အကြီးဆုံးသခင်လေးနှင့် ဆုံတွေ့ခြင်း
Vol. 135 Ch. 1737
လောကပေါင်းကူးရွှေသင်္ဘောသည် အန္တိမဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး ချင်မူက သင်္ဘောဦးတွင် ရပ်နေသည်။ ရွှေသင်္ဘောက တိတ်ဆိတ်စွာ လွင့်မျောနေပြီး သူ၏ စိတ်ထဲမှ လားရာအတိုင်း ဦးတည်ရွက်လွှင့်သွား၏။
“လေးဆယ့်နှစ်နှစ် ပြည့်တော့မယ်... ခင်ဗျား မကြာခင် ပြန်ပေါ်လာတော့မှာပေါ့”
ချင်မူက သင်္ဘောဦးတွင် ရပ်နေပြီး နောက်သို့ လှည့်မကြည့်ပေ။ သူ၏ အနောက်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ အကြည့်သာ ထိုပုံရိပ်အပေါ် ကျရောက်သွားပါက ပျောက်ကွယ်သွားပေလိမ့်မည်။
ချင်မူ ထိုပုဂ္ဂိုလ်ကို မကြည့်ဘဲ တစ်ယောက်တည်း စကားပြောနေသည်။ “ကောင်းကင်နတ်ဘုံစစ်ပွဲက မကြာခင် ပြီးဆုံးတော့မှာပါ.... ဒီစစ်ပွဲမှာ ရွှင်ပျော်ပျော်ကျေးရွာ ပျက်စီးသွားပြီး ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်တွေ နှစ်ထောင်ကျော်ပဲ ကျန်တော့တယ်.... ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာက ပြည်သူတွေကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်... အခု ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြတယ်... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကိုလည်း တွေ့ကြုံရနေပြီဆိုတော့ မကြာခင်မှာပဲ လက်ခံပါဝင်လာကြလိမ့်မယ်”
သူက ရယ်မောလိုက်သည်။ “ခင်ဗျားသာ ရှိနေသေးရင် ဒီစတေးမှုတွေက တန်ပါတယ်လို့ ခပ်တည်တည် ပြောမယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ မိတ်ဆွေဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာကို မြင်ရင် ခင်ဗျားလည်း ဝမ်းနည်းမှာပဲ... ဒါပေမဲ့ ခင်ဗျားက ထုတ်ပြမှာတော့မဟုတ်ဘူး”
သူ့ဘေးရှိ ထိုပုဂ္ဂိုလ်မှာ အဆုံးမဲ့သော ဟင်းလင်းပြင်အား လှမ်းမျှော်ကြည့်နေရင်း တိတ်ဆိတ်စွာ ရပ်နေသည်။
“ကျွန်တော် သူတို့ကို ပြန်အသက်မသွင်းခဲ့ဘူး.... ဘယ်သူ့ကိုမှ ပြန်အသက်သွင်းဖို့ မကြိုးစားခဲ့ဘူး”
ချင်မူက ဆက်ပြောသည်။ “အခု ဘ၀ပြန်ဝင်စားခြင်းတာအိုကို တည်ဆောက်ပြီးသွားပြီ... ဘဝပြန်၀င်စားခြင်းတာအိုမှာ သက်ရှိအားလုံးက တန်းတူညီမျှပဲ... မြေအောက်ဘုံအရှင်သခင်က အသက်ရှင်စဉ်တုန်းက လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှုအပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးတာ ချီးမြှောက်တာ လုပ်လိမ့်မယ်... အကုသိုလ် များလွန်းရင် ကံကြွေးမီးတောက်က ပြာကျအောင် လောင်ကျွမ်းစေလိမ့်မယ်... ဒါပေမဲ့ ဘ၀ပြန်၀င်စားပြီးရင် ပြန်လည်မွေးဖွားလာတဲ့လူတွေက အတိတ်ဘဝကို မှတ်မိတော့မှာ မဟုတ်ဘူး”
