အခန်း (၅၉၄+၅၉၅)
Vol. 24 Ch. 594+595
အခန်း(၅၉၄) လုကျန်းယွီကို သံသယဝင်ခြင်း (၁)
သို့သော်လည်း စူစူလေး ကိုယ့်အရပ်ကိုယ် ဘယ်လောက်ရှိမှန်း မေ့သွားခဲ့သည်။ သူမ လက်နှစ်ဖက်စလုံးကို ဆန့်တန်းထားရင်တောင် ဝှီးချဲပေါ်မှာထိုင်နေသည့် လုကျန်းယွီထက် သူမ အရပ်မရှည်ပါ။
လုကျန်းယွီ၏ ခေါင်းပေါ် တံခါးကြီး တည့်တည့်ပြုတ်ကျသွားတာကို သူမ ငေးကြည့်နေရသည်။
ရုတ်တရက် ထူးထူးဆန်းဆန်း အလင်းတန်းတစ်ခု ပေါ်လာပြီး တံခါးကြီးက ရုတ်ခြည်းဆိုသလို တစ်စစီ ပျက်စီးသွားလေသည်။
ကြမ်းပြင်ပေါ်မှာလည်း တံခါးအပိုင်းအစများ ပြန့်ကျဲသွား၏။
စူစူလေးလုပ်ဖူးသည့် ကြမ်းကြမ်းတမ်းတမ်းလုပ်ရပ်များကို အားလုံး မြင်ဖူးပြီးသားဖြစ်သဖြင့် ဒီလိုမြင်ကွင်းမျိုး မြင်လိုက်ရသည့်အခါ ဘယ်သူမှ မအံ့ဩကြတော့ပေ။ စူစူလေး၏ လက်ချက်သာ ဖြစ်မည်ဟု ထင်ခဲ့ကြသည်။
စူစူလေးက ပြုတ်ထွက်လာသည့် တံခါးကြီးကို ရိုက်ချိုးပြီး အားလုံးကို ကယ်တင်ခဲ့တာဖြစ်မည်။
သို့သော်လည်း စူစူလေးကတော့ ကျိုးပျက်သွားသည့် တံခါးကြီးကို အူတူတူ ကြည့်နေမိပါသည်။
တံခါးကို သူမ ရိုက်ချိုးမိလိုက်တာလား…။
ဒါပေမယ့် သူမလက်နဲ့တောင် မထိလိုက်ရပါဘူး…။
တံခါးကြီး ဘာလို့ အလိုလို ပျက်စီးသွားတာလဲ။
သူမ အစွမ်းအသစ်တွေ ထပ်ရသွားပြန်ပြီလား။
မဟုတ်သေးပါဘူး။ ဒီလိုအစွမ်းမျိုးရှိတဲ့အကြောင်းကို အဲ့ဒီနတ်ယုတ်မာကြီးလည်း တစ်ခါမှ ပြောမပြဖူးဘူး။
ထို့နောက် ဘေးက လုကျန်းယွီကို စူစူလေး လှည့်ကြည့်လိုက်သည်။ ခုနက ထူးထူးဆန်းဆန်း အလင်းရောင်တစ်ခုကို သူမ မြင်လိုက်ရပါသည်။ ထိုအလင်းရောင်က သူမကိုကြီးထံမှ ထွက်လာပုံရသည်…။
လုကျန်းယွီ၏ မျက်နှာထားကတော့ မပြောင်းလဲသေးဘဲ ဘာကိုမှ သတိထားမိပုံမပေါ်ပါ။ သူ့အကြည့်က တံခါးဝဆီမှာသာ ရှိနေသည်။ အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့ စောင့်ကြည့်ပေးထားသည့်ကြားက သူတို့ကို ဘယ်သူကများ တိုက်ခိုက်ရဲတာလဲဆိုတာ သိချင်နေသည်။။
