← Chapters

ဖအေ နှင့် သား

Vol. 135 Ch. 1735

ဖအေ နှင့် သား

Vol. 135 Ch. 1735

ပျက်စီးသွားသော မဟာခြုံလွှမ်းကောင်းကင်ဘုံက ကြယ်မိုး ရွာကျလာသကဲ့သို့ ကမ္ဘာဦးဘုံ ယွမ်တု၏ မြေပြင်အနှံ့သို့ တဖွဲဖွဲ ပြုတ်ကျလာသည်။ လမ်းတစ်လျှောက်လုံး အစိတ်စိတ်အမြွှာြမွှာ ပြိုကွဲသွားသည့်အခါ ကျန်ရစ်ခဲ့သည့် မူလချီစွမ်းအင်များက ပျက်စီးနေသော မြေကြီးကို ပြန်လည်အားဖြည့်ပေးနေတော့သည်။

ရှန့်ကျွင်း ခေါင်းမော့လိုက်သည်။ ကြွေကျသွားသည့် မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများက သန့်စင်သော စွမ်းအင်အဖြစ်သို့ ကူးပြောင်းသွားသဖြင့် ပတ်ဝန်းကျင်တွင် ကြယ်ရောင်များ လင်းလက်ပြန့်ကြဲနေသည်။ စစ်ဒဏ်ကြောင့် ပျက်စီးနေသော မြေပြင်မှာ ယခင်ကကဲ့သို့ အကျည်းတန်မနေတော့ဘဲ အပင်များ ပေါက်လာသည်။ မြေသြဇာလည်း ပြည့်ဝလာ၏။

ဤခေတ်သည် ရှန့််ကျွင်း၏ စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်မြောက် မဟုတ်။ ဆယ့်ခုနစ်ခေတ်မြောက် ဖြစ်သည်။ မိတ်ဆွေဟောင်းများ မရှိတော့သော်လည်း သူ ကာကွယ်လိုသည့် သာမန်လူသားများ ရှိနေသေးသည်။

ရှန့်ကျွင်းကား တိတ်ဆိတ်စွာ ထွက်ခွာ၍ အရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားချေသည်။

လက်တွင် သွေးစွန်းနေသော လူသတ်သမားတစ်ယောက်အနေဖြင့် ရှန့်ကျွင်းသည် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းတာအိုကို နောက်တစ်ကြိမ် နားလည်သဘောပေါက်၍ တာအို ထပ်မံရရှိခဲ့သော်လည်း သူ၏ သတ်ဖြတ်ခြင်းတာအိုကို ဤခေတ်၏ အန္တိမဟင်းလင်းပြင်ထဲတွင် တံဆိပ်ခတ်နှိပ် မထားခဲ့ချင်ပေ။

နေရောင်အောက်တွင် မသွားလာချင်သလို တခြားသူများ၏ အာရုံစိုက်မှုကိုလည်း မခံချင်ပေ။

ကောင်းကင်နတ်ဘုံစစ်စခန်းအထက်၊ နတ်ဘုရားမြို့တော်ထဲတွင် ချင်မူ ဒဏ်ရာကုသနေသော အခန်း၌ မီးရောင် ဖျတ်ခနဲ ယိမ်းခါသွားသည်။ ချင်မူက မျက်လုံးဖွင့်၍ မီးအိမ်အောက်မှ အမှောင်ရိပ်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ "အစ်ကိုနှစ် သွားပြီလား"

ရှန့်ကျွင်းက အရိပ်ထဲမှ ထွက်လာပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချင်မူ သက်ပြင်းချလိုက်ပြီးနောက် ညည်းညူလိုက်သည်။ "အရင်တုန်းက ငါ၊ မဟာဧကရာဇ်၊ ထိုက်ချူနဲ့ လော့ရှောင်တို့ လေးယောက်ဟာ သွေးသောက်ညီအစ်ကိုအဖြစ် သစ္စာဆိုခဲ့ကြတယ်... တစ်နှစ်၊ တစ်လ၊ တစ်ရက်တည်းမှာ အတူမမွေးနိုင်ခဲ့တောင် တစ်နှစ်၊ တစ်လ၊ တစ်ရက်တည်းမှာ အတူသေဆုံးဖို့ ကျိန်ဆိုခဲ့ကြတယ်... အစ်ကိုသုံးလော့ရှောင် သေသွားပြီးတဲ့နောက် သူ တစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ ကျန်တဲ့အစ်ကိုနှစ်ယောက်ကိုပါ သူ့ဆီ ပို့ပေးချင်ခဲ့တာ... အခုတော့ ငါ့ဆန္ဒ ပြည့်ဝသွားပြီ... အစ်ကိုကြီးနဲ့ အစ်ကိုနှစ်... ကောင်းကောင်းသွားကြပါ"

သူ၏ အကြည့်က ရှန့်ကျွင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူက ပြုံးလိုက်သည်။ "ရှန့်ကျွင်း... မင်း အရိပ်ထဲမှာ ပုန်းနေစရာ မလိုတော့ဘူး... အပြင်ထွက်ပြီး လျှောက်သွားလို့ရပြီ"

