← Chapters

နဂါးကိုးကောင်နတ်မင်းဆက်၊ စောင့်ကြပ်ရေးတာ၀န်

Vol. 93 Ch. 1306

နဂါးကိုးကောင်နတ်မင်းဆက်၊ စောင့်ကြပ်ရေးတာ၀န်

Vol. 93 Ch. 1306

"ဒီဟာဆိုရင်ရောဘယ်လိုလဲ" ဖုန်းယီ စာလိပ်တစ်လိပ်ကို ကောက်ကိုင်ပြီးပြောသည်။

"လေနှင့်မိုးကြိုးတောင်ကိုသွားပြီး ရွှမ်လိန်သားရဲရဲ့ အတွင်းအူတိုင်ကို ပြန်ရယူရမယ်"

ရွှမ်လိန်သားရဲက လေနှင့်မိုးကြိုးတောင်၏ အရှင်သခင်ဖြစ်ပြီး ၎င်း၏ခွန်အားက ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ကိုပင် ရောက်နေသည်။

သို့သော် တောင်ပေါ်ရှိ လေနှင့်မိုးကြိုးသံလိုက်စက်ကွင်း၏ အားဖြည့်မှုနှင့်အတူ ၎င်းက ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့် လူသားကျင့်ကြံသူများထက်ပင် သိသိသာသာပိုအားကောင်းသည်။

ဖုန်းယီကိုယ်တိုင်ပင်လျှင် ရွှမ်လိန်သားရဲ၏ အတွင်းအူတိုင်ကို တစ်ယောက်တည်း အောင်မြင်စွာရယူနိုင်မည့်အပေါ် ယုံကြည်ချက်မရှိကြောင်း ၀န်ခံရပေမည်။

သို့သော်ကမ်းလှမ်းထားသည့် ထောက်ပံ့မှတ်က အတော်လေးများပြားလှပြီး တခြားကျင့်ကြံခြင်းအရင်းအမြစ်များနှင့်အတူ ခုနှစ်ထောင်အပြည့်ရှိသည်။

သို့စေကာမူ ဖုန်းယီရွေးနေသည့်အချိန်မှာပင် မုဖူရှန်း ရုတ်တရက် 'စောင့်ကြပ်ရေး' ဟု အမှတ်အသားပြုထားသည့် စာလိပ်တစ်လိပ်ကို ကောက်ကိုင်လိုက်၏။

ထိုအခါ ဖုန်းယီရောက်လာသည်။

"အိုး၊ ဒီတာ၀န်က အခုထိမပြီးသေးဘူးလား"

မုဖူရှန်းစာလိပ်ကို ဖြန့်ပြီး အကြောင်းအရာများကို ကြည့်လိုက်သည်။

ရိုးရိုးရှင်းရှင်းဆိုရပါက တာ၀န်က နတ်မင်းဆက်၏ ကိုးဦးမြောက်အိမ်ရှေ့စံမင်းသားကို လိုက်ပါစောင့်ရှောက်ရန်ပင်။ သူက မင်းသားအားလုံးအနက် အငယ်ဆုံးဖြစ်သည့်တိုင် နတ်မင်းဆက်၏ ကောင်းကင်ဘုံဧကရာဇ်က သူ့ကို နတ်မင်းဆက်အမွေခံတဖြစ်လဲ အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခဲ့သည်။

ထို့ကြောင့် တခြားမင်းသားများက န၀မအိမ်ရှေ့စံမင်းသားကို သူတို့ဘေးက ဆူးတစ်ချောင်းအဖြစ် ရှုမြင်ကြသည်။

ထိုတာ၀န်က န၀မအိမ်ရှေ့စံမင်းသားကို နဂါးကိုးကောင်နတ်မင်းဆက်အတွင်းသို့ လိုက်ပါပို့ဆောင်ပေးရန်ပင်။

ဆုလာဘ်က တခြားတာ၀န်များထက်ပင် ပိုရင်ရောသည်။ ထောက်ပံ့မှတ်တစ်သောင်းအပြင် န၀မမင်းသား၏တုံကင်နှင့် နဂါးကိုးကောင်ဟဲရှီပိတစ်စုံကိုပင် ရနိုင်သည်။

