ကျီထင်ယွီ
Vol. 1 Ch. 12
ပုလဲမှုန်အစည်းအရုံးဗိမ္မာန်၏ အပေါ်ဆုံးထပ်သည်လည်း အလွန်ကျယ်ဝန်းပေသည်။ သို့သော် ထိုနေရာတွင် ခမ်းနားသော ဗိမ္မာန်ငယ်လေး တစ်ခုသာ ရှိသည်။ ကျန်နေရာတစ်ခုလုံးသည် အမည်မသိသော အဝါရောင် ပန်းပွင့်ငယ်များဖြင့်သာ ပြည့်နေခဲ့သည်။ နေရောင်ခြည်သည် ပန်းပွင့်များအပေါ်ဖြာကျသော အချိန်မျိုးဆိုလျှင် မြင်ကွင်းသည် ထူးဆန်းသော အိပ်မက်နှယ် ရွှေရောင် တလက်လက်ဖြာနေတတ်သည်။
ထိုနေရာသည် ပုလဲမှုန်အစည်းအရုံးဗိမ္မာန်မှ ဝန်ထမ်းများအတွက်တောင် တားမြစ်နေရာဖြစ်သည်။ အပေါ်ဆုံးထပ်သို့ လူငါးယောက်မှ လွဲ၍ လာခွင့်မရှိပေ။
ဒုတိယတန်းစားအဆင့် အဂ္ဂိရတ်ပညာရှင်... သခင်ဟဲသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။
သခင်ဟဲသည် လှေကားထစ်များကို မြန်ဆန်စွာ တက်လာပြီးနောက် အပေါ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့သည်။ တစ်ချက်မျှကြည့်ရှုပြီးနောက် သူ့မျက်လုံးများသည် အပေါ်ဆုံးထပ်ရှိ ခမ်းနားသော အဆောင်ငယ်လေးထဲတွင် ထိုင်နေသော အဝါရောင်ဝတ်စုံဝတ် မိန်းမပျိုလေးထံတွင် ရပ်တန့်သွားခဲ့သည်။ ထိုမျက်လုံးများသည် ချစ်ခင်လေးစားမှုတို့ဖြင့် လွှမ်းသော အကြည့်ကို ဖော်ပြနေခဲ့သည်။
သူမသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနှစ်နှစ်ခန့်သာ ရှိသည်ဟုထင်ရသော လှပသည့် မိန်းမပျိုလေးဖြစ်သည်။ သူမ၏ မျက်နှာသွင်ပြင်အမူအရာများသည် ရှောင်နူထက် အဆပေါင်းများစွာ ပို၍ နူးညံ့သိမ်မွေ့ပုံ ပေါ်လေသည်။ ခန္ဓာကိုယ်နှင့်အညီ အနေတော်ဖြစ်နေသော အဝါရောင်ဖျော့ဖျော့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သူမသည် ပန်းများဝန်းရံနေသည့် အဆောင်ငယ်လေးထဲတွင် စာအုပ်တစ်အုပ်ဖတ်ရင်း ထိုင်နေခဲ့သည်။ သူမ၏ လက်ထဲတွင်တော့ စာအုပ်ကို ကိုင်ထားကာ သူမဘေးတွင်တော့ အငွေ့များ ဝေ့ဝဲနေသည့် လက်ဖက်ရည် ပူပူတစ်ခွက် ရှိနေခဲ့သည်။ သူမသည် သူမကို ဝန်းရံနေသော ပန်းများအားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသော ပန်းများကြားမှ ဘုရင်မတစ်ပါးသဖွယ် ကျက်သရေရှိမှုနှင့် ပြီးပြည့်စုံမှုကို ပေးစွမ်းနိုင်လေသည်။
သူမတွင် ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် အကြည့်ကို ပေးသော တစ်လက်လက်တောက်ပနေသည့် ပုလဲနက်သဖွယ် မျက်ဝန်းအိမ်များနှင့် လှပသော ဇာမဏီ မျက်လုံးတစ်စုံ ရှိလေသည်။ တစ်ယောက်ယောက် သူမဆီ အလျင်စလိုလာနေသည်ကို သိသောအခါ သူမသည် ရှည်လျားလှပသော မျက်ခုံးများကို ခပ်ပါးပါးပင့်တင်လိုက်ရင်း စာအုပ်ကို ချလိုက်ခဲ့သည်။ မော့ကြည့်ပြီးသောအခါ သူမသည် ပေါ့ပါးသော အပြုံးတစ်ခုပေးလိုက်ရင်း မေးလာခဲ့သည်... .
