လျိုယွီရှင်း ကို တိုက်ခိုက်ခြင်း
Vol. 15 Ch. 223
လျိုယွီရှင်း
ကျိုးခွေ့ ၏စကားကိုကြားသောအခါ ယီယွင် တွေဝေသွား လေသည်။ ကျိုးခွေ့ ၏စကားများအရ လျိုယွီရှင်း သည် အလွန်အားကောင်းသည်ဟု ဆိုလိုသည်မှာ ရှင်းရှင်းလင်းလင်းပင်၊ သို့မဟုတ်ပါက ကျိုးခွေ့သည် ထိုအကြောင်းကို မိမိအား အလောတကြီးပြောနေမည် မဟုတ်ပေ။
လူသစ်များထဲတွင် ယီယွင် သည် ချူရှောင်ရန် နှင့် ချိုးနျို တို့လောက်သာ သိသည်။ ယီယွင်သည် စတုတ္ထနေရာနောက်မှ သန်မာသောလူသစ်များ အကြောင်းကို ဘာမှမသိရှိပါ။
အဘယ်ကြောင့်ဆိုသော် ယီယွင် သည် နတ်မြို့တော်သို့ ရောက်ရှိချိန်မှ စ၍ ဆေးဖက်၀င်အပင်များ ရှာဖွေခြင်း သို့မဟုတ် ကျင့်ကြံခြင်းတို့နှင့် သာ အချိန်ကုန်နေခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို ယီယွင် သတိမထားမိသည့်အတွက် လူအနည်းစုအကြောင်းလောက်သာ သူသိသည်။
"လျိုယွီရှင်း က အရမ်းသန်မာနေသလား"
"ဟုတ်တယ် သူက မြို့စား လျို ရဲ့သားပါ။ သူက စစ်မြေပြင်တောင် ရောက်ဖူးနေပြီ၊ သတ်ဖြတ်မှုတွေလဲ လုပ်ဖူးတယ်၊ ပြီးတော့ လူသစ်တွေကြားမှာ အဆင့်ခြောက်နေရာမှာ ရှိနေတယ်။"
လူသစ်တွေကြားမှာ အဆင့်ခြောက်နေရာ…
ထိုအဆင့်ကို ကြားလိုက်သောအခါ ယီယွင် က သာမာန်မျှပင် ထင်ခဲ့မိသည်။
သို့သော် ကျိုးခွေ့ ၏အမူအရာမှာ လျိုယွီရှင်း သည် ကောင်းကင်ဘုံကို အံတုနိုင်သော စွမ်းအားရှင်တစ်ဦးသကဲ့သို့ဖြစ်နေလေသည်။ ယီယွင် က သူ့အား ထိတ်လန့်ဟန်မပြဘဲ အသာလေး ခေါင်းညိတ်လိုက်ကာ “ဒါဆို အင်အားကောင်းတဲ့သူပဲဖြစ်မယ်…”
"ကောင်းရုံတင်မကဘူး လျိုယွီရှင်းမှာ 'ကြယ်ခူးလက်' ဆိုတဲ့ ယုတ်မာတဲ့ တိုက်ခိုက်နည်းတစ်ခု ရှိတယ်။ အဲဟာကို သတိထားရမယ်။ အဲဒါက လူကို မမြင်နိုင်တဲ့ နည်းလမ်းနဲ့ ခြေလှမ်းတစ်ရာအကွာကနေတောင် သေစေနိုင်တယ်"
ကျိုးခွေ့ သည် 'ကြယ်ခူးလက်' နှင့် ပတ်သက်၍ အချို့သော အရာများကို သိသော်လည်း အသေးစိတ်ကိုတော့ သိရှိခြင်းမရှိပေ။
"ကြယ်ခူးလက်"
ယီယွင် ထိုကျင့်ကြံခြင်းနည်းစနစ်ကို တစ်ခါမှ မကြားဖူးပေ။ အကွာအဝေး ခြေလှမ်းတစ်ရာကျော်က မမြင်နိုင်သော နည်းလမ်းဖြင့် လူသတ်နိုင်ခြင်းမှာ ထူးဆန်းလှသည်။
သို့သော် ထူးထူးဆန်းဆန်း အစွမ်းထက်နေခြင်းတော့ မဟုတ်ပါပေ။ 'တိုင်အာ နတ်ကျင့်စဉ်' သည် တိုင်အာ နတ်မြို့တော် တွင် နံပါတ်တစ် ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်မှာ သေချာသည်။ ထိုကျင့်စဥ်အား ကျင့်ကြံရန် အခွင့်အလမ်းရရှိရန်ပင် အလွန်ခက်အခဲလျက်ရှိလှပေသည်။
