← Chapters

ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?

Vol. 25 Ch. 338

ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?

Vol. 25 Ch. 338

သေရည်နှင့် အစားအသောက်များကို ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ချန်ကျဲ့နှင့် ဖုန်းရွှမ်တို့ အတူပြန်ထွက်လာခဲ့ကြသည်။

ဖန်းရှစ်ကျုံးသည် အလွန်ပျော်ရွှင်နေ၏။ ဖုန်းရွှမ်၏ ပြောင်းလဲမှုသည် သူ့အား ဝမ်းသာပီတိဖြင့် ပြည့်နှက်သွားစေခဲ့သည်။ ကြည့်ရသည်မှာ သူတစ်ချိန်လုံး ဘာမှကြီးကြီးမားမား မဟုတ်ပါဘဲ စိုးရိမ်နေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ခြုံငုံလိုက်သော် ဖုန်းရွှမ်၏ ကြီးပြင်းလာသည့်ဖြစ်စဉ်ကို သူကိုယ်တိုင် စောင့်ကြည့်ခဲ့ရသည် မဟုတ်ပါလော။

သားကြီးက သားငယ်၂ကို လျှို့ဝှက်ကြံစည်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ဒီရက်တွေအတွင်းမှာ ငါ သားကြီးအပေါ် အရမ်းကြမ်းတမ်းလွန်းခဲ့တယ်။ သားကြီးအတွက်လည်း လွယ်ကူခဲ့မှာ မဟုတ်ဘူး။

ထိုသို့အတွေးဖြင့် ဖန်းရှစ်ကျုံး၏ ဖုန်းရွှမ်အပေါ် အမြင်သည် သိသိသာသာ တိုးတက်လာခဲ့ကာ ဖုန်းရွှမ်အပေါ် အလွန်တင်းကြပ်ခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်ပင် ပေါက်ဖွားလာခဲ့ပေသည်။

ချန်ကျဲ့နှင့် ဖုန်းရွှမ်တို့ ကျားဖြူခန်းမမှ ထွက်ခွာလာချိန်တွင် အပြင်မှပြန်လာသည့် ဖန့်ဖူနှင့် ဆုံတွေ့ခဲ့ကြသည်။

ဖန့်ဖူသည် သစ်သားသေတ္တာတစ်လုံးကို သယ်ယူလာနေ၏။ အနီးသို့ရောက်သောအခါ ချန်ကျဲ့နှင့် ဖုန်းရွှမ်တို့သည် နှုတ်ဆက်လိုက်ကြသည်။

“ဦးလေးဖူ”

“အိုး သခင်ကြီး၊ သခင်၅”

ဖန့်ဖူမှ ချက်ချင်း ပြန်နှုတ်ဆက်သည်။ ထိုစဉ် ဖုန်းရွှမ်မှ ပြုံးလျက် ပြောသည်။

“ဦးလေးဖူ ဘယ်လိုကိစ္စမလို့များ အခုလိုမျိုး ဦးလေးကိုယ်တိုင် သွားလာလုပ်ဆောင်နေရတာလဲ”

ဖန့်ဖူမှ ပြန်ဖြေသည်။

“ဪ ခန်းမအရှင်သခင်က ပြဇာတ်သွားကြည့်မှာမို့ ကျွန်တော့်ကို ရွှေသစ်ရွက်အချို့ သွားလဲလှယ်ဖို့ လွှတ်လိုက်တာပါ”

ဦးလေးဖူမှ သေတ္တာဖွင့်လိုက်ရာ ရွှေဖြင့်သွန်းလုပ်ထားသော သစ်ရွက်သဏ္ဍာန်ရွှေစများကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ဖျော်ဖြေသူများကို ဆုကြေးပေးသည့် နည်းလမ်းတစ်မျိုးဖြစ်ပြီး ချမ်းသာကြွယ်ဝသူများမှ ပြဇာတ်သရုပ်ဆောင်များကို ထောက်ပံ့အားပေးသည့် အသုံးအများဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ဖျော်ဖြေသူတစ်ယောက်၏ လုပ်ဆောင်ချက်ကောင်းမွန်ပါက အဆင့်အတန်းမြင့်မားသူများသည် လူလွှတ်၍ အဖိုးတန်သော ရွှေ၊ငွေများကို စင်မြင့်ပေါ်သို့ ပစ်တင်ကြသည်။ ၎င်းကို “ငွေစွန့်ကြဲခြင်း”ဟု ခေါ်သည်။

“ငွေစွန့်ကြဲခြင်း”ကို တိုက်ရိုက်အနက်ဖွင့်၍ စင်ပေါ်သို့ ပိုက်ဆံများလည်း အမှန်တကယ် ပစ်တင်တတ်ကြသည်။

