ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်
Vol. 4 Ch. 56
စနစ်၏ အသိပေးချက် _ "အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် သည် ဂရုပ်သို့ ဝင်ရောက်လာသည်_"
သို့ပေမဲ့လည်း ထိုဂရုပ်သည် အလွန်စိတ်ဝင်စားဖွယ် အကြောင်းအရာ တစ်ခုအား ဆွေးနွေး နေကြပုံရပြီး အန်လင်းရောက်ရှိကြောင်း ကြော်ငြာချက်သည် ချက်ချင်း ဆိုသလိုပင် အသိပေးစာ အများအပြား အောက်တွင် နစ်မြုပ် ပျောက်ကွယ် သွားတော့သည်။
အန်လင်းသည် ဘေးမှ ရပ်ကြည့်နေသူ တစ်ဦးအဖြစ်သို့ ရောက်ရှိသွားသဖြင့် ပို၍ပင် ပျော်ရွှင် နေတော့သည်။ ထို့နောက် ပြောဆိုနေကြသည်များအား စူးစမ်းသည့် သဘောဖြင့် လေ့လာနေမိသည်။
တာအိုသခင် တောသားလေး နွားကြီး _ "အဲဒီ နှစ်ရောင်စပ် ဘောလုံးက နောက်တစ်ကြိမ် မှာလည်း ဒီနံပါတ်ပဲ ကျလိမ့်မယ်ဆိုတာ ငါမယုံနိုင်ဘူးကွာ ... "
အသည်းကွဲ သမားလေး အကြားအမြင်ပညာရှင် _ "ယုံတာ မယုံတာကတော့ မင်းအပိုင်းလေ ... ငါကတော့ ပြောစရာရှိတာ ပြောရမှာပဲ ... ငါ့ရဲ့ အိပ်မက်အရ အဲဒါဆိုတာ သေချာပေါက်ပဲ ... ငါ့မှာ နည်းနည်းလေးတောင် လန့်သွား မိသေးတယ် ... ငါက ညတိုင်းမအိပ်ခင် ငါ့ရဲ့ ထီလက်မှတ်ကို ကြည့်ပြီးမှ အိပ်တာကွ ... အဲဒါတောင် ဒီတစ်ကြိမ်ပဲ နှစ်ရောင်စပ် ဘောလုံးပေါ်မှာရှိတဲ့ နံပါတ်ကို အိပ်မက်မက်ဖူးတာ ... ဘယ်လိုပဲဖြစ်ဖြစ်လေ ... ငါကတော့ လက်မှတ် အစောင်တစ်ရာလောက် ဝယ်ထားပြီးပြီ ... ဆုအကြီးကြီး ပေါက်ဖို့ပဲ ကျန်တော့တယ် ... "
အန်လင်း : “ ... ”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _"နင်ပြောမှလား အသည်းကွဲ သမားလေး အကြားအမြင် ပညာရှင်ရဲ့ အိပ်မက်တွေက အတော်လေး နီးစပ်မှုရှိတယ် ... ပြီးခဲ့တဲ့ တစ်ခေါက် သူအိပ်မက် မက်တုန်းက အရှေ့ပင်လယ်မှာ အနား ယူနေတယ်လို့လေ ... အဲဒီမှာ ငလျင်နဲ့ ကြုံရပြီးတော့ ဆူနာမီကြောင့် ရေနစ် သေတော့ မလို့လေ ... နိုးလာတော့ အိပ်ရာပေါ်မှာ သေးပေါက် ချထားပါလေရောလား ... "
"ပြီးတော့ ရက်အနည်းငယ်လည်း ကြာရော ဂျပန်ကမ်းရိုးတန်းမှာ အဆင့် ၉ ငလျင်နဲ့ ဆူနာမီ ဖြစ်ပါလေရော ... တောသားလေးနွားကြီးရေ ... အကြားအမြင်ပညာရှင်က နင့်ကို ဆုကြီးပေါက်မယ့် အခွင့်အရေးကြီး ပေးနေတာနော် ... ပိုက်ဆံတွေ လက်ဆောင်ပေးနေတာ ... ဘယ်သူကများ လက်မခံဘဲ ရှိမှာတုန်း ... "