နှစ်သန်းပေါင်း များစွာအတွင်း မရေမတွက်နိုင်သော ပညာရှိများသည် 'တိုင်အာ နတ်ကျင့်စဉ်' ကို သင်ယူခဲ့ပြီး ထိုကျင့်စဥ်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဥာဏ်နှင့် ထိုးထွင်းသိမြင်မှုတို့ကို ထည့်သွင်းပေါင်းစပ်နိုင်သည့် စွမ်းရည်ရှိသူများပင် ပေါ်ပေါက်ခဲ့ဖူးသည်။
တကယ်တမ်း 'တိုင်အာ နတ်ကျင့်စဉ်'တွင် အခြေခံနိယာမ အမှန်တရားများကို ပေါင်းစပ်နိုင်သူများဟာ အကြီးမားဆုံးသော က၀ိအဆင့် ကျွမ်းကျင်သူများပင် ဖြစ်သည်။ ထိုသို့သော ကဝိအဆင့်ရှိသော ပညာရှင်များသည် တိုင်အာ နတ်မြို့တော် တွင် မျိုးဆက်တိုင်း ပေါ်ထွန်းနိုင်သော ပုဂ္ဂိုလ်များ မဟုတ်ပေ။
ယီယွင် ပြိုင်ကွင်းထဲကို ရောက်သွားသောအခါ ယခင်နေ့ကထက်ပို၍ လာရောက်သူများ များပြားလျက်ရှိသည်ကို တွေ့ရသည်။
တိုင်အာနတ်မြို့တော် မှ ဒုတိယနှစ်နှင့် တတိယနှစ် ကျင့်ကြံသူ အများအပြားပင် ပြိုင်ပွဲကို ကြည့်ရှုရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
မနေ့က ယီယွင် ၏ ပြောင်မြောက်သော စွမ်းဆောင်မှုသည် တိုင်အာနတ်မြို့တော်ရှိ လူသစ်အသိုင်းအ၀ိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
ယီယွင် ၏ စွမ်းဆောင်မှုသည် ယန်းချန် နှင့် ယောင်တာအို တို့ကဲ့သို့သော ယွမ် အုတ်မြစ်ချနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော စီနီယာ ကျင့်ကြံသူများ၏ အာရုံစိုက်ခံရသည့် အခြေအနေတော့မဟုတ်သေးပေ။ သို့သော် အဆင့် ၂၀၀၀-၃၀၀၀ ကြားရှိ ကျင့်ကြံသူများကြားတွင် ယီယွင်မှာ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေလေသည်။
တစ်နှစ်မပြည့်မီတွင် ယီယွင် သည် ၎င်းတို့၏ အဆင့်နေရာကို ရောက်ရှိလာမည်ဖြစ်သည်။ အနာဂတ်ပြိုင်ဘက်အား အာရုံစိုက်ထားခြင်းမှာ မှားယွင်းသော လုပ်ရပ်မဟုတ်ပေ။
" ယီယွင်မလား"
ယီယွင် ပေါ်လာသည်နှင့် ချက်ချင်းပင် လူအများ၏ အာရုံမှာ ယီယွင်ဆီသို့ ရောက်ရှိသွားသည်။ တိုင်အာနတ်မြို့တော် တွင် ယီယွင်ကဲ့သို့ ပေါ်လွင်သော လူငယ်မျိုးမှာ ရေတွက်၍ပင်ရသည်။
"လျိုယွီရှင်း လာပြီ။ အဲဒါ လျိုယွီရှင်း"
အဖြူရောင်ဝတ် လူငယ်တစ်ဦး ပြိုင်ကွင်းထဲသို့ လမ်းလျှောက်လာ လေသည်။
လျိုယွီရှင်း သည် နူးညံ့သိမ်မွေ့ကာ အလွန်သန့်ပြန့်နေလျက်ရှိသည်။ ပေကျံခြင်းအစင်းမရှိသော အဝတ်အစားများနှင့် ဖိနပ်များသည် သန့်ရှင်းတောက်ပြောင်နေလျက် ရှိသည်။