တရုတ်သမ္မတစနစ် အုပ်ချုပ်သည့်ကာလတွင် ပီကင်းပြဇာတ်ဆရာကြီး မေလန်ဖန်းသည် ပြဇာတ်တစ်ပုဒ်အတွင်း၌ ‌ကျောက်မျက်ရတနာများနှင့် ရွှေချောင်းများကို ငွေဒင်္ဂါးပေါင်း ထောင်သောင်းချီတန်ဖိုးအထိ စင်မြင့်ပေါ်သို့ ပစ်ပေးခံရသည်ဟု ဆိုကြသည်။ ၎င်းပမာဏသည် ပေကျင်းရှိ လူအစည်ကားဆုံးသော နေရာတွင် ခြံဝင်းတစ်ခု ဝယ်ယူရန် လုံလောက်ပေသည်။

…

ဖန့်ဖူ၏အဖြေစကားကို ကြားသောအခါ ဖုန်းရွှမ်မှ ပြောသည်။

“မွေးစားအဖေမှာလည်း ဒီလိုအနားယူမှုမျိုးနဲ့ ရည်မွန်မှုတွေ ရှိသေးတာပါပဲလား။ ဒါနဲ့ ဒီရွှေသစ်ရွက်တွေနဲ့ လုံလောက်ရဲ့လား။ ကျွန်တော့်အိမ်မှာ‌ ရွှေချောင်းတချို့ရှိသေးတယ်။ ဒါနဲ့ မလုံလောက်ရင် ကျွန်တော့်ဆီက ယူပြီး ‌‌ေရွှသစ်ရွက်အဖြစ် သွန်းလုပ်လို့ရတယ်”

“လုံလောက်ပါတယ် လုံလောက်ပါတယ်။ ရွှေနှစ်ချောင်းကို သွန်းလုပ်ထားပြီးပါပြီ”

ဖန့်ဖူမှ ပြောသည်။ ထိုအခါ ဖုန်းရွှမ်မှ ရယ်မောလျက် ပြော၏။

“မွေးစားအဖေ နှစ်ခြိုက်တယ်ဆိုရင် ငွေအတွက်ကို အား‌နာ‌ေနဖို့ မလိုအပ်ပါဘူး။ မလုံလောက်ရင် သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ထောက်ပံ့ပေးမှာပါ”

ဖန့်ဖူသည် ဖုန်းရွှမ်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပြောသည်။

“သခင်ကြီး ဒီနေ့?”

ဖုန်းရွှမ်မှ ပြောသည်။

“ကွာခြားနေလို့လား? အာ အတိတ်အကြောင်းအရာတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် တကယ်ပဲ အဲဒီလိုမဖြစ်ခဲ့သင့်ပါဘူး။ ညီငယ်၂ရဲ့ သေဆုံးခြင်းက ကျွန်တော့်ကို အတော်လေး သက်ရောက်မှုကြီးမားခဲ့တယ်။ မွေးစားအဖေလည်း နှစ်ပေါင်းများစွာ ပင်ပန်းလာခဲ့ပြီးပြီ။ ကျွန်တော်က သားတစ်ယောက်အနေနဲ့ မွေးစားအဖေရဲ့ ဝန်ထုပ်ဝန်ပိုးအချို့ကို မျှဝေယူသင့်ပါတယ်”

ဖန့်ဖူသည် ဖုန်းရွှမ်မှာ စိတ်သစ်လူသစ်အဖြစ် ပြောင်းလဲသွားပြီလောဟု စူးစမ်းကြည့်နေခဲ့သည်။

သို့သော်ငြား တစ်ဖန်ပြန်၍ အသိဝင်လာခဲ့၏။ ‌တောတောင်ရေမြေများ ပြောင်းလဲသွားလျှင်သော်မှ လူ၏ဗီဇကို ပြောင်းလဲရန် ခက်ခဲသည်။

ဒါတွေအားလုံးက သရုပ်ဆောင်နေတာများလား။

သို့သော် ၎င်းသည် အရေးမကြီးပေ။ ထိုသို့တွေးလိုက်ပြီး ဖန့်ဖူမှ ပြောသည်။

“ဟားဟား သခင်ကြီးက အရမ်းတွေးပေးတတ်တာပါပဲ။ ကောင်းပါပြီ၊ ကျွန်တော့်မှာ လုပ်စရာလေးတွေရှိသေးလို့ သခင်ကြီးတို့နဲ့ ဆက်ပြီး အဖော်ပြုမပေးတော့ပါဘူး”

