မြေကမ္ဘာအဆင့် ဆေးလုံး
Vol. 1 Ch. 9
"အာ ပျက်စီးသွားပြီ... .. "
ကျန်းရီသည် ကြမ်းပြင်ပေါ်ကို ဖင်ထိုင်လျက်သားလေး ပြုတ်ကျသွားခဲ့သည်။ ဆေးပေါင်းအိုးထဲရှိ ဆေးအရေအတွက်သည် မနည်းပေ... အနည်းဆုံးတော့ အလုံး ငါးဆယ်ခန့် ရှိလိမ့်မည်။ အရေးအကြီးဆုံး အချက်သည်ကား သူတို့သည် အမြင့်စား အဆင့် အဆင့်မြင့် ဝိဉာဏ် အားဖြည့်ဆေးများ ဖြစ်နေခြင်း ပြောစကားများအရ အမြင့်စား အဆင့်ရှိ အဆင့်မြင့် ဆေးလုံးများသည် တစ်လုံးကို အနည်းဆုံး ငွေတစ်ဆယ်တေးလ်နှင့် ရောင်းချသည်ဟု သူကြားဖူးခဲ့သည်။ တစ်နည်းအားဖြင့် ဒီဆေးပေါင်းအိုးထဲရှိ ဆေးများ ပေါက်ကွဲ သွားခြင်းသည် ခရမ်းရောင်ရွှေတေးလ် ငါးခုရှိသော ဆေးများကို သူ ဖျက်ဆီးလိုက်ခဲ့သည် ပြော၍ ရပေသည်။
အညိုရောင် ပုံရိပ်တစ်ခုသည် ဘေးဘက်အခန်းမှ ဝုန်းဒိုင်းကြဲ ပြေးထွက်လာခဲ့သည်... ပုံရိပ် ပတ်ဝန်းကျင်ရှိ ကြမ်းတမ်းသော လေထုတို့သည် ကျန်းရီကို အသက် မရှူနိုင်လောက်အောင် ဖိအားပေးနေခဲ့သည်။ အကြီးအကဲလျှို၏ ကြီးမားပြီး နွားသိုးကဲ့သို့ ရန်လိုသော အကြည့်တို့သည် ကျန်းရီကို ရက်ရက်စက်စက် စိုက်ကြည့်နေခဲ့သည်။ အကြီးအကဲလျှိုသည် ဆေးပေါင်းအိုး အဖုံးကို ပါဝင်ပစ္စည်းများကို ပေါ်လာအောင် လက်တစ်ဖက်နှင့် ဆွဲမလိုက်ခဲ့သည်။ သူသည် ရုတ်တရက် ဆေးများကို စတင် စစ်ဆေးပါလေတော့သည်။
ကျန်းရီသည် အသက်ကို အောင့်ရင်း ပေါက်ကွဲမှုတွင် ဆေးပေါင်းအိုးထဲရှိ ဆေးအများကြီး ပျက်စီးမသွားပါစေနဲ့ ဟုသာ တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။ သို့မဟုတ်ပါက အကြီးအကဲလျှိုသာ ဒေါသတကြီးနှင့် သူ့ကို သေအောင် ရိုက်လျှင်တောင် ကျန်းမိသားစုသည် ဘာမှ ပြောလာမည် မဟုတ်ချေ... ..
" ကောင်စုတ်လေး... ဆေးအပြည့်နဲ့ ဒီဆေးပေါင်းအိုးကြီး လုံးဝပျက်စီးသွားပြီ မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ဆေးပေါင်းအိုးကို ကြည့်ရင်း အကြီးအကဲလျှို၏ အမျက်ဒေါသတို့သည် ပို၍သာပြင်းထန်လာခဲ့သည်။ သူ၏ အကြည့်တို့သည် ကျန်းရီ၏မျက်နှာကို ဓားတစ်စင်းကဲ့သို့ ဖြတ်တောက်သွားမတတ်ပင်။ သူ၏ လက်တွင်းတွင် အနီရောင်အတွင်းအားတို့ ထွက်ပေါ်လာခဲ့သည်။ သူသည် ကျန်းရီကို ရိုက်ချက်တစ်ခု ပေးရန် အသင့် ဖြစ်နေခဲ့ပြီ...