လျိုယွီရှင်း သည် ယီယွင် ကို တစ်ချက် တစ်ချက်မျှကြည့်လိုက်ပြီး နောက်ထပ်မံ ကြည့်ရှုခြင်း မရှိတော့ပေ။ ၎င်း၏ထိုင်ခုံတွင် ထိုင်ကာ အာရုံစူးစိုက်မှုများကို ပြုလုပ်လျက်ရှိသည်။ ပတ်ဝန်းကျင်က အရာအားလုံးကို ဂရုမစိုက်ဘဲ၊ မာနထောင်လွှားသော ဟန်ပန်ကို ပြသနေသည်။
ယီယွင် သည် သူ့၏စိတ်ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ်အသုံးပြုကာ နတ်မျက်လုံးနှင့် မီတာသုံးဆယ်ကျော်အကွာအဝေးမှ လျိုယွီရှင်း ကို တိတ်တဆိတ်ကြည့်ရှုခဲ့သည်။
နတ်မျက်လုံးကို ဖန်ဆင်းပြီးနောက်တွင် ယီယွင် သည် လူတစ်ဦး၏ခန္ဓာကိုယ်အတွင်း ယွမ်ချီ အပြောင်းအလဲကို အကြမ်းဖျင်းသိမြင်နိုင်ကာ ယင်းမှ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းနိုင်ခဲ့သည်။
"သူက ခရမ်းရောင်သွေးနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိသင့်တယ်..."
ယီယွင် သည် လျိုယွီရှင်း ၏ ကျင့်ကြံမှုအဆင့်သည် မိမိထက် အနည်းငယ် ပိုမြင့်သည်ဟု ခံစားမိသောကြောင့် ၎င်းသည် ခရမ်းရောင်သွေးနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခြင်းဟု ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
လူသစ်အဆင့်သတ်မှတ်ပွဲများ အတွက် ဒုတိယနေ့ ယှဉ်ပြိုင်မှု တရားဝင် စတင်ပါပြီ…
ယီယွင် ၏ ပထမဆုံး ပြိုင်ဘက် တချို့မှာ ချက်ချင်းပင် လက်လျှော့ အရှုံးပေး လိုက်ကြသည်။
"နတ်အရိုင်းမြေ စင်မြင့်၊ ၁၀,၀၀၃ ယီယွင်၊ ၁၀,၀၀၆၊ လျိုယွီရှင်း ယှဉ်ပြိုင်ရန် စင်မြင့်ပေါ် သို့ လာပါ"
ဒိုင်လူကြီးသည် နတ်အရိုင်းမြေ စင်မြင့်ပေါ်၌ ကျယ်လောင်စွာ ကြေငြာလိုက်သည်။
"သူတို့ ထလာပြီ"
ယှဉ်ပြိုင်နေဆဲဖြစ်သော ပွဲများကို ဂရုမစိုက်ခြင်းမရှိတော့ပဲ အချင်းချင်း သီးသန့် တီးတိုးပြောဆိုခြင်း၊ ဆွေးနွေးငြင်းခုန်ခြင်းများ ပြုလုပ်နေလျက်ရှိသည်။ ယခုတွင် လူအားလုံးသည် နတ်အရိုင်းမြေ စင်မြင့် ပေါ်သို့သာ အာရုံစိုက်လျက်ရှိကြသည်။
ပြိင်ကွင်းထဲရှိ လူအများမှာ ယီယွင် နှင့် လျိုယွီရှင်း တို့၏ ပွဲကို ကြည့်ရှုရန် ကွင်းထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။
နောက်ဆုံးတော့ ပြိုင်ပွဲ စတင်ချေပြီ။
