← Chapters

ပေါက်ကွဲသွားသော ဆေးလုံးများ

Vol. 1 Ch. 8

ပေါက်ကွဲသွားသော ဆေးလုံးများ

Vol. 1 Ch. 8

ဂျွတ်... .

ဘယ်ဘက် ပခုံးဆီမှ လာသော ခပ်ပါးပါး နာကျင်မှုတစ်ခုက အတွေးထဲတွင် နစ်မျောနေသော ကျန်းရီကို အသိ ပြန်ဝင်လာအောင် ခြောက်လှန့်လိုက်သည်။ သူသည် အများကြီး မတွေးရန်နှင့် ဒဏ်ရာများကို အရင်ကုသရန်သာ ကိုယ့်ကိုယ်ကိုယ်အတင်း အားပေးလိုက်ရသည်။

သူသည် ကြွေပုလင်းလေးထဲမှ အဝါရောင် ဆေးပြားလေး တစ်ခုကို ထုတ်၍ ရေနှင့်အတူ မျိုချခဲ့လိုက်သည်။ ထိုဆေးသည် ကျန်းမိသားစု ကိုယ်တိုင် ဖော်စပ် ထုတ်လုပ်ထားသော အဆင့်အနိမ့်ဆုံး ဒဏ်ရာ ပျောက်ကင်းဆေး၊ အနိမ့်စား အဆင့် အဆင့်မြင့် ထုတ်ကုန် အဝါရောင် ဂျင်ဆင်းဆေးပြားပင် ဖြစ်သည်။

သိုင်းပညာကို လေ့လာလိုက်စားသော အဖွဲ့အစည်းများသည် ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ပေါများပေသည်။ ဆေးဝါးပစ္စည်းများ၊ လက်နက်များ၊ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ အားလုံးသည် တိကျသော အဆင့် သတ်မှတ်ချက်များ ရှိပေသည်။ သူတို့အားလုံးကို အဆင့်မြင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့် ဟူ၍ အားနည်းရာမှ အားကောင်းရာသို့ ခွဲခြား သတ်မှတ်ထားခဲ့သည်။ အဆင့် တစ်ခုချင်းစီကို အမြင့်စားအဆင့်၊ အလယ်အလတ်အဆင့်နှင့် အနိမ့်စားအဆင့် ဟူ၍ အဆင့်ငယ်လေး သုံးခုစီ ထပ်မံခွဲခြားထားခဲ့သည်။

ဥပမာအားဖြင့် ကျန်းရီ လေ့ကျင့်သော 'ကျန်း'ရေ အသွင် ကျင့်စဉ်ကို အမြင့်စား အဆင့်ရှိ အဆင့်မြင့် ကျင့်စဉ်ဟု သတ်မှတ်ထားသည်။ သူ ကျန်းမိသားစုတွင် သင်ယူထားခဲ့သော အမြင့်ဆုံးသော အဆင့်အတန်းရှိသည့် သိုင်းပညာရပ် 'ပုံရိပ်ယောင်လက်သီး' သည်လည်း အမြင့်စား အဆင့်ရှိ အဆင့်မြင့် သိုင်းပညာရပ်ဟု အမျိုးအစား သတ်မှတ်နိုင်သည်။

ကျန်းမိသားစု၏ စည်းမျဉ်းအရ မိသားစုလေး တစ်ခုမှ သခင်လေး ဖြစ်သောကြောင့် ကျန်းရီသည် သူ၏ ကျင့်ကြံခြင်းတွင် အထောက်အကူပြုသော အလယ်အလတ် အဆင့်ရှိ အဆင့်မြင့် 'ဝိဉာဏ် အားဖြည့်ဆေးလုံး' သုံးလုံးနှင့် ကျင့်ကြံရင်း ဒဏ်ရာ ရရှိခဲ့ပါက လွယ်ကူ လျှင်မြန်စွာ ကုသနိုင်စေရန် အလယ်အလတ် အဆင့်ရှိ အဆင့်မြင့် 'အနက်ရောင် ဂျင်ဆင်း ဆေးလုံး' နှစ်လုံးတို့ကို ချီးမြှင့်ခံခဲ့ရသည်။

ကံဆိုးစွာပင် သူသည် လွန်ခဲ့သည့် နှစ်နှစ် အတောအတွင်း မိသားစု၏ မျက်နှာသာ မပေးမှုသည် တိုး၍သာ လာခဲ့သောကြောင့် သူ၏ လစဉ် အထောက်အပံ့ငွေသည် တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ဖြတ်တောက်ခံရရုံ သာမက ဆေးလုံးများသည်ပင် အနိမ့်ဆုံး အဆင့်ဖြစ်သော အနိမ့်စား အဆင့်ရှိ အဆင့်မြင့်  'အတွင်း အားဖြည့်ဆေး' နှင့် 'အဝါရောင် ဂျင်ဆင်း ဆေးပြား' တို့ဖြင့် အစားထိုးခံခဲ့ရသည်။ ပို၍ ဆိုးသည်ကား ပမာဏကိုပင် ဆေးလုံးတစ်လုံး အဖြစ်သို့ လျှော့ချခံရခြင်း ဖြစ်သည်။

အဝါရောင် ဂျင်ဆင်းဆေးပြား၏ ဆေးဝါးစွမ်းရည်သည် အလွန့်အလွန်ကို အားနည်းသည်...  ၎င်းကို အနောက်ဘက် တောင်ကုန်းရှိ ဆေးစိုက်ခင်းများတွင် ပေါက်ရောက်သော ဂျင်ဆင်းမြက်ပင်နှင့် အခြားဆေးပင် အချို့တို့ကို ပေါင်းစပ်၍ ဖော်စပ်ထားခဲ့ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသော အကျိုး သက်ရောက်မှုသာ ရှိခဲ့သည်။ ကျန်းရီသည် ဒီလိုမျိုး အဆင့်နိမ့်သော ဆေးလုံးတစ်ခုကို အပြည့်အဝ အားထားလိုစိတ် မရှိခဲ့ပေ။ ဆေးသောက်ပြီး နောက်တွင် သူသည် ဒဏ်ရာ ကုသခြင်း ဖြစ်စဉ်ကို စတင်ရန် ကျန်းမိသားစု ရေဓာတ်ပညာရပ်ကို ချက်ချင်း စတင် လေ့ကျင့်ခဲ့သည်။

