← Chapters

အဆုံးမဲ့သော ဆိတ်ငြိမ်အေးစက်နေမှု

Vol. 135 Ch. 1738

အဆုံးမဲ့သော ဆိတ်ငြိမ်အေးစက်နေမှု

Vol. 135 Ch. 1738

အကြီးဆုံးသခင်လေး၏ နောက်ဆုံးတာအိုစကားသံအတွင်းထဲတွင် အန္တိမဟင်းလင်းပြင်၏ ကြောက်မက်ဖွယ်ရာ ကျယ်ပြန့််လာသော မြင်ကွင်းကို ပြသနေသည်။

အမျိုးမျိုးသော ကောင်းကင်ဘုံတို့ထဲရှိ ကမ္ဘာလောကများ၊ ဘိုးဘေးနန်းတော်၊ ၀င်ရိုးစွန်းလေးခု၊ ရွှမ်တုနှင့် ယိုတုတို့သည်လည်း အန္တိမဟင်းလင်းပြင်၏ ကျယ်ပြန့်လာမှုနှင့်အတူ ကားထွက်သွားကြသည်။ နောက်ဆုံးတွင် အရာအားလုံး ပြားချပ်သွားသဖြင့် ဟင်းလင်းပြင်သည် အထူအပါးရော ဒြပ်ထုပါ မရှိသည့် ဟင်းလင်းပြင်အမြှေးပါးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဒြပ်ထုအားလုံးသည်လည်း ဟင်းလင်းပြင်၏ အဆုံးမဲ့ကျယ်ပြန့်မှုနှင့်အတူ ပြိုကွဲကုန်သည်။ အသေးငယ်ဆုံး အမှုန်များက ထပ်ခါတလဲလဲ ကြေမွနေသောကြောင့် နှစ်ကုဋေပေါင်း ၈၀၀ အတွင်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတအဆင့်သို့ ရောက်သွားပေလိမ့်မည်။

ကမ္ဘာဦးဖရိုဖရဲသင်္ကေတသည် တာအို၏ အသေးငယ်ဆုံးသော ဖွဲ့စည်းတည်ဆောက်ပုံပင်။ နှစ်ကုဋေပေါင်း ၈၀၀ အတွင်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှာလည်း ဟင်းလင်းပြင် ကျယ်ပြန့်လာသည်နှင့်အမျှ ကြေမွသွားကြလိမ့်မည်။ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ ပြိုကွဲသည်နှင့်အမျှ မဟာတာအိုအားလုံး ပျောက်ကွယ်သွားပြီး ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းဟူသမျှသည် ဗလာနတ္ထိအဖြစ်သို့ ရောက်သွားမည်။

ထိုအချိန်တွင် တာအိုသိုင်းပညာရှင်အပေါင်း၏ မဟာခြုံလွှမ်းကောင်းကင်ဘုံတို့မှာလည်း အတောမသပ်နိုင်အောင် ကျယ်ပြန့်ပြိုလဲသွားလိမ့်မည်။ သူတို့၏ တာအိုသစ်ပင်၊ တာအိုပန်းပွင့်၊ တာအိုသစ်သီးတို့အားလုံး ဗလာနတ္ထိ ဖြစ်၍ ပျောက်ကွယ်သွားလိမ့်မည်။

သခင်လေးတစ် ဖော်ပြနေသော မြင်ကွင်းသည် အန္တိမဟင်းလင်းပြင် အဆုံးမဲ့ကျယ်ပြန့်ပြီးနောက် ဖြစ်ပေါ်လာမည့် ဆိတ်ငြိမ်အေးစက်မှုသာ ဖြစ်၏။

ကမ္ဘာလောကများ၊ ဘိုးဘေးနန်းတော်၊ ၀င်ရိုးစွန်းလေးခု၊ ရွှမ်တု၊ ယိုတု၊ သက်ရှိအားလုံးနှင့် ဒြပ်ထုအားလုံးမှာ အနှိုင်းမဲ့ကျယ်ပြန့်‌နေသော ဟင်းလင်းပြင်အမြှေးပါးအတွက် အလှဆင်ပစ္စည်းများသဖွယ် ဖြစ်လာမည်။ မြင်နိုင် ထိတွေ့နိုင်တော့မည် မဟုတ်ပေ။