ရှန့်ကျွင်း၏ မျက်ဝန်းများ၌ ဓားသွားလို ထက်ရှသော အလင်းရောင်တို့ လက်ခနဲ ဖြစ်ပေါ်လာပြီး သူက လေးနက်သော လေသံဖြင့် ဆိုသည်။ “အရင်တုန်းက မင်းက ငါ့ကို မင်းရဲ့ အရိပ်ထဲမှာ အမြဲတမ်း ထားခဲ့တယ်… ငါ့ သတ်ဖြတ်လိုစိတ်ဟာ သိပ်ပြင်းထန်လွန်းတော့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်မှာ စိုးရိမ်လို့ပဲ… မင်းရဲ့ အရိပ်ထဲမှာ ပုန်းနေမှ ငါ့ကို စိတ်ချနိုင်ခဲ့တယ် … အခု ဘာလို့ ငါ့ကို လွှတ်ပေးတာလဲ … ငါဟာ တာအိုကို နှစ်ကြိမ်တောင် ရရှိထားပြီးပြီ… တာအိုနှလုံးသားက အရင်ကထက် ပိုခိုင်မာနေပြီ… ငါ့သတ်ဖြတ်လိုစိတ်တွေ ထိန်းမနိုင်သိမ်းမရ ထကြွလာပြီး လောကကြီးကို ဘေးဒုက္ခပေးမှာ မကြောက်ဘူးလား… မင်း သိပါတယ်… တစ်ခါတလေဆို ငါ့စိတ်ကိုငါ မထိန်းနိုင်ဘူး”

ချင်မူက နူးညံ့သောမျက်ဝန်းများဖြင့် ပြုံးလိုက်သည်။ “အရင်တုန်းက မင်းရဲ့ တာအိုနှလုံးသားမှာ အပြစ်အနာအဆာ ရှိခဲ့တယ်… အဲဒါကြောင့် သတ်ဖြတ်လိုစိတ်ကို မဖိနှိပ်နိုင်သလို၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း သိပ်နည်းခဲ့တယ်… ဒါကြောင့် ငါ မင်းကို ခေါ်ထားခဲ့ရတာ… အခုတော့ မင်းရဲ့ တာအိုနှလုံးသားက ပြည့်စုံသွားပြီ… အရင်တုန်းက ရှန့်ကျွင်း မဟုတ်တော့ဘူး… ဒါကြောင့် သွားခွင့်ပြုပြီး လွတ်လပ်ခွင့် ပေးလိုက်တာ”

ရှန့်ကျွင်းသည် တိတ်ဆိတ်သွားပြီး မီးအိမ်အောက်ရှိ အရိပ်ထဲသို့ ပြန်ဆုတ်ခွာရန် ကြိုးစားလိုက်သည်။

ရုတ်တရက် ချင်မူက ပြောလိုက်သည်။ “အရိပ်ထဲက မသွားနဲ့… တံခါးကနေ ထွက်သွားပါ… မင်းဟာ ဒီစကြဝဠာအပေါ် ဘာအကြွေးမှ မတင်နေဘူး… ဒီစကြဝဠာကသာ မင်းအပေါ် အကြွေးတင်နေတာပါ”

ရှန့်ကျွင်း မှင်သက်သွားသည်။ သူက မီးအိမ်အောက်ရှိ အမှောင်ထုထဲမှ ထွက်လာပြီး ပင်မတံခါးဆီသို့ လျှောက်သွားသော်လည်း သူ၏ ခြေလှမ်းများမှာ တွန့်ဆုတ်နေသည်။

သို့သော် ရှန့်ကျွင်း အပြင်သို့ ထွက်လာခဲ့သည်။ တံခါးအပြင်ဘက် ရောက်သည့်အခါ နေမင်းကြီး၏ ရောင်စဉ်တန်းများ ဖြာကျလာသည်။ မျက်စိစူးလောက်အောင် မတောက်ပသော်လည်း သူက လက်မြှောက်၍ မျက်လုံးများကို ကာလိုက်ပြီး ခဏအကြာမှ လက်ကို ပြန်ချလိုက်သည်။

“ရှန့်ကျွင်း… ငါ မင်းကို မိတ်ဆွေတစ်ယောက်လို အမြဲ သဘောထားထားတာပါ”

ချင်မူ၏ ထိုစကား ထွက်လာသည့်အခါ ရှန့်ကျွင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။

မိတ်ဆွေတဲ့လော။

သူ့တွင် မိတ်ဆွေ တစ်ခါမှ မရှိခဲ့ဖူးပေ။

စကြာဝဠာခေတ် (၁၆) ၏ တစ်လျှောက်လုံးတွင် မိတ်ဆွေအပေါင်းအသင်းဟူ၍ မည်မည်ရရ မရှိခဲ့ပေ။ အဆက်အဆံနည်းသူ တစ်ယောက် ဖြစ်ခဲ့သည့်အပြင် သူ့လက်ချက်ဖြင့် အသက်ပေါင်းများစွာ သေဆုံးခဲ့သည်။ စကြာဝဠာခေတ် (၁၆) ၏ ပျက်သုဉ်းခြင်းကလည်း သူနှင့် တိုက်ရိုက်သက်ဆိုင်နေရာ မိတ်ဆွေအပေါင်းအသင်းများနှင့် မထိုက်တန်ဟု ခံစားခဲ့ရသည်။

