အခန်း (၅၈၈+၅၈၉)
Vol. 24 Ch. 588+589
အခန်း(၅၈၈) ကြင်ယာတော်လောင်း
ချူးယန်ရှီက အခြေအနေကို အခွင့်ကောင်းယူပြီး သနားစရာကောင်းစွာ ငိုကြွေးပြလိုက်ပါသည်။ “အီးဟီးဟီး…”
အဖေ ဆူငေါက်နေတာကို အခွင့်ကောင်းယူပြီး သူမရဲ့ ပျော့ညံ့ပြီး အပြစ်ကင်းစင်သော ပုံစံလေးကို ထုတ်ပြကာ လူတွေ သံသယမဖြစ်အောင် လုပ်လိုက်မည်။
ချူးယန်ရှီ၏ ငိုသံကြောင့် ချူးဟမ့်ကို လူတွေ မကျေမနပ် ဝိုင်းကြည့်ကုန်ကြသည်။
ထို့နောက် ချူးဟမ့်ကို ပြစ်တင်ဝေဖန်ကြလေသည်။
“မစ္စတာချူး။ ခင်ဗျားသမီးက အသက် ၄ နှစ်ပဲရှိသေးတာ ဘာနားလည်မှာလဲ။ သူဒီလောက် ကြောက်နေတာ နှစ်သိမ့်ပေးရမယ့်အစား အပြစ်တင်ပြီး ဆူငေါက်နေတာလား။ ခင်ဗျား အရမ်းတရားလွန်တယ်”
“ဟုတ်တယ်! ကလေးကို ရှာတုန်းကလည်း သူ့ပုံစံက စိတ်မပါလက်မပါနဲ့။ တွေ့ပြန်တော့လည်း ဆူတာကလွဲပြီး ဘာမှ မလုပ်တတ်ဘူး။ ရှင့်လိုလူမျိုးက ကုမ္ပဏီတစ်ခုကို ဘယ်လိုများ စီမံနေတာလဲ မသိဘူး”
ပြောပြောဆိုဆိုနဲ့ အုပ်ထိန်းသူတစ်ယောက်က ချူးဟမ့်ပေးထားသည့် လုပ်ငန်းကတ်ကို မြေပေါ် ပစ်ပေါက်လိုက်ပါသည်။
အစကတော့ မကောင်းတတ်သဖြင့် ချူးဟမ့်၏ အပြုအမူကို သည်းခံပြီး ကတ်ယူထားခဲ့တာဖြစ်သည်။ အခု သူ ဟန်တောင် မဆောင်ချင်တော့ပေ။
တခြား အုပ်ထိန်းသူ ၂ ယောက် ၃ ယောက်ကလည်း ထိုနည်းလည်းကောင်းပြုမူပြီး ကတ်တွေကို ဆွဲဖြဲပစ်လိုက်ကြသည်။
အုပ်ထိန်းသူအများစုက ကတ်တွေကို ဆွဲမဖြဲကြသော်လည်း မျက်နှာပေါ်မှာ ချူးဟမ့်ကို ဘယ်လောက်စက်ဆုပ်နေသလဲ ပေါ်လွင်နေပါသည်။
ချူးဟမ့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ့ကုမ္ပဏီအတွက် အကူအညီတောင်းဖို့ ဒီလူတွေကို ချဉ်းကပ်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း အခုတော့ သူ့ကို အားလုံးကို မျက်မုန်းကျိုးသွားကြလေပြီ။
ချူးယန်ရှီလည်း ကြက်သေသေသွားပါသည်။ ဒီနေ့ ချင်းစူစူကို ဒုက္ခပေးဖို့ အကြံအစည် မအောင်မြင်ရုံတင် မကဘဲ သူမအဖေကိုပါ လူတိုင်းက ရွံရှာသွားကြလေပြီ။
သို့သော် ချူးယန်ရှီ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်ပါ။ သူမ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့သည်။ တရားခံက သူမအဖေနဲ့ ချင်းစူစူကို ဖမ်းချုပ်ဖို့ ယုံကြည်ချက် လွန်ကဲနေသည့် ထို အမည်မသိ ပုဂ္ဂိုလ်ဖြစ်သည်။
သူမ အလွန်ဒေါသထွက်ိပါသည်။ သို့သော် လောလောဆယ်တော့ ဘာမှ မလုပ်နိုင်တော့ပေ။ သူမ ဘာပဲဝင်ပြောပြော သူမအဖေပေါ်ထားသည့် လူတွေရဲ့ သဘောထားကို ပြောင်းလဲနိုင်တော့မှာ မဟုတ်ပေ။
ချူးဟမ့်လည်း ဒေါသထောင်းခနဲ ထသွားပြီး ဘေးကလူတွေကို ပြန်ငေါက်လိုက်ပါသည်။ “ခင်ဗျားတို့ကို ကျုပ်က ဂရုစိုက်ရမှာတဲ့လား။ ထင်ချင်သလိုသာ ထင်ကြ!”
