← Chapters

ချမ်းသာရန် စီမံကိန်း

Vol. 1 Ch. 10

ချမ်းသာရန် စီမံကိန်း

Vol. 1 Ch. 10

ကျန်းဂိုဏ်း၏ စည်းမျဉ်းများသည် တင်းကြပ်ပေသည်။ ထိုစည်းကမ်းများကို မလိုက်နာ၍ သေသွားအောင် အရိုက်ခံရသော ဂိုဏ်းသား အရေအတွက်မှာလည်း မနည်းပေ။ ကျန်းရီ၏ စိတ်သည် အဂ္ဂိရတ် ဌာနတွင် ဖြစ်ပွားခဲ့သော ကိစ္စများ အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သဖြင့် သူသည် အမိန့်ပေး တံဆိပ်ပြားနှင့် ပတ်သက်ပြီး သူ့ပြဿနာများကို မေ့နေခဲ့သည်။ သို့သော်လည်း ထိုခဏတွင် သူသည် တည်ငြိမ်ဟန် ဆောင်ပြီး စိတ်ကို ထိန်းခဲ့လိုက်သည်။

ခေါင်းကို ပြန်လှည့်ပြီး သူသည် အရှက်ရသည့် လေသံဖြင့်ပြောခဲ့သည်

"ခေါင်းဆောင်ရုန်...  ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်အဲ့ဒါကို အိမ်မှာ ချန်ခဲ့မိပြီး ယူလာဖို့ မေ့သွားခဲ့တယ်... ."

ကျန်းရီ၏ သရုပ်ဆောင်မှု အဆုံးတွင်တော့ ခေါင်းဆောင်ရုန်သည် သဘောထားကြီးဟန်နှင့် လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြန်ပြောခဲ့သည်

"ကိစ္စမရှိဘူး... အဲဒါကို နှစ်ရက် အတွင်းသာ သတိတရနဲ့ ပို့ပေးလိုက်... ကျန်းရီ မြန်မြန် သွားတော့လေ..အကြီးအကဲလျှိုကို စောင့်ရအောင် မလုပ်နဲ့... အဂ္ဂိရတ် ဌာနမှာ အလုပ်ကို ကောင်းကောင်းလုပ်.. ပြီးတော့ အကြီးအကဲလျှိုကိုလည်း ဒေါသထွက်အောင် မလုပ်နဲ့ဦး... "

ကျန်းရီသည် နာခံကြောင်း ပြန်လည် ဖြေကြားပြီးနောက် ကြီးကြပ်ရေးမှူးများ အခန်းမှ အလျင်အမြန်ထွက်လာကာ သူ၏ ကိုယ်ပိုင်အိမ်လေးရှိရာ ခြံဝန်းလေးဆီ ဦးတည်၍ လျှောက်လာခဲ့လိုက်သည်။

ခေါင်းဆောင်ရုန်သာ အမိန့်ပေးတံဆိပ်ပြားကို နောက်နှစ်ရက်အတွင်း ပြန်တောင်းလာခဲ့လျှင် သို့မဟုတ် သူ့အိမ်ကိုသာ လာတောင်းခဲ့လျှင် သူ့လျို့ဝှက်ချက်ကို သိသွားပေလိမ့်မည်...

"အဲဒါကို မေ့ထားလိုက် ငါက ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ အရင် စဉ်းစားရမယ် ငါဒါကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ ဆိုတာ ကြည့်ရမယ်"

စိတ်ရှုပ်ထွေးနေသော ကျန်းရီသည် သူ့ကိုယ်ပိုင်အိမ်လေးရှိရာ ခြံဝန်းလေးဆီ ရောက်သောအခါ ကျန်းရှောင်နူသည် နံနက်စာ ပြင်ဆင်ခဲ့ပြီးပြီဖြစ်၍ သူပြန်အလာကို စောင့်ရင်း လက်ပေါ် မေးတင်လျှက် ဝင်ပေါက် အဆင့်လေးတွင် ထိုင်နေခဲ့သည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

သူမသည် ကျန်းရီဝင်လာသည်ကို မြင်သောအခါ အလျင်အမြန် စူးရိမ်ပူပန်စွာ မေးလာခဲ့သည်

"သခင်လေး...  ဘယ်တွေ ရောက်နေတာလဲ သခင်လေးက ကျွန်မကို စိုးရိမ်လွန်ပြီး သေအောင်လုပ်နေတာပဲ ချွန်းယာက တစ်ယောက်ယောက် ပြောနေတာကို ကြားခဲ့တယ်... ကျန်းရုဟူက အရုဏ်တက်တည်းက သခင်လေးကို အလစ်ချောင်းပြီး တိုက်ခိုက်ဖို့ လူတွေကို အနောက်ဘက် တောင်ကုန်းကို ခေါ်သွားခဲ့တယ်တဲ့ ဒါကြောင့် အနောက်ဘက် တောင်ကုန်းကို သွားဖို့ မစဉ်းစားပါနဲ့တော့... "

"အိုး တော်တော်ကို လုံလောက်နေပါပြီ.."

