← Chapters

အခန်း (၅၉၀+၅၉၁)

Vol. 24 Ch. 590+591

အခန်း (၅၉၀+၅၉၁)

Vol. 24 Ch. 590+591

အခန်း(၅၉၀) ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်သော

ဧကန္တ အကြွေးရှင်တွေက အကြွေးတောင်းဖို့ လူမိုက်တွေလွှတ်လိုက်တာများလား။

သူတို့ ကုမ္ပဏီ ခုတလော ဒုက္ခအကြီးအကျယ် ရောက်နေသဖြင့် အကြွေးတွေလည်း အများကြီး တင်နေသည်။

ထို့အပြင် ချူးအုပ်စုနဲ့ ပတ်သတ်သည့် မကောင်းသတင်းများ ထွက်နေတာကြောင့် အကြွေးရှင်တွေက ပိုက်ဆံကို အမြန်ဆုံး ပြန်လိုချင်နေကြပါသည်။

အခန်းထဲ ရောက်သောအခါ အာ့ချောင်က ချူးဟမ့်ထံ တန်းတန်းမတ်မတ်လျှောက်သွားပြီး ပြောလိုက်သည်။ “မစ္စတာချူး။ ခင်ဗျားကို ကျုပ်ဘော့စ်က တွေ့ချင်နေတယ်”

“မင်းဘော့စ်က ဘယ်သူလဲကွ”။ ချူးဟမ့် မေးလိုက်သည်။ ဒီလူတွေကို သူတကယ် မသိပါ။

“ကျုပ်တို့ဘော့စ်က ဒီနေ့ Camping မှာလုပ်ရမယ့် အစီအစဉ်အတွက် ခင်ဗျားနဲ့ အွန်လိုင်းပေါ်ကနေ ညှိနှိုင်းခဲ့တဲ့လူလေ” အာ့ချောင် ပြန်ဖြေလိုက်သည်

“ငါ… ငါဘာမှ မသိဘူး! မင်းတို့… လူမှားနေတာများလား”။ သူတို့ ပြောနေတာတွေကို ချူးဟမ့်တစ်လုံးမှ နားမလည်ပေ။

“ခင်ဗျားကို ကျုပ်တို့ဘော့စ် အီးမေးလ်နဲ့ ဆက်သွယ်နေတာ မေ့သွားပြီလား”။ အာ့ချောင် သတိပေးလိုက်သည်။

“ငါတကယ်မသိဘူး! မင်းတို့လွဲနေပြီထင်တယ်နော်!” ချူးဟမ့် အလွန်ဇဝေဇဝါဖြစ်နေသည်။

“ဖေကြီး! ဖေကြီး ဆက်သွယ်ခဲ့တယ်လေ!”။ ချူးယန်ရှီ အမြန်ဝင်ပြောလိုက်သည်။

တကယ်တော့ ချူးဟမ့်နာမည်ကိုသုံးကာ ထိုပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့သည့်လူက သူမဖြစ်သည်။ ချူးဟမ့်ကို မပြောခဲ့တာက သူသိလည်း ဘာမှ အသုံးဝင်မှာ မဟုတ်တာကြောင့် ဖြစ်ပါသည်။

“နင်ဘာတွေ ပြောနေတာလဲ။ ငါဘယ်တုန်းက ဆက်သွယ်လို့လဲ”။ ချူးဟမ့် ဘာမှ နားမလည်သေးပါ။

“လူတွေ လူစုကွဲသွားအောင် သမီးကို တမင်သက်သက် ထွက်ပြေးခိုင်းခဲ့တာ မမှတ်မိဘူးလား”။ ချူးယန်ရှီ အသိပေးလိုက်ပါသည်။

ချူးဟမ့်က ကြောင်စီစီဖြင့် သူ့သမီးကို ကြည့်နေသည်။

အာ့ချောင်က ဝင်ပြောသည်။ “ဟုတ်ပါတယ်။ ဒီနေ့ အစီအစဉ် မအောင်မြင်တော့ ကျုပ်တို့ဘော့စ် ကတိပေးထားတဲ့အတိုင်း ချူးအုပ်စုရဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ ဒါပေမယ့် မစ္စတာချူးနဲ့ မစ္စချူးတို့ လုပ်ခဲ့တာတွေအတွက် ကျုပ်တို့ဘော့စ်က ကျေနပ်လို့ လက်ဆောင်ပေးခိုင်းလိုက်လို့ပါ”

ဒီလိုနဲ့ အာ့ချောင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ လူတချို့က ဧရာမ သေတ္တာကြီးကို သယ်ပြီး အခန်းထဲ ဝင်လာကြပါသည်။ ထိုသေတ္တာကြီးကို ဖွင့်လိုက်သောအခါ အထဲမှာ ငွေတွေ အပြည့်ရှိနေသည်။

