အခန်း (၅၇၈+၅၇၉)
Vol. 24 Ch. 578+579
အခန်း(၅၇၈) Camping ခရီး (၂)
ထိုလူ ချင်းစူစူကို ဘာကြောင့် ပစ်မှတ်ထားနေတာလဲ ချူးယန်ရှီ မသိပါ။ ချင်းစူစူကို ထိုလူ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ ချူးယန်ရှီမသိပါ။ သို့သော် ဒါတွေ သူမ စိတ်ပူစရာမလိုပေ။
အစက ချင်းစူစူလို ကလေးတစ်ယောက်ကို ဒုက္ခမပေးဖို့ ချူးယန်ရှီ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ချင်းစူစူက သူမကို အကြိမ်ကြိမ်အခါခါ ဒုက္ခရောက်အောင်လုပ်ခဲ့သဖြင့် ရွေးချယ်စရာမရှိတော့ပါ။
မူကြိုကိုရောက်လာတာနဲ့တစ်ပြိုင်နက် စူစူလေးနဲ့ ချင်းယုကျိုးတို့အား ချူးဟမ့် တန်းမြင်သွားပါသည်။
အသက် ၃ နစ်ခွဲအရွယ် ကလေးတစ်ယောက်နဲ့ ရန်သူတွေဖြစ်လာလိမ့်မည်ဟု ချူးဟမ့် တစ်ခါမှ မတွေးခဲ့ဖူးပေ။
သို့သော်လည်း သူနဲ့ သူ့မိန်းမတို့ဖြစ်ခဲ့သည့် ပြဿနာကြောင့် လုကျန်းယွီနဲ့ ချင်းစူစူတို့အား အရိုးထဲထိစွဲအောင် သူ မုန်းတီးနေပါသည်။
ဒီကလေးစုတ်နှစ်ယောက်ကို သူမကျေအေးပေးနိုင်ပါ။
ချူးဟမ့်က စူစူလေးကို စိုက်ကြည့်နေသော်လည်း စူစူလေးကတော့ သတိတောင် မထားမိပေ။
စူစူလေးအတွက် ချူးဟမ့်ဆိုတာ ကိုယ့်မိန်းမကိုယ် ဂရုမစိုက်သည့် လူဆိုးကြီးတစ်ယောက်သာဖြစ်သည်။
သူ့ကို အာရုံစိုက်မည့်အစား ကာတွန်းကား ၂ ပိုင်းလောက် ကြည့်လိုက်တာမှ ပိုပြီး အကျိုးရှိပါဦးမည်။
စူစူလေးအပေါ် မုန်းတီးမှုတွေကို ချူးဟမ့် မျိုသိပ်လိုက်ပြီး တခြား အုပ်ထိန်းသူတွေဘက်သို့ အာရုံပြန်လွှဲလိုက်ပါသည်။
“အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ချူးယန်ရှီရဲ့ အဖေ ချူးဟမ့်ပါ။ ချူးနည်းပညာကုမ္ပဏီရဲ့ စီအီးအိုပါ”
ချူးဟမ့်က အုပ်ထိန်းသူတွေကို လုပ်ငန်းကတ် တစ်ကတ်ဆီ ကမ်းပေးလိုက်သည်။
အရင်တုန်းကဆို ဒီလို အပေါစားဆန်သည့် လုပ်ရပ်မျိုးကို ချူးဟမ့်လုပ်မိမှာ မဟုတ်ပါ။ သို့သော်လည်း ကုမ္ပဏီ ကျဉ်းထဲကျပ်ထဲ ရောက်နေသဖြင့် သူဘာမှ ဂရုမစိုက်နိုင်တော့ပေ။ ထို့ကြောင့် မြင်သမျှလူတိုင်းနဲ့ မိတ်ဆွေဖွဲ့နိုင်အောင် အသည်းအသန် ကြိုးစားမိသည်။
ချူးဟမ့်၏ ကတ်ကိုယူပြီးနောက် အုပ်ထိန်းသူတချို့ အနေခက်သွားကြသည်။
အုပ်ထိန်းသူအချင်းချင်း မိတ်ဆွေဖွဲ့တာက မထူးဆန်းပါ။ သို့သော် ကလေးကို ဗန်းပြပြီး လုပ်ငန်းကတ်တွေ ထုတ်ပြကာ ကုမ္ပဏီအကြောင်း ပြောနေသည့်လူမျိုးကိုတော့ ပထမဆုံး မြင်ဖူးတာဖြစ်သည်။
ဒီလို ပေါ်တင်ကြီး မားကတ်တင်းဆင်းမှုကြောင့် တချို့အုပ်ထိန်းသူတွေ နေထိုင်ရခက်သွားကြပါသည်။