ကျန်းရီ၏ နှလုံးသားသည် မွန်းကြပ်သွားခဲ့သည်။ ငါ့ရဲ့ စွမ်းအားသာ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာ ရှိခဲ့မယ်ဆိုရင်... ... .

သူသာ ထိုစွမ်းအားကို အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်လိုက်လျှင် ထိုလူစုကို ပျော့ခွေသွားအောင် ရိုက်နိုင်မည်မှာ အသေအချာပင်။ ကံဆိုးစွာပင် အနက်ရောင် အတွင်းအား၏ ဆန်းကြယ်သော စွမ်းအားများသည် သူ့အတွင်းအား သန့်စင် ထုတ်လုပ်မှုကို တိုးမြှင့်ရန် အသုံးပြုနိုင်ခဲ့ပေ... .

ဆန်းကြယ်တဲ့ စွမ်းအားတွေ... .ဟုတ်သားပဲ ငါ အစားကို မြန်မြန်စားပြီးတော့ ဆက်ပြီးစမ်းသပ်ရမယ်... မနေ့တုန်းက အဲဒါက ကုသနိုင်စွမ်းကို တိုးတက်စေတယ်လို့ ငါအတည်ပြုပြီးပြီ... .ဒီအနက်ရောင် အတွင်းအားတွေမှာ တခြားစွမ်းရည်တွေလည်း ရှိကောင်း ရှိနိုင်သေးတယ်...

ကျန်းရီသည် ပျော်ရွှင်ကျေနပ်နေမှုကို ခံစားနေခဲ့ရသည်။ သူသည် ရှောင်နူကို စကားလုံးအများကြီးနှင့် နှစ်သိမ့်ပေးပြီး၍ သူ အနောက်ဘက်တောင်ကုန်းကို နောက်ထပ်သွားစရာ မလိုတော့ကြောင်း၊ သူ အခု အဂ္ဂိရတ် ဌာနမှာ အလုပ်လုပ်နေကြောင်းကိုလည်း အသိပေးပြီးခဲ့ပြီ ဖြစ်သည်။

မနက်စာကို အလျင်အမြန် စားသောက်ပြီးနောက်တွင်တော့ ကျန်းရီသည် ရှောင်နူ၏ ဒဏ်ရာများကို စစ်ဆေးခဲ့လိုက်သည်။ ဆေးလိမ်းပြီးနောက် သူမ၏ ဒဏ်ရာများ အတော်လေးတိုးတက် ကောင်းမွန်လာသည်ကို တွေးလိုက်ရအပြီး သူများကြီး စိုးရိမ်နေဖို့ မလိုတော့ကြောင်း ဆုံးဖြတ်ခဲ့လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်အခန်းလေးကို ပြန်သွားပြီး အဂ္ဂိရတ် ဌာနမှ ယူလာခဲ့သော အဝါရောင် ဂျင်ဆင်း ဆေးကို ထုတ်ကာ မျိုချခဲ့လိုက်သည်။ သူသည် ကုသခြင်းကို ပြုပြင်ရန် အနက်ရောင်အတွင်းအားကို စပြီး မလှည့်ပတ်စေသေးဘဲ ဆေးအာနိသင် စပြလာမည့်အချိန်ကို အရင်စောင့်ခဲ့လိုက်သည်။

သူသည် အခန်းထဲမှ တစ်နေ့လုံး မထွက်ဘဲ နေခဲ့သည်။ သူအိမ်တွင် ရှိနေစဉ်တွင် သူ၏ ထိခိုက်ဒဏ်ရာများနှင့် အနက်ရောင်အတွင်းအားကို လေ့လာရန်သာ ဦးစားပေးထားခဲ့လိုက်သည်။ ရလဒ်သည် သူ့ကို စိတ်ဓာတ်ကျစေခဲ့သည်။ အနက်ရောင် အတွင်းအား၏ စွမ်းရည်အသစ်နှစ်ခုသည်လည်း ထပ်မံပေါ်ထွက်လာခဲ့သည်... သူ၏ အကြားအာရုံနှင့် အနံခံစွမ်းရည် နှစ်ခုလုံးသည် ပို၍ တိုးတက်ကောင်းမွန်လာခြင်းပင်တည်း...

ထို့အပြင် တစ်နေ့လုံး လေ့လာစူးစမ်းပြီးနောက် သူ့တွင် မည်သည့်အကြံဉာဏ်မှ ထွက်မလာခဲ့တော့ချေ... သူသန့်စင်ထုတ်လုပ်နိုင်သော အနက်ရောင်အတွင်းအား၏ အများဆုံး အကန့်အသတ်သည် ဆယ်မျှင် မျှသာ ဖြစ်သည်

