ကျိုးပိုင်လု
Vol. 93 Ch. 1315
န၀မမင်းသားပြန်လာခြင်းက ကိန်း၀ပ်ငြိမ်သက်နေသည့် ကျိုးလုံမြို့ကို ချက်ချင်း ဟုန်းဟုန်းတောက်သွားစေသည်။
ဒါကပင် တခြားမင်းသားများ၏ ကြံစည်မှုများက ကျရှုံးခဲ့ကြပြီး န၀မမင်းသားက အိမ်ရှေ့မင်းစားအဖြစ် ဘိသိက်ခံရန်အတွက် ယခုအာမခံထားနိုင်ပြီဟုပင် ဆိုလိုနေသည်။
ကြားနေဂာအရာရှိများက န၀မမင်းသားနှင့် လျင်မြန်စွာ တန်းညှိလာကြ၏။
အချိန်တစ်ခုအထိ အဇူရာနဂါးခြံ၀င်းက ဈေးတစ်ခုပမာ လူပြည့်သိပ်ကျပ်နေခဲ့သည်။
န၀မမင်းသားဘက်တွင် ရှိနေပြီးသား အရာရှိများက အတိုင်းအတာတစ်ခုထက်ပို၍ပင် ပျော်ရွှင်နေကြသည်။
တခြားမင်းသားများအောက်က ၀န်ကြီးများအားလုံး၏ မျက်နှာထက်တွင်မူ ပူပန်မှုများနှင့် ပြည့်နှင်နေကြ၏။
တစ်ချို့မိသားစုများက ၀မ်းသာနေကြပြီး တစ်ချို့ကမူ ၀မ်းနည်းနေကြသည်။
နဂါးနီခြံ၀င်း!
တတိယမင်းသား လက်ထဲက ဖိတ်စာကို ကိုင်ရင်း ရုတ်တရက်ကျယ်လောင်စွာ ရယ်မောကာ သူ့မျက်လုံးများက အောက်က ဧည့်သည်များထံ ပြေးသွားပြီး ကျယ်လောင်စွာပြောသည်။
"ဒါငါ့ကိုလှောင်နေတာလား၊ ဒါမှမဟုတ် စစ်ကိုပွင့်ပွင့်လင်းလင်းကြေညာတာလား"
ဖိတ်စာပေါ်၌ န၀မမင်းသားက မကြာမီ အဇူရာနဂါးခြံ၀င်း၌ ကျိုးလုံမြို့၏ ပါရမီရှင်များအတွက် ပွဲတော်တစ်ခုကျင်းပတော့မည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
အသေးစိတ်ပြင်ဆင်မှုများရှိနေသည့်တိုင် န၀မမင်းသားပြန်လာပြီးနောက် ချက်ချင်းဆိုသလို သူဒီဖိတ်ကြားချက်ကို ရခဲ့သည်။
ဒါက လှောင်နေတာမဟုတ်ဘူးလား!
အောက်က ဧည့်သည်များက စိတ်ဖောက်ပြန်သည့်အသွင်ဖြစ်နေသည့် တတိယမင်းသားကို ကြည့်ရင်း ချွေးအေးများပင် ပြန်နေကြသည်။ ဤခန့်မှန်း၍ မရနိုင်သည့် တတိယမင်းသား၏ ဒေါသကို ကြောက်သည့်အပေါ် သူတို့စကားတစ်ခွန်းမှ မပြောရဲကြပေ။
တတိယမင်းသား ရုတ်တရက်တိတ်ဆိတ်သွားပြီး ဖိတ်စာအား အမွေးတိုင်တစ်တိုင်စာခန့် စိုက်ကြည့်နေပြီးနောက် စားပွဲပေါ် ဘုန်းခနဲရိုက်ကာ တင်ရင်း နှာခေါင်းရှုံ့သည်။
"ကောင်းပြီလေ၊ ညီလေးကိုး ဘယ်လိုလှည့်ကွက်တွေ လုပ်ချင်သလဲဆိုတာ ငါမြင်မှရတော့မယ်၊ လက်ဆောင်တစ်ခု ပြင်ဆင်လိုက်"
.....
