အခန်း (၅၈၆+၅၈၇)
Vol. 24 Ch. 586+587
အခန်း(၅၈၆) ချူးယန်ရှီကို စစ်ဆေးမေးမြန်းခြင်း
ထိုအရောင်တောက်တောက် ပင့်ကူများက ချူးယန်ရှီ၏ ခန္ဓာကိုယ်ပေါ် အရပ်မျက်နှာပေါင်းစုံမှ တက်လာခဲ့ကြသည်။
တချို့က သူမခြေထောက်ပေါ် တက်လာကြပြီး တချို့ကတော့ မျက်နှာကြက်ပေါ်မှာ ခုန်ဆင်းလာကြသည်။
သိပ်မကြာလိုက်ဘဲ သူမတစ်ကိုယ်လုံး ပင့်ကူများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ ခြေထောက်တွေ၊ လက်တွေ၊ လည်ပင်းတွေ၊ မျက်နှာတွေ တစ်ခုမှ မကျန်ပါ။
ချူးယန်ရှီ မျက်ဖြူလန်ကာ သတိလစ်သွားတော့သည်။
အပြင်က လူ ၃ ယောက် ၇ မိနစ် ၈ မိနစ်လောက် စောင့်နေပြီးမှ စူစူလေးနဲ့ ချင်းလောင်ယွင်တို့ ပြန်ထွက်လာခဲ့ကြသည်။
ချင်းလောင်ယွင်က အရင်ထွက်လာတာဖြစ်ပြီး စူစူလေးက နောက်မှထွက်လာသည်။ ထို့အပြင် စူစူလေးက သတိလစ်နေသော ချူးယန်ရှီကို လက်တစ်ဖက်ဖြင့် တရွတ်တိုက် ဆွဲထုတ်လာလေသည်။
ဟဲပေမူက ချူးယန်ရှီကို သေချာစစ်ဆေးလိုက်ပြီး သာမန်သတိလစ်နေတာဖြစ်ကြောင်း အတည်ပြုလိုက်သည်။
သတိလစ်နေသည့် ချူးယန်ရှီကို ကြည့်ပြီး လူကြီးတွေ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပိုးကောင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလို့ သတိပါလစ်သွားရတာလဲ။
သတိလစ်နေသည့် ချူးယန်ရှီက ချစ်ဖို့ကောင်းပြီး နူးညံ့ဖြူစင်သော ကလေးမလေးတစ်ယောက်ပုံစံ ဖြစ်သည်။
“သူက ကလေးပဲရှိသေးတယ်နော်။ ဒီနေ့ဖြစ်ခဲ့တာ သူနဲ့ပတ်သတ်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”။ ချင်းယုကျိုးက မေးသည်။
ဒီလိုကလေးငယ်လေးတစ်ယောက်က ဉာဏ်နီဉာဏ်နက်များပြီး အကောက်ကြံနိုင်လိမ့်မည်ဆိုတာကို ချင်းယုကျိုး ယုံရခက်နေပါသည်။
သူ့အမြင်မှာ ကလေးတွေက ရိုးရှင်းပြီးချစ်ဖို့ကောင်းသည်။ ဆိုးသွမ်းရင်တောင် အတိုင်းအတာတစ်ခုထိရှိသည်။
ယခင်တုန်းက ချင်းလောင်ယွင်လိုပဲ သူမ လိမ်ညာချင်လိမ်ညာနိုင်ပြီး ပြဿနာအနည်းငယ်ရှာချင် ရှာနိုင်သည်။ အကောက်ကြံရလောက်သည့်အထိတော့ မဆိုးရွားနိုင်ပါ။
ကျန်းဝမ်ဝမ်လည်း ဒီလိုပဲ ထင်မိသည်။ “ဟုတ်တယ်။ သူက ယွင်ယွင်လေးနဲ့ အသက်လည်းတူတယ်။ အကျင့်ဆိုး ရှိနေတယ်ဆိုရင်တောင် အဲ့လောက်ကြီးတော့ မဆိုးနိုင်ပါဘူး ဟုတ်တယ်မလား”
“ကလေးတစ်ယောက် သူ့စိတ်နဲ့သူ ယုတ်မာတာမျိုး မဖြစ်နိုင်ဘူးဆိုပေမယ့် တခြားဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ ဥပမာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့လူတစ်ယောက်က ကြိုးကိုင်တာမျိုးပေါ့။ သူသတိရလာမှ မေးကြည့်ရင် သိပါလိမ့်မယ်”။ ဟဲပေမူက ပြောလိုက်သည်.
