← Chapters

အခန်း (၅၉၂+၅၉၃)

Vol. 24 Ch. 592+593

အခန်း (၅၉၂+၅၉၃)

Vol. 24 Ch. 592+593

“ဘာပဲဖြစ်ဖြစ် ကျွန်မ ခွင့်မလွှတ်နိုင်ဘူး! ဒါနောက်ဆုံးစကားပဲ!” လင်းယုရှန်း ပြတ်သားစွာ ပြောလိုက်ပါသည်။

ချူးဟမ့် ဆင်းရဲတာ၊ အစွမ်းအစမရှိတာ၊ လုပ်ငန်းတွေ မအောင်မြင်တာကို သူမ သည်းခံပေးနိုင်သည်။ သို့သော် ဒီလို ဖောက်ပြားမှုမျိုးကိုတော့ လုံးဝ သည်းမခံနိုင်ပေ။

“ယုရှန်း ကိုယ်တောင်းပန်ပါတယ်ကွာ! ကိုယ်တို့ ၂ နှစ်တာလုံး ပေါင်းဖက်လာတာ ဒီတိုင်း အဆုံးသတ်လိုက်တော့မှာလား။ ကိုယ်က ယောက်ျားအများစု လုပ်ဖူးတဲ့ အမှားမျိုးကိုပဲ လုပ်ခဲ့တာပါ။ ကိုယ့်ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့လို့ပါ!”

ချူးဟမ့်က ပြောပြောဆိုဆိုနဲ့ လင်းယုရှန်း၏ လက်ကိုဆွဲပြီး ကားထဲရောက်အောင် ခေါ်ဖို့ ကြိုးစားလေသည်။

ထိုစဉ် လူတစ်ယောက်က ချူးဟမ့်၏ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပါသည်။ ထို့နောက် အားဖြင့် ညှစ်လိုက်ရာ ချူးဟမ့် လက်တစ်ချောင်းလုံး နာကျင်သွားရသည်။

နာကျင်မှုကြောင့် လင်းယုရှန်းကို လက်ဆွဲထားတာပါ လွှတ်ပေးလိုက်ရပါသည်။

နောက်ဆုံးတော့ လင်းယုရှန်း သူ့လက်မှ လွတ်မြောက်သွားခဲ့သည်။ ထိုလူက လင်းယုရှန်းရှေ့မှာ ဝင်ရပ်ကာ ကာကွယ်ပေးလိုက်ပါသည်။

ချူးဟမ့် ထိုလူ့ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။ “မင်းဘာကောင်လဲကွ။ ငါ့နဲ့ ငါ့မိန်းမကိစ္စကို ဘာဝင်ရှုပ်တာလဲ”

“ခင်ဗျားတို့ ကွာရှင်းပြတ်စဲတော့မှာလို့ ကျုပ်ကြားလိုက်တယ်။ ပြီးတော့ ဒီအမျိုးသမီးက ခင်ဗျားရဲ့ ဇနီးမယား ဖြစ်နေရင်တောင် ဒီလို အကြမ်းဖက်ခွင့်မရှိဘူး”

ထိုလူ၏ အသံကော မျက်နှာကော တည်ငြိမ်အေးဆေးနေပြီး ဒေါသမထွက်ဘဲ အရှိန်အဝါကြီးမားလွန်းပါသည်။

“ဘာကို အကြမ်းဖက်တာလဲ။ မဟုတ်တာတွေ မပြောနဲ့။ ငါ့မိန်းမငါ အိမ်ပြန်ခေါ်နေတာ ဘာဖြစ်လဲကွ!”။

ထိုလူက ချူးဟမ့်၏ စကားကို အဖက်မလုပ်ဘဲ လင်းယုရှန်းဘက်သို့လှည့်ကာ မေးလိုက်သည်။ “လက်ကို ဆေးရုံသွားပြပြီး ဒဏ်ရာသက်သေယူဖို့ လိုသေးလား”

လင်းယုရှန်းက နီရဲနေသော သူမလက်ကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းကိုက်ကာ ခေါင်းခါလိုက်ပါသည်။ ကွာရှင်းပြတ်စဲဖို့အတွက် သူမတူလေး ရှာဖွေပေးထားသည့် သက်သေလုံလုံလောက်လောက် ရှိပြီးသား ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်”။ ထိုလူ့ကို လင်းယုရှန်း ကျေးဇူးတင်လိုက်ပါသည်။

“ရပါတယ်”။ ထိုလူ အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ သူ့အသံက သက်တမ်းရင့် ဝိုင်တစ်ခုလို အလွန် အရည်အသွေး ရှိလှသည်။ အပြုံးက တည်တံ့သော်လည်း နူးညံ့မှုရှိသည်။

ချူးဟမ့် ဒေါသထောင်းခနဲထသွားပြီး ထိုလူ့ကို သင်ခန်းစာပေးဖို့ ရှေ့တိုးလာပါသည်။ “လခွီးပဲ ခွေးသား! ငါ့မိန်းမနဲ့ ဝေးဝေးနေစမ်း!”