"ဟွန်း... "

နှစ်နာရီခန့် တင်ပျဉ်ချိတ် ထိုင်ပြီးနောက် ကျန်းရီသည် မပျော်ရွှင်သော အကြည့်တို့နှင့် မျက်လုံးကို ဖွင့်လာခဲ့သည်။ သူသည် 'ကျန်း'‌ရေအသွင် ကျင့်စဉ်ကို ကျင့်ကြံနေစဉ်တွင် သူ၏ အတွင်းဘက် အမြင်အာရုံကို သုံးခဲ့ရာ ဘယ်ဘက်ပခုံးရှိ ကျိုးနေသော အရိုးသုံးချောင်းကို တွေ့ရှိခဲ့သည်။ ထိုဒဏ်ရာသည် 'ကျန်း'‌ရေအသွင် ကျင့်စဉ်ကိုသာ အားကိုးထားပါလျှင် အနည်းဆုံး တစ်ရက်နှင့် တစ်ညလုံးလုံး တရားထိုင်နေမှ အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည့် ဒဏ်ရာဖြစ်သည်။

ဆေး၏ အာနိသင် အကြောင်းကိုတော့ ပြောမနေပါနှင့်တော့... ဆေးလုံး၏ အဆင့်သည် နိမ့်လွန်းသည်၊ ဆေး၏ အာနိသင်သည်လည်း အားနည်းလွန်း၍ ပြန်လည်ကုစားသည့် နှုန်းသည်လည်း နှေးကွေးလွန်းပေသည်။ နှစ်နာရီ ကြာပြီးတာတောင် ဆေးသည် သွေးထဲကို စတင် ဝင်ရောက်ရုံသာ ရှိပြီး ဒဏ်ရာများဆီ နှေးကွေးစွာ သွားနေတုန်းပင် ရှိသေးသည်... ...

"ကျန်းရုဟူ မနက်ဖြန် ရောက်မလာဘူးလို့ ဘယ်သူက ကျိန်းသေ ပြောနိုင်မှာလဲ အနက်ရောင် အတွင်းအားကို စပြီး လေ့လာရမယ့် အချိန်ရောက်ပြီ လို့တော့ ထင်တာဘဲ... ဒီ အတွင်းဒဏ်ရာတွေကို ခဏ အသာထားဦးမှပါလေ... ဒါကို နောက်မှ ကုသဖို့ စဉ်းစားတာက ပိုအဆင်ပြေလိမ့်မယ်... "

ကျန်းရီသည် ခဏမျှ တွေးဆနေခဲ့ပြီးနောက် ဒဏ်ရာများ ကုသနေခြင်းကို ရပ်တန့်ခဲ့လိုက်သည်။ ထိုအစား သူသည် အနက်ရောင် အတွင်းအားများကို ပို၍ ထုတ်လုပ်နိုင်ဖို့အတွက် အမည်မဲ့ ကျင့်စဉ်ကို စတင် လေ့ကျင့်နေခဲ့တော့သည်။

နှစ်နာရီခန့် ကြာပြီးနောက်... .

သူသည် မျက်လုံးများကို ထပ်မံ ဖွင့်ခဲ့လိုက်သည်။ သူ့ဒန်တျန်း နေရာ၏ ထောင့်တွင် အနက်ရောင် အတွင်းအား အမျှင်လေး ခြောက်ခု ရောက်ရှိနေပြီ ဖြစ်ကြောင်း သူခံစားနိုင်ခဲ့သည်။ သူ သူတို့ကို ကြည့်လေလေ သူတို့သည် ပို၍ ချစ်ဖို့ ကောင်းလာလေလေဟု ထင်ရခဲ့သည်။ တကယ်တမ်းတွင်တော့ သူတို့သည် သူ၏ အချစ်တော်လေးများပင် ဖြစ်သည်။ ဒီအနက်ရောင် အတွင်းအားများ ကြောင့်သာ မဟုတ်လျှင် ပို၍ ဆိုးသော အဖြစ်အပျက်များ ယနေ့ ဖြစ်ပွားခဲ့ပေလိမ့်မည်။

"ငါဘယ်လိုမျိုး လေ့လာစမ်းသပ်ကြည့်သင့်လဲ ဒီနေ့လည်တုန်းက ငါ့ရဲ့ လက်သီးတွေရော၊ ခြေထောက်တွေရော၊ တံတောင်ဆစ်နဲ့ရော၊ မျက်လုံးတွေနဲ့ပါ စမ်းကြည့်ပြီးသွားပြီ... ငါ့နားရွက်တွေနဲ့ စမ်းကြည့်ရင်ရော ဘယ်လိုနေမလဲ"

ထိုသို့သော အတွေးနှင့်... ..အနက်ရောင် အတွင်းအားသည် လူတစ်ယောက်၏ အမြင်အာရုံကို တိုးတက်စေနိုင်သောကြောင့် အကြားအာရုံအတွက်ရော ထူးခြားလာတာမျိုး ဖြစ်လာနိုင်မလား ဟုတ်ပြီ... ပြီးတော့ နှာခေါင်း...  အနံ့ခံအာရုံရော တိုးတက်လာမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ

