ကျောက်တုံးမလှန်ဘဲ မသွားတတ်သူ
Vol. 93 Ch. 1310
အကြီးအကဲလင်း၏ ရုတ်တရက်သစ္စာဖောက်မှုက လက်ရှိန၀မမင်းသား၏ ကိုယ်ပိုင်အစောင့်အားလုံးကို ထိတ်လန့်သွားစေသည်။
အကြီးအကဲလင်းက အမြဲလိုလို န၀မမင်းသားဘေးတွင်ရှိခဲ့ပြီး သူ့အတွက် မရေမတွက်နိုင်လောက်သည့် ကိစ္စကြီး၊ ငယ်များကို ကိုင်တွယ်ပေးသဖြင့် အခြေခံအားဖြင့် ကိုယ်ပိုင်သက်တော်စောင့်တစ်ဦးကဲ့သို့ တည်ရှိသည်ဟု လူသိများသည်။
"အကြီးအကဲလင်း၊ မင်းသားကိုးကို ဘာလို့သစ္စာဖောက်ရတာလဲ"
"သူတို့ခင်ဗျားကို ဘယ်လိုအကျိုးအမြတ်တွေ ကတိပေးထားလို့လဲ"
ဖုန်းယီကလည်း လုံး၀ထိတ်လန့်သွားပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘက် လှည့်ကြည့်ကာ ရေရွတ်သည်။
"အာ၊ ဘာလို့ဒီလူက သစ္စာဖောက်ဖြစ်သွားရတာလဲ၊ သူ မင်းသားကိုးနဲ့ အမြဲအတူရှိနေခဲ့တာမလား"
သို့စေကာမူ ထိုစကားကိုကြားရသော်လည်း မုဖူရှန်းနှင့် ကျန်သောသူများက မည်သည့်အံ့ဩသင့်နေသည့်အမူအရာကိုမှ မပြသဘဲ အနည်းငယ်သာ လေးနက်နေကြသဖြင့် ဖုန်းယီထပ်မံအံ့ဩသင့်သွားရပြန်သည်။
"နင်တို့ဒါကိုသိပြီးသားလား"
မုဖူရှန်း သူ့သံသယများကို ယဲ့ချိုးပိုင်တို့နှင့် မျှဝေခဲ့သည်မှာ ကြာမြင့်နေလေပြီ။
ဒီအချိန်မှာပင် မုဖူရှန်း ထင်ရှားလာရန်အတွက် ထိုအရာများကို လုပ်မှာမဟုတ်ဘူးဆိုတာကို သိသည့်အပေါ် ယဲ့ချိုးပိုင် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။
"ငါတို့သိတာတော့မဟုတ်ပါဘူး၊ သံသယတွေရှိခဲ့တာပါ၊ ဘာပဲဆိုဆို မင်းသားကိုးရဲ့ လုပ်ရပ်အားလုံးက သူ့ကိုယ်ပိုင်လက္ခဏာ၊ ပင်ကိုယ်စရိုက်နဲ့ မကိုက်ညီဘူးလေ၊ အချိန်ကြာလာတာနဲ့အမျှ တစ်ခုခုမှားနေတယ်ဆ်ုတာ ငါတို့ပိုပြီးခံစားနိုင်လာတယ်"
"အခုကြည့်ရတာတော့ ငါတို့မှန်းဆချက်တွေက မမှားပုံပဲ"
ဖုန်းယီ ယဲ့ချိုးပိုင်အား ဆန်းသစ်သည့် လေးစားမှုနှင့်အတူ ကြည့်လိုက်မိသည်။
"နင်ဒါကိုတောင် တွက်ဆမိတယ်ဆိုတော့ ကြည့်ရတာ နင်ကလည်းထူးခြားပုံပဲ၊ ငါတို့ပြန်သွားတဲ့အခါကျရင် ငါ့နယ်ပယ်ကို ဖိနှိပ်ပြီး နင်နဲ့အတူတိုက်ခိုက်မယ်"
ယဲ့ချိုးပိုင် ထိုစိန်ခေါ်မှုအား စိတ်ပါလက်ပါပင် လက်ခံသည်။ ယခုလိုအစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်ပြိုင်ရတာက သူ့အတွက် အကျိုးအများကြီးရှိသည်။
