← Chapters

ထွက်ပြေးဖို့ လွယ်လွန်း

Vol. 135 Ch. 1739

ထွက်ပြေးဖို့ လွယ်လွန်း

Vol. 135 Ch. 1739

ဖရိုဖရဲခန်းမတွင် တံခါးတစ်ချပ် ပေါ်ထွက်လာသည်။

ချင်မူကိုယ်တိုင်ပင် မျှော်လင့်မထားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ချေသည်။ သူ၏မူလဝိညာဉ်က ချက်ချင်းပင် ခြေတစ်လှမ်းတိုး၍ ဖရိုဖရဲခန်းမ၏ တံခါးရှေ့သို့ ရောက်သွားချေပြီ။

အစက ဖရိုဖရဲခန်းမကို ကျင့်ကြံရန် အင်မတန် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သည်။ မီလော့နန်းတော်အရှင်သခင်ကလည်း ချင်မူမှာ အစစ်အမှန် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို မကြုံတွေ့ခဲ့ဖူးသောကြောင့် စစ်မှန်သော ဖရိုဖရဲအခြေအနေကို နားလည်ရန် ခက်ခဲလိမ့်မည်ဟု ပြောခဲ့ဖူးသည် မဟုတ်လော။

ဤအကြောင်းကြောင့်ပင် ချင်မူအနေဖြင့် ဖရိုဖရဲခန်းမကို ကျင့်ကြံနိုင်ခဲ့သော်လည်း ခန်းမတွင် တံခါးမရှိသောကြောင့် အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။

သူ့အနေဖြင့် ဤလမ်းစဉ်ကို ပြီးပြည့်စုံသည်အထိ လျှောက်လှမ်းလိုပါက အတိတ်သို့ ပြန်သွားပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးအား ရင်ဆိုင်တွေ့ကြုံကာ စစ်မှန်သော ဖရိုဖရဲအခြေအနေကို နားလည်သဘောပေါက်ရန် လုပ်ရပေလိမ့်မည်။

မီလော့နန်းတော်အရှင်သခင်၏ သုံးသပ်ချက်ကို ချင်မူကလည်း လေးနက်စွာ သဘောတူခဲ့သည်။

သို့သော် ဤသို့အချိန်မျိုးတွင် အဘယ်သို့ပြု၍ အတိတ်စကြဝဠာသို့ ပြန်သွားပြီး သခင်လေးခုနစ် ဖြစ်လာနိုင်မည်နည်း။

ထို့ကြောင့် ဤစကြ၀ဠာ၌ နေရန်သာ ရွေးချယ်ခဲ့သည်။

သို့သော် ယခု ဖရိုဖရဲခန်းမတွင် တံခါးတစ်ချပ် ပေါ်ထွက်လာသဖြင့် ချင်မူမှာ အံ့ဩဝမ်းသာသွားတော့သည်။

ဖရိုဖရဲခန်းမ ယခုလို ပြောင်းလဲသွားသည်မှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း အနှေးနှင့်အမြန် ဖြစ်လာမည့်အရာပင်။

ချင်မူသည် ကမ္ဘာဦးဖရိုဖရဲများအကြား၌ မီလော့နန်းတော်အရှင်သခင်ကို တွေ့ဆုံခဲ့သည့်အချိန်မှစ၍ အံ့မခန်းလိလိ တိုးတက်လာခဲ့၏။ အဆုံးသတ်မြို့ပျက်တာအိုတွင်လည်း အောင်မြင်လာခဲ့သည့်အလျောက်၊ ဖရိုဖရဲပင်လယ်က သိပ်သည်းသန့်စင်လာသည်။ ထိုမှတစ်ဆင့် ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ကို သန့်စင်ကာ ကမ္ဘာဦးဖရိုဖရဲ မူလဝိညာဉ်ကို ရခဲ့သည်။ တျန်းတု-လောကဖန်ဆင်းဓားကိုလည်း သိမြင်နားလည်ခဲ့သလို ထိုက်ယီ၏ တာအိုနှင့် ကောင်းကင်နတ်သိုင်းများကိုလည်း နက်ရှိုင်းစွာ သဘောပေါက်လာခဲ့သည်။