အကြီးဆုံးသခင်လေး စွန့်ပစ်မြေထဲ၌ ချုပ်နှောင်ချိတ်ပိတ်ထားခဲ့သူများအား သူ၏ မိတ်ဆွေအဖြစ် သတ်မှတ်ကောင်း သတ်မှတ်နိုင်သော်လည်း တစ်လှေတည်း စီးသူများတော့ မဟုတ်ပေ။ ဘဝတူအချင်းချင်း ဖြစ်၍ စာနာပြီး စကားစမြည်ပြောရင်း အချိန်ဖြုန်းကြသည့် အပေါင်းအသင်းများသာ ဖြစ်သည်။ အားလုံးက မိမိ၏အတိတ်ကို ဖုံးကွယ်ထားကြပြီး မည်သူ့ကိုမျှ ဖွင့်ဟမပြောခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ရင်းနှီးသော မိတ်ဆွေများဟု မခေါ်ဆိုနိုင်ပေ။

သူ၏နှလုံးသားထဲတွင် “မိတ်ဆွေ” ဆိုသည့် စကားလုံးက အလွန်လေးနက်လှသည်။

“မင်းက လူသတ်လက်နက် မဟုတ်ဘူး… ငါ့လက်ထဲက ဓားတစ်လက်လည်း မဟုတ်ဘူး… ငါ့မိတ်ဆွေပဲ”

ချင်မူက ဆက်ပြောနေသည်။ “ယုံကြည်လို့ရတဲ့ မိတ်ဆွေပေါ့ … ငါက ဒီခေတ်မှာ မင်းရဲ့ ပထမဆုံးမိတ်ဆွေ ဖြစ်လာလိမ့်မယ်… နောက်ပိုင်းမှာ တခြားလူတွေနဲ့ တွေ့ဆုံပြီး သူတို့နဲ့လည်း မိတ်ဆွေ ဖြစ်လာလိမ့်မယ်”

ရှန့်ကျွင်းဆီမှ တုံ့ပြန်သံ ထွက်လာသည်။ “ငါ မလိုအပ်ဘူး... မိတ်ဆွေ ဆိုတာ သိပ်ပေါလွန်းတယ်… ဘယ်သူမဆို ပါးစပ်တစ်ချက် ဟလိုက်ရုံနဲ့ ငါ့သူငယ်ချင်းလို့ ပြောနိုင်တာပဲ … မင်းကလည်း ငါ့မိတ်ဆွေ မဟုတ်ဘူး… မိတ်ဆွေသံယောဇဉ်ဆိုတာက အမှားအမှန်၊ အကောင်းအဆိုးနှင့်ပတ်သက်ပြီး ငါ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်နိုင်တယ်... ငါ့ကို စိတ်ပျော့စေနိုင်တယ်”

သူက နေကို မျက်နှာမူကာ အရှေ့ဘက်သို့ လျှောက်သွားသည်။ “သခင်လေးခုနစ်… မင်းတို့ထဲမှာ တာအိုရတဲ့သူတွေ သိပ်များလာလို့ ဒီစကြဝဠာကို ပြိုကွဲစေခဲ့ရင် ငါက ဝင်တားမှာပဲ… မင်းဖြစ်နေရင်တောင် ငါ လုံးဝ ညှာတာမှာ မဟုတ်ဘူး… မင်းတို့ အနိုင်ရပြီးတဲ့နောက် မကောင်းမှုတွေ ကျူးလွန်ရင်လည်း ငါ ဝင်တားမှာပဲ… ဒီလောကကြီးမှာ ငါ့လို ဓားတစ်လက် လိုအပ်တယ်… မင်းလက်ထဲမှာ ကိုင်ထားတဲ့ ဓားမျိုးတော့ မဟုတ်ဘူးပေါ့”

ချင်မူ ပြုံးလိုက်ပြီး ဘေးမှ လင်ယွိရှို့ကို ပြောလိုက်သည်။ “တကယ်လို့သာ ကိုယ် မကောင်းမှုတွေ တကယ်ကျူးလွန်ခဲ့ရင် သူ လာသတ်မှာ မဟုတ်ဘူးသိလား... ငြင်းသာ ငြင်းနေတာ ကိုယ့်ကို မိတ်ဆွေအဖြစ် သဘောထားနေမှန်း သိတယ်”

လင်ယွိရှို့က နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်ပြီးနောက် ပြုံးလိုက်သည်။ “မောင်.. သိပ်အတွေးလွန်တာပဲနော်”

ရှန့်ကျွင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ လျှောက်သွားနေ၏။ နယ်စပ်မှသည် မြို့များဆီသို့၊ မြို့များမှသည် ကျေးလက်တောရွာများဆီသို့ ဦးတည်ရာမဲ့ လျှောက်သွားနေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခုအခါ စစ်မက်မဖြစ်ပွားခဲ့သည့်ပမာ အေးချမ်းသာယာနေသည်။ ဤနေရာ၏ ငြိမ်းချမ်းမှုက သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်တို့ ကင်းဝေးစေကာ တည်ငြိမ်အေးချမ်းမှုဖြင့် ပြည့်နှက်စေသည်။