အသည်းကွဲသမားလေး အကြားအမြင် ပညာရှင်သည် မခံမရပ်နိုင် ဖြစ်လာတော့သည်။ "ဟေ့ ... ဟေ့ ... နင်က ငါ့ဘက်ကနေ လိုက်ပြော ပေးနေမှန်းတော့ သိပါရဲ့ ... ဒါပေမဲ့ ဘာလို့များ အိပ်ယာပေါ်မှာ သေးပေါက်ချတဲ့ အကြောင်းက ပါလာရတာတုန်း ... "
အနုမြူနတ်သမီးလေး __ “လူတိုင်းက နင် အိပ်ယာထဲ သေးပေါက်ချတဲ့ အကြောင်း နင့်ဆရာဆီကနေ သိရတာလေ ... ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ ... ဒီဂရုပ်ထဲမှ ရှိတဲ့ လူတိုင်း သိနေတဲ့ ကိစ္စကြီးကို ... ဘာလို့များ ရှက်နေရသေးတာတုန်း ... ”
အန်လင်း : “ ... ”
လူတိုင်းသိကြတာလား ... ငါမသိရပါဘူးနော် ... ။
သူတို့ပြောပုံအရ အင်မော်တယ်တွေက အိပ်ရာထဲ သေးပေါက် ကြတာလား။ အိပ်မက် ဆိုးကြောင့် ဆိုရင်တောင်မှပဲ နည်းနည်းတော့ ဆီလျော်မှု မရှိဘူးလေ ... ဟုတ်တယ်မလား။
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် _ "ဘာပဲဖြစ်ဖြစ်ပေါ့ ... တောသားလေး နွားကြီးက ဒီအခွင့်အရေးကို မလိုချင်ဘူး ဆိုတော့လည်း ကယ်တင်ရှင်ကို ပေးရသေးတာပေါ့ ... ကယ်တင်ရှင် ရေ ... ရှိလားဟေ့ ... "
ရွှေကျောက်စိမ်း _ "ကယ်တင်ရှင်က နောက်ဆုံးပေါ် စစ်လက်နက် နည်းပညာတွေကို ခိုးယူဖို့အတွက် အမေရိကကို သွားနေတယ် ... မရှိဘူး ... "
အသည်းကွဲ သမားလေး အကြားအမြင်ပညာရှင် _ UwU “သူ နောက်ဆုံး တစ်ခေါက် အမေရိကကို သွားတုန်းက သူတို့ရဲ့ နျူးကလိယ ဒုံးကျည် ပစ်လွှတ်မယ့် အစီအစဉ်သွား သွားရှုပ် ခဲ့သေးတယ်လေ ... မန္တန်တွေသုံးပြီးတော့ ... အခုတစ်ခေါက်ရော ဘယ်လိုတွေ မွှေလာမလဲ မသိဘူး ... ”
ရွှေကျောက်စိမ်း “မသိတော့ဘူး ... ”
ဒီဂရုပ်ထဲမှာရှိတဲ့ ကျင့်ကြံသူတွေက ခံစားချက်တွေ ရောထွေးနေပုံ ရသည်။ တချို့က စိတ်ပူသည့် အီမိုဂျီများ ပို့လာပြီး တချို့မှာတော့ အော်ဟစ်ရယ်မော နေသည်များ ပို့လာကြသည်။
အန်လင်းအတွက်မူ သူက လုံးဝကို အံ့ဩတုန်လှုပ်လျက် ရှိနေသည်။
နျူးကလိယ ဒုံးကျည်လွှတ်မယ့် အစီအစဉ်ကို သွားရှုပ်တယ် ... နျူးကလိယ ဒုံးကျည်တွေမှာ မန္တန်တွေ စီရင်ပေးလိုက်တယ် ... နောက်ဆုံးပေါ် စစ်လက်နက် နည်းပညာတွေကို သွားခိုးတယ် ...
သောက်ကျိုးနည်းတဲ့မှ ... ဒီကျင့်ကြံသူတွေက ကမ္ဘာကြီးကို တကယ်ရော ကာကွယ် နေကြတာ ဟုတ်ရဲ့လား ... သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ကမ္ဘာကြီးက ဖျက်ဆီးဖို့ မဟုတ်ဘူးလား ... ဟမ် ...
