အခန်း (၅၈၀+၅၈၁)
Vol. 24 Ch. 580+581
အခန်း(၅၈၀) Camping ခရီး (၄)
ပါဆယ်ဂိမ်းတဲ့လား။ အဲ့လောက် ဒိတ်အောက်နေတဲ့ ကစားနည်း ဘာလို့ ကစားမှာလဲ။ ဒီ့ထက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကစားနည်းတစ်ခုခု ဆရာမတွေ မစဉ်းစားတတ်တော့ဘူးလား။
ချင်းယုကျိုးကတော့ သဘောကျပါသည်။ ပုံမှန်ဆို အလုပ်တွေနဲ့သာ ပြည့်နှက်နေသည့် ဦးနှောက်ကို အခုတော့ လုံးဝ အနားပေးထားလို့ရသည်။
အထူးသဖြင့် သူ့ဘေးမှာ ချစ်ဖို့ကောင်းသည့် ဒေါ်လေးစူစူ ရှိနေတာကြောင့်ဖြစ်သည်။ မူကြိုကလေးတွေ အားလုံးက ချစ်ဖို့ကောင်းကြသော်လည်း သူ့ဒေါ်လေးစူစူက အချောဆုံး၊ ချစ်စရာအကောင်းဆုံး ဖြစ်သည်။
စူစူလေးပျော်နေတာကို မြင်ရတာ ချင်းယုကျိုးလည်း ပျော်ရွှင်ပါသည်။
အရင်တုန်းက စူစူလေး မူကြိုမသွားချင်ခဲ့သော်လည်း တခြားကလေးတွေနဲ့ သူမ မကစားဖူးသည့် ကစားနည်းတွေကို ကစားရသောအခါ အလွန်ပျော်ရွှင်ရပါသည်။
ဟူး… မတတ်နိုင်ဘူးလေ။ လူသာားပေါက်စတွေက ပျော့ညံ့ပေမယ့် သူတို့ ကစားတဲ့ ကစားနည်းတွေက ပျော်စရာကောင်းတာကိုး။ နတ်သားရဲဘဝတုန်းက သူမနဲ့ ဒီလို ဘယ်သူမှ မကစားကြဘူး။
သီချင်းသံရပ်တန့်သွားသောအခါ ပါဆယ်ထုပ်က ချင်းယုကျိုး လက်ထဲမှာ ရောက်နေပါသည်။
သူ့လက်ထဲ ပါဆယ်ထုပ်ရောက်မှ ဆရာမတွေ တမင်သက်သက် သီချင်းရပ်လိုက်တာများလားဟု ချင်းယုကျိုး သံသယဖြစ်မိပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချင်းယုကျိုး မတ်တပ်ရပ်လိုက်ပြီး အားလုံးအတွက် ကလေးသီချင်းတစ်ပုဒ် ဆိုပြလိုက်သည်။
ကလေးသီချင်းဆိုတာ ဖြစ်သော်လည်း ချင်းယုကျိုး၏ ဆွဲဆောင်မှုရှိသောအသံနဲ့ သီချင်းဆိုကောင်းမှုတို့ကြောင့် အားလုံး လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်ကြသည်။
ရုပ်ချောချောနဲ့ သီချင်းဆိုလည်းကောင်းတဲ့လူကို ဘယ်သူက အားမပေးဘဲ နေနိုင်မှာလဲ။
ဘေးကလူတွေအားလုံး ချင်းယုကျိုးကို အားပေးကြပါသည်။ တစ်ချိန်တည်းမှာပင် စူစူလေး၏ အသိအမှတ်ပြုမှုကိုလည်း ရလိုက်သည်။ သူ့သီချင်းကြောင့် မျက်လုံးများ တောက်ပနေသည့် စူစူလေးကို ကြည့်ပြီး ချင်းယုကျိုးလည်း ရွှင်မြူးသွားသည်။
သို့သော် ပြန်ထိုင်လိုက်ပြီးနောက် မသိချင်ယောင်ဆောင်ကာ စူစူလေးကို မေးလိုက်ပါသည်။ “စူစူလေး ငါသီချင်းဆိုတာ ဘယ်လိုနေလဲ”
“အရမ်းကောင်းတယ်! နားထောင်လို့ကောင်းတယ်!”။ စူစူလေး ချီးကျူးလိုက်ပါသည်။
တကယ် နားထောင်လို့ကောင်းတာ ဖြစ်သည်။ သူမရဲ့ ဆယ်လီတူလေးက အလွန်တော်ပါသည်။
“ဟုတ်ပြီ။ အိမ်ပြန်ရောက်ရင် ထပ်ဆိုပြမယ်နော်”။ စူစူလေးရဲ့ ချီးကျူးမှုကို ထပ်ရဖို့အတွက် ချင်းယုကျိုး စွမ်းရည်တွေ ထုတ်ပြရန် အသင့်ဖြစ်နေပါပြီ။
“အွန်း!”
