဲ မီးတောက်လောင်သွားသည်။ “ငါပြောတာ မကြားဘူးလား! လွှတ်စမ်းလို့ ပြောနေတယ်”
“မြောင်~”။ ဟဲပေမူ၏ လက်ပေါ် ကြောင်လေးတစ်ကောင် တက်လာပြီး ချူးယန်ရှီကို မာန်ဖီလိုက်လေသည်။ ဒါသူ့ငယ်ကျွန်ကြီးပဲ! ငယ်ကျွန်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်းမပြောနဲ့!
ဟဲပေမူနဲ့ သူ့လက်ပေါ်က ကြောင်ဖြူလေးတို့မှာ ဆန့်ကျင်ဘက်ဖြစ်နေပါသည်။
ဟူကျစ်ကို မြင်သောအခါ သူမရှေ့ကလူက ချင်းစူစူနဲ့ ပတ်သတ်နေမှန်း ချူးယန်ရှီ နားလည်သွားပါသည်။
ချင်းစူစူပဲလား! အရာအားလုံး ထပ်ဖျက်ဆီးလိုက်ပြန်ပြီ!
လင်းယုရှန်းနဲ့ သူ့ဆရာတို့ ထွက်သွားတာကိုမြင်ပြီး ဟဲပေမူ လွှတ်ပေးလိုက်ပါသည်။
ထိုစဉ် စူစူလေးလည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။
စူစူလေးကိုမြင်လိုက်တာနဲ့တစ်ပြိုင်နက် ချူးယန်ရှီ ဒေါသတွေ ထောင်းခနဲ ထသွားလေသည်။
… … …
အခန်း(၅၇၀) ချူးယန်ရှီကို လုကျန်းယွီ သံသယဝင်လာပြီ
လင်းယုရှန်းက သူမနဲ့ အဆက်အသွယ်ဖြတ်တော့မည်။ ချူးမိသားစုရဲ့ တန်ဖိုးအရှိဆုံးအရာက ထွက်ခွာသွားတော့မည်။ သူမ အရာရာ ဆုံးရှုံးရတော့မည်။
ကြံရာမရ နာကျင်မှုတွေကြောင့် ချူးယန်ရှီ အသိစိတ် လွတ်သွားခဲ့သည်။
“ချင်းစူစူ!!”။ သူမ ခံစားခဲ့ရသည့် ဒေါသတွေ နာကျင်မှုတွေကြောင့် သူမကို ချင်းစူစူ ကျောက်တုံးကြီးနဲ့ ခြိမ်းခြောက်ခဲ့တုန်းက ခံစားခဲ့ရသည့် အကြောက်တရားကိုပါ မေ့သွားပြီး ချင်းစူစူကို ကလဲ့စားချေဖို့သာ စိတ်ထဲရှိတော့သည်။
ချင်းစူစူရှိရာထံသို့ ချူးယန်ရှီ ဒေါသတကြီး ပြေးသွားလေသည်။
စူစူလေးလည်း သူမထံ နွားရိုင်းကြီးတစ်ကောင်လို ပြေးလာသည့် ချူးယန်ရှီအား မြင်သွားသည်။
ထို့ကြောင့် စိတ်ထဲမှာ နွားရိုင်းသတ်ကွင်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပြီး ချူးယန်ရှီကို ခုခံဖို့ ပြင်လိုက်ပါသည်။
သို့သော်လည်း စူစူလေး အခွင့်အရေးတောင် မရခဲ့ပေ။
ချူးယန်ရှီကို ဟဲပေမူက လက်တစ်ဖက်တည်းဖြင့် လေပေါ်ဆွဲမြှောက်လိုက်ပါသည်။
“ချင်းစူစူကို ထပ်တိုက်ခိုက်ဖို့ ကြိုးစားရင် အပြင်ကို ကန်ထုတ်ရလိမ့်မယ်”။ ချူးယန်ရှီကို ဟဲပေမူ သတိပေးလိုက်သည်။
ဘော်ဒီဂတ်တစ်ယောက်အနေဖြင့် စူစူလေး ဘေးကင်းဖို့က သူ့အတွက် ပထမဦးစားပေးဖြစ်သည်။ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ချင်းစူစူကို အန္တရာယ်ပြုမည့်လူဆိုတာ သေချာလျှင် ဟဲပေမူ ဝင်ပါရပါလိမ့်မည်။
“မြောင်~” ဟုတ်တယ် ဟုတ်တယ်! အပြင်ကို ကန်ထုတ်ပစ်လိုက်!
ဟူကျစ်ကလည်း မီးလောင်ရာ လေပင့်လိုက်ပါသည်။
“ချင်းစူစူ!”။ ချူးယန်ရှီ ဒေါသအလွန်ကြီးမားနေသည်။
စူစူလေးကို ကိုယ်ထိလက်ရောက် လုပ်လို့မရတော့သဖြင့် မျက်လုံးဖြင့်သာ စူးစူးဝါးဝါး စိုက်ကြည့်နိုင်သည်။
စူစူလေးက ဖြည်းညှင်းစွာ လျှောက်လာပြီး စိန်ခေါ်လိုက်သည်။ “ဘာလုပ်ချင်လို့လဲ ချမလား”
စူစူလေးက လက်သီးလေးဆုပ်ကာ မေးလိုက်ပါသည်။
ချူးယန်ရှီလည်း ဒေါသတကြီး ပြန်ငေါက်လိုက်၏။ “သတ်လိုက်လေ ငါ့ကို သတ်လိုက်စမ်းပါ! ငါသေရင် သရဲအဖြစ် နင့်ကို နေ့တိုင်း လာခြောက်မှာ!”။
စူစူလေးက ပြန်ချေပသည်။ “နင်သရဲဖြစ်သွားရင် ငါ့ကို ပိုလို့တောင် ရှုံးဦးမယ်!”
