အခန်း (၅၉၈+၅၉၉+၆၀၀)
Vol. 24 Ch. 598+599+600
အခန်း(၅၉၈) ကိုကြီးက နတ်ယုတ်မာဖြစ်နေမလား စမ်းသပ်ဖို့ (၂)
“သမီး ပိုသန်မာလာမှ ဖြစ်မယ်! ပြီးရင် သူ့ကို သွားကန်မယ်! ခြေထောက်တွေကို ကန်ရုံနဲ့ မကျေနပ်ဘူး! ဖင်ကိုပါ ပိတ်ကန်ရမယ်!”။ စူစူလေး လက်သီးဆုပ်လျက် မကျေမနပ် ပြောလိုက်ပါသည်။
ထိုနတ်ယုတ်မာကို သူမ လုံးဝ သတိမရပါ။ သူမကို ကန်ထုတ်လိုက်တဲ့ နတ်ယုတ်မာကို ဘာသတိရစရာလိုလို့လဲ။
“အဲ…”။ ဆရာကြီးရှုယီ နှုတ်ခမ်းတွန့်သွားသည်။
အဲ့ဒီကိစ္စကို စူစူလေး အခုထိ မမေ့သေးဘူးလား။ ဒီနတ်သားရဲမလေးက တော်တော်အငြှိုးကြီးတာပဲ!
“ဦးလေးပိုင်ဟူကျစ် သမီးသွားတော့မယ်။ ကိုကြီးတို့တွေ သမီးကို စောင့်နေတယ်!”။
သူမရဲ့ သူငယ်ချင်းတွေကို သေချာရှင်းမပြရသေးမှန်း စူစူလေးသတိရသွားပြီး ဆရာကြီးရှုယီပေါ်မှ ခုန်ချလိုက်ပါသည်။
ထို့နောက် အိမ်ပေါ်သို့ ခပ်သုတ်သုတ် ပြန်တက်သွားခဲ့သည်။
စူစူလေးကို ငေးကြည့်ရင်း ဆရာကြီးရှုယီ ခေါင်းတခါခါနဲ့ ပြုံးမိပါတော့သည်။
--- --- ---
စူစူလေး အပေါ်ထပ်သို့ ပြန်တက်လာသည်။ အခန်းထဲမှာ စူစူလေးနောက်လိုက်သင့်မလိုက်သင့်ကို ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ စကားများ ရန်ဖြစ်နေကြသည်။
“ဒေါ်လေးစူစူ ပျောက်သွားပြီ။ သူ့ကို သွားရှာရမယ်!”။ ချင်းလောင်ယွင်က ဆိုသည်။
“ဘာကို ပျောက်ရမှာလဲ။ ဒါသူ့အိမ်ဟဲ့!”။ ချင်းလောင်ယွင်ကို ကြည့်ကာ ဟွော်ထျင်း ဆွံ့အသွားပါသည်။ ဒီလောက် စိတ်ရှုပ်စရာကောင်းသည့် ကောင်မလေးမျိုး တစ်ခါမှ မမြင်ဖူးပါ။
“မသိဘူး။ သူ့ကို သွားရှာမယ်!”။
“နင့်ဖာသာနင်သွား ငါတို့ နှစ်ယောက်ကိုပါ ဆွဲမထည့်နဲ့!”
သူတို့ စကားများနေကြစဉ် စူစူလေး ပြန်ရောက်လာခဲ့သည်။
“ရန်မဖြစ်ကြနဲ့ ငါပြန်လာပြီ!”
“ဒေါ်လေးစူစူ!” ချင်းလောင်ယွင်က ဟွော်ထျင်းကို ချက်ချင်း လျစ်လျူရှုကာ စူစူလေး၏ လက်ကို ပြေးဖက်လိုက်ပါသည်။ စူစူလေး ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အလား။
“စူစူလေး တစ်ခုခုဖြစ်လို့လား”။ လုကျန်းယွီက မေးလိုက်သည်။
“အွန်း”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရကာ ခေါင်းခါလိုက်ပါသည်။ “ဘာမှမဖြစ်ပါဘူး။ သမီးဖာသာ လုပ်နိုင်တယ်!”
ကိုကြီးသာ တကယ် နတ်ယုတ်မာဖြစ်နေရင် သူမကို လှောင်ရယ်သွားမလား။
သူ့ကို မမှတ်မိလောက်အောင် ပျော့ညံ့သွားရသလားလို့ လှောင်ချင် လှောင်ဦးမှာ!