လျိုယွီရှင်း ၏အဝတ်အစားများသည် လေထဲတွင် လွင့်ပျံလာသည်။ ကျော့ရှင်းသော ငန်းတစ်ကောင်ကဲ့သို့ ၎င်းသည် စင်မြင့်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။ ထိုကဲ့သို့ ညင်သာစွင် ဆင်းသက်ခြင်းဖြင့်ပင် လူအများအတွက် အံ့အားသင့်စရာဖြစ်နေလေသည်။
ခရမ်းရောင်သွေးစစ်သည်များသည် ပျံသန်းနိုင်စွမ်းမရှိသော်လည်း လျိုယွီရှင်း ၏ ညှင်သာစွာ ဆင်းသက်ခြင်းမှာ ပျံသန်းခြင်းနှင့်မတူပေ။
ယီယွင် စင်မြင့်ပေါ်တက်လိုက်သည်။ လျိုယွီရှင်းနှင့် မီတာသုံးဆယ်အကွာ ၎င်း၏ရှေ့တည့်တည့်တွင် ရပ်နေလေသည်။
လျိုယွီရှင်းမှာ လက်ကို အနောက်သို့ ပို့ထားကာ ခေါင်းကို အနည်းငယ် စောင်းထားလေသည်။
ထို့နောက် ယီယွင် ကို တချက်ကြည့်ကာ အေးဆေးစွာပင် "မင်းနိုင်ပွဲတွေကို ရပ်ပေးဖို့ တစ်စုံတစ်ယောက်က ငါ့ကို မှော်နဂါးကြေးပြား ၈၀၀၀ ပေးထားတယ်။ ဒါကြောင့် ဒီနေ့ ဒီစင်မြင့်ပေါ်မှာ ငါရပ်နေရတာ မင်းကို စိန်ခေါ် ဖို့ စိတ်ဝင်စားလို့ တော့မဟုတ်ဘူး..."
ထိုသို့ပြောနေစဉ် လျူယွီစင်၏လက်ထဲတွင် ဓားတစ်ချောင်းပေါ်ထွက် လာလေသည်။
ထိုဓားမှာ မျက်လှည့်ပြသကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ လျိုယွီရှင်း သည် ဓားကို ပေါ့ပါးစွား လွှဲလိုက်ကာ ယီယွင်ဘက်သို့ ချိန်ရွယ်လိုက် လေသည်။ ဓားမှာ ၎င်း၏ ဓားအိမ်အတွင်းမှာပင် ရှိနေသေးသည်။
လျိုယွီရှင်း က သူ့ဓားကို ဓားအိမ်အတွင်းမှ မထုတ်ဘဲ "စကြရအောင်။ မင်းက ငါရဲ့ ဓားအိမ်ထဲက မထုတ်ထားတဲ့ဓားကို ဆယ်ခါရွေ့အောင်လုပ်ပြီး ငါ့ရဲ့ ဓားချက် သုံးခါကိုခံနိုင်ရင် မင်းကို လျို မိသားစုရဲ့ လျှို့ဝှက်နည်းကို ပြပေးမယ်"
လျို မိသားစု၏ဘိုးဘေးများသည် 'ကြယ်ခူးလက်' ကို အလွယ်တကူ အသုံးမပြုရန် ညွှန်ကြားထားပြီး၊ ထိုကျင့်ကြံခြင်း နည်းစနစ်၏ အကျိုးသက်ရောက်မှုများကို လူများမမြင်စေလိုသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဖြစ်နိုင်လျှင် လျိုယွီရှင်း သည် ယီယွင် ကို အနိုင်တိုက်ရန် 'ကြယ်ခူးလက်' ကို အသုံးမပြုချင်ပေ။
လျိုယွီရှင်းပြောသမျှအား ရောက်ရှိလာသူတိုင်း ကြားနေရသည်။ လျိုယွီရှင်းမှာ အမှန်တကယ် မာနကြီးပေသည်။
ယီယွင်နှင့် ရင်ဆိုင်ရန် သူ့ဓားကို မထုတ်ချင်ပေ။
ယီယွင် သည်လည်း ခေသူမဟုတ်ပေ။ ယခင်က အနိုင်ကျင့်သူလေးပါးကို အနိုင်ယူခြင်းဖြင့် ၎င်း၏ ထူးကဲလှသော အစွမ်းသတ္တိကို သက်သေပြခဲ့ပြီးဖြစ်သည်။