ကံကောင်းစွာဖြင့် ဘယ်သူမှ ထုတ်မပြောကြပါ။ ချူးဟမ့်ပေးသည့် ကတ်တွေကို တိုးတိုးတိတ်တိတ်သာ လက်ခံလိုက်ကြသည်။
ထိုစဉ် မီနီဘတ်စ်လည်း ရောက်လာပြီဖြစ်သည်။
ဘတ်စ်ကားပေါ်တက်ရန် ဆရာမတွေက အားလုံးကို တန်းစီခိုင်းလိုက်ပါသည်။
စူစူလေးနဲ့ ချင်းယုကျိုးတို့လည်း တခြားသူတွေနဲ့အတူ ကားပေါ် တက်လာခဲ့ကြသည်။
ကလေးတစ်ယောက်ကို အုပ်ထိန်းသူတစ်ယောက်သာ ခေါ်လာခွင့်ရှိသည်ဟု မူကြိုက စည်းကမ်းထုတ်ထားသဖြင့် ဟဲပေမူမှာ မီနီဘတ်စ်နောက်မှ တခြားကားတစ်စီးဖြင့်သာ လိုက်လာခဲ့ရသည်။
ထို့နောက် မြို့နဲ့အဝေးမှာတည်ရှိနေသည့် စခန်းချနေရာသို့ အားလုံးကို ပို့ဆောင်ပေးခဲ့ကြသည်။
စခန်းချမည့်နေရာက ဟွာချန့်မြို့ရှိ အမြင့်ဆုံးတောင်ဖြစ်သော မော့လျန်တောင်ခြေမှာဖြစ်သည်။ အလွန် အေးချမ်း တိတ်ဆိတ်ပြီး နေထိုင်လို့ကောင်းသည့် နေရာလေးတစ်ခုဖြစ်ပါသည်။
ကလေးတွေအတွက် စခန်းချတဲထိုးပေးရန် အုပ်ထိန်းသူတွေကို ဆရာမတွေက တာဝန်ပေးခဲ့ပါသည်။
ရွက်ဖျင်တဲများကို မူကြိုက ပေးထားပြီးသားဖြစ်သည်။
ရွက်ဖျင်တဲတစ်ခု ရရှိပြီးနောက် ချင်းယုကျိုး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
အုပ်ထိန်းသူတချို့ ရွက်ဖျင်တဲ စထိုးနေကြပြီဖြစ်တာကို မြင်ကာ ချင်းယုကျိုးလည်း အချိန်မဆွဲဘဲ ဖုန်းထုတ်လိုက်ပြီး ရွက်ဖျင်တဲထိုးနည်း ရှာဖွေလိုက်ပါသည်။
၃ မိနစ်လောက် ရှာဖွေပြီးနောက် ချင်းယုကျိုး အဆင်သင့်ဖြစ်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။ စူစူလေးက ရွက်ဖျင်တဲတစ်ခုလုံးကို သူ့ဖာသာသူ ထိုးနေလေသည်။
“စူစူလေး… သတိထား။ ငါလုပ်ပေးမယ်” ချင်းယုကျိုးက ကူညီပေးဖို့ ကြိုးစားပါသေးသည်။
“ရပါတယ် ဆယ်လီတူလေး နားနေလိုက်! ဒီလိုအသေးအဖွဲကိစ္စလေးကို ဒေါ်လေးဖာသာ လုပ်နိုင်တယ်”။ စူစူလေးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဒီလိုအသေးအဖွဲကိစ္စလေးက သူမအတွက် ခက်ခဲပါ့မလား။
ချင်းယုကျိုး ကူညီချင်သော်လည်း ဘယ်လိုကူညီရမှန်း မသိပေ။
စူစူလေး၏ လျှင်မြန်သွက်လက်သော လှုပ်ရှားမှုများကို ကြည့်ရင်း ချင်းယုကျိုးက ကလေးဖြစ်ပြီး စူစူလေးက အုပ်ထိန်းသူဖြစ်သည်ဟု ထင်ချင်စရာဖြစ်သည်။
သို့သော်လည်း စူစူလေးက သူ့ဒေါ်လေးပဲ မဟုတ်လား။
ခေတ္တကြာပြီးနောက် စူစူလေး ရွက်ဖျင်တဲထိုးလို့ ပြီးသွားပါပြီ။ အလွန်လျှင်မြန်ပြီး သေသပ်လွန်းသည်။
ချင်းယုကျိုးက စူစူလေးကို ချက်ချင်း ပွေ့ချီလိုက်ပြီး ချီးကျူးလိုက်ပါသည်။ “စူစူလေး အရမ်းတော်တာပဲ!”
