← Chapters

အခန်း (၅၇၁+၅၇၂)

Vol. 23 Ch. 571+572

အခန်း (၅၇၁+၅၇၂)

Vol. 23 Ch. 571+572

အခန်း(၅၇၁) သားအဖတွေ ခိုကိုးရာမဲ့သွားပြီ

အချိန်အတော်ကြာမှ လုကျန်းယွီ အကြည့်ပြန်လွှဲလိုက်ပါသည်။

သူမရဲ့ ဟန်ဆောင်မှုကို ယုံကြည်သွားသည်အထင်နဲ့ ချူးယန်ရှီ သက်ပြင်းချမိသည်။

ထို့နောက် လုကျန်းယွီက ချူးယန်ရှီကို ပြောလိုက်ပါသည်။ “နင့်အဖေ အပေါ်မှာရှိတယ်။ ခဏနေရင် သူ့ကို တစ်ယောက်ယောက် ခေါ်လာပေးလိမ့်မယ်။ နင့်ဝမ်းနည်းစကားတွေ သူ့ကို သွားပြောလိုက်။ စူစူလေးကို ပြဿနာ ထပ်မရှာနဲ့။ ဒီနေ့ဖြစ်ခဲ့တာတွေက ငါ့ဆုံးဖြတ်ချက်လို့ ပြောပြီးသား။ စူစူလေးနဲ့ ဘာမှမဆိုင်ဘူး။ စူစူလေးက ငါ့ကို အဖော်ပြုပေးဖို့ လိုက်လာခဲ့ရုံပဲရှိတာ”

ချူးယန်ရှီ မှတ်မိသလောက် သူမကို လုကျန်းယွီ စကားတွေအများကြီးပြောဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ အကြောင်းအရင်းက ချင်းစူစူကို ကာကွယ်ပေးဖို့သာ ဖြစ်သည်။

ထိုသို့ပြောပြီးနောက် လုကျန်းယွီက စူစူလေးကို ခေါ်ပြီး ထွက်သွားခဲ့သည်။ ဟဲပေမူလည်း ချူးယန်ရှီကို လွှတ်ပေးလိုက်ပြီး စူစူလေးနောက် လိုက်သွားခဲ့ပါသည်။

ချူးယန်ရှီတစ်ယောက်တည်း ရီဝေစွာ ကျန်ခဲ့သည်။ သူတို့ရဲ့ ကျောပြင်တွေကို ငေးကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နှလုံးသားထဲမှာလည်း အငြှိုးတရားက ပိုမို ကြီးမားလာပါသည်။

လက်ရှိ အခြေအနေတွေက သူမ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပြန်လည်မွေးဖွားလာပြီးနောက် ငယ်ငယ်ရွယ်ရွယ်ကတည်းက ရင်းနှီးအောင် ဖန်တီးဖို့အတွက် လုကျန်းယွီထံ သူမ လာခဲ့သည်။

ရလဒ်က သူမ လိုချင်သည့် ဆက်ဆံရေးမျိုးကို မရခဲ့သည့်အပြင် နဂိုကတည်းက ရှိမနေသင့်သည့် ချင်းစူစူက သိမ်းပိုက်သွားခဲ့သည်။

အခုတော့ လင်းယုရှန်းနဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့ပါပြီ။

ချူးဟမ့်တစ်ယောက် ပထမထပ်သို့ ဖရိုဖရဲ ဆင်းလာခဲ့သည်။ အခုချိန် လော်ဘီထဲမှာ သူ့သမီးနဲ့ ကလေးထိန်းအဒေါ်ကြီးတို့သာ ကျန်ပါတော့သည်။

“ရှောင်းရှီ၊ လင်းယုရှန်း ဘယ်မှာလဲ။ လင်းယုရှန်း ဘယ်မှာလဲလို့”

ချူးယန်ရှီ၏ ပခုံး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ချူးဟမ့် အလောတကြီး မေးလိုက်ပါသည်။ သူအခု လင်းယုရှန်းကို တောင်းပန်ဖို့ကလွဲပြီး တခြားဘာမှ စိတ်ထဲမရှိတော့ပါ။

“ဖေကြီး ဘာဖြစ်တာလဲ။ ဒေါ်လေးလင်းက သမီးကို ဘာလို့ထားသွားတာလဲ”။ ချူးယန်ရှီ မေးလိုက်သည်။ သူမ အကြောင်းစုံ မသိရသေးပါ။

“လခွီးပဲကွာ!”။ ချူးဟမ့် ကျိန်ဆဲလိုက်သည်။ “ငါ့ကို လုကျန်းယွီ လှည့်စားသွားတာ။ အဲ့ဒီ စီအီးအိုရှန်းကလည်း သူတို့ဘက်ကလူပဲ!”

