အခန်း (၅၉၆+၅၉၇)
Vol. 24 Ch. 596+597
အခန်း(၅၉၆) လုကျန်းယွီကို သံသယဝင်ခြင်း (၃)
ဟူကျစ်၏ ဆူညံသံများကြောင့် စူစူလေး အတွေးကမ္ဘာထဲမှ လွတ်မြောက်လာခဲ့ပါသည်။
“ဟူကျစ် အော်မနေနဲ့! ငါစဉ်းစားလို့မရတော့ဘူး!”။ စူစူလေး ညည်းတွားလိုက်သည်။
သူမရဲ့ ဦးနှောက်က နဂိုကတည်းက ပြည့်လျှံနေတာဖြစ်သည်။ ဟူကျစ်၏ သောင်းကျန်းမှုများကြောင့် ပိုလို့တောင် ခေါင်းစားသွားသည်။
ဟူး… ဒီလောက်စဉ်းစားထားရတာကို!
“မြောင်~”။ သူမှားမှန်းသိပါပြီ။ စိတ်မဆိုးပါနဲ့တော့!
“အေးပါ အေးပါ။ စိတ်မဆိုးတော့ဘူး။ နင့်ဖင်နင် သွားအနားပေးလိုက်ဦး”
ထို့နောက် ဟဲပေမူလက်ထဲ ဟူကျစ်ကို ထည့်ပေးလိုက်သည်။ “ဘော်ဒီဂတ်အစ်ကိုကြီး။ ဟူကျစ်ကို စောင့်ကြည့်ထားပေးပါ။ သူထပ်ဆိုးရင် ငါ့ကိုလာပြော! ဖင်ကို ထပ်ရိုက်ပစ်မယ်!”
“မြောင်…”။ ဟူကျစ်သနားစရာကောင်းစွာ ညည်းတွားလိုက်ပါသည်။
ပြဿနာ မရှာရဲတော့ပါဘူး။ သခင်ရိုက်တာကိုခံရတာ ကြောက်ဖို့ကောင်းလွန်းလို့…။
“အင်း”။ ဟဲပေမှု ခေတ္တတွန့်ဆုတ်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။
တကယ်တော့ ဒီကြောင်ကို ထိန်းကြောင်းဖို့ သူလက်မခံသင့်ပါ။ သို့သော် ဟူကျစ်ရဲ့ သနားစရာကောင်းသော အသံလေးနဲ့ မျက်နှာလေးကို မြင်ပြီး…
ကြောင်တစ်ကောင်အတွက် ဘာကြောင့် စိတ်မကောင်းဖြစ်နေမိတာလဲ ဟဲပေမူ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့ပေ။ အထူးသဖြင့် ဒီကြောင်က အကြမ်းပတမ်းကြောင်ဖြစ်နေတာကြောင့် ပိုလို့တောင် စိတ်မကောင်း မဖြစ်သင့်ပါ။
ဟူကျစ်တို့ ပြဿနာကို ဖြေရှင်းပြီးနောက် လုကျန်းယွီက စူစူလေးကို ထပ်မေးလိုက်သည်။ “စူစူလေး ပြဿနာ တစ်ခုခု ရှိလို့လား။ ကိုကြီးတို့ကို ပြောပြလေ။ ဝိုင်းစဉ်းစားပေးမှာပေါ့”
“ဟုတ်တယ် ဟုတ်တယ်! ငါတို့ကို ပြောပြ! ငါမစဉ်းစားတတ်ရင် တခြားသူတွေကို သွားစဉ်းစားခိုင်းမယ်!”။ ဟွော်ထျင်းကလည်း ချက်ချင်း ထောက်ခံလိုက်ပြီး ရင်ဘတ် ပုတ်ပြလိုက်ပါသည်။
“သမီးလည်း ကူညီမယ်!”။ ချင်းလောင်ယွင်လည်း အမြန်ဝင်ပြောလိုက်သည်။ သူများတွေနောက် ကျန်ခဲ့လို့ မဖြစ်ပါ။
လုကျန်းယွီကို စူစူလေး စိုက်ကြည့်လိုက်သည်။
ကိုကြီးက အရမ်းချောတာ… အနံ့လေးကလည်း မွှေးနေတာပဲ အပြုံးကလည်း လှတယ်…
ကိုကြီးက သူမကို ကန်ထုတ်လိုက်တဲ့ နတ်ယုတ်မာနဲ့ လုံးဝ မတူဘူး!