ရှေ့တန်းတွင် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေသော်လည်း နောက်တန်းအပေါ် သက်ရောက်မှုမရှိပေ။ ကောင်းကင်နတ်ဘုံ ရှုံးနိမ့်သွားသည့် သတင်းပျံ့သွားသည့်အခါ လူတိုင်းမှာ ရင်ထဲမှ အလုံးကြီး ကျသွားသလို ပေါ့ပါးသွားပြီး မျက်နှာများထက်တွင်လည်း အပြုံးများ တဖြည်းဖြည်း ပေါ်လွင်လာကြသည်၊။

ရှန့်ကျွင်းသည် စပါးတစ်ပင်ကို ပါးစပ်တွင် ကိုက်ဝါးရင်း သစ်ပင်တစ်ပင်ကို မှီထားပြီး သစ်ရွက်များအကြားမှ ဖြာကျနေသော နေရောင်ခြည်ကို ပျင်းရိစွာ မော့ကြည့်နေသည်။

ထိုစဉ် ကလေးငယ် ခြောက်ယောက်၊ ခုနစ်ယောက်ခန့်က ပျော်ရွှင်စွာ ရယ်မောရင်း ဆော့ကစားပြေးလွှားနေကြသည်။

ကလေးများ ထွက်သွားပြီးနောက် ရှန်းကျွင်းက သူတို့ ကျကျန်ခဲ့သော ပန်းသရဖူတစ်ခုကို ကောက်ယူ၍ သူ၏ခေါင်းပေါ် တင်လိုက်သည်။ ထို့နောက် လက်ပိုက်လျက်ဖြင့် သစ်ပင်ကို မှီရင်း အိပ်ပျော်သွားတော့သည်။

“ဒီနေရောင်ခြည်က… သိပ် ကောင်းတာပဲ…” သူက တိုးတိုးလေး‌ ရေရွတ်လိုက်ရာ ပါးစပ်ထဲမှ စပါးပင်လေး လှုပ်ခါသွားလေသည်။

....

ရွှမ်တု

ကြယ်တာရာများ ယောက်ယက်ခတ်နေပြီး ကြယ်စုတန်းများ ရွေ့ပြောင်းနေကာ လောကကြီးမှာ ငြိမ်းချမ်းမှု မရှိသေးကြောင်း ဖော်ပြနေသည်။

သို့သော် ယခုအချိန်တွင် ရွှမ်တုကို အာရုံစိုက်နေသူ များများစားစား မရှိပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အဓိကတပ်ဖွဲ့များက ကောင်းကင်နတ်ဘုံ၏ ထွက်ပြေးနေသူများအား ယွမ်ဘုံမှ မောင်းထုတ်ရန် လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည်။

ရွှမ်တုတိုက်ပွဲသည် ကောင်းကင်နယ်စားမင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ တိုက်ပွဲ ဖြစ်သည်။

ရွှမ်တုသည် အပြောကျယ်လှသောကြောင့် ဤတိုက်ပွဲက ကမ္ဘာဦးဘုံယွမ်တုအပေါ် မထိခိုက်ခဲ့ပေ။ ကျန်းပိုင်ကွေ့ ရွှမ်တုသို့သို့ စီးနင်းချေမှုန်းခဲ့စဉ်တုန်းကလည်း ရွှမ်တု၏ နေစောင့်ရှောက်သူတပ်ဖွဲ့နှင့် လစောင့်ရှောက်သူတပ်ဖွဲ့ကိုသာ သတ်ဖြတ်ခဲ့သည်။ ကောင်းကင်နယ်စားမင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ တိုက်ပွဲတွင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။

သူ၏ အပြုအမူသည် အလွန်ကျိုးကြောင်းဆီလျော်၏။ ရွှမ်တု၏ နေစောင့်ရှောက်သူတပ်ဖွဲ့နှင့် လစောင့်ရှောက်သူတပ်ဖွဲ့တို့ ချေမှုန်းခံရပြီးဖြစ်ရာ ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် ကောင်းကင်နယ်စားမင်းကို သတ်နိုင်ခဲ့လျှင်ပင် သိပ်ပြီး အရေးပါတော့မည် မဟုတ်ပေ။

ကျန်းပိုင်ကွေ့၏ အမြင်အရ သူ၏တပ်ကို ကောင်းကင်ဘုံစခန်းသို့ ဝင်ရောက်တိုက်ခိုက်စေခြင်းက မမျှော်လင့်ထားသော အကျိုးအမြတ်များကို ဆောင်ကြဉ်းလာနိုင်ပြီး ကောင်းကင်ဘုံစစ်တပ်၏ စိတ်ဓာတ်ကို ပြိုလဲသွားစေလိမ့်မည်။ ထို့ကြောင့် ချက်ချင်း ဆုံးဖြတ်ချက်ချကာ သူ၏တပ်ကို ရွှမ်းတုမှ ထွက်ခွာစေပြီး ကောင်းကင်နယ်စားမင်းတို့ သားအဖကိုသာ ချန်ထားခဲ့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားမှာ ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားနှင့်အတူ အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲသို့ ကျရောက်နေသည်။