"ငါတော့ ကိစ္စပြတ်ပြီ"
ကျန်းရီသည် မျက်လုံးများကို မှိတ်ကာ ကျရောက်လာမည့် လက်ဝါးရိုက်ချက်ကို စောင့်နေခဲ့လိုက်သည်။ အကြီးအကဲလျှိုသည် ဆေးဝါး ဖော်စပ်ခြင်းကိုသာ တာဝန်ယူထားသော်လည်း ကျန်းမိသားစု၏ သြဇာ အာဏာအကြီးဆုံး ဆယ်ယောက်ထဲမှ တစ်ယောက်ဟု ယူဆ၍ ရသည်။ ဒီရိုက်ချက် တစ်ချက် အရိုက်ခံရတာနဲ့တော့ သူ မသေသွားလောက်ဘူး မလား
"အာ"
ရုတ်တရက် အကြီးအကဲလျှိုသည် တွေဝေ ရပ်တန့်သွားခဲ့သည်။ သူသည် ရိုက်တော့မည့်လက်ကို ပြန်ရုတ်သွားခဲ့သည်။ သူသည် ဆေးပေါင်းအိုးထဲတွင် ကျန်နေသေးသော ဆေးနှစ်လုံးကို စူစမ်းလိုမှု အပြည့်နှင့် စိုက်ကြည့်နေခဲ့သည်။ ထိုဆေးနှစ်လုံးသည် သူဖော်စပ်နေကျ ဝိဉာဏ် အားဖြည့်ဆေးများနှင့် ကွဲပြားနေသည်ကို သူ ခံစားလိုက်ရသည်။
ကျန်းရီသည် သေအံ့ဆဲဆဲ အခြေအနေမှ လွတ်မြောက်သွားခဲ့သည်။ သူ၏ ချွေးစေးများကို အလျင်အမြန် သုတ်လိုက်ပြီး သူ့မသိစိတ် အရ အကြီးအကဲ လျှို၏ လှုပ်ရှားမှု သေးသေးလေးတိုင်းကို စူးစမ်းနေခဲ့လိုက်သည်။
"ဒီ... ဒီဆေးတွေ... "
အကြီးအကဲလျှိုသည် ကျန်းရီကို လုံးဝ လျစ်လျူရှု ထားခဲ့လိုက်သည်။ သူ့မျက်ဝန်းများသည် လပြည့်ဝန်းလို ပြူးကျယ် ဝိုင်းစက်နေခဲ့သည်။ ဆေးပေါင်းအိုးထဲမှ အနက်ရောင် ဆေးလုံးနှစ်ခုကို သူဆွဲယူခဲ့လိုက်သည်။ သူ့မျက်နှာတွင်တော့ ဝေခွဲမရ ဖြစ်မှု တွေဝေမှုများနှင့် သူပြောလာခဲ့သည်...
"ဝိဉာဏ်အားဖြည့်ဆေးက အဖြူရောင် မဟုတ်ဘူးလား ဒီနှစ်ခုက ဘယ်လိုလုပ် အနက်ရောင် ဖြစ်သွားတာလဲ ပြီးတော့... သူ့ရဲ့ အာနိသင်ကလည်း အတော်လေးကို စွမ်းအားမြင့်လာတယ် ထင်ရတာပဲ"
"အနက်ရောင် ဆေးနှစ်လုံး"
ကျန်းရီ၏ မျက်လုံးများသည် မတည်ငြိမ် နိုင်တော့ပေ။ ရုတ်တရက် ပီပီသသ ပေါ်လာသော အတွေးတစ်ခုနှင့် သူ့စိတ်အစုံသည်လည်း လှုပ်ရှားနေခဲ့သည်။ ပေါက်ကွဲသွားတဲ့ ဆေးတွေက ငါ အနက်ရောင် အတွင်းအား အမျှင်လုံး နှစ်ခုကို ထည့်လိုက်မိလို့ မဟုတ်ဘူးလား ကျန်ခဲ့တဲ့ ဆေးနှစ်လုံးက မပေါက်ကွဲသွားရုံတင် မကဘူး.. အရောင်ပါ အဖြူကနေ အနက်ကို ပြောင်းသွားတယ်တဲ့လား အနက်ရောင်အတွင်းအား အမျှင်လုံး နှစ်ခုက ဒီနောက်ကွယ်က အကြောင်းအရင်များလား
" သူတို့ရဲ့ ဆေးအာနိသင်က တကယ့်ကို အများကြီး တိုးတက်သွားတာပဲ"
အကြီးအကဲလျှို၏ မျက်လုံးများသည် ကြည့်နေလေလေ အရောင်တောက်လာလေလေ ဖြစ်သည်။ သက်ဝင် တက်ကြွမှုများနှင့် သူသည် မရပ်မနား တဖွဖွ ပြောနေခဲ့သည်...
"ဒီအရောင်အဆင်း..ဒီဆေးစွမ်းအား... တူတယ် တကယ့်ကို တူတယ် ငါ့ဘဝ တစ်လျှောက်လုံး ဆေးတွေ ဖော်စပ်လာခဲ့တာ... နောက်ဆုံးတော့ မြေကမ္ဘာအဆင့် ဆေးနှစ်လုံးကို ဖော်စပ်နိုင်ခဲ့ပြီလား"
"မြေကမ္ဘာအဆင့် ဆေးတွေလား"
ကျန်းရီ၏ စိတ်သည် တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သည့် ညက သူ့ ဒဏ်ရာများကို ကုသနေစဉ် အနက်ရောင် အတွင်းအားတို့သည် ထူးဆန်းစွာ အဝါရောင် ဂျင်ဆင်း ဆေးပြား၏ အာနိသင်ကို ငါးဆ၊ ခြောက်ဆလောက်ထိ တိုးလာစေခဲ့သည်ကို သူသတိရသွားခဲ့သည်။ ယခုဖြစ်ပွားနေသော အခြေအနေကို ဆက်စပ်ကြည့်ပါလျှင် သူ့နှလုံးသားထဲတွင် သေချာမှုများနှင့် ပြည့်နှက်လာခဲ့သည်။ ဒီဆေးပေါင်းအိုးထဲရှိ ဆေးများ၏ ပေါက်ကွဲမှုရော... ဒီဆေးလုံးနှစ်လုံး၏ မြေကမ္ဘာအဆင့် အရည်အသွေးကို ပြောင်းလဲသွားမှုရောသည် အနက်ရောင် အတွင်းအားကြောင့် ဖြစ်သည်မှာ အတိအကျပင်... .