ကောင်းတာပေါ့! ဒါဆို အိမ်ပြန်ရောက်ရင် ဆယ်လီတူလေး သီချင်းဆိုပြတာကို နားထောင်ရတော့မယ်!
ထို့နောက် ဂိမ်းဆက်ကစားကြပြီး ပါဆယ်ထုပ်က ချူးဟမ့်လက်ထဲ ရောက်သွားခဲ့ပါသည်။
ချူးဟမ့်က သူများတွေကို ဖျော်ဖြေပြရမှာ မကြောက်ပါ။ အရင်တုန်းက လူပျိုလှည့်သီချင်းတွေ အများကြီး ဆိုခဲ့ဖူးသည်။
ထို့ကြောင့် သူယုံကြည်ချက် အပြည့်ဖြင့် သီချင်းဆိုပြခဲ့ပါသည်။ အားလုံးက ယဉ်ကျေးမှုအရ လက်ခုပ်တီးကာ အားပေးလိုက်သော်လည်း ချင်းယုကျိုးကို အားပေးသလောက်တော့ စိတ်အားမထက်သန်ကြပေ။
တကယ်တော့ တခြားသူတွေကိုလည်း ဒီလိုပဲ အားပေးတာဖြစ်သည်။ ချင်းယုကျိုးတစ်ယောက်တည်းကသာ ထူးခြားနေခြင်းဖြစ်ပါသည်။
သို့သော် ချူးဟမ့်က ဒါကို မကျေနပ်ပါ။ ဘယ်နေရာပဲရောက်ရောက် သူ့ကိုယ်သူ ရေပန်းအစားဆုံး၊ အာရုံအစိုက်ခံရဆုံး လူဖြစ်သည်ဟု ထင်နေဆဲဖြစ်သည်။
ငယ်ငယ်ကတည်းက ဒီလိုပဲဖြစ်သဖြင့် အရွယ်ရောက်လာတော့လည်း ပြောင်းလဲမသွားသင့်ပေ။
သူ့အင်္ကျီကို ချူးယန်ရှီ လာဆွဲမှ ချူးဟမ့် အသိစိတ်ပြန်ကပ်ပြီး ပြန်ထိုင်နေလိုက်ပါသည်။
မဟုတ်တဲ့နေရာကျတော့ နာမည်ကြီးချင်နေတယ် ဟုတ်လား!
ချူးယန်ရှီ ခါးသီးစွာ တွေးလိုက်ပါသည်။
ဂိမ်းကစားပြီးနောက် အားလုံး စားသောက်ဖို့အချိန်ကျပြီဖြစ်သည်။ ဆရာမတွေက ဆန်းဝှစ်ချ်တွေ နွားနို့တွေ ကြိုတင် ပြင်ဆင်ပေးထားပါသည်။
ချူုးယန်ရှီက စားဖို့သောက်ဖို့ အာရုံမစိုက်နိုင်ပါ။ ဆရာမတွေ စောင့်ကြည့်မနေမည့် အချိန်ကောင်းကို စောင့်ပြီး လစ်ထွက်လာခဲ့သည်။
ဖုန်းခဏလောက် သုံးပြီးနောက် သမီးဖြစ်သူကို ရေထည့်ခိုင်းဖို့ ချူးဟမ့် လှမ်းခေါ်လိုက်သည်။ ၂ ကြိမ်လောက် ခေါ်တာတောင် ချူးယန်ရှီ ဘာမှ မတုန့်ပြန်သဖြင့် သမီးဖြစ်သူပျောက်နေကြောင်း ချူးဟမ့် သိလိုက်ရလေသည်။
“ငါ့သမီး ဘယ်မှာလဲ။ ငါ့သမီးလေး ဘယ်ရောက်သွားတာလဲ”။ ချူးဟမ့်၏ အသံကိုကြားပြီး အားလုံး လှည့်ကြည့်လိုက်ကြသည်။ ချူးယန်ရှီကို တကယ်ပဲ မတွေ့ရတော့ပါ။