ဖယောင်းနဂါးခြံ၀င်း!
ငွေလှံတစ်ချောင်းကို အချောသတ်နေသည့် ပထမမင်းသားမှာ လက်ကိုင်ကို ရုတ်တရက် ကိုင်လိုက်ပြီး ဖိတ်စာရှိရာသို့ ထိုးစိုက်ပစ်သည်။
"စစ်ရှုံးသွားတဲ့ ဗိုလ်ချုပ်ကို လှောင်ပြောင်ဖို့ ကြိုးစားနေတာလား" ပထမမင်းသား၏ အမူအရာက ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုအား ဖိနှိပ်ထားရသည့်အလား တင်းမာခက်ထန်နေသည်။
"ဒီကိစ္စကိုတောင် မဖြေရှင်းရပါဘူး၊ အရမ်းအောင်ပွဲခံမနေစမ်းပါနဲ့၊ မြောင်းထဲမှာ မမှောက်သွားဖို့ သတိထားပါ"
ပထမမင်းသားနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် ဆံပင်ရှည်နှင့်လူမှာပြုံး၍မေးသည်။
"အင်ပါယာအစ်ကိုကြီး၊ သွားဖို့ အစီအစဉ်မရှိဘူးလား"
"ဘာလဲ၊ ညီလေးငါးကသွားချင်လို့လား" ပထမမင်းသားနှာခေါင်းရှုံ့သည်။
"သွားရင်လည်း မျက်နှာပျက်ရမှာပဲလေ"
ပဉ္စမင်းသား လက်ထဲက ခေါင်းယပ်တောင်ကို ဖွင့်လိုက်ပြီး ထိုးစိုက်ခံထားရသည့် ဖိတ်စာကို ကောက်ကိုက်ရင်း အပြုံးဖြင့်ပြောသည်။
"ဒါပေမယ့် မသွားတာကပိုရှက်ဖို့ကောင်းတယ်လေ၊ ဘာပဲဖြစ်ဖြစ် သွားကြရအောင်"
ပထမမင်းသားနှာမှုတ်ရင်း ထွက်သွားလေတော့သည်။
"ဒါဆိုလည်းမင်းပဲသွားတော့၊ ငါသွားကျင့်ကြံတော့မယ်"
ပထမမင်းသား၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း ပဉ္စမမင်းသား အတွေးနက်နေသည်။
.....
နဂါးဖြူခြံ၀င်းက ကျိုးလုံမြို့၏ အခေါင်သီဆုံးအပိုင်းတွင်ရှိသည်။
ထိုနေရာ၌ လာရောက်လည်ပတ်သောသူဟူ၍ ရှားပါးပြီး တောင်များနှင့် ၀န်းရံနေကာ လျှိုစောက်များအကြားတွင် ရေတံခွန်မှရေများက ခြံ၀င်းလေးတစ်ခုဘေးရှိ ရေကန်လေးထဲသို့ ကျယ်လောင်စွာ စီးဆင်းနေသည်။
လက်တစ်ဆုပ်ခန့်ရှိသည့် အိမ်အကူများကသာ ခြံ၀င်းထဲတွင် လှုပ်ရှားနေကြ၏။
ဥယျာဉ်ထဲတွင် ရှည်လျားသည့် ဆံပင်ဖြူများ မြေပြင်ထိဖြာကျနေပြီး စင်ကြယ်သည့် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး သစ်ပင်များအား ဂရုတစိုက်ရေလောင်းနေသည်။
"မောင်လေးကိုးပြန်လာပြီလား"
သူမဘေးမှအိမ်ဖော်မလေးက အမူအရာကင်းမဲ့စွာပင် လက်အစုံကို ၀မ်းဗိုက်ရှေ့တွင် ကပ်ထားပြီး ခေါင်းညိတ်သည်။
"အရှင်မင်းသမီးကိုတင်ပြပါတယ်၊ သူ အဇူရာနဂါးခြံ၀င်းကို ပြန်ရောက်နေပါပြီ"