ဒီအချိန်တွင် ကျား၏ကျောပေါ်ထိုင်နေသည့် အကြီးအကဲလင်းမှာ ပြုံးလိုက်မိသည်။ သူ့မျက်လုံးများကို မမြင်နိုင်သော်လည်း မီးခိုးရောင်အ၀တ်အောက်တွင် ဝှက်ထားသည့် ထိုမျက်လုံးများ၌ ရက်စက်မှုနှင့် သွေးအေးစွာ တောက်ပမှုတို့ကို ခံစားနိုင်ပါသေးသည်။
"ခေးအောစ့်နယ်မြေက အမြဲလိုလို စိတ်၀င်စားမှုကို ဦးစားပေးတယ်၊ ဆွေမျိုးတော်စပ်တာတွေ၊ ရင်းနှီးတာတွေ၊ သစ္စာရှိတာတွေဆိုတာက ခေးအောစ့်နယ်မြေမှာ အရမ်းတန်ဖိုးကြီးလွန်းတယ်" အကြီးအကဲလင်းဆက်ပြောရင်း သစ်သားတဲလေးကို ငေးကြည့်ကာပြုံးသည်။
"ငှက်တွေကအစားအတွက် သေကြသလို လူတွေကလည်း စည်းစိမ်အတွက် သေကြေပျက်စီးကြတယ်၊ မင်းသားကိုး၊ ကျေးဇူးပြုပြီး ဒီအဖိုးကြီးကို အပြစ်မတင်ပါနဲ့၊ တစ်ဘက်က အများကြီးကမ်းလှမ်းထားလို့ပါ"
အထက်က အကြီးအကဲသုံးဦးကလည်း အခြေအနေကို ထိန်းချုပ်ထားကြောင်း အမူအရာများကို ဖော်ပြလိုက်ကြ၏။
"မင်းသားကိုးရေ၊ ကျေးဇူးပြုပြီး မဆန့်ကျင်ဘဲ ထွက်လာပါတော့၊ သေတဲ့အခါမှာတောင် မင်းသားတစ်ပါးအနေနဲ့ ဂုဏ်သိက္ခာရှိရှိသေသင့်တယ်"
သို့သော် မင်းသားကိုးက နှုတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးမှသာပြောလာသည်။
"အဆုံးမှာတောင် ဒီလိုဆက်ဖြစ်လာနေတုန်းပဲ၊ ငါအနည်းဆုံးလိုချင်ခဲ့တဲ့အရာပေါ့"
အကြီးအကဲလင်း နှာခေါင်းရှုံ့သည်။
"ဒီတော့ဆိုလိုတာက မင်းသားကိုးက ဒီလူအိုကြီးကို တစ်ချိန်လုံးသံသယရှိနေတာပေါ့"
"ဒါဆိုဘာလို့ ငါ့ကိုဒီလောက်ယုံကြည်နေရသေးတာလဲ၊ ဘာလို့ဒီအဖိုးကြီးကို အစီအရင်ရော မြေပုံပါ ယုံယုံကြည်ကြည် ပေးခဲ့ရတာလဲ"
သို့စေကာမူ မင်းသားကိုးပြုံးသည်။
"ဒါတွေအားလုံးက ခင်ဗျားရဲ့ကိုယ်ပိုင်လက္ခဏာကို အတည်ပြုဖို့ပဲလေ"
သူ့အပြုံးက အေးဆေးပေါ့ပါးနေပြီး လှောင်ရိပ်လေးပင် ပါနေသည်။
အကြီးအကဲလင်း ထိုစကားလုံးများကို ကြားသောအခါ သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သစ်သားတဲလေးထံ လက်ဖဝါးတစ်ချက်ပို့လွှတ်လိုက်၏။
ရုတ်ချည်းဆိုသလို သစ်သားတဲလေးက အထဲကနေ ပြိုကျသွားပြီး သစ်သားချပ်ပြားများက နေရာအနှံ့ပျံ့သွားသည်။
သို့သော် အထဲတွင် မည်သူ့ကိုမှမတွေ့ရဘဲ အသံလွှင့်ကျောက်စိမ်းဆွဲသီးတစ်ခုသာ ကျန်နေခဲ့သည်။ ကျောက်စိမ်းဆွဲသီးပေါ်၌ မင်းသားကိုး၏ ထူးခြားသည့်အော်ရာတစ်ခု ရစ်၀ဲနေသည်။