ချူးယန်ရှီ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။
… … …
အခန်း(၅၈၁) ချူးယန်ရှီ၏ အကြံအစည် (၁)
ဆရာမတွေလည်း သွေးပျက်သွားကြသည်။ သူတို့ မူကြို ကံများနိမ့်နေသလားဟုပင် ထင်ရသည်။ ခရီးထွက်လိုက်တိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခုနဲ့ ကြုံနေရလေသည်။
အရင်တစ်ခေါက် တိရိစ္ဆာန်ရုံမှာ သူတို့ နှလုံးရောဂါရမတတ်ဖြစ်ခဲ့ရပြီး အခုလည်း ပြဿနာ ထပ်တက်ပြန်ပါပြီ။
ချူးဟမ့်က ဆရာမတွေကို စွပ်စွဲလိုက်သည်။ “ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ။ ကျောင်းသားတွေအတွက် ခရီးတစ်ခုစီစဉ်တုန်းကတော့ စီစဉ်ပြီး မစောင့်ရှောက်နိုင်ဘူးလား။ ခင်ဗျားတို့အခြေအနေနဲ့ ဘာလို့ ဆရာမ ဝင်လုပ်နေကြတာလဲ”
လခွမ်းပဲ! နဂိုကတည်းက ပြဿနာတွေပေါင်းစုံတက်နေပါတယ်ဆိုမှ ချူးယန်ရှီ ဘာပြဿနာထပ်ရှာပြန်တာလဲ!
“ချူးယန်ရှီက ခင်ဗျားသမီးလေ မစ္စတာချူး။ အဖေဖြစ်တဲ့ ခင်ဗျားတောင် သေချာမစောင့်ရှောက်နိုင်ရင် ဆရာမတွေကို အပြစ်တင်စရာလိုလို့လား”။ ကျောင်းသားမိဘတစ်ယောက်က ချူးဟမ့်ကို ဝင်ပြောလိုက်ပါသည်။
“ဒါမူကြိုကျောင်းက စီစဉ်ပေးထားတဲ့ ခရီးလေ။ အဲ့တာကြောင့် ဆရာမတွေမှာလည်း တာဝန်ရှိတာပေါ့။ မူကြိုနဲ့ ဆရာမတွေကို ကျုပ်ယုံကြည်လို့ ခဏနားနေတာ။ ကျုပ်တို့ သားအဖနှစ်ယောက်တည်း ခရီးထွက်တာဆို ကျုပ်သမီးကို ကျိန်းသေ စောင့်ကြည့်နေမှာပေါ့ဗျ”။ ချူးဟမ့်က ပြန်ချေပလိုက်ပါသည်။
သူ့အပြစ်ဟု သူများတွေကို မထင်စေချင်ပါ။ ကိုယ့်သမီးကိုယ်တောင် မစောင့်ရှောက်နိုင်သည့်အဖေဟု သူများတွေ ထင်မသွားစေချင်ပါ။
“ခင်ဗျားက တာဝန်ကိုလွှဲချတတ်တယ်နော်”
“ဘယ်သူက တာဝန်လွှဲချနေလို့လဲ”။ ချူးဟမ့်က မခံချင်စွာ ပြန်ပြောလိုက်သည်။ “ကျုပ်ပြောတာ အမှန်တရား မဟုတ်ဘူးလား။ ဒီကိစ္စမှာ ကျောင်းနဲ့ ဆရာမတွေက တာဝန်ပိုရှိတာ မဟုတ်ဘူးလား! ဒီကျောင်းက ဒီလောက်ထိ အသုံးမကျမှန်းသိရင် ကျုပ်သမီးကို လိုက်လာခွင့်တောင် မပေးဘူး!”