ထိုမျှသာမက မီလော့နန်းတော်မှ သခင်လေးသုံး ချန်ထားခဲ့သော တာအိုဒဏ်ရာများကို အသုံးပြု၍ မီလော့နန်းတော်၏ ကမ္ဘာဦးဖရိုဖရဲ ကောင်းကင်နတ်သိုင်းမှ သဘောတရားတို့အား သိမြင်နားလည်ခဲ့ပြီး သူ၏တာအိုဒဏ်ရာများကို ဖြေရှင်းနိုင်ခဲ့သည်။

သူ၏မူလဝိညာဉ်က ဖရိုဖရဲခန်းမရှေ့တွင် ရပ်ကာ လေးလံသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ ဖရိုဖရဲခန်းမ ပွင့်သွားသည့်အချိန်၌ သူ၏ မူလ၀ိညာဉ်အရှေ့၌ ဖရိုဖရဲမြစ်များ ပေါ်ထွက်လာကြသည်။

ချင်မူမှာ နှလုံးသားထဲ ဒိန်းခနဲ ခုန်သွားပြီး မူလဝိညာဉ်က တုံ့ခနဲ ရပ်လိုက်သည်။

ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းသည် သူ၏ဖရိုဖရဲခန်းမတွင် ဖွဲ့တည်လာပြီး မြစ်တစ်စင်းချင်းစီ၏ အောက်တွင် ခမ်းနားသော သမိုင်းကြောင်းတို့ကို တွေ့မြင်ရနိုင်သည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့မှာ မြစ်ထဲတွင် ရုန်းကန်နစ်မြုပ်ရင်း သေဆုံးနေကြသည်။

သူ၏ ဖရိုဖရဲခန်းမတွင် စကြဝဠာ ဆယ့်ခြောက်စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးများ ဖြစ်ပေါ်နေချေသည်။

ဖရိုဖရဲခန်းမတွင် စကြဝဠာဆယ့်ခြောက်စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးများ ပါရှိနေခြင်းမဟုတ်ဘဲ ဖရိုဖရဲခန်းမက စကြဝဠာဆယ့်ခြောက်စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးများနှင့် ချိတ်ဆက်နေခြင်း ဖြစ်သည်။

ဤသည်မှာ ချင်မူ တာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် လျှောက်လှမ်းရမည့် လမ်းစဉ်ပင်။

ချင်မူသည် ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းကို ဖြတ်ကျော်မှသာ ဖရိုဖရဲခန်းမ၏ အလယ်ဗဟိုရှိ ပလ္လင်ပေါ်သို့ ရောက်နိုင်လိမ့်မည်။

ယခင်က သူ့အနေဖြင့် ဖရိုဖရဲခန်းမမှတစ်ဆင့် မီလော့နန်းတော်အရှင်သခင်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်က မီလော့နန်းတော်အရှင်သခင်မှာ ခန်းမအတွင်း၌ ဖြစ်ပြီး သူကတော့ အပြင်မှဖြစ်ကာ နှစ်ဦးသား စကားပြောခဲ့ကြဖူးသည်။

မီလော့နန်းတော်အရှင်သခင် ဖရိုဖရဲခန်းမထဲတွင် ရှိနေသည်ဟု ထင်ခဲ့သော်လည်း ယခုအခြေအနေအရ မီလော့နန်းတော်အရှင်သခင်မှာ ခန်းမထဲတွင် ရှိနေခဲ့ခြင်း မဟုတ်ဘဲ စကြ၀ဠာတစ်စင်း၏ ဖရိုဖရဲမြစ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဖရိုဖရဲခန်းမတစ်ခု အနာဂတ်စကြဝဠာတွင် ရုတ်တရက် ပေါ်ထွက်လာသည်ကို သတိထားမိသောကြောင့်သာ ဖရိုဖရဲအလွှာများကို ဖြတ်ကျော်ကာ ခန်းမအရှေ့သို့ ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မီလော့နန်းတော်အရှင်သခင်၏ အမြင်အရ ချင်မူမှာ ခန်းမထဲတွင် ရှိနေခဲ့သည်။ ချင်မူကလည်း မီလော့နန်းတော်အရှင်သခင် ခန်းမထဲတွင် ရှိနေသည်ဟု ထင်ခဲ့သည်။ သူတို့နှစ်ယောက်သည် အချိန်နှင့် နေရာကို ဖြတ်ကျော်၍ စကားပြောခဲ့ကြသော်လည်း တစ်ဦးနှင့် တစ်ဦး ရုပ်ရည်သွင်ပြင်ကိုတော့ မမြင်ခဲ့ကြရချေ။