ထိုစဉ် တံခါးဝမှာ ဟဲပေမူ ပေါ်လာခဲ့သည်။ သူ့ခြေဖျားနားမှာ ဟူကျစ်ကလည်း ခေါင်းမော့လျက် ရှိနေပါသည်။
--- --- ---
လွန်ခဲ့သော ၅ မိနစ်ခန့်က…
ဟဲပေမူတစ်ယောက် စူစူလေး၏ စာကြည့်ခန်းအပြင်ဘက်မှာ နံရံကိုမှီရင်း စောင့်ကြပ်ပေးနေပါသည်။ မျက်လုံးများကလည်း သိမ်းငှက်တစ်ကောင်လို စူးရှလွန်းသည်။
“မြောင်~”။ ဟဲပေမူအနားသို့ ဟူကျစ်ရောက်လာပြီး ဆက်တိုက် အော်နေလေသည်။
ဟဲပေမူ မကြားချင်ယောင် မမြင်ချင်ယောင် ဆောင်လိုက်ပါသည်။
လျစ်လျူရှုခံလိုက်ရသဖြင့် ဟူကျစ် မကျေနပ်ဘဲ ဟဲပေမူ၏ ဖိနပ်ကို ကိုက်ကာ အခန်းဆီ အတင်းဆွဲခေါ်သည်။ စာကြည့်ခန်းထဲမှာ အားလုံးနဲ့တူတူ ဟဲပေမူကို ရှိနေစေချင်တာကြောင့် ဖြစ်ပါသည်။
ဟဲပေမူက မသွားချင်ပါ။ ခက်ထန်သော မျက်နှာဖြင့် ဟူကျစ်ကို ခါထုတ်ဖို့ ကြိုးစားသည်။
သို့သော်လည်း သခင်ကြီးဟူကျစ်၏ အမိန့်ကို မလွန်ဆန်သင့်ကြောင်း ဟူကျစ်က အလုပ်ဖြင့် ဆုံးမလိုက်ပါသည်။
ဟဲပေမူခြေထောက် ဆောင့်ဆွဲခံလိုက်ရပြီး ကြမ်းပြင်နဲ့ မျက်နှာ မိတ်ဆက်တော့မလို ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် ဟဲပေမူက ခန္ဓာကိုယ်ကြံ့ခိုင်သူဖြစ်တာကြောင့် လဲကျခါနီးတွင် ကြွက်သားများကို အသုံးပြုပြီး ဟန်ချက် ပြန်ထိန်းလိုက်ပါသည်။
“မြောင်~”
ဒီလူငမိုက်သားကတော့… ဘယ်တော့မှ သင်ခန်းစာရမှာလဲ! ဆွဲခေါ်တာတောင် မလိုက်ချင်ဘူး!
ဟဲပေမူ ဟန်ချက်ပြန်ထိန်းပြီးနောက် ဟူကျစ်ကို သတိပေးလိုက်သည်။ “ဒီလိုထပ်မလုပ်နဲ့နော်။ ထပ်လုပ်ရင် မင်းကို တစ်သက်လုံး မသိချင်ယောင် ဆောင်လိုက်မယ်”
“မြောင်…”။ ဟဲပေမူ သူ့ကိုခြိမ်းခြောက်နေတာဖြစ်ကြောင်း နားလည်သွားပြီး ဟူကျစ် ရပ်တန့်သွားသည်။
မာနကို ထိခိုက်လာသဖြင့် ဟူကျစ် ချက်ချင်း ဒေါသထွက်သွားပါသည်။
လူငမိုက်သားကများ ငါ့ကို အမိန့်လာပေးရဲတယ်ပေါ့!
မျက်ခွက်ကို ရိုက်မယ်! လည်မျိုကို ရိုက်မယ်! ခြေထောက်နဲ့ ကန်ပစ်လိုက်! ကိုင်ပေါက်လိုက်!