အန်လင်းသည် အယောင်ဆောင် ကျင့်ကြံသူများ အဖွဲ့သို့ ဝင်ရောက် မိလိုက်ခြင်းဟု ခံစားနေရသည်။
တိတ်တဆိတ်နှင့်ပင် သူ၏လက်ချောင်းအား 'ဖျက်ကာ ထွက်ခွာမည်' ကို နှိပ်ရန် ရွှေ့လိုက် တော့သည်။
ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို ဂရုပ်အတွင်းတွင် မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။
ထျန်းလင်းလင်း _ "ခဏလောက်တော့ ငါ့ကို အာရုံစိုက်ကြပါဦး ... အဖွဲ့ဝင်အသစ် 'အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေးအန်' ကို ကြိုဆိုကြရအောင် ... "
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _ "ဟုတ်သားပဲ ... သူဝင်လာတာကို တွေ့လိုက်မိတယ် ... မေးဖို့ကို အခွင့်မကြုံလိုက်တာ ... ဘယ်ဂိုဏ်းက လာတာလဲဟင် ... "
ဂရုပ်အတွင်း ရောက်ရှိ နေကြသူများသည် ဟွားနိုင်ငံမှ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ပြီး ခွန်အားနှင့် အဆင့်အတန်းတွင် နိမ့်ကျနေသူများအား ဝင်ခွင့်မပြုကြောင်း သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး၏ မေးခွန်းမှနေ သိရသည်။
ဂရုပ်အတွင်းရှိသူ တစ်ယောက်သည် သူ့အား မေးလာသည်ကို မြင်သည့်အခါတွင် အန်လင်းသည် ပြန်ဖြေရတော့သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေးအန် _ "အာ ... ဂိုဏ်းလား ... ကောင်းကင်ဘုံ ပိုင်နက်ကို ထည့်တွက်လို့ ရလားဟင် ... "
သာယာသည့်အသံပိုင်ရှင် နတ်သမီးလေး : “ ... ”
အသည်းကွဲသမားလေး အကြားအမြင် ပညာရှင်: “ ... ”
တာအိုသခင် တောသားလေးနွားကြီး: “ ... ”
အနုမြူနတ်သမီးလေး: “ ... ”
စကားနည်းပါသည်ဆိုသည့် ရွှေကျောက်စိမ်း သည်ပင်လျှင် မေးရတော့သည်။ "နင်က ကောင်းကင်ဘုံ ပိုင်နက်က လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ... "
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် _ "အင်း ... အဲဒါ အမှန်ပဲ ... "
အသည်းကွဲသမားလေး အကြားအမြင် ပညာရှင် _ "သောက်ကျိုးနည်း ... အင်မော်တယ် သံတမန်ကြီး ရောက်နေတာကွ ... "
ချက်ချင်းဆိုသလိုပင် တခုခုအား နားလည် သဘောပေါက် လိုက်ပြီးနောက် အမှန်ပြင်လိုက်သည်။ "အိုး ... ခဏလေး ... မဟုတ်သေးဘူး ... အင်မော်တယ် သံတမန်ကြီးက ငါတို့ရဲ့ ဂရုပ်ကို ဝင်လာတာကို ငါက လေးလေးစားစားနဲ့ ကြိုဆိုသင့်တာပေါ့ ... "
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _ “အင်မော်တယ် သံတမန်ကြီးကို ကြိုဆိုပါတယ် ... ”
အနူမြူနတ်သမီးလေး _ “အင်မော်တယ် သံတမန်ကြီးကို ကြိုဆိုပါတယ် ... ”
ရွှေကျောက်စိမ်း _ “အင်မော်တယ် သံတမန်ကြီးကို ကြိုဆိုပါတယ် ... ”
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ “အင်မော်တယ် သံတမန်ကြီးကို ကြိုဆိုပါတယ် ... ”
...
