ရှုပ်ထွေးသောည
Vol. 93 Ch. 1309
လမ်းကြောင်း ထိန်ညှိပြီး ပထမဆုံးည
လမ်းကြောင်းကို ထိန်ညှိပြီးနောက်တွင် မူလစီစဉ်ထားတာထက် တစ်ရက်ပိုကြာသွားပြီး ကျိုးလုံမြိုကိုရောက်ရန် ငါးရက်ကြာသွားမည်ဖြစ်သည်။
လမ်း၌ အလျင်အမြန်သွားရမည့်အစား စစ်တပ်က ထူထပ်ဟိပ်သည်းသည့် တောအုပ်တစ်ခုထဲတွင် နေရာတစ်ခုကို ရှာတွေ့သွားပြီး တစ်ခဏမျှအနားယူကာ သူတို့စွမ်းအင်ကို ပြန်ဖြည့်ရင်း အမြင့်ဆုံးအာရုံစူးစိုက်မှုကို ပြန်ရယူနေကြသည်။
သူတို့၀န်းကျင်၌ မိုးထိမြင့်မားသည့် ရှေးဟောင်းသစ်ပင်များသာရှိသည်။ ၄င်းတို့က ပတ်၀န်းကျင်ကို လုံး၀ပိတ်ထားပြီး လရောင်အလင်းများက ကြားကနေ တစ်စိုးတစ်စွန်းမျှသာလျှင် ထိုးထွက်နေသည်။
စစ်တပ်အနားယူခဲ့သည့်နေရာက ရှေးဟောင်းသစ်ပင်များ ဖုံးအုပ်ထားခြင်းမရှိသည့် တစ်ခုတည်းသောနေရာဖြစ်လေရာ လရောင်က မီးမောင်းထိုးပြနေသည့်အလား တောက်ပနေပြီး စမ်းချောင်းများမှ တဖောက်ဖောက်မြည်သံနှင့် ထူထဲသည့် သစ်တောထဲမှ ကျီးကန်းများ၏ နိမိတ်မကောင်းသည့်အာသံများကိုသာ ရံဖန်ရံခါကြားရသည်။
စစ်သားများက တစ်လှည့်စီစောင့်ကြပ်နေကြပြီး တစ်အုပ်စုအနားယူနေစဉ် ကျန်တစ်အုပ်စုက နိုးကြားနေကြ၏။
တစ်ချိန်တည်းမှာပင် အစီအရင်ဆရာများက အပြင်ဘက်အနားစွန်းများ၌ အစီအရင်များကို စတင်တည်ဆောက်ကြသည်။
အဂ္ဂိရတ်ဆရာများကမူ တခြားသူများအား ဆေးလုံးများ ဝေငှပေးသည်။
လက်ဖဝါးထဲက ဆေးလုံးများကို ကြည့်ရင်း ရှီရှန်းရယ်မောလိုက်သည်။
"န၀မမင်းသားက တကယ်ကိုရက်ရောတာပဲ၊ နတ်သခင်အဆင့်ဆေးလုံးများစွာကို တစ်ပြိုင်နက်တည်းအများကြီး ထုတ်လာပေးနိုင်တယ်"
ဒါက သေမျိုးနယ်မြေနှင့် ခေးအောစ့်နယ်မြေအကြား ခြားနားချက်ပေတည်း။
ခေးအောစ့်နယ်မြေတွင် တိုက်ကြီးတစ်ခုထဲက ပထမတန်းစားဂိုဏ်းတစ်ခုပင်လျှင် နတ်သခင်အဆင့်ဆေးလုံးရာချီကို သူတို့စစ်သားများအား အလွယ်တကူပေးနိုင်သည်။
သေမျိုးနယ်မြေတွင် ထိုကဲ့သို့ ကုန်ကျစရိတ်ကို တတ်နိုင်သည့် မည်သည့်ဂိုဏ်း၊ အဖွဲ့အစည်းမှ မရှိပါ။
နတ်သခင်အဆင့်ဆေးလုံးတစ်လုံးက ဈေးကွက်၌ပေါ်လာပါက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းအကြား မရပ်မနားယှဉ်ပြိုင်မှုကို အစပျိုစပေးမည်ဖြစ်ကာ အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုပင် ဖြစ်လာစေနိုင်သည်။