"ဂလု"
ကျန်းရီသည် ကိုယ့်ဟာကိုယ် ပြန်တွေးနေတုန်းပင်ရှိသေး..အကြီးအကဲလျှိုသည် အနက်ရောင် ဆေးလုံးတစ်လုံးကို ချက်ချင်းယူပြီး မျိုချခဲ့လေသည်။ ထို့နောက်တွင် မျက်လုံးများကို ပိတ်လျက် တင်ပျဉ်ချိတ် ထိုင်ခဲ့လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများကို ပြန်ဖွင့်လာခဲ့သည်။ သူ့မျက်ဝန်းများသည် စိတ်လှုပ်ရှားမှု ပီတိများနှင့် ပြည့်နှက်နေခဲ့သည်။
"ဟား..ဟား..ဟား ဒါက တကယ့်ကို အနိမ့်စား အဆင့်ရှိ မြေကမ္ဘာအဆင့် ဆေးလုံးပဲ နှစ်ပေါင်း သုံးဆယ် ကြာခဲ့ပြီ နောက်ဆုံးတော့ မြေကမ္ဘာအဆင့် ဆေးလုံးကို ငါဖော်စပ်နိုင်ခဲ့ပြီ ငါဟာ နောက်ထပ် ပထမအဆင့် ဆေးဖော်စပ်သူ မဟုတ်တော့ဘူး.."
ကျန်းရီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်..ဘယ်လိုဘဲ ဖြစ်ဖြစ် ဆေးလုံးကို ဖော်စပ်ခဲ့တာ သူဘဲ မဟုတ်ဘူးလား ဟုလည်း တိတ်တဆိတ် တွေးတောနေခဲ့သည်... .
သို့သော်လည်း သူသည် အသံတစ်သံတောင် မထွက်ဝံ့ခဲ့ပေ။ ထိုအစားသူသည် နာခံတတ်တဲ့ ကောင်လေး တစ်ယောက်လိုမျိုး ဆက်လက် ရပ်နေခဲ့လိုက်သည်။ ထူးဆန်းနေတဲ့ အခြေအနေနှင့် သူ့နှလုံးသားသည် အကြီးအကဲလျှို သူ့ကို လွှတ်ပေးတော့မည်ဟု မျှော်လင့်နေခဲ့သည်။
"ရှပ်..ရှပ်..ရှပ်"
ထိုအချိန်တွင် ခြေသံ ခပ်ဖွဖွသည် ဆေးဝါးပစ္စည်း သိုလှောင်ခန်း၏ အပြင်ဘက်မှ ပေါ်ထွက်လာခဲ့သည်။ လူငယ် တစ်ယောက်သည် အသာအယာ ဝင်လာခဲ့ပြီး ကျန်းရီကို တစ်ချက် ကြည့်လာခဲ့သည်။ ထို့နောက်တွင်တော့ သူသည် အကြီးအကဲလျှို ရှိရာသို့ လျှောက်သွားလိုက်ပြီး နှစ်လိုဖွယ် အပြုံးနှင့် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ခဲ့လေသည်..
"ဂုဏ်ပြုပါတယ်.. အကြီးအကဲ" သူသည် အံ့အားသင့်စွာ ဆိုလာခဲ့သည်။
"ဂုဏ်ပြုပါတယ်... အကြီးအကဲ ကြီးမြတ်တဲ့ အကြီးအကဲက နောက်ဆုံးတော့ ထူးခြားတဲ့ ဆေးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ပြီ... "
အကြီးအကဲလျှို၏ အကြည့်သည် ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အခန်းတွင်းဝင်လာသော လူငယ်ကို ဝင်ပေါက် ရှိရာဆီ လွင့်ထွက်သွားအောင် ရိုက်ချက်တစ်ခု ပေးလိုက်ခဲ့သည်။
"ဖုန်း"
သူသည် အေးစက်စက် ပြောလာခဲ့သည်... .
"ကျန်းစုန့်... အခုချက်ချင်း ငါ့မြင်ကွင်းထဲကနေ ထွက်သွား မင်းနောက်ထပ် ဆေးဝါးဖော်စပ်ခန်းကို နောက်ထပ် လာစရာမလိုတော့ဘူး... အရေး မပါလိုက်တာ... မင်းက တစ်ချိန်လုံး အပျင်းခို နေဖို့ဘဲ သိတယ်''
ကျန်းရီသည် အကြီးအကဲလျှိုက လုံးဝကို ထူးဆန်းတဲ့ လူတစ်ယောက်ဆိုတာ တိတ်တဆိတ် တွေးလိုက်ပြီး ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်... .အခုဘဲ ပြုံးနေတုန်းရှိသေး ချက်ချင်းကြီး ထပြီး ရန်လိုသွားပြန်လေသည်... .
ကြောက်ရွံ့စွာ ခပ်သွက်သွက် ခြေလှမ်းများနှင့် ထွက်ပြေးသွားသော ကျန်းစုန့်၏ နီရဲရောင်ကိုင်းနေသော မျက်နှာကြီးကို ကိုယ်တွေ့မြင်လိုက်ရခြင်း ကျန်းရီကို ကြာကြာ ဆက်နေရန် မဝံ့မရဲ ဖြစ်စေခဲ့သည်။
သူသည် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်... .
"အကြီးအကဲလျှို... ကျွန်တော်သွားပါတော့မယ်"
သူအပြင်ကို အလျင်အမြန် ပြေးထွက်မသွားရသေးခင်လေး မှာပင်...
"နေဦး"
အကြီးအကဲလျှိုသည် ကျန်းရီကို ခေါင်းစခြေဆုံး ကြည့်လျှက် ကျယ်လောင်စွာ အေးအေးဆေးဆေး ခေါ်လာလိမ့်မည်ဟု ဘယ်သူသိမှာလဲ ကျန်းရီသည် ခါးသီးစွာ ရပ်ဆန့်လိုက်ရပြီး မေးခဲ့လိုက်သည်...
