← Chapters

သူက Black Earth လား ၂

Vol. 19 Ch. 273

သူက Black Earth လား ၂

Vol. 19 Ch. 273

သာမန်လက်နက်များကြောင့် ဒဏ်ရာ ရရှိလျှင် မဟာသခင်တစ်ယောက်သည် မည်သည့်အကျိုးသက်ရောက်မှုမှ ခံစားရမည်မဟုတ်ပေ ။

သို့သော်လည်း ငှက်မွှေးက သာမန်လက်နက်မဟုတ် ။ ကျစ်ထျန်း၏ ခေါင်းက ချက်ချင်းပြန်ပေါက်လာသော်လည်း ငှက်မွှေးဖြင့် ထိမိသည့် ဆဲလ်များအားလုံး သေဆုံးသွားသည် ။ မသေနိုင်သော်လည်း ဒဏ်ရာအနည်းငယ် ရသွား၏ ။

' ဘယ်ကောင်လဲကွ.. ငွေရောင်ငှက်မွှေးလား.. မြေအောက်က လာတာလား.. လင်းမို့ ပစ်လိုက်တာလား..'

ကျစ်ထျန်း အံ့သြ နေစဥ် ငွေရောင်ငှက်မွှေးက တဖန်ပြန်လှည့်လာသည် ။

သူရှောင်တိမ်းရန် ကျိုးစားသော်လည်း ပါမောက္ခများ၏ တိုက်ခိုက်မှုများကြောင့် ခေါင်းလွှတ်ရုံသာ ရောင်နိုင်လိုက်ပြီး လက်ကို ဖောက်ဝင်သွားသည် ။ ငှက်မွှေးဖြင့် ထိသမျှ ဆဲလ်များ အားလုံး သေဆုံးသွား၏ ။

' လင်းမို့ ..ဒါလင်းမို့ သေချာပေါက်ပဲ.. '

သူ အဆောင် သုံးလိုက်စဥ်က လင်းမို့ မသေဆုံးသဖြင့် လင်းမို့သည် စိတ်ထိန်းချုပ်သူ ဖြစ်နေခြင်းမှာ သေချာလှပေသည် ။ ယခု စိတ်စွမ်းအားပါ အသုံးပြုနိုင်ခြင်းက မည်သို့နည်း ။

' သူက စိတ်ထိန်းချုပ်သူရော စိတ်စွမ်းအားရှင်ရောလား.. ဟာသပဲ.. '

ကျစ်ထျန်း တစ်ခုခုကို တွေးမိသွားသည် ။

' Black Earth လည်း စိတ်စွမ်းအား နှစ်ခုလုံး သုံးနိုင်တယ် .. ဘာလို့ ဒီလိုလူမျိုး နှစ်ယောက်တောင်ပေါ်လာတာလဲ.. နေအုံး လင်းမို့က Black Earth လား.. '

ကျစ်ထျန်းသည် မယုံနိုင်ဖြစ်သွားသော်လည်း ဤသို့သာ ဖြစ်နိုင်မည်ဟု နားလည်သွား၏ ။ ထို့နောက် မြေပြင်ထဲသို့ ချက်ချင်း ပြေးဝင်သွားသည် ။

" လင်းမို့.. "

ကျစ်ထျန်းက သတ်ချင်စိတ်အပြည့်ဖြင့် အော်လိုက်ပြီး...

" မင်း ဘာကောင်ပဲ ဖြစ်ဖြစ် သေကိုသေရမယ်ကွ.."

" တားတား.."

" မြန်မြန်..မြန်မြန် "

ကျစ်ထျန်း ဆီသို့ ပါမောက္ခနှစ်ယောက် ခုန်ဝင်လာသော်လည်း ကန်ထုတ်ခြင်းသာ ခံလိုက်ရ၏ ။ တင့်ကားအား ဝင်တိုက်သည့် ရိုးရိုးကားများလို လွှင့်ထွက်သွားသည် ။

လင်းမို့သည် ကျစ်ထျန်း နီးလာသည်ကို ခံစားမိ၍ စိတ်စွမ်းအားကို အမြင့်ဆုံးထိသုံး၍ ငှက်မွှေးကို ထိန်းချုပ်လိုက်ပြီး ကျစ်ထျန်းကို ထပ်ခါထပ်ခါ တိုက်ခိုက်လိုက်သည် ။

ကျစ်ထျန်းက ငှက်မွှေးအား မရှောင်တော့ပေ ။ ဒဏ်ရာ ကြီးကြီးမားမား မပေးနိုင်၍ ဒီအတိုင်းသာ လွှတ်ထားလိုက်တော့သည် ။ သူက ဒဏ်ရာကို လျစ်လျူရှု၍ လင်းမို့ကိုသတ်နိုင်ရန်သာ ပိုအားစိုက်သည် ။

' ထင်ထားသလိုပဲ.. မဟာသခင်ကို ဘာမှ မလုပ်နိုင်ဘူး.. '

လင်းမို့ စိတ်ဓာတ်ကျသွား၏ ။ သူသာ အဆင့် ၇ စိတ်စွမ်းအားရှင်ဖြစ်လျှင် မဟာသခင်အဆင့်အား အန္တရာယ်ပေးနိုင်ပေလိမ့်မည် ။ ယခု မည်သို့မှ မတက်နိုင်တော့ ။

" လင်းမို့ မင်းက Black Earth ပဲ.. "

ကျစ်ထျန်းက စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်ပြီး...