နဂိုပုန်းအောင်း နေသည့် အဖွဲ့ဝင်များသည်ပင်လျှင် ပေါ်လာကြပြီး ကြိုဆိုပွဲအား ဆင်နွှဲ ကြတော့သည်။
ဂရုပ်ထဲတွင် ကျင့်ကြံသူ တစ်ရာနီးပါးရှိပြီး ခဏချင်းမှာပင် ထက်ဝက်ခန့်သည် ချက်ချင်း ဆိုသလို ရောက်လာကြတော့သည်။
ကျန်ရှိသူများမှာ အခြားအခြားသော အကြောင်းများကြောင့် ပေါ်မလာနိုင်ခြင်း ဖြစ်ကြသည်။
ကျင့်ကြံသူများ၏ နွေးထွေးသည့် ကြိုဆိုမှုကြောင့် အန်လင်းသည် အလွန် အံ့အားသင့် နေမိသည်။ ဟွားနိုင်ငံ စစ်တပ်မှ ကျင့်ကြံသူများအနေဖြင့် ကောင်းကင်ဘုံ ပိုင်နက်ရှိ ကျင့်ကြံသူများမှ တာဝန် ထမ်းဆောင်ရန် ရောက်ရှိ လာကြခြင်းအား မကြာခဏဆိုသလို ကြုံတွေ့ရသဖြင့် သူတို့အနေဖြင့် ထူးဆန်းသည့်အရာ မဟုတ်တော့ချေ။ အင်မော်တယ် သံတမန်များနှင့် တွေ့ဆုံသည့် အခါတိုင်းတွင် ထိုကဲ့သို့ ကြိုဆိုကြသည်လား ... ။
သူမသိလိုက်သည့် အချက်မှာ ထျန်းလင်းလင်း အနေဖြင့် သူ့အား ထိုဂရုပ်သို့ ဖိတ်ခေါ် ရခြင်းမှာ ကောက်ကာငင်ကာ စိတ်ကူး ရလာခြင်းကြောင့် ဖြစ်သည်။
ယခင်က ကောင်းကင်ဘုံ ပိုင်နက်မှ ပို့လွှတ်ခြင်းခံရသော ကျင့်ကြံသူများ အနေဖြင့် WeChat အား အသုံးပြုရန် နေနေသာသာ သေမျိုးကမ္ဘာရှိ ကျင့်ကြံသူများ၏ အကူအညီကိုပင် မလိုအပ်ဟု ဆိုကြသည်။ ထို့ကြောင့် ယခုလို ဂရုပ်မျိုးအား ဝင်ရောက်ခြင်းသည် အလွန်ရှားပါး လွန်းလှသည်။ အန်လင်းလိုမျိုး ဂရုပ်အတွင်း ဝင်လာခြင်းမျိုးသည် တစ်နှစ်မှ တစ်ခါပင် မဖြစ်နိုင်လောက်အောင် ရှားပါးလွန်းသည်။
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ "အင်မော်တယ် သံတမန်ကြီးကို လေးစားပါတယ် ... သံတမန်ကြီးရဲ့ တာအိုနာမည်လေးများ သိလို့ရမလား ... "
ဂရုအတွင်းရှိ ကျင့်ကြံသူအများစုသည် သူတို့၏ တာအိုနာမည်များအား အသုံးပြုကြခြင်း ဖြစ်သည့်အတွက် 'အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန်' ဆိုသည်မှာ မည်သည့် နည်းနှင့်မှ တာအိုနာမည် မဖြစ်နိုင်ချေ။
အန်လင်းသည် ထိုမေးခွန်းအား မျက်တောင်ခတ်ကာဖြင့် စဉ်းစားနေမိသည်။ ယခင်က ထိုအကြောင်းနှင့် ပတ်သက်၍ တစ်ခါမျှပင် မတွေးကြည့်မိခဲ့ပေ။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် _ "ငါ့မှာ တာအိုနာမည် မရှိဘူး ... လူတိုင်းက အန်လင်းပဲ ခေါ်ကြတာ ... "
အသည်းကွဲ သမားလေး အကြားအမြင်ပညာရှင် _ "ရတာပေါ့ ပြဿနာ မရှိဘူး ... သေမျိုးကမ္ဘာကို ပထမဆုံး ရောက်လာခြင်းလား ဆရာ အန် ... သိချင်တာများရှိရင် ကျွန်တော်တို့က ကူညီဖို့ အသင့်ပါပဲ ... "