ကျန်းရီသည် သူလုပ်မည်ပြောလျှင် လုပ်ကို လုပ်မည့် လူစားမျိုးပင်

ကျန်းရီသည် အနက်ရောင် အတွင်းအား အမျှင်တစ်ခုကို အပြာရောင် အတွင်းအား အချို့နှင့် ပေါင်းစပ်လိုက်ပြီး ခေါင်းဆီသို့ ဖြည်းဖြည်းချင်း ပို့ဆောင်လိုက်သည်။ အနက်ရောင် အတွင်းအားသည် ပမာဏအားဖြင့် မရှိသလောက် နည်းပါးသည်။ အပြာရောင် အတွင်းအားနှင့်သာ ပေါင်းစပ်မထားလျှင် အနက်ရောင် အတွင်းအား သီးသန့်သည် အာနိသင်တစ်ခုတစ်လေတောင် မထုတ်နိုင်ဖြစ်မည်ကို သူ စိုးရွံ့မိခဲ့သည်။

"အဝါရောင် ဂျင်ဆင်း ဆေးပြားရဲ့ အစွမ်းက  စပြလာပြီးတော့ ဒဏ်ရာတွေကို အလိုအလျောက် ကုစားနေပြီ... .ဆေးအာနိသင်က အားနည်းလွန်းနေတာ ဆိုးတာဘဲ... ."

ပေါင်းစပ်ထားသော အတွင်းအားများသည် သူ၏ ဝဲဘက် ရင်အုံနေရာရှိ သွေးကြောများကို ဖြတ်သန်းသွားသောအခါ ကျန်းရီသည် မသိစိတ်က အလိုအလျောက် ရပ်တန့်သွားကာ သူ၏ အတွင်းဘက် အမြင်အာရုံကို သုံး၍ ဒဏ်ရာများကို စူးစမ်းကြည့်လိုက်သည်။

သူသည် မမျှော်လင့်ထားသော ပြောင်းလဲမှုအတွက် ကြိုတင်မပြင်ခဲ့ရပေ။ အနက်ရောင် အတွင်းအားများသည် အပြာရောင် အတွင်းအားများမှ ခွဲထွက်ကာ အနီးအနားရှိ ဆေးစွမ်းအားများနှင့် ရုတ်တရက် ပေါင်းစပ်သွားခဲ့သည်... ..

"အာ"

ကျန်းရီ၏ ခန္ဓာကိုယ်သည် တုန်လှုပ်၍တောင် သွားခဲ့သည်။ သိသာစွာပင် သူ၏ ပြန်လည် ကုသနှုန်းသည် မူရင်း အမြန်နှုန်းထက် ငါးဆ၊ ခြောက်ဆနီးပါးလောက်ကို ရောက်ရှိသွသည် အထိ မြန်ဆန်သွားခဲ့သည်။ အာနိသင်သည်လည်း အမြင့်စား အဆင့်ရှိ အဆင့်မြင့် ဒဏ်ရာ ကုဆေးများနှင့် အတူတူ နီးပါးပင်... .

"ထူးဆန်းလိုက်တာ အနက်ရောင် အတွင်းအားတွေက ဆေးလုံး တစ်လုံးရဲ့ စွမ်းအားကို တကယ်ကြီးကို တိုးတက်လာစေတာဘဲ... "

ကျန်းရီသည် ဒဏ်ရာကို အသေအချာ အာရုံစိုက်၍ စူးစမ်း လေ့လာနေစဉ်တွင် သူ့နှလုံးခုန်သံတို့သည် မြန်ဆန်နေခဲ့သည်။ ကံဆိုးစွာပင် စက္ကန့်နှစ်ဆယ်၊ သုံးဆယ်ခန့်အတွင်း အနက်ရောင်အတွင်းအားများ လုံးဝ အသုံးပြုပြီးသွားခဲ့ပြီး ဒဏ်ရာကုသနှုန်းသည်လည်း နှေးကွေးသွားခဲ့ပြီ ဖြစ်သည်။ အနီးအနားတွင် အပြာရောင် အတွင်းအားများ ရှိနေသော်လည်း ဒဏ်ရာကုသနှုန်းတိုးတက်မှုသည် အနိမ့်ဆုံးနေရာမှာပင်... .

ကျန်းရီသည် အနက်ရောင် အတွင်းအား အမျှင် နောက်တစ်ခုကို ချက်ချင်းပင် ဆေးစွမ်းအားနှင့် ပေါင်းစပ်ကာ ဒဏ်ရာရှိရာ နေရာကို ပို့ဆောင်လိုက်ပြီး  ဒဏ်ရာ ကုသနှုန်းကို တိုးမြှင့်စေခဲ့လိုက်သည်။

ကျိုးနေသော အရိုးများသည် အတူတကွ ပြန်ဆက်နေကြသည်ကို ခံစားနေရစဉ် ကျန်းရီသည် အလွန် ဝမ်းမြောက် ပျော်ရွှင်နေခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား အမျှင်ကို အသုံးပြုပြီးသွားမည့် အချိန်ကို စောင့်နေခဲ့လိုက်သည်။ ထို့နောက် နောက်ထပ် အတွင်းအားမျှင် တစ်ခုကို ထပ်မံ၍ သုံးကာ ဒဏ်ရာ ကုသနှုန်းကို မြန်ဆန် စေခဲ့ပြန်သည်။

သူ့ကို စိတ်ပျက်စေသော အရာသည်ကား သူ၏ အနက်ရောင် အတွင်းအားသည် သေးငယ် နည်းပါးလွန်းနေခြင်း ဖြစ်သည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် သူသန့်စင်ထုတ်ယူထားသော အနက်ရောင်အတွင်းအား အမျှင် ခြောက်ခုကို လုံးဝ အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။

သူသည်  ဒဏ်ရာများကို စစ်ဆေးရန် ကိုယ်တွင်း အမြင်အာရုံကို အသုံးပြုပြီးနောက်တွင်တော့ သူ၏ စိတ်ခံစားချက်များသည် အတော်လေးကို တိုးတက်ကောင်းမွန်လာခဲ့သည်။ အချိန်ခဏလေး အတွင်းမှာပင် ဒဏ်ရာ သက်သာလာမှုနှုန်းသည် သူလေးနာရီကနေ ခြောက်နာရီအထိ တရားထိုင်ကာ ကုစားထားသည့် ပမာဏထက် သာလွန်သွားခဲ့သည်။  ထိုတခဏတွင် သူ့မှာ အနက်ရောင် အတွင်းအား အလုံအလောက်သာ ရှိပါလျှင် နှစ်မိနစ်ခွဲ ဟူသော အချိန်အတွင်း၌ပင် သူ့ဒဏ်ရာများကို ခုနှစ်ဆယ် ရာခိုင်နှုန်းမှ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ပြန်လည် ကုသနိုင်လာလိမ့်မည်ဟု သူခန့်မှန်းခဲ့မိသည်... .