ပြောပြောဆိုဆိုနဲ့ ချူးယန်ရှီ၏ လက်ကိုဆွဲကာ ချူးဟမ့် လှည့်ထွက်သွားလေတော့သည်။
ချူးဟမ့် ဒီလို ဆုံးဖြတ်တာကို ချူးယန်ရှီ သဘောမတူဘဲ ငိုယိုကာ တောင်းပန်လိုက်သည်။ “ဖေကြီး စိတ်မဆိုးပါနဲ့! သမီး မပြန်ချင်ဘူး!”
ချူးယန်ရှီ အော်ကြီးဟစ်ကျယ် ငိုယိုလိုက်သဖြင့် အုပ်ထိန်းသူတွေ မျက်မှောင်ပိုကြုတ်သွားကြသည်။
“နင့်ပါးစပ်ပိတ်ထား! ငိုချင်ရင် အိမ်ရောက်မှ ကြိုက်သလောက်ငို!” ချူးဟမ့် ငေါက်ငမ်းလိုက်ပါသည်။
ချူးဟမ့်က မောက်မာပြီး မာနအပြည့်ရှိသူဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာ သမီးဖြစ်သူရဲ့ ငိုသံတွေ တောင်းပန်သံတွေကို မကြားနိုင်တော့ပါ။ လူတွေရဲ့ ဝေဖန်စကားတွေသာ သူ့နားထဲ ကြားနေရသည်။
ချူးယန်ရှီက ချူးဟမ့်ကို စိတ်လိုက်မာန်ပါ မလုပ်ဖို့ တားချင်ခဲ့တာဖြစ်သော်လည်း သူမရဲ့ ငိုသံကြောင့် ချူးဟမ့်ကို လူတွေ ပိုမုန်းတီးသွားကြလေသည်။
--- --- ---
မစ်ရှင်မအောင်မြင်သဖြင့် လူ ၈ ယောက်လည်း အဆောက်အဦးတစ်ခုဆီ ပြန်ကာ ထိုင်ခုံတစ်လုံးတွင် ကျောပေးထိုင်နေသည့် လူတစ်ယောက်ကို အစီရံခံလိုက်ပါသည်။
“ဘော့စ် ကျုပ်တို့တောင်းပန်ပါတယ်။ မစ်ရှင်ကို မအောင်မြင်ခဲ့ဘူး။ ချင်းစူစူရဲ့ ဘေးမှာ ထူးဆန်းတဲ့ သိုင်းပညာရှင် တစ်ယောက်ရှိနေတယ်။ အဲ့ဒီလူကို ကျုပ်တို့ မယှဉ်နိုင်ခဲ့ဘူး။ ကျေးဇူးပြုပြီး ကျုပ်တို့ကို အပြစ်ပေးပါ”
သူတို့အားလုံး စည်းမျဉ်းစည်းကမ်းကို နားလည်ကြသည်။ ဒီနေရာမှ ကျရှုံးမှုဆိုတာ မရှိစေရပါ။ ရှိလာပါက အပြစ်ပေးခံရမှာ မလွဲဧကန်ပင်
“မင်းတို့ကို ဘာအပြစ်မှ မပေးဘူး။ ဒီမစ်ရှင်က သာမန်မစ်ရှင်မှ မဟုတ်တာ။ ကျရှုံးမယ်လို့ မျှော်လင့်ထားပြီးသားပါ”
လူ ၈ ယောက် မျှော်လင့်ထားသလို ထိုပုဂ္ဂိုလ်က သူတို့ကို အပြစ်မပေးသည့်အပြင် ကျရှုံးမှာကို မျှော်လင့်ထားပြီးသား ဟုပင် ဆိုလိုက်သည်။
“ဒါပေမယ့်ဘော့စ်… သူက ကလေးမလေးတစ်ယောက်ပဲဥစ္စာ…”
