← Chapters

အိမ်နီးချင်းများ

Vol. 1 Ch. 9

အိမ်နီးချင်းများ

Vol. 1 Ch. 9

မကောင်းသောအနံ့အသက်များက လေထဲတွင်အချိန်ကြာကြာရှိခဲ့သလိုဖြစ်သည်။ အမှောင်ထုသည် အခန်းတစ်ခုလုံးအား ဝါးမြိုနေသလို ခံစားရသည်။ ရင်းနှီးနေသော မွန်းကြပ်နေမှုသည် ပြန်ရောက်ရှိလာ၏။ ကောင်းမင်က သူသည် လောကနှစ်ခုထပ်နေသော နေရာသို့ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။

"ရွှယ်ဝမ်ရဲ့နည်းလမ်းတွေက မှန်နေခဲ့တာပဲ၊ ဒါက ကြောက်ရွံ့မှုတွေကို တွန်းအားပေးနိုးဆွဖို့ နည်းလမ်းမှန်ပဲ"

အလောင်းအားအကြည့်လွှဲလိုက်ပြီး ကောင်းမင်ကဧည့်ခန်းဆီကို နောက်ပြန်လှည့်လိုက်သည်။ အခန်းသည် သတ်သေခဲ့သူက သူ့ကိုယ်သူ သတ်သေတဲ့အခိုက်အတန့်အချိန်မှာရှိနေဆဲဟု ခံစားရသည်။

"ရွှယ်ဝမ်က ဘယ်မှာပါလိမ့်"

အခန်းထဲတွင် ကောင်းမင်တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ ထို လူကိုသေစေနိုင်သောမိန်းကလေးသည် သူနှင့်အတူအခန်းထဲကို လိုက်ချင်နေခဲ့သည်။

"သူမ ထွက်သွားတာလား၊ ဒါမှမဟုတ် သူမက မဝင်နိုင်တာများလား"

ယိမ်းထိုးနေသောအရိပ်သည် အနက်ရောင်ပင်လယ်ကဲ့သို့ သူ့ဆီမှ ထွက်ပေါ်နေသည်။ ကောင်းမင်က မတ်တပ်ရပ်လိုက်ပြီး စိတ်ငြိမ်ရန် ကြိုးစားလိုက်သည်။ သူ့ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေက လက်တွေ့ဖြစ်လာခဲ့သည်ကို သိရန် လိုအပ်သည်။

"အလောင်းက အောက်ထပ်မှာပေါ်လာတာ၊ စည်းမျဉ်းတွေအရ အစောပိုင်းက ငါအောင်ခဲ့တဲ့ ဂိမ်းလောက် ခက်ခဲပုံမပေါ်ဘူး၊ အနည်းဆုံးတော့ အဆောက်အအုံ (၂)ပါလိမ့်မယ်"

"အစ်ကိုကျောက်နဲ့ ငါနဲ့အကြိမ်ရေတော်တော်များများ စကားပြောခဲ့ဖူးတယ်၊ ငါသူ့အတွက်လည်း သူစိတ်အပန်းပြေဖို့ မီနီဂိမ်းလေးတွေ အများကြီး လုပ်ပေးခဲ့ဖူးတယ်၊ အဲ့ဒါတွေက ဘယ်မှာပါလိမ့်...."

ဖုန်းတုန်ခါသံသည် သူ့အတွေးစများကို ပြတ်တောက်စေခဲ့သည်။ သူက အိပ်ခန်းတံခါးကို ဖြေးဖြေးဖွင့်လိုက်သည်။ စားပွဲဘေးတွင် ဖုန်းတစ်လုံးတွေ့လိုက်သည်။ ဖုန်းအရောင်က အဝါရောင်ဖြစ်ပြီး ဟောင်းနေပြီဖြစ်သည်။ အားသွင်းပေါက်သည် သံချေးတက်နေပြီးဆံပင်စများဖြင့်ရှုပ်ပွနေသည်။ ဖုန်းအား လော့မခတ်ထားချေ။ စာတိုမက်‌ဆေ့တစ်စောင်က ဖုန်းစခရင်တွင်ပေါ်နေသည်။