ချူးယန်ရှီ အံကြိတ်လိုက်မိသည်။ သူမ ထင်ထားတာ မှန်ခဲ့သည်။ ချင်းစူစူကြောင့် မရပ်တန့်နိုင်ခဲ့ရုံသာရှိပါသည်။

“ဖေကြီး ဒေါ်လေးလင်းကို တောင်းပန်ဖို့ နည်းလမ်းတစ်ခုခု အမြန်ရှာပါဦး!”။ ချူးယန်ရှီ ပြောလိုက်ပါသည်။

“ဖေကြီးသိတယ်! ဒါပေမယ့် သူနဲ့ အရင်တွေ့ရမှဖြစ်မယ်လေ!”။ ချူးဟမ့် အံကြိတ်ကာ ပြောလိုက်သည်။

ထိုလုကျန်းယွီက သူနဲ့ လင်းယုရှန်းတို့ကိ စကားကောင်းကောင်းပြောလို့မရအောင် တားဆီးခဲ့တာဖြစ်သည်။

ထိုစကားကိုကြားသောအခါ လင်းယုရှန်းနဲ့မတွေ့ရပါက ချူးဟမ့်မှာ လှည့်ကွက်ပေါင်း သောင်းခြောက်ထောင် ရှိနေရင်တောင် ဘာမှ အသုံးဝင်မှာမဟုတ်မှန်း ချူးယန်ရှီ နားလည်သွားပါသည်။

သားအဖနှစ်ယောက်စလုံး မျက်နှာပေါ်က ခံစားချက်များ တူညီနေကြသည်။ နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးကာ ဒေါသထွက်နေကြပါသည်။

သို့သော် နှစ်ယောက်စလုံး ဘာမှ မတတ်နိုင်ကြချေ။

--- --- ---

လုကျန်းယွီ၊ စူစူလေးနဲ့ ဟဲပေမူတို့ Rolls-Royce ကားကြီး၏ နောက်ခန်းထဲမှာထိုင်ရင်း အိမ်ပြန်လာကြသည်။

ဟူကျစ်က ဟဲပေမူကို မရပ်မနား အော်နေလေသည်။

ဟူကျစ်က မျက်မှောင်ကြုတ်နေပြီး ဟူကျစ် ဘာတွေပြောနေသလဲဆိုတာကို နားမလည်နိုင်ပေ။

ဒီကြောင်ကို အပြင်ခေါ်လာချင်တာတောင် မဟုတ်ပါ။ သို့သော် စူစူလေး၏ ဘော်ဒီဂတ်ဖြစ်လာပြီးကတည်းက ဒီသတ္တဝါ သူ့ပေါ်မှာပဲ တက်နေခဲ့သည်။ ဘယ်လိုမှ ခါချလို့မရပေ။

သူ့အပေါ် တက်ခွင့်မပေးပါက အသံကျယ်ကြီးနဲ့ အော်ဟစ်နေတတ်သည်။ တစ်ခါတလေ ညဘက်တွေ အိပ်လို့တောင် မပျော်ပါ။

“အဲ့ဒီကောင်မလေးကို ဘာလို့ ကန်မထုတ်လိုက်တာလဲလို့ ဟူကျစ်က မေးနေတာ”။ စူစူလေးက ဟူကျစ်ကိုယ်စား ဘာသာပြန်ပေးလိုက်သည်။

“ကလေးမတစ်ယောက်ကို အဲ့လောက်ထိ သဘောထား သေးသိမ်စရာမလိုဘူး”။ ဟဲပေမူ အေးတိအေးစက် ပြန်ဖြေလိုက်သည်။

“မြောင်~ မြောင်~”။ ဟူကျစ် သိချင်တာ သိလိုက်ရသဖြင့် ကျေနပ်သွားပြီး လှဲအိပ်လိုက်ကာ ဟဲပေမူ၏ ရင်ဘတ်ကို ခေါင်းဖြင့် ပွတ်နေလိုက်ပါသည်။

ဟဲပေမူ၏ မျက်နှာကတော့ အေးတိအေးစက်နိုင်ဆဲ ဖြစ်သည်။ သူက အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း အသက် ၄၀ - ၅၀ အရွယ်ဟု ထင်ရသည်။

သူ့အေးစက်မှုက လူအတော်များများကို ကြောက်ရွံ့သွားစေသော်လည်း ဟူကျစ်ကတော့ မကြောက်ပါ။

စူစူလေးက ဟူကျစ်ကို ကြည့်ရင်း ဟဲပေမူအား ပြောလိုက်သည်။ “ဟူကျစ်က နင့်ကို တကယ် သဘောကျတာပဲ”