မည်သည့်မဟာတာအိုဖြစ်စေ မှီခိုရန် နေရာရှိတော့မည်မဟုတ်။

လောကသစ်ပင်သည်လည်း ကျယ်ပြန့်သွားရင်း နောက်ဆုံးတွင် ဒြပ်ထုမရှိသော အမြှေးပါးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

စကြဝဠာရှိ စွမ်းအင်အားလုံး ငြိမ်းသေ၍ ဒြပ်ထုတို့ ပျောက်ကွယ်သွားပေလိမ့်မည်။

နောက်ဆုံး၌ အဆုံးသတ်မြို့နက် အသူရာချောက်နက်ကြီးပင်လျှင် စွမ်းအင်အားလုံး ကုန်ဆုံး၍ လုံး၀ အငွေ့ပျံကာ တည်ရှိနိုင်တော့မည်မဟုတ်ချေ။

အဆုံးမရှိသော ဆိတ်ငြိမ်အေးစက်နေမှု

ချင်မူ တိတ်ဆိတ်စွာ ထိုင်နေမိပြီး အချိန်အတော်ကြာသည်အထိ မလှုပ်ရှားပေ။

သခင်လေးတစ်မဟာဥသျှောင် ပြသခဲ့သည့် မီလော့နန်းတော်အရှင်သခင်၏ ခန့်မှန်းချက်ကား အမှန်တကယ် ဖြစ်နိုင်ခြေ အလွန်များသည်။ သေချာပေါက် ဖြစ်ကို ဖြစ်လာလိမ့်မည်ဟုပင် ဆိုနိုင်၏။

အဘယ်ကြောင့်ဆိုသော် ချင်မူ အန္တိမဟင်းလင်းပြင်သို့ ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းက အန္တိမဟင်းလင်းပြင်သည် အဆက်မပြတ် ကျယ်ပြန့်ကြီးထွားနေသည်ကို သတိထားမိခဲ့သောကြောင့်ပင်။

ထိုမျှသာမက အန္တိမဟင်းလင်းပြင်သို့ မ၀င်ရောက်ခဲ့လျှင်တောင်မှ ဤကျယ်ပြန့်နေမှုအား သမိုင်းမှတ်တမ်းများမှတစ်ဆင့် ‌တွေ့မြင်နိုင်လိမ့်မည်။

ကမ္ဘာဦးခေတ်တွင် စကြဝဠာသည် မွေးရာပါ ထိုက်ငါးပါး၏ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရ၏။ ထိုမှတစ်ဆင့် ဖန်ဆင်းရှင်များကို မွေးဖွားပေး၍ ဘိုးဘေးနန်းတော်တွင် နေထိုင်စေခဲ့သည်။ ထိုအချိန်က ကမ္ဘာလောကများဖြစ်စေ၊ ၀င်ရိုးစွန်းလေးခုဖြစ်စေ ဘိုးဘေးနန်းတော်နှင့် အလွန်နီးကပ်စွာ တည်ရှိခဲ့လေသည်။ ခေတ်အစပိုင်းတွင် ၀င်ရိုးစွန်းလေးခုကား ဘိုးဘေးနန်းတော်အတွင်းရှိ အထွတ်အမြတ်နေရာလေးခုပင် ဖြစ်ခဲ့၏။

ထိုအချိန်က လက်ဖြင့် ကြယ်တာရာများကို ဆွတ်ခူးနိုင်သည် ဆိုသည်မှာ ဟာသ မဟုတ်ခဲ့ချေ။

အချိန်ကြာလာသည်နှင့်အမျှ အန္တိမဟင်းလင်းပြင်က ကျယ်ပြန့်လာသောကြောင့် ဝင်ရိုးစွန်းလေးခုမှာလည်း ဘိုးဘေးနန်းတော်နှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။ ကောင်းကင်တွင် ကြယ်တာရာများ ပို၍များပြားလာကာ စကြဝဠာက ပိုပို၍ ကြီးမားလာခဲ့၏။ ရွှမ်တုက ဆက်လက် ကျယ်ပြန့်လာခဲ့သလို စကြဝဠာသည်လည်း ဆက်လက်ကြီးထွားလာခဲ့သည်။