"ငါကျောက်ရှီနဲ့ စကားပြောတုန်းက ဒီဖုန်းကိုင်ထားတာ မြင်မိတယ်"

ကောင်းမင်က ဖုန်းကိုဖွင့်လိုက်သည်။ အကိုကျောက်ကအဆောက်အအုံ၂ ရှိအိမ်နီးချင်းအိမ်ငှားများ စကားပြောချက်ဂရုတွင် ဝင်ထားကြောင်း ကောင်းမင် တွေ့လိုက်ရသည်။

အစတွင် ပထမထပ်က မစ်စတာဝမ်က ဂရုထဲရှိလူတိုင်းကို ဗီဒီယိုသုံးခု ပို့ထားသည်။ သူသည် သူ့အခန်းလသာဆောင်ဘက်တွင် ရပ်နေပြီး ကျောက်ရှီ၏အလောင်းနဲ့ နီးနီးကပ်ကပ်ဗီဒီယို ရိုက်ထား သည်။ နစ်နာသူက သူ့ဦးခေါင်းကို ‌ငိုက်စိုက်ချထားသည်။ သူ၏မျက်နှာသည် ပုံစံမကျပေ။ သူ၏လည်ပင်းက ရှည်လျားနေသည်။ ပုံစံမကျသောအရိုးများက သူ့အရေပြားကို ဖောက်ထွက်နေသည်။

၂၁၀၁ ဝမ်ကွေရှင်း...

"ကျောက်ရှီကို ခေါ်ထုတ်သွားတာကို ငါ့မျက်လုံးနဲ့ မြင်ခဲ့ပြီးသား၊ သူဘယ်လို ပြန်လာခဲ့တာလဲ ၊ ဘာဖြစ်နေတာလဲ"

စကားပြောဂရုသည် ပွက်ပွက်ဆူသွားသည်။ တချို့က ရဲခေါ်ဖို့ပြောသည်။ တချို့က အခြေအနေကို စစ်ဆေးရန် သွားကြည့်ချင်နေကြသည်။ သို့သော် မကြာခင်မှာပင် စကားပြောဂရုက ငြိမ်ကျသွားသည်။

၂၂၀၃ ရှောင်ကျူး...

"အကိုဝမ် မင်းပို့ထားတဲ့ ဗီဒီယိုသုံးခုက တစ်ခုခုမှားနေတယ် ၊ ကျောက်ရှီရဲ့နေရာက ပထမဗီဒီယိုထဲမှာနဲ့ တတိယဗီဒီယိုထဲမှာနဲ့ မတူဘူးနော် ၊ ....ကြည့်ရတာ .....ဟာ ...သူလှုပ်နေတယ် "

ကောင်းမင်အပါအဝင် ဂရုထဲရှိလူတိုင်းက ဗီဒီယိုကို ပြန်ကြည့်လိုက်ကြသည်။ ကျောက်ရှီအလောင်း၏ နေရာကား ပြောင်းသွားခဲ့ပြီဖြစ်သည်။

၂၁၀၁ ဝမ်ကွေရှင်း...

"လူသေအလောင်းက ဘယ်လိုလှုပ်ရှားနိုင်မှာလဲ ၊ ရှူထောင့်နဲ့ပတ်သက်ပြီး ပြဿနာဖြစ်တာ ဖြစ်မယ်၊ ငါလသာဆောင်ဘက်တစ်ချက်သွားကြည့်လိုက်မယ်"

ပထမထပ်ရှိ အိမ်ငှားက နောက်ဗီဒီယိုတစ်ခုရိုက်ရန် စီစဉ်လိုက်သည်။ ကောင်းမင်က ဖုန်းလေးအားဆွဲယူလိုက် လသာဆောင်သို့ ပြေးသွားလိုက်ပြီး ငုံ့ကြည့်လိုက်သည်။ မိုးရေများက သွေးများကိုဆေးကြောထားပြီး အလောင်းကတော့ မရှိတော့ချေ။

"သူ အဆောက်အဦးထဲ တွားသွားလိုက်တာလား"