သူက ခပ်ယဲ့ယဲ့ ပြုံး၏။ “ကျွန်တော် ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တိုးချဲ့ထောက်ပံ့မယ်... မူလကျင့်စဉ်စနစ်တွေအားလုံး ဖယ်ရှားခံရလိမ့်မယ်... ဒီလိုဆိုရင် မဟာပျက်စီးခြင်းကပ်ဘေးကြီး ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်.... ခင်ဗျားက ကျင့်စဉ်စနစ်ဟောင်းရဲ့ နောက်ဆုံး တာအိုသိုင်းပညာရှင်တောင် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်”
ထိုသူ၏ အကြည့်များက နက်ရှိုင်းနေပြီး မည်သည်မှ မပြောချေ။
“ကောင်းကင်နတ်ဧကရာဇ်ဟောင် ရှုံးသွားပြီးရင် ဘိုးဘေးနန်းတော်ကို ပြန်သွားလိမ့်မယ်”
ချင်မူ ဆက်ပြောသည်။ “လမ်းတစ်လျှောက်မှာ သူ့ဘက်က စစ်သည်တော်တွေ အများကြီးဆုံးရှုံးလိုက်ရပြီး ချီစွမ်းအင်လည်း သိသိသာသာ ကျဆင်းသွားတယ်.... အားလုံးက သူ့ကို စွန့်ခွာသွားကြပြီ... ဘိုးဘေးနန်းတော်ဆီ ထွက်ပြေးပြီးရင် စစ်အင်အားတစ်သန်းတောင် ကျန်ပါ့မလား မသေချာဘူး... အများဆုံး အင်အားသိ န်းဂဏန်းလောက်ပဲ ကျန်နိုင်တယ်... သူ လောကမှာ နောက်တစ်ကြိမ် မွှေနှောက်နိုင်တော့မှာ မဟုတ်ဘူး.... ဒါပေမဲ့ စိတ်ကျေနပ်မှာမဟုတ်ဘူး..... မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေက အခွင့်အရေးယူပြီး ဆင်းသက်လာကြလိမ့်မယ်…. သခင်လေးသုံးနဲ့ သခင်လေးလေးတို့ကလည်း လက်လျှော့မှာ မဟုတ်ဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူတို့ဆီ အပြီးတိုင် ခိုလှုံသွားပြီး လောကသစ်ပင်က ခိုး၀င်လာသူတွေနဲ့တောင် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်တယ်”
သူက ပြုံးလျက်ဖြင့် ဆက်ပြော၏။ “ခင်ဗျားပြန်လာပြီးရင် လုပ်စရာတွေ အများကြီး ရှိသေးတယ်… အားလပ်ချိန် မရှိဘူး… ကျွန်တော်တို့ ဘိုးဘေးနန်းတော်ရဲ့ အန္တရာယ်တွေကို ဘေးချင်းယှဉ်တိုက်ခိုက်ကြရဦးမှာ… ကျွန်တော်ကတော့ ဘိုးဘေးနန်းတော်တိုက်ပွဲအကြောင်း တွေးမိရင် သိပ်ပျော်တာပဲ”
သူက တဟားဟား ရယ်လိုက်သည်။ “အတိတ်စကြ၀ဠာက တာအိုသိုင်းပညာရှင်တွေ၊ ခိုး၀င်လာတဲ့သူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ခိုးယူရင်း စကြဝဠာစွမ်းအင်တွေအများကြီး သိမ်းပိုက်ထားတယ်…. သူတို့ ရောက်လာတာ ကောင်းတယ်… သူတို့ကို သတ်ပြီး သူတို့ရဲ့ စွမ်းအင်ကို ဒီစကြဝဠာဆီ ပြန်ပေးလိုက်ရင် ဒီစကြဝဠာဟာ ပိုကြာကြာ ရှင်သန်နိုင်လိမ့်မယ်… ရှန့်ကျွင်း ထိုက်ချူကို သတ်လိုက်တုန်းက ကမ္ဘာဦးဘုံအတွက် အကျိုးအမြတ် ရစေခဲ့တယ်…. ဒီတာအိုသိုင်းပညာရှင်တွေ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာမှာ သေဆုံးသွားရင် ဒီစကြ၀ဠာ ဆက်ကြီးထွားလာလိမ့်မယ်…. နှစ်ကုဋေပေါင်း ရှစ်ရာလောက်အထိ ရှင်သန်ကောင်း ရှင်သန်နိုင်လောက်တယ်…. နှစ်ကုဋေပေါင်း ရှစ်ရာဆိုတာ တော်တော်ကြာတဲ့ အချိန်ပဲ”