ဒီလိုအချိန်မျိုးတွင် သူသည် အခြား ဘယ်အရာကိုမှ ဂရုစိုက်မနေတော့ဘဲ  တင်ပျဉ်ချိတ်ကာ တရားထိုင်ပြီး အနက်ရောင် အတွင်းအားများ ထပ်မံ၍ သန့်စင် ထုတ်ယူနိုင်ရန် အမည်မဲ့ ကျင့်စဉ်ကို စတင် ကျင့်ကြံပါတော့သည်။ ဒီအနက်ရောင် အတွင်းအားများ၏ ကုန်ခန်းမှု ပမာဏသည် မြန်ဆန်လွန်းပြီး အရေးကြုံလာသော အခြေအနေများတွင် အသုံးပြုရန် ဘယ်တော့မှ အလုံအလောက် မရှိခဲ့ချေ။

ဒီတစ်ကြိမ်တွင် သူသည် အပိုများ သိုလှောင်ထားရန် အတွက်  အိပ်မည့်အစား မိုးမလင်းခင်အထိ ရှစ်နာရီမှ ဆယ်နာရီအထိ ကြာအောင်ပင် အတွင်အားများ သန့်စင်ထုတ်ယူနေရန် ပြင်ဆင်နေခဲ့လိုက်သည်။ သူသည် နောက်နေ့ မနက်တွင် သူ့ဒဏ်ရာများ အားလုံး တစ်ခါတည်း သက်သာ သွားစေရန်အတွက် များနိုင်သမျှ များများ ထုတ်ယူရန်လည်း ရည်ရွယ်ခဲ့လိုက်သည်။

သို့သော်လည်း... ..

ခြောက်နာရီခန့် ကြာပြီးနောက် ကောင်းကင်သည် မှောင်နေဆဲ အချိန်မှာပင် ကျန်းရီသည် ထုတ်ယူခြင်း လုပ်ငန်းကို ရပ်တန့်ခဲ့လိုက်သည်။ သူသည် နားမလည်မှုများနှင့် စိတ်ဓာတ်ကျမှုများ ထင်ဟပ်နေသော မျက်ဝန်းများကို ဖွင့်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်... ..အနက်ရောင် အတွင်းအား အမျှင်လုံး ဆယ်ခုကို သန့်စင် ထုတ်ယူပြီးနောက် သူသည် အမည်မဲ့ကျင့်စဉ်ကို ဘယ်လောက်ပင် ကျင့်ကြံပါစေ သူ၏ ဒန်တျန်းသည် နောက်ထပ် အနက်ရောင် အတွင်းအားများကို ထုတ်မပေးလာတော့သောကြောင့်ပင်တည်း... ..

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဓိပ္ပာယ်မရှိလိုက်တာ"

ကျန်းရီ၏ မျက်နှာသည် အံ့သြမှုဖြင့် ကြက်သေ သေနေခဲ့သည်။ အနာဂတ်တွင် အနက်ရောင် အတွင်းအားများ တိုးတက်လာသောအခါ သူသည် အတွင်းအားသုံး၍ အင်အားအပြည့် တိုက်ခိုက်မှုများ လုပ်နိုင်လာကာ စွမ်းအားများ ဘယ်လောက်ပြင်းထန်လာသည်ကို ကြည့်မည်ဟု သာမန်အားဖြင့် သူတွေးထားခဲ့သည်။ သူ့စွမ်းရည်သည် အလွန်အမင်း တိုးတက်လာသည်ဟု အတည်ပြုနိုင်ခဲ့လျှင် အနက်ရောင် အတွင်းအားကို ကျင့်ကြံရသော နှုန်းသည် အပြာရောင် အတွင်းအားကို ကျင့်ကြံရသော နှုန်းထက် အလွန် နှေးကွေးနေခဲ့လျှင်တောင် သူသည် ဒီအမည်မဲ့ ကျင့်စဉ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲ၍ ကျင့်ကြံမည်ဟုပင် တွေးထားခဲ့သည်။

ယခုတော့ဖြင့် သူဤသို့ ဆုံးဖြတ်ရန် မလိုတော့ပါချေ။ အနက်ရောင် အတွင်းအား အမျှင်သည် ဆယ်ခုသာ ရှိခဲ့သည်။ ထိုပမာဏသည် အပြာရောင် အတွင်းအားနှင့် မပေါင်းစပ်လျှင် စွမ်းအားတစ်ခုတစ်လေမှ မထုတ်နိုင်ရုံ သာမက အမှီအခိုကင်းသော တိုက်ခိုက်မှုကို ပြုလုပ်ရန်ပါ လုံးဝ မလုံလောက်သော ပမာဏ ဖြစ်သည်။

"ဆယ်မျှင်လား ဒီလောက်နည်းနည်းလေးနဲ့ ငါဘာလုပ်နိုင်မှာလဲ"

ကျန်းရီသည် မကျေမနပ်နှင့် ထပ်မံ တင်ပျဉ်ချိတ်၍ တရားထိုင်ကာ အမည်မဲ့ ကျင့်စဉ်ကို လေ့ကျင့်ခဲ့လိုက်ပြန်သည်။ တစ်နာရီမျှ ထပ်ကြာပြီးနောက် သူ့တွင် ရွေးချယ်စရာ မရှိတော့သည့် အဆုံး မျက်လုံးများကို ဖွင့်လိုက်ရသည်။ သူ့ဒန်တျန်းထဲရှိ အနက်ရောင် အတွင်းအားများမှာမူ တစ်မျှင်လေးတောင် တိုးမလာခဲ့ချေ။