သားအဖနှစ်ဦး၏ တာအိုနှလုံးသားတိုက်ပွဲသည် အပြင်ဘက်မှ ဓားလှံစီးချင်းထိုးပွဲကဲ့သို့ မမြင်သာသော်လည်း ပို၍ပင် အန္တရာယ်များလှသည်။

အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲတွင် ကောင်းကင်နယ်စားမင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ တာအိုနှလုံးသားများ တိုက်ခိုက်နေကြစဉ် အပြင်ဘက်တွင်မူ ကောင်းကင်နယ်စားမင်း၏ ကိုယ်အစစ်သည် မလှုပ်မယှက် ရပ်နေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် လူဝင်စား ကောင်းကင်နယ်စားမင်းတို့သာ မသေမချင်း တိုက်ခိုက်နေကြဆဲ ရှိသည်။

ကောင်းကင်နယ်စားမင်း၏ အစစ်အမှန်ခန္ဓာကိုယ်တွင် ကြယ်ရောင်များ ကွန့်မြူးနေပြီး ကောင်းကင်တာအို၏ တာအိုအလင်းသည် အဆက်မပြတ် စိမ့်ထွက်နေရင်း ပြန်လည်ဝင်စားလာသော ကောင်းကင်နယ်စားမင်းဆီသို့ စီးဝင်နေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်ကြောင့် ကောင်းကင်နယ်စားမင်း၏ လူဝင်စား ခန္ဓာကိုယ် ပြိုကွဲသွားသည့်အချိန်၌ ဤထူးဆန်းသော မြင်ကွင်း ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ကောင်းကင်နယ်စားမင်း၏ ကိုယ်အစစ်သည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ အမိန့်ကို နာခံခြင်း မရှိတော့ပေ။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ မှော်စွမ်းအင်ဖြင့် မည်သို့ပင် တိုက်တွန်းစေကာမူ၊ သူ၏ မူလဝိညာဉ်ဖြင့် မည်သို့ပင် ထိန်းချုပ်စေကာမူ ဤရှေးဟောင်းနတ်ဘုရား၏ ရုပ်ခန္ဓာသည် မလှုပ်မယှက်ပင် ရှိနေဆဲပင်။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်နယ်စားမင်း၏ ကိုယ်အစစ်မှ စီးထွက်နေသော ကောင်းကင်တာအိုသည် ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်ထံသို့ စီးဝင်ကာ သူ့အတွက် ရုပ်ခန္ဓာတစ်ခုကို ပြန်လည်ပုံဖော်ပေးနေသည်။

ဤသည်ကား ကောင်းကင်နှလုံးသားအတွက် တိုက်ပွဲ ဖြစ်သည်။

ကောင်းကင်နှလုံးသားတိုက်ပွဲတွင် ကောင်းကင်နယ်စားမင်းသည် ရှေးဟောင်းနတ်ဘုရားဘုရင်ထက် ကောင်းကင်တာအိုနှင့် ပိုမိုလိုက်ဖက်ညီသော ကောင်းကင်နှလုံးသားကို ပြသနိုင်ခဲ့၏။ သူ့ကို အနိုင်ယူခဲ့သောကြောင့် ကောင်းကင်တာအိုက ရှေးဟောင်းနတ်ဘုရားဘုရင်ကို စွန့်ခွာသွားခဲ့သည်။

ကောင်းကင်နယ်စားမင်း၏ လူဝင်စား ခန္ဓာကိုယ် ပျက်စီးသွားခြင်းမှာ အဆိုးထဲက အကောင်းပင် ဖြစ်သွားခဲ့သည်။

သို့သော် ကောင်းကင်နယ်စားမင်း၏ ကိုယ်အစစ်မရှိလျှင်ပင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်၏။ သိုင်းအဆင့်နှင့် စွမ်းအား နှစ်ခုစလုံးတွင် ကောင်းကင်နယ်စားမင်းထက် များစွာ သာလွန်နေကာ ဤလောကတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေဆဲပင်။

သို့သော် သူ့ကို ထိတ်လန့်စေသည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်နယ်စားမင်းနှင့် ရင်ဆိုင်ရာတွင် သူ့အနေဖြင့် အပြတ်အသတ်နီးပါး အသာစီးရပြီး ကောင်းကင်နယ်စားမင်းကို အကြိမ်ကြိမ် ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ သို့သော် ကောင်းကင်နယ်စားမင်းက မသေပေ၊။ ရွှမ်တု၏ ကောင်းကင်တာအိုက သူ့ကို အကြိမ်ကြိမ် ပြန်လည်ကုသပေးနေသည်။

တစ်ဖက်တွင်မူ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူ၏စွမ်းအားကို သုံးစွဲလိုက်တိုင်း တစ်စိတ်တစ်ပိုင်း လျော့နည်းသွားသည်။ သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့သည် အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ ချုပ်နှောင်မှုကို မခံရပေ။ သူ၏ တာအိုနှလုံးသားသာ ချုပ်နှောင်ခံထားရသည်။ ထိုသို့ တာအိုနှလုံးသား ချုပ်နှောင်ခံရခြင်းက သူ၏ စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိစေသည်။