အမျိုးသမီးတစ်ဦးအနေနှင့် ထိုမိန်းကလေးက ဒုတိယမင်းသမီးဖြစ်လာခဲ့သည်။
ကျိုးပိုင်လုတွင် အလွန်အားကောင်းထူးခြားသည့်ပါရမီရှိပြီး လူအများစုမရောက်နိုင်သည့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်ဟု ဆို၍ရသည်။
"သူ့စိတ်နေစိတ်ထားအရဆိုရင် သူပြန်လာတာနဲ့ ပွဲတော်အတွက် ဖိတ်စာတစ်ခုကို ထုတ်ပြန်လိမ့်မယ်၊ ဟုတ်တယ်မလား" ကျိုးပိုင်လု၏ နှုတ်ခမ်းများက အပြုံးနှင့်အတူ ကွေးညွတ်သွားလေရာ ပရိသတ်များအမြင်၌ သူမ၏မယုံစရာကောင်းအောင် လှရက်သည့်အလှတရား၌ ပန်းများပွင့်နေသည့်အလားပင် ထင်ရသည်။
သူမဘေးက အိမ်ဖော်မလေးပင်လျှင် မကြည့်ဘဲမနေနိုင်ပေ။
ကျိုးပိုင်လုကို သံသယမရှိ တျန်းဂျီတိုက်၏ အလှဆုံးမိန်းကလေးဟု ယူဆ၍ရသည်။
မရေမတွက်နိုင်လောက်သည့် ပါရမီရှင်များက သူမအားချစ်မြတ်နိုးသွားရပြီး သူမနှင့် တစ်ခါက လက်ထပ်ရန်အတွက် လက်ကမ်းခဲ့သည့် မိုမိသားစုက ထိုလူလည်းပါ၀င်သည်။
ကံဆိုးစွာပင် သူတို့အားလုံးက ကျိုးပိုင်လု၏ ငြင်းပယ်ခြင်းကိုခံရသည်။
သူမဘေးက အိမ်ဖော်မလေးက ရွှေနှင့် ကွပ်ထားသည့် ဖိတ်စာလေးကို ထုတ်လာသည်။
"ဘယ်အရာကမှ အရှင်မင်းသမီးဆီက မလွတ်မြောက်နိုင်ဘူးဘဲ"
ကျိုးပိုင်လု ချီးမွမ်းစကားကို လျစ်လျုရှုထားပြီး ရေပုံးကိုချကာ ဖိတ်စာအား ယူပြီး အပြုံးဖြင့်ပြောသည်။
"နောက်မှ တစ်ယောက်ယောက်နဲ့ လက်ဆောင်ပို့ပေးလိုက်ပါ၊ ငါမသွားတော့ဘူး"
အိမ်ဖော်မလေးက အနည်းငယ်ရပ်သွား၏။
"အရှင်မင်းသမီးက မင်းသားကိုးကို ထောက်ခံတာမလား"
"ငါ့အတွက် မသွားဖို့ အကြောင်းပြချက်ကပိုများလာတယ်" ကျိုးပိုင်လု အနည်းငယ်ရယ်မောကာပြောသည်။
"အိမ်ရှေ့မင်းသားအဖြစ် ဘိသိက်ခံသေးခင် သူလုပ်သမျှတိုင်းက ဖခမည်းတော်ရဲ့ စိစစ်မှုအောက်မှာရှိတယ်၊ တကယ်လို့ ငါသာအခု သူ့ကို ထောက်ခံဖို့သွားမယ်ဆိုရင် သူ့ရဲ့ ထင်ပေါ်ကျော်စောမှုကို ခိုးယူသွားသလို ဖြစ်သွားလိမ့်မယ်"
"အရှင်မက အရာအားလုံးကို သေချာတွေးတောထားတာပဲ" အိမ်ဖော်မလေးက ပြန်ပြောပြီးနောက် ထွက်သွားရန်ပြင်ဆင်သည်။
ကျိုးပိုင်လု ပန်းပွင့်များနှင့်အပင်များကို ကြည့်ရင်း ရယ်မောနေမိသည်။
"ရှောင်ကျာ့ စိတ်၀င်စားစရာလူတစ်ချို့ကို ခေါ်လာတယ်လို့ငါကြားတယ်၊ သူစိတ်၀င်စားတယ်လို့ ပြောတဲ့သူတွေက အရမ်းနည်းပြီးတော့......."