သို့သော် လျိုယွီရှင်း သည် ယီယွင်၏ပွဲစဥ်များကို တွေ့မြင်ဖူးပြီးဖြစ်သည်။ ယခု ထိုသို့စကားများကို ပြောဆိုခြင်းမှာ ယီယွင်၏ ခွန်အားက သူ့အတွက် ခြိမ်းခြောက်ရန်ပင် မလုံလောက်ဟု ဆိုလိုခြင်းဖြစ်သည်။။
ယခုတိုက်ပွဲ၏ ရလဒ်မှာ ယီယွင် လျှို့ဝှက်ထားသော အင်အား မည်မျှရှိသလဲ ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
ယီယွင်တွင် တခြား ဖုံးကွယ်ထားသော စွမ်းရည်များ မရှိတော့ပါက ထိုတိုက်ပွဲတွင် ရှုံးနိမ့်မည်သာဖြစ်သည်။
လျိုယွီရှင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
တိုင်အာ နတ်မြို့တော်သို့ ရောက်ရှိလာသော လူသစ်၂၀၀၀မှ အားလုံးကို လက်ရွေးစင်များဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ၎င်းတို့ကြားထဲတွင် ကြီးမားသော ကွာဟများ ရှိနေသေးသည်။ လူသစ်များကြားထဲမှ ထူးခွန်သူများသည် တိုင်အာနတ်မြို့တော်တွင် သုံးနှစ်ကျော် လေ့ကျင့်သင်ကြားခဲ့သော စီနီယာ ကျင့်ကြံသူတချို့ထက် အားနည်းသည်တော့ မဟုတ်ပေ။
"မင်းရဲ့ဓားအိမ်ထဲကဓားကို ဆယ်ခါတောင် ရွေ့ဖို့လား…" ယီယွင် ပြုံးလိုက်သည်။ ယီယွင် ညာဘက်လက် လက်သူကြွယ်ရှိ သိုလှောင် လက်စွပ်ကို ထိလိုက်ကာ ကောင်းကင် ချုပ်နှောင်အား ဘယ်ဘက်လက်ဖြင့်ထုတ်ယူ လိုက်လေသည်။
ယီယွင်၏ လုပ်ရပ်ကို မြင်လိုက်ရသော လူတော်တော်များများမှာ ခဏမျှ စိုက်ကြည့်နေကြသည်။
ကောင်းကင် ချုပ်နှောင် ငါမြင်နေရတာ မှန်ကောမှန်ရဲ့လား။
ဒီအချိန်မှာတောင် ဒီကောင် က အုတ်ခဲကိုသုံးနေသေးလား။
လျိုယွီရှင်း နဲ့ ပွဲကို ရင်ဆိုင်ဖို့ အုတ်ခဲကို အသုံးပြုဖို့ စဉ်းစားနေတာလား။
ယီယွင်က လျိုယွီရှင်း စွမ်းရည်နဲ့လူကို အနိုင်ကျင့် သခင်လေးပါး တုန်းကလို့ အုတ်ခဲနဲ့ ထပ်ထုဖို့ လုပ်နေတာလား။
သူရူးသွားပြီလား…
ကောင်းကင် ချုပ်နှောင် ကို လက်ထဲတွင်ကိုင်ထားကာ ယီယွင် က လက်ကောက်ဝတ်အကြောများကို ဖြည်လိုက်ရင်း " မင်းက ငါရဲ့ ဓားအိမ်ထဲက မထုတ်ထားတဲ့ဓားမောက်ကို ဆယ်ခါရွေ့အောင်လုပ်ပြီး ငါ့ရဲ့ရိုက်ချက် ၃ချက် ခံနိုင်ရင် ငါသိပ်မကြာခင်က သင်ထားတဲ့ နည်းစနစ်ကို မင်းမြင်ခွင့်ပေးမယ်"
ယီယွင် သည် လျိုယွီရှင်း ၏ စကားများကို ပြုပြင်ပြောင်းလဲခြင်း မရှိပဲ ပြန်ပြောလိုက်လေသည်။
လျိုယွီရှင်းလည်း တွေဝေသွားလေသည်။
"မင်း ဘာပြောလိုက်တာ"
လျိုယွီရှင်းမှာ ဒေါသကြောင့် နဖူးတွင် သွေးကြောများ ထောင်တက်လာကာ မျက်နှာတစ်ခုလုံး နီရဲလာ လေ၏။