ဟွန်း! နတ်ယုတ်မာကောင်ကို ဒီလိုလှောင်ခွင့်ပေးလို့ မဖြစ်ဘူး!
“အင်းပါ။ အဲ့တာဆိုလည်း ပြီးတာပါပဲ”။ စူစူလေး၏ စကားကိုကြားပြီး လုကျန်းယွီ ဘာမှ ထပ်မမေးတော့ပါ။
“ကိုကြီး ကိုကြီး! ကိုကြီးကို တစ်ခုခုလုပ်ကြည့်မလို့!”။ စူစူလေးက လေးလေးနက်နက် ပြောလိုက်သည်။
“ဟင် ဘာလုပ်မှာလဲ”။ လုကျန်းယွီက ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။
“ကိုကြီးက အဲ့မှာပဲ ထိုင်နေ မလှုပ်နဲ့နော်”။ စူစူလေး တောင်းဆိုလိုက်ပါသည်။
လုကျန်းယွီ နူးနူးညံ့ညံ့ပြုံးလိုက်သည်။ “လှုပ်ချင်ရင်တောင် လှုပ်လို့ မရပါဘူး”
သူက လမ်းလျှောက်လို့မရသဖြင့် ဝှီးချဲပေါ်မှာ ထိုင်နေရတာဖြစ်သည်။
“ခေါင်းကိုလည်း လှုပ်လို့မရဘူး”။ စူစူလေး ထပ်ပြောသည်။
“အင်းပါ။ မလှုပ်ပါဘူး”။ စူစူလေးတောင်းဆိုတာဖြစ်သဖြင့် လုကျန်းယွီ သဘောတူလိုက်ပါသည်။ စူစူလေး ဘာတွေ လုပ်ဖို့ကြံနေတာလဲဆိုတာကိုတော့ သူနားမလည်ပေ။။
လုကျန်းယွီက ဘာမှ မမေးသော်လည်း ဟွော်ထျင်းကတော့ မနေနိုင်ပါ။ “စူစူလေး နင်ဘာလုပ်မလို့လဲ။ သူ့ကို ဘာလို့ မလှုပ်ခိုင်းတာလဲ”
“ဟုတ်တယ် ဒေါ်လေးစူစူ။ ဘာကစားနည်း ကစားမလို့လဲ။ သမီးလည်း ကစားချင်တယ်!”။ ချင်းလောင်ယွင်ကလည်း ဝင်ပြောလိုက်သည်။
သူမလည်း ပါချင်သည်။
“ထျင်းထျင်း စိတ်မပူနဲ့။ ငါအဖြေရှာစရာရှိလို့။ ယွင်ယွင်လည်း စိတ်မပူနဲ့ ငါကစားမလို့မဟုတ်ဘူး။ အရေးကြီးကိစ္စ လုပ်မလို့။ ကစားခါနီးကျရင် ခေါ်လိုက်မယ်နော်”
“အွန်း အွန်း။ ဒေါ်လေးစူစူ ပြောတာ နားထောင်မယ်။ လိမ်လိမ်မာမာနဲ့ တိတ်တိတ်လေး နေပေးမယ်”။ ချင်းလောင်ယွင် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ပါသည်။
ဟွော်ထျင်းက မျက်စောင်းထိုးလိုက်သည်။
မပြောချင်လည်း မပြောနဲ့ပေါ့။ ဘာဖြစ်လဲ။ ငါမနာလိုဖြစ်နေတာမှ မဟုတ်တာ။ လုကျန်းယွီဆိုတဲ့ကောင်ကို ငါလုံးဝ မနာလိုမဖြစ်ဘူး!