ဟူကျစ် သဘောကျသည့် လူအနည်းငယ်ရှိပါသည်။ သို့သော် ဒီလောက်ထိ ပွတ်သီးပွတ်သပ် လိုက်လုပ်တာမျိုးက စူစူလေးကလွဲပြီး ဟဲပေမူတစ်ယောက်တည်းသာ ရှိသည်။

“နင့်ကြောင်ကို ခေါ်လိုက်။ ငါ့ကို ပွတ်သီးပွတ်သပ်လာလုပ်တာ မကြိုက်ဘူး”။ ဟဲပေမူ ပြန်ပြောလိုက်သည်။

“ဘာလို့လဲ ဟူကျစ်ကို မချစ်ဖို့လား”။ စူစူလေးက မေးလိုက်ပါသည်။

… … …

အခန်း(၅၇၂) စူစူလေးရဲ့ မတည်ငြိမ်သော စွမ်းအင်

စူစူလေး၏ မေးခွန်းကို ကြားသောအခါ ဟူကျစ်ခေါင်းမော့လာပြီး ဟဲပေမူကို ချစ်စရာကောင်းသော ကြောင်မျက်လုံးလေးများနဲ့ မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။

‘မချစ်ဘူးလို့ပြောရင် ငိုမှာနော်’ဟု ကလေးတစ်ယောက်လို ပြောနေသလားဟုပင် ထင်ရသည်။

ဟူကျစ်၏ ကြည်ကြည်လင်လင် မျက်လုံးလေးများကို မြင်ပြီး ဟဲပေမူ မျက်မှောင်ကြုတ်သွားပါသည်။ သူပြောဖို့ ကြံထားသည့် စကားကိုလည်း ပြန်မျိုသိပ်လိုက်ရသည်။

“ငါက ဘော်ဒီဂတ်လာလုပ်တာ။ ကြောင်လာထိန်းတာ မဟုတ်ဘူး”။ ဟဲပေမူ ပြန်ဖြေလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဖေဖေနဲ့ မေမေက နင့်ကို အပြစ်တင်မှာ မဟုတ်ဘူး။ ကိုကြီးနဲ့ ဦးလေးကျန်းတို့ကလည်း အပြစ်တင်မှာ မဟုတ်ဘူး”။ စူစူလေးက ဆိုသည်။

သူမစကား မှန်ကန်ကြောင်း သက်သေပြဖို့အတွက် လုကျန်းယွီကိုလှည့်မေးလိုက်ပါသည်။ “ဟုတ်တယ်မလား ကိုကြီး”

“အင်း”။ လုကျန်းယွီလည်း ခေါင်းငြိမ့်လိုက်သည်။

ဟဲပေမူ ဘာမှ ပြောစရာမရှိတော့ပါ။

ဟူကျစ်က ဟဲပေမူ၏ အဖြေကို ကျေနပ်ပါသည်။ ဒီလူသားသာ သူ့ကို မချစ်ဘူးဟုပြောရဲပါက လက်သီးဖြင့် ထိုးပစ်လိုက်မည်။

ဟဲပေမူ၏ ရင်ဘတ်ကို ပွတ်သပ်ရင်း ဟူကျစ် အိပ်ပျော်သွားခဲ့ပါသည်။

သူ့ရင်ခွင်ထဲမှာ စိတ်ချလက်ချ အိပ်ပျော်နေသည့် ဟူကျစ်ကို ကြည့်ကာ ဟဲပေမူရင်ထဲ နွေးထွေးသွားခဲ့သည်။ သူ့နှလုံးသားကို ပြည့်ဝသွားစေသော ခံစားချက်တစ်ခုဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ရူးသွပ်သွားပြီဟု ဟဲပေမူ ထင်လိုက်မိပါသည်။ သူက ကလဲ့စားချေဖို့ အာရုံစိုက်ထားရမှာဖြစ်သည်။ အခုတော့ ကလေးတစ်ယောက်နဲ့ ကြောင်တစ်ကောင်ကို လာထိန်းကြောင်းနေရလေသည်။

ဒီသတ္တဝါလေးတွေကြောင့် သူအာရုံလွဲသွားလို့ မဖြစ်ပါ။

စူစူလေးက ဟဲပေမူကို ရီဝေစွာ ကြည့်လိုက်သည်။ ဟဲပေမူ၏ ဘေးနားက အနက်ရောင်နဲ့ အဖြူရောင် အခိုးအငွေ့များကို မြင်လိုက်ရလေသည်။

အခိုးအငွေ့တွေက အနက်ရောင်ကော အဖြူရောင်ပါ ရှိနေသည်။

အနက်ရောင် အခိုးအငွေ့များထဲတွင် ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေသည့် အမျိုးသမီးတစ်ယောက်အား စူစူလေး မြင်လိုက်ရသည်။