ချူုးဟမ့်၏ ပြောရဆိုရခက်သော အပြုအမူကို ကြည့်ပြီး အုပ်ထိန်းသူတေကော ဆရာမတွေပါ ဆွံ့အသွားကြသည်။
“ဘယ်သူ့အပြစ်လဲဆိုတာ ခဏလောက် ဘေးချိတ်ထားပါဦး။ အခု ကလေးကို အရင်ရှာရအောင်။ ကလေး ဘေးကင်းဖို့က အရေးကြီးဆုံးပဲ မဟုတ်လား”။ ချင်းယုကျိုးက ဝင်ပြောလိုက်လေသည်။
မိဘက ဘယ်လိုပုံစံပဲဖြစ်နေပါစေ ကလေးကတော့ အပြစ်မရှိနိုင်ပါ။
ထို့အပြင် ချူးယန်ရှီသာ ဒုက္ခရောက်သွားလျှင် ဆရာမတွေ တာဝန်ယူရနိုင်ရုံသာမကဘဲ တခြား အတန်းဖော်တွေလည်း စိတ်ဒဏ်ရာ ရသွားနိုင်ပါသည်။ ဒါမျိုး ဘယ်သူမှ မဖြစ်စေချင်ပါ။
ချင်းယုကျိုး၏ စကားကို အားလုံး လက်ခံလိုက်ကြသည်။
တချို့အုပ်ထိန်းသူတွေက အုပ်စုဖွဲ့ကာ ချူးယန်ရှီကို လိုက်ရှာကြသည်။ တခြားအုပ်ထိန်းသူတွေကတော့ ကလေးတွေကို စောင့်ကြည့်ဖို့ ကျန်ခဲ့ကြပါသည်။
စူစူလေးနဲ့ ချင်းယုကျိုးတို့က ကျန်ခဲ့သည့် အုပ်စုထဲမှာ ပါသည်။
တခြားကလေးတွေ ပျောက်သွားတာဆိုလျှင် စူစူလေး သတ္တိရှိရှိ လိုက်ရှာပေးမှာဖြစ်သော်လည်း ပျောက်သွားသူက ချူးယန်ရှီ ဖြစ်နေသဖြင့် သူမ စိတ်မဝင်စားတော့ပါ။
ချင်းလောင်ယွင်က စူစူလေးဘေးမှာ ထိုင်ပြီး တီးတိုးပြောလိုက်သည်။ “ဒေါ်လေးစူစူ အဲ့ဒီကောင်မလေးက အရမ်းဆိုးတာပဲ။ တစ်ယောက်တည်း ထွက်ပြေးသွားပြီး သူများတွေ ပျော်ရမယ့်အချိန်ကို ဖျက်ဆီးတယ်နော်။ သမီးသာဆို အဲ့လိုဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူး”
“အွန်း”။ သူမရဲ့ တူမလေးက အလွန်လိမ္မာနေပါပြီ။ အချိန်တိုင်း မငိုတော့သဖြင့် ချီးကျူးထိုက်ပါသည်။ သို့သော် အနည်းငယ်တော့ ကတ်သီးကတ်သတ်နိုင်လွန်းသည်။
သူမလက်ကို ဘာကြောင့်အမြဲတမ်း လာဆွဲထားရတာလဲ။ ခါချဖို့ကလည်း ချင်းလောင်ယွင်က လိမ္မာနေပြီဖြစ်သဖြင့် မလုပ်ရက်ပါ။
“ဒေါ်လေးစူစူ ယွင်ယွင်လေးက အရမ်းလိမ္မာတယ်မလား”။ ချင်းလောင်ယွင် ထပ်မေးလိုက်သည်။
“အွန်း ယွင်ယွင်လေးက လိမ္မာတယ်”
စူစူလေး၏ ချီးကျူးမှုကို ခံရပြီး ချင်းလောင်ယွင် အပျော်လွန်သွားသည်။
သူမက ယန်ရှီထက် အများကြီး ပိုလိမ္မာတယ်တဲ့! ဟီးဟီး။
ချင်းလောင်ယွင်က စူစူလေး၏ ပခုံးပေါ် ခေါင်းမှီကာ ပီတိဖြာနေပါသည်။
အားလုံး သတင်းစောင့်နေကြစဉ် ခပ်လှမ်းလှမ်းရှိ စမ်းချောင်းတစ်ခုဘက်မှ ကလေးမလေးတစ်ယောက်၏ အော်ဟစ် အကူအညီတောင်းသံ ထွက်ပေါ်လာခဲ့သည်။
အားလုံး ထိတ်လန့်သွားကြသည်။ ချူးယန်ရှီ ချောင်းထဲ ပြုတ်ကျသွားတာများလား။ ခုနက သွားရှာတဲ့လူတွေက စမ်းချောင်းရဲ့ ဆန့်ကျင်ဘက်ကို ထွက်သွားကြတာ!
စဉ်းစားနေဖို့ အချိန်မရှိတော့ပါ။ ချူးယန်ရှီကို ကယ်တင်ဖို့အတွက် ကျန်ခဲ့သည့် အုပ်ထိန်းသူတွေနဲ့ ဆရာမကျူးတို့ အသံလာရာ အရပ်သို့ ပြေးထွက်လာခဲ့ကြသည်။ နည်းနည်းလောက် နောက်ကျသွားတာနဲ့ ကပ်ဆိုက်သွားနိုင်ပါသည်။
… … …