မင်းသားကိုး၏အသံကလည်း ထိုကျောက်စိမ်းဆွဲသီးထဲကနေ ထွက်လာခြင်းပင်။
အကြီးအကဲလင်းတင်မဟုတ်ဘဲ အထက်က အထင်ကရပုဂ္ဂိုလ်သုံးဦးတို့၏ အမူအရာပင်လျှင် မည်းမှောင်သွားပြီး မျက်လုံးများက ကြည့်ရဆိုးစွာ မှောင်မိုက်နေသည်။
"မင်းဘယ်အချိန်ကထွက်သွားတာလဲ၊ ပထမညမှာ ကိုယ်ယောင်ပြသေးတယ်မလား" အကြီးအကဲလင်း ကြောက်ရွှံ့မှု အနည်းငယ်ရစ်ဝဲနေသည့်အသံဖြင့် မေးသည်။
မည်သို့ပင်ဆိုစေကာမူ ဤအစီအစဉ်သာ မအောင်မြင်ပါက ကတိပေးထားသည့်ဆုလာဘ်များကို သူရနိုင်မည်မဟုတ်တော့။
ဒါ့အပြင် ဒီအဖြစ်အပျက်နောက်တွင် တခြားမင်းသားများ၏ အမိန့်အောက်တွင်လည်း သူပါ၀င်နိုင်မည်မဟုတ်ပေ။ အကျိုးအမြတ်များအတွက် သစ္စာဖောက်ရန် ဆန္ဒရှိသူတစ်ယောက်က မည်သူ့အတွက်မှ မယုံကြည်ထိုက်ပေ။ အထူးသဖြင့် နတ်မင်းဆက်၏ ရက်စက်ပြီး အန္တရာယ်များနှင့် ပြည့်နှက်နေသည့် တော်၀င်မိသားစုထဲတွင်ဖြစ်သည်။
သစ္စာဖောက်မှုက ခေးအောစ့်နယ်မြေက စံတစ်ခုသာဖြစ်သော်လည်း ဒါက သစ္စာရှိမှုနှင့် ခင်မင်မှု၏တန်ဖိုးကို သက်သေပြသည်။
တစ်နည်းအားဖြင့် အကြီးအကဲလင်း လက်မခံနိုင်သည့် အရာတစ်ခုဖြစ်သည်။
မင်းသားကိုး၏အသံက အထဲကနေ ထွက်လာသည်။
"ဒီလိုဆိုးဝါးတဲ့အခြေအနေမှာ ကျုပ် ဒီလို အန္တရာယ်များလွန်းတဲ့ အဇူရာနဂါးမြို့ကို ကျုပ်ရဲ့ ၀တ်ရုံနက်တပ်နဲ့ ခင်ဗျားတို့သက်သက်နဲ့ လာခဲ့ပြီး အင်ပါယာမြို့ကို ဘေးကင်းကင်းနဲ့ အခုလိုပုံစံထွက်သွားမယ်လို့ ခင်ဗျားဘာလို့ထင်တာလဲ"
အိမ်ရှေ့မင်းသားအဖြစ် တရား၀င်မခန့်အပ်သရွေ့ တခြားနေရာများသို့ ခရီးထွက်ခြင်းက သံသယမရှိ စွန့်စားမှုတစ်ခုဖြစ်ပြီး ဆုံးရှုံးသွားပါက အသက်ကိုပင် ပေးဆပ်ရနိုင်သည်။
"ကျုပ်နောက်လိုက်တွေထဲမှာ သူလျှိုတွေရှိတယ်ဆိုတာ ကျုပ်အရင်က မခံစားခဲ့ရပေမယ့် ကျုပ်သာ ကျုပ်ရဲ့အင်ပါယာအစ်ကိုတွေ၊ အစ်မတွေနေရာမှာဆိုရင်လည်း တခြားမင်းသားတွေအနီးမှာ သတင်းပေးတွေ၊ လျှို့ဝှက်သူလျှိုတွေ ထားရှိမှာပဲ"
အကြီးအကဲလင်း၏ အမူအရာက လေးနက်လာသည်။
"ဒီတော့ မင်း အဇူရာနဂါးမြို့ကို လာရခြင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာဦးကျောက်တုံးကို ကိုယ်တိုင်သယ်ဆောင်ဖို့မဟုတ်ဘဲ မင်းဘေးက လျှို့ဝှက်သူလျှိုတွေကို စုံစမ်းချင်လို့ပေါ့"
ကျောက်စိမ်းဆွဲသီးထဲကနေ မင်းသားကိုး၏အသံက ထပ်မံထွက်လာသည်။