ထိုအချိန်တုန်းက မီလော့နန်းတော်အရှင်သခင်သည် ချင်မူ၏အခြေအနေကို နားလည်သွားခဲ့၏။ ချင်မူ့အနေဖြင့် အတိတ်သို့ ပြန်သွားပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးများကို တွေ့ကြုံရင်ဆိုင်မှသာ တာအိုသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်လိမ့်မည်ဟု အကြံပေးခဲ့ဖူးသည်။၊

ယခုအခါ ချင်မူ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား တွေ့မြင်ရသည့်အချိန်၌ မီလော့နန်းတော်အရှင်သခင်၏ စကားမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။

“ငါ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာချင်ရင် ဒီဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ရမယ်…. အရင်က မီလော့နန်းတော်အရှင်သခင်လည်း ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းပေါ်မှာ ဖရိုဖရဲခန်းမ ရှိနေတာကို တွေ့ခဲ့လို့ အဲဒီအတိုင်း ပြောခဲ့တာ ဖြစ်ရမယ်”

သူ၏မူလဝိညာဉ်သည် ပထမဆုံးမြစ်ရှေ့တွင် ရပ်နေပြီး မြစ်ရေပြင်ပေါ် ခြေမချသေးပေ။

အဘယ်ကြောင့်ဆိုသော် အချက်တစ်ချက်အား တွက်ချက်မိသွားသည့်အတွက်ကြောင့်ပင်။ သူ ဖရိုဖရဲမြစ်ပေါ်သို့ ခြေချလိုက်ပါက ၎င်းထဲသို့ ပြုတ်ကျ၍ အတိတ်စကြ၀ဠာသို့ ကျရောက်သွားပေလိမ့်မည်။

သူအနေဖြင့် ယခုအချိန်တွင် အတိတ်စကြ၀ဠာသို့ လုံး၀သွားရောက်၍ မဖြစ်သေးချေ။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၌ ရှိနေမှ ဖြစ်မည်။

ပထမဆုံး ဖရိုဖရဲမြစ်မှာ ပထမ စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး ဖြစ်သည်။ သူ ‌ကျရောက်သွားပါက ပြန်လာနိုင်ပါလိမ့်မည်လော။

“ဒီကိစ္စက ထားလိုက်ဦး”

ချင်မူက ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို ထုတ်ဖော်၍ ထိုက်ယီပုဆိန်အား အစွမ်းကုန် အသက်သွင်းလိုက်သည်။ သူက စိတ်ထဲမှ တွေးနေသည်။ “ငါ့အရှေ့က ကိစ္စကို အရင် ဖြေရှင်းမယ်… ကျန်တဲ့ ကိစ္စက နောင်လာနောက်ကြောင်းပဲ”

ချင်မူ ဖရိုဖရဲခန်းမတံခါးကို ဖွင့်လိုက်သည်နှင့် ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး မြင့်တက်သွားသည်။ ဖရိုဖရဲတာအိုအပေါ် သိမြင်နားလည်မှုကလည်း ပိုမိုနက်ရှိုင်းလာသည်။

ဖရိုဖရဲထဲတွင် မဟာတာအို မရှိသေးပေ။

မီလော့နန်းတော်နှင့် တျန်းတုနှစ်မျိုးလုံးမှ ပေါ်ထွက်လာသော မဟာတာအိုတစ်မျိုးကို ဖန်တီးလိုလေသည်။ ထို့ကြောင့်လည်း မီလော့နန်းတော်အရှင်သခင်က နားမလည်ဟု ပြောခဲ့ခြင်းပင်။

ချင်မူအနေဖြင့် ပြီးပြည့်စုံသည့် အခြေအနေသို့ မရောက်သေးသလို၊ ဖရိုဖရဲခန်းမနှင့် ဖရိုဖရဲမဟာတာအိုနှင့်ပတ်သက်၍ များစွာမပြောနိုင်သေးသည့်တိုင် ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့ တိုးတက်လာသည်ကတော့ အမှန်တကယ်ပင် ဖြစ်သည်။