နဂါးဟန်ခေတ်အစောပိုင်းသို့ ရောက်သည့်အချိန်တွင်တော့ စကြဝဠာမှာ ကမ္ဘာဦးခေတ်တုန်းကထက် အဆပေါင်းများစွာ ကြီးမားနေချေပြီ။၊

၀င်ရိုးစွန်းလေးခုနှင့် ဘိုးဘေးနန်းတော်ကို အမှတ်အသားပြု၍ လေ့လာကြည့်ပါက ၀င်ရိုးစွန်းလေးခုနှင့် ဘိုးဘေးနန်းတော်ကြားရှိ လက်ရှိအနေအထားသည် လုံးဝဝေးကွာနေပြီ ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

ဤအရာအားလုံး၏ အရင်းအမြစ်မှာ အန္တိမဟင်းလင်းပြင်၏ အဆက်မပြတ် ကျယ်ပြန့်နေမှုပင် ဖြစ်သည်။

အန္တိမဟင်းလင်းပြင်က ဟင်းလင်းပြင်အလွှာများကို ပြန့်ကားနေစေပြီး ဟင်းလင်းပြင်အလွှာများက တစ်ဖန် စကြဝဠာတစ်ခုလုံးကို ပြန့်ကားလာစေသည်။ ထိုအခါ ကောင်းကင်ဘုံတစ်ဘုံနှင့် တစ်ဘုံအကြား ဆက်လက်ဝေးကွာပြီး ကြယ်တာရာသည်လည်း တစ်လုံးနှင့်တစ်လုံး လှမ်းမမြင်နိုင်တော့သည့်တိုင်အောင် ပျောက်ကွယ်ဝေးကွာကုန်လိမ့်မည်။

ဤသည်မှာ ကြောက်မက်ဖွယ်ရာ ဆိတ်ငြိမ်အေးစက်သွားမှု၏ လက္ခဏာပင်။

“ဖွဲ့တည်ခြင်း၊ တည်ငြိမ်ခြင်း၊ ယိုယွင်းခြင်း၊ ပျက်သုဉ်းခြင်းတို့က အစဉ်လိုက် ဖြစ်ပေါ်လာတာ မဟုတ်ဘူး…. ဖွဲ့တည်ခြင်းနဲ့ ပျက်သုဉ်းခြင်းဆိုတဲ့ အဆင့်နှစ်ဆင့်က တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာနိုင်‌ခြေ ရှိတယ်”

သခင်လေးတစ်၏ တာအိုဘာသာစကားတို့က ပို၍ ရိုးရှင်းလာကာ ရှုပ်ထွေးသော အချက်အလက်များ မပါဝင်တော့ချေ။ သူက ခြောက်ကပ်ကပ် ပြော၏။ “ဆရာဟာ တွက်ချက်ခဲ့ရင်း ၁၇ စင်းမြောက် စကြ၀ဠာမှာ ဖွဲ့တည်ခြင်းနဲ့ ပျက်သုဉ်းခြင်းဆိုတဲ့ အဆင့်နှစ်ဆင့်ပဲ ရှိမှန်း သိခဲ့ရတယ်… ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း သူ ရှာ‌မတွေ့နိုင်ခဲ့ဘူး… ဒါကြောင့် စိတ်ဓာတ်ကျခဲ့ရတာပဲ”

အတိတ်တွင် စကြ၀ဠာသည် ဖွဲ့တည်ခြင်း၊ တည်ငြိမ်ခြင်း၊ ယိုယွင်းခြင်း၊ ပျက်သုဉ်းခြင်းဟူသည့် သံသရာအား ဖြတ်သန်းရ၏။ စကြဝဠာသည် ဖွဲ့တည်လာပြီး‌နောက် တည်ငြိမ်လာသည်။ အချိန်ကြာလျှင် ယိုယွင်းလာပြီး နောက်ဆုံး၌ ဗလာနတ္ထိအဖြစ် ပျက်သုဉ်းပျောက်ကွယ်သွားမည် ဖြစ်၏။ ထို့နောက် မွေးဖွားခြင်းကပ်ဘေးကို ကြုံတွေ့ပြီး စကြဝဠာကြီး ပြန်လည်မွေးဖွားလာကာ နောက်တစ်ဖန် သံသရာလည်ပေလိမ့်မည်။

