သက်ပြည့် လိုလီ
Vol. 4 Ch. 55
ယနေ့ညအတွက် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အန်လင်းတို့ သုံးဦအား အနောက်တောင်ပိုင်း ဒေသရှိ အရေးကြီးပုဂ္ဂိုလ်များနှင့် ရင်းနှီးမှုရရှိကာ အဆင်ပြေ ချောမွေ့စေရန် ဖြစ်သည်။
အန်လင်းတို့ ထမ်းဆောင်ရမည့် တာဝန်အမျိုးအစားကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိချေ။ မြို့တော်ဝန် ချင်၊ ကျန်းဟုန်ရီနှင့် ညွှန်ကြားရေးမှူး ကျိုးတို့ကဲ့သို့ လူနည်းစုသာလျှင် ထိုတာဝန်နှင့် ပတ်သက်၍ အကြမ်းဖျဉ်း ခန့်မှန်းမိထားခြင်း ဖြစ်သည်။ ကျန်ရှိသည့် ဧည့်သည်များမှာမူ ရောက်တတ်ရာရာ စကားများကိုသာလျှင် ပြောဆိုနေကြသည်။
မကြာမီတွင် သူတို့သည် အနည်းငယ် ပျင်းရိလာသဖြင့် ထိုင်ခုံနေရာ ရှာတော့သည်။
ကျန်းဟုန်ရီနှင့် ဟောင်ရှန့်ရှန့် တို့သည်လည်း သူတို့အား အချိန်ပြည့် စောင့်ကြည့်ကာ လိုအပ်သမျှကို ဖြည့်ဆည်းပေးလျက် ရှိသည်။
နေရာယူပြီးသည့် နောက်တွင် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် ချက်ချင်းဆိုသလိုပင် သူတို့ဖုန်းများအား အာရုံစိုက် လိုက်ကြသည်။
စမတ်ဖုန်းများ၏ ဆွဲဆောင်မှုသည် လူသားများကို ဖမ်းစား ထားနိုင်သည် သာမက ထိုဖုန်းများတွင် ပါဝင်သည့် လုပ်ဆောင်ချက် အများအပြားသည် ကျင့်ကြံသူများကိုပါ ညှို့ယူ ထားနိုင်လေသည်။
စုရှောင်လန်သည် ကျင်းတောင်နှင့် ထောင်ပေါင်တို့ရှိ ပစ္စည်းများအား ရှာဖွေကြည့်ရှုလျက် ရှိနေပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ ပီတီဖြစ်နေပုံ ရသည်။
အမျိုးသမီး ငယ်လေးများထံတွင် ရှိတတ်သည့် ဈေးဝယ်ခြင်း အလေ့အထသည် သူမထံတွင် မီးတောက်ပမာ အလျှံငြီးငြီး တောက်လောင်နေပြီ ဖြစ်သည်။
ရွှမ်ယွမ်ချန်သည်တော့ ဖုန်းအား အသုံးပြုပြီး နောက်ဆုံးပေါ် လျှပ်စစ် ထုတ်ကုန်များ၊ အဆင့်မြင့် စက်မှု ထုတ်ကုန်များနှင့် တိုင်းပြည်တိုင်း၏ စစ်လက်နက်များကိုပင် ရှာဖွေ နေလိုက်သေးသည်။
အယူအဆ သဘောတရာများ သို့မဟုတ် တည်ဆောက်ပုံများနှင့် ပတ်သက်၍ နားလည်ခြင်း မရှိသော်ငြား သူရှာဖွေထားသမျှ အရာအားလုံးကို သုံးသပ်ကြည့်မည် ဆိုလျှင် သူသည် ထူးချွန်လှသည့် စက်မှု ကျောင်းသား တစ်ဦးနှင့်ပင် တူညီနေပေသည်။
ထိုအချင်းအရာအား မြင်တွေ့သည့် အခါတွင် အန်လင်းသည် သက်ပြင်းသာ ချမိတော့သည်။
အခြားလူများသည် ကပွဲများသို့ ပျော်ရွှင်စွာ တွေ့ဆုံကခုန်ကာ စကားစမည် ပြောဆိုကြရန် တက်ရောက် ကြခြင်း ဖြစ်သည်။
ထိုလူများမှာတော့ သူတို့ဖုန်းများကိုသာ တစ်ကမ္ဘာ ထင်နေကြသည်။