ဟွော်ထျင်းလည်း ချင်းလောင်ယွင်လိုပဲ ပါးစပ်ပိတ်သွားခဲ့သည်။
ထို့နောက် လုကျန်းယွီကို စူစူလေး ပြန်ကြည့်လိုက်ပါသည်။
စူစူလေး ခြေဖျားထောက်လျက် လုကျန်းယွီနား ကပ်လာခဲ့သည်။ တဖြည်းဖြည်း ပိုပြီး နီးကပ်လာခဲ့သည်…။
… … …
အခန်း(၅၉၉) ကိုကြီးက နတ်ယုတ်မာဖြစ်နေမလား စမ်းသပ်ဖို့ (၃)
နည်းနည်းလေး… နည်းနည်းလေးပဲ…
မကြာခင် သူ့နားရောက်တော့မယ်…
“အောင်မယ်လေး”
စူစူလေး ထင်မှတ်ထားသလို အောင်အောင်မြင်မြင် မနမ်းနိုင်ခဲ့ပါ။ ထို့အပြင် ဘာကောင်းကင်ဘုံ အဖြစ်အပျက်မှလည်း ဖြစ်မလာပါ။ ထို့အစား လုကျန်းယွီရဲ့ ပေါင်ပေါ် စူစူလေး မျက်နှာနဲ့ ချော်ကျသွားသည်။
လုကျန်းယွီကို စူစူလေး နမ်းဖို့ အနားကပ်လိုက်စဉ် ဟန်ချက်ပျက်သွားသဖြင့် လုကျန်းယွီ၏ ပေါင်ပေါ် မျက်နှာနဲ့ ပြုတ်ကျသွားခဲ့တာဖြစ်သည်။
လုကျန်းယွီရဲ့ပေါင်နဲ့ သူမ မျက်နှာနဲ့ ရိုက်မိသောအခါ ဘုတ်ခနဲ အသံမြည်သွားပါသည်။
“စူစူလေး”။ သူ့ခြေထောက်ပေါ် မျက်နှာနဲ့ ရိုက်မိသည့် စူစူလေးအား လုကျန်းယွီ စိတ်ပူစွာ ကြည့်လိုက်သည်။
သူ့မျက်နှာလေး ဘာဖြစ်သွားသေးလဲ။
နာသွားမယ့်ပုံပဲ။
ဆေးကုသမှုများကြောင့် လုကျန်းယွီ၏ ခြေထောက်က ခံစားချက် အနည်းငယ် ရှိလာသည် ဆိုရုံသာဖြစ်သဖြင့် နာကျင်မှု အနည်းငယ်သာ ခံစားရသည်။
သူသာ ဒီလောက် နာကျင်မှုခံစားလိုက်ရလျှင် စူစူလေးသာဆို အများကြီးနာကျင်သွားမှာပဲ…။
ဟွော်ထျင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ “ဟိုကောင်မလေး နင်ဘာလုပ်နေတာလဲ”
လုကျန်းယွီရဲ့ ပေါင်ကို မျက်နှာနဲ့ ဘာလို့ ရိုက်နေတာလဲ။
ဘယ်လို ကြောင်တောင်တောင် ကစားနည်းကြီးလဲ။
လုကျန်းယွီ ခြေထောက်တွေ ပြန်ကောင်းလာအောင် ယဇ်ပူဇော်နေတာများလား။
ချင်းလောင်ယွင်လည်း မျက်လုံးပြူးသွားကာ စူစူလေးကို မေးလိုက်သည်။ “ဒေါ်လေးစူစူ အဆင်ပြေရဲ့လား”
စူစူလေးနား ပြေးသွားချင်သော်လည်း မှာထားတာကို သတိရသွားပြီး ချင်းလောင်ယွင် လိမ်လိမ်မာမာနဲ့ ရပ်နေလိုက်ပါသည်။
စူစူလေးကို သုံးယောက်သား ကြောင်စီစီ ကြည့်နေကြစဉ် စူစူလေးက လက်ဖြင့်အားပြုပြီး ခေါင်းပြန်မော့လာပါသည်။
ဟူး… တော်သေးတာပေါ့။ သူ့မျက်နှာလေး ဘာမှဖြစ်မသွားလို့…။
စူစူလေးလည်း ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်လိုက်သည်။ ဟူး… တော်သေးတာပေါ့။ ငါ့မျက်နှာလေး ဘာမှဖြစ်မသွားလို့။