… … …
အခန်း(၅၇၉) Camping ခရီး (၃)
“ဒါပေါ့! ဆယ်လီတူလေးက လိမ်လိမ်မာမာပဲနေ။ ဒေါ်လေး ဂရုစိုက်ပေးမယ်!”။ စူစူလေးက ချင်းယုကျိုး၏ ခေါင်းကို ပုတ်ပေးလိုက်ပါသည်။
ချင်းယုကျိုး မျက်နှာပေါ် အပြုံးများဖြင့် ပြည့်နှက်နေလေသည်။ သူ့ခေါင်းပေါ်က အထိအတွေ့လေးနဲ့ စူစူလေးရဲ့ စကားလုံးများက နွေးထွေးလွန်းပါသည်။
ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်တို့နှစ်ယောက် စူစူလေးလောက် မမြန်ဆန်သော်လည်း သားအမိတွေ ရွက်ဖျင်တဲ ထိုးနည်းကို သေသေချာချာလေ့လာပြီး တစ်ဆင့်ချင်း ကြိုးစားခဲ့ကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် သူတို့လည်း ရွက်ဖျင်တဲ ထိုးလို့ ပြီးသွားကြပါသည်။
ကိုယ့်အစွမ်းအစနဲ့ကိုယ် ထိုးထားသည့် ရွက်ဖျင်တဲကိုကြည့်ရင်း သားအမိနှစ်ယောက် ရင်ထဲ ပျော်ရွှင် ကြည်နူးသွားကြသည်။
ကျန်းဝမ်ဝမ် မျက်နှာပေါ် အပြုံးပန်းများ ဝေဆာနေသည်။ ဒီလို ရိုးရှင်းသည့်အလုပ်တစ်ခုကို သူမသမီးနဲ့အတူတူ လုပ်လိုက်ရတာက ဒီလောက်ထိ ပျော်စရာကောင်းလိမ့်မည်ဟု ကျန်းဝမ်ဝမ် ထင်မထားခဲ့ပါ။
ချင်းလောင်ယွင်က ခုန်ပေါက်ပျော်ရွှင်နေပြီး စူစူလေးကို သူမရွက်ဖျင်တဲ့အကြောင်း သွားပြောလိုက်သည်။
“ဒေါ်လေးစူစူ ဟိုမှာကြည့်! သမီးတို့ ရွက်ဖျင်တဲလည်း ပြီးသွားပြီ! မေကြီးနဲ့သမီးအတူတူ ထိုးထားတာ!”
“အွန်း တော်တယ် တူမလေး!”။ ချင်းလောင်ယွင်ကို စူစူလေး ချီးကျူးလိုက်ပါသည်။
စူစူလေး၏ ချီးကျူးစကားကို ကြားပြီးနောာက် ချင်းလောင်ယွင် လုံးဝ ကျေနပ်သွားခဲ့သည်။
စူစူလေးနဲ့ လက်ချင်းချိတ်လျက် ချူးယန်ရှီရှိရာထံသို့ ချင်းလောင်ယွင် လှမ်းကြည့်လိုက်သည်။ ချူးယန်ရှီ၏ ရွက်ဖျင်တဲ မပြီးသေးတာကိုမြင်သောအခါ ချင်းလောင်ယွင် ပြုံးလိုက်ပြီး စူစူလေးကို ပြောလိုက်ပါသည်။ “ဒေါ်လေးစူစူ ဟိုမှာကြည့်ဦး။ အဲ့ဒီ ရှောင်းရှီ ရွက်ဖျင်တဲထိုးလို့ မပြီးသေးဘူး! သူက သမီးတို့လောက်တောင် မမြန်ဘူး!”
စူစူလေးလည်း ချူးယန်ရှီရှိရာထံသို့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အွန်း ယွင်ယွင်လေးက သူ့ထက် ပိုတော်တယ်! ယွင်ယွင်က အတော်ဆုံးပဲ!”