သူ့ဘေးက ဖုန်းယီရယ်မောသည်။
"နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ အခြေခံအုတ်မြစ်က အရမ်းအားကောင်းပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်နဲ့ နှိုင်းယှဉ်လို့ရတယ်၊ ဒါကြောင့် ထီးနန်းကို ဆက်ခံမယ့်မင်းသားမှာလည်း ဒီလိုနည်းလမ်းမျိုးတွေရှိတာက ပုံမှန်ပဲလေ"
ထိုအခိုက်အတန့်မှာပင် န၀မမင်းသား ကျားပေါ်က ဆင်းလာပြီး မုဖူရှန်းနှင့် ကျန်သောသူများထံရောက်လာသည်။ ထို့နောက် သူတို့ရှေ့တွင် မသင့်လျော်သည့် ပုံစံတစ်ခုဖြင့် အဆင်ပြေသလို ထိုင်လိုက်ပြီး အပြုံးဖြင့် မေးသည်။
"ဘယ်လိုလဲ၊ ရှာတွေ့တာတွေရှိလား"
ဖုန်းယီခေါင်းခါယမ်းသည်။
"လောလောဆယ်တော့ ဘာမှမရှိသေးဘူး၊ ဒါပေမယ့် မင်းသားကိုး လူတစ်ယောက်ကို သတိထားသင့်တယ်လို့ ကျွန်မထင်တယ်"
န၀မမင်းသား၏မျက်လုံးများက စိတ်၀င်စားမှုနှင့်အတူ လင်း၀င်းသွားပြီး မေးသည်။
"ဘယ်သူလဲ"
ဖုန်းယီ ချန်တဟိုင်ကို စိုက်ကြည့်လိုက်၏။
"သူပါ"
ထို့နောက် သူတို့ကြားက အဖြစ်အပျက်များအား သူမပြန်ပြောပြသည်။
ဖုန်းယီ၏ အဆိုကိုကြားပြီးနောက် မင်းသားကိုးကျယ်လောင်စွာရယ်မောကာ လက်ဝှေ့ယမ်းပြသည်။
"အစ်ကိုချန်က ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ၊ ဒုတိယအကြီးအကဲလက်အောက်က ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်နေတာမို့ အိမ်နဲ့ အဝေးမှာရှိနေတုန်းမှာ တာ၀န် ဒါမှမဟုတ် ကတိက၀တ်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ပြောပါတယ်"
"သူပြောတာကတော့ ဆုလာဘ်ကိုရယူဖို့အတွက် တာ၀န်ပြီးမြောက်ဖို့ကိုပဲ ယှဉ်ပြိုင်ပါမယ်တဲ့"
ချန်တဟိုင်နှင့် ဖုန်းယီတို့အတွက် ဆုလာဘ်၏ဆုံးဖြတ်ချက်က န၀မမင်းသားလက်ထဲတွင်ရှိပြီး တာ၀န်ပြီးမြောက်ပါက စာလိပ်ပေါ်၌ တာ၀န်ပြီးမြောက်သူ၏ အမည်ကို ရေးထိုးကာ လက်မှတ်ထိုးပေးမည်ဖြစ်သည်။
ဤသည်က ဆုလာဘ်ကို ဘယ်သူပိုင်ဆိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးပေလိမ့်မည်။
"ဒီတော့ ဘယ်သူ့ကိုငါယုံကြည်သင့်လဲ" မင်းသားကိုးပေးရင်း ဖုန်းယီအား အပြုံးဖြင့်ကြည့်နေသည်။
ဖုန်းယီ လက်ပိုက်ကာ နှုတ်ခမ်းစူလိုက်၏။
"သူ့မှာ အရှက်တော့ရှိနေသေးတာပဲ"