"အကြီးအကဲ... ကျွန်တော့်ကို တစ်ခုခု ညွှန်ကြားစရာများ ရှိပါသလား"
အကြီးအကဲလျှိုသည် ရုတ်တရက် ပြုံးပြလာခဲ့သည်။ သူသည် ရှေ့ကို ခြေလှမ်း အနည်းငယ် လျှောက်လာခဲ့ပြီး ကျန်းရီ၏ ပခုံးကို သူ့လက်ဝါးကြီးများနှင့် ပုတ်လာခဲ့သည်။ သူသည် အားပါးတရ ပြုံးပြလာကာ ပြောလာခဲ့သည်...
"ကောင်လေး... မင်းက မဆိုးဘူးပဲ မင်းက ငါ့ရဲ့ ကံကောင်းစေတဲ့ အဆောင်လေးပဲ ဟွန်း... .ဒီဘယ်နေရာမှာမှ အသုံးမကျတဲ့ကောင်... ကျန်းစုန့်... ငါသူ့ကို ထပ်ပြီး အလိုမရှိဘူး အခုငါ့ကို ယာယီ ကူညီဖို့ လူတစ်ယောက်မှ မရှိတော့ဘူး... .အခုအချိန်က စပြီး ငါ့ကို ဆေးဖော်စပ်တဲ့ နေရာမှာ ကူညီဖို့ မင်းဘာလို့ ဒီမှာ မနေတာလဲ"
ဘာလား... ကျန်းရီသည် တုန်လှုပ်သွားခဲ့ပြီး ကမ်းလှမ်းမှုကို ငြင်းဆိုရန် သူ့ခေါင်းထဲတွင် အချက်ပေး ဗုံသံများ မြည်ဟည်းလာခဲ့သည်။
"မဖြစ်နိုင်ပါဘူး... အကြီးအကဲလျှို ကျွန်တော်က ဒီကိစ္စကို တစ်ခုမှ မသိတဲ့အတွက် ဘယ်လို ဆေးဖော်စပ်ရမယ် ဆိုတာလည်း မသိပါဘူး... ဒါ့အပြင် ကျွန်တော်အခု ဆေးစိုက်ခင်းတွေ ဆီမှာ အလုပ်လုပ်နေတုန်းပါဘဲ... ကျွန်တော်သာ ဒီမှာနေပြီး အကြီးအကဲအတွက် အလုပ်လုပ်ပေးရမယ်ဆိုရင် ခေါင်းဆောင်ရုန်ကို ဘယ်လို တင်ပြရမလဲ မသိတော့ပါဘူး"
အကြီးအကဲလျှို၏ ဒေါသသည် အတော်လေးကို ကိုးရိုးကားယားနိုင်ပေသည်။ သူဒီမှာ အလုပ်လုပ်နေစဉ် အကြီးအကဲကို ဒေါသထွက်အောင် လုပ်မိလျှင်ရော ကျန်းရီသည် အကြီးအကဲ၏ ဒေါသနှင့် သေသွားအောင်အရိုက်ခံလိုက်ရလျှင်တောင် သူ၏ သေဆုံးမှုနှင့် အကြီးအကဲ၏ ဒေါသတို့သည် မည်သို့မျှ ဆက်စပ်နေမည် မဟုတ်ချေ... .
"ငါ့ဖင်ကိုဘဲ သွားတင်ပြ"
အကြီးအကဲလျှို၏ စိတ်အခြေအနေသည် စာအုပ်တစ်အုပ်၏ စာရွက်များကို လှန်လိုက်သလိုမျိုး မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲသွားခဲ့သည်။ သူသည် မကျေမနပ်နှင့် မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ပြောလာခဲ့သည်...
"ငါက တစ်ယောက်ယောက်ကို အလိုရှိတယ်ဆိုရင် ခေါင်းဆောင်ရုန် မပြောနဲ့ အတွင်းရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရတဲ့ ကြီးကြပ်ရေးမှူးခေါင်းဆောင် ကျန်းယွင်ရှဲတောင် တစ်ခွန်းမှ မပြောရဲဘူး.."