အရေးမကြီးဟု ထင်ရသော်လည်း တာအိုနှလုံးသားအချုပ်ခံထားရခြင်းက သူ၏ ပြန်လည်ကုသနိုင်စွမ်းကို သက်ရောက်မှု ရှိလာသောကြောင့် ကျင့်စဉ်စွမ်းအင်သည်လည်း ပြန်မပြည့်လာတော့ပေ။ ထို့ကြောင့် ရုပ်ခန္ဓာဒဏ်ရာများပင် အနာမကျက်နိုင်တော့ဘဲ ဖြစ်လာသည်။

တစ်ချိန်တည်းတွင် ကောင်းကင်နယ်စားမင်းကမူ ပို၍ပို၍ အားကောင်းလာသည်။ ကောင်းကင်တာအို၏ အထောက်အပံ့ဖြင့် ကောင်းကင်နယ်စားမင်း၏ စွမ်းအားသည် သူနှင့် တဖြည်းဖြည်း နီးကပ်လာချေပြီ။

တစ်ဦးက အားနည်းလာပြီး တစ်ဦးက အားကောင်းလာရာ မကြာမီပင် ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် ကောင်းကင်နယ်စားမင်း၏ ပြိုင်ဘက် ဖြစ်တော့မည် မဟုတ်ပေ။

အကျဉ်းထောင်ကိုးထပ် တာအိုနှလုံးသားအချုပ်အနှောင်သည် ချင်မူ၏ ကောင်းကင်နတ်သိုင်းပင်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်ကြုံဖူးသူများသာ နားလည်နိုင်ပေလိမ့်မည်။

ကံကောင်းစွာဖြင့် ကောင်းကင်နယ်စားမင်းသည် ဖခင်မေတ္တာဖြင့် သူ့ကို သေလောက်သည့် တိုက်ခိုက်မှုမျိုး မပြုလုပ်ဘဲ အသက်ရှူပေါက် ချန်ထားပေး၏။ ထိုသို့ဖြစ်လင့်ကစား ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဒဏ်ရာများမှာ ပို၍ပို၍ ပြင်းထန်လာသည်။

သူက ကောင်းကင်နယ်စားမင်း ချန်ထားပေးသော အခွင့်အလမ်းနှင့် ဖခင်မေတ္တာကို အခွင့်ကောင်းယူကာ ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်ချင်သည်။ သို့သော် ကောင်းကင်တာအိုသည် ကောင်းကင်နယ်စားမင်းဘက်တွင် ရှိနေသောကြောင့် မည်သို့မျှ သတ်၍ မရနိုင်ခဲ့ပေ။

ပို၍ အရေးကြီးသည်မှာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ထက်ရှိ တာအိုနှလုံးသားတိုက်ပွဲ၌လည်း အပြတ်အသတ် ရှုံးနိမ့်သွားချေပြီ။

သူ၏ တာအိုနှလုံးသားမှာ ကောင်းကင်နယ်စားမင်းအား ရှုံးသွားပြီးနောက် သေနေသော ခွေးတစ်ကောင်ကဲ့သို့ လေးထောင့်နေရာငယ်လေးတွင် လဲလျောင်းနေသည်။ သူ့ဘေးတွင် ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားသည် ကောင်းကင်သို့ကို မော့ကြည့်နေ၏။

"ငါ့သား၊ အကျဉ်း‌ထောင်ကိုးထပ်ဟာ တာအိုနှလုံးသားကို ချုပ်နှောင်တဲ့ စင်မြင့်ဖြစ်သလို လေ့ကျင့်ပေးတဲ့ နေရာလည်း ဟုတ်တယ်"

ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားသည် အကြည့်ကို ရုပ်သိမ်းကာ ထရန် ကြိုးစားနေသော ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားအား ကြည့်၍ လေးနက်စွာ ဆိုသည်။ "ချင်မူရဲ့ ကောင်းကင်နတ်သိုင်းဟာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲမှာ ငုပ်လျှိုးနေတဲ့ သဘောတရားတွေကို ရှင်းလင်းဖွင့်ဆိုပြထားတဲ့အပြင် တာအိုနှလုံးသားအပေါ် သူ့ရဲ့ နားလည်မှုကိုလည်း ပေါင်းစပ်ထည့်သွင်းထားတယ်... သူ့ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်... သူက ငါ့ရဲ့ ကိုယ်ပွား ကောင်းကင်နတ်အရှင်ဟုန်ရဲ့ တာအိုနှလုံးသားကို ဒီတိုက်ကွက်နဲ့ ထောင်ချောက်ဆင်ခဲ့တယ်... ငါ ကောင်းကင်နှလုံးသားကို နားလည်သဘောပေါက်ပြီး အကျဉ်းထောင်ထဲကနေ ထွက်လာနိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့လေ... အဲ့ဒီတုန်းက ငါဟာ မိုက်မဲပြီး နားမလည်ခဲ့ဘဲ သူ့ရဲ့ စေတနာကို အထင်လွဲခဲ့လို့ ငါ့ဘဝ ပျက်စီးပြီး ကိုယ်ပွားလည်း သေခဲ့ရတယ်"