မကြာမီအချိန်ကပင် သူတို့သည် လူအုပ်ကြီးအား အလွန်အမင်း ထိတ်လန့်စေခဲ့သူများ ဖြစ်ကြသည် မဟုတ်ပါလား။
ယခုအခါတွင်တော့ ချက်ချင်းဆိုသလို ဘေးရောက်သွားပြီး သူတို့၏ အမိုက်စား ပုံရိပ်များသည်လည်း ခြေမွ ခံလိုက်ရပြီ ဖြစ်သည်။
ထောင်ပေါင်ကို ကြည့်နေခြင်းနဲ့ အဆောက်အဦများ၏ အသေးစိတ် ပုံစံများအား လေ့လာခြင်းက သာမန် ဖြစ်နိုင်ပါတော့မလား ... ။
အန်လင်းသည်လည်း သက်ပြင်း နောက်တစ်ကြိမ် ချလိုက်ပြီးနောက် အိတ်ကပ် အတွင်းရှိ ဖုန်းကို ထုတ်ကာ King of Glory ဆော့ဖို့ ပြင်တော့သည်။
သူက ကျူးကော့လျန်အား ဇာတ်ကောင်အဖြစ် ရွေးလိုက်သည်။ လီပိုင်ကဲ့သို့သော သူရဲကောင်း ဆန်ဆန် ဇာတ်ကောင်မျိုုးနှင့် ယှဉ်ကြည့်မည် ဆိုလျှင် အန်လင်းသည် ချောမောပြီး အခြေအနေကို လိုက်၍ လိုက်လျော ညီထွေရှိသည့် ဇာတ်ကောင်မျိုးကို နှစ်သက် သဘောကျသူ ဖြစ်သည့် အတွက် ကျူးကော့လျန်အား ရွေးချယ် လိုက်ခြင်း ဖြစ်သည်။
ကပွဲသို့ ထင်ရှားသည့် မျိုးနွယ် ခေါင်းဆောင်များ၏ သမီးများသည်လည်း တက်ရောက် ကြကာ တချို့သည် အန်လင်းအား အကဲခတ် ကြည့်နေကြသည်။ သူပြုလုပ်ခဲ့သည့် ဝင့်ကြွားလှသော ဟန်ပန်များသည် သူမတို့၏ နှလုံးသားအား ဆွဲခါ လှုပ်ယမ်းလိုက်သကဲ့သို့ ဖြစ်သည်။
တချို့ မိန်းကလေးများသည် သတ္တိမွေးကာဖြင့် သူ့ထံသို့ လျှောက်လာကာ ကရန် ဖိတ်ခေါ် လိုကြသည်။ သို့ပေမဲ့လည်း သူသည် ခုံတွင်ထိုင်ကာ ဖုန်းကိုသာလျှင် စိတ်ဝင်စားလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။
"သခင်လေး အန်က ဘာတွေကစားနေတာလဲ ... "
လှပသည့် မိန်းကလေး တစ်ယောက်သည် သူမ၏ သူငယ်ချင်းအား တိတ်တဆိတ် မေးလိုက်သည်။
"ငါလည်း မပြောတတ်ဘူး ... သူက အတော်လေး ဝေးနေတယ်ဟ ... "
"သခင်လေး အန် က ငါတို့ ဉာဏ်မမီလောက်တဲ့ ဇာတ်ကောင်တစ်ခုကို ထိန်းချုပ်နေပုံပဲ ... သူ့အပြုအမူတွေက အရမ်းကို လေးနက်လွန်းနေတယ် ... ငါတို့သွားပြီး နှောင့်ယှက် သင့်တယ်လို့ မထင်မိဘူး ... " သူမသူငယ်ချင်းက အလေးအနက် ပြောသည်။
"အမှန်ပဲ ... သူက အတော်လေး အလုပ်ရှုပ်နေပုံရတယ် ... "
“ဟူး ... သနားစရာပဲ ... ”
ထိုမိန်းကလေးသည် သက်ပြင်း ချလိုက်ပြီး အန်လင်းဆီသို့ သွားကာ စကားပြောချင်စိတ်အား ဖိနှိပ် လိုက်သည်။
ထိုအချိန်တွင် အန်လင်းသည် ဂိမ်းကို စွဲလမ်းနေပြီ ဖြစ်ကာ ဂိမ်းသည် ဘဝပေါင်းများစွာကို ဖျက်ဆီး ပစ်နိုင်သည်ဆိုသည့် အချက်ကိုလည်း မေ့ပျောက်သွားပြီ ဖြစ်သည်။
အခုဆိုလျှင် သူ့တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နှစ်ဘက်စလုံး၏ ခံတပ်များသည် ဖျက်ဆီးခံလိုက်ရပြီး ဖြစ်ကာ တစ်ဖက်စီတွင် ကြီးမားသည့် ဖန်တုံး တစ်တုံးစီသာလျှင် ကျန်ရှိတော့သည်။