လောကသစ်ပင်နှင့် အ‌ဆုံးသတ်မြို့ပျက် အသူရာချောက်နက်တို့က ဖွဲ့တည်ခြင်း၊ တည်ငြိမ်ခြင်း၊ ယိုယွင်းခြင်း၊ ပျက်သုဉ်းခြင်းဟူသော သံသရာစက်၀န်းကို တည်ငြိမ်အောင် ဆောင်ရွက်ပေးသည်။

အခြားတစ်ဖက်တွင် ၁၇ စင်းမြောက် စကြ၀ဠာမှာမူ ဖွဲ့တည်နေသည့် ဖြစ်စဉ်မှာပင် နောက်ဆုံး၌ နေရာဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားနိုင်၏။

ချင်မူ ထိုနေရာ၌ ငေးကြောင်စွာ ထိုင်နေမိသည်။ အချိန်အတော်ကြာ‌နောက် သူက ပြုံးလိုက်၏။ “အစ်ကိုကြီး၊ ခင်ဗျား ပြောတာတွေက ကျွန်တော် ထိုက်ယီကို လာကယ်တာနဲ့ ဘာဆိုင်လို့လဲ”

သခင်လေးတစ်သည် အသက်မရှိသယောင်ပင် ထင်ရ၏။ သူက တာအိုဘာသာစကားဖြင့် ဆက်လက်ဖြေကြားသည်။ “ဆရာက တျန်းတုကို ဖယ်ရှားခဲ့တာလည်း ဒီအကြောင်းကြောင့်ပဲ…. တျန်းတုက ခုနစ်စင်းမြောက် စကြ၀ဠာမှာ ကောင်းကင်နဲ့ မြေကြီးကို ဖန်တီးပြီး စကြဝဠာကို ဆင့်ကဲပြောင်းလဲစေခဲ့တယ်… နောက်ဆုံးရလဒ်က အဆုံးမဲ့ ဆိတ်ငြိမ်အေးစက်သွားမှုပဲ … ဆရာဟာ အဲဒီရလဒ်ကို တွက်ချက်နိုင်လို့ ဖြောင်းဖျခဲ့ပေမယ့် ဖြောင်းဖျလို့မရတာကြောင့် ၀င်ရောက်စွက်ဖက်ခဲ့ရတာ… တျန်းတုက ထိုက်ယီပဲ”

ချင်မူ တိတ်ဆိတ်သွားသည်။

သူတို့နှစ်ယောက်က နှုတ်ဆိတ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

သခင်လေးတစ်က သူ ထိုက်ယီအား ဖိနှိပ်အကျဉ်းချထားရသည့် အကြောင်းအရင်းကို ရှင်းပြခဲ့သည်။ ထိုက်ယီကို လွှတ်ပေးပါက ၁၇ စင်းမြောက် စကြ၀ဠာအား အဆုံးမဲ့ ဆိတ်ငြိမ်အေးစက်နေသည့် အချိန်သို့ ထာဝရ ပြောင်းလဲသွားစေနိုင်၏။ ထို့ကြောင့် ချင်မူ၏ တောင်းဆိုမှုကို လိုက်လျောကာ ထိုက်ယီကို လွှတ်ပေးမည် မဟုတ်ချေ။

ချင်မူလည်း ဤအချက်ကို သတိထားမိသည်။ သို့သော် သူ့တွင် ထိုက်ယီကို ကယ်တင်ရန် ယုံကြည်ချက် အလုံအလောက် မရှိသဖြင့် တိတ်ဆိတ်နေရုံသာ တတ်နိုင်ခဲ့သည်။

အချိန်တစ်ခုကြာသွားပြီးနောက် ချင်မူက ဖြည်းညင်းစွာ မေးလိုက်သည်။ “ဆရာက မဖြေရှင်းနိုင်လို့ ပျောက်ကွယ်သွားခဲ့တယ်….ခင်ဗျား ထိုက်ယီကို ချုပ်ထားရုံနဲ့ ဖြေရှင်းနိုင်မှာလား”