ချင်မူသည် ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်လိုက်သော ဘီလူးကြီးတစ်ကောင်ပမာ ဧရာမပုဆိန်ကြီးကို ကိုင်ရင်း တံခါးတစ်၀က်ကျော်အထိ တွန်း၀င်သွားချေပြီ။

သို့သော် ဝေးဝေး ရောက်လေလေ ၊ ဖိအား ပို၍လေးလံလာလေလေပင်။ သက်ကယ်တဲပုတ်ဆီမှ မဟာတာအို ၆၄၀၀ က သူ့ကို တစ်ပြိုင်နက်တည်းနီးပါး ခုခံနေကြသည်။

ချင်မူက ရုတ်တရက် ခြေထောက်ကို မြှောက်၍ အားပြင်းပြင်းနှင့် ဆောင့်နင်းချလိုက်ရာ သူ့ခြေဖဝါးအောက်တွင် တျန်းတုအား ဖွင့်လှစ်စဉ်က အသုံးပြုခဲ့သော ယဇ်ပလ္လင်၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။

ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ဖြင့် ယဇ်ပလ္လင်ကို ဖန်တီးလိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးတွင် ခရမ်းရောင်ချီစွမ်းအင်များ တလိပ်လိပ် တက်လာကာ ဖရိုဖရဲချီစွမ်းအင်တို့နှင် ရောယှက်သွားပြီး ခွန်အားက နောက်တစ်ကြိမ် ထိုးတက်သွားပြန်သည်။

ဘုန်း…

တံခါးနှစ်ချပ်မှာ အပေါ်သို့ ပျံတက်၍ ဘေးနှစ်ဖက်ဆီသို့ လွင့်ထွက်သွားသည်။

ချင်မူလည်းထိုက်ယီနတ်ပုဆိန်ကို ပျောက်ကွယ်စေလိုက်ရင်း ဒူးပေါ် လက်နှစ်ဖက်ထောက်၍ မောဟိုက်စွာ အသက်လုရှူ‌နေရသည်။ သူ၏ စိတ်ထဲတွင် အံ့ဩမှု၊ ၀မ်းသာမှုတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။ “အောင်မြင်သွားပြီ…”

သူ ထိုသို့တွေးလိုက်သည့်အချိန်တွင် သက်ကယ်တဲပုတ်ပေါ်မှ သက်ကယ်များကလည်း မြောက်တက်၍ လေထဲတွင် နှစ်ပိုင်းပြတ်သွားကြသည်။

ချင်မူ မျက်ပြူးမျက်ပြာဖြင့် ခြေမကိုင်မိ၊ လက်မမကိုင်မိ ဖြစ်သွား၏။

ပြတ်တောက်သွားသော သက်ကယ်များသည် ကမ္ဘာဦးခရမ်းရောင်ချီမျှင်များအဖြစ် ပြောင်းလဲပြီး မီးခိုးငွေ့များသဖွယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။

ဝုန်း

အမိုးမရှိတော့သည့် သက်ကယ်တဲပုတ်လေးမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ခရမ်းရောင်ချီမျှင်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့၏။

“အစ်ကိုကြီး၊ ကျွန်တော် မလုပ်ဘူးနော်”

ချင်မူ ကပျာကယာ အော်ပြောလိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော်က တံခါးဖွင့်ရုံပဲ ဖွင့်တာ… အစ်ကိုကြီးရဲ့ ခန်းမကို ဖျက်ဆီးတာ လုံး၀မဟုတ်ဘူးနော်”

သက်ကယ်တဲပုတ်မှာ အငွေ့ပျံသွားချေပြီ။

သက်ကယ်တဲပုတ်၏ အနောက်တွင် သခင်လေးတစ်၏ တာအိုသစ်ပင်မှာ ဒုန်းခနဲ ကျိုးပဲ့သွားပြီးနောက် အလင်းမှုန်များအဖြစ် ပြောင်းလဲ၍ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ချင်မူမှာ မျက်လုံးကျွတ်ကျမတတ် ပြူးကျယ်သွားကာ စကားထစ်နေသည်။ “မ…မဖြစ်နိုင်ဘူး.. မဖြစ်နိုင်တာ… ကျွန်တော့်စွမ်းဆောင်ရည်နဲ့ အစ်ကိုကြီးရဲ့ တာအိုသစ်ပင်နဲ့ ခန်းမ‌ကို ပြိုလဲ‌စေဖို့ မဖြစ်နိုင်ဘူး… ကျွန်တော့်ကို လိမ်နေတာ… ကျွန်တော့်ကို အပြစ်ပုံချချင်နေတာမလား…”