ဂရုပ်အတွင်းတွင် ရှိနေသည့် ကျင့်ကြံသူများသည်လည်း သဘောတူညီသည့် အကြောင်း ပြသကြပြီး အန်လင်းအား မြင့်မြတ်သည့် အင်မော်တယ် တစ်ဦးဟု သတ်မှတ် ထားကြသည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် _ "အကြားအမြင် ပညာရှင်ရေ ... ငါ့ကို ဆရာလို့ ခေါ်စရာ မလိုပါဘူးနော် ... ငါ့အသက်က ၁၉ နှစ်ပဲ ရှိသေးတာရယ် ... တကယ်တမ်းက ငါက ကမ္ဘာပေါ်မှာ ၁၈ နှစ်ကျော်လောက် နေထိုင်ခဲ့တာ ... ကောင်းကင်ဘုံ ပိုင်နက်မှာ သွားပြီး ပညာသင်တာ သိပ်တောင် မကြာသေးဘူး ... "
ဂရုပ်အတွင်းရှိ လူများသည် ထိတ်လန့်ကုန်ကြသဖြင့် တိတ်ဆိတ်သွားကြသည်။
ဉာဏ်အလင်း ပွင့်နေသည့် ငပျင်းလေး _ "သေမျိုးကမ္ဘာက ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကောင်းကင်ဘုံပိုင်နက်မှာ ပညာသင်ခွင့်ရတယ်ဆိုတာ ငါတော့ ပထမဆုံး အနေနဲ့ ကြားဖူးတာပဲ ... "
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် _ "အဲတော့ မစ္စတာအန်က အရမ်းငယ်လွန်း နေသေးတယ် ... ဒီအသက်အရွယ်နဲ့ ဒီလိုမျိုးအခြေအနေရောက်နေတာ အံ့ဩဖို့ ကောင်းလွန်းတယ် ... "
အင်မော်တယ် သံတမန်အဖြစ် တာဝန် ထမ်းဆောင်ကြသည့် ကျင့်ကြံသူများ အားလုံးသည် အလွန်အမင်း အားကောင်းကြသည်။ စုစည်း ညီညွတ်ကျင့်ကြံခြင်း ကျောင်းတော်မှ ကျောင်းသား အများအပြားသည် ကျောင်းပြီး သွားသည့် တိုင်အောင် သေမျိုးကမ္ဘာသို့ ဆင်းသက်ဖို့ရန် အခွင့်အရေး မရရှိကြပေ။
သေမျိုးကမ္ဘာမှ လာရောက်သည့် ကျောင်းသားများအတွက် 'သေမျိုးဘာသာရပ်' အား သင်ကြားရခြင်းသည် မလိုအပ်ဘဲနှင့် အချိန်ဖြုန်းခြင်း မဟုတ်ဘူးလားဟု မေးချင်နေတာလား။
အန်လင်းအနေဖြင့် ထိုမေးခွန်းအား ဖြေကြားရမည်ဆိုလျှင် ဟွားနိုင်ငံ၏ ပညာရေး နည်းစနစ်သည် အကောင်းဆုံးသော ဖြေရှင်းချက်ပင် ဖြစ်သည်။
ကျောင်းသားများသည် အင်္ဂလိပ်စာအား ဆယ်နှစ်ကျော် ကြာအောင် သင်ကြားကြရသည်။ သို့ပေမဲ့လည်း အင်္ဂလိပ်စကား ပြောကြသူများနှင့် စကားစမြည် ပြောကြားဖို့ရန် အခွင့်အရေးမည်မျှ ရကြလို့လဲ။
ဟွားနိုင်ငံရှိ လူများသည် တစ်ဦးနှင့်တစ်ဦး အင်္ဂလိပ်လို ပြောကြခြင်း သို့မဟုတ် အင်္ဂလိပ် ဇာတ်လမ်းများ ကြည့်ကြခြင်း သို့မဟုတ် အင်္ဂလိပ်လို မေးထားသည့် မေးခွန်းများအား ဖြေကြခြင်းဖြင့်သာ သူတို့ကိုယ်သူတို့ စန်းတင်ကြရသည်။
ထို့ကြောင့် သူတို့အနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို လေ့ကျင့်နိုင်မည့် ပတ်ဝန်းကျင်သည် အလွန် ကျဉ်းမြောင်း လှပေသည်။
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _ "မစ္စတာ အန် ... ကောင်းကင်ဘုံ ပိုင်နက်ကို မသွားခင် ရှင်က ဘယ်မှာ သင်ယူခဲ့တာလဲ ... "