"မင်းသွားပြီး မင်းရဲ့ အကြီးအကဲကို ပြောချေ... သူသဘောမတူရင် ငါသူ့ကို တစ်စစီလုပ်ပစ်မယ်လို့... ဆေးကို ဘယ်လိုဖော်စပ်ရမလဲ မသိရင်လည်း မင်းဖြည်းဖြည်းချင်း သင်ယူနိုင်တာဘဲ... ဒါပေမဲ့ မင်းသင်ယူတဲ့ နေရာမှာ ဘာမှအသုံးမကျတဲ့ အကောင် ကျန်းစုန့်လိုမျိုး ရေသာခို နေလို့တော့ မရဘူး မဟုတ်ရင် ငါမင်းကို အလွတ်မပေးဘူး... .ဒါဆို ဒီကိစ္စပြတ်ပြီ... မင်းအရင် ပြန်တော့... မနက်ဖြန်မနက် ဒီကိုလာပြီး အလုပ်လုပ် ငါ ဒီဆေးကို သေသေချာချာ လေ့လာတော့မယ်... ဟား..ဟား..ဟား..မြေကမ္ဘာ အဆင့် ဆေးလုံး... "
ကျန်နေသော အနက်ရောင်ဆေး တစ်လုံးကို ကိုင်လျက် အကြီးအကဲလျှိုသည် ခေါင်းများလှုပ်သည် အထိ ရယ်မောရင်း ထွက်သွားခဲ့သည်။ သို့သော်လည်း ကျန်းရီသည်ကား အတိဒုက္ခ ရောက်နေသော ပုံနှင့် အော်ဟစ်ငိုယို မျက်ရည်ကျလုဆဲဆဲ အခြေအနေဖြစ်ပြီး ကျန်ခဲ့ရသည်။
သို့ရာတွင် သူတွေးတောနေလိုက်သည်။ ငါသာ ဒီအလုပ်ကို လက်ခံလိုက်မယ် ဆိုရင် အနောက်ဘက် တောင်ကုန်းကို ထပ်သွားစရာ မလိုတော့ဘူးမလားပြီးတော့ ကျန်းရုဟူနဲ့ သူ့လူမိုက်တွေက ဒီကိုရော ငါ့အိမ်ကိုရော လာပြီး ငါ့ကို ရန်ရှာရဲမှာ မဟုတ်တော့ဘူး... ဟုတ်တယ်မလား
သူသည် အနက်ရောင် အတွင်းအားကို လေ့လာရန် အချိန်ကောင်း ရလာတော့မည်ဖြစ်သည်။
အနက်ရောင်အတွင်းအား
ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ခနဲ ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပလာခဲ့သည်။ သူရဲ့ အနက်ရောင် အတွင်းအားတွေက ဆေးအာနိသင်ကို တိုးလာစေတယ်မလား အခုဘဲ အမြင့်စားအဆင့်ရှိ အဆင့်မြင့် ဝိဉာဏ်အားဖြည့်ဆေး ကနေ မြေကမ္ဘာအဆင့် ဖြစ်လာခဲ့တယ် သူတို့ရဲ့ ဆေးစွမ်းအားတွေ တိုးလာတာကလည်း အနက်ရောင်အတွင်းအားတွေရဲ့ ရလဒ်ကြောင့်ဘဲမလား
သူဒီမှာ အလုပ်လုပ်မယ်ဆိုရင် သူလျှို့ဝှက်ပြီး ဆေးတွေ ဖော်စပ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား ပြီးတော့ သူသည် အနက်ရောင် အတွင်းအား၏ အစွမ်းကို သုံး၍ အဆင့်မြင့်ဆေးများ ဖော်စပ်ပြီး ထုတ်လုပ်နိုင်ခဲ့သည်။ ပြီးတော့ ဘယ်သူမှ မသိအောင် သူတို့ကို အပြင်မှာ ရောင်းလို့ရသေး... .
အမြင့်စား အဆင့်ရှိ အဆင့်မြင့် ဆေးတစ်လုံးသည် ငွေတစ်ဆယ်တေးလ်နှင့် ညီမျှသည်။ ဆေးဆယ်လုံး ဆိုလျှင် တေးလ်တစ်ရာ သို့မဟုတ် ခရမ်းရောင်ရွှေ တေးလ်တစ်ခု တန်ဖိုးရှိသည်။ သူသာ တစ်လအတွင်း အမြင့်စားအဆင့်ရှိ အဆင့်မြင့်ဆေး အလုံးတစ်ရာ ထုတ်လုပ်နိုင်လျှင် ဖန်းယွီဆောင်ကြာမြိုင်မှ လူများကို များပြားသော ကြွေးများ အလွယ်တကူ ဆပ်နိုင်တော့မည် မဟုတ်ပါလား
"ဟား..ဟား"
ကျန်းရီသည် တိတ်တဆိတ် ပီတိဖြစ်နေခဲ့သည်။ သူ့နှလုံးသားကို သက်ရောက်နေသော ကျောက်တုံး တစ်ခုကဲ့သို့ လေးလံနေသော ဖိအားသည် လျော့ကျသွားခဲ့လေပြီ... .အစတုန်းကတော့ သူသည် အကြီးအကဲလျှို၏ လက်အောက်တွင် လုံးဝ အလုပ်မလုပ်ချင်ခဲ့ပေ... အခုအချိန်မှာတော့ သူသည် အလုပ်လုပ်ရမည်ကို ပို၍ပင် သဘောကျလာခဲ့သည်။
"ဟုတ်သားဘဲ ခေါင်းဆောင်ရုန်ကို အရင် သတင်းသွားပေးရမယ်"
သူသည် အခန်းအပြင်ကို အလျင်စလို ထွက်ရန် ဦးတည်ခဲ့လိုက်သည်။ သူသည် တံခါးဝကို ရောက်သောအခါ သူလာရသော ရည်ရွယ်ချက်ကို ရုတ်တရက် သတိရသွားခဲ့သည်။ သူသည် ခဏလောက်တော့ တွေဝေနေခဲ့သေးသည်။ ထို့နောက် ဘေးဘက် အခန်းဆီ ဖြည်းဖြည်းချင်း သွားခဲ့လိုက်သည်။
... ...
"ဟား..ဟား မြေကမ္ဘာအဆင့် ဆေးတွေလား ဒီ ဝိဉာဏ်အားဖြည့်ဆေးတွေ ထုတ်တဲ့ ဆေးပေါင်းအိုးက တကယ်ဘဲ မြေကမ္ဘာအဆင့် ဆေးကို ထုတ်ပေးနိုင်တာလား ဒါရဲ့ နောက်ကွယ်မှာ ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုခုများ ရှိနေသေးတာလား မဟုတ်သေးပါဘူး... .ငါဒါကို သေသေချာချာကို လေ့လာရမယ်... ."