သခင်လေးတစ်၏ တာအိုသစ်ပင်မှာ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

သက်ကယ်တဲပုတ်မှာလည်း ပျောက်ကွယ်သွားပြီး တာအိုအသုဘခေါင်းတလားတစ်ခုတည်းသာ အန္တိမဟင်းလင်းပြင်တွင် ထီးထီးတည်း ကျန်ရစ်ခဲ့၏။

ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ သူ့အနေဖြင့် သခင်လေးတစ်၏ ခန်းမကို ပြိုလဲစေနိုင်မည် မဟုတ်သလို တာအိုသစ်ပင်ကိုလည်း ပြာကျစေနိုင်မည်မဟုတ်ချေ။ မည်သည်တို့ ဖြစ်ပျက်သွားခဲ့ပါသနည်း။

“သခင်လေးတစ်က ငါ သူ့ရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်နေတာ မြင်လို့ ခန်းမနဲ့ တာအိုသစ်ပင်ကို ရုပ်သိမ်းသွားတာပဲ ဖြစ်ရမယ်.. အဲ့လိုပဲ ဖြစ်မှာပါ”

ချင်မူလည်း စိတ်တည်ငြိမ်စေပြီးနောက် ရေရွတ်လိုက်၏။ “လာလှည့်စားဖို့ မကြိုးစားနဲ့… ”

သူက ရှေ့သို့လျှောက်သွား၍ တာအိုအသုဘခေါင်းတလားကို အကဲခတ်ကြည့်ပြီး အံဩစွာ စုတ်တစ်ချက် သပ်လိုက်မိသည်။

“ဒီခေါင်းတလားက ငါ့ဟာထက် အများကြီး ပိုကောင်းတာပဲ… ထွင်းထားတာလည်း ပိုလှတယ်… အထဲ ၀င်လှဲပြီး အနားတောင် ယူချင်လာတယ်... နောင်တော်‌ထိုက်ယီ၊ ခင်ဗျား အထဲမှာ ပိတ်မိနေတာ မနာလိုစရာ ကောင်းလိုက်တာ”

ချင်မူသည် သခင်လေးတစ်၏ သက်ကယ်တဲပုတ်နှင့် တာအိုသစ်ပင် ပျောက်ကွယ်သွားသည့် ကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်ပြီး တဟားဟား ရယ်မောနေ၏။ သူ ခေါင်းတလားကို ပွတ်သပ်ရင်း ပြီတီတီ ပြောလိုက်သည်။ “နောင်တော်၊ အထဲမှာ သက်သောင့်သက်သာ ရှိရဲ့လားဗျ”

သူ၏ စိတ်ထဲမှ ဂုဏ်ယူနေမှုကို မဖုံးမကွယ်နိုင် ဖြစ်နေချေသည်။ ယခင်က ထိုက်ယီမှာ ဆန်းကြယ်ပြီး နားမလည်နိုင်သဖြင့် အားလုံး သူ့ကို လေးစားကြသည်။ ချင်မူပင်လျှင် သူအရှေ့တွင် မရိုင်းစိုင်းရဲဘဲ ရိုသေစွာ ဆက်ဆံခဲ့ရသည်။

ယခုတွင်‌တော့ ထိုက်ယီမှာ ဤသို့လှပသည့်‌ ခေါင်းတလားထဲတွင် ဖိနှိပ်ခံထားရသောကြောင့် စနောက်ချင်စိတ် ပေါ်လာမိသည်။

ဤတာအိုအသုဘခေါင်းတလားမှာ ချင်မူ၏ တာအိုအသုဘခေါင်းတလားထက် အမှန်တကယ်ပင် ပို၍ ထူးကဲသည်။ ချင်မူ၏ ခေါင်းတလားမှာ ရှင်းအန်းတစ်ယောက် အလျင်စလိုဖြင့် သုံးလအတွင်း ပြုလုပ်ခဲ့ရသောကြောင့် မပြည့်စုံသော အချက်များစွာ ရှိခဲ့သည်။