သို့သော်လည်း နတ်ယုတ်မာကြီးဆီမှာ ထိုအလင်းရောင်ကို မြင်ဖူးတာ သေချာသည်။
စူစူလေး စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်ပါသည်။
ထိုစဉ် စူစူလေးတစ်ခုခုကို ရုတ်တရက်စဉ်းစားမိသွားပြီး စာကြည့်ခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းလာသည်။ ထို့နောက် နောက်ဖေးခြံသို့ ထွက်လာခဲ့ပါသည်။
“ဦးလေးပိုင်ဟူကျစ်! သမီးမေးစရာရှိတယ်!”။ ဆေးပင်တွေကို မြေဩဇာကျွေးနေသည့် ဆရာကြီးရှုယီအား စူစူလေးက ဆေးပင်စိုက်ခင်းထဲမှာ မတ်တပ်ရပ်ပြီး လှမ်းခေါ်လိုက်ပါသည်။
စူစူလေး၏ ချိုမြိန်သော အသံကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ဆရာကြီးရှုယီ လက်ထဲမှာကိုင်ထားတာတွေ အကုန်ပစ်ချပြီး စူစူလေးဆီ တန်းပြေးသွားခဲ့သည်။
“စူစူလေး~”။ စူစူလေးဆီ ရောက်သောအခါ ချက်ချင်း ပွေ့ချီလိုက်ပါသည်။ “စူစူလေးက ဘာမေးချင်လို့လဲ”
“တကယ်လို့ နတ်ယုတ်မာကောင်လည်း လူဖြစ်သွားတယ်ဆိုရင် သမီးဘယ်လိုလိုက်ရှာရမလဲ”။ စူစူလေးက မေးလိုက်သည်။
“ဟင်… သူလည်း… လူဖြစ်သွားတယ်လို့ ပြောချင်တာလား”။ ဒါကိုကြားတော့ ဆရာကြီးရှုယီ အံ့အားသင့်သွားသည်။
စူစူလေးပြောတဲ့ နတ်ယုတ်မာကောင်ဆိုတာ…
“ဦးလေးပိုင်ဟူကျစ်ကတော့ နောက်နေပြန်ပြီ။ သမီးမသိလို့ လာမေးတာကို!”
“ဪ အ-အင်း… သူ့ကို ဘယ်လိုရှာရမလဲဆိုတော့”။ ဆရာကြီးရှုယီ စဉ်းစားလိုက်သည်။
“ဦးလေးပိုင်ဟူကျစ် ရှာတတ်လား”။ စူစူလေး မေးလိုက်သည်။
“အဲ့ဒီမေးခွန်းက… နည်းနည်းဖြေရခက်တယ်”။
ဆရာကြီးရှုယီ စိတ်ထဲမှ တွေးလိုက်သည်။
သူသာ တကယ် လူဖြစ်သွားပြီး ဘယ်သူမှ မသိအောင် ပုန်းနေချင်တယ်ဆိုရင် ဘယ်သူက ရှာနိုင်မှာလဲ။
“ဦးလေးပိုင်ဟူကျစ်လည်း မသိဘူးပေါ့”။ စူစူလေး၏ မျက်နှာလေး စိတ်ပျက်အားလျော့သွားပါသည်။
ဦးလေးပိုင်ဟူကျစ်ပါ မသိလျှင် သူမ ဘာမှမလုပ်နိုင်တော့ပါ။
“ဒါပေမယ့် စူစူလေး လက်သီးနဲ့ ထိုးကြည့်လိုက်လေ။ စူစူလေး လက်သီးနဲ့ ထိုးလိုက်လို့ သူဘာမှ မဖြစ်ဘူးဆိုရင် အဲ့ဒီလူက နတ်ယုတ်မာကောင် ဖြစ်နိုင်ချေရှိတယ်”။ ဆရာကြီးရှုယီ အကြံပေးလိုက်ပါသည်။
… … …
အခန်း(၅၉၇) ကိုကြီးက နတ်ယုတ်မာဖြစ်နေမလား စမ်းသပ်ဖို့ (၁)
သူသိသလောက်တော့ စူစူလေး အားအပြည့်နဲ့ထိုးတာကို ခံနိုင်သူဆိုလို့ ထိုလူတစ်ယောက်တည်းသာ ရှိလောက်မည်။
“မဖြစ်ဘူး မဖြစ်ဘူး”။ စူစူလေး ခေါင်းအမြန်ခါလိုက်ပါသည်။ “ဦးလေးပိုင်ဟူကျစ်ကတော့ တုံးပြန်ပြီ။ တကယ်လို့ သူမဟုတ်ရင် သမီးထိုးလိုက်လို့ သေသွားမှာပေါ့”