ဟဲပေမူက အသင့်ပြင်ထားပြီးသားဖြစ်သဖြင့် ဟူကျစ်၏ တိုက်ကွက်အားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။
သူ့တိုက်ကွက်တွေ တစ်ချက်မှ မထိတာကြောင့် ဟူကျစ် ဒေါသပိုကြီးသွားသည်။
ထို့နောက် ဟူကျစ် ရှိသမျှအားတွေ အကုန်စုကာ ဟဲပေမူကို ဒုံးပျံတစ်လုံးလို ခေါင်းဖြင့် ဝင်တိုက်လိုက်ပါသည်။
ဒီလိုနဲ့ တံခါးကြီး ပွင့်ထွက်သွားရသည့် အဖြစ်သို့ ရောက်ရှိလာရခြင်းဖြစ်သည်။
… … …
အခန်း(၅၉၅) လုကျန်းယွီကို သံသယဝင်ခြင်း (၂)
ဟူကျစ် အမှားလုပ်မိမှန်း နားလည်သွားသည်။ ထို့ကြောင့် စူစူလေးနား လျှောက်သွားပြီး စူစူလေးရဲ့ ခြေထောက်ကို ကျောဖြင့် ပွတ်သပ်ကာ ချွဲဖို့ ကြိုးစားလိုက်ပါသည်။
“မြောင်~”
သို့သော်လည်း စူစူလေးက လုကျန်းယွီကို ငေးကြည့်နေဆဲဖြစ်ပြီး ဟူကျစ်ကို သတိပ်င မထားမိပါ။
စူစူလေးရဲ့ မျက်နှာသေးသေးလေး မျက်မှောင်ကြုတ်သွားရ၏။
ခုနကအလင်းရောင်ကို… သူမ မြင်ဖူးသလိုပဲ…
လုကျန်းယွီကို စူစူလေး မေးလိုက်သည်။ “ကိုကြီး ခုနက အလင်းရောင်တွေ ဘယ်ကထွက်လာတာလဲ”
“အလင်းရောင်… ဘယ်ကအလင်းရောင်လဲ”။ လုကျန်းယွီ ကြောင်စီစီဖြစ်သွားပြီး စူစူလေးကို ပြန်မေးလိုက်ပါသည်။ စူစူလေးပြောတာကို သူတကယ် နားမလည်ပါ။
စူစူလေးက ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ကိုပါ လှည့်မေးလိုက်သည်။ “နင်တို့ကော မြင်လိုက်လား။ ခုနက အလင်းရောင်ကြီးလေ…”
ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ ပြိုင်တူ ခေါင်းခါလိုက်ပါသည်။ နှစ်ယောက်စလုံး စူစူလေးပြောသည့် အလင်းရောင်ကို မမြင်ခဲ့ကြပေ။ ခုနက နှစ်ယောက်သား သတ်ပုတ်နေကြသော်လည်း အခုတော့ အပြုအမူများက စည်းလုံးညီညွတ် သွားကြပါပြီ။
ဘယ်သူမှ မမြင်လိုက်ဘူးလား…
ဒါပေမယ့် သူမ မြင်လိုက်တာသေချာတယ်…
အဲ့ဒီအလင်းရောင်ကို… နတ်ယုတ်မာကောင်ကြီးဆီမှာ မြင်ဖူးတယ်!!
ကိုကြီးနဲ့ နတ်ယုတ်မာကောင်နဲ့ ဘယ်လို ပတ်သတ်နေတာလဲ
“မြောင်~”။ ဟူကျစ်က ချွဲနေဆဲဖြစ်သည်။ သခင်ဖြစ်သူ လျစ်လျူရှုနေတာကိုမြင်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်ပါသည်။
ထိုအခါမှ ဟူကျစ်ကို စူစူလေး ငုံ့ကြည့်လိုက်သည်။
တံခါးကြီးပြုတ်သွားတာ ဟူကျစ်လက်ချက်ဖြစ်မှန်း သိလိုက်ရသဖြင့် စူစူလေးက ဟူကျစ်ကို ဂုတ်မှ ဆွဲမလိုက်ပါသည်။
“အကျင့်မကောင်းတဲ့ ဟူကျစ်! နင့်ကြောင့် ငါတို့ အကုန်ပိသေတော့မလို့! ဖင်ကို ရိုက်ပစ်ရမယ်!”။ စူစူလေး နှုတ်ခမ်းစူ ပါးဖောင်းကာ ဆူငေါက်လိုက်သည်။