"မှန်တယ်၊ ပြီးခဲ့တဲ့ရက်တွေမှာ ခင်ဗျားက အဲဒီလူဖြစ်လောက်တယ်လို့ ကျုပ်အတိအကျ အတည်ပြုနိုင်ခဲ့တာမို့ မြေပုံနဲ့ အစီအရင်ကို ခင်ဗျားလက်ထဲ လွှဲပြောင်းပေးခဲ့တာပဲ၊ ကျုပ်မှန်းဆရမယ်ဆိုရင်တော့ မြေပုံက အစ်ကိုသုံးအတွက်ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
အထက်တွင် တတိယမင်းသားဘက်က အကြီးအကဲ၏ အမူအရာက ပြောင်းလဲသွား၏။
"မင်းမှာလည်း အရှင်မင်းသားအနီးမှာ သတင်းပေးတွေရှိတာလား"
"ဒါကအပြန်အလှန်ပဲလေ" မင်းသားကိုးရယ်မောသည်။
"ကျုပ်ရဲ့ပထမဆုံးပေါ်ပေါက်လာမှုက ခင်ဗျားရဲ့ သတိကိုလျှောချဖို့အတွက်ပဲ၊ အကြီးအကဲလင်းက ကျုပ်နောက်က လိုက်ခဲ့တာကြာပြီဆိုတော့ အတော်လေးသတိထားမှာပဲလေ"
အကြီးအကဲလင်း၏မျက်နှာက ကြည့်ရဆိုးသွားသည်။
မှန်ပေသည်။ အကယ်၍ န၀မမင်းသားက ပထမညတွင် တစ်ခါမှ မပေါ်လာခဲ့ပါက အကြီးအကဲလင်း န၀မမင်းသားက ကျားကျောပေါ်က တဲအိမ်လေးထဲတွင် အမှန်တကယ်ရှိမနေဘူးဟု အစောကြီးကတည်းက သံသယဖြစ်မိမည်သာ။
ဒါကလည်း မုဖူရှန်း၏ သံသယများထဲက တစ်ခုဖြစ်သည်။
န၀မမင်းသား၏ ပါးနပ်မှုနှင့် ကြံရည်ဖန်ရည်ရှိမှုကြောင့်ဆိုပါက အဓိပ္ပာယ်မဲ့သည့် ခြေလှမ်းကို သူဘယ်တော့မှ လှမ်းမည်မဟုတ်ပါ။
မင်းသားကိုးနှာခေါင်းရှုံ့သည်။
"အကြီးအကဲလင်း၊ ရေစီးကြောင်းက ပြောင်းသွားပြီ၊ ခင်ဗျားလုပ်ရပ်တွေအတွက် ပြန်ပြုပြင်မယ်ဆိုရင် ခင်ဗျားလုပ်ခဲ့တာတွေကို ဒီမင်းသားက ခွင့်လွှတ်ပေးလို့ရပါသေးတယ်"
အကြီးအကဲလင်း၏မျက်လုံးများက လင်း၀င်းသွားပြီးနောက် နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"မင်းသားကိုးက အိမ်ရှေ့မင်းသားဖြစ်လာတော့မှာပဲလေ၊ မင်းကို သစ္စာဖောက်တဲ့ လူတစ်ယောက်ကို မင်းလွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးမှာမှမဟုတ်တာ"
"ဒါတော့မှန်တယ်" မင်းသားကိုး၀န်ခံသည်။
"ကောင်းပြီ၊ အားလုံးပဲ၊ တာ၀န်က ကျရှုံးသွားပြီဆိုတော့ ပြန်သွားကြတော့" မင်းသားကိုး ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ဂရုမစိုက်သည့်လေသံဖြင့်ပြောသည်။
"ပြီးတော့ ကျုပ်ရဲ့အစ်ကိုတွေကိုလည်း သတင်းစကားပါးပေးပါဦး၊ ကျုပ်သူတို့ကို အပြစ်မတင်ပါဘူး၊ ပူးပေါင်းဆောင်ရွက်နိုင်သေးသူတွေက ပူပေါင်းဆောင်ရွက်လို့ရသေးပြီး မရနိုင်သူတွေအတွက်တော့ ဆောင်းဦးနောက်ပိုင်းမှာ စာရင်းရှင်းရမှာပေါ့"