နဂါးကိုးကောင်ဟဲရှီပိကို ၀တ်ဆင်သောအခါ အထဲတွင် ပါ၀င်သည့် နဂါးကိုးကောင်ဝိဉာဉ်က ဝိဉာဉ်ကို အဆက်မပြတ် ထိန်ညှိပေးပြီး ၀တ်ဆင်သူအား ဝိဉာဉ်ထဲက နဂါးချီကို သန့်စင်ခွင့်ပေးသည်။ ဝိဉာဉ်တိုက်ခိုက်ခံရသောအခါတွင်လည်း နဂါးကိုးကောင်က သခင်ကို ကာကွယ်ကြပေလိမ့်မည်။

ဒါကဘိုးဘေးရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး ထိုကဲ့သို့ပစ္စည်းများအနက် အဆင့်အတော်လေးမြင့်ကာ နဂါးကိုးကောင်နတ်မင်းဆက်၏ ရတနာများထဲက တစ်ခုအဖြစ် မှတ်ယူခံရသည်။

ဒါ့အပြင် ယခုလိုဝိဉာဉ်အတွက် အထူးအကျိုးရှိသည့် ရတနာများက အင်မတန်ရှားပါးသည်။

စိတ်ဝိဉာဉ်ကို ကျင့်ကြံသူများအတွက် ဝိဉာဉ်နှင့် သက်ဆိုင်သည့် ဘိုးဘေးရှေးဟောင်းပစ္စည်းတစ်ခု၏ တန်ဖိုးက နတ်ဧကရာဇ်အဆင့်ရတနာများနှင့်ပင် ယှဉ်၍ရသည်။

"ဘာလို့ ဒီတာ၀န်ကို အခုထိ မပြီးကြသေးဘူးလားလို့ ပြောရတာလဲ" ရှောင်ဟိုင်မေးသည်။

ဖုန်းယီရှင်းပြသည်။

"နဂါးကိုးကောင်နတ်မင်းဆက်အကြောင်း နင်မသိဘူးလား၊ တျန်းဂျီတိုက်ကြီးထဲမှာ နတ်မင်းဆက်လို့ လူသိများတဲ့ နေရာနှစ်ခုပဲရှိတယ်၊ တစ်ခုက ကောင်းကင်ဘုံနတ်မင်းဆက်ဖြစ်ပြီး နောက်တစ်ခုက ဒီနဂါးကိုးကောင်နတ်မင်းဆက်ပဲ၊ ပြီးတော့ နှစ်ခုစလုံးက ပထမတန်းစားအင်အားစုတွေ ဖြစ်ကြတယ်၊ ဒါပေမယ့် နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ မင်းသားတွေကြားက ဆက်ဆံရေးက ရှုပ်ထွေးလွန်းတာမို့ ပါ၀င်ချင်သူ အရမ်းနည်းတယ်"

ရိုးရှင်းစွာဆိုရပါက တစ်ယောက်ယောက်က ဤတာ၀န်ကို ယူဆောင်ပြီး အိမ်ရှေ့စံမင်းသားကို နတ်မင်းဆက်ဆီ လိုက်ပါစောင့်ကြပ်ပေးပါက သူတို့က တခြားမင်းသားများနှင့် မလွဲဧကန် ရန်သူများဖြစ်လာကြမည်သာ။

လူများစွာကို ရန်စစော်ကားမိနိုင်သည့် တာ၀န်တစ်ခုက ထိုက်တန်ပုံမပေါ်ပါ။

ဒါ့အပြင် ဝိဉာဉ်ကျင့်ကြံသူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်တွင် ရှားပါးသဖြင့် နဂါးကိုးကောင်ဟဲရှီပိရှိနေခြင်းက ပူပြင်းလှသည့် အာလူးတစ်လုံးပမာဖြစ်သည်။

တခြားတာ၀န်များကို လုပ်ဆောင်တာက ပိုကောင်းသည်။

"ဒါကြောင့်လည်း ဒီတာ၀န်က ဒီလောက်အကြာကြီးရှိနေတာပဲ"

ထိုစကားကိုကြားသောအခါ မုဖူရှန်းအစက တာ၀န်ကိုသာစိတ်၀င်စားခဲ့သည်။ စောင့်ကြပ်နေစဉ် တိုက်ပွဲများပါ၀င်လာမည်မှာ သေချာသဖြင့် မည်သူမှ မကျေမနပ် မပြောဆိုဘဲ ချန်တဟိုင်ကို လှည့်စားရန်အတွက် ပဋိပက္ခများကို အခွင့်ကောင်းယူနိုင်ပေသည်။

သို့သော် အလွန်ရှုပ်ထွေးလွန်းတာကို သဘောပေါက်သွားသောအခါ မုဖူရှန်း ချက်ချင်းဆိုသလို စာလိပ်ကို ချထားချင်ခဲ့သည်။

သို့စေကာမူ ရှောင်ဟိုင်က ဆန့်ကျင်စွာပင် တွေးပြီး ဘွင်းဘွင်းရှင်းရှင်းပြောလိုက်လေသည်။

"ဒါဆိုဒီတာ၀န်ကို ယူကြတာပေါ့"

အရမ်းကောင်းတယ်!