ထိုအမျိုးသမီး၏ မျက်နှာက ဖြူရော်နေပြီး လက်မှာလည်း IV ချိတ်ထားရသည်။ ထိုအမျိုးသမီးဘေးမှာ ကောင်လေး တစ်ယောက်က ငိုယိုနေပြီး ‘အမေ’ဟု ဆက်တိုက် ခေါ်နေပါသည်။

အမျိုးသမီးက ထိုကောင်လေး၏ ပါးကို ပွတ်ပေးကာ ပါးစပ်မှ ‘ကလဲ့စား’ဟူသည့် စကားလုံးကို မသဲမကွဲ ရေရွတ်နေသည်။

ဒီကောင်လေးက သူမရဲ့ ဘော်ဒီဂတ်အစ်ကိုကြီးများလား။ ဘော်ဒီဂတ်အစ်ကိုကြီးနဲ့ ရုပ်ချင်း အလွန်ဆင်သည်။

သူမရဲ့ စွမ်းအင်တွေ ထပ်ပွင့်လာပြန်ပြီထင်ပါသည်။ ထို့ကြောင့် ဘော်ဒီဂတ်အစ်ကိုကြီးရဲ့ အတိတ်ကို မြင်လိုက်ရတာ ဖြစ်မည်။

ဘော်ဒီဂတ်အစ်ကိုကြီး၏ အတိတ်က သနားစရာကောင်းလွန်းသည်။ သူ့မိသားစုတစ်စုလုံး မရှိကြတော့ဘဲ သူတစ်ယောက်တည်းသာ ကျန်ခဲ့သည်။

ထို့နောက် အဖြူရောင်အခိုးအငွေ့တွေထဲကို စူစူလေး ကြည့်လိုက်ပါသည်။ အဖြူရောင် အခိုးအငွေ့တွေထဲမှာ ဝံပုလွေလေးတစ်ကောင် ပြေးလွှားနေသည်။

ထိုဝံပုလွေလေးကို သူမ တစ်နေရာရာမှာ မြင်ဖူးနေသည်။

စူစူလေး အနီးကပ်ကြည့်ဖို့ ကြိုးစားလိုက်သော်လည်း အခိုးအငွေ့တွေ ရုတ်တရက် ပျောက်ကွယ်သွားကာ ဘာမှ မမြင်ရတော့ပေ။

အား… သူမရဲ့ စွမ်းအင်က မတည်မငြိမ်ရှိနေဆဲဖြစ်ကာ ကောင်းကောင်းမထိန်းချုပ်နိုင်သေးပါ။

ဟူး… သူမ ဘယ်တော့မှ စွမ်းအားကြီးမားလာမှာလဲ။ စွမ်းအားတွေ ကြီးလာတာနဲ့ အဲ့ဒီ နတ်ယုတ်မာကို ကလဲ့စား သွားချေမယ်! ထို နတ်ယုတ်မာကို အားပါပါ ကန်ပစ်လိုက်မယ်! တစ်ချက်တည်းကန်လို့ မလုံလောက်သေးဘူး! အချက် ၁၀၀ လောက် ကန်ပစ်ရမှ ကျေနပ်မယ်!

စူစူလေး အတည်ပေါက် တွေးလိုက်ပါသည်။

“ဟပ်ချိုး ဟပ်ချိုး ဟပ်ချိုး!” လုကျန်းယွီ ၃ ခါလောက် ဆက်တိုက် နှာချေလိုက်မိသည်။

“ကိုကြီး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား”။ စူစူလေး မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး…”။ လုကျန်းယွီ နှာခေါင်းကို တစ်ရှူးဖြင့် သုတ်ရင်း ပြန်ဖြေလိုက်ပါသည်။ သူ အအေးမိထားတာလည်း မဟုတ်ဘဲ ဘာကြောင့် ရုတ်တရက်ကြီး နှာချေတာလဲ မသိပေ။

“ဪ ကိုကြီး နေမကောင်းမဖြစ်နဲ့နော်! ဟိုနတ်ယုတ်မာကြီးကမှ နေမကောင်းဖြစ်သင့်တာ!”။ စူစူလေး ထပ်ပြောလိုက်သည်။

သူမရဲ့ ကိုကြီးက နေမကောင်းမဖြစ်သင့်ပါ။ နေမကောင်းဖြစ်သင့်သူက ထိုနတ်ယုတ်မာကြီးဖြစ်သည်။

“ကိုကြီး ဘာမှမဖြစ်- ဟပ်ချိုး ဟပ်ချိုး!”။ ဘာမှမဖြစ်ဘူးဟု လုကျန်းယွီ ‌ပြောချင်သော်လည်း ၂ ကြိမ်လောက်ထပ်ပြီး နှာချေလိုက်မိပြန်သည်။

သူတကယ် အအေးမိနေပြီထင်ပါသည်။

… … …

All Chapters