သူ၏ အကြားအာရုံနှင့် အနံ့ခံစွမ်းရည် နှစ်ခုလုံးသည် ပိုမို အားကောင်းလာသော်ငြား ထိုအာရုံနှစ်ပါးသည် သိပ်ပြီး အသုံးပြုစရာ မလိုချေ။ ဒါ့အပြင် သူသည် အနက်ရောင်အတွင်းအားကို သူ့နားဆီသို့ လှည့်ပတ် ဖြတ်သန်းစေသောအခါ သူ၏ နားရှိရာဘက်သည် ရုတ်တရက် မသက်မသာဖြစ်အောင် ဆူညံလာခဲ့သည်။ ထိုကျယ်လောင်သော စူးရှရှ ဆူညံသံသည် သူ့ကို အတော်လေး နေထိုင်မကောင်း ဖြစ်ကျန်ခဲ့စေသည်။

ထပ်မံ၍ သူ၏ အနံ့ခံစွမ်းရည် တိုးတက်လာပြန်လျှင်လည်း သူသည် အနီးအနားရှိ အိမ်သာများမှ စက်ဆုပ်ဖွယ် ညစ်ညမ်းသော အနံ့များကိုပင် ရနေသောကြောင့် ထိုအနံ့တို့သည် သူ့ကို အော်ဂလီဆန်၍ ကျန်ခဲ့စေသည်။ သို့နှင့်ပင် သူသည် ထိုစွမ်းရည် အသစ်နှစ်ခုနှင့် ပတ်သက်၍ အတိအကျကို မနှစ်မြို့ သဘောမကျခဲ့ချေ။

ထိုအရာများအပြင် သူသည် အနက်ရောင် အတွင်းအား၏ အခြားသော စွမ်းရည်များကို ရှာဖွေရာတွင် ကျရှုံးခဲ့သည်။ အချို့စိစစ်ချက်များအပေါ် အခြေခံ၍ သူသည် အနက်ရောင်အတွင်းအားတွင် ပြိုင်စံကင်းသော စွမ်းရည်တစ်ခု၊ တိုးပွားစေနိုင်သော စွမ်းရည် ရှိနိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ၎င်းသည် အပြာရောင် အတွင်းအား၏ စွမ်းရည်ကို ပြင်းထန်လာစေနိုင်သည်၊ အာရုံငါးပါး၏ တိုးတက်လာမှုကို ပြင်းထန်လာစေနိုင်သည်၊ ဆေးအာနိသင်ကိုလည်း တိုးလာစေနိုင်သည်။

"ငါ့ရဲ့ ကျင့်ကြံနှုန်းကို ဘာလို့တိုးမလာစေတာလဲ ငါ့ရဲ့တိုးတက်မှုနှုန်းက ခရုတစ်ကောင်လိုမျိုး နှေးကွေးနေတုန်းပဲ..ဒါ့အပြင် ငါက အနက်ရောင်အတွင်းအားကို အရမ်းနည်းလွန်းတဲ့ ဆယ်မျှင်ဘဲ ထုတ်လုပ် သန့်စင်နိုင်တယ်... .ဒီအနက်ရောင် အတွင်းအားတွေရဲ့ စွမ်းအားက ဘယ်လောက်ဘဲ ပြင်းထန်ထန် ငါက သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ရှိ ပြိုင်ဘက်ကိုဘဲ တိုက်နိုင်မှာ... .ငါက ရှင်းရှင်းလင်းလင်းကို အသုံးမကျ ဖြစ်နေတုန်းဘဲ"

သန်းခေါင်ယံအချိန်အထိ လေ့လာပြီးနောက် ကျန်းရီ၏ ဒဏ်ရာများသည် လုံးဝကုသပြီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် နောက်ထပ်သော စွမ်းရည်များ ရှာမတွေ့တော့သည်ကို အတည်ပြုပြီးနောက် သူစိတ်ပျက် လက်ပျက် အိပ်ရာဝင်ခဲ့သည်။ ပြီးခဲ့သည့်ညက တစ်ညလုံးမအိပ်ဘဲ နေပြီးနောက် သူ နောက်ထပ် မအိပ်ဘဲ မနေနိုင်တော့ပေ။

နောက်တစ်နေ့တွင်တော့ ကျန်းရီသည် အာရုဏ်မတက်ခင်တည်းက နိုးနေခဲ့ပြီး ဖြစ်သည်။ သူသည် 'ကျန်း'‌ရေအသွင်ကျင့်စဉ်ကို လေ့ကျင့်ရင်း နှစ်နာရီကြာ တရားထိုင်ခဲ့သည်။ မနက်စာစားပြီးနောက် သူသည် ရှောင်နူကို ကျန်းရုဟူ ပြဿနာလာရှာမည်စိုး၍ သူမသာ အလုပ်ရှုပ်မနေပါလျှင် ချွန်းယာတို့အိမ်တွင် ရက်အနည်းငယ် သွားပုန်းနေရန် ညွှန်ကြားခဲ့လိုက်သည်။ ထို့နောက်တွင်တော့ သူသည် အဂ္ဂိရတ် ဌာနရှိရာ ထွက်လာခဲ့လိုက်သည်။