သူပထမဆုံး သံသယဖြစ်မိသူက ချူးဟမ့်ဖြစ်သည်။ ကလေးတွေက မိဘတွေရဲ့စကားကိုသာ နားထောင်လေ့ရှိသဖြင့် သူမကို ဒီလိုလုပ်ခိုင်းတာ ချူးဟမ့်ဖြစ်နိုင်သည်။
ဟဲပေမူက ချူးယန်ရှီ၏ အပေါ်နှုတ်ခမ်းကို လက်ဖြင့် ညှစ်လိုက်ပြီး ပါးစပ်ထဲ ဆေးလုံးလေးတစ်လုံး ထည့်ပေးလိုက်သည်။
ထိုဆေးလုံးလေးက ဆေးအာနိသင်မရှိပါ။ ဒီတိုင်း အလွန်ခါးသက်သည့် အရသာတစ်ခုသာရှိသည်။
ခဏကြာတော့ ချူးယန်ရှီ သတိရလာသည်။ ပါးစပ်ထဲက အလွန်ခါးသက်သည့် အရသာကြောင့် ချောင်းတွေ အကြိမ်ကြိမ် ဆိုးသွားပါသည်။
ချူးယန်ရှီ ဆဲဆိုချင်သွားသော်လည်း ရှေ့ကလူတွေကိုမြင်ပြီး သနားစရာကောင်းသည့် ယုန်ပေါက်လေးသဖွယ် ဟန်ဆောင်လိုက်ပါသည်။
“ပင့်ကူကြီးတွေ! ပင့်ကူကြီးတွေ အများကြီးပဲ! သမီးကို ကယ်ပါဦး!”
ချူးယန်ရှီ ကြောက်လန့်တကြား အောက်ကို ငုံ့ကြည့်လိုက်သည်။ သူမအောက်မှာ သစ်ရွက်ခြောက်တွေသာ ရှိပြီး ပင့်ကူနေနေသာသာ ပုရွက်ဆိတ်ပင် မရှိပါ။
“ချူးယန်ရှီ သတိထားဦး။ ဘာပင့်ကူမှမရှိဘူး အားလုံး ဘေးကင်းသွားပြီ”။ ချင်းယုကျိုးက ပြောလိုကသ်ည်.
ချူးယန်ရှီ ဂယောင်ချောက်ချားဖြစ်နေတာကို ရပ်တန့်လိုက်ပြီး ရှေ့ကလူတွေကို ကြောက်ရွံ့နေသော မျက်နှာလေးနဲ့ ကြည့်လိုက်ပါသည်။
“ဘာ… ဘာလုပ်ကြမလို့လဲ”
“နင်ဘာလို့ စခန်းကနေ ထွက်သွားတာလဲ။ တစ်ယောက်ယောက်က လုပ်ခိုင်းတာလား”။ ဟဲပေမူက အေးစက်စွာ မေးလိုက်သည်။ ရေခဲလို အေးစက်သော သူ့အကြည့်ကြောင့် ချူးယန်ရှီ အလိုလို ကြောက်သွားမိပါသည်။
“သမီး… သမီးမရည်ရွယ်ပါဘူး။ ဒီတိုင်း ပန်းလှလှလေးတွေ တွေ့လို့ သွားခူးတာ… ဒါပေမယ့် သမီး မပြန်တတ်လို့…။ သစ်ပင်တွေ၊ မြက်တွေ အများကြီးနဲ့ သမီးလမ်းပျောက်သွားတာ… အဲ့တာ သမီးကြောက်လို့ ဒီထဲ ဝင်ပုန်းနေတာပါ…”။ ချူးယန်ရှီ ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်ပါသည်။
“ပန်းခူးဖို့ ဘာလို့ ခိုးကြောင်ခိုးဝှက်ထွက်သွားတာလဲ။ တခြားသူတွေ မသိအောင် သတိထားပြီး ထွက်သွားတာ မဟုတ်ဘူးလား”။ ဟဲပေမူက ချူးယန်ရှီ၏ စကားကို မယုံကြည်ပါ။
… … …
အခန်း(၅၈၇) စူစူလေးက ကံကောင်းလွန်းလို့ပါ
“သ…သမီး ဆရာမကို ပန်းခူးပေးချင်လို့ပါ။ ဆရာမကို အံ့ဩပြီး ပျော်သွားစေချင်လို့… အဲ့တာကြောင့် ခိုးထွက်လာခဲ့တာ”။ ချူးယန်ရှီ ဝမ်းနည်းနေသည့် ပုံစံလေးဖြင့် ပြောလိုက်ပါသည်။
မျက်ရည် တစ်ပေါက်နှစ်ပေါက် ကျအောင်လည်း ညှစ်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် မျက်လုံးလေးများက ပိုပြီး သနားစရာကောင်းသွားပါသည်။