လုကျန်းယွီကို သူမ ထိုးပစ်လိုက်သည့် မြင်ကွင်းအား စူစူလေး မြင်ယောင်ကြည့်လိုက်သည်။
လုကျန်းယွီ သွေးတွေ သီးပြီး ကြမ်းပြင်ပေါ်လဲကျသွားလိမ့်မည်။ ထို့နောက် ခန္ဓာကိုယ် ဆန့်တငင်ငင်ဖြစ်ကာ သွေးတွေ ထပ်အန်လိမ့်မည်။ ထို့နောက် သူ လှုပ်ရှားတော့မှာ မဟုတ်ပါ။ သူမ ဘယ်လောက်ပဲ အော်ခေါ်ပါစေ ပြန်ထူးတော့မှာ မဟုတ်ပါ။
“ဪ ဟုတ်သားပဲ…”။ ဆရာကြီးရှုယီ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပါသည်။
“ဦးလေးပိုင်ဟူကျစ်မှာ တခြားအကြံမရှိတော့ဘူးလား”။ စူစူလေးက ထပ်မေးသည်။
“အကြံတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် စမ်းသပ်ဖို့ ခက်လိမ့်မယ်…”။ ဆရာကြီးရှုယီ သေချာစဉ်းစားပြီး ထိုလူ့ရဲ့ သရုပ်မှန်ကို သိနိုင်မည့် နည်းလမ်းတစ်ခုအား တွေးမိသွားပါသည်။
“ဘာနည်းလမ်းလဲ”။ စူစူလေး မျက်လုံးများ အရောင်လက်သွားလေသည်။
“အောင်မယ်လေး… ထားလိုက်ပါတော့။ စမ်းသပ်ဖို့ ခက်ပါတယ်။ ဒီတိုင်း မေ့လိုက်ရအောင်”။ ဆရာကြီးရှုယီ သေချာ ပြန်စဉ်းစားပြီး စူစူလေးကို ပြောမပြဖို့ ဆုံးဖြတ်လိုက်သည်။
စူစူလေးက ငယ်ငယ်လေးပဲရှိသေးတာ…။ ချစ်ဖို့ကောင်းပြီး ဖြူလည်း ဖြူစင်တယ်။
ပြီးတော့ နတ်သားရဲ သက်တမ်းနဲ့တွက်ရင်တောင် နတ်သားရဲပေါက်စလေးပဲ ရှိသေးတာ!
ဒီလိုနည်းလမ်းတွေ သင်ပေးလို့ ဖြစ်ပါ့မလား။
မဖြစ်ဘူး လုံးဝ မဖြစ်ဘူး!
“ဦးလေးပိုင်ဟူကျစ် သမီးကို မချစ်တော့ဘူးလား”။ စူစူလေးက မေးသည်။
“မဟုတ်တာ ဘာလို့ မချစ်ရမှာလဲ!”။ ဆရာကြီးရှုယီ ချက်ချင်း ပျာယာခတ်သွားပြီး လက်မြှောက်ကာ ကောင်းကင်ဘုံကို တိုင်တည်လိုက်ပါသည်။ “ကျုပ်ဘဝမှာ အချစ်ဆုံးက စူစူလေးပါပဲ! လိမ်ညာနေတာဆိုရင် မိုးကြိုး ၅ ခါလောက် ပစ်ပါစေ!”
ကောင်းကင်ကြီးက ကြည်လင်နေပြီး ဘာမိုးကြိုးမှ မပစ်ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာကြီးရှုယီ လိမ်ညာနေတာ မဖြစ်နိုင်ပေ။
“ဟုတ်ပြီ။ သမီးကို ချစ်ရင် ပြောပြ။ မပြောရင် ဦးလေးပိုင်ဟူကျစ်ကို သမီးမချစ်တော့ဘူး”။ စူစူလေး ပြောလိုက်သည်။
“ဟင်”။ ဆရာကြီးရှုယီ ထိတ်လန့်သွား၏။ စူစူလေးရဲ့ ကလေးဆန်သော မျက်နှာလေး၊ မျက်လုံးပြူးပြူးလေးများကို ကြည့်ရင်း သူတွေးလိုက်သည်။
ဒီကလေးမလေး တစ်နေ့ထက်တစ်နေ့ ဘာလို့ ပြောရဆိုရခက်လာတာလဲ။
ငယ်ငယ်တုန်းကဆို လှည့်စားဖို့ အရမ်းလွယ်ခဲ့တာ!