"ပြန်လည်ဝင်စားပြီးတဲ့နောက် ငါဟာ ငါ့ရဲ့ အပြစ်တွေကြောင့် သေဆုံးသွားခဲ့ရတဲ့ လူတွေအတွက် ငရဲမီးကို စိတ်လိုလက်ရ ခံယူခဲ့တယ်... ကံကြွေးမီးတောက်ထဲမှာ သက်ရှိအားလုံးရဲ့ အတွေးတွေကို ကြားခဲ့ရပြီး သူတို့ရဲ့ ကံကြမ္မာကို ထမ်းပိုးခဲ့ရတယ်... အဲ့ဒီအချိန်မှာမှ ကောင်းကင်နှလုံးသားနဲ့ ပထမဆုံးအကြိမ် ဒီလောက် နီးကပ်ခဲ့တာကို တွေ့လိုက်ရတာပဲ"

သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်နေသော အရိပ်ယောင်များ ပေါ်လာသည်။ "ယိုတုနဲ့ ရွှမ်တုက ဆန့်ကျင်ဘက်တွေဖြစ်ပြီး မဟာတာအိုတွေကလည်း အချင်းချင်း မတည့်ကြဘူး... ဒါပေမဲ့ ယိုတုရဲ့ ကံကြွေးမီးတောက်ထဲမှာပဲ ငါဟာ ပထမဆုံးအကြိမ် ကောင်းကင်နှလုံးသားနဲ့ ဒီလောက် နီးကပ်ခဲ့ပြီး ကောင်းကင်တာအိုနဲ့လည်း နီးကပ်ခဲ့တယ်... ကံကြွေးမီးတောက်ထဲမှာ အော်ဟစ်ငိုကြွေးခဲ့ပေမယ့် မျက်ရည်ကျလောက်အောင်ကိုလည်း ကြည်နူးခဲ့ရတယ်.... ငါ့ရဲ့ ကံကြမ္မာကို ထမ်းပိုးနေရင်း ကောင်းကင်နှလုံးသားဟာ လူတွေရဲ့ နှလုံးသားပဲ ဆိုတာကို နားလည်ခဲ့ရတယ်...

“ငါ့သား၊ ဒီတစ်ခါ ဒီအခွင့်အရေးကို မင်းဆီ ပေးမယ်... ထပြီး အကျဉ်း‌ထောင်ကိုးထပ်စင်မြင့်ထဲကနေ ထွက်သွားလိုက်ပါ"

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားသည် ယိုင်နဲ့စွာ ထရပ်လိုက်ပြီး ဟားတိုက်ရယ်၏။ "ထွက်သွားတော့ရော ဘာဖြစ်မှာလဲ"

ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားက သူ့ကို အားပေးသည်။ " ကောင်းကင်နှလုံးသားကို နားလည်သဘောပေါက်သွားသရွေ့ မင်း ထွက်သွားနိုင်တယ်... ထွက်သွားပြီးတဲ့နောက် ယိုတုဆီ သွားပြီး မင်းရဲ့ ကံကြမ္မာကြောင့် ဖြစ်ပေါ်လာတဲ့ ကံကြွေးမီးတောက်ကို လက်ခံလိုက်ပါ... ကံကြွေးမီးတောက်ထဲမှာ မင်းရဲ့ အပြစ်တွေကို မီးလောင်တိုက်သွင်းရင်း ငရဲခံရမယ်”

"ဟားဟားဟားဟား.... ဖခမည်းတော်"

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားသည် မတ်တပ်မရပ်နိုင်လောက်အောင်ပင် ရယ်မောနေ၏။ "ခင်ဗျားက အထက်စီးက အာဏာကို ခံစားဖူးတယ်... စည်းစိမ်ဥစ္စာကိုလည်း အရသာခံဖူးတယ်... သက်ရှိအားလုံးရဲ့ ကိုးကွယ်မှုနဲ့ ကြောက်ရွံ့မှုကိုလည်း ဘဝင်ကျပြီးတဲ့နောက်မှာ အတိတ်ကို ပြန်သွားနိုင်သေးတယ်တဲ့လား... ခင်ဗျားက သွားနိုင်ပေမယ့် ကျုပ် မသွားနိုင်ဘူး... ခင်ဗျား ဒါတွေအားလုံးကို စွန့်လွှတ်နိုင်ပေမယ့် ကျုပ် မစွန့်လွှတ်နိုင်ဘူး... ဒါ့အပြင် အရှုံးကို စိတ်လိုလက်ရ ဝန်ခံပြီး ယိုတုမှာ ငရဲခံဖို့ ပြောနေတာလား... ကျုပ် မလုပ်နိုင်ဘူး"

သူက ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားကို ထပ်မံတိုက်ခိုက်သော်လည်း လွဲချော်သွားသည်။ ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားကား ဖြည်းညင်းစွာ မြင့်တက်သွားပြီး အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲမှ ပျံထွက်ကာ ကောင်းကင်ယံတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားမှာ မော့ကြည့်လိုက်ရာ ကောင်းကင်နယ်စားမင်း၏ မျက်နှာသည် တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်တွင် ပြည့်နှက်သွားသည်ကို တွေ့လိုက်ရသည်။