အားလုံး နားမလည်နိုင်ဖြစ်သွားကြသည်။ အရင်တုန်းက ဒီ့ထက် အန္တရာယ်များသည့်မစ်ရှင်တွေကို သူတို့ လုပ်ဖူးသည်။ ဘော့စ်က ကျရှုံးမှုကို ဘယ်တော့မှ ခွင့်မလွှတ်တတ်ပါ။
ဘော့စ်ဟူသည့် ထိုပုဂ္ဂိုလ်က ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။ “ငါထင်တာ မမှားရင် အဲ့ဒီကလေးမလေးက သူ့ရဲ့ ကြင်ယာတော်လောင်းပဲ။ သူ့ကြင်ယာတော်လောင်းလေးကို အချိန်အကြာကြီး ပျိုးထောင်ခဲ့ရတာ ဒီလောက်တော့ ကာကွယ်ပေးရမှာပေါ့။ မင်းတို့လက်ဖျားနဲ့တောင် မထိနိုင်ခဲ့တာ မထူးဆန်းပါဘူး”
“ဘော့စ်… ဘယ်သူ့ကို ပြောနေတာလဲ”။ တပည့်တစ်ယောက်က မေးလိုက်သည်။
… … …
အခန်း(၅၈၉) လောကသုံးပါးရဲ့ နောက်ဆုံး ပိုင်ကျဲနတ်သားရဲ
“သူက ကြောက်စရာကောင်းတဲ့သူ…။ ငါ့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူဆိုလည်းဟုတ်တယ်…။ မင်းတို့တွေက သူနဲ့ဆုံရလောက်တဲ့အထိ အရည်အချင်းမရှိသေးပါဘူး”။
ထိုပုဂ္ဂိုလ်၏ စကားက သူ့တပည့်တွေအတွက် အဖြေမဟုတ်ပါ။ ထို့ကြောင့် သူတို့ဘော့စ်၏ လေသံကို အကဲခတ်ပြီး တစ်ဖက်လူက ပေါ့သေးသေး မဟုတ်လောက်ဘူးဟုသာ သုံးသပ်နိုင်ကြသည်။ လူတစ်ယောက်ကို သူတို့ဘော့စ် ဒီလို ပြောဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့နောက် ဘော့စ်ဖြစ်သူက အမိန့်ပေးလိုက်သည်။ “အာ့ချောင်၊ မင်းလူနည်းနည်းခေါ်ပြီး ချူးမိသားစုဆီ ပစ္စည်းတချို့ သွားပို့ပေးလိုက်။ ဒီနေ့ အစီအစဉ်မအောင်မြင်ပေမယ့် သူတို့ကြိုးစားခဲ့တာကို ငါကျေနပ်တယ်လို့ ပြောခဲ့ပါ”
“နားလည်ပါပြီ”။ အာ့ချောင်က ပြန်ပြောလိုက်ပါသည်။
“ကျန်တဲ့သူတွေ သွားနားလို့ရပြီ”
“ဟုတ်ကဲ့”
တပည့်ဖြစ်သူတွေကို ပြန်လွှတ်ပြီးနောက် ထိုပုဂ္ဂိုလ် မတ်တပ်ရပ်လိုက်ပြီး လူတစ်ရပ်စာရှိသော ပြူတင်းပေါက်ကြီးထံ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ထိုပြူတင်းပေါက်မှ ကြည့်လိုက်လျှင် ဟွာချန့်မြို့၏ မြို့ပြ မြင်ကွင်းများကို ထင်ထင်ရှားရှား မြင်နေရပါသည်။