ငါးယောက်စီ ရင်ဆိုင်ရသည့် တိုက်ပွဲအတွင်း နှစ်ဘက်စလုံး၏ ဇာတ်ကောင် လေးကောင်စီမှာ အသတ်ခံလိုက်ရပြီး ဖြစ်သည်။ အန်လင်း၏ ကျူးကော့လျန်နှင့် ရန်သူ၏ ဟန်ရှင်းတို့သာလျှင် တိုက်ပွဲပြင်တွင် ကျန်ရှိတော့သည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲသည် ပွဲ၏ အဆုံးအဖြတ် ဖြစ်သည်။
ကျူးကော့လျန်နှင့် ဟန်ရှင်းတို့ နှစ်ဦးစလုံးသည် သွေး လေးပုံတစ်ပုံ သာလျှင် ကျန်ရှိတော့သည်။
အန်လင်းသည် သူ၏ဇာတ်ကောင်နှင့် ဟန်ရှင်းတို့၏ အကွာအဝေးကို နီးကပ် စေချင်သည်။ သူ၏ နောက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုရန် ၈ စက္ကန့်သာလျှင် လိုတော့သည်။ ထို့နောက်တွင် ဟန်ရှင်းအား တစ်ချက်တည်းနှင့် အလဲထိုးကာ အနိုင်ယူ နိုင်ပေလိမ့်မည်။
သို့ပေမဲ့လည်း သူသည် ဟန်ရှင်း၏ အဝေးပစ် တိုက်ကွက်အား လျှော့တွက်ခဲ့မိသည်။
ဟန်ရှင်းသည် ကျူးကော့လျန်ထံသို့ ခုန်ဝင်လာပြီးနောက် နီးကပ်သွားသည်နှင့် ချက်ချင်း ဆိုသလိုပင် သူ၏လှံကို ဒေါသတကြီး ထိုးသွင်း လိုက်သည်။
ကျူးကော့လျန်သည် သွေးမလုံလောက်မှုကြောင့် ဟန်ရှင်း၏ တိုက်ခိုက်မှု အောက်တွင် ကျဆုံး သွားခဲ့ရသည်။
"သောက်ရူးကောင် ... ဟန်ရှင်းရဲ့ရှေ့ကို နေရာရွှေ့လိုက်ပြီး အရှေ့လေရူး တိုက်ခိုက်မှု သုံးလိုက်မယ် ဆိုရင် ပွဲသိမ်းပြီလေ ... ဘာလို့များ စွမ်းအင်လုံးကို စောင့်ပြီး အချိန်ဖြုန်း နေရသေးတာလဲ ... "
သူ၏ ကျူးကော့လျန်သည် ရန်သူ၏ ဟန်ရှင်းထံတွင် ရှုံးနိမ့်သွားသည့် အခါ ခပ်မာမာ အသံတစ်သံသည် အန်လင်း ဘေးနားတွင် ပေါ်လာတော့သည်။
အန်လင်းသည် ခေါင်းမော့ကာ ကြည့်လိုက်သည့် အခါ အလွန်အမင်း ချစ်ဖို့ကောင်းသည့် မိန်းမငယ်လေး တစ်ယောက်သည် ဆံပင်နီညိုရောင်ကို ဆိုးထားပြီး သူ့ဖုန်းမျက်နှာပြင်အား အလိုမကျဟန်ဖြင့် စိုက်ကြည့်လျက် ရှိနေသည်။
သူမပြောသွားသည်များသည် သေချာပေါက် မှန်နေခြင်းအား သူသိသည်။
သို့ပေမဲ့လည်း သူ့လိုမျိုး အရွယ်ရောက်ပြီးသာ သူတစ်ယောက် အတွက် ကလေးမလေး တစ်ယောက်၏ ဆူပူခြင်းခံရသည်မှာ အနည်းငယ် ရှက်စရာ ကောင်းလွန်းသည်။ "နင်က ဘယ်က ရောက်လာတာတုန်း ... ရှူး ... ဒါက ကလေးတွေ နေရာမဟုတ်ဘူး ... "
"ငါက ကလေး ... ဟုတ်လား ... " ထိုကလေးမသည် သူ့ကိုယ်သူ ညွှန်ပြကာ သူမ၏ မျက်ဝန်း တောက်တောက် လေးများသည် ဒေါသကြောင့် တလက်လက် တောက်ပလာပြီး သူမ ရင်သားများသည် အသက်ရှူ လိုက်တိုင်း နိမ့်လိုက် မြင့်လိုက် ဖြစ်လာတော့သည်။
အိုး ... ခဏလေး ... မဟုတ်သေးဘူး ... သူမမှာ ရင်သားမရှိဘူးပဲ ...