သူက အဝေးသို့ ငေးကြည့်နေရင်း ဆက်ပြော၏။ “ဒါက အခမ်းနား အတောက်ပဆုံး စကြဝဠာ ဖြစ်လာလိမ့်မယ်… ခင်ဗျား ဒါတွေအားလုံးကို တွေ့မြင်ရမှာပါ”
လောကပေါင်းကူးရွှေသင်္ဘောသည် အေးဆေးတည်ငြိမ်စွာ လွင့်မျောနေသော်လည်း အရှိန်မှာ ပိုပို၍ မြန်ဆန်လာသည်။
“ကျွန်တော် ထိုက်ယီကို တွေ့ချင်ရတဲ့ အကြောင်းအရင်းက သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ ပထမဆုံး တန်ပြန်တိုက်ခိုက်လှိုင်းက သိပ်ကို ပြင်းထန်တာကြောင့် ကျွန်တော် ခုခံနိုင်မှာမ ဟုတ်လို့ပဲ… ကျွန်တော်တို့ အခြေအနေက ကောင်းနေသလို ထင်ရပေမယ့် သိပ်ကို အန္တရာယ်များနေတာ”
ချင်မူ သူ့ကို ရှင်းပြနေသည်။ “ကျွန်တော့်ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ဆို သခင်လေးသုံးနဲ့ သခင်လေးလေးတို့ကို ရင်ဆိုင်ဖို့ ဝေးလွန်းသေးတယ်… ထိုက်ယီတစ်ယောက်တည်းသာ မီလော့နန်းတော်ရဲ့ သခင်လေးနှစ်ပါးကို တားပြီး မဆင်းသက်လာအောင် လုပ်နိုင်တာ…. ဘိုးဘေးနန်းတော်က ကျွန်တော်တို့ တိုးတက်အောင် လေ့ကျင့်ဖို့ နေရာကောင်းတစ်ခုလို့ ခံစားရတယ်..”
သူ့ဘေးရှိ ပုဂ္ဂိုလ်က တိတ်ဆိတ်နေဆဲပင်။
နောက်ဆုံးတွင် အန္တိမဟင်းလင်းပြင်ထဲမှ သက်ကယ်တဲပုတ်ဆီသို့ ရောက်လာသည်။
ချင်မူက သင်္ဘောဆိုက်ကာ သင်္ဘောပေါ်မှ ဆင်းသွား၏။ သူ တဲပုတ်အရှေ့သို့ ရောက်သည့်အချိန်တွင် ရွှေသင်္ဘောပေါ်မှ ပုံရိပ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ချင်မူ လှည့်ကြည့်လိုက်သည့်အခါ သင်္ဘောပေါ်ရှိ ပုံရိပ်က ပျောက်ကွယ်သွားလေပြီ။
ချင်မူလည်း ထိုင်ချလိုက်ပြီး အခြားအတွေးများကို စိတ်ထဲမှ မောင်းထုတ်လိုက်သည်။ သူက တဲတံခါးကို တိတ်ဆိတ်စွာ ကြည့်နေ၏။ တခဏကြာသော် ခပ်ဩဩလေသံဖြင့် မေးလိုက်သည်။ “အစ်ကိုကြီး၊ ကိုယ်ထင်ပြပေးလို့ရမလား”
ဟင်းလင်းပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်အသံမှ မကြားရချေ။ မရဏလေအေးသာ အဆက်မပြတ် တိုက်ခတ်နေ၏။
ချင်မူက မှင်သေသေ ပြောလိုက်သည်။ “နှစ်တွေ ကြာသွားပြီးတဲ့နောက်တော့ မီလော့နန်းတော်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေအပေါ် ကျွန်တော့်ရဲ့ နားလည်မှုက ပိုနက်ရှိုင်းလာခဲ့တယ်… ခင်ဗျားရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေအပေါ် နားလည်မှုကလည်း အရင်ကထက် ပိုနက်ရှိုင်းလာပြီ.. ကျွန်တော့်ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ ထိုက်ယီပုဆိန်ကို အသက်သွင်းပြီး ခင်ဗျားရဲ့ တဲကို ဖျက်ဆီးပစ်လို့ရတယ်… ဒါပေမဲ့ ခင်ဗျားနဲ့ ကျွန်တော်က ဆရာတူညီအစ်ကိုတွေပဲမလား… ကျွန်တော် ခင်ဗျားကို တွေ့ချင်တယ်”
