← Chapters

အခန်း (၅၈၄+၅၈၅)

Vol. 24 Ch. 584+585

အခန်း (၅၈၄+၅၈၅)

Vol. 24 Ch. 584+585

အခန်း(၅၈၄) ချူးယန်ရှီကို အပြစ်ပေးခြင်း (၁)

သူမရဲ့ လုပ်ရပ်တွေကို ဟဲပေမူ အကုန်မြင်ခဲ့သည်။

“အဲ့ဒီ ချူးယန်ရှီက ခုနကလူတွေနဲ့ ပတ်သတ်နေတယ် ဟုတ်လား”။ ချင်းယုကျိုး အံ့အားသင့်စွာ ‌မေးလိုက်သည်။

သူအံ့အားသင့်တာလည်း မထူးဆန်းပါ။ လူအများစုရဲ့အမြင်မှာ ချူးယန်ရှီက ၄ နှစ်အရွယ် ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။

ဒီလို ကလေးမလေးမျိုးက ဒီလောက်ထိ ဉာဏ်နီဉာဏ်နက်များလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

“သူ့ကိုရှာပြီး မေးကြည့်လိုက်ရင် သိရမှာပေါ့”။ ဟဲပေမူ ပြန်ပြောလိုက်ပါသည်။

--- --- ---

ချူးယန်ရှီက ကျောက်လှိုဏ်ဂူလေးထဲမှာ ပုန်းနေဆဲဖြစ်ပြီး အခြေအနေတွေကို စောင့်ကြည့်နေသည်။

အချိန်ကို ကြည့်ရသလောက် ထိုလူတွေ လုပ်စရာရှိတာ လုပ်ပြီးသွားလောက်ပါပြီ။ ထို့ကြောင့် ချူးယန်ရှီ ပုန်းနေရာမှ ထွက်လာခဲ့သည်။

ချူးယန်ရှီ မတ်တပ်ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် စူစူလေးနဲ့ ချင်းလောင်ယွင်တို့ကို မြင်လိုက်ရပါသည်။

ချူးယန်ရှီ တုန်လှုပ်သွား၏။

ဘာတွေဖြစ်နေတာလဲ။ ဒီ ၂ ယောက်က ဘာလို့ ဒီရောက်လာတာလဲ။ အဲ့ဒီလူရဲ့ အစီအစဉ်အရဆို အခုချိန် ချင်းစူစူ အဖမ်းခံရမှာ မဟုတ်ဘူးလား။

“နင်တို့…”

“နင်ဘာလို့ ပုန်းနေတာလဲ”။ စူစူလေးက ချူးယန်ရှီကို မေးလိုက်သည်။

“ဟုတ်တယ်! ဘာလို့ပုန်းနေတာလဲ”။ ချင်းလောင်ယွင်ကလည်း သံယောင်လိုက်ကာ မေးလိုက်သည်။

ကျောက်လှိုဏ်ဂူဝင်ပေါက်က ကျဉ်းမြောင်းလွန်းသဖြင့် ချင်းယုကျိုး၊ ဟဲပေမူနဲ့ ကျန်းဝမ်ဝမ်တို့ မဝင်နိုင်ပါ။ ထို့ကြောင့် ကလေးနှစ်ယောက်ကိုသာ ဝင်ခိုင်းလိုက်ပြီး သူတို့ကတော့ အပြင်မှာ စောင့်နေလိုက်ကြပါသည်။

“ငါ… ငါက ဘယ်မှာ ပုန်းနေလို့လဲ”။ ချူးယန်ရှီ ဝန်မခံနိုင်ပါ။

“ဒါဆို ဒီမှာ ဘာထိုင်လုပ်နေတာလဲ။ သေးပေါက်နေတာလား”။ စူစူလေး မေးလိုက်သည်။

“နင်… နင့်အပူပါလား!” ချူးယန်ရှီ ရှက်ရွံ့ကာ ဒေါသထွက်သွားပြီး ငေါက်လိုက်ပါသည်။

လခွီးပဲ! ဒီချင်းစူစူ ဘာလို့ ဘာမှ မဖြစ်သေးတာလဲ။ အဲ့ဒီလူ အစီအစဉ် ကျရှုံးသွားပြီလား။

“အဲ့ဒီလူတွေနဲ့နင် ပတ်သတ်နေတယ်လို့ ဘော်ဒီဂတ်အစ်ကိုကြီးက ပြောတယ်!”။ စူစူလေးက ပြောလိုက်ပါသည်။

“ဘယ်သူတွေလဲ ဘယ်သူ့ကို လာပြောနေတာလဲ”။ ချူးယန်ရှီ စိတ်ဖိစီးမှုကြောင့် လက်ဖဝါးတွေ ချွေးပြန်လာသည်။