ချူးဟမ့် လက်သီးဖြင့် ပြေးထိုးလိုက်သော်လည်း ထိုလူက အလွယ်တကူ ရှောင်လိုက်ပါသည်။ ထို့နောက် ချက်ချင်းဆိုသလို အနောက်က ဘော်ဒီဂတ်တွေက ချူးဟမ့်ကို ဝိုင်းချုပ်လိုက်ကြသည်။

ချူးဟမ့် ကြက်သေသေသွား၏။ ဒေါသမိုးမွှန်နေသဖြင့် ထိုလူ့နောက်က ဘော်ဒီဂတ်အုပ်လိုက်ကြီးကို သူ မမြင်ခဲ့မိပါ။

ဒီလောက်များသည့် ဘော်ဒီဂတ်တွေကို ကြည့်ခြင်းအားဖြင့် ဒီလူ သာမန်မဟုတ်မှန်း သိနိုင်သည်။

ထိုစဉ် ချင်းအိမ်တော် ခြံတံခါးပွင့်သွားပြီး အဘိုးချင်း ထွက်လာကာ အပြုံးဖြင့် မေးလိုက်ပါသည်။ “မစ္စတာဟွော် ဒီနေ့ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”

ဟွော်… မစ္စတာဟွော်ဟုတ်လား

ထိုလူ့ကို အဘိုးချင်းခေါ်လိုက်သည့် ပုံစံအား ကြားပြီး ချူးဟမ့် မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒီတိုင်း လမ်းကြုံလို့ ဝင်လာတာပါ။ ကျွန်တော့် သားမျောက်လောင်းကိုလည်း အခြေအနေ လာကြည့်တာလေ” ဟွော်ချန်းယီက အပြုံးမပျက်ဘဲ ပြန်ဖြေလိုက်ပါသည်။

“သခင်လေးဟွော်က သိပ်ပြီး မဆိုးသွမ်းတော့ပါဘူး။ မျောက်လောင်းဆိုတဲ့နာမည်ကို စွန့်လွှတ်လိုက်လို့ရပြီ”။ အဘိုးချင်းက ဆိုသည်။

“ချင်းမိသားစုရဲ့ ကျေးဇူးတွေကြောင့်ပေါ့ဗျာ။ ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်”။ ဟွော်ချန်းယီ လေးလေးနက်နက် ကျေးဇူးတင်လိုက်ပါသည်။

“ကိစ္စမရှိပါဘူး။ ကလေးတွေအချင်းချင်း ခင်မင်နေကြတာပဲဥစ္စာ”။ အဘိုးချင်းက ကျိုးနွံစွာ ပြန်ပြောလိုက်သည်

“ရှင်က… ဟွော်… ဟွော်အုပ်စုရဲ့ စီအီးအိုဟွော်လား”။ ဟွော်ချန်းယီကို အံ့အားသင့်စွာ ကြည့်ရင်း လင်းယုရှန်း မေးလိုက်သည်။

ဟွော်ချန်းယီက လင်းယုရှန်းကို ငုံ့ကြည့်လိုက်ပြီး သူမ အံ့အားသင့်သွားစေမည့် စကားကို ပြောလိုက်ပါသည်။ “မင်းကတော့ ငယ်ငယ်တုန်းကအတိုင်း ကြောက်တတ်တုန်းပဲနော်”

… … …

အခန်း(၅၉၃) ပွင့်ထွက်သွားသော တံခါးကြီး

ငယ်ငယ်တုန်းက…

လင်းယုရှန်း ဇဝေဇဝါဖြစ်ကာ မျက်လုံးပြူးသွားသည်။

“ကျွန်မတို့ ငယ်ငယ်တုန်းက ဆုံဖူးလို့လား”

“ဆုံဖူးတာပေါ့”။ ဟွော်ချန်းယီ အပြုံးဖြင့် ပြောလိုက်သည်။ “ကိုယ့်ကို ခဲနဲ့တောင် ထုခဲ့သေးတယ်”