တဲပုတ်၌ လှုပ်ရှားမှု မရှိပေ။
ချင်မူက ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း အေးအေးလူလူ ပြောသည်။ “ခင်ဗျား မယုံရင် ကျွန်တော် အသက်သွင်းပြလို့ရတယ်… အစ်ကိုသုံးက ဒီအတောအတွင်း ကျွန်တော့်ကို အများကြီးသင်ပေးခဲ့တာ ခင်ဗျား မသိသေးဘူးမလား”
သူက ထရပ်၍ ထိုက်ယီတာအိုကို အသက်သွင်းလိုက်သည်။ ထိုက်ယီတာအိုသည် သူ၏လက်ထဲတွင် ထိုက်ယီပုဆိန်အဖြစ် ပြောင်းလဲသွား၏။ ချင်မူက ပုဆိန်အား လေကဲ့သို့ ပေါ့ပါးသွက်လက်စွာ ကိုင်တွယ်၍ ထိုက်ယီသင်ပေးခဲ့သော ပုဆိန်သိုင်းကွက်များကို ထုတ်ဖော်လိုက်သည်။
ချင်မူ၏မျက်နှာမှာ တည်ကြည်လေးနက်နေပြီး နတ်ပုဆိန်က သူ၏ရှေ့၌ ဖြည်းညင်းစွာ လွှဲရမ်းဖြတ်သန်းသွား၏။ ဤပုဆိန်မှာ သာမန်ဟုသာ ထင်ရသော်လည်း ဆန်းကြယ်မှု ထောင်ပေါင်းများစွာ ကိန်းဝပ်နေသည်။ ၎င်းက ထိုက်ယီ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား အပြည့်အ၀ အသက်သွင်းထားလေသည်။
ထိုမျှသာမကက သက်ကယ်တဲပုတ်ရှိ မဟာတာအို ၆၄၀၀ လုံးကို သူ၏ ပုဆိန်တစ်ချက်ဖြင့် ဖြေရှင်းနိုင်ခဲ့လေသည်။
သက်ကယ်တဲပုတ်ရှိ သက်ကယ် ၆၄၀၀ သည် သခင်လေးတစ် မဟာဥသျှောင်၏ မတူညီသော မဟာတာအို ၆၄၀၀ ကို ကိုယ်စားပြုသည်။ မဟာတာအိုတစ်ခုချင်းစီမှာ တာအိုသိုင်းပညာရှင်အဆင့် ရှိပြီး ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ၏ အကူအညီဖြင့် ဆင့်ကဲပြောင်းလဲနေကြသေး၏။
ကျွမ်းကျင်မှုနှင့် ကျင့်ကြံခြင်းအဆင့်အရ သခင်လေးတစ် မဟာဥသျှောင်အဆင့်အထိ ရောက်နိုင်သော မည်သူ့ကိုမျှ ချင်မူ မမြင်ဖူးပေ။
သို့သော် မဟာတာအို မည်မျှများပြားပါစေ အခြေခံက ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသာ ဖြစ်နေသေးသည်။ ချင်မူသည် သခင်လေးသုံးနှင့် တိုက်ခိုက်ပြီး ခြောက်နှစ်ကြာ ဝေဒနာဒုက္ခ ခံစားခဲ့ရ၏။ ထိုခြောက်နှစ်အတွင်း အိပ်မက်ဖြင့် တာအိုသို့ ဝင်ရောက်ကာ တာအိုဒဏ်ရာများတွင် ပါဝင်သည့် မီလော့နန်းတော်မှ လမ်းစဉ်နှင့် ကျင့်စဉ်အများစုကို လေ့လာသင်ယူခဲ့ပြီးချေပြီ။
ထိုက်ယီ တောင်ဝှေးကို အသုံးပြု၍ သူ့ထံလွှဲပြောင်းပေးခဲ့သော ပုဆိန်သိုင်းကွက်မှာ မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား ပစ်မှတ်ထားခဲ့သည်။ ထိုမျှသာမက ချင်မူ၏ မီလော့နန်းတော် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအပေါ် သိမြင်နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ သူ့အတွက် ဤတစ်ကြိမ် ၎င်းတို့ကို ရှင်းလင်းအဖြေထုတ်ရခြင်းက များစွာလွယ်ကူချောမွေ့နေသည်။