"အဖိုးဟဲ... အဖိုးက အလျင်စလိုလမ်းလျှောက်လာတယ်... တစ်ခုခုများမှားနေတာလား"
သခင်ဟဲသည် အဆောင်ငယ်လေးထဲသို့ လမ်းလျှောက်ဝင်လာခဲ့ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းရီဆီမှ သူယူလာခဲ့သော အနက်ရောင် ဆေးလုံးတစ်လုံးကိုသာ လှပသော မိန်းကလေးဆီ ကမ်းပေးလိုက်ခဲ့သည်။ မိန်းမပျိုလေး၏ ကျောက်စိမ်းဖြူနှယ် လက်ချောင်းနှစ်ခုက ဆေးလုံးကို ယူလိုက်ပြီး အသေးစိတ် စစ်ဆေးခဲ့သည်။ သူမသည် နှာခေါင်းအနီးသို့ယူ၍ပင် အနံ့ကိုပါ စစ်ဆေးခဲ့လိုက်သည်။ သို့ရာတွင် သူမ၏ ကြည့်ကောင်းသော မျက်ခုံးမွေးများသည် အနည်းငယ် စုကျုံ့သွားခဲ့သည်။ သံသယစိတ် အချို့နှင့်အတူ သူမမေးလာခဲ့သည်...
"ဒါက ပြန်လည်အပူပေးပြီး ပြန်လည် သန့်စင်ယူထားတဲ့ သာမန်ဆေးလုံးတစ်လုံးပါပဲ... ပြီးတော့ ရောနှောနေတဲ့ ကြုံရာ ဆေးမှုန့်တွေလည်း ပေါင်းစပ်ပါဝင်နေတယ်..ဒီဆေးက အမြင့်ဆုံးရှိမှ အလယ်အလတ်အဆင့်ဘဲမဟုတ်ဘူးလား"
သခင်ဟဲသည် သူ၏ မုတ်ဆိတ်ဖြူများကို ပွတ်သပ်ကာ ကျေနပ်စွာ ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလာခဲ့သည်...
"သခင်မလေးက တကယ်ကို ဉာဏ်ကောင်းပြီး ထက်မြက်ပါပေတယ်... ပြောသွားသမျှက မမှားပါဘူး... ဒါပေမယ့် ဆေးလုံးကို သေသေချာချာ ထပ်ပြီး လေ့လာကြည့်ပါဦး"
အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်၏ လှပသော မျက်နှာလေးသည် ပို၍ပင် လေးနက်သွားခဲ့သည်။ သူမသည် သူမတို့မိသားစုထံတွင် အလုပ်လုပ်သော အဂ္ဂိရတ်ဆရာသခင်သည် ထူးဆန်းသော စိတ်သဘောထားရှိကြောင်းနှင့် အကြောင်းမရှိဘဲ သူမနှင့် စကားလာပြောမည် မဟုတ်ကြောင်းကို နားလည်ပေသည်။ သူမ၏ အနီရောင် ဇာမဏီမျက်လုံးများကို စောင်းကြည့်ရင်း သူမသည် ဆေးလုံးကို နေရောင်အောက်တွင် ထပ်မံ၍ သေသေချာချာ စစ်ဆေးနေခဲ့သည်။
သိပ်မကြာခင်မှာပင် သူမသည် တစ်စုံတစ်ခုသည် မူမမှန်ကြောင်းကို တွေ့ရှိသွားခဲ့လေသည်။ အံ့အားသင့် စိတ်ရှုပ်ထွေးသော အကြည့်တစ်ချက်နှင့် ပြင်းထန်သော စိတ်ခံစားချက်များသည် သူမ၏ တည်ငြိမ်အေးချမ်းသော မျက်နှာလေးထက်တွင် ပေါ်လာခဲ့သည်။ သူမ၏နီရဲသော ဇာမဏီမျက်လုံးများသည် ပြူးကျယ်လာခဲ့ပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများသည် ပွင့်ဟလာခဲ့ပြီး ထိန်းချုပ်မရသော အံ့သြသည့် အသံများ ထွက်လာကာ ပြောလာခဲ့သည်...
" ဟာ... .ဒီဆေးရဲ့ အပေါ်က မျဉ်းကြောင်းလေးတွေက ထူးဆန်းတယ်... ကျွန်မကို မပြောနဲ့... ဒါက ဒဏ္ဍာရီထဲမှာဘဲ ရှိတာလား"
သခင်ဟဲသည် ခေါင်းညိတ်လျက် သေချာမှုများဖြင့် ပြောလာခဲ့သည်
"အမှန်ပဲ ဒါက ဒဏ္ဍာရီထဲမှာပဲ ရှိတာ... .သွေးကြောမျှင်ပုံစံပါ ဆေးလုံး သခင်မလေးက တကယ့်ကို စာပေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်စားပြီးတော့ ဉာဏ်ပညာကလည်း တခြားသူများထက် ထက်မြက်ပါပေတယ်... ဒီသွေးကြောမျှင် ပုံစံပါ ဆေးလုံးက သာမန်အဆင့်နိမ့် အဂ္ဂိရတ်ပညာရှင်တွေ သိနိုင်မယ့် အရာမျိုးမဟုတ်ပါဘူး... ''
လှပသော မိန်းမပျိုလေး၏ လှပသော မျက်လုံးများသည် အနက်ရောင်ဆေးလုံး ပတ်လည်ရှိ သွေးကြောပုံစံ အမျှင်လေးများကိုသာ အကြိမ်များစွာ ထပ်ခါထပ်ခါ ကြည့်နေခဲ့သည်။
သူမသည် ခေါင်းကို ခါရမ်းလိုက်ရင်း ပြုံးလျက် ပြောလာခဲ့သည်..