အဖွဲ့ဝင်များသည် အန်လင်း၏ ဖြေကြားချက်ကို သိချင်စိတ်ဖြင့် တိတ်ဆိတ် သွားကြပြန်သည်။
အခုလိုမျိုး ပါရမီရှင် လူငယ်တစ်ယောက်အား မွေးထုတ် ပေးနိုင်သည့် ဂိုဏ်းသည် အတော်လေး ကြီးကျယ် ခမ်းနားပေလိမ့်မည်။
သေမျိုးကျင့်ကြံသူ လောကတွင် အောင်မြင်မှုကြီး တစ်ခုအနေဖြင့် သတ်မှတ်ရမည် ဖြစ်သည်။
အန်လင်းသည် ထိုမေးခွန်းကို ဖြေကြားရန် အတွက် ကူကယ်ရာမဲ့စွာ ခေါင်းအား ဆွဲနေမိသည်။ ကောင်းကင်ဘုံ ပိုင်နက်ကို မသွားခင်မှာ သူ့ဆရာက ဘယ်သူလဲ ဟုတ်လား ... ။
ဟွားချင် တက္ကသိုလ်က ပါမောက္ခ ချန် လား ... ။ ဒါမှမဟုတ် မူကြိုကတည်းက ဆရာတွေ အားလုံးကို စာရင်းလုပ်ရမှာလား ... ။
သူတို့မေးသည်မှာ ထိုအကြောင်း မဟုတ်မှန်း သိသာလွန်းသည်။
ထို့ကြောင့် အန်လင်းသည် အမှန်အတိုင်းသာ ဖြေလိုက်သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် _ "ကောင်းကင်ဘုံပိုင်နက်ကို အသွားခင် တစ်ခါကလေးမှ မကျင့်ကြံဖူးဘူး ... ဟဟ ... အခုမှ စဉ်းစားမိတယ် ... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း သက်တမ်းက ၆ လလောက်ပဲ ရှိသေးတယ်ဗျ ... "
အန်လင်းသည် ထိုအကြောင်းအား ဝန်ခံရခြင်းကို အတော်လေး ရှက်မိပေသည်။ သူ့လိုမျိုး ၆ လခန့်သာ ကျင့်ကြံဖူးသူ တစ်ယောက် အနေဖြင့် အခုလို ကျင့်ကြံသူများနှင့် တွေ့ဆုံရခြင်းမှာ သူ့တွင် အရေပြားထူထူ ရှိလျှင်တောင်မှပဲ သူက အတော်လေး ရှက်မိနေတုန်းပင်။
သို့ပေမဲ့လည်း သူတို့အားလုံး သတိပြုမိသည့် တစ်ခုတည်းသော စကားမှာ _ "ခြောက်လ ... "
ရွှေကျောက်စိမ်း _ "အခုလို မေးရတာ ခွင့်လွှတ်ပါနော် ... မစ္စတာ အန်ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲဟင် ... "
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် _ "အာ ... သိပ်မမြင့်ပါဘူး ... တာအိုခန္ဓာ အဆင့် ၉ ပဲ ရောက်သေးတာဗျ ... "
ရွှေကျောက်စိမ်းသည် အန်လင်း၏ အဖြေအား မြင်လိုက်ရသည့် အခါတွင် ကွန်ပျူတာ ဖန်သား ပြင်ပေါ်သို့ သွေးတစ်လုပ် အန်မိတော့မတတ်ပင်။
အဲဒါက သိပ်မမြင့်ဘူးပေါ့ ... ။
ပျားပန်းခပ်တမျှ မက်ဆေ့ချ် အပြည့်နှင့် ဂရုသည် ရုတ်တရက်ဆိုသလို တိတ်ဆိတ် သွားတော့သည်။
ကျင့်ကြံသူအားလုံးတို့သည် 'ခြောက်လ' ဆိုသည့်စကားလုံးနှင့် 'တာအိုခန္ဓာ အဆင့် ၉' တို့ကိုသာ စိုက်ကြည့်နေမိကြသည်။