သူ၏ စကားများသည် မယဉ်ကျေးရာ ကျသွားသည်ကို အန်လင်းသိလိုက်သည်။ ထို့ကြောင့် နောက်ထပ် ချဉ်းကပ်နည်းတစ်ခုကို အသုံးပြုလိုက်သည်။ "ချစ်ဖို့ကောင်းတဲ့ လိုလီလေးက ဘယ်ကနေ လာတာလဲ ... ဖေဖေနဲ့ မေမေကို သွားရှာလေ ... "
ထိုကလေးမလေးသည် အန်လင်း၏ စကားများကို ကြားလိုက်သည့်အခါ ပို၍ပင် ဒေါသတကြီး ဖြစ်လာ တော့သည်။ သူမသည် အသံကိုမြှင့်ကာ ဒေါသတကြီးဖြင့် "ဒီမှာ ... နားထောင်စမ်း ... ငါ့အသက်က ၁၈ နှစ်ရှိပြီ ... တရားဝင် အသက်ပြည့်ပြီးတဲ့သူ ဖြစ်နေပြီ သောက်ကောင်ရဲ့ ... "
အန်လင်းသည် ကလေးမလေး၏ သေးသွယ်သည့် ခန္ဓာကိုယ်အား ကြည့်ကာ ဘာမှမသိသည့် အမူအရာဖြင့် မျက်တောင်ခတ်လိုက်သည်။
သူမသည် ပန်းရောင် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံ အရွယ်အစားမှာ အသေးဆုံး အရွယ်အစား ဖြစ်လောက်မည် ဖြစ်ပြီး ထိုဝတ်စုံမှာတောင် သူမနှင့် အတော်လေး ချောင်နေသေးကာ ပခုံးသားများ ပေါ်နေသည်။
ထိုညနေခင်း ဝတ်စုံ၏ ရင်ဘတ်အတော်လေး ဟိုက်လျက်ရှိသည်။ သို့ပေမဲ့လည်း သူမ၏ ရင်သားသည် ပြားကပ်လျက် ရှိသည်ကြောင့် ပျဉ်ပြား တစ်ချပ်အလားပင် ထင်ရသည်။
"ကောင်းပါပြီ ... ယုံပါတယ်နော် ... " အန်လင်းက ခေါင်းညိတ် လိုက်သည်။
အန်လင်း၏ ဝန်ခံချက်ကြောင့် သူမမျက်နှာတွင် ကျေနပ်မှုအတိုင်းသား ဖြစ်လာသည်။ သို့ပေမဲ့လည်း နောက်ဆက်တွဲ စကားအား ကြားလိုက်ရသည့် အခါတွင် သူမသည် ဒေါသ ထွက်လွန်းသဖြင့် သတိလစ်တော့ မလိုပင် ဖြစ်ရတော့သည်။
"ခင်ဗျားလေးက အသက်ပြည့်ပြီးတဲ့ လိုလီလေးပါဗျာ ... ပျော်ပြီလား အခု ... "
ပျော်ပြီလား ဟုတ်လား ... နင့်မေကို ပျော်နေလိုက် ... ။
အဲဒီစကားကို မပြောလိုက်ရလျှင် သူသေသွားမှာ စိုးလို့လား။
သူမသည် ထိုစကားအား ဆက်ပြောနေမည် ဆိုပါက မကြာမီမှာပင် သေအန် မိတော့မည်ဟု ခံစားနေရသည်။
ထို့ကြောင့် ချက်ချင်းဆိုသလို စကားလမ်းကြောင်း လွှဲလိုက်ရသည်။ "ဟိုင်း ... ငါ့နာမည်က ထျန်းလင်းလင်း ... မစ္စ ရှန့်ရှန့်က နင်တို့ရဲ့ တာဝန် ပြီးမြောက် သွားဖို့အတွက် ကူညီပေးလိုက်လို့ ညွှန်ကြားထားလို့ပါ ... "
"အိုး ... ဟိုင်း ... ငါက အန်လင်းပါ ... "
အန်လင်းမျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ထျန်းလင်းလင်းသည် သူ၏ စွဲမက်ဖွယ်ကောင်းသော ဂိမ်းဆော့နေသည့် ပုံရိပ်ကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသဖြင့် သူ့အနားသို့ ရောက်ရှိလာခြင်းဟု သူထင်နေမိခြင်း ဖြစ်သည်။
ယခုတွင်မူ သူ၏အတွေးများသည် မှားယွင်းနေကြောင်း သိလိုက်ရသည်။