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် စူစူလေးရဲ့ အကြည့်တွေကို ဆရာကြီးရှုယီ ခံနိုင်ရည် မရှိတော့ပေ။
“ဟုတ်ပါပြီ… ငါကြားဖူးတာတော့ အဲ့ဒီလူရဲ့ နှလုံးသား လှုပ်ရှားသွားရင် ကောင်းကင်ဘုံလို ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာမယ်တဲ့။ ဒါပေမယ့် မှန်သလားဆိုတာတော့ မသေချာဘူးနော်။ ဘယ်သူမှလည်း အဲ့ဒီဖြစ်ရပ်ကို မမြင်ဖူးကြဘူး”။ ဆရာကြီးရှုယီက ရှင်းပြလိုက်သည်။
ဒီနည်းလမ်းက မဖြစ်နိုင်သော ကိစ္စဖြစ်တာကြောင့် စူစူလေးကို ပြောပြလည်း ဘာမှမထူးဘူးဟု ဆရာကြီးရှုယီ တွေးလိုက်ပါသည်။
“ဘာက လှုပ်ရှားသွားရင်…”။ စူစူလေး ထပ်မေးလိုက်သည်
“အဲ့တာက… အမ်း… သူသဘောကျတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို နမ်းလိုက်ရင် နှလုံးသား တဒုတ်ဒုတ်နဲ့ အခုန်မြန်လာမှာကို ပြောတာ…”
ဆရာကြီးရှုယီက “လှုပ်ရှားသွားရင်”ဟူသည့် စကားလုံးကို စူစူလေး နားလည်အောင် အကျယ်ဖွင့်ပြလိုက်သည်။
ဆရာကြီးရှုယီ၏ စကားကိုကြားပြီးနောက် စူစူလေး အတွေးများ နက်ရှိင်းသွားပါသည်။
‘သဘောကျသည်’ဟူသည့် စကားလုံးကို စူစူလေး နားလည်ထားတာ အလွန်ကျယ်ပြန့်သည်။ သူမ ဖေဖေနဲ့ မေမေကို သဘောကျသည်။ သူမရဲ့ အစ်ကိုကြီးတွေနဲ့ တူလေးတွေကိုလည်း သဘောကျသည်။ သူမရဲ့ သူငယ်ချင်းတွေကိုလည်း သဘောကျပါသည်။
သူမထင်နေသည့် ‘သဘောကျခြင်း’နဲ့ ဆရာကြီးရှုယီပြောသည့် ‘သဘောကျခြင်း’တို့က မတူညီပါ။
ဆရာကြီးရှုယီက ဆက်ပြောသည်။ “ဒါပေမယ့် စူစူလေး ဘာမှ သိပ်မတွေးနဲ့နော်။ အဲ့ဒီနတ်ယုတ်မာကောင် ဒီကို ဆင်းလာတာ မဖြစ်နိုင်ပါဘူး။ သူ့မှာ တာဝန်ဝတ္တရားတွေ အများကြီးရှိတယ်။ စူစူလေး သူ့ကို သတိရရင် ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး အရွယ်ရောက်လာအောင်လုပ်။ စူစူလေး အရွယ်ရောက်လာပြီး အစွမ်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားရင် သူ့ကို သွားတွေ့လို့ရပြီ”
ထိုနတ်ယုတ်မာဆိုသူကို စူစူလေး သတိရနေတာဖြစ်မည်ဟု ဆရာကြီးရှုယီ ယူဆလိုက်သည်။ ထို့ကြောင့် သူ့ကို ဒီလိုမေးခွန်းမျိုး လာမေးတာ ဖြစ်ပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် စူစူလေးရဲ့ နတ်သားရဲမိဘတွေက သူမ အသက် ၁ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပြီး စူစူလေးကို စောင့်ရှောက်ပေးခဲ့တာ ထိုနတ်ယုတ်မာဆိုသူပဲ မဟုတ်လား။
… … …