သခင်လေးတစ် ခေါင်းခါလိုက်သည်။

အကယ်၍ ထိုက်ယီကို ချုပ်ထားရုံဖြင့် အရာအားလုံး ဖြေရှင်းနိုင်မည်ဆိုပါက မီလော့နန်းတော်အရှင်သခင်သည် ပျောက်ကွယ်သွားရန် မလိုအပ်ပေ။

ချင်မူ အေးဆေးစွာ ပြောသည်။ “ဒါဆိုရင် ဘာလို့ ထိုက်ယီကို အကျဉ်းချထားသေးတာလဲ… သူက ၁၇ စင်းမြောက် စကြ၀ဠာနဲ့ ဘာမှမဆိုင်ဘူး… ခင်ဗျား သူ့ကို ဖိနှိပ်ထားလို့ ဘာမှ အကျိုးမရှိဘူး”

သခင်လေးတစ်က မျက်လုံးများ ဖွင့်လိုက်ရာ ၎င်းတို့ထဲတွင် ခရမ်းရောင်ချီတို့ ပြည့်နှက်နေသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီး ဖြစ်တည်၍ ဖရိုဖရဲဖြစ်နေသော စကြ၀ဠာတစ်ခု ပွင့်ဟလာသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ “သူက မီလော့နန်းတော်ရဲ့ ရန်သူပဲ”

ချင်မူ ပြုံးလိုက်သည်။ “ဒါဆိုရင် ကျွန်တော်လည်း မီလော့နန်းတော်ရဲ့ ရန်သူပဲလား”

သခင်လေးတစ် ထိုက်ရှန်း၏ မျက်လုံးထဲမှ ခရမ်းရောင်ချီတို့က မယုံသင်္ကာဖြစ်သွားသည့်အလား ဖရိုဖရဲ ဖြစ်ကုန်၏။ သူပင်လျှင် ချင်မူမှာ မီလော့နန်းတော်အရှင်သခင်၏ တပည့်‌လော၊ မီလော့နန်းတော်၏ ရန်သူ‌လော မသိသည့်အလားပင်။

ချင်မူ ပြုံးလိုက်သည်။ “မီလော့နန်းတော်က တကယ်တော့ အတွေးအခေါ်တူညီတဲ့ တာအိုသိုင်းပညာရှင်တွေ စုစည်းရာ နေရာပဲ… ဆရာရော၊ ခင်ဗျား၊ ကျွန်တော်ရော အတူတူပဲ… ကျွန်တော်တို့ကြားက အတွေးအခေါ်တွေက ကွာခြားမနေဘူး… ရည်ရွယ်ချက်က လောကကို ကယ်တင်ဖို့ပဲလေ… ခင်ဗျားက ဆရာ့ရဲ့ အတွေးအခေါ်ကို ဆက်ခံပြီး လှုပ်ရှားမှုတိုင်းနဲ့ ဆရာ့ရဲ့ အတွေးအခေါ်ကို ရုပ်လုံးဖော်နေတယ်... ကျွန်တော်လည်း အတူတူပဲ…‌ အစ်ကိုကြီး၊ ဆရာက ထိုက်ယီကို မသတ်ခဲ့သလို ဖိနှိပ်ခြင်းလည်း မလုပ်ခဲ့ဘူး… စဉ်းစားကြည့်လိုက်ပါ… ဆရာသာ တကယ် သူ့ကို ဖိနှိပ်ထားချင်ရင် မီလော့နန်းတော်ကနေ ထွက်သွားနိုင်ပါ့မလား”

သခင်လေးတစ်က ခေါင်းခါလိုက်သည်။ “ဆရာသာ သူ့ကို သတ်ချင်ရင် အရင်တစ်ခါ သူ မီလော့နန်းတော်ကို လာစိန်ခေါ်တည်းက နန်းတော်ထဲမှာ ပိတ်ထားခဲ့မှာပဲ… လေးစင်းမြောက် စကြ၀ဠာဆီ ပို့ခံရမှာ မဟုတ်ဘူး”