နောက်ထပ်ဗီဒီယိုတစ်ခုရိုက်ရန်သွား‌ခဲ့သော ဝမ်ကွေရှင်းသည် နောက်ထပ်မက်ဆေ့များ မပို့ခဲ့ပေ။ သူသည်လည်းပဲ ပျောက်ကွယ်သွားခဲ့သလိုပင်။

လီကျင်းတိုက်ခန်းများသည် သာမန်မြို့ဟောင်းတိုက်ခန်းဖြစ်ခဲ့သည်။ တိုက်ခန်းတွဲသည် ချောင်ကျသောနေရာတွင်ရှိပြီး အခန်းအများစုမှာ အလွတ်များဖြစ်သည်။ အဆောင် ၂ တွင် အိမ်ငှားများ သိပ်မနေကြပေ။

ဝမ်ကွေရှင်းပျောက်သွားပြီးနောက် ကျန်သော အိမ်ငှားများက ကြောက်ရွံ့လာကြသည်။ အပြင်ထွက်ပြီး စစ်ဆေးချင်သည်ဟုပြောခဲ့သော သူများသည် တိတ်ဆိတ်နေကြ၏။

၂၂၀၃ ရှောင်ကျူး ...

" တော်တော်ဆိုးတာပဲ၊ ငါ ဘာဖုန်းမှ ခေါ်လို့မရဘူး ဒီဂရုက လွဲပြီး ဘယ်ကိုမှ မက်ဆေ့ပို့လို့ မရဘူး၊ ဘာဖြစ်နေတာလဲ "

၂၃၀၄ လီလီ...

"ကျောက်ရှီက ဒီဂရုထဲမှာ ရှိနေလို့များဖြစ်နေလို့လား"

လီလီသည် ကျောက်ရှီ၏ညီမတစ်ဝမ်းကွဲဖြစ်သည်။

သူမက တတိယထပ်ရှိ ကျောက်ရှီ၏မွေးစားမိခင် ကျောက်ယွမ်နဲ့အတူ နေသည်။

၂၄၀၉ ဖန်ရှုကျီ ...

"ကျောက်ရှီရဲ့ အလောင်းကဘာကြောင့် ပေါ်လာတာလဲ၊ နင်တို့မိသားစု တစ်ခုခုဆိုးရွားတာများ လုပ်ထားတာလား ၊ နင် အပေါ်စီးကနေ စကားများတတ်တာကို ငါမကြာခဏ ကြားရတယ်၊ နင်တို့ တစ်မိသားစုလုံးက သူ့လုပ်စာကို သွေးစုပ်ဖုတ်ကောင်တွေလို ခြောက်ကပ်အောင်စုပ်ပြီး ထိုင်စားနေခဲ့ကြတာပဲ ၊ ခုတော့ ကံကြမ္မာက နင်တို့ဆီ ပြန်လည်လာနေပြီ"

၂၃၀၄ လီလီ...

"ဖေယိုးမ ... သူသေတာ ငါတို့နဲ့ဘာမှ မဆိုင်ဘူးဟဲ့"

၂၂၀၃ ရှောင်ကျူး...

"တော်ကြတော့ ... ငါကြားနေရတယ် .. ကော်ရစ်ဒါဘက်က တစ်ခုခုကိုငါကြားလိုက်တယ်...တစ်ခုခုက တွားသွားပြီး လာနေသလိုပဲ"

‌ရှောက်ကျူးက ဦးနှောက်လှုပ်ရှားမှုများရပ်တန့်သွားပြီး အသံမက်ဆေ့ ပို့လိုက်သည်။

"တကယ်ကြီး တွားသွားပြီး လာနေတာဟ!...အဲ့ဒါကြီးက ငါ့တံခါးရှေ့ရောက်နေပြီ"

၂၄၀၉ ဖန်ရှုကျီ.. .

"ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်မြင်ရအောင် ရှေ့ကင်မရာဖွင့်ထားသင့်တယ်၊ ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်မလှုပ်ရှားအောင် ကူညီပေးလိမ့်မယ်"

လေးလွှာမှ ထိုအိမ်ငှားသည် တစ်စုံတစ်ခုကို တွေ့ပြီး အကြံပြုရန် ပေါ်လာသည်။ သူက ထိုစကားကို ပြောပြီးနောက် ကျောက်ရှီအပါအဝင် လူတိုင်းကို ဗီဒီယိုချက် ခေါ်လိုက်သည်။ လူတိုင်းက ကျောက်ရှီ၏ဗီဒီယိုချက် မျက်နှာပြင် ဖွင့်ထားသည်ကို တွေ့လိုက်သောအခါ လေအေးများကို ရှူသွင်းမိသွားကြသည်။ ထို့နောက် ကျောက်ရှီအခန်းထဲတွင်ရှိနေသော ကောင်းမင်ကို အားလုံးမြင်လိုက်ကြသည်။

"၂၃၀၄ လီလီ...

"နင်က ဘယ်သူလဲ...ဘာလို့ နင့်ဆီမှာကျောက်ရှီရဲ့ဖုန်းရှိနေတာလဲ.... ဘာကြောင့်သူအိမ်မှာ ရောက်နေတာလဲ..သူ့အလောင်းကို နင်ပြန်ယူလာတာလား"

ကောင်းမင်က ပြန်မဖြေရသေးခင် ရှောင်ကျူး၏ ကင်မရာထဲမှ တံခါးခေါက်သံပေါ်လာလေသည်။ နှစ်စက္ကန့်အတွင်း သူတို့ခေါင်းထဲတွင် တစ်စုံတစ်ခုက တံခါးခေါက်သွားသလိုဖြစ်သွား၏။ ရှောင်ကျူး ၏မျက်နှာသည် ဖြူဖျောနေပြီဖြစ်သည်။ သူမက တံခါးကိုပိတ်ထားဖို့ ဆိုဖာခုံအား ရွှေ့လိုက်သည်။

တံခါးခေါက်သံသည် နှေးကွေးမသွားခဲ့ချေ။ ထို့အစား ပို၍ပြင်းပြင်းထန်ထန်ခေါက်လာသည်။ ရှောင်ကျူးသည် တုန်လှုပ်နေခဲ့သည်။ သူမကား ပိတ်မိနေပြီဖြစ်သည်။

"ငါ ဘာလုပ်ရမလဲ ...တစ်ယောက်ယောက်ကယ်ကြပါဦး...ငါတို့က အိမ်နီးနားချင်းတွေပဲ ...ငါ့ဆီလာပြီးရင် နင်တို့ဆီရောက်လာမှာနော်.."

ရှောင်ကျူးက လူတိုင်းကို အသနားခံနေခဲ့သည်။ သို့သော် မည်သူမျှ မတုန့်ပြန်ကြပေ။ ရှောင်ကျူးသည် မျက်ရည်ပေါက်ပေါက်ကျနေပြီဖြစ်သည်။ သူမအခန်းထဲက အလင်းရောင်သည် ရုတ်တရက် အပြင်ဘက်သို့ ခုန်ထွက်သွားခဲ့လေသည်။

အမှောင်ထုသည် အခန်း၂၂၀၃ ပေါ်သို့ ဆင်းသက်လာသည်။ ဖုန်းစခရင်မှအားနည်းသောအလင်းသည် ရှောင်ကျူး၏မျက်နှာတွင် ဖျော့တော့စွာလင်းနေသည်။ သူမ၏ခန္ဓာကိုယ်သည် အေးခဲနေခဲ့သည်။ သူမက ဧည့်ခန်းကို စိုက်ကြည့်နေရင်း ချောင်းသံတစ်ချက်ထွက်မိသွားသည်။ မှောင်မဲနေသော ဧည့်ခန်းဆီမှ သွားကြိတ်သံကြီး ထွက်ပေါ်လာသည်။ လေးလံသောအရာတစ်ခုသည် ကြမ်းပြင်ပေါ်တွင် ဒရွတ်ဆွဲလာနေခြင်းဖြစ်သည်။