ချင်မူ ပုဆိန်ကို သိမ်းလိုက်သည့်အခါ ထိုက်ယီပုဆိန်က ထိုက်ယီတာအိုအဖြစ်သို့ ပြောင်းလဲ၍ သူ၏ ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားသည်။ သူ၏ အရှိန်အဝါက အနည်းငယ် မတည်ငြိမ်သဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရသည်။ ပြင်းထန်လှသော ဒဏ်ရာများမှာ သက်သာလာစဖြစ်သဖြင့် ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပေ။
“အစ်ကိုကြီး၊ ဘယ်လိုထင်လဲဗျ”
ချင်မူက အရှိန်အဝါကို တည်ငြိမ်စေ၍ ရှေ့သို့ လျှောက်သွားသည်။ သူက တည်ကြည်လေးနက်စွာ ပြော၏။ “ခင်ဗျား စကားမပြောချင်ဘူးဆိုရင် ကျွန်တော် ခင်ဗျားရဲ့ ချိပ်တံဆိပ်ကို အတင်းဖျက်ဆီးပြီး ထိုက်ယီကို လွှတ်ပေးလိုက်မှာ… ခင်ဗျား ထွက်တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေ မျက်နှာပျက်စရာမလိုတော့ဘူးပေါ့”
သူက သက်ကယ်တဲပုတ်ရှေ့သို့ ရောက်လာပြီး စိတ်အစဉ်ကို ပြန်လည် တက်ကြွစေလိုက်သည်။ ထိုက်ယီတာအိုအား ထိုက်ယီပုဆိန်အဖြစ် အသွင်ပြောင်းရန် ပြင်နေစဉ် ရုတ်တရက် ကျွီခနဲ အသံတစ်ချက် ကြားလိုက်ရပြီး တဲပုတ်တံခါး ပွင့်သွားချေပြီ။
ချင်မူ ကြောင်အသွားသည်။ အဘိုးအိုတစ်ဦးက တံခါးဖွင့်ကာ သူ့ကား မော့ကြည့်လာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူ ပြန်လှည့်၍ တံခါးကို ဂရုတစိုက် ပြန်ပိတ်လိုက်သည်။
ချင်မူက သူ့ထက်များစွာ အရပ်ပုသည့် ထိုအဘိုးအိုကို အကဲခတ်နေမိသည်။ သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီတို့မှာ ထိန်းချုပ်ဖိနှိပ်ခံထားရပြီး ထူးခြားသည့် ပုံပန်းသွင်ပြင် မရှိသည်ကို တွေ့လိုက်ရသည်။ လူအုပ်ထဲသို့ ပစ်ထည့်လိုက်ပါက သူ့အား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
သခင်လေးတစ် မဟာဥသျှောင်ကား ဤကဲ့သို့ သာမန်အဘိုးအိုတစ်ဦးပင် ဖြစ်ချေသည်။
ထိုက်ယီမှာ ဖရိုဖရဲချီလုံးတစ်လုံးဖြစ်ပြီး အတောမသတ်အောင် ပြောင်းလဲနိုင်သည်။ ယောက်ျား၊ မိန်းမ အဖြစ် ပြောင်းလဲနိုင်သလို လောကတွင် ရှိသမျှ အရာအားလုံးအဖြစ်သို့ ပြောင်းလဲနိုင်ချေသည်။ ဖရိုဖရဲမြစ်ထဲ ခုန်ဆင်း၍ နောက်ထပ်တာအိုသိုင်းပညာရှင်တစ်ဦးပင် ဖြစ်လာနိုင်၏။
အခြားတစ်ဖက်တွင် သခင်လေးတစ် မဟာဥသျှောင်မှာတော့ အခြားသူများ မှတ်မိနေမည့်သူမျိုး မဟုတ်သည့် သာမန်လူတစ်ယောက်သာ ဖြစ်ချေသည်။