"ကောင်းပြီ၊ စောင့်ကြည့်ပေးတဲ့အတွက် ကျေးဇူးပါ"
ထို့နောက် န၀မမင်းသားထရပ်ကာ ချန်တဟိုင်ထံသို့လျှောက်သွားသည်။ တစ်ခဏမျှ စကားပြောကာ ရယ်မောနေပြီးနောက် သူကျား၏ကျောပေါ်ရှိ သစ်သားတဲလေးထဲသို့ ပြန်၀င်သွားသည်။
ထိုအချိန်မှစ၍ သူ့မျက်နှာကို နောက်တစ်ခေါက်ပြန်မပြတော့ပါ။
မုဖူရှန်းကလည်း န၀မမင်းသား၏ လှုပ်ရှားမှုအားလုံးကို အနီးကပ်စောင့်ကြည့်နေသည်။
ယုတ္တိတန်စွာဆိုပါက ယခုလိုအခြေအနေမျိုးတွင် န၀မမင်းသားအတွက် အထူးနည်းလမ်းတစ်ချို့နှင့် ခိုး၀င်ပြီး အသက်ကို အန္တရာယ်ထဲ တွန်းပို့နိုင်လောက်သည့် သစ္စာဖောက် သို့မဟုတ် တခြားအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရမည်ကိုလည်း ကြောက်ရလေရာ ကိုယ့်ကိုကိုယ် အလွယ်တကူပြသရန် မသင့်တော်ပေ။
သူ့လိုလူတစ်ယောက်က ထိုကဲ့သို့ မဆင်မခြင်ဆုံးဖြတ်ချက်များကို ချမည်မဟုတ်ပါ။
အရင်က ပုံမမှန်မှုများနှင့် ဒါကို ပေါင်းစပ်လိုက်သောအခါ မုဖူရှန်း၏စိတ်က စေ့ဆော်မှုတစ်ခုနှင့် အတူလင်း၀င်းသွား၏။ သူ န၀မမင်းသားအား အံ့ဩစွာကြည့်ရင်း တီးတိုးရေရွတ်သည်။
"တကယ်ကိုပါးနပ်တဲ့နည်းဗျူဟာပဲ၊ သူ့ကို အိမ်ရှေ့မင်းသားရာထူးအတွက် ခန့်အပ်ထားတာ အံ့သြသင့်စရာမရှိတော့ပါဘူး"
သူခန့်မှန်းတာမှန်မည်ဆိုပါက......!
ပထမညက မတော်တဆ၊ သို့မဟုတ် မည်သည့် ကမောက်ကမမှ မရှိဘဲ ကုန်ဆုံးသွားခဲ့သည်။
မနက်စောစောအချိန်တွင် စစ်တပ်က ဆက်သွားခဲ့သည်။
ဒုတိယနေ့နှင့် တတိယနေ့များတွင်လည်း ပြဿာနာမရှိခဲ့ပါ။
သို့သော် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း နဝမမင်းသား နောက်တစ်ခါမျက်နှာမပြတော့ဘဲ တိုးတက်မှုရလဒ်များ မထွက်လာသေးခင် သစ်သားတဲလေးထဲကသာ အနားယူရန်အမိန့်များပို့ခဲ့သည်။
စတုတ္ထနေ့၏ ညဦးယံကို ရောက်လာသောအခါ သူတို့ခရီးစဉ်အများစုကို ဖြတ်သန်းပြီးပြီဖြစ်ကာ ကျိုးလုံမြို့ကို ရောက်ရန်အတွက် နောက်နှစ်ရက်တည်းသာ လိုတော့သည်။
ကျား၏ကျောပေါ်ရှိ သစ်သားတဲလေးထဲက န၀မမင်းသား၏ အသံက နှိုးစက်၏ အချိန်ကိုက်သံအလား မြည်ဟီးလာသည်။
"ဒီမှာရပ်ပြီးအနားယူကြ၊ နားကြမယ်၊ ပုံမှန်အတိုင်းပဲ အလှည့်ကျစောင့်ကြပ်မယ်"
ထိုစကားလုံးများက လူတိုင်းအား ရပ်သွားစေသည်။