"ဟမ်... ..သူတို့ကို သုံးပြီးရင် ထပ်ထုတ်နိုင်မလား ကြည့်ရအောင်"

သူသည် တစ်ခဏမျှ သူ့ဟာသူတိုးတိုးလေး ပြောလိုက်ပြီး ဒဏ်ရာကုသရန် အတွင်းအားအမျှင်လုံး တစ်ခုကို အသုံးပြုခဲ့လိုက်သည်။ အနက်ရောင် အတွင်းအားမျှင်ကို သုံးစွဲပြီးလျှင် ပြီးချင်း သူသည် အလျင်အမြန် တင်ပျဉ်ချိတ်ထိုင်ကာ အမည်မဲ့ကျင့်စဉ်ကို ထပ်မံ ကျင့်ကြံခဲ့လိုက်သည်။

ရလဒ်သည်ကား... ဒန်တျန်းသည် အနက်ရောင် အတွင်းအားကို စတင်၍ ထုတ်လုပ်နေခြင်းပင်။ ထိုအတွင်းအား အမျှင်လုံး ဆယ်ခုကို စုဆောင်ပြီးလျှင် အရေအတွက်သည် ထပ်မံ၍ တိုးမလာတော့ချေ။

"ဒါက ဘယ်လို သေချင်းဆိုး ကျင့်စဉ်မျိုးလဲ ကောင်းကင်ဘုံက ငါ့ကို စိတ်ရှုပ်အောင် လုပ်ဖို့ ကြိုးစားနေတာလား"

ကျန်းရီသည် စိတ်ဓာတ်ကျလွန်း၍ သွေးပါ အန်ပစ်လိုက်ချင်ခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး အခန်းကို ဝေ့ကြည့်လိုက်သောအခါ အပြင်ဘက် ကောင်းကင်သည် လင်းနေခဲ့ပြီ ဖြစ်သည်။ ရှောင်နူ နိုးနေခြင်းကြောင့် တရှပ်ရှပ် အသံများသည်ပင် ကပ်လျက်အခန်းမှ ထွက်ပေါ်လာနေခဲ့သည်။

"ထားလိုက်တော့...   ငါနောက်တစ်ခါကျမှ အစီအစဉ်တစ်ခု တွေးကြည့်မယ်... ဒဏ်ရာတွေကို ကုဖို့ အရင်လုပ်ရမယ်။ ပြီးရင် စိုက်ခင်း(၅)ကို သွားပြီးတော့ ဂျင်ဆင်း မြက်ပင်တွေကို သိမ်းရဦးမယ်။ ကျန်းရုဟူနဲ့ သူ့လူမိုက်တွေ ငါ့ကို မတားဆီးစေဖို့ဘဲ မျှော်လင့်တယ်... ."

ကျန်းရီသည် ပြီးခဲ့သည့်နေ့က ခေါင်းဆောင်ရုန်၏ ညွှန်ကြားချက်ကို သတိရသွားခဲ့ပြီး နောက်ထပ်ပို၍ အချိန် မဆွဲရဲတော့ပေ။ သူ၏ ဒဏ်ရာများသာ မကောင်းသေးလျှင် အနက်ရောင် အတွင်းအားနှင့် ဆိုလျှင်တောင် သူ၏ အတိုက်အခိုက် စွမ်းရည် အလွန်အမင်း နိမ့်နေဦးမှာပင်... .

သူသည် အနက်ရောင် အတွင်းအား အမျှင်တစ်ခုကို ဒဏ်ရာရထားသော နေရာအနီးသို့ ပို့လိုက်ပြီး ဆေးစွမ်းအားများနှင့် ပေါင်းစပ်ရန် ပြင်လိုက်သောအခါ ခြောက်နာရီကျော် ကြာမြင့်ပြီးနောက် ဆေးအာနိသင်သည် လုံးဝ ကုန်ဆုံးသွားခဲ့သည်ကို သူတွေ့ရှိခဲ့လိုက်လေသည်။ ထိုအဝါရောင် ဂျင်ဆင်း ဆေးပြားသည် သနားစဖွယ် ဆေးအာနိသင် လေးနှင့် အဆင့်အနိမ့်ဆုံး ဆေးသာ ဖြစ်ကြောင်း ၎င်းကိုယ်တိုင် သက်သေ ပြသွားခဲ့လေပြီ... ..

"မဟုတ်သေးဘူး...  နေပါဦး အပြာရောင် အတွင်းအားတွေက ဒဏ်ရာ ကုသတဲ့နေရာမှာ သုံးနိုင်ပြီးတော့ အနက်ရောင် အတွင်းအားတွေက အရမ်း အင်အားကြီးတယ်... သူတို့ကို ဒဏ်ရာ ကုသတဲ့နေရာမှာ မြန်ဆန်ဖို့နဲ့ ပြန်လည်ကုသပေးဖို့ သုံးနိုင်မှာလည်း သေချာတယ် မဟုတ်ဘူးလား ဘာလို့ ဆေးအစွမ်းနဲ့ ပေါင်းစပ်နေဖို့ လိုဦးမှာလဲ''

ကျန်းရီသည် ရုတ်တရက် ထိုသို့ တွေးမိသွားပြီး နှလုံးခုန်သံများလည်း မြန်လာခဲ့သည်။ အနက်ရောင် အတွင်းအားသည် ဆေး၏အစွမ်းကို တိုးစေခြင်းနှင့် ဒဏ်ရာ ကုသသော နေရာတွင် တိုက်ရိုက် ပါဝင်လာခြင်းသည် ကွဲပြားသော ကိစ္စနှစ်ခုဖြစ်သည်။ အဲ့လိုသာ ဖြစ်လာမည်ဆိုလျှင် နောက်ပိုင်းတွင် အရမ်းကို စွမ်းအားကြီးလာပေလိမ့်မည်။ အနာဂတ်တွင် သူသည် ဆေးအကူအညီနှင့် ဒဏ်ရာများကို ကုသနေစရာ မလိုတော့ပေ... ...