"အဖိုးဟဲ... ကျွန်မက အဂ္ဂိရတ်ပညာရှင် မဟုတ်ပါဘူး... ရှေးဟောင်းစာအုပ် တစ်ချို့မှာ ဆေးလုံးပုံစံတွေအကြောင်း ဖတ်ဖူးခဲ့တာပါ... စာအုပ်တွေ အတိုင်းသာဆို ဒီလို ဆေးလုံးပုံစံမျိုးကို ထုတ်လုပ်နိုင်တဲ့သူက အံ့သြစရာကောင်းလောက်အောင် ကျွမ်းကျင်တဲ့သူလို့ ယူဆလို့ရတယ်... ဟုတ်တယ်မလား ဒီသွေးကြောမျှင်ပုံစံပါ ဆေးလုံးမှာ ထူးထူးခြားခြား အသုံးဝင်တာ ဘာများရှိသေးလို့လဲ"
"ဆေးပုံစံက အသုံးမဝင်ပါဘူး... ပုံစံက ဆေးလုံးရဲ့ မူရင်းအာနိသင်ကို တခြားဘာစွမ်းရည်မှ တိုးတက်မလာစေနိုင်ပါဘူး"
သခင်ဟဲသည် သက်ပြင်းရှည်ကြီး တစ်ချက်ချခဲ့သည်။ သူ့မျက်နှာတွင် တည်ကြည်သော အမူအရာနှင့် သူသည် လေးလေးနက်နက်ဆိုလာခဲ့သည်...
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းရဲ့ သမိုင်းအရ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အဂ္ဂိရတ်ဆရာသခင် တစ်ရာ့ခုနှစ်ယောက်နဲ့ အဂ္ဂိရတ် သူတော်စင် ကိုးယောက်ပဲ ရှိခဲ့ကြတယ်... ပြီးတော့ ဒီလိုသွေးကြောမျှင်ပုံစံပါတဲ့ ဆေးကို ထုတ်လုပ်နိုင်တာ ဆိုလို့ တစ်ရာ့နှစ်ယောက် ပဲရှိခဲ့တာ... "
အဝါရောင်ဝတ်ဆင်ထားသော မိန်းမငယ်လေးသည် တုန်လှုပ်သွားခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးသည် ဖြူဖျော့သွားခဲ့ပြီး သူမ၏ လှပသော မျက်လုံးများသည်လည်း အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်... .
"အဖိုးဟဲ... .ဒီဆေးတွေကို ဘယ်ကရခဲ့တာလဲ"
သခင်ဟဲသည် သူ့လက်ကို မြှောက်လိုက်ကာ လက်ချောင်းတစ်ခုဖြင့် အောက်ထပ်ကို ညွှန်ပြရင်း ပြောလာခဲ့သည်
"အောက်ထပ်မှာ လူငယ်လေးတစ်ယောက်က ဒါကို ရောင်းဖို့ ကြိုးစားနေတယ်"
"လူငယ်လေး"
အဝါရောင် ဝတ်စုံဝတ် မိန်းမပျိုလေး၏ ပါးစပ်သည်လည်း စိတ်ရှုပ်ထွေးမှုကြောင့် ပွင့်ဟလာခဲ့သည်။ သူမသည် ခပ်မြန်မြန်ပင် မေးမြန်းလာခဲ့သည်
" ဒီကောင်လေးရဲ့ တန်ခိုးအဆင့်က ဘာလဲ"
သခင်ဟဲသည် ခေါင်းကိုယမ်း၍ ဖြေလာခဲ့သည်
"ဒီကောင်လေးရဲ့ စွမ်းအားက အားနည်းလွန်းတယ်... သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာဘဲ ရှိသေးတယ်... ဒီဆေးက သူကိုယ်တိုင် ဖော်စပ်ထားတာ မဟုတ်တာ သေချာတယ်..ဒီလိုဆေးလုံးမျိုး ဖော်စပ်ဖို့ဆို တန်ခိုးအဆင့်က အနည်းဆုံးတော့ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်မှာ ရှိရမှာ... ကျွန်တော်ဒီကို လာပြီး သခင်မလေးရဲ့ ညွှန်ပြမှုကို မေးမြန်းကြည့်တာပါ... ကျွန်တော်တို့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ ဒီအဂ္ဂိရတ် ဆရာသခင်ကို ရှာဖို့ ဒီကောင်လေးကို နောက်ယောင်ခံလိုက်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်ရမလား"
"မဖြစ်ဘူး "
အဝါရောင်ဝတ်မိန်းမပျိုလေးသည် သူမဟာသူမ ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာအမူအရာသည် တည်ကြည်သည့်အသွင်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး သူမ၏ အနက်ရောင် ကျောက်မျက်နှယ် မျက်လုံးများသည်လည်း ဆန်းကြယ်သော အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။ သူမသည် မတ်တပ်ရပ်လိုက်ကာ လှေကားကိုဆင်းလိုက်ရင်း ပြောလာခဲ့သည်...