ထိုမျှသာမက ရှင်းအန်းနှင့် ထိုက်ချူမှာ အမျိုးမျိုးသော အကြောင်းအရင်းတို့ကြောင့် အလွှဲလွှဲအမှားမှား လုပ်ခဲ့ကြသေးသည်။

သို့သော် ထိုက်ယီကို“ မြှုပ်နှံ”ထားသော ဤတာအိုအသုဘခေါင်းတလားမှာမူ မီလော့နန်းတော်မှ အထူးဖန်တီးပြုလုပ်ထားခြင်း ဖြစ်သည်။ အလွန်အမင်းလက်ရာမြောက်စွာ ထုဆစ်ထားသောကြောင့် မည်သည့်ပြစ်ချက်မှ မရှိချေ။

ခေါင်းတလား၏ နံရံခြောက်ဖက်တွင် ရှည်လျားသော တာအိုအစီအရင်အချောင်းတစ်ရာအား တွေ့လိုက်ရ၏။ သံတစ်ချောင်းချင်းစီတွင် တာအိုအစီအရင်များ ကိန်းဝပ်နေသည်သာမက ၀င်္ကပါအမှတ်အသားအားလုံးမှာ မီလော့နန်းတော်၏ ထူးခြားသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတတို့ဖြင့် ဖွဲ့စည်းထားချေရာ နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးလေသည်။

ပို၍အရေးကြီးသည်က တာအိုအစီအရင်သံတို့သည် ခရမ်းရောင်အလင်းဖြင့် တောက်ပနေ၏။ ရှားပါးသော နတ်သတ္တုတစ်မျိုး ဖြစ်ပေလိမ့်မည်။

“ဒီ ခေါင်းတလား သံတစ်ချောင်းချင်းစီက တာအိုသိုင်းပညာရှင်တွေရဲ့ တာအိုစစ်သည်တော်တွေ‌အောက် နိမ့်ကျမနေဘူး”

ချင်မူ အားကျစွာ သက်ပြင်းချ၍ ခေါင်းတလားအား နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ ခေါင်းတလားပြုလုပ်ရာတွင် အသုံးပြုထားသည့် ပစ္စည်းအများစုမှာ အတိတ်စကြ၀ဠာ ဘိုးဘေးနန်းတော်မှ ဖြစ်၏။ အသုံးပြုထားသည့် ပစ္စည်းများက အတော်လေး အ‌ရည်အသွေး ‌ကောင်းချေသည်။

ပို၍အရေးကြီးသည်က ခေါင်းတလားကိုယ်ထည်အား တာအိုသစ်ပင်ဖြင့် ပြုလုပ်ထားခြင်းပင်။

“ဒီအခေါင်းထဲမှာ လှဲလိုက်ရရင်ဖြင့် သေပျော်ပါပြီ”

ချင်မူ အတော်လေး အားကျနေပြီး ဂရုတစိုက် ကြည့်နေမိသည်။ သခင်လေးတစ်သည် အပြင်ပန်းတွင် စိတ်မပါလက်မပါသလို ထင်ရသော်လည်း အလုပ်လုပ်ရာတွင် အလွန်စေ့စပ်တိကျပြီး မည်သည့်ပြစ်ချက်မှ မရှိချေ။ တာအိုအစီအရင်သံများကို ဆွဲထုတ်၍ ထိုက်ယီကို လွှတ်ပေးရန်မှာ ခက်ခဲသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။

အတင်းအကြပ် အားသုံး၍ ဆွဲနုတ်ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

သံချောင်းတစ်၀က်က အခေါင်းထဲတွင် စိုက်ဝင်နေပြီး ကျန်တစ်၀က်ကိုတော့ ခေါင်းတလားထဲမှ ထိုက်ယီ၏ ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းထားသည်။ သံချောင်းများကို အတင်းအကြပ် ဆွဲထုတ်လိုက်ပါက သံချောင်းများနှင့် ခေါင်းတလား၏ စွမ်းအားက ပေါက်ကွဲထွက်လာလိမ့်မည်။ အပြင်မှ သံနုတ်သူကို ထိခိုက်စေရုံသာမက အတွင်းမှ ထိုက်ယီကိုလည်း ထိခိုက်စေမည် ဖြစ်၏။