သူမက ပိုတော်ပါသည်။ သို့သော် လူကြီးတစ်ယောက်အနေဖြင့် တူမလေးကို ချီးကျူးပေးဖို့လိုသည်။
“အွန်း!”။ ချင်းလောင်ယွင် အလွန်ပျော်ရွှင်နေပါသည်။ ဒေါ်လေးစူစူ ချီးကျူးတာကို ခံရတာကြောင့်ကော၊ ချူးယန်ရှီကို အနိုင်ရလိုက်တာကြောင့်ကော အလွန်ပျော်ရွှင်နေရခြင်းဖြစ်သည်။
ချူးဟမ့်နဲ့ ချူးယန်ရှီတို့၏ ရွက်ဖျင်တဲ့ကတော့ ဗရုသုက္ခဖြစ်နေဆဲဖြစ်သည်။
ချူးယန်ရှီ တဲမထိုးတတ်သလို ချူးဟမ့်ကလည်း တဲမထိုးတတ်ပါ။
သားအဖနှစ်ယောက် ဘာမှမလုပ်တတ်ဘဲ အချိန်အတော်ကြာတာတောင် ရွက်ဖျင်တဲထိုးဖို့ ရုန်းကန်နေရဆဲဖြစ်သည်။ ချူးဟမ့်က စိတ်မရှည်တော့ဘဲ ညည်းတွားလိုက်သည်။ “ဘာတွေလာလုပ်ခိုင်းနေတာလဲ။ ဘာလို့ ကိုယ့်ရွက်ဖျင်တဲကိုကိုယ် ထိုးရမှာလဲ။ ဆရာမတွေက ဘာတွေစဉ်းစားနေကြတာလဲ မသိဘူး!”
ချူးဟမ့်၏ အသံက မတိုးညှင်းသဖြင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ဆရာမကျူးက ကြားသွားပါသည်။ ထို့ကြောင့် ချူးဟမ့်ဆီသို့ လျှောက်လာပြီး အနေခက်စွာ ရှင်းပြလိုက်ပါသည်။
“ယန်ရှီရဲ့အဖေ၊ ကျွန်မတို့က ကလေးတွေ စွမ်းရည်တိုးတက်လာဖို့နဲ့ ကလေးနဲ့ မိဘ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ဒီလို စီစဉ်ပေးထားတာပါ”
“ဟုတ်ကဲ့ပါ…”
တခြားအုပ်ထိန်းသူတွေအများကြီး သူ့ကို ဝိုင်းကြည့်နေကြသဖြင့် ချူးဟမ့် စိတ်မရှည်မှုကို ချုပ်တည်းပြီး ခေါင်းငြိမ့်လိုက်ရပါသည်။
အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ချူးဟမ့် ရွက်ဖျင်တဲ ထိုးနိုင်သွားသည်။
ချူးယန်ရှီ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူမ အဖေ ဒီလောက်ထိ အသုံးမကျလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရွက်ဖျင်တဲထိုးတာတောင် သူများတွေရဲ့ နောက်ဆုံးမှ ပြီးအောင်လုပ်နိုင်သည်။
“ဖေကြီး နောက်တစ်ခါ မြန်မြန်လုပ်လို့ မရဘူးလား”
“ပွစိပွစိ မပြောစမ်းပါနဲ့။ ပြီးအောင်ထိုးနိုင်တာတောင် ကံကောင်းတယ်မှတ်။ ငါဒါတွေ မလုပ်တတ်ဘူး။ ငါက စီးပွားရေးလုပ်တာပဲတော်တာ”
အဖေစီးပွားရေးလုပ်တာ ဘယ်နားကတော်လို့လဲ! မိန်းမတွေနဲ့ ရှုပ်တာပဲ တော်တာမဟုတ်ဘူးလား!
ချူးယန်ရှီ စိတ်ထဲမှာ ဝေဖန်ပြစ်တင်လိုက်သည်။
တဲတွေထိုးပြီးသွားသောအခါ ဆရာမမျာားက ကလေးတွေနဲ့ အုပ်ထိန်းသူတွေကို ခေတ္တအနားယူခိုင်းလိုက်သည်။ ထို့နောက် ဂိမ်းကစားဖို့ အချိန်ရောက်ပါပြီ။
ကလေးတွေနဲ့ အုပ်ထိန်းသူတွေကို မြက်ခင်းပေါ်မှာ ထိုင်စေပြီး ‘ပါဆယ်ဂိမ်း’ ကစားဖို့ အသင့်ပြင်ကြပါသည်။
သီချင်းသံရပ်သွားချိန် လက်ထဲမှာ ပါဆယ်ထုပ်ကိုင်ထားမိသူက မတ်တပ်ရပ်ပြီး အားလုံးကို ဖျော်ဖြေရပါမည်။
ချူးဟမ့် အလွန်စိတ်ရှုပ်သွားပါသည်။ စိတ်ထဲမှလည်း ရေရွတ်လိုက်သည်။
ဒီမူကြိုက ကစားနည်းတွေက ဘာလို့အဲ့လောက် ပျင်းစရာကောင်းနေတာလဲ။
… … …