ထျန်းလင်းလင်းတောင်မှ သူမဖုန်းအား ဝေးနိုင်သမျှဝေးအောင် ပစ်လွှတ်လိုက်ပြီး စုရှောင်လန်အား စိတ်လှုပ်ရှားဖြင့် အပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ "မမ လန်လန် ... မေးချင်တာလေး ရှိလို့ ... အန်လင်းက ကောင်းကင်ဘုံ ပိုင်နက်ကို စရောက်တော့ ကျင့်ကြံခြင်း အခြေခံ ဘယ်လောက် ရောက်နေပြီး အခုသူက ဘယ်အဆင့်မှာ ရောက်နေတာလဲ ... "
စုရှောင်လန်က ပြုံးလိုက်ပြီးနောက် "သူက ကောင်းကင်ဘုံ ပိုင်နက်ကို စစရောက်တော့ တာအိုခန္ဓာ ဗလာအဆင့်ပဲ ရှိသေးတာ ... အခုတော့ တာအိုခန္ဓာ အဆင့် ၉ ကို ရောက်နေပြီလေ ... စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှာဆိုရင် သူက စူပါစတားပဲ ... အဲတော့ သူ့ကို အထင် မသေးမိစေနဲ့နော် ... "
အန်လင်းက ခေါင်းကို ခါလိုက်သည်။ သူမမေးခွန်း၏ အဓိက အကြောင်းအရာကြီးသည် သူမ ရှေ့တည့်တည့်တွင် ထိုင်နေခြင်းဖြစ်သည်။ ဘာကြောင့်များ ထျန်းလင်းလင်းက စုရှောင်လန်ကို ဒီလိုမျိုး အစားထိုးပြီး မေးရတာတုန်း ... ။
သူက အဲလောက်တောင် ယုံကြည်နိုင်စရာ မကောင်းတဲ့လူလား။
အန်လင်းမှာ အလွန်အမင်း ဒေါသထွက်နေချိန်တွင် ထျန်းလင်းလင်းမှာ ထိတ်လန့် တုန်လှုပ်လျက် ရှိနေသည်။
သူမသည် ဆယ်နှစ်ကျော်ခန့် ကျင့်ကြံပြီးနောက်တွင်မှ တာအိုခန္ဓာ အဆင့် ၈ သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအဆင့်သည် သူမနှင့် ရွယ်တူများ ကြားတွင် အလွန်အမင်း မြင့်မားသည်ဟု ဆိုရပေမည်။ ထိုအချက်သည် သူမ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အကြီးအကျယ် ယုံကြည်မှု မြင့်မားလာစေသည်။
သို့ပေမဲ့ အန်လင်းသည် ခြောက်လနှင့် တာအိုခန္ဓာ အဆင့် ၉ သို့ ရောက်ရှိခဲ့သည်။
ထျန်းလင်းလင်း၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာပြီး သူမ၏ ယုံကြည်မှုများသည် အစစပဲ့ ကြွေသွားပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီး နောက်တွင်မူ သူမသည် ဖုန်းကို ကောက်ယူလိုက်ကာ တုန်ယင်နေသည့် လက်ချောင်းများဖြင့် စာရိုက်တော့သည်။
ထျန်းလင်းလင်း _ "အားလုံးပဲ ... နောက်ထပ် အင်မော်တယ် သံတမန် တစ်ယောက်ဆီကနေ အတည်ပြုချက် ရလိုက်တယ် ... "
"အန်လင်းပြောတာက အမှန်ဆိုတာကို သူမက ထောက်ခံပေးခဲ့တယ် ... သူက တကယ်ကို ခြောက်လပဲ ကျင့်ကြံရသေးတာ ... တာအိုခန္ဓာ ဗလာအဆင့်ကနေ တာအိုခန္ဓာ အဆင့် ၉ ကို အဲဒီ ခြောက်လ အတွင်း ရောက်ရှိလာခဲ့တာတဲ့ ... "
ထျန်းလင်းလင်း၏ စကားလုံးများသည် တည်ငြိမ်နေသည့် ကန်ရေပြင်ထက်တွင် ဖောက်ခွဲ လိုက်သည့် ဗုံးတစ်လုံးနှင့် တူညီသည်။
ကျင့်ကြံသူအားလုံးတို့သည် အန်လင်းကြောင့် အထိတ်တလန့်ဖြစ်ကာ တိတ်ဆိတ်နေရာမှ နောက်တစ်ဖန် သွေးရူးသွေးတန်း ဖြစ်သွား ကြပြန်တော့သည် ... ။
***