သူသည် အဂ္ဂိရတ် ဌာနတွင် အနက်ရောင်အတွင်းအားကို သုံး၍ လျှို့ဝှက်စွာ အမြင့်စားအဆင့် ဆေးလုံးများထုတ်လုပ်ပြီး ပိုက်ဆံရရန်ရောင်းမည်ဟု အစီအစဉ်ချနေခဲ့သည်။ ထို ပိုက်ဆံများနှင့် သူသည် ဖန်းယွီဆောင်ကြာမြိုင်ကို သူ့အကြွေးများ ဆပ်နိုင်ပေလိမ့်မည်။

ကျန်းရီသည် ထိုသို့အတွေးပေါက်သွားသော အချိန်တွင် သူ့စိတ်အခြေအနေသည် အများကြီး တိုးတက်လာခဲ့သည်။ သူသည် ဤသို့ဖြင့် ပိုက်ဆံအများကြီးရသည်မှာ ကြာလာလျှင် သူ့ကျင့်ကြံခြင်းတွင် အကူအညီပေးနိုင်မည့် အမြင့်စားအဆင့် ဆေးများပင် ဝယ်နိုင်လာလောက်သည်။ ထိုဆေးများသည် သူ့ကို သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သို့ ရောက်ရန် ကူညီပေးပေလိမ့်မည်။ ထိုနည်းဖြင့် သူသည် ကျန်းရုဟူနှင့် သူ့လူမိုက်အဖွဲ့ကို ကြောက်နေစရာ လိုတော့မည်မဟုတ်ချေ

အဂ္ဂိရတ် ဌာန၏ အတွင်းဘက်သည် အလွန်အမင်း တိတ်ဆိတ်နေခဲ့သည်။

အကြီးအကဲလျှို တကယ်ကြီးရှိမနေတာလား ကျန်းရီ၏ စိတ်သည် အတော်လေး ပျော်ရွှင်နေခဲ့သည်။ သူသည် လျှို့ဝှက်စွာ ဆေးများကို စတင် သန့်စင်ဖော်စပ်နေသင့်သည်လားဟု ချက်ချင်း တွေးမိသွားခဲ့သည်။

ထို့ပြင် အကြီးအကဲလျှို ပြန်ရောက်လာပါက သူသည် ဆေးဖော်စပ်ခြင်းကို သင်ယူရန် ကြိုးစားနေသည်ဟု ပြောနိုင်သေးသည်။ သူက သင်ယူဖို့ စိတ်အားထက်သန်လွန်းနေတာကြောင့် အကြီးအကဲလျှိုက သူ့ကို သေချာပေါက် အပြစ်တင်မည် မဟုတ်ချေ

"နောက်ဆုံးတော့လည်း ချမ်းသာမှုဆိုတာ အန္တရာယ်က လာတာဘဲ"

ခေါင်းဆောင်ရုန် အမိန့်ပေးတံဆိပ်ပြားကို လာတောင်းမယ့်နေ့ကို ကြိုသိနိုင်တာမှ မဟုတ်တာ... ကျန်းရီသည် အများကြီးစိုးရိမ်မနေရန် ဆုံးဖြတ်ခဲ့လိုက်သည်။ သူသည် ဆေးကို ဘယ်လိုဖော်စပ်ရမလဲ ဆိုတာပဲ စတင် တွေးတောနေခဲ့လိုက်သည်။

အခန်းကို တစ်ကြိမ်လောက် လှည့်ပတ်လမ်းလျှောက်လိုက်ပြီးနောက် သူတစ်ခုခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။

သူ့နဖူးကို သူရိုက်လိုက်ပြီး အံ့သြတကြီးပြောခဲ့လိုက်သည်...

"ငါဘာကို တွေးနေတာလဲ ဆေးတွေဖော်စပ်ထုတ်လုပ်ဖို့ ငါဘယ်လို ဆေးဖော်စပ်ရမလဲဆိုတာတောင် မသိဘူးလေ... "

ဆေးဖော်စပ်ထုတ်လုပ်ဖို့ ကိရိယာများသည် အဆင်သင့်ရှိနေခဲ့သည်။ အဂ္ဂိရတ် ဌာန၏ ခန်းမအလယ်တွင်လည်း ဆေးထုတ်လုပ်ဖို့ လိုအပ်သော ဆေးပေါင်းအိုးအရွယ်အစား မျိုးစုံ တည်ရှိနေခဲ့သည်။ ဆေးထုတ်လုပ်ရန် ပါဝင်ပစ္စည်းများသည်လည်း အခန်းတစ်ခုလုံး ဆေးပင်များအပြည့် ရှိနေခဲ့သည်။ သို့သော်လည်း ကျန်းရီသည် ဆေးဖော်စပ်ခြင်းအကြောင်း ဘာမှထပ်မသိတော့ချေ။

ငါ ဟင်းရွက်တွေ ချက်သလိုမျိုးဘဲ လုပ်လိုက်သင့်လား ပါဝင်ပစ္စည်းတွေအကုန်ကို ဆေးပေါင်းအိုးထဲ ပစ်ထည့်လိုက်ရင် ပြီးသွားပြီလား

နောက်ရက်တွေမှာ အကြီးအကဲလျှို ဆေးဘယ်လို ဖော်စပ်တယ်ဆိုတာ ငါသေချာ လေ့လာထားရမယ်နဲ့တူတယ်... ငါတခြားဟာတွေလုပ်ဖို့ မစဉ်းစားခင် ဆေးဖော်စပ်နည်းကို အရင်သင်ယူရမယ်...