ချင်းစူစူမှာ ဘော်ဒီဂတ်တစ်ယောက်ရှိမှန်း ချူးယန်ရှီ သိပါသည်။ သို့သော် သာမန် ဘော်ဒီဂတ်ဟုသာ ထင်ထားခဲ့တာ ဖြစ်သည်။

သာမန်ဘော်ဒီဂတ်တစ်ယောက်က ဘာကြောင့် ဒီလောက်ထိ သိနေရတာလဲ။ အဲ့ဒီလူတွေကို နောက်ကွယ်က တစ်ယောက်ယောက် ကြိုးကိုင်ထားမှန်းတောင် သိနေတာလား။

“မသိဘူး… ဒါပေမယ့် နင်ကလူဆိုးပဲ!”။ စူစူလေးက ပြောလိုက်သည်။

သူမနဲ့ သက်တူရွယ်တူ ကလေးတစ်ယောက်ကို စူစူလေး ‘လူဆိုး’ဟု ခေါ်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

အရင်တုန်းက ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ကို သဘောမကျခဲ့သော်လည်း သူတို့ကို လူဆိုးအဆင့်ဟု စူစူလေး မသတ်မှတ်ခဲ့ပေ။ ဒီတိုင်း လျစ်လျူရှုထားပြီး သူမကို မကောင်းကြံမှ သင်ခန်းစာ ပေးခဲ့တာဖြစ်သည်။

“ဟုတ်တယ် ဟုတ်တယ် နင်က လူဆိုးပဲ!” ချင်းလောင်ယွင်က စူစူလေးနောက်မှာရပ်ကာ သံယောင်လိုက်လိုက်ပါသည်။

“မဟုတ်တာ မပြောနဲ့! ငါဘာမှ မလုပ်ဘူး။ ဒီတိုင်း လမ်းပျောက်နေတာ ငါ့ကို မစွပ်စွဲနဲ့!”။ ချူးယန်ရှီ စိတ်တိုသွားသည်။

“ဟွန်း ငါ့ဘော်ဒီဂတ်အစ်ကိုကြီးက နင့်ကို လူဆိုးလို့ ပြောထားတယ်!”

သူမရှေ့က ချူးယန်ရှီထက်စာလျှင် စူစူလေးက သူမရဲ့ ဘော်ဒီဂတ်အစက်ိုကြီးကို ပိုသဘောကျပါသည်။

ဘော်ဒီဂတ်အစ်ကိုကြီးဆီမှာ နတ်ယုတ်မာ၏ အနံ့ရသော်လည်း ထိုနတ်ယုတ်မာက သူမကို ကန်ထုတ်လိုက်တာကလွဲလို့ တခြားကဏ္ဍတွေမှာ သဘောကောင်းတတ်ပါသည်။

ထိုနတ်ယုတ်မာကြီးက သူမကို ၉၉ နှစ်တိတိ ပျိုးထောင်ခဲ့ပြီး နေ့တိုင်း နဂါးနို့ တိုက်သည်။

“ပေါက်ကရတွေ လာပြောမနေနဲ့! ဆရာမတွေက သင်မထားဘူးလား! သူများကို စွပ်စွဲရင် သက်သေလိုတယ်ဆိုတာ မသိဘူးလား!”။ သူမရှေ့မှာ ကလေး ၂ ယောက်သာ ရှိနေသဖြင့် ချူးယန်ရှိ ပိုပြီး ရဲတင်းလာသည်။

ချင်းလောင်ယွင်က တကယ့်ကလေးစစ်စစ်ဖြစ်ပြီး ဘာမှစဉ်းစားတတ်ဦးမှာ မဟုတ်ပါ။

စူစူလေးက အသက် ၁၀၃ နှစ်ခွဲရှိပြီဖြစ်သော်လည်း နှစ် ၁၀၀ သက်တမ်းရှိ နတ်သားရဲတစ်ကောင်က ၃ နှစ်မှ ၅ နှစ်အတွင်းရှိ လူသား ကလေးတစ်ယောက်နဲ့ ညီမျှသည်။ ထို့ကြောင့် လူကြီးတစ်ယောက်၏ စိတ်ဝိညာဉ်ရှိနေသော ချူးယန်ရှီကို စကားနိုင်အောင် ပြောနိုင်မှာ မဟုတ်ပေ။

“ဘာမှ မပြောနိုင်ကြတော့ဘူးမလား။ နောက်ဆို သက်သေမရှိဘဲ မဟုတ်တာ မပြောကြနဲ့!”။ စူစူလေးနဲ့ ချင်းလောင်ယွင်တို့ တိတ်ဆိတ်သွားတာကိုမြင်ပြီး ချူးယန်ရှိ အတင့်ပိုရဲသွားသည်။