ချူးဟမ့် မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်ဖြစ်သွားကြသည်။

ဒီလူတွေက သူတို့ကို အကြွေးလာတောင်းတာ မဟုတ်ဘဲ ပိုက်ဆံလာပေးတာတဲ့လား…။

ချူးယန်ရှီလည်း အံ့အားသင့်သွားပါသည်။

သေတ္တာအကြီးကြီးနဲ့ ငွေတွေအပြည့်ပဲ! ခန့်မှန်းချေအရ အနည်းဆုံး သန်း ၅၀ လောက် ရှိမယ်!

ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ရှော့ခ်ရနေချိန် အာ့ချောင်က သူ့တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် သူ့လူတွေကို ပြန်ခေါ်ပြီး ထထွက်သွားလေသည်။ ချက်ချင်းဆိုသလို အာ့ချောင်နဲ့ သူ့လူတွေ အိမ်ထဲမှ ခြေရာလက်ရာမကျန် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါသည်။

သူတို့ရှေ့က ငွေအပြည့်နဲ့ သေတ္တာကြီးကို မျက်လုံးနဲ့ တပ်အပ်မြင်နေရပြီး တကယ် ကျိုးပျက်သွားသည့် အခန်းတံခါးကြောင့်သာ မဟုတ်လျှင် ဒါတွေအကုန်လုံးကို အိပ်မက်ဟုသာ ထင်မိကြမှာဖြစ်သည်။

ချူးဟမ့်က ချူးယန်ရှီကို ရုတ်တရက် လွှတ်ချလိုက်ပြီး သေတ္တာကြီးဆီ ပြေးသွားကာ အထဲက ငွေတွေကို စစ်ဆေးလိုက်ပါသည်။

အစစ်တွေ! သန်း ၅၀ အစစ်ပဲ!

ချူးဟမ့် ဒီလို ငွေပမာဏမျိုးကို မမြင်ဖူးတာ မဟုတ်သော်လည်း လက်ရှိ ကြုံနေရသည့် ကပ်ဘေးကြောင့် ငွေကို အသည်းအသန်လိုအပ်နေပါသည်။ လိုအပ်နေသည့်အချိန်မျိုးမှာ ငွေတွေ အလိုလိုရောက်လာသည့် ခံစားချက်ကြီးကို ဘာနဲ့မှ မလဲနိုင်ပေ။

ချူးယန်ရှီလည်း ငွေသေတ္တာကြီးကို စိုက်ကြည့်နေပါသည်။ သူမ ဆက်သွယ်နေသည့်ပုဂ္ဂိုလ်က သာမန်လူ မဟုတ်လောက်ပါ။

သန်း ၅၀ ကို ဒီလို အလွယ်လေး လာချပေးသွားသည်။ ထို့အပြင် လူမြင်ကွင်းမှာ သေတ္တာကြီးနဲ့ ရဲရဲတင်းတင်း လာပေးသွားတာဖြစ်သည်။

ချူးဟမ့်က ချူးယန်ရှီကို လှည့်မေးလိုက်ပါသည်။ “ရှောင်းရှီ… ဘာတွေဖြစ်နေတာလဲ”

ချူးယန်ရှီ ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ “လူတစ်ယောက်က ဖေကြီးကို ဆက်သွယ်လာတယ်။ ဒီနေ့ Camping ထွက်တဲ့အခါ သမီး ခိုးထွက်ပြီး ပုန်းနေနိုင်ရင် သမီးတို့ မိသားစုကို ပိုက်ဆံတွေ အများကြီး ပေးမယ်လို့ ပြောတယ်။ အဲ့တုန်းက ဖေကြီး အလုပ်ရှုပ်နေလို့ ဖေကြီးကိုယ်စား သမီး လက်ခံပေးလိုက်တာ”

အဲ့လိုကိုး…။

ချူးဟမ့် ချက်ချင်း စိတ်ရွှင်သွားသည်။

ချူးယန်ရှီ၏ ခေါင်းလေးကို သူပွတ်ပေးလိုက်ပါသည်။ “ရှောင်းရှီ ခုနက သမီးကို ဖေကြီး အပြစ်တင်မိတာ မှားပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖေကြီးကို အစောကြီးကတည်းက ပြောထားသင့်တာပေါ့”

… … …

အခန်း(၅၉၁) သူရဲကောင်းဆန်သော ကယ်တင်မှု (၁)