လင်းယုရှန်း မျက်နှာ ပိုပြီး အံ့အားသင့်သွားခဲ့ပါသည်။

ဟွော်ချန်းယီက ရယ်ရယ်မောမော ပြောလိုက်သည်။ “မင်းမမှတ်မိတာ မထူးဆန်းပါဘူး”

သူတို့နှစ်ယောက် ပျော်ပျော်ပါးပါး စကားပြောနေကြတာကို ချူးဟမ့် ဒေါသတကြီး ကြည့်နေရသည်။

အဲ့တာ ငါ့မိန်းမကွ! မကွာရှင်းရသေးဘူး! ငါ့ရှေ့မှာ ဒီလို ပရောပရည်လာလုပ်ရဲကြတယ်ပေါ့!

သို့သော်လည်း သူစိတ်လျှော့လိုက်ရသည်။ သူ့ရှေ့ကလူက တခြားသူမဟုတ်ဘဲ နာမည်ကျော် ဟွော်ချန်းယီ ဖြစ်နေတာကြောင့်ဖြစ်ပါသည်။

ဟွော်ချန်းယီနဲ့ ရင်းနှီးခွင့်ရလျှင် ဒီမိန်းမက ဘာတန်ဖိုးရှိတော့မည်နည်း။

“မစ္စတာဟွော်က ကျွန်တော့်မိန်းမနဲ့ ရင်းနှီးတာလားဗျ”။ ချူးဟမ့် မေးလိုက်ပါသည်။

လင်းမိသားစုက စီးပွားရေးပညာရှင်တွေမဟုတ်ကြသော်လည်း ယခင်တုန်းက အရှိန်အဝါကြီးသည့် မိသားစုတစ်စု ဖြစ်ခဲ့ဖူးသည်။ ငယ်စဉ်တုန်းက လင်းညီအစ်မနှစ်ယောက် မိဘတွေနဲ့အတူတူ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၏ ညစာစားပွဲတွေကို တက်ရောက်ဖူးတာ မဆန်းပါ။ ထိုအချိန်တုန်းက ဟွော်ချန်းယီနဲ့ ဆုံခဲ့တာဖြစ်နိုင်သည်။

ဟွော်ချန်းယီက ချူးဟမ့်ကို လျစ်လျူရှုလိုက်ပြီး အဘိုးချင်းကိုသာ လှည့်ပြောလိုက်ပါသည်။ “ကျွန်တော်လာလည်လို့ အဘိုးချင်းတို့မိသားစု အလုပ်ရှုပ်ရဦးမယ်ထင်တယ်”

“မဟုတ်တာ။ မစ္စတာဟွော်နဲ့ မစ္စလင်းတို့ အိမ်ထဲ ဝင်ကြပါ။ လက်ဖက်ရည်လေး ဘာလေး သောက်ကြရအောင်။ အရင်တစ်ခေါက်က ကျုပ်သမီးလေးတူးပေးထားတဲ့ ဂျင်ဆင်းတွေ ရှိသေးတယ်။ အဲ့ဒီဂျင်ဆင်းတွေနဲ့ လက်ဖက်ရည် တစ်အိုးတည်ထားတယ်”

သမီးဖြစ်သူအကြောင်း ပြောသောအခါ အဘိုးချင်း၏ မျက်နှာက ဂုဏ်ယူဝံ့ကြွားမှုဖြင့် တောက်ပနေတတ်သည်။

သူ့သမီးလေးတူးပေးတာ တန်ဖိုးကြီးဂျင်ဆင်းမဟုတ်ဘဲ မုန်လာဥတွေ ဖြစ်နေရင်တောင် အပျော်ပျက်မှာ မဟုတ်ပါ။

ထို့နောက် အဘိုးချင်းတို့ သုံးယောက်သား အိမ်ထဲ ဝင်သွားကြပါသည်။ ထိုအခါမှ ဘော်ဒီဂတ်တွေက ချူးဟမ့်ကို ပြန်လွှတ်ပေးလိုက်သည်။

ဘော်ဒီဂတ်တွေ လွှတ်ပေးလိုက်သောအခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မထားခဲ့သည့် ချူးဟမ့်တစ်ယောက် မြေပေါ် လဲကျသွားသည်။

အချိန်အတန်ကြာမှ ချူးဟမ့် ပြန်ထလာနိုင်ပါသည်။ ပုံစံက စုတ်ပြတ်နေသော်လည်း သူ့မျက်လုံးထဲ မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်လာခဲ့လေသည်။