ဒီအခိုက်အတန့်တွင် အကြီးအကဲလင်း တဲအနားသို့ ချဉ်းကပ်လာပြီး ဦးညွတ်သည်။
"အရှင်မင်းသား၊ အင်ပါယာမြိုကို ရောက်ဖို့အတွက် နောက်နှစ်ရက်လိုပါသေးတယ်၊ ဒီကာလအတောအတွင်း မင်းသားသတိပိုထားဖို့လိုပါမယ်၊ တကယ်လို့ တစ်ခုခုဖြစ်ပျက်လာမယ်ဆိုရင် ဒီနှစ်ရက်အတွင်း ဖြစ်လာလိမ့်မယ်"
"ကောင်းပြီ၊ ကျုပ်နားလည်ပြီ၊ ဒါဆို ပတ်၀န်းကျင်ကိုစောင့်ကြည့်ကြ" န၀မမင်းသား၏အသံက အထဲကနေ ထွက်လာသည်။
ဒါကိုကြားသော် အကြီးအကဲလင်း၏ တဖျပ်ဖျပ်လင်းနေသည့် မျက်လုံးများက အနည်းငယ်ပြေလျော့သွားပြီး ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ"
ထိုအချိန်မှာပင် ချန်တဟိုင်ကလည်း ဖုန်းယီနှင့် ကျန်သောသူများထံ လျှောက်သွားပြီးပြုံးကာမေးသည်။
"နောက်ဆုံးဆုလာဘ်ကို ဘယ်သူရနိုင်မယ်လို့ထင်လဲ"
ဖုန်းယီ ချန်တဟိုင်အား အေးစက်စွာကြည့်သည်။
"ဘာလဲ၊ နင်နိုင်နေပြီလို့ ထင်နေတာလား"
ချန်တဟိုင်ခေါင်းညိတ်သည်။
"ဟုတ်တာပေါ့၊ စောင့်ကြည့်လိုက်ပါဦး"
ထိုသို့ပြောဆိုပြီးနောက် ချန်တဟိုင်လှည့်ကာ ဘေးသို့လျှောက်သွားသည်။
ဤညက ထူးထူးခြားခြားပင် မငြိမ်မသက်ဖြစ်နေသည်။
အမှောင်ထုက တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ကြယ်အလင်းပင်လျှင် မထိုးဖောက်နိုင်ဖြစ်နေသည်။
လေပြင်းမုန်တိုင်းတိုးသံများနှင့် သစ်ကိုင်းများပွတ်တိုက်နေသည့် အသံက ရုတ်တရက် တောအုပ်အတွင်းပဲ့တင်ထပ်နေသည့် လေးလံသည့် ခြေလှမ်းများ၏ ပဲ့တင်သံအား လမ်းဖွင့်ပေးနေသည့်အလား လူတိုင်းနားထဲ ပဲ့တင်ထပ်နေသည်။
စစ်သားအားလုံး ချက်ချင်းထရပ်လိုက်ကြပြီး လက်နက်များကို ဆွဲကာ အသံထွက်ပေါ်လာရာနေရာသို့ သတိအပြည့်ထားရင်း မျက်နှာမူလိုက်ကြ၏။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကပင် လက်နက်ဆွဲထုတ်လိုက်ကြသည်။
သို့စေကာမူ ထူထဲသည့်မြူပျောက်ကွယ်သွားသောအခါ ထူထဲသည့် သစ်တောကနေ နတ်ဧကရာဇ်နယ်ပယ် နတ်ဆိုးဝံပုလွေတစ်ချို့ ဖြည်းဖြည်းချင်းထွက်လာကြသည်။
၎င်းတို့က နတ်ဆိုးဝံပုလွေများဖြစ်ပြီး စုပေါင်းအူသံနှင့်အတူ တိုး၀င်လာကြ၏။
သို့သော် မုဖူရှန်း ဝံပုလွေသုံးကောင်၏ မျက်လုံးများထဲက လင်း၀င်းနေသည့် အရောင်ကို သတိထားမိသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။
"တစ်ခုခုတော့မှားနေ...."