“ခုနက ဖေကြီး ဘာမေးလို့လဲ”။ ချူးယန်ရှီ အံကြိတ်ရင်း ပြောလိုက်သည်။

“ဟားဟားဟား ဟုတ်ပါတယ်။ ဖေကြီးအမှားပါ။ နောက်တစ်ခါ မဖြစ်စေရဘူး ဟုတ်ပြီလား”။ ချူးဟမ့် စိတ်ရွှင်သွားသဖြင့် အပြုအမူကလည်း ပြန်လည်နူးညံ့သိမ်မွေ့သွားသည်။ ထို့နောက် ချူးယန်ရှီကို အမြန်မေးလိုက်သည်။ “အဲ့ဒီဘော့စ်ကြီးကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေရှိသေးလား”။

“အင်း”

“ဟုတ်ပြီကွ! ဖေကြီးတို့ ကုမ္ပဏီရဲ့ ပလန်တွေ၊ ထုတ်ကုန်တွေ၊ စီမံကိန်းတွေ အကုန်လုံး သူ့ကို သွားပြရမယ်။ ဒါမှ ချူးအုပ်စုမှာ ရင်းနှီးမြှုပ်နှံတာ ရွေးချယ်မှုကောင်းဖြစ်မှန်း သူသိသွားမှာ!”။

“အင်း…”

“ဟုတ်တာပေါ့… အဲ့ဒီ မိန်းမ လင်းယုရှန်းကိုလည်း သွားတွေ့ရဦးမယ်။ ပြီးတော့ ဟွော်မိသားစုကိုလည်း မေ့လို့မရသေးဘူး။ ဗျူဟာတွေ အများကြီးချထားမှဖြစ်မယ်! အထူးသဖြင့် ဟွော်မိသားစုကိုပေါ့။ ဟွော်ချန်းယီကို ဖေကြီး ဖြောင်းဖြနိုင်မယ်ဆိုတာ ယုံကြည်တယ်!”။ ချူးဟမ့်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

ချူးဟမ့် အားအင်တွေ ပြန်ပြည့်ဝသွားပါသည်။ သန်း ၅၀ နဲ့ ချူးအုပ်စုကို မကယ်တင်နိုင်သေးသော်လည်း အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်သည်။

--- --- ---

ပြဿနာတွေဖြစ်ပြီးနောက် လင်းယုရှန်းက လုအိမ်တော်မှာ နေထိုင်နေတာဖြစ်သည်။ အခန်းထဲမှာ ဒရမ်မာတွေကြည့်၊ စာတွေဖတ်သည့်အပြင် တစ်ခါတလေ မီးဖိုချောင်ထဲမှာလည်း ချက်ပြုတ်နေတတ်သည်

ဒီနေ့တော့ လုကျန်းယွီနဲ့အတူတူ ချင်းအိမ်တော်သို့ လိုက်လာခဲ့ပါသည်။

လုကျန်းယွီက စူစူလေးကို သွားတွေ့တာဖြစ်သည်။ လင်းယုရှန်းကတော့ ချင်းအိမ်တော် ခြံနောက်ဖေးမှာ ဆေးပင်တွေ စိုက်ပျိုးနေသည့် ဆရာကြီးရှုယီကို သွားတွေ့တာဖြစ်ပါသည်

မနေ့က လုကျန်းယွီကို ဆရာကြီးရှုယီ အပ်စိုက်ကုသပေးနေစဉ် လင်းယုရှန်းလည်း အနားမှာရှိနေခဲ့သည်။ လင်းယုရှန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်ပြီး စိုးရိမ်ဖို့ အချိန်တော်တော်အားနေလျှင် သူ့ဆေးပင်တွေကို ရေလာလောင်းပေးဟု ပြောလွှတ်ခဲ့သည်။

လင်းယုရှန်းလည်း ထိုအကြံကောင်းသည်ဟု ထင်မိသည်။ ဆရာကြီးရှုယီကို ကူညီနိုင်မည့်အပြင် သူမလည်း အလုပ်တစ်ခု ရသွားမည်ဖြစ်သည်။ ထို့ကြောင့် လုကျန်းယွီနဲ့အတူတူ လိုက်လာခဲ့ပါသည်။

သို့သော် တစ်ခုခုကျန်ခဲ့သဖြင့် လင်းယုရှန်း လုအိမ်တော်မှာ ပြန်သွားယူပြီး ချင်းအိမ်တော်သို့ တစ်ယောက်တည်း ပြန်လျှောက်လာခဲ့သည်။

လုအိမ်တော်နဲ့ ချင်းအိမ်တော်တို့က အလွန်နီးသဖြင့် စူစူလေးနဲ့အတူ ကစားနေသည့် လုကျန်းယွီကို လင်းယုရှန်း အသိမပေးခဲ့ပါ။

သို့သော် ချင်းအိမ်တော်ခြံတံခါးအနီးသို့ ရောက်ခါနီးတွင် ဘယ်ကမှန်းမသိ ချူးဟမ့်ထွက်လာပြီး လင်းယုရှန်း၏ လက်ကို လှမ်းဆွဲလိုက်ပါသည်။

“ယုရှန်း!”