ချင်းစူစူ… သူက တကယ်ပဲ အဲ့ဒီ ပိုင်ကျဲ နတ်သားရဲလေးများလား။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က စစ်ပွဲအတွင်းမှာ ပိုင်ကျဲ နတ်သားရဲ မိတ်ဖက်နှစ်ကောင် သေဆုံးသွားပြီးနောက် အသက် ၁ နှစ်သာ ရှိသေးသည့် နတ်သားရဲပေါက်လေးမှာ လောကသုံးပါးအတွင်း နောက်ဆုံးလက်ကျန် ပိုင်ကျဲ နတ်သားရဲ ဖြစ်သွားခဲ့သည်။
သို့သော် ထိုနတ်သားရဲမလေးကို ဘယ်သူမှ မစောင့်ရှောက်ချင်ကြတာကြောင့် ထိုသူ့ထံကို ပို့ပေးခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် နတ်သားရဲမလေး၏ မိဘများဖြစ်ကြသော စစ်နတ်ဘုရားနှစ်ပါး သောက်စားမူးယစ်ခဲ့တုန်းက သူတို့ရဲ့ ကလေးကို ထိုဆန်ကုန်မြေလေးနဲ့ လက်ဆက်ပေးမည်ဟု ဟာသပြောဆိုခဲ့ကြသည်။
ထို့ကြောင့် သင့်တော်သည့် အုပ်ထိန်းသူကို ရှာမတွေ့သောအခါ ထိုသူက ပိုင်ကျဲနတ်သားရဲမလေးရဲ့ အုပ်ထိန်းသူ ဖြစ်လာခဲ့သည်။
နှစ် ၁၀၀ ကြာသွားပြီးနောက် နတ်သားရဲမလေးကို ထိုသူမှာ အလိုလိုက်အကြိုက်မဆောင်ဘဲ လူ့ဘုံသို့ ကိုယ်တိုင် ကန်ချခဲ့သည်။
သူ့လုပ်ရပ်ကို လောကသုံးပါးစလုံးက နားမလည်နိုင်ဖြစ်ခဲ့ကြသည်။ သို့သော်လည်း လူ့ဘုံသို့ ကန်ချခံခဲ့ရသော နတ်သားရဲမလေးမှာ သူ့ရဲ့ အားနည်းချက်ဖြစ်သဖြင့် အကောင်းဆုံးနည်းလမ်းနဲ့ ရှင်းထုတ်ခဲ့တာ ဖြစ်သည်ဟု ထိုသူက ယုံကြည်ခဲ့သည်။
ထို့ကြောင့် လူ့ဘုံသို့ ဆင်းသက်သွားသော ပိုင်ကျဲနတ်သားရဲမလေးအား သူရှာဖွေနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ လက်ရှိမှာ ချင်းစူစူက နတ်သားရဲမလေးဖြစ်နိုင်ချေ အများဆုံးလူ ဖြစ်သည်။
ဒီတစ်ခေါက် အစီအစဉ်ကျရှုံးသွားမှုကြောင့် သူ့ခန်းမှန်းချက် ပိုမို သေချာသွားပါသည်။
လွယ်ကူလွန်းနေလျှင် လူမှားနေတာဖြစ်နိုင်သည်။ ခက်ခက်ခဲခဲ ရရှိသည့် အရာကမှ မှန်ကန်နိုင်ပါသည်။