သို့သော်လည်း...

သူ့ကို ဦးနှောက် ခြောက်စေသော အရာသည်ကား ပေါင်းစပ်ထားသော အတွင်းအားနှစ်ခုကို ဒဏ်ရာအနီးသို့ ပို့လိုက်သောအခါ ပြန်လည် ကုသနှုန်းသည် မူလ အပြာရောင် အတွင်းအား တစ်ခုတည်း၏ ကုသနှုန်းနှင့် အတူတူ ဖြစ်နေခြင်းပင်... ..ကုသနှုန်းသည် ဘယ်လိုမှ ထပ်တိုးမလာခဲ့တော့ချေ...

ဒီအနက်ရောင် အတွင်းအားသည် ဆေး၏ အစွမ်းကိုလာ တိုးလာအောင် ပြုလုပ်ပေးသည်။ သူကိုယ်တိုင်တော့ ဒဏ်ရာများကို ကုမပေးနိုင်ပေ။

ကျန်းရီ၏ အတွင်းစိတ်သည် ရှုပ်ထွေးလာခဲ့သည်။ အချိန်သည် မစောတော့ပေ... .သူသာ ဂျင်ဆင်း မြက်ပင်များ သိမ်းဆည်းရာတွင် နှောင့်နှေးနေပါက ခေါင်းဆောင်ရုန်သည် သူ့ကို ထပ်မံ၍ ဆူပူ ကြိမ်းမောင်းပေလိမ့်မည်။ ပြဿနာသည်ကား သူသည် ကျန်းရုဟူနှင့် သူ့လူမိုက် တစ်စု အနှောင့်အယှက် ပေးလာခဲ့မည်ကို ကြောက်နေခြင်းကြောင့် သူ့ဒဏ်ရာများ ပြန်မကောင်းလာသေးဘဲ စိုက်ခင်းများ ရှိရာသို့ လုံးဝ မသွားဝံ့ခြင်းပင် ဖြစ်သည်။

"ဟုတ်သားပဲ... ဆေးပစ္စည်း သိုလှောင်ခန်းကို သွားပြီး ဘဆေးတစ်လုံးတောင်းရမယ်"

ဒီလအတွက် ဆေးမရသေးသည်ကို သူသတိရသွားခဲ့သည်။ သူသည် ခေါင်းထဲတွင် ဘာမှမရှိတော့ဘဲ အိပ်ရာမှာ အလျင်အမြန်ထကာ ဝတ်ရုံကို သန့်ရှင်းအောင် ပြင်ဆင်ပြီးနောက် အပြင်ကို ထွက်လာခဲ့လိုက်သည်။  သူလမ်းလျှောက်တွင် ဘယ်ဘက် ပခုံးသည်လည်း လှုပ်ရှားသွားသောကြောင့် ဒဏ်ရာများ၏ အခြေအနေသည် နာကျင်နေသေးသော်ငြား ယမန်နေ့ကလောက် မပြင်းထန်တော့သည်ကို သူသတိပြုမိလိုက်သည်။

"သခင်လေး...  ဘယ်ကိုသွားမလို့လဲ"

ကျန်းရီ၏ ခြေသံများကို ကြားလျှင် ကပ်လျက်အခန်းမှ ခေါင်းလေးတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ အဝါရောင် သန်းသော လျော့တိလျော့ရဲနှင့် ရှုပ်ပွနေသော ဆံပင်များ၊ မျက်ရည်များ စွန်းထင်း နေသေးသယောင် ရှိသည့် မျက်လုံးအိမ ်ဖောင်းဖောင်းများနှင့် မျက်နှာလေးသည် ကျန်းရီ မနက်စောစော အပြင်ထွက်သည်ကို မြင်သောအခါ စိုးရိမ်သော အကြည့်တို့ကို ဖော်ပြနေခဲ့သည်။

"ရှောင်နူ... .ငါမြန်မြန်သွားပြီးတော့ တစ်အောင့်လောက် နေရင် ပြန်လာခဲ့မယ်"

ကျန်းရီသည် သူမကို အိမ်မှာဘဲ နေရန်နှင့် တစ်ယောက်ယောက် တံခါးဝကို ရောက်လာရင် အနောက် ခြံဝန်းလေးထဲမှာဘဲ ပုန်းနေဖို့ ဟူသည့် အမိန့်နှစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပေးခဲ့လိုက်သည်။ သူသည် ဆေးလုံးတစ်ခု လက်ခံယူ၍ ဒဏ်ရာများကို ချက်ချင်း ကုသနိုင်ရန် အရှေ့ဘက် အဆောင်ဆီ ဦးတည်၍ လျင်မြန်စွာ လျှောက်လာခဲ့သည်။

သူသည် လျင်မြန်လှသော အရှိန်နှင့် အနောက်ဘက် အဆောင်ကို ချန်ထားခဲ့ကာ ဆေးဝါးပစ္စည်း သိုလှောင်ခန်းရှိရာ တောင်ဘက် အဆောင်ဆီ ဆက်လက်၍ ဦးတည်ခဲ့သည်။ ရောင်နီလာခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျန်းအိမ်တော် အတွင်းရှိ လူများသည် ပျားပန်းခတ်မျှ အသက်ဝင် လှုပ်ရှားနေခဲ့ကြသည်။ သို့သော် မျက်နှာသာ အပေးမခံရသော ငမွဲကောင်လေး ကျန်းရီကိုတော့ဖြင့် ဘယ်သူမှ အရေးမစိုက်ခဲ့ကြချေ။