“ငါ ထိုက်ယီရဲ့ တောင်ဝှေးကို ကောင်းကင်ဘုံစစ်တပ်ကို ရင်ဆိုင်ဖို့အတွက် ရှုရှန်းဟွာဆီ ပေးထားတာ… တောင်ဝှေးသာ ရှိရင် ခေါင်းတလားထဲက ထိုက်ယီနဲ့ ဆက်သွယ်ပြီး တာအိုအသုဘခေါင်းတလားကို ဘယ်လိုဖြေရှင်းရမလဲ မေးလို့ရတယ်… အခု ကြည့်ရတာတော့ ဘိုးဘေးနန်းတော်ဆီ သွားရမယ့်ပုံပဲ”

ချင်မူက အားယူလိုက်ပြီး ခေါင်းတလားကို ပခုံးပေါ် ထမ်းကာ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ တက်သွားသည်။ ထို့နောက် အခေါင်းကို ကုန်းပတ်ပေါ်တွင် မတ်မတ်ထောင်ထားလိုက်သည်။

သူက ခေါင်းတလားကို ထိန်းထားရင်း စိတ်အားထက်သန်စွာဖြင့် လောကပေါင်းကူးရွှေသင်္ဘောအား ထွက်ခွာစေလိုက်သည်။

ခဏအကြာတွင် ချင်မူ ခေါင်းတလားထိပ်က သံချောင်းများကို ရေကြည့်လိုက်သည်။ သံချောင်းဆယ့်လေးချောင်း ရှိသဖြင့် မျက်နှာပျက်သွားသည်။ အလျင်အမြန် ခေါင်းတလားကို ပြောင်းပြန်ထောင်လိုက်လေသည်။ ‘ခုနက ထိုက်ယီကို ဇောက်ထိုးထားလိုက်မိတာပဲ… သူက လောကီအနှောင်အဖွဲ့တွေကနေ လွတ်မြောက်ပြီးသား တာအိုသိုင်းပညာရှင်တစ်ယောက်မလား… စိတ်သဘောထားကြီးတဲ့လူဆိုတော့ ငါ့ကို အပြစ်မတင်လောက်ပါဘူး… ဟုတ်တယ်၊ အပြစ်တင်မှာ မဟုတ်ဘူး”

အန္တိမဟင်းလင်းပြင်မှ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ရွက်လွှင့်ရန် အချိန်တချို့ ကြာပေဦးမည်။ တခြားလုပ်စရာလည်း မရှိသောကြောင့် ချင်မူသည် တာအိုအသုဘခေါင်းတလားကို လေ့လာနေ၏။

သို့သော် ဤတာအိုအသုဘခေါင်းတလား၏ တည်ဆောက်ပုံမှာ အလွန်ရှုပ်ထွေးပြီး အသိပညာများစွာ ကိန်းဝပ်နေသောကြောင့် တခဏအတွင်း ဖြေရှင်းနည်းကို ရှာမတွေ့နိုင်ချေ။

“ထိုက်ယီမှာ နည်းလမ်းရှိမှာပဲ… ငါ စိတ်ပူစရာမလိုဘူး.. ထိုက်ယီ မဖြေရှင်းနိုင်ရင်တောင်မှ လန်ယွီတျန်း၊ ရှုရှန်းဟွာနဲ့ တခြားသူတွေ ရှိသေးတယ်.. ဟုတ်တယ်… ရှင်းအန်းလည်း ရှိသေးတယ်… သူက ‌ငါ့ခေါင်းတလားကို လုပ်ပေးခဲ့တဲ့သူ… ထိုက်ယီရဲ့ ခေါင်းတလားကို ဖြေရှင်းဖို့ သူတို့အတွက် မခက်ခဲလောက်ဘူး”

သူက ခေါင်းတလားကို ဘေးတွင်ထားလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ဖရိုဖရဲမဟာတာအိုကို လေ့လာနေ၏။ ဤသည်က အမှန်တကယ် အရေးကြီးသော အလုပ်ပင် မဟုတ်ပါလော။

All Chapters