သူ့စိတ်ကို တိတ်တဆိတ်ပြင်ဆင်လိုက်ပြီး ဘာမှလုပ်စရာမရှိတော့တာကြောင့် တံမြက်စည်းတစ်ချောင်းကို ကောက်ယူကာ ကြမ်းပြင်ကို စတင် လှည်းကျင်းနေခဲ့လိုက်သည်။ သူသည် အဂ္ဂိရတ်ဌာန၏ အတွင်းရော အပြင်ပါ သန့်ရှင်းရေး လုပ်အပြီးတွင်တော့ ခြေလှမ်းသွက်သွက်လှမ်းကာ အပြေးတစ်ပိုင်း ဝင်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက့ရသည်။ ထိုပုံရိပ်မှာ ရေမှော်ပင်များကဲ့သို့ ရှုပ်ပွနေသော မီးခိုးရောင် ဆံပင်ဖြူများပြည့်နေသော ခေါင်းတစ်လုံးနှင့် ရဲနေသော မျက်လုံးပြူးများ တစ်စုံ ရှိခဲ့သည်။

"ဒါက အဓိပ္ပာယ်မရှိတာပဲ" ပုံရိပ်သည် ရေရွတ်နေခဲ့သည်

"ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး မြေကမ္ဘာအဆင့်ဆေးလုံးမှာပါနေတဲ့ အမည်မသိ ပါဝင်ပစ္စည်းက ဘာများလဲ ဘာများ ဖြစ်နိုင်မလဲ ပိုင်ရှီဆေးမှုန့်လည်း ဖြစ်နိုင်တယ်မလား ဒါမှ မဟုတ် နနွင်းမှုန့်... ... "

"အား" ကျန်းရီသည် ခေါင်းကို ငုံ့လျက် တံမြက်စည်းလှည်းနေခဲ့သည်။ သူသည် ရုတ်တရက် ခေါင်းကို မော့ပြီး ကြည့်လိုက်သောအခါ ထိုလူကြီး၏ ပေါ်လာမှုကြောင့် လန့်သွားရသည်။ အတော်ကြာအောင် ကြောင်ကြည့်နေပြီးနောက် သူသည် အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်

"အကြီးအကဲလျှိုကို နှုတ်ဆက်ပါတယ်"

"ဟာ... မင်းကိုး"

အကြီးအကဲလျှိုသည်လည်း ကျန်းရီနည်းတူ လန့်သွားခဲ့သည်။ သူသည် အခန်းကို ဝေ့ကြည့်လိုက်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလာခဲ့သည်

"မဆိုးပါဘူး...  မင်းက ဘယ်နေရာမှာမှ အသုံးမကျတဲ့ကောင် ကျန်းစုန့်ထက်တော့ ကြိုးစားသားဘဲ... .ဟုတ်ပြီ... မင်းကနာမည်က ဘာလို့ ပြောခဲ့တာ"

"အကြီးအကဲလျှို... ကျွန်တော် ကျန်းရီပါ"

"အိုး... ကျန်းရီ...  "  အကြီးအကဲလျှို သည် ခေါင်းကို ငြိမ့်ကာ လက်ဝှေ့ယမ်း၍ ညွှန်ကြားလာခဲ့သည်

"မင်းဒါတွေကို အခု သွားပြင်ဆင်ချေ... တရုတ်ဆေးပင်အမြစ် ၁၀၀ဂရမ်၊ ကျောက်ချဉ် ၁၅၀ဂရမ်၊ ချီရှန်းကျီ အစေ့ ၇၅ဂရမ်၊... ... ၂၀၀ဂရမ်... ... ငါအခု ဆေးသွားပြီးဖော်စပ်တော့မယ် ငါဒီနေ့ မြေကမ္ဘာအဆင့် ဆေးတွေ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရမယ်''

ကျန်းရီကို ညွှန်ကြားပြီးနောက် အကြီးအကဲလျှို သည် ဘေးအခန်းဆီသို့ ချက်ချင်း ဝင်သွားခဲ့သည်။ ကျန်းရီသည် မတုန်မလှုပ်ရပ်နေခဲ့သည်။ တရုတ်ဆေးပင်အမြစ် ဆိုတာကို သူဘယ်လိုလုပ်သိမှာလဲ ကျောက်ချဉ် ဆိုတာကရော ဘာကြီးလဲ သို့သော်လည်း သူသည် ထပ်မံမမေးရဲခဲ့ပေ။ သူ့တွင် ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် ဆေးပစ္စည်းကုန်ကြမ်းများ ထားရာ အခန်းဆီသို့သာ လျှောက်လာခဲ့လိုက်သည်။