ထို့နောက် လုကျန်းယွီကို စူစူလေး မော့ကြည့်လိုက်ပြီး လက်ကို အသုံးပြုကာ သူမရဲ့ ဦးခေါင်းနဲ့ လုကျန်းယွီရဲ့ ဦးခေါင်းတို့ အကွာအဝေးကို တိုင်းတာလိုက်ပါသည်။
သူမလက်ကို ဆန့်တန်းကြည့်ဖို့ ကြိုးစားသော်လည်း ကိုကြီးရဲ့ မျက်နှာကို မမှီသေးပါ။
ကိုကြီးကပဲ အရပ်ရှည်လွန်းနေတာလား ဒါမှမဟုတ် ဝှီးချဲကပဲ မြင့်လွန်းနေတာလာ မပြောတတ်ပါ။
ဒါမှမဟုတ် သူမကပဲ အရပ်ပုလွန်းနေတာများလား…
ဘယ်လိုပဲဖြစ်ဖြစ် ကိုကြီးသာ ခေါင်းငုံ့မပေးလျှင် သူ့ခေါင်းကို စူစူလေး မမှီနိုင်ပါ။
စူစူလေး ဘေးပတ်လည်ကို လျှောက်ကြည့်လိုက်ပြီဂ အခန်းထောင့်က ခုံပုလေးတစ်လုံးကို မြင်သွားသည်။ ထိုခုံပုလေးကို သွားယူကာ လုကျန်းယွီ ရှေ့မှာ ချလိုက်ပါသည်။
ခုံပုပေါ် တက်လိုက်ပြီး ခြေဖျားထောက်ကြည့်လိုက်သည်။
ဟင်… မဟုတ်သေးပါဘူး။
ကိုကြီးက မတ်တပ်ရပ်နေတာ မဟုတ်ဘဲ ဝှီးချဲပေါ်မှာထိုင်နေတာဖြစ်သည်။ ထို့ကြောင့် သူ့ခေါင်းက သူမအထက်မှာ မဟုတ်ဘဲ သူမရဲ့ ရှေ့တည့်တည့်မှာ ရှိနေတာဖြစ်ပါသည်။
ထို့အကြောင့် အရပ်ပိုရှည်သွားရုံနဲ့ မလုံလောက်ပါ။ ကိုကြီးရဲ့ မျက်နှာနဲ့ နီးအောင် ရှေ့ကိုလည်း ကုန်းရဦးမည်။
ဒီအနေအထားက ခက်ခဲလွန်းပါသည်။
စူစူလေး ခေါင်းကုတ်ရင်း အကြံတစ်ခုရသွား၏။ ကိုကြီးနားကို သူမ မကပ်နိုင်ရင် ကိုကြီးကို အနားကပ်ခိုင်းလိုက်တာ ပိုမလွယ်ဘူးလား။
“အဲ… ကိုကြီး ခေါင်းငုံ့ပေးပါလား”။ စူစူလေးက သတ္တိမွေးကာ လုကျန်းယွီကို တောင်းဆိုလိုက်သည်။
ခေါင်းငုံ့ရမယ်ဟုတ်လား…
စူစူလေး၏ တောင်းဆိုချက်ကို လုကျန်းယွီ နားမလည်ပါ။ သို့သော် စူစူလေးကို ယုံကြည်ပြီးသားဖြစ်သဖြင့် လုကျန်းယွီ ခါးကုန်းကာ စူစူလေးနဲ့ မျက်နှာချင်း နီးသွားအောင် ကပ်ပေးလိုက်သည်။
“ဒီလိုလား”။ လုကျန်းယွီက မေးသည်။
“ဟုတ်တယ် ဟုတ်တယ်! အဲ့လိုမျိုး” စူစူလေး စိတ်ကျေနပ်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။
ဒီလိုဆို ခြေဖျားထောက်လိုက်ရင် မှီသွားပြီ!
သူမရဲ့ မျက်နှာသေးသေးလေးနဲ့ လုကျန်းယွီရဲ့ မျက်နှာနား ကပ်လိုက်သည်။
စူစူလေးရဲ့ မျက်နှာ တဖြည်းဖြည်း နီးကပ်လာသောအခါ လုကျန်းယွီ မျက်မှောင်ကြုတ်သွားပြီး သံသယ ဖြစ်လာသည်။
“မွ!”
လုကျန်းယွီ၏ ပါးကို စူစူလေး ရုတ်တရက် နမ်းရှိုက်လိုက်ပါသည်။
အချိန်တွေ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
အခန်းထဲက ကလေး ၃ ယောက် ကြက်သေသေသွားသည်။
စူစူလေး… လုကျန်းယွီကို နမ်းလိုက်တာလား!