ချင်မူ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ “ဆရာ့ရဲ့ အတွေးအခေါ်ကို ချိုးဖောက်တာက ခင်ဗျားနဲ့ ကျွန်တော် မဟုတ်ဘူး… ထိုက်ယီလည်း မဟုတ်ဘူး.. သခင်လေးသုံးနဲ့ သခင်လေးလေးပဲ… သခင်လေးသုံးနဲ့ သခင်လေးလေးက ကိုယ်ကျိုးအတွက် ၁၇ စင်းမြောက် စကြ၀ဠာကို အတင်း၀င်ဖို့ ကြိုးစားနေတာ… သူတို့ရဲ့ လုပ်ရပ်ကြောင့် ၁၇ စင်းမြောက် စကြ၀ဠာ ဆိတ်ငြိမ်အေးစက်သွားမယ့် အခြေအနေ ဖြစ်ပေါ်လာတာလည်း ဖြစ်နိုင်တယ်… ကျွန်တော် ထိုက်ယီကို လွှတ်ပေးချင်တာက သူတို့ကို တားဆီးဖို့ပဲ”

သူက မျက်လုံးများ တောက်ပနေလျက် စိတ်လှုပ်ရှားစွာ ပြောသည်။ “အစ်ကိုကြီး၊ သေချာစဉ်းစားကြည့်ပါ… ဒါက အကြောင်းပြချက်ပဲ မဟုတ်လား… သခင်လေးသုံးနဲ့ သခင်လေးလေးကပဲ ဒါတွေအားလုံးကို လှုံ့ဆော်ခဲ့တာ… အစ်ကိုကြီး ထိုက်ယီကို လွှတ်ပေးရုံတင်မကဘဲ ကျွန်တော်နဲ့အတူ ပူးပေါင်းပြီး ဒီတပည့်မိုက်နှစ်ယောက်ကို တားဆီးရမယ်… ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး သူတို့ကို ကောင်းကောင်းသင်ခန်းစာ ပေးကြရအောင်… သူတို့က ဆရာ့ရဲ့အတွေးအခေါ်ကို ချိုးဖောက်ခဲ့တာကြောင့် တကယ့် သစ္စာဖောက်နဲ့ ရန်သူတွေပဲ”

ချင်မူသည် အပြောကောင်းကောင်းဖြင့် ဆွဲဆောင်တတ်သော်လည်း သခင်လေးတစ် မဟာဥသျှောင်မှာမူ တုတ်တုတ်မလှုပ်ချေ။ သူက ခြောက်ကပ်ကပ် ပြော၏။ “သုံးနဲ့ လေးတို့က တစ်ကိုယ်‌ကောင်းမဆန်ဘူး… သူတို့လည်း ဆရာ့ရဲ့ အတွေးအခေါ်ကို အမွေဆက်ခံထားတာပဲ…”

ချင်မူ နှာတစ်ချက် မှုတ်လိုက်သည်။ “ဆရာ့ရဲ့ အတွေးအခေါ်ကို ဆက်ခံထားတာနဲ့ ၁၇ စင်းမြောက် စကြ၀ဠာရဲ့ သက်ရှိတွေကို ဖျက်ဆီးချေမှုန်းပြီး ၁၆ စင်းမြောက် စကြ၀ဠာရဲ့ သက်ရှိတွေကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်သတ်ဖြတ်လို့ ရတယ်ပေါ့… သူတို့ကြောင့် ဘေးဒုက္ခတွေ ဘယ်လောက်ရောက်ကြရသလဲ… သူတို့ကြောင့် သေဆုံးခဲ့တဲ့သူတွေ ဘယ်လောက်များလိုက်သလဲ.. အစ်ကိုကြီးတောင်မှ အမှားအမှန် မခွဲခြားနိုင်တော့ဘူးလား”

သူက ထရပ်လိုက်၏။ “မီလော့နန်းတော်က ဒီလိုပြုမူတာလား .. ဆရာကရော ဒီလိုပဲ ပြုမူတာလား…. ဒါဆိုရင် စကြ၀ဠာအသီးသီးက တာအိုသိုင်းပညာရှင်တွေ သူ့ကို စိတ်ရင်းနဲ့ ကူညီလာအောင် ဘယ်လိုများ လုပ်နိုင်တာလဲ… အစ်ကိုကြီး၊ ဆရာသာ ဒီမှာရှိနေရင် သုံးနဲ့ လေးကို ဒီလိုစိတ်တိုင်းကျ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး”