"ငါသူ့ကို လူချင်းသွားတွေ့ရမယ်"
... ..
ပုလဲမှုန်အစည်းအရုံးဗိမ္မာန်၏ လေထုသည် ဆူညံနေခဲ့သည်။ ကျော်ကြားပြီး အင်အားကြီးသော ဂိုဏ်းများမှ သားများ၊သမီးများသည်လည်း ဗိမ္မာန်တွင် ဈေးလာဝယ်ရခြင်းကို နှစ်သက်ကြသည်။ ဗိမ္မာန်သည် တကယ်တမ်းတွင်လည်း ကောင်းကင်တောင်ပံမြို့တော်၏ အကြီးဆုံး ကုန်သွယ်ရုံပင် ဖြစ်သည်။ ဒီနေရာကို ပုံမှန်လည်ပတ်နိုင်ခြင်းသည်ကပင် တစ်စုံတစ်ယောက် အဆင့်အတန်း၏ ပြယုဂ်ပင် ဖြစ်သည်။
"ဝိုး"
အဝါရောင် ဝတ်စုံဝတ် မိန်းမပျိုလေးသည် အပေါ်ထပ်မှ ဆင်းလာသောအခါ ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကြီး တစ်ခုလုံးသည် တစ်ခဏမျှ အုတ်အော်သောင်းနင်း ဖြစ်သွားပြီးနောက် ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။ လေထုသည် အပ်ကျသံကိုပင် ကြားရလောက်သည်အထိ တိတ်ဆိတ်လွန်းနေခဲ့သည်။ ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားကြသော အမျိုးသားများ၏ မျက်လုံးတို့သည် လောင်ကျွမ်းနေသည့် အကြည့်များ ထင်ဟပ်နေခဲ့ကြသည်။ သူတို့သည် မိန်းမပျိုလေးဆီ အရှိန်နှင့် အပြေးသွားလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာကြသည်။ သို့သော်လည်း ငေးကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။ သူမအနားရှိ အရာများကို လျစ်လျူရှုရင်း သူမသည် ခမ်းနားသော အခန်းငယ်လေး တစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။
အခန်းအတွင်းရှိနေသော ကျန်းရီသည်လည်း ကြောင်အသွားခဲ့သည်။ သူသည် ဒီလိုမျိုး အဓိကအာရုံစိုက်ခံရသည်မှာ ပထမဆုံးဖြစ်သည်။ ထို့အပြင် သူသည် သူ့ပစ္စည်းကို အရောင်းအဝယ်အတွက် တန်ဖိုးဖြတ်ရန် စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူစိတ်မလှုပ်ရှားဘူးလို့ ပြောလျှင် သူလိမ်နေတာ ဖြစ်လိမ့်မည်။ သူ့မျက်နှာတစ်ခုလုံးသည် အနက်ရောင် ဝတ်ရုံကြီးဖြင့် ဖုံးလွှမ်းနေသည်ကိုဘဲ ကျေးဇူးတင်ရမည်။ သူ၏ တည်ကြည်သော လူမှုဆက်ဆံရေးနှင့် တည်ငြိမ်သောအမူအရာတို့သည် နှစ်ပေါင်းများစွာ ရက်ရက်စက်စက် ဖိနှိပ်ခံရပြီးနောက် ပို၍ တိုးတက်လာခဲ့သည်။
သို့ရာတွင် သူ၏ တည်ကြည်သော ကိုယ်နှုတ်အမူအရာတို့သည် ဒီအဝါရောင်ဝတ် မိန်းမပျိုလေးအခန်းတွင်း ဝင်လာပြီးနောက်တွင် ဘာမှမရှိခဲ့သလိုမျိုး အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။ ဒီမိန်းမငယ်လေးကို တစ်ချက်ကြည့်ပြီးနောက် သူတို့အကြည့်တို့သည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။ ကျန်းဂိုဏ်းတွင် အလှလေးများစွာရှိသည်။ အကြီးဆုံး သခင်မလေးနှင့် ဒုတိယသခင်မလေးတို့သည် ပန်းပွင့်လေးများနှယ် လှပကြသည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့ကို ဒီအဝါရောင်ဝတ် မိန်းမပျိုလေးနှင့် နှိုင်းယှဉ်လျှင် သစ်ရွက်စိမ်းလေးများနှင့် ပန်းပွင့်လေးများကို နှိုင်းယှဉ်လိုက်သည်နှင့် တူပေမည်။ သူတို့သည် လုံးဝ ခြားနားသော အဆင့်အတန်းတွင် ရှိကြသည်။
မိန်းမပျိုလေး ဝင်လာပြီးနောက်တွင် သူမ၏ လှပသောမျက်လုံးများသည် အခန်းတွင်းသို့ အတားအဆီးမဲ့ ဝေ့ဝဲသွားခဲ့သည်။ ကြီးကြပ်သူလျှိုနှင့် အစေခံတို့ သူမအား အရိုအသေပေးနေခြင်းကို လက်ကိုမြှောက်၍ ရပ်တန့်စေလိုက်သည်။ နောက်ဆုံးတွင်တော့ သူမသည် ကျန်းရီကို ကြည့်၍ ပြောလာခဲ့သည်...