သို့သော် သူ့စကားလုံးများက ပြတ်တောက်သွားပြီး မြောက်မြားစွာသောချိပ်ပိတ်အစီအရင်များ ကောင်းကင်ထက်တွင် ပေါ်လာကာ တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွား၏။
တစ်ချိန်တည်းမှာပင် သစ်တောအတွင်း ဘက်ပေါင်းစုံကနေ ရှေးဟောင်းသစ်ပင်များစွာက သူတို့ထံ စတင်လှိမ့်၀င်လာသည်။
၎င်းတို့က ဓားချီလှိုင်းများဖြစ်သည်။
မရေမတွက်နိုင်လောက်သည့်စစ်သားများက ထိုအခိုက်အတန့်၌ ချက်ချင်းအသတ်ခံရသည်။
မုဖူရှန်းနှင့်သူ့အဖွဲ့က အမြဲသတိရှိနေကြသဖြင့် တိုက်ခိုက်မှုများအား ခုခံတွန်းလှန်နိုင်ခဲ့သည်။
ဤရုတ်တရက်တိုက်ခိုက်မှုက န၀မမင်းသား၏ ၀တ်ရုံနက်အစောင့်သုံးပုံတစ်ပုံနီးပါးကို ဆုံးရှုံးသွားစေသည်။
ထိုအချိန်မှာပင် အစီအရင်ထိပ်တွင် ပုံရိပ်အများအပြား ဟင်းလင်းပြင်ကို တင်နင်းကာ ပေါ်လာကြသည်။ ဦးဆောင်နေသောသုံးဦးက အောက်သို့ ထူးမခြားနားစွာ ငုံ့ကြည့်လိုက်ကြ၏။
"တစ်ယောက်ယောက်က န၀မမင်းသားကို ကျိုးလုံမြို့ကို ပြန်မသွားစေချင်ဘူးဆိုပေမယ့် ငါတို့ကလည်း အရမ်းပါရမီထူးချွန်တဲ့ န၀မမင်းသားကို ထွက်သွားခွင့်မပြုနိုင်ပါဘူး၊ ဒီတော့ ကျေးဇူးပြုပြီး ထွက်လာပြီး မင်းကံတရားကို စိတ်တိုင်းကျလက်ခံလိုက်ပါ၊ မင်းအဲလိုလုပ်မယ်ဆိုရင် မင်းအစောင့်တွေမှာ ရှင်သန်ဖို့ အခွင့်အလမ်းတွေရှိပါသေးတယ်"
"မင်းတို့မှာ အတင်းအကျပ်လုပ်နိုင်ဖို့ အရည်အချင်းရှိသလားဆိုတာ ကြည့်တာပေါ့" န၀မမမင်းသား၏အသံက ထွက်လာပြီးနောက် ကာကွယ်ရေးအစီအရင်အများအပြားက သစ်သားတဲလေးကို လွှမ်းခြုံပစ်သည်။
ထိုးဖောက်၍မရနိုင်သည့် ကြေးနီနှင့်သံမဏိအလားထင်ရပြီး ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ယောက်ပင်လျှင် ချိုးဖျက်ရန်အတွက် နာရီများစွာကြာ အားအပြည့်စိုက်ထုတ်ရလောက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် အစီအရင်အတားအဆီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။
အကြီးအကဲလင်းကိုမြင်သောအခါ စစ်သားများထိတ်လန့်သွားကြစဉ် သူက အစီအရင်ကို ထိန်းချုပ်သည့်တုံကင်ကို ကိုင်ရင်း အပြုံးဖြင့်ပြောသည်။
"မင်းသားကိုး၊ မင်းရဲ့အစီအရင်ကို ငါထိမ်းသိမ်းစောင့်ရှောက်ရတယ်၊ တစ်ဘက်က ပေးတဲ့ ကမ်းလှမ်းချက်ကို ငါမငြင်းဆန်နိုင်တာမို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"