ဆေးပင်များဖြင့် ပြည့်နေသော အခန်းကို မြင်လိုက်လျှင် မြင်လိုက်ချင်း ကျန်းရီသည် အကူအညီမဲ့စွာ နောက်ပြန်ဆုတ်ခဲ့ရသည်။ သူသည် အကြီးအကဲလျှိုကို ဆေးပင် အမျိုးမျိုးကို ဘယ်လို ခွဲခြားရမည်လဲဟု မေးရန်ဆန္ဒဖြင့် ဘေးဘက်အခန်းဆီ လျှောက်လာခဲ့လိုက်သည်။ သို့သော်လည်း အကြီးအကဲလျှိုသည် ကျန်းရီဝင်မလာဘဲ အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေသည်ကို သတိမထားမိသည့် အချက်ကို ကြည့်ချင်းဖြင့် ဆေးပစ္စည်းများ ရောစပ်နေခြင်း၌သာ အာရုံစိုက်ထားမှန်း သိသာနေခဲ့သည်။

"အာ ဒီမှာ အညွှန်းစာအုပ်တွေများ ရှိမလား"

သူသည် ဘေးဘက်အခန်းဆီ တစ်ချက်ဝေ့ကြည့်လိုက်ရာ ဝဲဘက် နံရံဘေးရှိ စာအုပ်စင်ပေါ်တွင် စာအုပ်ပေါင်းများစွာကို မြင်ခဲ့လိုက်သည်။ သူသည် စစ်ဆေးကြည့်ရန် အလျင်အမြန် လျှောက်သွားခဲ့လိုက်သည်။ သူသည် ဆေးပင်အမျိုးမျိုး၏ အညွှန်းများကို အကျဉ်းချုပ်ဖော်ပြထားရုံတင်မက လွယ်လွယ်ကူကူ နားလည်စေရန်ရုပ်ပုံများနှင့်တကွ ဖော်ပြထားသော စာအုပ်တစ်အုပ်ကို မြန်မြန်ဆန်ဆန်ပင် တွေ့ရှိသွားခဲ့သည်။ သူသည် စာအုပ်ကို ကုန်ကြမ်းပစ္စည်းများ ထားရာအခန်းသို့ ချက်ချင်းယူသွားကာ စာအုပ်နှင့် အကိုးအကားပြုလုပ်၍ အကြီးအကဲလျှို လိုအပ်သော ဆေးပစ္စည်းကုန်ကြမ်းများကို ထုတ်ယူ ပြင်ဆင်နေခဲ့လိုက်သည်။

" ဒီကောင်လေးက အလားအလာကောင်းပြီးတော့ သင်ပေးရတာ ထိုက်တန်တယ်... ကျန်းဂိုဏ်းရဲ့ ဒီသခင်လေးက ကျန်းစုန့်ထက်ပိုပြီး စမတ်ကျတာ အသေအချာဘဲ"

အကြီးအကဲလျှိုသည် ကျန်းရီကို စောစောက လျစ်လျူရှုထားခဲ့သော်လည်း ကျန်းရီထွက်သွားသည်နှင့် သူသည် လှည့်ကြည့်လာခဲ့သည်။ သူသည် ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း သူ၏ ဆေးဖော်နည်းအတိုင်း ဆက်လက်လုပ်ဆောင်နေခဲ့လိုက်သည်။

"ဟုတ်တယ်... ဒီတရုတ်ဆေးပင် အမြစ်က ၁၀၀ဂရမ်... ."

အဆောက်အဦး၏ တခြားဘက်အခြမ်းတွင်တော့ ကျန်းရီသည် စာအုပ်ကို ကိုးကားလျက် ဆေးပင်အမျိုးမျိုးကို ဂရုတစိုက်နှင့် အမျိုးအစား ခွဲခြားနေခဲ့သည်။ အကြီးအကဲလျှို တောင်းခံထားသော ဆေးပင် ကိုးမျိုးလုံးကို ရှာတွေ့ရန် သူတစ်နာရီ နီးပါး အချိန်ကုန်ခဲ့သည်။ သူသည် ချိန်ခွင် အသေးလေးတစ်ခုကို သုံး၍ ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ ပမာဏကို တိတိကျကျ ချိန်တွယ်နေခဲ့သည်။

"အာ... ဒါမှန်လောက်တယ်... ဟုတ်တယ်မလား"

ဆေးပင်များ အားလုံးပြင်ဆင်ပြီးနောက် ကျန်းရီသည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ကာ မတ်တပ်ရပ်၍ လမ်းလျှောက်ရန် ပြင်လိုက်သည်။ သို့ရာတွင် သူသည် သူ့နောက်တွင် ရပ်နေပြီး သူ့ကို စိုက်ကြည့်နေသော ရှုပ်ပွနေသော ဆံပင်များနှင့် လူကြီးကို တွေ့ခဲ့ရလိုက်သည်။ သူရရှိလိုက်သော ကြောက်စရာ ခံစားချက်သည် တစ်ယောက်ယောက်အိပ်ပျော်နေစဉ်တွင် ဘေးဘက်၌ ကြောက်စရာ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့် ခံစားချက်နှင့် အတော်လေး နီးစပ်ခဲ့သည်။

ကျန်းရီသည် တုန်လှုပ်သွားခဲ့သည်။ သူစကားမပြောနိုင်ခင် မှာပင် ဘယ်အချိန်တည်းက အခန်းထဲ ဝင်လာမှန်းမသိသော အကြီးအကဲလျှိုသည် ရုပ်တည်ကြီးနှင့် ပြောလာခဲ့သည်..