"ကျွန်မနာမည်က ကျီထင်ယွီပါ... ဒီကဆရာရဲ့ အမည်လေးများ မေးခွင့်ရှိမလား"
ကျီထင်ယွီ ဒီပုလဲမှုန်အစည်းအရုံးဗိမ္မာန်က ကျီမိသားစုရဲ့ စီးပွားရေး အုတ်မြစ် ကျိန်းသေပေါက်ဖြစ်ပြီး ဒီမိန်းကလေးက မြို့စားမိသားစုက သမီးဖြစ်ရမယ်
မိန်းမပျိုလေး၏ အသံသည် ချိုသာလွန်းသည်။ ကျန်းရီ၏ ဝိဉာဏ်သည် လွင့်ထွက်သွားမတတ်ပင်ဖြစ်သွားသော်လည်း သူသည် စိတ်ကို အလျင်အမြန် ပြင်ဆင်လိုက်ခဲ့သည်။ သူသည် တည်ငြိမ်သော လေသံနှင့် ပြောခဲ့သည်
"တွေ့ရတာ ဝမ်းသာပါတယ်... မိန်းကလေးကျီ... ကျုပ်နာမည်က ယိကျန့်ပါ"
သူသည် ဒီလိုအချိန်မျိုးတွင် သူ့အမည်မှန်ကို မသုံးဝင့်ချေ။
ငါဒီမှာ ကြာကြာမနေသင့်ဘူး... .
ဒီကျီမိသားစု၏ သခင်မလေးသည် အံ့သြလောက်ဖွယ် လှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမ၏ ဇာမဏီမျက်လုံးအစုံသည် တောက်ပနေသည်မှာ သူမသည် အရာရာကို ဖောက်ထွင်းမြင်နေရသည့်အလား သူ့ကို ခံစားရစေသည်။ သူသည် ဒီမှာ ကြာကြာနေမိလျှင် သူ၏ လျှို့ဝှက်ချက်တွေအားလုံး ပေါ်သွားမည်ကိုပင် စိုးရိမ်နေမိခဲ့သည်။
"မိန်းကလေးကျီ... ကျွန်တော့်ရဲ့ဆေးတွေကို လက်ခံမှာလား၊ လက်မခံဘူးလား လက်မခံဘူးဆိုရင်လည်း ကျွန်တော်သွားတော့မယ်.''