" Black Earth ကို အုပ်ထိန်းသူက ခေါ်သွားတယ်လို့ လူတိုင်းကပြောပင်မယ့် မင်းဘာလို့ ဒီကို ရောက်နေလဲတော့ ငါမသိဘူး.. အရေးကြီးတာ မင်းသေဖို့ပဲ.. "

ချယ်ရီပန်းနိုင်ငံက အသတ်ချင်ဆုံးမှာ Black Earth ဖြစ်သည် ။ မဖြစ်နိုင်၍သာ လင်းမို့ကို လုပ်ကြံရန် ကျစ်ထျန်းအား စေလွှတ်လိုက်ခြင်းပင် ။

ကျစ်ထျန်းသည် လင်းမို့က Black Earth ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့မိ ။ ယခု နိုင်ငံအတွက် အကြီးမားဆုံးသော ဆူးငြောင့်ခလုတ်ကြီးအား ဖြေရှင်းနိုင်တော့မည် ။ သူသေရမည်မှာ တန်လေပြီ ။

' လင်းမို့က Black Earth လား.. '

ကျောင်းအုပ်ထူလည်း သဘောပေါက်သွား၏ ။

' ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. Black Earth ကို အုပ်ထိန်းသူ ခေါ်သွားတာလေ.. လင်းမို့က Black Earth ဆို အုပ်ထိန်းသူခေါ်သွားတာက ဘယ်သူ့ကိုလဲ.. '

ကျောင်းအုပ်ထူ ခဏလောက် စိတ်ရှုပ်ထွေးသွား၏ ။ သို့သော်လည်း တွေးနေရမည့်အချိန်မဟုတ်မှန်း သိလိုက်သည် ။ အရေးကြီးသည်က လင်းမို့အား ကာကွယ်ရန်ပင် ။ သို့သော်လည်း ကျစ်ထျန်းကို လိုက်မမီသဖြင့် ငေးကြည့်နေရုံသာ တက်နိုင်တော့သည် ။

" လင်းမို့.. မသေနဲ့အုံး.."

ကျောင်းအုပ်ထူ ရင်ထဲမှ နောင်တအပြည့်ဖြင့် အော်လိုက်၏ ။ သူ ကျစ်ထျန်းနောက်သို့ မလိုက်ဘဲ လင်းမို့အား ကာကွယ်ရန် နေခဲ့လျှင် ဤသို့ ဖြစ်လာမည်မဟုတ်ပေ ။ လင်းမို့သာ သေဆုံးသွားပါက သူသည် ရှားနိုင်ငံ၏ အပြစ်သားဖြစ်လာပေတော့မည် ။ လင်းမို့၏ ပါရမီဖြင့် အုပ်ထိန်းသူ၏ အမွေကို ဆက်ခံနိုင်မည်မှာ သေချာသလောက်ပင် ။ လင်းမို့သာ ယခု သေဆုံးသွားပါက အကြိမ်တစ်သောင်းလိုက်သေပေးလျှင်ပင် သူ့အပြစ်လျော့နည်းသွားမည်မဟုတ် ။ ထို့ကြောင့် လင်းမို့ တောင့်ခံနိုင်ရန်သာ ဆုတောင်းနိုင်တော့သည် ။ ငွေလအဆင့်က မဟာသခင်လက်ထဲတွင် စက္ကန့်အနည်းငယ် ကြာအောင် ရှင်သန်နိုင်မည်လော ။ ကျစ်ထျန်းသည် ပေါက်လွတ်ပဲစား မဟာသခင်အဆင့်တစ်ယောက်မဟုတ်ချေ ။

**

" ဝုန်း..."

ကျစ်ထျန်း လင်းမို့ရှေ့တွင် ပေါ်လာ၏ ။

" သေလိုက်တော့.. "

ကျစ်ထျန်းက ခွန်အားရှိသမျှကို အသုံးပြု၍ လင်းမို့ကို လက်သီးဖြင့် ထိုးလိုက်သည် ။

" လာစမ်း..."

လင်းမို့က မကြောက်မရွံ့ ပြန်လည်တိုက်ခိုက်လိုက်၏ ။ ချောင်ပိတ်ရိုက်ခံရသည့်ခွေးပင် ပြန်ကိုက်တက်သေးသည် ။ ပြေးမလွတ်တော့သည် ဖြစ်၍ အသေခံပြီး တိုက်ခိုက်ပေတော့မည် ။

All Chapters