ငါဒါကိုသိနေတယ်!

မုဖူရှန်း လက်လျှော့လိုက်သည့် အမူအရာဖြင့် ကောင်းကင်သို့သာ မော့ကြည့်လိုက်မိသည်။

အမြဲလိုလိုပြဿာနာဖန်တီးခြင်းကို နှစ်သက်တာက စီနီယာအစ်ကိုကြီး သို့မဟုတ် အစ်ကိုရှောင်ဟိုင်တို့သာဖြစ်သည်။

ရှောင်ဟိုင် အသံပို့လွှတ်လိုက်၏။

"ဒီဆုလာဘ်က မင်းနဲ့သင့်တော်တယ်မလား ညီလေးမု၊ ပြီးတော့ ဒီလိုတာ၀န်မျိုးက ပန်တဟိုင်ကို အစီအစဉ်ချဖို့လည်း လွယ်ကူတယ်လေ၊ ဟုတ်တယ်မလား"

တစ်ချိန်တည်းမှာပင် ရှီရှန်း မုဖူရှန်းကို ကြည့်ရင်း ပြောလိုက်သည်။

"ဂျူနီယာညီလေးမု၊ မင်းဘာလို့ငိုနေရတာလဲ၊ မင်းဟတ်ထိသွားတာလား"

မုဖူရှန်းခေါင်းညိတ်သည်။

"ကျွန်တော်ဟတ်ထိသွားတာကတော့ တကယ်ပါ၊ ဒါပေမယ့် ကျွန်တော်တို့သာ တာ၀န်ကို ပြောင်းနိုင်ရင်ပိုကောင်းလိမ့်မယ်"

မင်းဆက်တစ်ခုထဲတွင် ထီးနန်းအတွက် ရုန်းကန်မှုများက အမြဲလိုလိုရှုပ်ထွေးပြီး အန္တရာယ်များလွန်းသည်။

မုဖူရှန်းရှင်သန်နေထိုင်ခဲ့သည့် နယ်နိမိတ်မဲ့မင်းဆက်တွင် ယခုလိုကိစ္စရပ်များ ရှားပါးသော်လည်း သူတခြားသူများထက် ပိုနားလည်သည်။

ခြေလှမ်းတိုင်းက သေစေနိုင်သည့် ဘေးအန္တရာယ်ကို ဖိတ်ခေါ်နိုင်သည်။

ဖုန်းယီကလည်းပြုံးရင်း ရှောင်ဟိုင်ပခုံးကို ပြင်းထန်စွာပုတ်လိုက်သည်။

"ကောင်းလိုက်တာ၊ စိန်ခေါ်မှုတွေရှိတဲ့ တာ၀န်တစ်ခုကပဲ ပျော်စရာကောင်းလာမှာ"

ဘေးက ချန်တဟိုင်ရယ်မောနေသည်။

"မင်းတို့က ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ၀င်ခါစပဲရှိသေးပြီး ခြေကုပ်မရယူနိုင်သေးတာတောင် ဒီလိုရှုပ်ထွေးတဲ့ တာ၀န်မျိုးကို လက်ခံရဲတာလား၊ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး၊ ငါမင်းတို့ကို တာ၀န်ကို မပြီးမြောက်အောင် လုပ်ဖို့ပဲလိုတာဆိုတော့ ငါ့ကို အများကြီး သက်ရောက်မှာမှ မဟုတ်တာလေ"

ထိုစကားကိုကြားသောအခါ ဖုန်းယီရုတ်တရက်လှည့်လာပြီး ချန်တဟိုင်ထံလျှောက်သွားရင်း ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်အော်ရာတစ်ခုက ပေါက်ကွဲထွက်လာသည်။

ထိုသူရဲကောင်းဆန်သည့် မျက်နှာလေးက ဒေါသထွက်နေသည့် အမူအရာတစ်ခုကို ဆင်မြန်းထားပြီး အော်ဟစ်သည်။