စူစူလေးက ဟိုကြည့်ဒီကြည့်လုပ်ရင်း ဆောင့်ကြောင့်ထိုင်ကာ မြေကြီးကို စတင် တူးဆွလေသည်။

ချူးယန်ရှီ ကြောင်တောင်တောင်ဖြစ်သွား၏။

ဒီဟာမလေး ဘာလုပ်ဖို့ကြံနေတာလဲ။ ဘာမှ ပြန်မချေပနိုင်တော့လို့ ဒေါသထွက်နေတာလား။ မြေကြီးပေါ် စက်ဝိုင်းဆွဲပြီး ကျိန်စာတိုက်ဦးမလို့လား။

… … …

အခန်း(၅၈၅) ချူးယန်ရှီကို အပြစ်ပေးခြင်း (၂)

စကားနိုင်အောင် မပြောတတ်သော်လည်း စူစူလေးက ဒီတိုင်း အနိုင်ကျင့်ခံမည့် လူမဟုတ်ပါ။

ခဏကြာတော့ စူစူလေးက ပင့်ကူတစ်ကောင်ကို ကိုင်ပြီး မတ်တပ်ပြန်ရပ်လာသည်။

အစက မြေကြီးထဲမှာ တီကောင်တူးဖို့ စိတ်ကူးထားသော်လည်း ထောင့်နားက သစ်ရွက်ခြောက်ပုံထဲမှာ ဧရာမအညိုရောင် ပင့်ကူကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။

အတော်ပဲ! ဒီလူဆိုးမလေးကို ကြိုက်သလိုသာ လုပ်ပေတော့!

စူစူလေးက ချူးယန်ရှီရှိရာတည့်တည့်သို့ ပင့်ကူကို ပစ်ပေါက်လိုက်သည်။

စူစူလေးကြောက်သွားပြီဟူသော အတွေးဖြင့် ချူးယန်ရှီ ကျေနပ်တာကြောင့် စူစူလေး တစ်ခုခုပစ်ပေါက်လိုက်ချိန်တွင် သူမ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပေ။

သူမလည်ပင်းပေါ်မှာ ပင့်ကူခြေထောက်တွေကို ခံစားလိုက်ရမှ ဘာတွေဖြစ်နေသလဲ နားလည်သွားသည်။

ကျောက်လှိုဏ်ဂူထဲမှ စူးစူးဝါးဝါးအော်သံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါသည်။ ထိုအသံကို ကြားသောအခါ အပြင်မှာ စောင့်နေကြသည့် လူတွေလည်း ထိတ်လန့်သွားကြပါသည်.

“ယွင်ယွင်လေး! ယွင်ယွင်လေး!!”။ ကျန်းဝမ်ဝမ်က စိုးရိမ်ပူပန်စွာ လှိုဏ်ဂူထဲဝင်ဖို့ ကြိုးစားပါသည်။ သို့သော်လည်း ဝင်ပေါက်က ကျဉ်းမြောင်းလွန်းနေသည်။

“စိတ်မပူပါနဲ့။ အဲ့အော်သံက ချင်းစူစူနဲ့ ချင်းလောင်ယွင်တို့ရဲ့ အော်သံမဟုတ်ဘူး”။ ဟဲပေမူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဟဲပေမူက အကြားအာရုံကိုပါ လေ့ကျင့်ထားသဖြင့် ကလေးမလေးတွေရဲ့ အော်သံက ဆင်တူနေရင်တောင် သူခွဲခြားတတ်သည်။

ဟဲပေမူ၏ စကားကိုကြားမှ ကျန်းဝမ်ဝမ် စိတ်အေးသွားပါသည်။

အမှန်ပင်။ သေချာ နားထောင်ကြည့်မှ သူမ သမီးရဲ့အော်သံ မဟုတ်သလို စူစူလေးရဲ့ အော်သံလည်း မဟုတ်ပါ။

“ဒါပေမယ့်…ဒီလောက် စူးစူးဝါးဝါး အော်နေတာ ဘာဖြစ်လို့များလဲ။ စူစူလေးနဲ့ ယွင်ယွင်လေးတို့ အဆင်မှ ပြေကြရဲ့လား”။ ကျန်းဝမ်ဝမ် စိတ်ပူသွားသည်။

ဟဲပေမူက လှိုဏ်ဂူအဝနားကပ်ကာ အထဲကလူတွေကို အော်ပြောလိုက်သည်။ “စူစူလေး သူ့ကို မရိုက်နဲ့နော်။ လူကြီးတွေ ကိုင်တွယ်ဖို့ အပြင်ကို ခေါ်ခဲ့”

စူစူလေးလည်း အထဲမှ ပြန်ပြောလိုက်ပါသည်။ “ဘာမှမဖြစ်ပါဘူး။ ငါသူ့ကို မရိုက်ဘူး။ သူ့ဖာသာသူ ပိုးကောင် ကြောက်နေတာ”