သူမ ကြွားနေတာ မဟုတ်ပါ။ သာမန်သရဲတွေတောင် သူမနားကို မကပ်နိုင်ပေ။
ချူးယန်ရှီက မေးလိုက်၏။ “ချင်းစူစူ ငါနင့်ကို ဘာများလုပ်ဖူးလို့လဲ။ ဘာလို့ ငါ့မိသားစုကို လာဖျက်ဆီးရတာလဲ။ ငါတို့ကို နာကျင်အောင် ဘာလို့လုပ်ရတာလဲ’
“ငါမဖျက်ဆီးပါဘူး။ နင့်အဖေက လူကောင်းမှ မဟုတ်တာ! ပြီးတော့ ယောက်ျားကောင်းလည်း မဟုတ်ဘူး”။ စူစူလေးက နှုတ်ခမ်းစူလျက် ပြန်ဖြေလိုက်သည်။
“အဲ့တာ ငါတို့ မိသားစုကိစ္စလေ! နင်က ဘာလို့ ဝင်ရှုပ်တာလဲ! ငါတို့ဖာသာ အဆင်ပြေနေရဲ့သားနဲ့ နင်ဝင်ရှုပ်လိုက်လို့”။
ချူးယန်ရှီ ကျန်တာ ဘာမှ ဂရုမစိုက်ပါ။ ချင်းစူစူသာ ဝင်မရှုပ်ပါက သူမ အကြံအစည်တွေ အားလုံး ချောချောမွေ့မွေ့ အောင်မြင်ခဲ့ပြီး ဒီလိုအခြေအနေထိ ရောက်လာမှာ မဟုတ်မှန်း သူမသိပါသည်။
လင်းယုရှန်း၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ချူးယန်ရှီ၏ အကြံအစည်တွေ ပျက်စီးသွားရပြန်သည်။
“နင့်ကို စကားမပြောတော့ဘူး!”။ စူစူလေးက ချူးယန်ရှီနဲ့ ရန်ဖြစ်ဖို့အတွက် ပျင်းလွန်းနေပါသည်။ ဒီလူသားပေါက်စက ပြောရဆိုရခက်သဖြင့် သူမနဲ့ စကားပြောရတာ ပင်ပန်းသည်။
လုကျန်းယွီလည်း ဝှီးချဲဖြင့် ရောက်လာပြီး ဟဲပေမူ ချုပ်ထားသည့် ချူးယန်ရှီအား သေချာ အကဲခတ်ကြည့်လိုက်သည်။
“နင်က ချူးယန်ရှီဟုတ်ရဲ့လား”။ လုကျန်းယွီ မေးလိုက်သည်။
ချူးယန်ရှီတစ်ခုခု ထူးဆန်းနေသည်ဟု လုကျန်းယွီ တစ်ကြိမ်ထက်မက ခံစားခဲ့ရသည်။ သူမ စိတ်လွတ်သွားတိုင်း ပြောသည့် စကားလုံးများက သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်လွန်းနေသည်။
တချို့ကလေးတွေက သက်တူရွယ်တူတွေထက် ပိုပြီးရင့်ကျက်နိုင်တာကို လုကျန်းယွီ လက်ခံနိုင်သည်။ သူကိုယ်တိုင်ကလည်း ဒီလိုကလေးမျိုးပဲ ဖြစ်သည်။
သို့သော် ချူးယန်ရှီကို မြင်ရတာ တစ်ခုခုထူးဆန်းနေပါသည်။ ဘာကြောင့်လဲဆိုတာကိုတော့ လုကျန်းယွီ အတပ် မပြောနိုင်ပေ။
လုကျန်းယွီ၏ အသံကြောင့် ရေပုံးဖြင့် အပက်ခံလိုက်ရသလို ချူးယန်ရှီ အေးခဲသွားသည်။
လခွမ်း! ဟန်ဆောင်ဖို့ မေ့သွားတော့မလို့!
သူမ အသက်သေသေးတာမှ မဟုတ်တာ! အခွင့်အရေးတွေ ရှိလာဦးမှာ! အခုချိန်မှာ သူမအကြောင်းကို လူတွေ သိသွားလို့ မဖြစ်ဘူး!
“ဝမ်းကွဲအစ်ကို… သမီးကို အနိုင်မကျင့်ပါနဲ့… ဒေါ်လေးလင်းကို ပြန်ခေါ်ပေး”
စက္ကန့်ပိုင်းအတွင်း ချူးယန်ရှီ ကလေးတစ်ယောက်သဖွယ် ပြန်ဖြစ်သွားသည်။
မျက်ရည်များနဲ့ သူမရဲ့ ဝမ်းနည်းအားငယ်နေသော ပုံစံက အပြစ်ရှာစရာမရှိအောင် ပီပြင်လွန်းသည်။
လုကျန်းယွီ ဘာမှမပြောဘဲ ချူးယန်ရှီကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
ချူးယန်ရှီက အနိုင်ကျင့်ခံရသည့် ကလေးတစ်ယောက်လို ခန္ဓာကိုယ်တဆတ်ဆတ် တုန်ယင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပါသည်။
… … …