"ဒါကိုစမ်းကြည့်လိုက်လေ၊ ကံကောင်းချင်တော့ ပြီးခဲ့တဲ့ရက်တွေက ငါနဲ့တိုက်ခိုက်မယ့်သူတစ်ယောက်မှ မတွေ့ခဲ့ဘူး၊ ဒါက တကယ်စိတ်တိုစရာကောင်းလွန်းတယ်"

ချန်တဟိုင်အနည်းငယ်နောက်ဆုတ်ပြီး လက်အစုံကို ဝှေ့ယမ်းကာ ပြုံးသည်။

"ငါမင်းနဲ့သေချာပေါက်မတိုက်ပါဘူး"

ဖုန်းယီလက်ပိုက်ရင်း အေးစက်စွာနှာတစ်ချက်မှုတ်လိုက်သည်။

"ဒုတိယအကြီးအကဲရဲ့တပည့်တွေက ပါးနပ်တဲ့ လှည့်ကွက်တွေနဲ့ ဆော့ကစားရင်ကစား မဟုတ်ရင် သူရဲဘောကြောင်သူတွေ ဖြစ်နေကြတာပဲ၊ တပည့်တစ်ယောက်ရဲ့ စိတ်နေသဘောထားကို မကြာခဏဆိုသလို သူတို့ဆရာက လမ်းညွှန်ပေးတယ်၊ အဲဒီလိုစိတ်နေစိတ်ထားနဲ့ ဒုကျောင်းအုပ်ရာထူးအတွက် မျှော်မှန်းနေသေးတာလား၊ ဒီအတွေးကို နင်တို့မကြာခင် စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"

ဒီနေရာတွင် မုဖူရှန်း အမှန်တကယ်ပင် ပြန်လည်ချေပချင်နေသည်။

ငါကိုယ်တိုင်ကလွဲရင် စံအိမ်တော်က ဘယ်သူမဆို ဆရာကို မလိုက်နာတဲ့ပုံပေါ်မနေဘူးလား!

ယခုလိုစော်ကားလှသည့်စကားလုံးများကို ကြားရသော်လည်း ချန်တဟိုင် လွန်ကဲစွာ တုံ့ပြန်ခြင်းမရှိချေ။

ဖုန်းယီ၏ဆရာက ပထမအကြီးအကဲနှင့်အတူ ပွင့်ပွင့်လင်းလင်းရပ်တည်သည့် စတုတ္ထအကြီးအကဲဖြစ်သည်။ ဒါ့အပြင် ဝိဉာဉ်အနှစ်သာရကျောင်းတော်ထဲတွင် ဖုန်းယီ၏စရိုက်ကို မသိသူမည်သူရှိဦးမည်နည်း။

ချန်တဟိုင်ပြုံးနေသေးတာကို မြင်ရသောအခါ ဖုန်းယီအေးစက်စွာ ထပ်မံနှာမှုတ်လိုက်ပြန်သည်။

"ပျင်းစရာကောင်းလိုက်တာ" ထို့နောက် သူမတာ၀န်စာလိပ်ကိုကောက်ကိုင်ပြီး မျှော်စင်က အကြီးအကဲထံလျှောက်သွားသည်။

အကြီးအကဲ စာရင်းပေးသွင်းတော့မည့်အချိန်တွင် ချန်တဟိုင်ကလည်း ရှေ့တိုးပြီးပြောသည်။

"အကြီးအကဲ၊ ကျွန်တော်လည်း ဒီတာ၀န်ကို လိုချင်တယ်"

စာရင်းသွင်းပေးသည့် အကြီးအကဲက ခေါင်းပင်မမော့ဘဲ ချန်တဟိုင်၏ နာနည်ကိုပါ ပေါင်းထည့်ပေးလိုက်သည်။

"ဒါကိုပြီးမြောက်တဲ့ဘယ်သူမဆို ဆုလာဘ်ရမယ်"

အကြီးအကဲအတွက် ယခုလိုအခြေအ‌နေရပ်များက မဆန်းတော့ပါ။ မကျေနပ်ချက်များရှိကြသည့် ကျောင်းသားအများအပြားက ယခုလိုပင်လုပ်ကြသည်။

ဖုန်းယီအသက်ပြင်းပြင်းရှုလိုက်သည်။

"သွားကြရအောင်"