ပိုးကောင်ကြောက်လို့ အော်တာတဲ့…။

အပြင်ကလူတွေ စိတ်အေးသွားကြပါသည်။

လှိုဏ်ဂူထဲမှာ ချူးယန်ရှီတစ်ယောက် ခန္ဓာကိုယ်ပေါ်က ပင့်ကူကို အသည်းအသန်ခါချဖို့ ကြိုးစားနေပါသည်။

စူစူလေးက ခါးပေါ်လက်ထောင်ကာ ပြောလိုက်သည်။ “ဟွန်း နင်နဲ့အဲ့တာပဲ တန်တယ်!”

ချင်းလောင်ယွင် ကြက်သေသေသွားသော်လည်း သူမဒေါ်လေးစူစူက လူဆိုးတစ်ယောက်ကို အပြစ်ပေးနေတာဖြစ်မှန်း နားလည်သွားပါသည်။

ထို့ကြောင့် သူမလည်း စူစူလေးကို အတုယူပြီး လိုက်ပြောလိုက်သည်။ “လူဆိုးမ! နင်နဲ့တန်တယ်!”

စူစူလေးက ရေရွတ်လိုက်ပါသည်။ “ဟူး… ပင့်ကူတွေ ဒီ့ထက်များများ ရှိရင် ကောင်းမှာပဲ”။

စူစူလေး ထိုသို့ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လှိုဏ်ဂူထောင့်မှ တရွရွ အသံတွေ ထွက်ပေါ်လာသည်။ ထို့နောက် ပင့်ကူကြီးတွေ တစ်ကောင်ပြီးတစ်ကောင် ထွက်လာလေသည်။

ပင်ကူတွေက အညိုရောင်၊ အနီရောင်၊ အနက်ရောင်၊ အပြာရောင် စသည်ဖြင့် အရောင်အသွေး စုံလင်လွန်းသည်။ တချို့ဆို အနီရောင် အနက်ရောင် ရောစပ်နေပြီး တချို့က အစိမ်းနဲ့အဝါရောင် ရောစပ်နေပါသည်။

ချင်းလောင်ယွင် ကြောက်လန့်သွားပြီး စူစူလေး၏ လက်ကို ကိုင်လိုက်သည်။ “ဒေါ်လေးစူစူ… ပင့်ကူ… ပင့်ကူတွေ အများကြီးပဲ…”

စူစူလေးလည်း ကြောင်စီစီဖြစ်သွားသည်။ ပင့်ကူတွေ များများတွေ့ရဖို့ ဆန္ဒပြုလိုက်တာနဲ့ ဘာလို့ ပင့်ကူတွေ တကယ်ထွက်လာတာလဲ။

အရင်တုန်းက သူမမှာ ဒီလိုအစွမ်းမျိုး မရှိဖူးပါ။

သူမပိုသန်မာလာလို့ အစွမ်းတွေ ထပ်တက်လာလာတား။

စဉ်းစားကြည့်မှ ခုတလော ပိုသန်မာလာသလို ခံစားရတယ်!

နတ်ယုတ်မာကြီးပြောတဲ့ တိုးတက်မှုဆိုတာ ဒါလား။

ဒါပေမယ့် ဘာလို့လဲ။ သူပြောသလို “ကျင့်ကြံခြင်း”မျိုးလည်း မလုပ်ခဲ့ပါဘူး။

စဉ်းစားလို့ မရသဖြင့် စူစူလေး ထပ်မစဉ်းစားတော့ပါ။

ချင်းလောင်ယွင်ကို သူမ ချော့လိုက်သည်။ “မကြောက်နဲ့ မကြောက်နဲ့။ ဒီပင့်ကူလေးတွေက လိမ္မာတယ်။ ဆိုးတဲ့ ကလေးတွေကိုပဲ ကိုက်တာ။ ယွင်ယွင်က လိမ္မာနေပြီဆိုတော့ ကြောက်စရာမလိုဘူး”

စူစူလေး ပြောသလိုပဲ ပင့်ကူတွေအားလုံးက ချူးယန်ရှီရှိရာထံသို့ ချဉ်းကပ်လာခဲ့ကြသည်။

ပထမပင့်ကူတစ်ကောင်ကြောင့် ချူးယန်ရှီ စိတ်ချောက်ချားနေဆဲဖြစ်ကာ သူမထံ ချဉ်းကပ်လာသည့် အရောင်တောက်တောက် ပင့်ကူအုပ်ကြီးကို မြင်လိုက်ရသောအခါ လုံးဝ ကြက်သေသေသွားခဲ့ရလေတော့သည်။

… … …

All Chapters