… … …
အခန်း(၆၀၀) ဂေါ်ဖီထုပ်လေးကို ဝက်စားသွားပြီ
လုကျန်းယွီ မျက်နှာ နီရဲတွတ်သွားသည်။
စူစူလေး… သူ့ကို ဘာလို့ နမ်းလိုက်တာလဲ။
လုကျန်းယွီ ရှက်လည်းရှက်သလို ဇဝေဇဝါလည်း ဖြစ်သွားသည်။ စူစူလေး ဒီလောက်ထိ အလုပ်ရှုပ်ခံခဲ့တာက သူ့ကို ဒီလို တစ်ခါလောက် နမ်းဖို့တဲ့လား…။
သို့သော်လည်း ဟွော်ထျင်းကတော့ အလွန်မနာလိုဖြစ်ကာ ဒေါသထွက်သွားသည်။ “ချင်းစူစူ နင်ဘာလုပ်နေတာလဲ။ အဲ့ကောင်ကို နမ်းဖို့အတွက် အဲ့လောက်ထိ အပင်ပန်းခံရလား!”
ဒီကောင်မလေးက ဘက်လိုက်လိုက်တာ!
အားလုံးက သူငယ်ချင်းတွေ မဟုတ်ဘူးလား။
ဘာလို့ လုကျန်းယွီကိုပဲ နမ်းတာလဲ။ သူနဲ့ အာပြဲစိန်မလေးကိုကျတော့ ဘာလို့ ပစ်ထားတာလဲ။
ချင်းလောင်ယွင် မျက်လုံးပြူးသွားသည်။ ထို့နောက် မျှော်လင့်တကြီး မေးလိုက်ပါသည်။ “ဒေါ်လေးစူစူ သမီးကိုလည်း နမ်း!”
သူမလည်း ဒေါ်လေးစူစူနမ်းတာ ခံချင်ပါသည်။ ထိုအခါ ဒေါ်လေးစူစူကိုလည်း သူမ ပြန်နမ်းလိုက်မည်။
သို့သော် စူစူလေးကတော့ သူတို့ ၃ ယောက်စလုံးကို အာရုံမစိုက်အားပါ။ ဘေးပတ်လည် အရပ် ၈ မျက်နှာစလုံးကို လှည့်လည် ကြည့်ရှုနေသည်။
ကောင်းကင်ဘုံဆန်တဲ့ အဖြစ်အပျက်ဆိုလား အဲ့တာ ဘယ်မှာလဲ။
စူစူလေး ပြူတင်းပေါက်ဆီပြေးသွားလိုက်ပြီး ထိုင်ခုံတစ်လုံးပေါ်တက်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
အချိန်အတော်ကြာအောင် စောင့်ကြည့်ပြီးနောက် ဘာထူးခြားဆန်းကြယ်ဖြစ်ရပ်မှ စူစူလေး မတွေ့ခဲ့ပါ။
ထိုအခါ စူစူလေး အလွန်ပျော်သွားသည်။
တော်သေးတာပေါ့! ကိုကြီးက နတ်ယုတ်မာကောင် မဟုတ်ဘူး!
“စူစူလေး ဘာလုပ်နေတာလဲ”။ စူစူလေး၏ လုပ်ရပ်တွေကြောင့် လုကျန်းယွီ အလွန်နားမလည်နိုင် ဖြစ်နေသည်။
သူမ ဘာကြောင့် အလွန်ပျော်ရွှင်နေရသလဲဆိုတာ သူနားမလည်ပါ။
သူ့ကို နမ်းလိုက်ရလို့လား…။
ဒါပေမယ့် ဘာလို့ လာနမ်းတာလဲ။
“ကိုကြီးက နတ်ယုတ်မာ မဟုတ်ဘူး!”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“နတ်ယုတ်မာဟုတ်လား… စူစူလေးကို ကန်တယ်ဆိုတဲ့သူလား”။ လုကျန်းယွီ မေးလိုက်သည်။
“အွန်းအွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
စူစူလေး၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း လုကျန်းယွီ ခန့်မှန်းလိုက်ပါသည်။ “ကိုကြီးကို အဲ့ဒီ နတ်ယုတ်မာ ဟုတ်မဟုတ် အတည်ပြုဖို့ နမ်းလိုက်တာလား စူစူလေး”
“ဟုတ်တယ်!”
