ကျရှုံးခြင်း
Vol. 19 Ch. 278
ရွာသူကြီးက တောက်ပသော သွေးလဖြစ်လျှင် ခန်းမသခင်က နေမင်းကြီးဖြစ်သည် ။
ခန်းမသခင်ပေါ်လာသည်နှင့် ရွာသူကြီးကြောင့်ဖြစ်လာသော အမှောင်ထု က ဒီရေကဲ့သို့ ဆုတ်ခွာသွား၏ ။
ကမ္ဘာကြီးသည် ခန်းမသခင်၏ အပိုင်ဖြစ်လာခဲ့လေပြီ ။ ရွာသူကြီးကဲ့သို့ စစ်နတ်ဘုရား အထွတ်အထိပ်အဆင့်ပင် လုံးဝ မလှုပ်ရှားနိုင်တော့ ။
" ဟဲ..ဟဲ..ဟဲ.."
စိတ်ပျက်လက်ပျက် ဖြစ်နေသော ရွာသူကြီးကို ကြည့်၍ ခန်းမသခင် ရယ်လိုက်မိ၏ ။ သူ ဤနေရာတွင် ရောက်ရှိနေသည်မှာ လင်းမို့ကြောင့်ပင်ဖြစ်သည် ။ ခန်းမသခင်သည် လင်းမ်ို့၏ ပါရမီကို သိရှိပြီးကတည်းက လင်းမို့အား ကာကွယ်နိုင်ရန် တိတ်တဆိတ် ရောက်ရှိနေခြင်းပင် ။
လင်းမို့အား လုပ်ကြံရန် ကြိုးစားကြမည်ကို သူသိသည် ။ သို့သော်လည်း မဟာဝက်ဝံတိုင်းပြည်နှင့် လင်းယုန်ဖယ်ဒရယ်ပြည်ထောင်စု တို့မှ လုပ်ကြံရန် ကြိုးစားမည်ဟု သူထင်ခဲ့သော်လည်း ချယ်ရီပန်းနိုင်ငံမှ အရင်ဆုံးဖြစ်မည်ကို သူမထင်မိခဲ့ ။ ယခုတော့ ငါးအကြီးကြီးအား ဖမ်းမိခဲ့လေပြီ ။
" မင်း ငါတို့ ကျန်းနန်မြို့ကို ဘာထင်နေတာလဲ.. "
ခန်းမသခင်က...
" ငါသာ ဒီမှာ မရှိရင် မင်း လင်းမို့ကို သတ်ပြီး ချယ်ရီပန်းနိုင်ငံကို ပြန်ရောက်နေလောက်ပြီ.. "
ခန်းမသခင် ပြောသည်က မှန်ပေသည် ။ သူသာ မရှိပါက ကျန်းနန်မြို့၏ စစ်နတ်ဘုရားပင်လျှင် ရွာသူကြီးအား တားနိုင်မည်မဟုတ်ချေ ။
" ခန်းမသခင်.. "
" ဆရာကြီး.. ဆရာကြီး ရှိနေလို့တော်သေးတယ်.. "
ကျောင်းအုပ်ထူတို့ ငါးယောက် တုန်ရီစွာ ပြေးလာကြ၏ ။ သူတို့အားလုံး လင်းမို့၏ အရေးပါမှုကို သိကြပေသည် ။ လင်းမို့ တစ်ခုခုဖြစ်မည်ထက်စာလျှင် သူတို့၏ အသက်ကိုပင် စတေးကြချင်သည် ။
" အင်း.."
ခန်းမသခင်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည် ။ ကျစ်ထျန်း စတင်လှုပ်ရှားစဥ်ကတည်းက သူ သိပေသည် ။ လင်းမို့၏ ခွန်အားကို သိသဖြင့် ဝင်မပါဘဲ ပွဲကြည့်နေခြင်းပင် ။ နာနိုဝတ်စုံနှင့် လင်းမို့အား ကျစ်ထျန်းက သတ်နိုင်မည်မဟုတ် ။ ထို့ကြောင့် အေးဆေး စောင့်ကြည့်နေခဲ့၏ ။
ခန်းမသခင် ထင်မှတ်မထားသည်မှာ ရွာသူကြီးကိုယ်တိုင် လှုပ်ရှားလာမည်ကိုပင် ။ သို့သော်လည်း ဤနေရာက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသဖြင့် နောက်ဆုံးအချိန်မှသာ အေးဆေး ပေါ်ထွက်လာခြင်းဖြစ်သည် ။
သေခြင်းတရားကို ရင်ဆိုင်ဖူးမှသာ လူတစ်ယောက်၏ ပါရမီက အပြည့်အဝ ပေါ်ထွန်းလာပေမည် ။ ထို့ကြောင့် လင်းမို့အား သေခြင်းတရားနှင့် နီးကပ်သော အတွေ့အကြုံဖိအားကို ပေးလိုက်ခြင်းဖြစ်သည် ။ ဤသည်က အနာဂတ်သိုင်းလမ်းစဥ်အတွက် အလွန်အရေးပါပေသည် ။
" ငါ မင်းကို မသတ်ချင်ပင်မယ့် မင်းဘက်က အရင်စည်းမျဥ်းချိုးဖောက်လိုက်ပြီဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့.. "
ခန်းမသခင်၏ ခွန်အားဖြင့်ဆိုလျှင် ချယ်ရီပန်းနိုင်ငံ၏ သိုင်းလောကတစ်ခုလုံးကို အသာအယာ ချေမှုန်းပစ်နိုင်သည် ။
သို့သော်လည်း သာလွန်စစ်နတ်ဘုရား သုံးယောက်သည် ဂြိုလ်ပြာ၏ ချိန်ခွင်လျှာကို မချိုးဖျက်ချင်၍ သုံးယောက်ပူးပေါင်းပြီး စစ်နတ်ဘုရား အောက်အဆင့်များသာ တိုက်ခိုက်နိုင်သည့် စည်းမျဥ်းကို ချမှတ်ခဲ့သည် ။
ယခု ရွာသူကြီးကိုယ်တိုင် တိုက်ခိုက်ခြင်းက စည်းမျဥ်းချိုးဖောက်ခြင်းပင် ။
" ခန်းမသခင် ခင်ဗျားကျုပ်ကို သတ်လို့မရဘူး.. ကျုပ်ကို သတ်လို့မရဘူး.. "
ရွာသူကြီးက...