တံခါးက ဖြေးညှင်းစွာဖြင့် အနည်းငယ်ဟလာသည်။ ကျိုးကြေနေသော လက်သည်းများသည် အုတ်နံရံအား ကုတ်ခြစ်နေခဲ့သည်။ ပုံရိပ်မည်းကြီးသည် အမှောင်ထဲတွင်ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ရှောင်ကျူးက သူမ၏တုန်ရီနေသော လက်များဖြင့် ဖုန်းမီးအားဖွင့်လိုက်သည်။ ယာယီမီးရောင်က အခန်းထဲတွင် လင်းသွားပြီးနောက် ရှောင်ကျူးက စူးစူးဝါးဝါးအော်လိုက်သည်။ သူမက အိပ်ခန်းပြတင်းပေါက်အား ဖွင့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်တွင်တပ်ထားသော လုံခြုံရေး သံဇကာအား ကန်လိုက်ပြီး ပြတင်းပေါက်မှ ခုန်ချချင်နေခဲ့သည်။ မိုးရေက သူမ၏ညအိပ်ဝတ်စုံအား ရွှဲရွှဲစိုစေခဲ့သည်။ သူမဖုန်းက သူမလက်ထဲမှ လသာဆောင်ပေါ်သို့ လွတ်ကျသွားခဲ့သည်။

ရှောင်ကျူး သည် ရူးသွပ်နေပြီဖြစ်သည်။ လူတိုင်းက ကင်မရာမှ ပြတင်းပေါက်တစ်ခြမ်းနှင့် အိပ်ခန်းမျက်နှာကျက်ကိုသာ မြင်နေရသည်။ ရှောင်ကျူး မထွက်နိုင်သေးခင် ပြတင်းပေါက်၏ဘယ်ဘက်ထောင့်တွင် ဖြူဖျော့နေသော မျက်နှာကြီးတစ်ခုပေါ်လာသည်။ မျက်နှာကြီးသည် ဖြေးညင်းစွာ ရွေ့နေ၏။ အိမ်နီးချင်းများက ရှောင်ကျူးအားသတိပေးရန် အော်ဟစ်နေကြသော်လည်း သူမကား ကြားပုံမရပေ။

သူမ၏မျက်နှာသည် ကြောက်လွန်း၍တဆတ် ဆတ်တုန်နေခဲ့သည်။ ရှောက်ကျူးသည် အော်ဟစ်ရန်ပါးစပ်ကိုဟလိုက်သည်။ သို့သော် အသံသည် သူမ၏လည်ချောင်းထဲမှထွက်မလာသေးခင် အမှောင်ထုထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ အခန်း ၂၂၀၃ သည် ငြိမ်သက်သွားခဲ့ပြီး ရှောင်ကျူး၏ကင်မရာသည် တိတ်ဆိတ်သွားသည်။

ကောင်းမင်သည် စကားပြောဂရုထဲတွင် အိမ်ငှားများအား လေ့လာခဲပြီး ဖြစ်သည်။ သူတို့အားလုံး၏ အသွင်အပြင်များကို မှတ်သားထားလိုက်သည်။ ထို့နောက် ဧည့်ခန်းဆီသို့အလျင်အမြန်ဦးတည် လိုက်သည်။

အလောင်းကောင်က ရှိနေသေးသော်လည်း ထိုအရာက အဆိုးဆုံးမဟုတ်သေးချေ။

ကောင်းမင်က ရှောင်ကျူး၏ပြတင်းပေါက်အပြင်ဘက်မှ မျက်နှာကြီးအားခွဲခြားနိုင်လိုက်သည်။

၎င်းသည် ကျောက်ရှီမဟုတ်ပဲ အခန်း၂၁၀၁ မှ ဝမ်ကွေရှင်းသာ ဖြစ်သည်။

သူ့အကြည့်အားစကားပြောဂရုမှ မျက်နှာလွဲလိုက်သည်။ ကောင်းမင်က တစ်ဦးတစ်ယောက်မှ အသတ်ရခံသည်ကို မမြင်လိုပေ။ သူက သူ့မိဘများကိုတွေးမိလိုက်သည်။ သူက အိမ်နီးချင်းများအားလုံး ပြောင်းလဲသွားခဲ့ပြီး ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။ ပြီးလျှင် ဤအဆောက်အဦးထဲတွင် သူတစ်ယောက်ထဲသာ လူသားတစ်ဦးဖြစ်နေ၏။

All Chapters