ငါးမိနစ်မျှ ကြာပြီးနောက် ကျန်းရီသည် ဆေးဝါးပစ္စည်း သိုလှောင်ခန်းကို ရောက်လာခဲ့သည်။ သူသည် တံခါးကို တွန့်ဆုတ်တွန့်ဆုတ်နှင့် ကပ်သွားကာ အခန်းထဲမှာ ဆေးဝါးပစ္စည်း သိုလှောင်ခန်း၏ အကြီးအကဲများ ရှိမလားလို့ စူးစမ်းရင်း ကိုယ်ကို ကျုံ့၍ ချောင်းကြည့်ခဲ့လိုက်သည်။ ထိုလူကြီးသည်ကား ကျန်းမိသားစု၏ ဆေးဝါးပစ္စည်း ထုတ်လုပ်ရေးတွင် တာဝန်ရှိသော၊ ကို့ရိုးကားယားဆန်သည့် သဘောထားရှိသော အကြီးအကဲလျှိုပင် ဖြစ်သည်။

အဆုံးမှာတော့ သူ့ကို ဆွံ့အသွားစေသော အရာသည်ကား အခန်း၏ အတွင်းထဲတွင် အရူး တစ်ယောက်လိုမျိုး ရှုပ်ပွနေသော ဆံပင်များနှင့် အညိုရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော၊ ဆေးပေါင်းအိုးကြီး တစ်ခုအနားတွင် ရပ်နေသော၊ ထိုဆေးပေါင်းအိုးကြီးကို ပြူးကျယ်သော မျက်လုံးများနှင့် စိုက်ကြည့်နေသော လူကြီးတစ်ယောက်ပင် ဖြစ်သည်။ ပုံမှန် ဆေးဝါးပစ္စည်း သိုလှောင်ခန်းတွင် အကူအဖြစ် ရှိနေတတ်သော ကျန်းမိသားစု၏ သခင်လေး တစ်ယောက် ဖြစ်သော ကျန်းစုန့်ကား အခန်းထဲတွင် ရှိမနေခဲ့ပေ။

အကြီးအကဲလျှိုသည် မိသားစုထဲတွင်  သူ၏ ထူးဆန်းသော ဒေါသကြောင့် ကျော်ကြားသည်။ ထို့ကြောင့် ကျန်းရီ အပါအဝင် ကျန်းမိသားစုမှ အခြားသခင်လေးများသည် မိသားစုတွင် သြဇာလွှမ်းသော အဆင့်အတန်းရှိသည့် ဒီလူကြီးကို စိတ်တို၊ဒေါသထွက်အောင် မလုပ်မိစေရန် ဆေးဝါးလာရောက် တောင်းခံသည့် အခါမျိုး၌ သူ့ကို ရှောင်၍ ကျန်းစုန့်ကိုသာ တွေ့ရရန် ပို၍ သဘောကျကြသည်။

"ငါဘာလုပ်သင့်လဲ ငါနောက်မှ ပြန်လာသင့်လား" ကျန်းရီသည် ခေါင်းငုံ့ပြီး သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။

သို့သော်လည်း ထိုခဏတွင် အကြီးအကဲလျှိုသည် အခန်းတွင်းမှ ရုတ်တရက် အော်ဟစ်လာခဲ့သည်...

"ကျန်းစုန့်... .အပြင်မှာ သံသယ ဝင်စရာ ကောင်းအောင် ဘာရပ်လုပ်နေတာလဲ..မြန်မြန်လာစမ်း... ဒီကိုလာပြီး မီးတောက်ကို အပူချိန် ညှိပေး... အသုံးမကျတဲ့ ကောင်လေး..မင်းသိတာက တစ်နေ့လုံး ဘယ်လို ပျင်းရိနေရမလဲ ဆိုတာဘဲ... "

ကျန်းရီသည် နှာခေါင်းကို အရှက်ပြေ ပွတ်ကာ သူပုန်းသော နေရာမှ ထွက်လာခဲ့လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်...

"အကြီးအကဲလျှိုကို နှုတ်ဆက်ပါတယ် ကျွန်... ကျွန်တော်က ကျန်းစုန့် မဟုတ်ပါဘူး...  ကျွန်တော် ကျန်းရီက ဒီကို ဆေးတောင်းဖို့ ရောက်နေတာပါ... "

"ငါ့ဖင်ကိုဘဲ ဆေးလာတောင်း"

အကြီးအကဲလျှို၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ကာ ကျန်းရီကို ပြောလာခဲ့သည်..

"မင်းတို့ အသုံးမကျတဲ့ ကလေးတွေက နေ့စဉ်လုပ်ရအယ့် တာဝန်တွေကို ဘယ်တော့မှ ပြီးအောင် မလုပ်ဘူး... ဆေးလာယူတဲ့ အချိန်မှာဘဲ အလျင်စလိုနဲ့ ရောက်လာကြတယ်..ဆေးလား ဘာမှမရဘူး"

"ဟာ... "

ကျန်းရီ၏ မျက်နှာသည် မှင်တက်မှုကို ဖော်ပြနေခဲ့ပြီး သူရပ်နေသော နေရာတွင်ဘဲ ဝင်လည်းမသွား ထွက်လည်း မသွားဘဲ ရှိနေခဲ့သည်။

"မင်းဘာလို့ ဒီမှာ ရပ်နေသေးတာလဲ ထွက်သွား ငါဆေးဖော်စပ်နေတာကို လာမနှောင့်ယှက်နဲ့... ဒီကျန်းစုန့်ကလည်း တကယ်ကို သေချင်နေတာဘဲ... အိမ်သာသွားတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ ငါ့ဟာငါ မီးအပူချိန်ကို ညှိပေးနေရတယ်... ."

အကြီးအကဲလျှိုသည် ကျန်းရီကို စိုက်ကြည့်နေစဉ်မှာပင် ဆေးပေါင်းအိုးနံရံတွင် သူတင်ထားခဲ့သော လက်သည် အနီရောင် အတွင်းအားတို့ဖြင့် တောက်ပလာခဲ့သည်။ သူ၏ မျက်လုံးအိမ်များတို့ကို တစ်ချက် စွေကြည့်လိုက်ရင်း ကျန်းရီရှိရာသို့ ခေါင်းလှည့်လာကာ လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်...