လင်းယုရှန်း အလွန်ထိတ်လန့်သွား၏။ ချူးဟမ့်ကို မြင်လိုက်ရသောအခါ သူမ ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။

“ယုရှန်း ကိုယ်မင်းကို အရမ်းသတိရနေတာ! တကယ်သတိရနေတာပါ! မင်းနဲ့ ၂ ရက်လောက် မတွေ့လိုက်ရတာ စက္ကန့်တိုင်းက ငရဲကျနေသလိုပဲ!”။ ချူးဟမ့်က လင်းယုရှန်းကို တောင်းတောင်းပန်ပန် ပြောလိုက်သည်။

ချူးဟမ့်တစ်ယောက် မုတ်ဆိတ်မွေးတွေ နှုတ်ခမ်းမွေးတွေ အလွန်ထူနေပြီး အတော်လေး ရုပ်ကြမ်းနေပါသည်။ ထို့အပြင် လင်းယုရှန်းအား အလွန်လွမ်းဆွေးနေကြောင်း တဖွဖွ ပြောနေသဖြင့် သူ့ပုံစံက အလွန် မေတ္တာကြီးသည့် လူတစ်ယောက်ဟု ထင်ချင်စရာဖြစ်သည်။

သို့သော်လည်း လင်းယုရှန်းက သူ့ကို မယုံကြည်တော့ပါ။

မူကြို Camping ခရီးမှာ ချူးဟမ့် ဘယ်လိုပြုမူခဲ့ကြောင်းကိုပါ ချင်းယုကျိုးက ပြောပြသဖြင့် လင်းယုရှန်း သိပြီးပါပြီ။

Camping ထွက်တုန်းကကျတော့ သူ့ပုံစံက အတော်လေး သပ်သပ်ရပ်ရပ်ရှိနေပြီး အပြုံးပန်းတွေ ဝေဆာနေသည်။

သို့သော်လည်း ဒီနေ့ကျတော့ စုတ်စုတ်ပြတ်ပြတ်နဲ့ ခြေကုန်လက်ပန်းကျနေသည့်ပုံစံ ပေါက်နေသည်။ သူမဆီက ဂရုဏာသက်မှုကိုလိုချင်သဖြင့် တမင်သက်သက် သရုပ်ဆောင်နေတာဖြစ်မှန်း သိသာလွန်းပါသည်။

“ကျွန်မကိုလွှတ်!”။ လင်းယုရှန်းက သူမလက်ကို ဆွဲခါဖို့ ကြိုးစားပါသည်

ချူးဟမ့်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လုံးဝ လွှတ်မပေးပါ။ “မလွှတ်ဘူး! လုံးဝ မလွှတ်ဘူး! ငါလွှတ်ပေးလိုက်ရင် မင်းထွက်ပြေးသွားမှာ ငါသိတယ်! မင်းနဲ့ ဘယ်တော့မှ ထပ်တွေ့ရမလဲ ကိုယ်မသိဘူး ယုရှန်း။ မင်းမရှိဘဲ ကိုယ်မနေနိုင်လို့ပါ။ ကျေးဇူးပြုပြီး ပြန်လာခဲ့ပါနော်”

“ပြန်မလာနိုင်ဘူး! ကွာရှင်းဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးပြီ! ရှင်ပြောချင်တာရှိရင် ကျွန်မရှေ့နေကို သွားပြော”

လင်းယုရှန်း၏ လက်တွေ နီရဲနေပါပြီ။ သို့သော်လည်း ချူးဟမ့်၏ လက်ထဲမှ ရုန်းမထွက်နိုင်သေးပါ။

ချူးဟမ့်ကတော့ လင်းယုရှန်း၏ နာကျင်မှုကို ဂရုမစိုက်ဘဲ သူမကို ဘယ်လောက်ချစ်ကြောင်းသာ ဆက်ပြောနေသည်။ “အဲ့ဒီနေ့က ကိုယ့်လုပ်ရပ်မှားမှန်း ကိုယ်သိပါပြီ! ဒါပေမယ့် ကုမ္ပဏီအတွက် ကိုယ်လုပ်ခဲ့တာပါ။ အဲ့ဒီ မိန်းမအပေါ် ကိုယ် ဘာခံစားချက်မှမရှိဘူး!”

… … …

All Chapters