နောက်ဆုံးတော့ ထိုသူ့ကို ထပ်မံရင်ဆိုင်ဖို့ အခွင့်အရေးတစ်ခု ရလာတော့မည်။ ထိုနေ့ရက်ကို စောင့်မျှော်နေခဲ့တာ ကြာပါပြီ။
--- --- ---
အိမ်ပြန်ရောက်သောအခါ ချူးယန်ရှီကို ချူးဟမ့် ဆူငေါက်လိုက်ပါသည်။ “နင်ဘာဖြစ်နေတာလဲ။ ခုတလော နင်လိမ္မာလာတာ မဟုတ်ဘူးလား။ ဘာလို့ အခုပြဿနာ ပြန်ရှာနေပြန်တာလဲ။ ငါ့မှာ နဂိုကတည်းက ဒုက္ခတွေ များနေတာ နင်နားမလည်ဘူးလား”
“ဘာလို့ သမီးကို လာဆူနေတာလဲ။ အဖေ့ဖာသာ မအောင်မြင်တာ သမီးနဲ့ဘာဆိုင်လို့လဲ!”။ ချူးယန်ရှီ ရင်ထဲက ဒေါသမှာ ချူးဟမ့်ထက်ပင် ပိုကြီးမားပါသေးသည်။
ဘာလို့ ငါ့ကိုလာဆူနေတာလဲ။
အားလုံးက သူအသုံးမကျလို့ ဖြစ်ရတာ!
လင်းယုရှန်းထွက်သွားအောင် လုပ်ခဲ့တာလည်း သူပဲ!
“ဘာလို့လဲဆိုတော့ ငါကနင့်အဖေလေ! နင့်ကို မွေးထားတဲ့ အဖေမို့လို့ပေါ့! ငါမရှိရင် နင်လူဖြစ်လာမှာတောင် မဟုတ်ဘူး!”
“သမီးအဖေသာ မဟုတ်ရင် အခုလို ဂရုစိုက်နေမှာတောင် မဟုတ်ဘူး! အဖေဖြစ်တာနဲ့ အရမ်း မြင့်မြတ်နေပြီ ထင်နေတာလား။ ဘယ်သူက အဖေ့သမီး ဖြစ်ချင်လို့လဲ!”။
ချူးယန်ရှီ ဒေါသအလွန်ထွက်ပြီး သူမကိုယ်သူမ ၄ နှစ်သမီးအရွယ်သာ ရှိသေးမှန်း မေ့လျော့သွားခဲ့သည်။
ချူးဟမ့်က ချူးယန်ရှီကို ဆွဲမလိုက်သည်။ “ငါဆိုတဲ့ ချူးဟမ့်ရဲ့ သမီးအဖြစ် မွေးလာတာ နင်ကံကောင်းတယ်မှတ်! နင်အခုလို ငိုယိုပြီး ငါ့ကို ကျက်သရေတုံးအောင် လုပ်နေဦးမယ်ဆိုရင် မိဘမဲ့ဂေဟာပို့ပစ်မယ်!”
ချူးယန်ရှီ ကြောက်လန့်သွားသည်။
သူမက အသက် ၄ နှစ်သာရှိသေးသည်။ အခုချိန်မှာ ချူးဟမ့်ကိုပါ ဆုံးရှုံးလိုက်ရပါက မိဘမဲ့ဖြစ်သွားပြီး သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ပိုပြီးအစွမ်းအစ မဲ့သွားပါလိမ့်မည်။
ထိုအချိန်တွင် အခန်းတံခါးကို အပြင်မှ အရှိန်ပြင်းပြင်းဖြင့် ကန်ဖွင့်ကာ လူတစ်စု ရုတ်တရက် ဝင်လာကြသည်။
ချူးဟမ့်တို့ သားအဖနှစ်ယောက်စလုံး ထိတ်လန့်သွားကြပါသည်။
ဘာ… ဘာတွေဖြစ်နေတာလဲ.
… … …