သခင်ဟဲ၊ ကြီးကြပ်သူလျှို နှင့် အစေခံတို့ အားလုံးသည် ဆွံ့အသွားကြသည်။ သူတို့သခင်မလေး၏ အမျိုးသားများကို သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သော စွမ်းရည်အကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်းကို သိကြသည်။ ဘယ်သခင်လေးကများ သူမကို မြင်နေရမှာကို လုံးဝမနှစ်သက်ပဲ ဒီလိုမျိုး ထွက်ပြေးနိုင်စွမ်း ရှိဖူးလို့လဲ ဒီလူငယ်လေးက အရမ်းကို ပါးနပ်လိမ္မာနေလို့ပဲ ဖြစ်ရမယ် မဟုတ်ရင် သူဘယ်လိုလုပ်ပြီး ဒီလိုဆုံးဖြတ်နိုင်မှာလဲ
ကျီထင်ယွီသည်လည်း ခဏလောက် ဆွံ့အသွားသော်ငြား အပြုံးခပ်ပါးပါးတစ်ခု အလျင်အမြန် ပေးလာခဲ့သည်။ သူမသည် ခေါင်းငြိမ့်ပြရင်း တုံ့ပြန်လာခဲ့သည်
"ကျွန်မတို့ လက်ခံပါတယ်... သခင်လေးယိ.. ဆေးတစ်လုံးကို ဘယ်လောက်များရဖို့ မျှော်လင့်ထားပါသလဲ"
အမြင့်စားအဆင့် ဆေးတွေက တစ်လုံးကို ငွေတစ်ဆယ်တေးလ် တန်ဖိုးရှိတယ်... ဒီမှာရှိတဲ့ သူတို့ရဲ့ အဂ္ဂိရတ်ပညာရှင်အပြောအရ ငါ့ဆေးတွေက သိပ်စွမ်းရည်မမြင့်ဘူးတဲ့... ပြီးတော့ သူတို့မမလေးကိုယ်တိုင်ကလည်း ဒီကိစ္စကို ကိုယ်တိုင်ရှင်းဖို့လာတယ်... ဒီဆေးတွေက သာမန်မဟုတ်ဘူးဆိုတာ သိသာနေတာဘဲ မလား ဆေးတွေက အမြင့်စားအဆင့် အဆင့်မြင့်ဆေးတွေ ထက်တောင် တန်ဖိုး မြင့်သွားတာ မဟုတ်ဘူးလား ကျန်းရီ၏ စိတ်သည် လျှပ်ပြက်သလိုမျိုး လှုပ်ရှားနေခဲ့သည်။ သိပ်မကြာခင်မှာပင် သူအံကြိတ်ပြီး ပြောခဲ့လိုက်သည်
"ဆေးတစ်လုံးကို ငွေနှစ်ဆယ်တေးလ်"
ကျီထင်ယွီနှင့် သခင်ဟဲတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သွေးကြောမျှင်ပုံစံပါတဲ့ ဆေးတစ်လုံးကို တကယ်ကြီး ငွေနှစ်ဆယ်တေးလ် ထဲနဲ့ရောင်းတာလား ဒီဆေားတွေကို ထုတ်နိုင်နေတဲ့ အဂ္ဂိရတ်ပညာရှင်ကြီးက ငွေနည်းနည်းလေးကို ဂရုစိုက်နေတာလား ဒီကောင်လေးကဘဲ ဆေးတွေကို တစ်ယောက်ယောက်ဆီက ခိုးလာတာများ ဖြစ်နိုင်မလား
တစ်ခဏမျှကြာပြီးနောက် ကျီထင်ယွီသည် မေးလာခဲ့သည်
"သခင်လေးယိ... ကျွန်မမေးချင်လို့ပါ... ဒီဆေးတွေကို ဖော်စပ်တဲ့ အဂ္ဂိရတ်ပညာရှင်... ..ရှင်ဒီဆေးတွေ ရောင်းတာ သူသိလား"
ဆေးများသည် ကျန်းရီကိုယ်တိုင်ဖော်စပ်ထားခြင်း ဖြစ်သောကြောင့် သူသည် မေးခွန်းကို အများကြီးစဉ်းစားမနေတော့ဘဲ ချက်ချင်း ပြန်ဖြေခဲ့သည်
"ဒါပေါ့... သူသိတာပေါ့ သူမသိဘူးဆိုရင် ဒါက ခိုးတယ်လို့ ယူဆရမယ် မဟုတ်ဘူးလား"
"ကျွန်မဒီလို မဆိုလိုပါဘူး ကျွန်မတို့လိုက်နာရမယ့် စည်းမျဉ်းလေးတွေ ရှိလို့ပါ... သခင်လေးယိ စိတ်မရှိပါနဲ့"
ကျီထင်ယွီသည် နောက်ထပ် မေးမြန်းမနေတော့ဘဲ ကြီးကြပ်သူလျှိုဘက် လှည့်ကာ ညွှန်ကြားလိုက်သည်
"ခရမ်းရောင်ရွှေ တေးလ်တစ်ခု သွားထုတ်လာခဲ့... .ပုလဲမှုန်အစည်းအရုံးဗိမ္မာန်က ဒီဆေးသုံးလုံးကို လက်ခံတယ် "
"ခရမ်းရောင်ရွှေ တေးလ်တစ်ခု လား"