--- --- ---

ချင်းမိသားစု စာကြည့်ခန်းထဲတွင် လုကျန်းယွီက စူစူလေးကို ရုပ်ပြစာအုပ် ဖတ်ပြနေပါသည်။

စာကြည့်ခန်းထောင့်တွင် ရပ်နေသည့် ဟွော်ထျင်းကတော့ အလွန်စိတ်ရှုပ်နေပါသည်။ သူ့ဘေးက ချင်းလောင်ယွင်မှာ အလွန်ဒေါသထွက်စရာ ကောင်းလွန်းသည်။

စူစူလေးကို ဟွော်ထျင်း စကားသွားပြောဖို့ ကြိုးစားတိုင်း ချင်းလောင်ယွင်က အနှောင့်အယှက် ပေးနေလေသည်။

“နင်ရူးနေလား။ တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ။ နင့်ဒေါ်လေးစူစူကို တစ်ယောက်တည်း အပိုင်သိမ်းထားလို့ ရမလား။ ပြီး‌တော့ ဘာလို့ ငါ့ကိုပဲ ပြဿနာလာရှာနေတာလဲ။ နင်သတ္တိတော်တော် ကောင်းနေရင် လုကျန်းယွီကိုလည်း ပြဿနာ သွားရှာလိုက်လေ!”။ ဟွော်ထျင်း မကျေမနပ် ပြောလိုက်ပါသည်။

သူ့တစ်ယောက်တည်းကိုပဲ ပြဿနာ လာလာရှာနေတာ! ဘေးမှာ လုကျန်းယွီရှိနေတာနဲ့တင် ဒေါသထွက်နေတာကို ချင်းလောင်ယွင်ကပါ လာပြီး ဒုက္ခလာပေးနေတယ်!

“ဟွန်း အဲ့တာ နင့်အပူမပါဘူး!”။ ချင်းလောင်ယွင်က ငတုံးမဟုတ်ပါ။ သူမဒေါ်လေးစူစူရဲ့ ရင်ထဲက ဟိုဘက်အိမ်က ကိုကြီးကို အနိုင်မယူနိုင်သေးမှန်း ချင်းလောင်ယွင် သိသည်။

သို့သော်လည်း ဟွော်ထျင်းကိုတော့ အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိပါသည်။

ဒေါ်လေးစူစူရဲ့ ရင်ထဲမှာ သူမက ဒုတိယအလိမ္မာဆုံး ကလေးလေး ဖြစ်ရမယ်!

“မရင့်ကျက်တဲ့ဟာမ!” ဟွော်ထျင်း ပွစိပွစိ ပြောလိုက်ပါသည်။ မျက်နှာပေါ်မှာလည်း ချင်းလောင်ယွင်ကို အမြင်ကတ်မှုများ ပေါ်လွင်နေသည်။

ဒါကိုကြားတော့ ချင်းလောင်ယွင်က စူစူလေးဆီ ပြေးသွားပြီး တိုင်တောလိုက်လေသည်။ “ဒေါ်လေးစူစူ သမီးကို ထျင်းထျင်းက မရင့်ကျက်တဲ့ဟာမလို့ ခေါ်တယ်”

“တွေ့လား တွေ့လား။ အဲ့ဟာမလေး ဘယ်လောက်မရင့်ကျက်လဲမြင်လား။ စကားလေးတစ်ခွန်း ပြောလိုက်မိတာနဲ့ အတိုင်အတောသွားထူတယ်။ အဲ့တာကို မရင့်ကျက်ဘူးလို့မခေါ်ရင် ဘာကို ခေါ်ရမလဲ!”။ ဟွော်ထျင်းက မကျေမနပ် ပြောလိုက်ပါသည်။

သူတို့ နှစ်ယောက် ထပ်သတ်ပုတ်ကြပြန်သည်။ မရင့်ကျက်ဘူးဟူသည့် စကားလုံးက နှစ်ယောက်စလုံးနဲ့ လိုက်ဖက်ပါသည်။

ထိုအချိန်တွင် စာကြည့်ခန်းတံခါးကြီး ဝုန်းခနဲမြည်ကာ ပွင့်ထွက်သွားခဲ့သည်။ တံခါးကြီးက သူမတို့ ၄ ယောက်ရှိရာထံသို့ လွင့်လာလေသည်။

စူစူလေးက ချက်ချင်းဆိုသလို လက်နှစ်ဖက်ဖြင့် ထိုတံခါးကြီးကို တားဆီးလိုက်ပါသည်။

… … …

All Chapters