ချင်းယုကျိုးနဲ့ ဟဲပေမူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်လုံးဖြင့် ဆွေးနွေးလိုက်ကြသည်။
ဆရာမကို ပန်းခူးပေးချင်တာကြောင့် ဘယ်သူမှ မသိအောင် ထွက်သွားခဲ့တာဟု ဆိုသည်။ သက်သေခိုင်ခိုင်လုံလုံ မရှိဘဲ ၄ နှစ်သမီးတစ်ယောက်ကို သူတို့ စွပ်စွဲလို့မရပါ။
သူတို့ဘက်က သေချာနေရင်တောင် ရဲတွေနဲ့ အပြင်လူသူစိမ်းတွေက ယုံကြည်မှာ မဟုတ်ပါ။
ဟဲပေမူတို့ တွန့်ဆုတ်သွားတာကိုမြင်ပြီး သူမ စကားကို ယုံကြည်သွားကြပြီဆိုတာ ချူးယန်ရှီ သိလိုက်သည်။ ထို့ကြောင့် သူမရဲ့ ဒူးလေး ၂ ဖက်ကို ပွေ့ဖက်ကာ သနားစရာကောင်းစွာ ငိုကြွေးလိုက်ပါသည်။ “ပင့်ကူကြီးတွေ… ပင့်ကူကြီးတွေ အများကြီးပဲ အီးဟီးဟီး…”
ချူးယန်ရှီ၏ အခြေအနေကို မြင်ပြီး ထပ်မေးလို့ မကောင်းတော့မှန်း ချင်းယုကျိုးနဲ့ ဟဲပေမူတို့ နားလည်သွားပါသည်။
သူမကို တစ်ဖက်အဖွဲ့က လှည့်စားပြီး ခိုင်းစေနေတာပဲလား၊ ဒါမှမဟုတ် သူမပြောသလိုပဲ တစ်ဖက်အဖွဲ့အတွက် အခွင့်အရေးကို မတော်တဆ ဖန်တီးပေးမိတာလားဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ကြပါ။
ထိုအချက် ၂ ချက်လုံး မဟုတ်ပါက ချူးယန်ရှီ အလွန်ကြောက်စရာကောင်းသွားလိမ့်မည်။
သေချာ ဆွေးနွေးပြီးနောက် ချူးယန်ရှီကို တခြားသူတွေထံ အရင်ဆုံး ပြန်ခေါ်သွားဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
သူမ ဟန်ဆောင်တာကို လူကြီးတွေ ယုံသွားမှန်း သေချာမှ ချူးယန်ရှီ သက်ပြင်းချနိုင်တော့သည်။
ဒီနေ့ အကြံအစည်မအောင်မြင်ခဲ့သော်လည်း သူမ သရုပ်မှန် မပေါ်သေးသရွေ့ မရှုံးသေးပါ။ အခုလို အချိန်မှာ သူမရဲ့ ၄ နှစ်အရွယ် ခန္ဓာကိုယ်ကို ချူးယန်ရှီ ကျေးဇူးတင်မိပါသည်။ ဒီခန္ဓာကိုယ်ကျေးဇူးကြောင့် ဘယ်သူမှ သံသယမဖြစ်ကြတာ မဟုတ်လား။
အပြန်လမ်းတွင် စူစူလေးကို ဟဲပေမူက မေးလိုက်သည်။ “ချူးယန်ရှီကို နင်ဘယ်လိုရှာတွေ့တာလဲ”
ဒီအချက်ကို သူဘယ်လိုမှ စဉ်းစားလို့မရပါ။ ချူးယန်ရှီကို ရှာပြီးမေးမြန်းရမည်ဟု သူပြောလိုက်သောအခါ စူစူလေးက ဘယ်လိုရှာရမလဲသိသည်ဟု ပြောခဲ့သည်။
ထို့နောက် ချူးယန်ရှီ ပုန်းနေသည့် လှိုဏ်ဂူထဲသို့ သူတို့ကို တန်းတန်းမတ်မတ် ခေါ်သွားနိုင်ခဲ့သည်။ အထဲမှာလည်း ချူးယန်ရှီ တကယ်ပုန်းနေပါသည်။
ချူးယန်ရှီ ပုန်းတာ တော်လွန်းသဖြင့် တခြားဘယ်သူမှ ရှာမတွေ့နိုင်တာတောင် စူစူလေးက ဘယ်လို ရှာတွေ့သွားရတာလဲ။