ကျန်းရီသည် မှင်သက်သွားမိသည်။ ခရမ်းရောင်ရွှေ တေးလ်တစ်ခု သည် ငွေတေးလ် အခုတစ်ရာနှင့် ညီမျှသည် သခင်မလေး ကျီသည် သူ၏ သတ်မှတ်တန်ဖိုးကို မလျှော့သည့်အပြင် တိုး၍ပါ ပေးလိုက်သေးသည်။
ကြီးကြပ်သူသည် အလျင်အမြန် ရွှေသစ်ရွက်လေးတစ်ခုကို ထုတ်ယူကာ ကျန်းရီကို ပေးခဲ့သည်။ ကျီထင်ယွီ သည် ပြုံးကာ ပြောလာခဲ့သည်
"သခင်လေးယိ... နောက်တစ်ခါ ဒီလို ဆေးမျိုးတွေ ရှိလာတဲ့အခါ ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကို လွတ်လွတ်လပ်လပ် လာခဲ့ပါ ကျွန်မတို့ အဲ့ဆေးတွေကို အလိုရှိပါတယ်... ဒါ့အပြင် ကျွန်မတို့ ဆေးသုံးလုံးကို ခရမ်းရောင်ရွှေ တေးလ်တစ်ခု နှုန်းနဲ့ အရောင်းအဝယ်လုပ်ကြတာပေါ့... ဆေးအဆင့်က ပိုမြင့်လာမယ်ဆိုရင်လည်း တန်ဖိုးပိုမြှင့်ပေးပါ့မယ်... သခင်လေးလိုတာဆိုလို့ ဆေးဖော်စပ်တဲ့ အဂ္ဂိရတ်ပညာရှင်ရဲ့ ခွင့်ပြုချက်ပဲ"
"ဒါက ခရမ်းရောင်ရွှေလား"
ကျန်းရီ၏ အာရုံသည် သူ့လက်ဝါးတွင်းရှိ ခရမ်းရောင်ရွှေ အပေါ်တွင်သာ ရှိနေခဲ့သည်။ သူသည် ခရမ်းရောင်ရွှေကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူသည် မိန်းကလေးကျီ၏ စကားများကို လုံးဝဂရုမစိုက်ဘဲ လက်ဝှေ့ယမ်း၍ ပြောခဲ့လိုက်သည်
"ကောင်းပြီ... နောက်တစ်ခါ ကျွန်တော့််မှာ ဒီလို ဆေးမျိုးတွေ ရှိတဲ့အခါ ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကို လာရောင်းပါ့မယ်... အခုတော့ ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး... ."
သူ့စကားဆုံးသည်နှင့် ကျန်းရီသည် ခရမ်းရောင်ရွှေကို ဂရုတစိုက်ကိုင်ကာ ထွက်သွားခဲ့သည်။ သခင်ဟဲ သည် သူ့ကို မေးခွန်းများ မေးချင်သေးသော်ငြား ကျီထင်ယွီသည် လက်တစ်ဖက်ကာပြ၍ တားဆီထားခဲ့သည်။
ကျန်းရီသည် အခန်းငယ်လေး၏ အပြင်ကို ရောက်လျှင်ရောက်ချင်း မရေမတွက်နိုင်သော အကြည့်များ သူ့ကို စိုက်ကြည့်နေခဲ့ကြသည်ကို တွေ့လိုက်ရသည်။ အချို့လူများဆိုလျှင် သူ့ကို မနာလိုသည့် အကြည့်နှင့်တောင် ကြည့်နေခဲ့ကြသေးသည်။ ကျီထင်ယွီကြောင့်လားဆိုသည်ကိုတော့ သူမသေချာပေ။ ခေါင်းကျိန်းလာသည်ကို ခံစားရသောကြောင့် သူ့ခေါင်းကို ကိုင်ကာခြုံထည်ကို တင်းနေအောင် ဆွဲလိုက်ပြီး ပုလဲမှုန်အစည်းအရုံးဗိမ္မာန်မှ လျင်မြန်သည့်နှုန်းဖြင့် အပြေးထွက်လာခဲ့လိုက်သည်။ သူသည် မကြာခင်မှာပင် အပြင်ဘက်ရှိ လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့သည်... .
... ... ..
သခင်ဟဲသည် ကျန်းရီထွက်ခွာသွားသည်နှင့် ကျီထင်ယွီဘက်သို့ လှည့်ကာ မေးလိုက်သည်
"သခင်မလေး... သွေးကြောမျှင်ပုံစံတွေကလွဲလို့ ဆေးက လုံးဝ တန်ဖိုးမရှိဘူး... အာနိသင်ကလည်း မရှင်းလင်းဘူး... ကျွန်တော်တို့ ဒါကို ရောင်းလို့မရနိုင်ဘူး..ဘယ်လိုလုပ်ပြီး အကုန်လုံးကို ဝယ်လိုက်နိုင်တာလဲ ပြီးတော့... သူ့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်သင့်လား"
"ဟီး..ဟီး.."