"ဆေးပင်လေး နည်းနည်းယူဖို့ကို အချိန် ဘယ်လောက်ထိ ယူချင်နေတာလဲ မြန်မြန်ဒီကို ယူလာခဲ့..ဟမ့်... ဘာမှ အသုံးမကျတဲ့ကောင်"

ကျန်းရီ၏ မျက်နှာသည် ခါးသီးမှုများနှင့် ပျက်သွားခဲ့သည်။ သို့သော် နောက်တစ်ကြိမ် စဉ်းစားကြည့်လိုက်ပါလျှင် အကြီးအကဲလျှိုသည် သူ့နောက်တွင် စူစမ်းစောင့်ကြည့်နေခဲ့သည်ဆိုတည်းက ဆေးပင်တွေကို သူ့ဟာသူ မှန်ကန်အောင် လာယူသည်ဆိုသည်မှာ ထင်ရှားနေခဲ့သည်။

"အရူး... မြန်မြန်မီးသွေးတွေ ယူလာပြီး မီးမွှေးစမ်း"

"ငတုံးကောင်... မင်း မီးသွေးအများကြီး ထည့်လိုက်တယ်"

"မြန်မြန်... အတွင်းအားထည့်လေ သူတို့ အရည်ပျော်အောင်လုပ်... .."

"အရူး... မင်းကြောင့် ဒီဆေးပေါင်းအိုးထဲက ဆေးတွေ ပျက်စီးသွားပြီ... စောစောကအတိုင်း ပါဝင်ပစ္စည်းတွေ မြန်မြန်သွားယူပြီး... ဆက်ပြီးသန့်စင်တာကို လုပ်နေ... "

"အသုံးမကျတဲ့ကောင်... မြန်မြန်လုပ်လေ... ပိုပြီးတော့ အာရုံစိုက်စမ်းပါ"

"ဆေးပေါင်းအိုး နောက်တစ်လုံးထပ်ပြီး ပျက်စီးသွားပြန်ပြီ ငတုံးကောင်... မင်းကြောင့် ထပ်ဖြစ်ပြန်ပြီ"

ကျန်းရီသည် တစ်မနက်လုံး အကြီးအကဲလျှို၏ အမိန့်များအောက်တွင် ပျာယာခတ်ကာ လှုပ်ရှားနေခဲ့ရပြီး အလုပ်လုပ်နေစဉ် တစ်လျှောက်လုံးလည်း ဆူပူကြိမ်းမောင်း ခံနေခဲ့ရသည်။ အကြီးအကဲလျှိုသည် တစ်ညလုံးမအိပ်ဘဲ နေထားသည်မှာ သိသာနေသော်လည်း ဆေးဖော်စပ်နေစဉ်တွင်မူ မကောင်ဆိုးဝါး ဝင်စီးထားသကဲ့သို့ပင်... ။ မွန်းတည့်ချိန်ကျော်သွားချိန်တွင် ကျန်းရီ၏ ဗိုက်သည် ဆာလောင်မှုများနှင့် အသံမျိုးစုံ ထွက်နေပြီ ဖြစ်သော်ငြား အကြီးအကဲလျှိုသည် ရပ်လိုစိတ် ရှိပုံမရခဲ့ချေ။

ထို့အပြင် ကျန်းရီသည် ပါဝင်ပစ္စည်းများကို အကြိမ်များစွာ အရည်ပျော်အောင်လုပ်ရင်း သူ့အတွင်းအား၏ ဆယ်ပုံတစ်ပုံခန့်သည် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူသည် အကြီးအကဲလျှို သူ၏ လျှို့ဝှက်ချက်ကို သိသွားမည်စိုး၍ အနက်ရောင်အတွင်းအားကို အသုံးမပြုရဲပေ...

တစ်မနက်လုံး စူးစမ်းလေ့လာပြီး နောက် ကျန်းရီသည် ဆေးဖော်စပ်ရာတွင် ပါဝင်သော အဆင့်များကို အနည်းနှင့်အများတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဆေးဖော်စပ်ရာတွင် အဆင့်သုံးဆင့်ရှိသည်... အရည်ပျော်စေခြင်း၊ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းနှင့် ပြန်လည်အပူပေးခြင်းတို့ ဖြစ်သည်။ ပထမအဆင့် ပါဝင်ပစ္စည်းများကို အရည်ပျော်စေခြင်းနှင့် တတိယအဆင့် ပြန်လည် အပူပေးခြင်းတို့သည် လွယ်ကူပေသည်။ သို့သော် ဒုတိယအဆင့် ဆေးပုံသဏ္ဍာန်ဖော်ခြင်းကို မူကား သူလုံးဝ နားမလည်နိုင်ခဲ့ပေ။