သခင်လေးတစ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ချင်မူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “ထိုက်ယီသာ ဒီစကြဝဠာထဲ ရောက်လာပြီး လောကသစ်ပင်ကို မခုတ်ခဲ့ရင် ၁၇ စင်းမြောက် စကြ၀ဠာ ပျက်စီးသွားတာ ကြာပြီ… ဒါက ကျွန်တော် သူ့ကို ကယ်ချင်ရတဲ့ အကြောင်းအရင်းပဲ…. ၁၇ စင်းမြောက်စကြ၀ဠာ စတင်တဲ့အချိန်တည်းက အခုထိ သေခဲ့ရတဲ့သူတွေ ဘယ်လောက်များနေပြီလဲ… အစ်ကိုသုံးနဲ့ အစ်ကိုလေးက စကြဝဠာတစ်ခုလုံးရဲ့ ပြောင်းလဲမှုကို ထိန်းချုပ်ပြီး ဝင်ရောက်လာကြတော့မှာ… သူတို့က ၁၇ စင်းမြောက် စကြ၀ဠာတွေရဲ့ သက်ရှိတွေကို သွေးယဇ်ပူဇော်နေပြီ… ဒီသက်ရှိသတ္တဝါတွေက ခင်ဗျားနဲ့ မဆိုင်ပေမယ့် ကျွန်တော်နဲ့ ဆိုင်တယ်…. အစ်ကိုကြီး၊ ခင်ဗျား မကူညီနိုင်ရင်တောင်မှ ဘက်မလိုက်ပါနဲ့”

သူက ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူနေသည်။ သူ၏ မျက်နှာက သခင်လေးတစ်၏ မျက်နှာနှင့် ထိကပ်လုနီးပါးဖြစ်နေသည်။ “ခင်ဗျားက ဆရာ့ရဲ့ အတွေးအခေါ်ကို လိုက်နာတယ်ဆိုရင် အဲ့အတိုင်းလုပ်… ကျွန်တော့်ဘက်မပါရင် သူတို့ဘက်လည်း မပါနဲ့…. ဒီနေ့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ထိုက်ယီကို ခေါ်သွားမှာ… ခင်ဗျားဘက်က လွှတ်‌ပေးမှာလား မပေးဘူးလား”

သခင်လေးတစ်သည် တိတ်ဆိတ်နေဆဲပင်။

ချင်မူက ခါးမတ်၍ ထိုက်ယီတာအိုကို အသက်သွင်းကာ ထိုက်ယီပုဆိန်အဖြစ် အသွင်ပြောင်းလိုက်သည်။ သူက တဟုန်းဟုန်း တောက်လောက်နေသော အရှိန်အဝါတို့ဖြင့် တဲပုတ်ထံသို့ လျှောက်သွားချေပြီ။

ယခု သူသည် သခင်လေးတစ်အား လုံး၀ကျောခိုင်းထားခြင်းဖြစ်ရာ သခင်လေးတစ်သာ ဤအခိုက်အတန့်တွင် တိုက်ခိုက်လာပါက သူ့အနေဖြင့် ခုခံနိုင်မည်မဟုတ်ချေ။

ထိုမျှသာမက သူ့အနေဖြင့် သူသည် ဤတဲပုတ်ကို ဖွင့်နိုင်မည့် ယုံကြည်ချက် မရှိပေ။ သို့သော်လည်း ကြိုးစားကြည့်ရပေမည်။

“ဖရိုဖရဲ”

သခင်လေးတစ်၏ အသံက သူ၏အနောက်မှ ထွက်ပေါ်လာသည်။ ချင်မူ ရပ်လိုက်၏။ သခင်လေးတစ်က မျက်လုံးများ မှိတ်ထားသည်။ “မင်းက ဖရိုဖရဲတာအို ရထားတယ်လို့ ဆရာ ပြောတယ်… သူ သိပ်‌တော့ နားမလည်ဘူး… မင်းက ဆရာနဲ့ ငါ မဖြေရှင်းနိုင်တဲ့ ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်လောက်တယ်… ငါ မင်းကို တံခါးဖွင့်ပေးမှာ မဟုတ်သလို လင်းရှောင်နဲ့ ကျစ်ရှောင်ကိုလည်း ကူညီမှာ မဟုတ်ဘူး… မင်းတို့ရဲ့ တိုက်ပွဲမှာ ငါ ဘယ်သူ့ကိုမှ ကူညီမှာမဟုတ်ဘူး… ဒါပေမဲ့ မီလော့နန်းတော်ကို အန္တရာယ်ပြုလာရင်တော့ ငါ ဝင်ပါရလိမ့်မယ်”