တော်၀င်မိသားစုတွင် ထာ၀ရရန်သူများမရှိပါ။
သူတို့က စိတ်၀င်စားမှုချင်းထပ်တူကျပြီး အကျိုးစီးပွားချင်း ဝိရောဓိဖြစ်ခြင်းသာ။
မင်းသားကိုးဆိုပါကလည်း သူ့အတိုက်အခံများကို အမြစ်ဖြတ်ရန်အတွက် ဒီအချိန်ကာလကို ရွေးချယ်ပေလိမ့်မည်။
ဒါ့အပြင် ဧကရာဇ်က မျက်ကန်းပမာ မျက်စိလွဲထားမည်သာ။ သူက ရုန်းကန်ရမည်ကို မကြောက်ဘဲ ရုန်းကန်မှုကင်းမဲ့သွားမည်ကိုသာ ကြောက်သည်။
ငြိမ်းချမ်းရေးပ မင်းဆက်တစ်ခု၏ ရေရှည်ယိုယွင်းပျက်စီးမှုတစ်ခုအဖြစ်သို့သာ ဦးတည်သွားစေလိမ့်မည်။
အဆက်မပြတ်တိုက်ခိုက်နေရင်း သွေးပင်လယ်ထဲကနေ တိုက်ခိုက်ပြီး ပေါ်ထွန်းသူကသာ နတ်မင်းဆက်ကိုသိမ်းပိုက်ကာ ပိုကြွယ်၀အောင် လုပ်နိုင်မည်။
ရုတ်တရက် မင်းသားသုံးဘက်က အကြီးအကဲက အထက်ကနေ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းသားကိုးမှာ တကယ့်ကိုအမြင်ရှိတယ်လို့ ပြောရမယ်၊ ဒီလိုပါးနပ်မှုမျိုးနဲ့ ကြံရည်ဖန်ရည်ရှိမှုက ငါ့လေးစားမှုကို တကယ်ရခဲ့ပါတယ်၊ ဒါပေမယ့် တတိယမင်းသားကလည်း ရယ်စရာမဟုတ်ပါဘူး"
"တတိယမင်းသားရဲ့ တခြားဂုဏ်ပုဒ်တစ်ခုကို မင်းသားကိုးလည်းသိမှာပါ"
တွက်ချက်မှု၌ အမှားအယွင်းကင်းမဲ့ခြင်း!
ဒါက နဂါးကိုးကောင်နတ်မင်းဆက်အတွင်း တတိယမင်းသား၏ ဂုဏ်ပုဒ်ဖြစ်သည်။
ပြင်ပရေးရာ သို့မဟုတ် အတွင်းရေးများပင် ဖြစ်ပါစေ တတိယမင်းသား၏ လှုပ်ရှားမှုတိုင်းက ဖြစ်နိုင်ချေအားလုံးကို ထည့်တွက်ရင်း မြင့်မားသည့်အောင်မြင်မှုနှုန်းကို အာနခံပေးသည်။
မင်းသားကိုး တိတ်ဆိတ်နေသည်။
"မင်းသားသုံးရဲ့တာ၀န်ကို ထမ်းဆောင်ခဲ့တဲ့ သူတွေမှာ အခုအချိန်အလုံအလောက် ရှိသင့်ပြီမလား၊ သူတို့ မင်းသားကိုးရဲ့ တည်နေရာကို ခြေရာခံပြီးပြီလား"
လူအုပ်စုထဲကနေ လူတစ်ယောက် အပြုံးဖြင့်လျှောက်လာပြီး လက်ထဲတွင် သံလိုက်အိမ်မြှောက်တစ်ခုကို ကိုင်ရင်း ခေါင်းညိတ်ကာရယ်မောသည်။
"အသံလွှင်တာက မိုင်သောင်းချီအထိ ဖြတ်သွားနိုင်ပေမယ့် ကျောက်စိမ်းဆွဲသီးထဲမှာ တစ်ဦးဦးရဲ့တည်ရှိမှုကို ဆက်တိုက်ထုတ်လွှင့်ဖို့ဆိုတာက မင်းသားကိုးရဲ့ နယ်ပယ်အရဆိုရင် သူ့မှာ အဝေးကြီးကနေ ဒါကို လုပ်နိုင်စွမ်းမရှိဘူး"
(ကျောက်တုံးမလှန်ဘဲ မသွားတတ်သူ - တစ်နည်းအားဖြင့် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းအားလုံးကို ကြိုးစားတတ်သူ)