လျိုယွီရှင်းမှာ အများနှင့်မတူ တမူထူးသူဖြစ်သည်။ယီယွင် တကယ်ကို သန်မာသည်ကို သိသော်လည်း လျိုယွီရှင်းမှာ ထိုသို့ပြောနေကြဖြစ်သည်။ သို့သော် ယီယွင် က သူထက်ပို တမူထူး နေမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ယီယွင်သည် ထိုကဲ့သို့သော အပြုအမူမျိုးဖြင့် သတ္တိရှိရှိ ပြောဆိုနိုင်ခဲ့သည်။
လျိုယွီရှင်း သည် သူ့ဓားကို ဓားအိမ်မှ မထုတ်သော်လည်း၊ ဓားကို အသုံးမပြုဟု မဆိုလိုပေ ဓားအိမ်အတွင်း၌ပင် ရှိနေသေးသော်လည်း ဓားတစ်စင်းသည် အုတ်ခဲတစ်လုံးထက် များစွာပို၍ အစွမ်းထက်သည်။
"မင်းက မင်းရဲ့ဓားအိမ်ထဲက ဓားမောက်ကို ဆယ်ခါရွေ့ပြီးမှ မင်းရဲ့ ကျင့်ကြံနည်းစနစ်ကို မင်း ငါ့ကို ပြမှာ ဟားဟား..." လျိုယွီရှင်း က ဒေါသဖြင့် ရယ်လိုက်သည်။ ၎င်းသည် လျို မိသားစု၏ 'ကြယ်ခူးလက်' ကို ယီယွင် အား သရုပ်ပြရန် ဆန္ဒရှိသော်လည်း ယီယွင် က ထိုသို့စကားကို ပြန်လည်ပြောဆိုခဲ့သည်။ ‘ကြယ်ခူးလက်’အား နှိုင်းယှဉ်မည့် ဘယ်လို ကျင့်ကြံခြင်းနည်းစနစ်မျိုး ယီယွင်တွင်ရှိ နေသနည်း။
လျိုယွီရှင်း က မိမိ၏ 'ကြယ်ခူးလက်'နည်းစနစ်ကို ယီယွင်က စော်ကားလိုက်သည့်ဟု ခံစားလိုက်ရသည်။
"သေပေတော့"
လျိုယွီရှင်း က ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်သည်။ ကွင်းအလယ်ရှိ ငြိမ်သက်နေသော နတ်အရိုင်းမြေ စင်မြင့်မှာ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကြောင့် ချက်ချင်း လှုပ်ခါသွားလေသည်။
ဓား ချီ ကိုစုစည်းကာ အထိန်းအကွပ်မဲ့ ပစ်လွှတ်လိုက်သည်။
လျိုယွီရှင်း သည် သရဲတစ္ဆေသဖွယ် ယီယွင် ရှေ့၌ ပေါ်လာသည်။
ထိုအမျှပြင်းထန်သောလေသည် လျိုယွီရှင်း၏ လှုပ်ရှားမှုစွမ်းရည်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်တစ်ခုပင်။
“၀ှီး”
လျိုယွီရှင်း သည် ယီယွင် ၏လည်ပင်းတည့်တည့် ထိုးသွင်းလိုက် လေသည်။ ဓားအိမ်ပါသော်လည်း ၎င်း၏တိုက်ခိုက်နိုင်စွမ်းကို တားဆီးမရပေ။ လျိုယွီရှင်း ၏ ယွမ်ချီ သည် ထိုဓားအိမ်အတွင်းတွင် စိမ့်ဝင်နေသဖြင့် ဓား၏စွမ်းအားမှာ ကြောက်ခမန်းလိလိပင်။
"ချာ ချာ ချာ"
ဓားမရောက်မီ တုန်ခါနေသော ဓားချီကြောင့် ခရမ်းရောင်အဖြိုက်နက် ကြမ်းပြင်တွင် ဓားဖြင့် လှီးဖြတ်ထားသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ခုတ်ရာများ ထွက်ပေါ်လာလေသည်။
ခရမ်းရောင်အဖြိုက်နက်သည် အလွန်မာကျောသော်လည်း ဓားချီကြောင့် ခုတ်ထစ်ရာများ ထင်ကျန်စေခြင်းဖြစ်သည်။ထိုအချက်နှင့်ပင် လျိုယွီရှင်း ၏ တိုက်ခိုက်မှုသည် မည်မျှ ပြင်းထန်ကြောင်း သိသာစေသည်။