အန်လင်းသည် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့အား ထျန်းလင်းလင်းနှင့် မိတ်ဆက်ပေးခြင်း မပြုခင် သူတို့အာရုံကို ဖုန်းများမှ အဝေးသို့ အရင်ပို့ရသည်။
ဟောင်ရှန့်ရှန့် ဆက်သွယ်ထားသည့် အမျိုးသားအထူး စစ်ဆင်ရေး ဌာနသည် စစ်တပ်၏ လက်အောက်တွင် ရှိသည်။ ထျန်းလင်းလင်းသည် ဟွားနိုင်ငံ၏ ကိုယ်စားပြုလည်း ဖြစ်သည်။ ထိုအင်အားစု နှစ်ခုသည် အန်လင်းတို့ သုံးယောက် ထမ်းဆောင်ရမည့် တာဝန် ပြီးမြောက်အောင် ထောက်ပံ့ ပေးကြဖို့ရန် အမိန့်ထုတ်ပြန်ထားသည်။
ဟောင်ရှန့်ရှန့်နှင့် ကျန်းဟုန်ရီတို့ သွားရောက် တွေ့ဆုံခဲ့သည် ဆိုသော ဧည့်သည်မှာ ထျန်းလင်းလင်းသာ ဖြစ်ပေသည်။
ထျန်းလင်းလင်းသည် တာအိုခန္ဓာအဆင့် ၈ အား အသက် ၁၈ နှစ်အရွယ်တွင် ရောက်ရှိခဲ့သဖြင့် ကိုးပြည်ထောင် နိုင်ငံတော်တွင် ပင်လျှင် ပါရမီရှင်တစ်ဦး အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် သူမ၏ ပါရမီသည် ပထမတန်းစား ဖြစ်သည်။ ထို့ကြောင့် အန်လင်းတို့နှင့် စကားပြောရာတွင် သူမအနေနှင့် ယဉ်ကျေးနေရန် မလိုအပ်ပေ။
အန်လင်းသည်လည်း ထိုအချက်နှင့် ပတ်သက်၍ အပြစ်မြင်ခြင်း မရှိပါ။
ထိုကလေးမအား သူ့အနေဖြင့် မည်ကဲ့သို့ အပြစ်ဆို နိုင်မည်နည်း။
"ဟေး ... ဟေး ... အန်လင်း ... ငါနဲ့ ကကြမယ် ... "
ထျန်းလင်းလင်း မျက်ဝန်း တောက်တောက်များကို စိတ်လှုပ်ရှားမှု မျှော်လင့်မှုတို့ဖြင့် တဖျတ်ဖျတ် ခပ်လျက် ရှိသည်။
"နင်နဲ့ ကရမှာလား ... " အန်လင်းသည် ထျန်းလင်းလင်းအား အကဲခတ် လိုက်သည်။ သူ့မျက်နှာတွင် အထင်သေးသည့် အရိပ်အရောင်များ ဖြတ်သန်းသွားပြီး "လုံးဝပဲ ... "
လာနောက်နေတာလား ဟမ် ... ။ သူက ကလေးမလေး တစ်ယောက်နှင့် တွဲဖက်အဖြစ် ကနေမည်ဆိုလျှင် ထိုသည်က မည်မျှ ထူးဆန်းလိုက်မည်နည်း။
သူ့အနေဖြင့် အခြားတစ်ယောက်အား အထင်အမြင် လွဲမှားခြင်းမျိုး မဖြစ်လိုပါ။
အန်လင်း၏ ငြင်းဆိုချက်အား ကြားလိုက်ရသည့် အခါ ထျန်းလင်းလင်းသည် ဒေါသတကြီးဖြင့် ခြေလှမ်း လာခဲ့သည်။
သူမသည် လွန်ခဲ့သည့် အချိန်ကတည်းက ဒေါသထွက်နေပြီး ဖြစ်သည်။ "ဟေ့ အန်လင်း ... နင့်မှာ WeChat ရှိလား ... "
"ရှိတာပေါ့ ... ငါက ဂူအောင်းသတ္တဝါမှ မဟုတ်ဘဲ ... ဘယ်လိုလုပ်ပြီး WeChat အကောင့် မရှိရမှာတုန်း ... "
ထျန်းလင်းလင်းသည် သူမ၏ ဖုန်းအား မထုတ်ခင် ရယ်မော လိုက်သေးသည်။ ထို့နောက်တွင် QR ကုတ်အား ပေးလာသည်။ သူမ၏ ရည်ရွယ်ချက် အတွက် ဖြေရှင်းချက် ဟူသည် မရှိ။
သူမအား WeChat လက်ခံလိုက်ရုံဖြင့် အဆင်ပြေပြီဟု အန်လင်းထင်ခဲ့မိသည်။ ဆက်သွယ်ရန်လည်း လွယ်ကူသည့် အတွက် အန်လင်းသည် တက်တက်ကြွကြွဖြင့်ပင် ထျန်းလင်းလင်းအား သူ့အကောင့်ကို ပေးလိုက်သည်။
ဒူ ... ဒူ ... ဒူ ...