အကြီးအကဲလျှိုသည် ဘေးဘက်အခန်းရှိ ကြမ်းပြင်တွင် ကျန်းရီကို ကျောပေးလျှက် ထိုင်နေခဲ့သည်။ သူသည် ကျန်ရှိနေသော အနက်ရောင်ဆေးလုံးကို သူ့လက်ထဲတွင် အနီရောင် အတွင်းအားများ ထုတ်လွှတ်နေလျက် ကိုင်ထားခဲ့သည်။ သူသည် လေ့လာနေရာတွင်သာ အာရုံအပြည့်အဝ စိုက်ထားခဲ့ပြီး ကျန်းရီကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
"အကြီးအကဲလျှို"
ကျန်းရီသည် ခဏလောက်တော့ ရပ်နေခဲ့သေးသည်။ သို့ရာတွင် အကြီးအကဲလျှိုသည် သူ့ကို ဆက်လက်၍ လျစ်လျူရှုထားသောကြောင့် မတတ်သာတော့ဘဲ အံကို ကြိတ်ကာ အရိုအသေပေးလျက် ပြောလိုက်သည်...
"ကျွန်တော် အဝါရောင် ဂျင်ဆင်းဆေးနဲ့ အတွင်းအားဖြည့်ဆေး တစ်လုံးစီ လိုချင်လို့ပါ"
အကြီးအကဲလျှိုသည် နောက်ဆုံးတော့ သတိဝင်လာခဲ့သည်။ သူသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး စိတ်မရှည်စွာ တုံ့ပြန်လာခဲ့သည်။
"တစ်ဖက်ခြမ်းက ဆေးပစ္စည်းထားတဲ့ အခန်းကိုသွားပြီး ကိုယ့်ဟာကိုယ်ယူလိုက် မင်းဟာမင်း လိုချင်သလောက် ယူသွား... ပြီးတော့ ငါ့ကို လာပြီး မနှောင့်ယှက်နဲ့... အာ ဒီ ဝိဉာဏ်အားဖြည့်ဆေးမှာ မူလ ပါဝင်ပစ္စည်းတွေဘဲ ပါဝင်နေသေးတာဘဲ... ပိုပြီး ပါလာတဲ့အပိုင်း မရှိဘူးမလား ဒါက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး မြေကမ္ဘာအဆင့် ဖြစ်သွားရတာလဲ ထူးဆန်းတယ်... ထူးဆန်းတယ်... "
"ငါ လိုချင်သလောက်ယူရမှာလား
ကျန်းရီ၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားခဲ့သည်။ အဂ္ဂိရတ်ထိုးတဲ့ နေရာမှာ အလုပ်လုပ်ရခြင်း ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရသေးသည်ကို သူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ အကြီးအကဲလျှိုကို ထပ်မံပြီး မနှောင့်ယှက်ဝံ့ တော့တာကြောင့် သူချက်ချင်း လက်နှစ်ဖက်နှင့် အရိုအသေပေးခဲ့လိုက်သည်။ ထို့နောက်တွင်တော့ ဘေးဘက်အခန်း အတွင်းထဲကို သူ လျှောက်လာခဲ့လိုက်သည်။ တစ်ဖက်ခြမ်းတွင် တံခါးများ ပိတ်ထားသော အခန်းနှစ်ခုကို သူတွေ့ခဲ့လိုက်သည်။
ကျန်းရီသည် တံခါးများထဲမှ တစ်ခုကို ဖွင့်လိုက်ပြီး အထဲကို ကြည့်လိုက်သည်။ အနောက်ဘက်တောင်ကုန်းရှိ ဆေးစိုက်ခင်းများမှ ရိတ်သိမ်းပြီး ဒီနေရာကို ပို့လိုက်သည်ဟု ထင်ရသော ဆေးပင်များဖြင့် အခန်းတစ်ခုလုံး ပြည့်နေသည်ကို သူတွေ့ခဲ့ရသည်။ သူသည် နောက်ထပ်ကြာကြာ ကြည့်မနေရဲတာကြောင့် မြန်မြန်နောက်ဆုတ်ကာ တခြားအခန်းဆီ ဦးတည်ခဲ့လိုက်သည်။ သူတံခါးကို ဖွင့်လိုက်စဉ်မှာပင် ဆေးအနံ့စူးစူးတို့သည် ပျံ့နှံ့လာကာ သူ့နှာခေါင်းဆီ တိုးဝင်လာကြသည်။
"ဆေးတွေ အများကြီးပဲ.."
ဆေးသိုလှောင်ခန်းသည် အထပ်သုံးဆင့်ပါရှိသော စင်ကြီးနှစ်ခု ပါဝင်ပြီး အတော်လေး ကျယ်ဝန်းပေသည်။ စင်များကို ဆေးအပြည့်ပါသော ပုလင်းများ ထည့်စရာခွက်များဖြင့် အပြည့်ဖြည့်ထားလေသည်။
"ဝိဉာဏ် အားဖြည့်ဆေး ၊ အနက်ရောင် ဂျင်ဆင်းဆေး၊ အတွင်းအားဖြည့်ဆေး၊ အဝါရောင် ဂျင်ဆင်းဆေး... ."