သူ၏ခန္ဓာကိုယ်တွင် မည်သည့်မဟာတာအို လှိုင်းဂယက်ကိုမှ မတွေ့ရပေ။၊ လူသေအလားပင် ထင်ရသည်။ သို့သော် မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား ကျင့်ကြံသိမြင်နားလည်ထားသည့် ချင်မူကတော့ ဤအဘိုးအို၏ ခန္ဓာကိုယ်ထဲတွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်ကို တွေ့မြင်နိုင်၏။
သူကား ထိုက်ယီထက်ပင် စွမ်းအားကြီးချေသည်။
ချင်မူ ထိုင်ချလိုက်ရာ ထိုအဘိုးအိုကလည်း ထိုင်၏။ သူသည် ညှိုးခြောက်နေသော သစ်ပင်တစ်ပင်အလား တက်ကြွလန်းဆန်းမှု မရှိချေ။
ချင်မူ၏ အကြည့်များက တောက်ပသွား၏။ သူက ရုတ်တရက် ပြုံးကာ ပြောသည်။ “အစ်ကိုကြီး၊ ဆရာ တစ်ခါ တာအိုအဖြစ် အသွင်ပြောင်းပြီး နိဗ္ဗာနအခြေအနေထဲ ကျွန်တော် မြင်ဖူးတယ်… ခင်ဗျား သူ့ကို တုပခဲ့ပေမယ့် မတူဘူး… ဆရာ တာအိုအဖြစ် အသွင်ပြောင်းသွားတုန်းက သူ့ရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေအားလုံး ပျောက်ကွယ်သွားပြီး တာအိုနှလုံးသား သေဆုံးသွားလို့ သေသွားရတာ…. ခင်ဗျားကတော့ တာအိုနှလုံးသား သေဆုံးသွားသလို ဟန်ဆောင်နေတာပဲ… တာအိုကို သေခြင်းအဖြစ် အမှန်တကယ် ပြောင်းလဲနေတာ မဟုတ်ဘူး”
သူ၏ရှေ့မှ အဘိုးအိုက စကားပြောလိုက်ရာ သူ ပါးစပ်ဟလိုက်သည်နှင့် ချင်မူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
အဘိုးအိုမှာ ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားဖြင့် စကားပြောနေခြင်းဖြစ်ပြီး စကားသံတစ်သံချင်းစီတိုင်းတွင် အလွန်နက်ရှိုင်းသည့် နိယာမများ ပါဝင်သည်။ တာအိုဘာသာစကားမှာ မူလကတည်းက နက်နဲကျယ်ပြန့်၏။ ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားမှာမူ မဟာတာအို၏ နက်နဲမှုများ ကိန်းဝပ်နေသည့်အလျောက် စကားတစ်ခွန်းဖြင့် တစ်လောကလုံးတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲနိုင်သည်။
သခင်လေးတစ်၏ နှုတ်မှ ထွက်ပေါ်လာသော တာအိုဘာသာစကားမှာ နားလည်ရခက်ခဲပြီး နက်နဲလှ၏။ စကားစပြောသည်နှင့် ချင်မူ၏ မျက်စိရှေ့တွင် ထူးဆန်းသော မြင်ကွင်းများ ဆက်တိုက်ပေါ်ထွက်လာသည်။ မဟာကမ္ဘာလောကတစ်ခုထဲ ကျရောက်သွားသကဲ့သို့ မရေမတွက်နိုင်သော နိယာမများစွာက အစစ်အမှန်အဖြစ် ပြောင်းလဲကာ သူ၏ မျက်စိရှေ့မှ ဖြတ်သန်းသွားသည်။
သခင်လေးတစ်ဆီမှ ပထမဆုံးတာအိုစကားသံ ထွက်ပေါ်လာသည်နှင့် ချင်မူ၏ မျက်စိရှေ့တွင် မီလော့နန်းတော်၏ ဒုတိယစကြဝဠာခေတ်မှ သမိုင်းကြောင်း ထွက်ပေါ်လာသည်။ ၎င်းက ခမ်းနားကြီးကျယ်သော မြင်ကွင်းကို ပြသနေသည်။
တာအိုဘာသာစကားထဲတွင် မီလော့နန်းတော်အရှင်သခင်သည် ဒုတိယစကြဝဠာခေတ်အစတွင် ကမ္ဘာလောကထဲသို့ ၀င်ရောက်လာပြီး လူများကို ကယ်တင်ကာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ လွှဲပြောင်းပေးရင်း စကြဝဠာမပျက်စီးစေမည့် နည်းလမ်းကို တက်ကြွစွာ ရှာဖွေခဲ့၏။