ကျီထင်ယွီသည် ရယ်မောနေခဲ့သည်... သူမ၏ အပြုံးများသည် သူမ၏ အလှကို ပို၍ တောက်ပစေသည်။ သူမ၏ လှပသော မျက်လုံးများသည် သခင်ဟဲကို ကြည့်ကာ ဖြေလာခဲ့သည်
"အဖိုးဟဲ... ကျယ်ပြောလှတဲ့ ကောင်းကင်တောင်ပံမြို့မှာ အဂ္ဂိရတ်ပညာမှာ အဖိုးကို ယှဉ်နိုင်တဲ့သူမရှိဘူး... .အလုပ်နဲ့ပတ်သက် လာရင် ကျွန်မကို ယှဉ်နိုင်မယ့်သူ မရှိဘူး... သွေးကြောမျှင်ပုံစံ ဆေးလုံးတွေကိုပဲ ကြည့်ပြီး ကောင်လေးကို ခြောက်လှန့်လိုက်လို့ မဖြစ်ဘူးလေ... .ကျွန်မ သူ့ကို ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် အထိ ငွေချေပေးဖို့ ဆန္ဒရှိတယ်"
"ကျွန်မက ငွေလေးနည်းနည်းပဲ သုံးလိုက်ပြီး အပြန်အလှန်အနေနဲ့ အဂ္ဂိရတ်ပညာမှာ ဆရာသခင်အဆင့် ဒါမှမဟုတ် သူတော်စင်အဆင့် ရောက်နေတဲ့ တစ်ယောက်လောက် ပြန်ရမှာ... ဒီလို အလဲအလှယ်က တကယ်ကို ပိုက်ဆံကုန်ရကျိုးနပ်ပါတယ်... အိုး..ဟုတ်သားပဲ... အဖိုးဟဲ သူ့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက် မလွှတ်ပါနဲ့... မဟုတ်လို့ ကျွန်မတို့က ထူးဆန်းတဲ့ အဂ္ဂိရတ်ပညာရှင်ကြီးကို ဒေါသထွက်စေမိရင် ကျွန်မတို့ ဆုံးရှုံးရတာနဲ့ မကာမိ ဖြစ်နေပါဦးမယ်... မစိုးရိမ်ပါနဲ့... ဒီကောင်လေး သေချာပေါက် နောက်တစ်ကြိမ်ပြန်လာဦးမှာ... ."
သခင်ဟဲသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ့မုတ်ဆိတ်ဖြူကြီးများကို ပွတ်သပ်လိုက်ရင်း သူသည် ကျေနပ်စွာ ပြောလာခဲ့သည်
"သခင်မလေးက တကယ့်ကို အမြင်ကျယ်ပါပေတယ်... ကောင်းကင်တောင်ပံမြို့မှာ လူပေါင်းသန်းနဲ့ ချီပြီး ရှိပေမယ့် ဘယ်သူမှ သခင်မလေးထက် ပိုတော်အောင် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး... မဟုတ်ရင် ပုလဲမှုန်အစည်းအရုံးဗိမ္မာန်က နှစ်နှစ်အတွင်းမှာ ကောင်းကင်တောင်ပံမြို့ရဲ့ နံပါတ်တစ် ကုန်သွယ်ရုံ ဘယ်လိုလုပ်ပြီး ဖြစ်လာမှာလဲ ဟုတ်သားပဲ ကုန်သွယ်ရုံကို စပြီးအုပ်ချုပ်တုန်းက သခင်မလေး ဆယ့်လေးနှစ်ပဲရှိသေးတာ... ဟုတ်တယ်မလား ကျွန်တော်တို့သာ ဆက်ပြီး ခွင့်ပြုနေမယ်... သခင်မလေးကလည်း အလုပ်ကို ဆက်လုပ်နေမယ်ဆိုရင် ပုလဲမှုန် အစည်းအရုံးဗိမ္မာန်က ရှန်ဝူနိုင်ငံတော်တစ်ခွင်မှာ နံပါတ်တစ် ကုန်သွယ်ရုံ ဖြစ်လာဖို့ ဆယ်နှစ်တောင် မလိုတော့ပါဘူး"
ကျီထင်ယွီသည် မည်သည့်မှတ်ချက်မှ ပေးမနေတော့ဘဲ အသာခေါင်းယမ်းနေခဲ့လိုက်သည်။ အခန်းငယ်လေး၏ ပြတင်းပေါက်မှတစ်ဆင့် သူမ၏ အကြည့်သည် ကောင်းကင်ထက်ဆီသို့ ကျရောက်နေခဲ့သည်။ သူမသည် သက်ပျင်းဖွဖွချလိုက်ရင်း တိုးတိုးရေရွတ်ခဲ့သည်...
"ရှန်ဝူနိုင်ငံတော် တစ်ခွင်မှာ နံပါတ်တစ် ကုန်သွယ်ရုံ ဖြစ်လာတော့ရော ဘာအရေးလဲ..ငါ..ကျီထင်ယွီက ဘုရင့်ရဲ့ မိဖုရား ဖြစ်လာမှာပဲလေ... .ငါက ဒီလောဘကြီးရတဲ့... ပိုက်ဆံကို လုယက်နေရတဲ့ ကုန်သည်အလုပ်ကို ဘယ်လို ဆက်ပြီး လုပ်နိုင်တော့မှာလဲ.."
***