“ငါက တော်လို့လေ! အရမ်းတော်လို့!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
တကယ်တော့ တောထဲက တိရိစ္ဆာန်လေးတွေ ပြောပြတာဖြစ်သည်။ ချူးယန်ရှီဘယ်မှာရှိနေသလဲဆိုတာ တိရိစ္ဆာန်လေးတွေ ပြောပြခဲ့ကြသည်။။ သို့သော် သူမ အစွမ်းအစရှိလို့ သူတို့စကားကို ကြားနိုင်တာမဟုတ်လား။
ချင်းယုကျိုး ရယ်မောလိုက်ပြီး စူစူလေးကိုယ်စား ရှင်းပြလိုက်ပါသည်။ “ငါတို့ ဒေါ်လေးစူစူက အရမ်း ကံကောင်းလို့ပါကွ။ သူရှာသမျှ မတွေ့ဘူးဆိုတာ မရှိဘူး။ ဒီတိုင်း အလကား လမ်းလျှောက်နေရင်တောင် ထူးထူးဆန်းဆန်းတွေ ရှာတွေ့ချင် တွေ့သွားတာ”
စူစူလေး ကံကောင်းမှန်း ချင်းယုကျိုး အပြည့်အဝ ယုံကြည်သည်။
သူရုတ်တရက် ရေပန်းစားလာပြီး ကြော်ငြာတွေ၊ ဒရမ်မာတွေ အများကြီး ရိုက်ကူးခွင့်ရခဲ့တာလည်း စူစူလေး ကံကောင်းမှုကြောင့်ဖြစ်သည်ဟု ချင်းယုကျိုး ယုံကြည်ပါသည်။
ဒီတိုင်း ကံကောင်းသွားတာတဲ့လား…။
ထိုဖြေရှင်းချက်က ရုပ်လွန်ပညာတွေကို ယုံကြည်မှုမရှိသည့် ဟဲပေမူအတွက် အလွန် အဓိပ္ပာယ်မဲ့လွန်းနေပါသည်။ သို့သော် သူကိုယ်တိုင်လည်း အဖြေရှာမရပေ။ ထို့အပြင် သူက အဖြေကို မရမက ရှာဖွေတတ်သူလည်း မဟုတ်ပါ။ ဒီလို ထုတ်မေးတာတောင် သိချင်လွန်းလို့ဖြစ်သည်။
သူ့မေးခွန်းအတွက် အဖြေကိုရရှိပြီးပြီ ဖြစ်တာကြောင့် ထိုအဖြေကို မယုံကြည်ရင်တောင် ဟဲပေမူ ဘာမှ ဆက်မေးဖို့ အစီအစဉ်မရှိပါ။
ချူးယန်ရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဟုတ်တယ်… ချင်းစူစူက ကံအရမ်းကောင်းလွန်းနေတာ! သူဘာလို့ ဒီလောက် ကံကောင်းရတာလဲ။ အစီအစဉ်ကို အကွက်ကျကျ ကြံစည်ထားပြီးမှ ချင်းစူစူ ဘာမှမဖြစ်ဘဲ ဘာလို့ ပြန်လာနိုင်ရတာလဲ။
စခန်းမှာ အုပ်ထိန်းသူတချို့ ပြန်ရောက်နေကြပြီဖြစ်သည်။ စမ်းချောင်းထဲ ပြုတ်ကျသွားသည့် ကောင်မလေးက ချူးယန်ရှီ မဟုတ်ပေ။
ချူးယန်ရှီကိုခေါ်ပြီး ချင်းယုကျိုးတို့ ပြန်လာတာကိုမြင်သောအခါ ဆရာမတွေကော မိဘတွေကော အားလုံး စိတ်သက်သာရာ ရသွားခဲ့ပါသည်။
ကလေး ဘာမှမဖြစ်လို့ တော်သေးတာပေါ့!
စခန်းမှာပဲရှိနေသည့် ဆရာမကျူးက ချူးယန်ရှီကို ထွက်ရှာနေဆဲဖြစ်သည့် ဆရာမတွေ၊ အုပ်ထိန်းသူတွေကို ပြန်ခေါ်လိုက်ပါသည်။
အားလုံး တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။ ချူးဟမ့် ပြန်ရောက်လာတာနဲ့တစ်ပြိုင်နက် ချူးယန်ရှီထံ ပြေးသွားပြီး ချက်ချင်း ဆူငေါက်လိုက်ပါသည်။ “နင်ဘာဖြစ်နေတာလဲ။ ဘာလို့ စိတ်ကူးပေါက်ရာ လျှောက်သွားနေတာလဲ!”
… … …