"ထွက်လာခဲ့"

ကောင်းကင်နယ်စားမင်းက ဆိုသည်။ "အရင်ဆုံး လူသားတစ်ယောက် ဖြစ်အောင်လုပ်၊ လူ့စိတ်နှလုံးကို အရင်နားလည်အောင် လုပ်၊ ပြီးမှ ကောင်းကင်နှလုံးသားကို နားလည်အောင် လုပ် ငါ့သား... အကျဉ်း‌ထောင်ကိုးထပ်စင်မြင့်ကနေ ထွက်လာခဲ့"

"နတ်ဘုရားတစ်ပိုင်းတွေက လူသားတွေထက် မြင့်မြတ်တယ်၊ ကောင်းကင်နတ်ဘုံသားတွေထက်လည်း မြင့်မြတ်တယ်"

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားသည် အပေါ်သို့ သွေးရူးသွေးတန်း တက်ရင်း ပြင်းထန်စွာ အော်ဟစ်သည်။ “လူသားတွေတောင် အဆင့်အတန်း ခွဲခြားထားသေးတာ ကျုပ်လို နတ်ဘုရားတစ်ပိုင်းဆိုရင် ပြောစရာတောင် မလိုဘူး.. ကျုပ်မှာ ဒီလောကရဲ့ အစွမ်းအထက်ဆုံး သွေးသား၊ အမြင့်မြတ်ဆုံး ဝိညာဉ်ခန္ဓာနဲ့ အဆုံးမရှိတဲ့ ဉာဏ်ပညာနဲ့ စွမ်းအားတွေ ရှိတယ်... ကျုပ်လိုကောင်က ဘာလို့ လူသားတစ်ယောက် လုပ်ရမှာလဲ... ဘာလို့ လူ့စိတ်နှလုံးနဲ့ ကောင်းကင်နှလုံးသားကို နားလည်ရမှာလဲ.. ကျုပ်စိတ်နှလုံးက ကောင်းကင်နှလုံးသားပဲ... ကျုပ်က ကောင်းကင်တာအို... ကျုပ်က ကောင်းကင်နဲ့ လောကပေါင်းများစွာက သက်ရှိသတ္တဝါအားလုံး ကျုပ်ခြေရင်းမှာ ဒူးထောက်ရလောက်အောင် အင်အားကြီးတယ်"

ရွှစ်

သူ အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ မရမက ထွက်လာသည့်အခိုက်တွင် ရုတ်တရက် စင်မြင့်မှ မရေမတွက်နိုင်သော ဆူးတောင်များ ထွက်ပေါ်လာပြီး စုပြုံတိုးဝင်လာသည်။ ဆူးများသည် သူ၏ တာအိုနှလုံးသားကို ထိုးဖောက်သွားချေပြီ။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တာအိုနှလုံးသားမှာ လေထဲတွင် သံမှိုစွဲခံရသကဲ့သို့ ငြိမ်သက်သွားပြီးနောက် ပျက်စီးပျောက်ကွယ်သွားတော့သည်။

အပြင်လောကတွင် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သွက်သွက်ခါအောင် ရူးသွားပြီး ကောင်းကင်နယ်စားမင်းထံသို့ ပြေးဝင်တိုက်ခိုက်သည်။ ကောင်းကင်နယ်စားမင်းက မျက်လုံးများကို မှိတ်လိုက်ရာ ကြယ်ရောင်များသည် မျက်ရည်များကဲ့သို့ ကျဆင်းလာလေသည်။

ရွှပ် ရွှပ် ရွှပ်

ဧရာမရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်အတွင်းမှ ထိုးထွက်လာသဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင် ကောင်းကင်နယ်စားမင်းအနားသို့ ရောက်သည့်အချိန်တွင် သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသည်။

"ကျုပ် မကျေနပ်ဘူး..."

ရှေးဟောင်းနတ်ဘုရားဘုရင်က သူ၏ သွေးစွန်းနေသော လက်ဖဝါးကို မြှောက်ကာ သူ၏ မျက်နှာကို သွေးများဖြင့် သုတ်လိမ်းရင်း ရယ်သည်။ "ဖခမည်းတော်၊ ကျုပ် မကျေနပ်ဘူး... ကျုပ်က ခင်ဗျားလက်ထဲမှာ ရှုံးခဲ့တာ မဟုတ်ဘူး....."

သူ၏ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး သူ၏ လည်ချောင်းကို ပိတ်ဆို့သွားသည်။

"...ကျုပ် ကျုပ်က.... ကောင်းကင်နတ်အရှင်မူကို... ရှုံးခဲ့တာ... ခင်ဗျားရဲ့ ကောင်းကင်နှလုံးသားကို မရှုံးခဲ့ဘူး..."

သူသည် နောက်သို့ လဲကျသွားပြီး သူ၏ ပြူးကျယ်နေကာ မျက်လုံးများမှာ နှင်းကဲ့သို့ ဖြူဖွေးနေတော့သည်။

All Chapters