ကျန်းရီသည် ကြည့်မိလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ အကြီးအကဲလျှိုသည် သူလိုချင်သလောက် ယူသွားဟု ပြောခဲ့သည်။ ဤသည်ကား သူသည် ဆေးအများကြီး ယူသွားနိုင်သည်၊ အလယ်အလတ် အဆင့်ရှိ အဆင့်မြင့် ဆေးတွေရော ၊ အမြင့်စားအဆင့်ရှိ အဆင့်မြင့် ဆေးတွေရော ယူသွားလို့တောင် ရသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား
"ထားလိုက်တော့ ငါ လောဘမကြီးသင့်ဘူး... "
နှလုံးသားထဲမှ ပြည့်လျှံလာသော လောဘကို တောင့်ခံလိုက်ကာ နှိမ့်ချတတ်သော ကျန်းရီလေးသည် အနိမ့်ဆုံး အရည်အသွေးရှိ အတွင်း အားဖြည့်ဆေးတစ်လုံးနှင့် အနိမ့်ဆုံး ကုသနိုင်စွမ်းသာရှိသည့် အဝါရောင် ဂျင်ဆင်းဆေးပြား သုံးလုံးတို့ကို သာ ယူခဲ့လိုက်သည်။ ထို့နောက်တွင်တော့ အဂ္ဂိရတ် ဌာနမှ အလျင်အမြန်ထွက်ကာ ခေါင်းဆောင်ရုန် ရှိလိမ့်မည်ဖြစ်သော ကြီးကြပ်ရေးမှူးများ အခန်းဘက်သို့ ဦးတည်ကာ လျှောက်လာခဲ့လိုက်သည်။
"အာ..ဟား... ဒီကျန်းမိသားစု သခင်လေးက တကယ်ကို ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက် ရှိတာပဲ... သူကလုံးဝ လောဘ မကြီးဘူးပဲ"
ကျန်းရီ ထွက်ခွာသွားပြီးနောက် ခေါင်းတစ်ခုလုံး မီးခိုးရောင် ဆံပင်ဖြူများနှင့် ပြည့်နေသော အကြီးအကဲလျှိုသည် ရုတ်တရက် ဘေးခန်းထဲမှ ထွက်လာကာ ဆေးသိုလှောင်ခန်းကို စစ်ဆေးရန် ဝင်သွားခဲ့သည်။ သူထွက်လာသောအခါ စိတ်ကျေနပ်မှု အပြည့်ဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ့ဟာသူ တီးတိုး ရေရွတ်နေခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ 'မတော်တဆ ဖော်စပ်မိသော' မြေကမ္ဘာအဆင့် ဆေးလုံးကို လေ့လာရန် ဘေးဘက် အခန်းထဲသို့ တစ်ဖန် ဝင်ရောက်သွားခဲ့လေသည်... ..
... ... .
ကျန်းအိမ်တော် အရှေ့ဘက်အဆောင်
ကြီးကြပ်ရေးမှူးများ အခန်း
ခေါင်းဆောင်ရုန်သည် ကျန်းရီလျှောက်လာသည်ကို မြင်ခဲ့သည်။ သူသည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်ပြောလာခဲ့သည်
"ကျန်းရီ... .စိုက်ခင်းအမှတ်(၅)က ဆေးပင်တွေကို မင်း စစ်ဆေးပြီး သွားပြီလား"
ကျန်းရီသည် ရိုးသားစွာပင် လက်နှစ်ဖက်ကို ယှက်ကာ ဖြေခဲ့လိုက်သည်
"ခေါင်းဆောင်ရုန်... .မပြီးသေးပါဘူး... "
"အသုံးမကျတဲ့ကောင်" ခေါင်းဆောင်ရုန်သည် သူ့ကို တိုက်ရိုက် ကျယ်လောင်စွာ အဆက်မပြတ်ပြစ်တင် ကြိမ်းမောင်းတော့သည်။
"မင်း စစ်ဆေးလို့ မပြီးသေးရင်လည်း ဒီကို ဘာလာလုပ်တာလဲ ဒီနေရာက မင်းလာရုံတင် လာလို့ရတဲ့နေရာလား မြန်မြန်သွားစမ်း... အနောက်ဘက် တောင်ကုန်းကို မြန်မြန်သွားပြီး စစ်ဆေးလာခဲ့"
ကျန်းရီသည် နှာခေါင်းကို အရှက်ပြေ ပွတ်လိုက်ပြီး ရှက်ရွံ့မှုနှင့် တုံ့ပြန်လာခဲ့သည်
"ခေါင်းဆောင်ရုန်... ကျွန်တော်က ကျွန်တော့်ရဲ့တာဝန်ကို သွားပြီး မလုပ်ချင်လို့ မဟုတ်ပါဘူး... အကြီးအကဲလျှိုက သူ့နေရာကို လာပြီး သူ့ကို အကူအညီ ပေးခိုင်းလို့ပါ... ."
"ခွေးသားလေး"
ကျန်းရီသည် ထွက်မသွားရုံတင်မကဘဲ သူ့ကိုယ်သူပါ ကာကွယ် ပြောဆိုနေသည်ကို မြင်ရသည့်အခါ ခေါင်းဆောင်ရုန်သည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်လာခဲ့သည်။ ကျန်းရီ၏ စကားကို ဆုံးအောင်တောင် မစောင့်တော့ဘဲ စားပွဲကို ထုကာ မတ်တပ်ရပ်လိုက်ပြီး စတင် ကြိမ်းမောင်းတော့သည်။ သို့သော်လည်း သူသည် ရုတ်တရက် ကြောင်အသွားကာ မျက်လုံးများသည်လည်း ပြူးကျယ်လာပြီး သူမေးလာခဲ့သည်
" မင်းဘာပြောခဲ့တာလဲ ဘယ်သူက မင်းကို ကူညီခိုင်းတာ အကြီးအကဲလျှိုလား မင်းပြောတာ အဂ္ဂိရတ် ဌာနက အကြီးအကဲလျှိုလား"
"ဟုတ်ပါတယ် "
ကျန်းရီသည် ပြောစရာစကားပင် ဆွံ့အသွားရသည်... ကျန်းမိသားစုတွင် မိသားစုနာမည် လျှိုနှင့် အကြီးအကဲမှာ တကယ်တမ်းတွင် တစ်ယောက်သာ ရှိသည်... ..