အန်လင်း၏ WeChat အတွင်းသို့ မက်ဆေ့ချ်တစ်ခု ရောက်လာသည်။ ထျန်းလင်းလင်းမှ အပြုံးပုံလေး တစ်ခု ပို့လိုက်ခြင်းပင်။
သူက ပြန်မပို့ခင် ထျန်းလင်းလင်းအား ခေါင်းမော့ ကြည့်လိုက်သေးသည်။ ထို့နောက်တွင် အပြုံးပုံလေး တစ်ခု ပြန်ပို့လိုက်သည်။
အန်လင်းသည် အနည်းငယ် ဆွံ့အ နေမိသည်။ သူနှင့် အန်လင်းလင်းတို့သည် မျက်နှာချင်းဆိုင် ရပ်နေကြခြင်း ဖြစ်သည်။ ဘာလို့များ ဖုန်းမှနေ အီမိုဂျီတွေ ပို့နေမှန်း သူမသိ။ သေမျိုးကမ္ဘာ၏ ဂိမ်းအသစ် တစ်ခုများလား ... ။
ဒူ ... ဒူ ... ဒူ ...
နောက်ထပ် မက်ဆေ့ချ်တစ်ခု ရောက်လာပြန်သည်။ "ထျန်းလင်းလင်းက သင့်အား 'ကမ္ဘာပေါ်ရှိ ကျင့်ကြံသူ အားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်' အသင်းအဖွဲ့သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ချက် ပို့လိုက်သည်_"
အန်လင်းသည် ထိုအဖွဲ့နာမည်အား မြင်လိုက်ရသည့်အခါတွင် ထျန်းလင်းလင်းအား ကြည့်ကာ မျက်လုံးများ ပြူးကျယ် လာတော့သည်။
ထျန်းလင်းလင်းသည် အန်လင်းအား ဘဝင်မြင့်သည့် လေသံဖြင့် "အဲဒါက ဟွားနိုင်ငံမှာရှိတဲ့ ထိပ်တန်း ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ WeChat အဖွဲ့ပဲ ... နင်တို့ရဲ့ တာဝန်အတွက် အထောက်အပံ့ ပေးမယ့် အဖွဲ့လည်း ဟုတ်တယ် ... "
အန်လင်း၏ အမူအရာမှာ ဗလာ ဖြစ်နေတုန်းပင်။
ဘယ်လိုတောင် ထူးဆန်းလွန်းတဲ့ နာမည်လဲ ... အဲဒါက တကယ်ကြီး ကျင့်ကြံသူတွေရှိတဲ့ အဖွဲ့လား ...
ကမ္ဘာပေါ်ရှိ ကျင့်ကြံသူ အားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ် ဟုတ်လား ... သူတို့ကိုယ်သူတို့ အာထွာမန်းလို့ ထင်နေကြတာလား ...
အန်လင်းသည် ပြောစရာ မရှိလောက်အောင် ဆွံ့အနေသော်လည်း ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။
သို့ပေမဲ့လည်း လျင်မြန်စွာဖြင့်ပင် သူသည် အယောင်ဆောင် ကျင့်ကြံသူများ အဖွဲသို့ ဝင်ရောက် လိုက်မိခြင်း ဖြစ်သည်ကို သိလိုက်ရတော့သည် ...။
***