....
နောက်တစ်နေ့တွင် အဇူရာနဂါးခြံ၀င်းက ကျိုးလုံမြို့၌ အသက်အ၀င်ဆုံးနေရာတစ်ခုဖြစ်လာသည်။
ဧည့်သည်များကို ဘက်ပေါင်းစုံမှ လက်ခံနေပြီး နဂါးကိုးကောင်နတ်မင်းဆက်၏ မရေမတွက်နိုင်လောက်သည့် လူငယ်ပါရမီရှင်များနှင့် ၀န်ကြီးများကလည်း အစွန်းလေးကို ဆုပ်ကိုင်ထားကြသည့်အလား ခြံ၀င်းထဲတွင် ပျားပန်းခတ်မတတ် စုရုံးနေကြ၏။
သူတို့အားလုံးက န၀မအင်ပါယာသားတော်လက်အောက်တွင် တာ၀န်ထမ်းဆောင်ရန်အတွက် စိတ်အားထက်သန်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူက အိမ်ရှေ့မင်းသားဖြစ်လာတော့မည်မဟုတ်ပေလော။
လမ်းတစ်လျှောက်ဘာမှမဖြစ်သရွေ့ အခြေခံအားဖြင့် သူက ဧကရာဇ်လောင်းဖြစ်သည်။
စားသောက်ပွဲ၌ ထိုင်ခုံတစ်ရာတိတိ စီစဉ်ထားသည်။
ထိုထိုင်ခုံများတွင် ထိုင်နိုင်သူများက ထိပ်တန်းအဆင့်ပါရမီနှင့် အံ့ဖွယ်ကျင့်ကြံများ သို့မဟုတ် နတ်မင်းဆက်၏ အရေးပါသော၀န်ကြီးများဖြစ်သည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက န၀မအင်ပါယာသားတော်အောက်ရှိ ပထမနေရာငါးနေရာ၌ ထိုင်နေကြလေရာ လူများစွာ၏ အာရုံက သူတို့ထံ ကျရောက်နေသည်။
ဒီမျက်နှာစိမ်းလူငယ်တွေက ရှေ့ဆုံးမှာ ထိုင်နေကြတာလား!
များသောအားဖြင့် ထိုနေရာများကို အဆင့်မြင့်အင်ပါယာ၀န်ကြီးများအတွက်သာ ထားရှိသည်။
န၀မမင်းသားက သူတို့ကို ဒီလောက်အလေးထားသည်မှာ မျှော်လင့်မထားသည့် အရာတစ်ခုပင်။
မုဖူရှန်းအားကိုးရာမဲ့သလို ခံစားရသည်။ အကြည့်များစွာ၏အောက်တွင်နေရခြင်းက သူ့အတွက် နှိပ်စက်ခံနေရခြင်းပင်။
အရမ်းထင်ရှားပေါ်လွင်လွန်းတယ်!
သူ့ဘေးက ဖုန်းယီမေးသည်။
"ဘာလို့မင်းသားကိုးမရောက်သေးတာလဲ"
မုဖူရှန်း မျက်လုံးလိမ့်လိုက်မိသည်။
"ဘာလို့လဲဆိုတော့ တကယ့်ဧည့်သည်တွေ မရောက်သေးလို့လေ"
တကယ့်ဧည့်သည်တွေ!
ဖုန်းယီထပ်မမေးနိုင်ခင်မှာပင် အပြင်ပက အော်ဟစ်သံများကို ကြားလိုက်ရသည်။
"အဲဒါ တတိယမင်းသားပဲ"
"ပြီးတော့ မင်းသားငါးလည်း ရောက်လာတယ်"
"ကြည့်ရတာ ဒီစားသောက်ပွဲက ဒရာမာ မဆန်လောက်တော့ဘူးထင်တယ်"
"ရုတ်တရက် ငါဒီကိုလာရတာကို နောင်တရမိသွားပြီ၊ နောက်ဆုံးတိုက်ပွဲက နီးကပ်လာသလို ခံစားနေရတယ်...."