ဒီလိုကိုး…။
လုကျန်းယွီ သဘောပေါက်သွားသည်။ စူစူလေးရဲ့ စမ်းသပ်နည်းကို လုကျန်းယွီ သိပ်နားမလည်သော်လည်း စူစူလေး အလွန်ပျော်ရွှင်နေတာကိုကြည့်ခြင်းအားဖြင့် ရလဒ်က ကောင်းမွန်ပုံရသည်။
လုကျန်းယွီ ပြုံးလိုက်ပါသည်။ “ဟုတ်ပါပြီ။ အဲ့တာဆို ကိုကြီးက နတ်ယုတ်မာ မဟုတ်မှန်း အတည်ပြုလို့ရပြီပေါ့”
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ဟုတ်တယ်! ကိုကြီးက နတ်ယုတ်မာမဟုတ်မှန်း အတည်ပြုလိုက်ရလို့ ပျော်သွားပြီ!
ဟွော်ထျင်းက မျက်စပစ်ကာ ပြောလိုက်သည်။ “အဲ့တာဆို အဲ့ဒီနည်းလမ်းနဲ့ ငါ့ကိုလည်း လာစမ်းသပ်ကြည့်ပါလား”
သူ တရားမျှတမှုကို လိုချင်လို့သာဖြစ်သည်။ စူစူလေးဆီက အနမ်းကိုလိုချင်သဖြင့် လှည့်စားတာ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။
“ဪ ဟုတ်သားပဲ”။ ဟွော်ထျင်း၏ စကားက အဓိပ္ပာယ်ရှိသည်ဟု စူစူလေး ထင်သွားသည်။
ထျင်းထျင်းက နတ်ယုတ်မာဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
“ပြီးတော့ အာပြဲစိန်လည်း ပါတယ်”။ ဟွော်ထျင်းက ပြောလိုက်သည်။
စူစူလေး၏ အနမ်းကို သိပ်မလိုချင်သည့် ပုံစံပေါက်အောင် ချင်းလောင်ယွင်ကိုပါ ဟွော်ထျင်း ဆွဲခေါ်လိုက်သည်။
ချင်းလောင်ယွင် အမြန်ခေါင်းငြိမ့်လိုက်၏။ “ဟုတ်တယ် ဟုတ်တယ်။ သမီးလည်း ဒေါ်လေးစူစူနမ်းတာ ခံချင်တယ်!”
နတ်ယုတ်မာဆိုတာ ဘာကောင်ကြီးမှန်း ချင်းလောင်ယွင် မသိသော်လည်း ဟွော်ထျင်းပြောတာ ထောက်ခံပါသည်။ သူမလည်း အနမ်းခံချင်သည်။
“အဲ့တာဆို နင်တို့ နှစ်ယောက်လည်း ငါ့ကို ပြန်နမ်းရမယ်နော်!”။ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ကို စူစူလေး ပြန်ပြောလိုက်သည်။
သူတို့က သူမကို အလွန်သဘောကျပုံရသည်။
ထို့ကြောင့် သူတို့ကိုပါ နမ်းကြည့်လိုက်ရင် နတ်ယုတ်မာ ဟုတ်မဟုတ် စမ်းသပ်ပြီးသား ဖြစ်သွားမှာပဲ မဟုတ်လား။
ဒါကိုကြားတော့ ဟွော်ထျင်း ချက်ချင်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေး နမ်းရလွယ်အောင် အသင့်ပြင်လိုက်သည်။
“လာနမ်းချေ!”
ဟွော်ထျင်းက တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြောလိုက်ပါသည်။
သူအနမ်းခံချင်တာကို ဘယ်သူမှ သိလို့မဖြစ်ဘူး!
စူစူလေးက မတွန့်ဆုတ်ပါ။ ဟွော်ထျင်းနားကို ကပ်ပြီး ပါးကို ‘မွ’ခနဲ မြည်အောင် နမ်းလိုက်ပါသည်။
ထိုအချိန်တွင် ဟွော်ချန်းယီနဲ့ အဘိုးချင်းတို့ စာကြည့်ခန်း တံခါးဝကို ရောက်လာကြသည်။
ဟူကျစ်၏ ကျေးဇူးကြောင့် စာကြည့်ခန်း တံခါးပါ မရှိတော့သဖြင့် သူတို့ ကလေးတွေ ချစ်ကြည်နူးနေသည့် မြင်ကွင်းကိုလည်း မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ရပါသည်။
အဘိုးချင်းတစ်ယောက် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
အား!!! ငါ့သမီးလေး ကုန်ပါပြီ! ငါ့သမီးလေး!
ငါဂေါ်ဖီထုပ်လေးကို ဝက်စားသွားပြီ!
… … …