ချင်မူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။ “ကျွန်တော် နားလည်ပါတယ်”

သခင်လေးတစ်သည် ထရပ်၍ သူ့ဘေးမှ ဖြတ်လျှောက်သွား၏။ သူက တဲ၏ သစ်သားတံခါးကို ဖွင့်လျက် ၀င်သွားသည်။ ထို့နောက် အတွင်းမှ တံခါးကို ပြန်ပိတ်ကာ ဂရုတစိုက် သော့ခတ်လိုက်သည်။

သူ၏အသံက သက်ကယ်တဲပုတ်ထဲမှ ထွက်ပေါ်လာသည်။ “ထိုက်ယီကို ကယ်တင်နိုင်မလားဆိုတာ မင်းရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေအပေါ်မှာပဲ မူတည်တယ်… ငါ ဝင်မစွက်ဖက်ဘူး”

ချင်မူလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ အရှိန်အဝါအား အပြည့်အ၀ ထုတ်ဖော်သည။ သူ့အနောက်တွင် လောကသစ်ပင်သည်် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စကြဝဠာကို ထောက်ပံ့ပေးလိုက်သည်။ သူ့ခြေထောက်အောက်၌ အဆုံးသတ်မြိုပျက် အသူရာချောက်နက်က လှည့်ပတ်နေပြီး သူ၏ခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်ပေးထားသည်။

သူ၏ ဦးခေါင်းနောက်တွင် ဖရိုဖရဲခန်းမ ဖွဲ့တည်သည်။ ခန်းမသည် ကြီးမားကျယ်ပြန့်နေကာ တာအိုသံများ မြည်ဟီးနေ၏။ ချင်မူက ခြေထောက်ကားလိုက်ရာ ယိမ်းယိုင်သွားသော်လည်း ပြန်လည်ဟန်ချက်ထိန်းလိုက်သည်။ သူက ထိုက်ယီပုဆိန်ကို အသက်သွင်း၍ သက်ကယ်တဲပုတ်တံခါးဆီသို့ ခုတ်ချလိုက်တော့သည်။

သက်ကယ်တဲပုတ်မှာ သခင်လေးတစ်၏ မဟာဥသျှောင်ခန်းမ ဖြစ်ပြီး သခင်လေးတစ်၏ မဟာတာအိုမှ ဖွဲ့တည်ထားခြင်း ဖြစ်သည်။ မီလော့နန်းတော်တွင် အထွတ်အထိပ်တာအိုဟုပင် ခေါ်ဆိုနိုင်သည်။

သူ၏ ထိုက်ယီပုဆိန် သက်ကယ်တဲပုတ်ပေါ်သို့ ကျရောက်သွားသည်နှင့် တဲပုတ်ရှိ သက်ကယ်များမှာ ချက်ချင်း တောက်ပလာသည်။ မဟာတာအိုတို့ ပြောင်းလဲ၍ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ လှည့်ပတ်လာပြီး သူ့အား နှိုင်းယှဉ်၍ မရနိုင်သည့် ဖိအားကို ခံစားလာရစေ၏။

ချင်မူက ဟိန်းဟောက်လိုက်ရာ သူ့အနောက်ရှိ ဖရိုဖရဲခန်းမမှ ထွက်ပေါ်လာသော ဖရိုဖရဲချီစွမ်းအင်တို့က ပိုပို၍ အားကောင်းသန်မာလာသည်။ ရုတ်တရက် တုန်ခါသံတစ်ချက် ကြားလိုက်ရပြီး ဖရိုဖရဲခန်းမ၌ တံခါးတစ်ချပ် ထွက်ပေါ်လာသည်။

All Chapters