သူသာ ဆေးတစ်လုံးမှ မဖော်စပ်နိုင်ခဲ့လျှင် သူဘယ်လို အနက်ရောင်အတွင်းအားတွေကို ဘယ်လို ထည့်ရမှာလဲ

ချမ်းသာလာရန် စီမံကိန်းကြီး ကျရှုံးသွားသည်ကို မြင်ယောင်လိုက်တိုင်း သူမြင်းတစ်ကောင်ကို ဝါးစားမိလိုက်သလိုပင်

"အရောင်က မှားနေပြန်ပြီ... ငါနောက်ထပ် အသုံးမဝင်တဲ့ အိုးတစ်လုံး လုပ်မိပြန်ပြီ... ဘာနေရာက ပြဿနာ ရှိနေတာလဲ ဆေးပစ္စည်းတွေများ မမှန်မကန်ထည့်မိတာလား ငါမနေ့က မတော်တဆ ထည့်လိုက်မိတဲ့အရာကဘဲ ငါ့ကို မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်နိုင်အောင် လုပ်လိုက်တာလား"

နောက်ဆုံးဆေးပေါင်းအိုးသည် လောလောလတ်လတ်ပင် ပြီဆုံးသွားခဲ့သည်။ အကြီးအကဲလျှိုသည် ဆေးလုံးကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာတွင်တော့ စိတ်ပျက်ဒေါသထွက်မှုများကသာ ထင်ဟပ်နေခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေပြီးနောက်  ခြေလှမ်းကြဲကြီးများနှင့် တံခါးဝဆီ လျှောက်သွားခဲ့လိုက်သည်။

တံခါးဝကို ရောက်သောအခါ သူသည် ကျန်းရီကို သတိရသွားခဲ့သည်။ သူသည် နောက်ပြန်လှည့်လိုက်ရင်း ကျန်းရီကို ကြည့်ကာ ညွှန်ကြားလာခဲ့သည်...

"ကျန်း... .ဘာ မင်း... ဒီအသုံးမဝင်တဲ့ ဆေးတွေအကုန်လွှင့်ပစ်လိုက်... ပြီးရင် အိမ်ပြန်ပြီး ထမင်းအရင်သွားစား...  ဒီနေ့လည်ကို ဒီဆေးပင်များ ပေါင်းချုပ်ကို သေသေချာချာ ပြန်ဖတ်နေ... ဒါမှ နောက်ဆို မင်းဆေးပင်တွေရှာရင် မကြာတော့မှာ... .နောက်ပြီးတော့ တစ်ယောက်ယောက်လာပြီး ဆေးတွေတောင်းရင် မပေးလိုက်နဲ့... ဘုရားရေ... ဘယ်နေရာကများ မှားနေတာပါလိမ့်"

"ပြဿနာက...  ကျွန်တော့်ရဲ့ အနက်ရောင် အတွင်းအားဆီမှာ ရှိနေတာလေ ဟမ့်... ကျွန်တော်သာ အနက်ရောင် အတွင်းအားကို ပြန်လည် အပူပေးခြင်း ဖြစ်စဉ်မှာ မထည့်ဘူးဆိုရင် ခင်ဗျားရဲ့ ဘဝတစ်လျှောက်လုံး မြေကမ္ဘာအဆင့် ဆေးကို ထပ်ထုတ်ဖို့ စဉ်းစားမနေနဲ့တော့" ကျန်းရီသည် သူ့ဟာသူ ရေရွတ်နေခဲ့လိုက်သည်။

သူသည် စောစောကဖော်စပ်ထားခဲ့သော အသုံးမဝင်သော ဆေးများကို ရေတွက်မထားတော့ဘဲ လွှင့်ပစ်ဖို့ရန် စတင် စုဆောင်းနေတော့သည်။

"အသုံးမဝင်တဲ့ ဆေးတွေ"

အဖြူရောင်နှင့်အဝါရောင် ဆေးလုံးအနည်းငယ်ကို ကြည့်ရင်း ကျန်းရီ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် ကိုယ်တိုင် ဆေးတစ်လုံးမှ မထုတ်လုပ်နိုင်သည်မှာ အမှန်ပင် ဖြစ်သော်ငြား ယခု သူ့မျက်လုံးရှေ့တွင် ဆေးများအဆင်သင့် ရှိနေပြီ မဟုတ်ပါလား သူတို့သည် မသုံးမဝင်ဘူးဟု ထင်ရသော်ငြား ပြန်လည်အပူပေးပြီး အနက်ရောင် အတွင်းအားများထည့်လိုက်ပါလျှင် သူသည် ဤ အသုံးမဝင်သော ဆေးများကို ကောင်းသော အသုံးဝင်သော ဆေးများအဖြစ်သို့ သေချာပေါက် ပြောင်းလဲနိုင်ပေလိမ့်မည်... .။

***

All Chapters