“မြောင်~ မြောင်~”။ ဟူကျစ် ခေါင်းလေးငုံ့သွားသည်။ သူ့တင်ပါးလေးကို ချမ်းသာပေးဖို့ တောင်းပန်နေတာဖြစ်ပါသည်။
သို့သော်လည်း ဟူကျစ် တောင်းပန်တာ မအောင်မြင်ပေ။ စူစူလေးက ဟူကျစ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် တင်ပါးကို ၃ ချက် ရိုက်လိုက်သည်။
ဖြန်း ဖြန်း ဖြန်း
“အီး…”။ ဟူကျစ် ငြိမ်ကျသွား၏။ သူများတွေရှေ့မှာ တင်ပါးကို အရိုက်ခံရတာ သိက္ခာတွေတော့ ကျပါပြီ။
အထူးသဖြင့် တံခါးဝမှာ ရပ်ကြည့်နေသည့် ဟဲပေမူကို မြင်သောအခါ ဟူကျစ် ပိုရှက်သွားသည်။
ကြောင်စကား နားမလည်ရင်တောင် ဟူကျစ်၏ မျက်နှာကို ဟဲပေမူ ဖတ်တတ်ပါသည်။
ဟဲပေမူ ရင်ထဲ ရုတ်တရက် ဂရုဏာသက်သွား၏။ ဒီလောက်သနားစရာကောင်းသည့် မျက်နှာလေးကို လျစ်လျူရှုဖို့ ခက်ပါသည်။
သို့သော်လည်း ဟဲပေမူ စိတ်အမြန်ပြန်ထိန်းလိုက်သည်။ ဒီကြောင်က သာမန်ကြောင် မဟုတ်ပါ။ တံခါးကြီးတစ်ချပ်ကိုတောင် တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်သည့် ကြောင်ဖြစ်သည်။ သူသာ အမြန်မရှောင်လိုက်ပါက ထိုတံခါးနေရာမှာ သူဖြစ်သွားနိုင်သည်။
ထို့ကြောင့် ဒီလိုအပြစ်ပေးခံရဖို့ ထိုက်တန်သည်။ သနားစရာမလိုပေ။
“အီး…”။ ဟဲပေမူ၏ အကြည့်ကို မြင်ပြီး ဟူကျစ် လေလျော့သွားသော ပူပေါင်းလို တွန့်လိမ်သွားလေသည်။
ဟူကျစ်ကို အပြစ်ပေးပြီးနောက် ခုနက မြင်လိုက်ရသည့် အလင်းရောင်အကြောင်း စူစူလေး ပြန်စဉ်းစားလိုက်ပါသည်။
ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီအလင်းရောင်ကို မြင်ဖူးနေတယ်…။
ဧကန္တ သူမရဲ့ကိုကြီးက အဲ့ဒီနတ်ယုတ်မာနဲ့ တကယ်ကြီး ပတ်သတ်နေတာများလား။
“စူစူလေး ဘာဖြစ်နေတာလဲ”
ဟူကျစ်ကို ကိုင်ထားပြီး ရီဝေနေသည့် စူစူလေးကို မြင်ကာ လုကျန်းယွီ စိတ်ပူသွားသည်။
စူစူလေး အတွေးလွန်နေသဖြင့် လုကျန်းယွီ၏ စကားကိုတောင် မကြားပါ။
လုကျန်းယွီ မျက်မှောင်ကြုတ်သွားသည်။ ခေါ်တာကို မကြားရလောက်အောင် စူစူလေး အတွေးများနေတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
စူစူလေး၏ မျက်နှာက အလွန်ခံစားချက်မဲ့နေပြီး အလွန်ခက်ခဲသည့် ပြဿနာတစ်ခုကို ကြုံတွေ့နေရသည့်ပုံစံ ပေါက်နေသည်။
စူစူလေးရဲ့ မျက်နှာထားကြောင့် ဟူကျစ်လည်း လန့်သွားသည်။ ဟူကျစ်အရိုက်ခံရသဖြင့် စူစူလေးကို ၃ မိနစ်လောက် မခေါ်ဖို့ ဆုံးဖြတ်ထားသည်။ သို့သော် စူစူလေး ကြောင်တောင်တောင်ဖြစ်နေတာကို မြင်ပြီး ဟူကျစ် ထိတ်လန့်သွားပါသည်။
“မြောင်~ မြောင်~”။ စူစူလေးကို ဟူကျစ် အော်ခေါ်လိုက်ပါသည်။
သူမှားမှန်းသိပါပြီ။ စိတ်မဆိုးပါနဲ့တော့…။
… … …