ထိုအခိုက်အတန့်၌ မင်းသားကိုးကလည်း ပေါ်လာပြီး သူတို့အနားချဉ်းကပ်ကာ နွေးထွေးစွာရယ်မောသည်။
"အစ်ကိုသုံး၊ အစ်ကိုငါး၊ ရောက်လာကြပြီလား"
ဆံပင်နီနှင့် တတိယမင်းသား ရယ်မောရင်း ရှေ့ထွက်လာသည်။
"ငြိမ်းချမ်းစွာပြန်လာနိုင်ခဲ့တယ်ဆိုတော့ မင်းဒဏ်ရာများရထားသလားဆိုတာ ငါကြည့်ချင်လို့ပါ" ထို့နောက် သူမင်းသားကိုး၏ ပခုံးကို ညှစ်ကာရယ်မောသည်။
"ကောင်းတယ်၊ ဒါဆိုရင်တော့ အဆင်ပြေပါပြီ"
မင်းသားငါးကလည်း ခပ်ပေါ့ပေါ့ရယ်အောသည်။
"အပြန်ခရီးက သိပ်မချောမွေ့ဘူးလို့ ငါကြားခဲ့တယ်၊ မင်းတကယ့်ပြစ်မှုကျူးလွန်သူတွေကို တွေ့ပြီလား၊ နောက်ပိုင်းကျရင် 'အမုန်းမျက်နှာလောင်' ကို ငါကူပြောပေးရမလား"
အမုန်းမျက်နှာလောင်က ဘိုးဘေးနယ်ပယ်မှ စွမ်းအားရှင်တစ်ဦးဖြစ်ပြီး မင်းသားငါး၏ လက်ထောက်များထဲကတစ်ဦးဖြစ်သည်။
မင်းသားကိုးစိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်သော်လည်း မျက်နှာပေါ်၌မူ အရင်ကဖြစ်ပျက်ခဲ့သမျှ အရာတိုင်းကို မေ့သွားသည့်အလား ရိုးရှင်းသည့်အပြုံးတစ်ပွင့်ကို ထိန်းသိမ်းထားသည်။
"ကျွန်တော်တို့ ပြစ်မှုကျူးလွန်သူကိုတော့ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် အစ်ကိုငါး မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့တကယ် လုပ်တဲ့အခါကျရင်တော့ သူ့ဆီပနေ ဆယ်ဆ၊ မဟုတ်ရင်လည်း အဆတစ်ရာလောက် ကျိန်းသေပေါက် ညှစ်ထုတ်ယူပစ်မယ်"
သူတို့သုံးယောက်စကားပြောနေစဉ် ကောင်းမွန်သည့် ဆက်ဆံရေးများရှိသော ညီအစ်ကိုများအလားထင်ရသည်။
သို့သော် တက်ရောက်သူများအနက် အမြင်အာရုံမကောင်းသူ မည်သူရှိသနည်း။ အားလုံး ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားရသည်။
သူတို့စကားဝိုင်းကို နားထောင်ရခြင်းက တိုက်ရိုက်တိုက်ပွဲတစ်ခုထက် ပိုအေးစက်လှသည်။
ဤညီအစ်ကိုသုံးယောက်၏ နက်ရှိုင်းလှသည့် ပရိယာယ်က ထိုပြောဆိုမှုများမှတဆင့် ထင်ရှားနေသည်။
ဖုန်းယီကတော့မပါပါ။ သူမက စိတ်ရှုပ်ထွေးနေပုံရပြီး မေးသည်။
"သူတို့ကရန်သူတွေမဟုတ်ဘူးလား၊ ဘာလို့ အဆင်ပြေနေပုံပေါ်နေတာလဲ"
မုဖူရှန်း "....."
ကြည့်ရတာ ဒီတစ်ယောက်ကတော့ ကျွမ်းကျင်မှုအမှတ်တွေကို နေရာမှားချမိပြီး တိုက်ခိုက်ရေးစွမ်းအားအပေါ် အားလုံးကို အာရုံစိုက်ချလိုက်ပုံပဲ!