" ကျုပ်ကို သတ်လိုက်ရင် ချယ်ရီပန်းနိုင်ငံက လင်းယုန်ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပူးပေါင်းသွားလိမ့်မယ်နော်.. "
" ဟားဟားဟား.. ပူးပေါင်းသွားတော့ ဘာဖြစ်တုန်း.. "
ခန်းမသခင်က ဂရုမစိုက်ဘဲ လှောင်ရယ်လိုက်၏ ။ ချယ်ရီပန်းနိုင်ငံက လင်းယုန်ဖယ်ဒရယ်ပြည်ထောင်စုနှင့် ပူးပေါင်းထားသည်မှာ ကြာလှလေပြီ ။ ပြင်ပတိုက်ပွဲကွင်းပြင်၌ အတူတူ လှုပ်ရှားနေကြ၏ ။ သူသိထားသည်မှာ ကြာပြီဖြစ်သည် ။ ရွာသူကြီး၏ ခြိမ်းခြောက်စကားက အသုံးမဝင်တော့ ။
ရွာသူကြီးက ထိုသည်ကို သဘောပေါက်သွားပြီး...
" ကျုပ်ကို လွှတ်ပေးရင် ချယ်ရီပန်းနိုင်ငံက ရှားနိုင်ငံကို လက်အောက်ခံပါ့မယ်.. ကျုပ်မလိမ်ပါဘူး .. အဆင့်၁သက်ရှိ လက်ထဲက ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ.. ကျုပ်လိမ်ရင် ချယ်ရီပန်းနိုင်ငံတစ်ခုလုံးကိုဖျက်ဆီးလိုက်ပါ .."
" မင်းရဲ့ နိုင်ငံကို ငါက ဘာလုပ်ရမှာလဲ.. ငါစိတ်မဝင်စားဘူး.. "
ခန်းမသခင်က...
" ဒီကို ရောက်ပြီးမှာတော့ ဘာလို့ ပြန်သွားချင်နေတာလဲ.. ဒီမှာပဲ တစ်သက်လုံးနေလိုက်တော့လေ.. "
" ဝုန်း..."
ရွာသူကြီးသည် ကြီးမားသော ဖိအားကို ခံစားလိုက်မိ၏ ။ ကမ္ဘာကြီး တစ်ခုလုံး ကြိတ်ဆုံ အသွင်ပြောင်းလဲသွားသလိုပင် ။ သူလုံးဝ မခုခံနိုင်တော့ ။
" မ..လုပ်..ပါ..နဲ့.."
ရွာသူကြီးက ကြောက်လန့်တကြား အော်လိုက်၏ ။ ခန်းမသခင်က ဒိုမိန်းပိုင်ဆိုင်ထားမည်ဟု သူမမျှော်လင့်မိချေ ။ ခန်းမသခင်ရောက်လာပါက ထွက်ပြေး၍ လွတ်နိုင်သည်ဟုပင် သူတွေးခဲ့ဖူးသည် ။ ယခုတော့ ဖိအားဖြင့်ပင် အသတ်ခံရတော့ပေမည် ။
" ဂျွတ်...ဂွက်....."
ရွာသူကြီး၏ ခန္ဓာကိုယ်က ရေခဲရုပ်ထုသဖွယ် တစ်လက်မခြင်း ကွဲအက်လာပြီး ဆဲလ်များ သေဆုံးသွားကြသည် ။
စက္ကန့်အနည်းငယ် ကြာလျှင် ရွာသူကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး အမှုန့်ဖြစ်သွားပြီး လေထုထဲသို့ လွင့်မျောသွား၏ ။
ချယ်ရီပန်းနိုင်ငံ၏ ဒဏ္ဍာရီအဆင့် သူရဲကောင်း... ဂြိုလ်ပြာ၏ အသန်မာဆုံး စစ်နတ်ဘုရား ကျရှုံးခဲ့လေပြီ ။