"အိုး"
ခေါင်းဆောင်ရုန်၏ မျက်နှာသည် ချက်ချင်းပင် အရောင် ပြောင်းသွားခဲ့သည်။ သူသည် အလျင်အမြန် အပြုံးပါးပါးတစ်ခုကို ဆင်မြန်းလိုက်ပြီး စတင် မေးမြန်းပါတော့သည်...
"ကောင်းတယ်... .ကျန်းရီ..မင်းလိုကောင်လေးမျိုးက တကယ့်ကို မယုံနိုင်စရာ ကောင်းတာပဲ... မင်းကတကယ်ပဲ အကြီးအကဲလျှိုရဲ့ မျက်နှာသာပေးခြင်းကို ခံရတာလား ရှင်းရှင်းပြောရမယ်ဆိုရင်... မင်းက ဆေးဖော်စပ်တဲ့ နေရာမှာ ပင်ကိုယ် အရည်အချင်းရှိတာလား ဒါကြောင့် မင်းက သူ့ရဲ့ မျက်နှာသာပေးတာ ခံရတာလား အကြီးအကဲလျှိုက အရမ်းကို ခေါင်းမာပြီးတော့ အလျှော့မပေးတတ်ဘူး... .ကျန်းစုန့် အဖေတောင်မှဘဲ သူ့သားကို အဲ့မှာထားဖို့ တော်တော်လေး ကြာအောင် တောင်းပန်လိုက်ရတာ... "
"ငါ့ဖင်ကိုပဲ အရည်အချင်းရှိလိုက်"
ကျန်းရီသည် သူ့ဟာသူ လျှို့ဝှက်စွာ တွေးလိုက်ပြီး ခါးသက်သက် ပြုံးလိုက်ကာ ခေါင်းကို ယမ်းရင် ပြောခဲ့လိုက်သည်
"ကျွန်တော်လည်း ဘယ်လိုမျိုး အကြီးအကဲလျှိုရဲ့ မျက်နှာသာပေးတာ ခံရလဲ မသိတော့ပါဘူး"
"ကောင်းပြီ... ဒါဆို မင်းသွားတော့လေ..အဂ္ဂိရတ် ဌာနမှာ အေးအေးဆေးဆေးသာ အလုပ်လုပ်... မိသားစုက မင်းကို မမျှမတ ဆက်ဆံမှာ မဟုတ်တော့ပါဘူး... ငါဒါကို ခေါင်းဆောင် ကြီးကြပ်ရေးမှူးဆီ ပြောလိုက်မယ်၊ မင်းရဲ့ လစဉ် အထောက်အပံ့ငွေကိုလည်း တိုးပေးမယ်"
ခေါင်းဆောင်ရုန်သည် ကျန်းရီ၏ ပခုံးကို ဖော်ရွေစွာ ပုတ်နေခဲ့သည်။ သူ့သဘောထားသည် စောစောကနှင့် လုံးဝ ခြားနားသွားခဲ့သည်။ အကြီးအကဲလျှိုသည် မိသားစုထဲတွင် ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသဖြင့် ကျန်းရီ၏ အဆင့်အတန်းသည်လည်း အလို အလျောက် မြင့်တက်သွားခဲ့ပေသည်။ ဒီကြီးကြပ်ရေးမှူးလေးသည် ကျန်းရီကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဝံ့တော့ချေ..သို့မဟုတ်ပါက ကျန်းရီသာ အကြီးအကဲလျှိုကို တစ်ခုခု ပြောခဲ့လိုက်လျှင် သူ၏ ကြီးကြပ်ရေးမှူး အဆင့်အတန်းလေးကိုပင် ဆုံးရှုံးသွားနိုင်ပေသည်... ။
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး အိမ်ပြန်၍ ဒဏ်ရာများ ကုသရန် ပြင်ဆင်ခဲ့လိုက်သည်။ မမျှော်လင့်စွာပင် ခေါင်းဆောင်ရုန်သည် ရုတ်တရက် ပါးစပ်ဖွင့်ကာ ပြောလာခဲ့သည်
"ဟုတ်သားပဲ... ကျန်းရီ..မင်းက အဂ္ဂိရတ် ဌာနမှာ အလုပ်လုပ်တော့မှာ ဆိုတော့ ငါမင်းကို ပေးထားတဲ့ အမိန့်ပေး တံဆိပ်ပြားလေး ပြန်ပေးခဲ့ဦး... .မင်းမှာ အလုပ် မရှိတော့မှတော့ အနောက်ဘက် တောင်ကုန်းကို မသွားနဲ့တော့.."
တံဆိပ်ပြား
ကျန်းရီ၏ မျက်နှာသည် ပျက်သွားခဲ့သည်။ ခေါင်းဆောင်ရုန် သူ့ကို ပေးထားသော အမိန့်ပေးတံဆိပ်ပြားသည် ယခု ဖန်းယွီဆောင်ကြာမြိုင်မှ လူများထံတွင် အပေါင်ထားထားရသည်။ ဒီအချိန်တွင် ခေါင်းဆောင်ရုန်၏ လက်ထဲ သူဘယ်လိုလုပ် ထည့်ပေးနိုင်ပါမည်လဲ"
***