တိုတောင်းသော တာအိုဘာသာစကားတစ်ခွန်းက ဒုတိယစကြဝဠာခေတ်၏ ခမ်းနားသော သမိုင်းကြောင်းကို ပြသသွားခဲ့သည်။ ဤသည်မှာ အလွန်အံ့ဩဖွယ်ကောင်းသည့်အပြင် သခင်လေးတစ် မီလော့နန်းတော်အရှင်သခင်၏ တပည့်ဖြစ်လာပြီး ကြိုးစားသင်ယူခဲ့သည့် ဖြစ်စဉ်ပင် ပါဝင်သည်။
ဒုတိယစကြဝဠာခေတ်တွင် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ လက္ခဏာများ ပေါ်ထွက်လာသောအခါ မီလော့နန်းတော်အရှင်သခင်မှာ မီလော့နန်းတော်အား တည်ထောင်ရန် စီစဉ်ပြီး ကပ်ဘေးထဲသို့ဝင်ရောက်၍ အားလုံးကို နောက်စကြဝဠာဆီသို့ ကယ်တင်သွားရန် ကြိုးစားခဲ့၏။
ပထမဆုံးတာအိုဘာသာစကားအသံ ပြီးဆုံးသွားသည့်အခါ မီလော့နန်းတော်အရှင်သခင်၏ ရှုံးနိမ့်မှုအပါအဝင် ဒုတိယစကြဝဠာခေတ်သမိုင်းက ချင်မူ၏ စိတ်ထဲတွင် အပြည့်အစုံ ပေါ်ထွက်လာသည်။
သခင်လေးတစ် ဒုတိယတာအိုဘာသာစကား ထွက်ပေါ်လာသည့်အချိန်တွင်တော့ တတိယစကြဝဠာခေတ်၏ သမိုင်းကြောင်း အလုံးစုံ ပြသခံရ၏။ မီလော့နန်းတော်အရှင်သခင်၏ အတွေးအခေါ်၊ ရည်မှန်းချက်၊ စည်းမျဉ်းများနှင့် ပျက်စီးခြင်းကပ်ဘေးကြီးကို ရှောင်တိမ်းနိုင်ရန် လုပ်ဆောင်ခဲ့သည့် အရာအားလုံးနှင့် ရှုံးနိမ့်မှုများပါ ပေါ်ထွက်လာသည်။
တတိယတာအိုဘာသာစကား ထွက်ပေါ်လာသည့်အချိန်တွင်တော့ စတုတ္ထစကြဝဠာခေတ်၏ အရာအားလုံး မြင်သာလာသည်။
မကြာမီ ဆယ့်ငါးသံမြောက် တာအိုဘာသာစကား ထွက်ပေါ်လာပြီး ဤအသံမှာ အလွန်ရှည်လျားနေသည်။ သခင်လေးတစ်သည် မီလော့နန်းတော်အရှင်သခင်၏ သမိုင်းကြောင်းကို အသုံးချ၍ မီလော့နန်းတော်အရှင်သခင်၏ တာအိုနှလုံးသား အဘယ့်ကြောင့် သေဆုံးသွားသည့်အကြောင်းအရင်း၊ ၁၇ စင်းမြောက် စကြ၀ဠာသို့ ၀င်လာရန် အတွေးကို လက်လျှော့ခဲ့သည့် အကြောင်းအရင်းနှင့် မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ပြောပြရန် ကြိုးစားနေ၏။
ဤတာအိုဘာသာစကားထဲတွင် သခင်လေးတစ်က မီလော့နန်းတော်အရှင်သခင် တွက်ချက်ခဲ့သည့် ၁၇ စင်းမြောက် စကြ၀ဠာ၏ အနာဂတ်အား ချင်မူ့ကို ပြသနေလေသည်။
ထိုအနာဂတ်သည် အေးစက်စွာ တည်ငြိမ်နေပြီး အလုံးစုံဟင်းလင်းပြင် ဖြစ်နေ၏။
အထူအပါး မရှိသော ဟင်းလင်းပြင်အမြှေးပါးတစ်ခုက အလွန်ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသည်။ ထိုဟင်းလင်းပြင်အမြှေးပါးထဲတွင် မည်သည့်အရာမျှ မရှိ၊ မည်သည့်အသက်မျှ မရှိပေ။
သခင်လေးတစ်က နှုတ်ဆိတ်၍ မျက်လုံးမှိတ်ကာ စကားမပြောတော့ချေ။ ချင်မူမှာ ဖော်ပြမရနိုင်သော တုန်လှုပ်အံ့ဩမှုတို့ဖြင့် ကျန်ရစ်ခဲ့လေသည်။