ထို့နောက် သူမရှောင်ဟိုင်နှင့် ကျန်သောသူများအား တာ၀န်က ညွှန်ပြထားသည့် စတင်မှတ်နေရာသို့ ခေါ်ဆောင်သွားသည်။

သူတို့၏ဆုတ်ခွာသွားသည့်ပုံရိပ်များကို ကြည့်ရင်း ယုချန်း ဘေးက ချန်တဟိုင်ကို မေးလိုက်မိသည်။

"အစ်ကိုချန်တဟိုင်၊ ခင်ဗျားတကယ်ပဲ ဒီအတိုင်းအတာအထိ သွားတော့မလို့လား"

"ဟင်း...." ချန်တဟိုင်ခေါင်းညိတ်သည်။

"ဒါကငါတို့ဂျုနီယာတွေကြားက တိုက်ပွဲတစ်ခုတင်မဟုတ်ဘဲ ပထမအကြီးအကဲနဲ့ ငါ့ဆရာကြားက ပြိုင်ပွဲတစ်ခုလည်းဖြစ်တယ်"

"ဟုတ်သားပဲ" ချန်တဟိုင် ယုချန်းဘက်သို့လှည့်လိုက်သည်။

"မင်းဒီတစ်ကြိမ် ငါ့ကိုပံ့ပိုးပေးမယ်ဆိုရင် ငါ့ဆရာကို မင်းကို သူ့တပည့်အဖြစ် လက်ခံဖို့အတွက် တောင်းဆိုပေးမယ်"

ယုချန်း၏မျက်နှာက လင်း၀င်းသွားပြီး အလျင်အမြန် လက်နှစ်ဖက်ဆုပ်သည်။

"ဒါဆို ကျုပ်အစ်ကိုချန်ကို ကျေးဇူးအများကြီးတင်ပါတယ်"

ချန်တဟိုင်ရယ်မောပြီး ကျောင်းတော်ထွက်ပေါက်ဆီသို့ ယုချန်းနှင့်အတူ လျှောက်သွားလေတော့သည်။

.....

တောင်ထိပ်တစ်ခုပေါ်ရှိ ကြွယ်၀သည့် ခြံ၀င်းတစ်ခု၌....

"ဆရာကိုတင်ပြပါတယ်၊ ဂျူနီယာညီလေးချန်က အဲဒီအထူးကျောင်းသားသစ်တွေနဲ့ အလားတူတာ၀န်ကို လက်ခံခဲ့ပြီး ထွက်ခွာသွားပါပြီ" ဟဲရှန်း၀မ်ဒူးတစ်ဖက်ထောက်ကာ ပြောသည်။

ဒုတိယအကြီးအကဲ ခေါင်းညိတ်သည်။

"မင်းရဲ့ဂျူနီယာညီလေးချန်က အမြဲလိုလို အတိုင်းအဆအသိတစ်ခုကို ထိန်းသိမ်းထားတတ်တာဆိုတော့ သူ့ဆီကနေ ဘာမှ ပူပန်နေစရာတော့ မလိုလောက်ပါဘူး"

"မင်းလည်း သန့်စင်မိုးမျှော်စင်ရဲ့ နောက်တစ်ဆင့်ကို တက်ရောက်တော့မှာမလား"

ဟဲရှန်း၀မ်တုန်ယင်သွားပြီးနောက် ခေါင်းညိတ်သည်။

ဒုတိယအကြီးအကဲ ဆေးလုံးတစ်လုံး ပစ်ပေးလိုက်ပြီးပြောသည်။

"သွားတော့၊ ပြီးတော့ မင်းနယ်ပယ်ကိုလည်း ချိုးဖျက်ဖို့ကြိုးစားသင့်တယ်၊ သန့်စင်မိုးမျှော်စင်ရဲ့ ၉၀မြောက်အဆင့်က မင်းရဲ့ အခြေခံတည်ဆောက်ပုံကို နှိုးဆွပေးဖို့ အကူအညီဖြစ်လာလိမ့်မယ်"

"အဲဒီအထူးကျောင်းသားသစ်တွေ ပြန်လာတဲ့အခါကျရင် လိုအပ်လာရင် မင်းကိုယ်တိုင် လှုပ်ရှားဆောင်ရွက်ဖို့ လိုတယ်"

ဟဲရှန်း၀မ် စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။

"ကျွန်တော်နားလည်ပါပြီ"

All Chapters