"မင်း... ဒီကိုလာခဲ့ ငါ့ကို ဒီဆေးပေါင်းအိုးရဲ့ အပူချိန်ကို ညှိဖို့ လာကူ... .ငါဆေးစပ်နည်းကို စစ်ဆေးရဦးမယ်"

"ကျွန်တော်လား''

ကျန်းရီသည် ရှက်ရွံ့မှုကြောင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်ပြီး ဖြစ်သည်။ သို့သော် အကြီးအကဲလျှို၏ အမိန့်ကို ကြားလိုက်ရသောအခါ သူသည် ပြောစရာ စကားလုံးများပင် ရှာမရတော့ချေ။ သူသည် အလျင်အမြန် လက်ရော ခေါင်းရော ခါယမ်းလိုက်ကာ ငြင်းဆိုလိုက်သည်...

"မဖြစ်ပါဘူး...  အကြီးအကဲလျှို... ကျွန်တော်က ဆေးကို ဘယ်လိုထုတ်ယူသန့်စင်ရမယ်ဆိုတာ မသိပါဘူး... ကျွန်တော်မလုပ်နိုင်ပါဘူး... "

ဒေါသ ထွက်လာသော အကြီးအကဲလျှိုသည် ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆိုလာခဲ့သည်...

"သွားစမ်းပါ... ဒါက လုံးဝ မခက်ဘူး..ဒီဆေးပေါင်းအိုးကလည်း ပြီးသွားတော့မှာ မင်းလုပ်စရာဆိုလို့ ဒီနေရာလေးကနေ အတွင်းအားတွေ ပို့ပေးရုံဘဲ... .ဆေးက ခဲလာပြီး ပုံပေါ်လာရင် ပြီးပြီ...  မြန်မြန်လာပြီး ဒီမှာရပ် မင်းက ဒီကိစ္စကို ပြဿနာဖြစ်အောင် လုပ်သွားမယ်ဆိုရင် ဒီနေရာကနေ ဆေး တစ်လုံးရဖို့တောင် ဘယ်တော့မှ မစဉ်းစားနဲ့ ဟမ့်"

အကြီးအကဲလျှိုသည် ဆူပူကြိမ်းမောင်းအပြီးတွင်တော့ ဘေးဘက်အခန်းဆီ ခြေလှမ်းကြဲကြီးများနှင့် လျှောက်သွားခဲ့သည်။ ကျန်းရီသည် အံကို ကြိတ်ရင်း ဒီတာဝန်ကို လုပ်ကို လုပ်ရတော့မည်ကို သိလိုက်သော်ငြား တစ်ခဏတော့ တွန့်ဆုတ်နေခဲ့သေးသည်။ ထို့နောက်တွင်တော့ သူသည် လက်နှစ်ဖက်ကို ဆေးပေါင်းအိုး နံရံဆီ ကပ်လိုက်ပြီး အပြာရောင် အတွင်းအားများကို သက်ရောက်စေလိုက်သည်။

သို့ရာတွင်... .

ကျန်းရီကို စိတ်ရှုပ်စေသော အရာသည်ကား သူသည် အတွင်းအားများကို ဆေးပေါင်းအိုးဆီ သက်ရောက် စေလိုက်ရုံရှိသေး ဆေးပေါင်းအိုးသည် ရေမြှုပ် တစ်ခုလိုမျိုး အတွင်းအားများကို မြန်မြန်ဆန်ဆန်နှင့် အလိုအလျောက် စုပ်ယူသွားခဲ့ခြင်း ဖြစ်သည်။ အံ့အားသင့်ဖွယ် စုပ်ယူနှုန်း နှင့်အတူ သူ့လက်တွင်းရှိ သွေးကြောများထဲမှ အတွင်းအားများသည် တစ်ခဏ အတွင်းတွင်ပင် လုံးဝကုန်အောင် စုပ်ယူခံလိုက်ရသည်။

ကျန်းရီသည် ဆေးကို မည်သို့ ထုတ်ယူ သန့်စင်ရမည်ကို မသိပေ။ သူ့လက်တွင်းရှိ တာဝန် ကျရှုံးသွားမည်ကိုလည်း ကြောက်လန့်နေခဲ့သည်။ သို့နှင့် သူသည် တတ်နိုင်သမျှ မြန်မြန် အတွင်းအားများကို အလုပ်လုပ်စေလိုက်ပြီး ဆေးပေါင်းအိုး ဆီသို့ ပို့ဆောင်နေခဲ့မိသည်။ ထိုသို့ အလျင်စလို လုပ်ရာတွင် သူသည် မတော်တဆဖြင့် အနက်ရောင် အတွင်းအား အမျှင်နှစ်ခုကို အပြာရောင် အတွင်းအားများနှင့် ပေါင်းစပ်စေလိုက်မိပြီး ဆေးပေါင်းအိုးဆီ တည့်တည့်မတ်မတ် ပို့ဆောင်ခဲ့မိလေသည်။

"ဘန်း"

ထိုခဏတွင် အနက်ရောင်အတွင်းအားများသည် ဆေးပေါင်းအိုးထဲကို ဝင်ရောက်သွားခဲ့ပြီး ဆေးပေါင်းအိုးသည် ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာကာ တုန်ခါသွား၍ ကြမ်းပြင်ပေါ်သို့ လည်လျှက် ပြုတ်ကျလာခဲ့သည်။

"ဆေးတွေ ပေါက်ကွဲ သွားတာလား"

ဘေးဘက်အခန်းမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်...

"သွားပြီ... ... ဒီဆေးပေါင်းအိုးထဲမှာ အမြင့်စားအဆင့် အဆင့်မြင့် ဝိဉာဏ် အားဖြည့်ဆေးတွေပါတယ်... .ငါမင်းကို သတ်မယ်... ကျန်းရီ "

***

All Chapters