ဓား အနားရောက်လာသည်ကိုမြင်အခါ ယီယွင် က နောက်ပြန်ဆုတ်လိုက်ပြီး လက်ထဲရှိ ကောင်းကင် ချုပ်နှောင်နှင့် ကာလိုက်လေသည်။
"တန် "
ဓားခုတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ယီယွင် သည် ကောင်းကင် ချုပ်နှောင်မှာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ အထိန်းအကွပ်မဲ့ ဓားချီ သည် ကောင်းကင် ချုပ်နှောင်အား တိုက်ရိုက်ထိမှန်သွား လေသည်။
ကာလိုက်တယ်…
လူအများမှာ အံ့သြသွားကြသည်။ ယီယွင် သည် လျိုယွီရှင်း ၏ဓားချီ ကို တားဆီးရန် ကောင်းကင် ချုပ်နှောင် အားအသုံးပြုခဲ့သည်။ ပထမဆုံး လှုပ်ရှားမှာ ပြီးဆုံးသွားပြီဖြစ်သည်။
"ဟမ်"
လျိုယွီရှင်း ၏ မျက်လုံးများအတွင်းတွင် ကြောက်စရာကောင်းသော အကြည့်တစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင် ချုပ်နှောင် ကဲ့သို့သော သေးငယ်သော လက်နက်မှာ လူကို ထိမှန်ရန်ပင် ခဲယဉ်းလှသည်။၎င်းကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ယီယွင် မှာ မိမိ၏တိုက်ခိုက်မှုကို တားဆီးရန်အတွက် အမှန်တကယ်ပင် အသုံးချနိုင်ခဲ့သည်။
"တောင်ပိတ်လှောင်"
လျိုယွီရှင်း ၏ လှုပ်ရှားမှု ပြောင်းလဲသွားပြီး ယီယွင် ပေါ်သို့ ဓါးအလင်းတန်းများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ။
ပြိုးပြိုးပြက်ပြက်ထနေသော ဓါးအလင်းတန်းများသည် လေနှင့်အတူ ရောယှက်သွားလေသည်။ ဓားထက် ၎င်းမှထွက်လာသော အလင်းတန်းများကိုသာ မြင်ရလေသည်။ ဓားအိမ်အတွင်းမှဓားသည် ထိုမျှများပြားလှသော ဓါးအလင်းတန်းများကို ထုတ်လွှတ်နေသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ဓါးအလင်းတန်းများသည် ကိုးမီတာအတွင်း ဖုံးလွှမ်းထားသည်။ ထိုကိုးမီတာအတွင်းရှိ အရာအားလုံးနီးပါးသည် လျိုယွီရှင်း ၏ အကြွင်းမဲ့ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်သည်
ယီယွင်မှာ ထိုထိန်းချုပ်မှု အောက်တွင် ရှိနေသည်။ ထိုအတွင်း၌ ယီယွင်မှာ အဆုံးမဲ့ဓားဖြင့် တိုက်ခိုက်ခြင်းကို ခံရနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း ဓားချက်တစ်ရာကို ထုတ်ပေးနိုင်သည်။
"အရှိန်နဲ့ ပြိုင်နေတာလား" ယီယွင် ပြုံးလိုက်သည်။ယီယွင် အရှိန်နှင့်ယှဉ်ပြိုင်မှုမျိုးကို ဘယ်တုန်းကမှ ကြောက်ရွံခြင်းမရှိခဲ့ပေ။