“ကောင်းပါပြီ ဦးလေးဖူ။ ကျေးဇူးပြုပြီး အားမနာပါနဲ့”

ထိုသို့ပြောလျက် ဖန့်ဖူနှင့် လမ်းခွဲခဲ့ကြသည်။ ချန်ကျဲ့သည် ဂိတ်တံခါးအထိ ဖုန်းရွှမ်နောက်မှ လိုက်ခဲ့သည်။ တံခါးဝသို့ရောက်သောအခါ ဖုန်းရွှမ်သည် ချန်ကျဲ့ကို လှည့်ကြည့်လာပြီး ပြောသည်။

“ညီငယ်၅ အိမ်တော်ထဲမှာ အစ်ကိုကြီး ပြောခဲ့တဲ့စကားတွေက ‌အပြောင်အပြက်ပြောခဲ့တာ မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် ငြိမ်းချမ်းခြင်းလမ်းမကို လွှဲပြောင်းယူဖို့ လူလွှတ်လိုက်ပါ။ ငါ့လူတွေက ပူးပေါင်းဆောင်ရွက်ပေးပါလိမ့်မယ်”

ချန်ကျဲ့သည် ဖုန်းရွှမ်၏စကားများကို နားထောင်ရင်း မျက်လုံးအကြည့်များ တောင့်တင်းလာခဲ့သည်။ ချန်ကျဲ့မှ ဖုန်းရွှမ်ကိုကြည့်၍ ပြန်ပြော၏

“အစ်ကိုကြီးကတော့ နောက်နေပါပြီဗျာ။ ကျွန်တော့်မှာလည်း အားအင်က အကန့်အသတ်ရှိတာမို့လို့ အရေးကိစ္စအများကြီးကို မကိုင်တွယ်နိုင်ပါဘူး။ ငြိမ်းချမ်းခြင်းလမ်းမကို အစ်ကိုကြီးကပဲ စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်”

ချန်ကျဲ့သည် ဖုန်းရွှမ် ကစား‌နေသည့် ကစားပွဲကို မသိသော်ငြား နိယာမတစ်ခုကိုတော့ သေချာသိထား၏။

ရန်သူလိုချင်တာက ဘာဖြစ်ဖြစ် ဆန့်ကျင်ရမယ်။

မိမိ၏ရန်သူမှာ မည်သူဖြစ်ကြောင်း သေချာသိထားသ၍ ရန်သူ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်စေ၊ မည်သို့ နားဝင်ချိုနေအောင် ပြောဆိုပါစေ ရန်သူလိုလားသည့်အရာကို ခိုင်ခိုင်မာမာ ငြင်းဆန်ရန်သာ လိုအပ်၏။

ထို့ကြောင့် ချန်ကျဲ့ ငြင်းဆန်လိုက်သည်။

ဖုန်းရွှမ်မှ ပြောသည်။

“ဟားဟား… ညီငယ်၅ မင်းက အစ်ကိုကြီးကို မယုံကြည်ဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် မလုပ်ရဲပါဘူး”

ဖုန်းရွှမ်မှ ဆက်ပြော၏။

“ညီငယ်၂ရဲ့ သေဆုံးမှုက ငါနဲ့ပတ်သက်နေတယ်လို့ ထင်နေတာလား”

ခင်ဗျားဆိုတာ သေချာသလောက်ပဲဟု ချန်ကျဲ့ စိတ်ထဲမှ တွေးနေခဲ့သည်။

သို့တိုင် ပါးစပ်မှတော့ ဤသို့ပြောခဲ့သည်။

“အစ်ကိုကြီးက နောက်နေပြန်ပါပြီဗျာ။ အစ်ကိုကြီးနဲ့ အစ်ကို၂ကြားမှာက နက်ရှိုင်းတဲ့ ညီအစ်ကိုသံယောဇဉ်ရှိပါတယ်။ အစ်ကို၂ရဲ့သေဆုံးမှုက ဘယ်လိုလုပ်ပြီး အစ်ကိုကြီးနဲ့ ပတ်သက်မှုရှိနိုင်မှာပါလဲ”

ဖုန်းရွှမ်မှ ပြောသည်။

“အဲဒီနေ့က ဝမ်သာ့ဖာရဲ့အိမ်ကို စစ်ရှီးရောက်လာတဲ့အချိန်က အတော်လေး တိုက်ဆိုင်လွန်းနေတာ ငါသိတယ်။ ငါလည်း နောက်မှပြန်စဉ်းစားကြည့်ရင်း အဲဒါက အရမ်းတိုက်ဆိုင်သွားတယ်ဆိုတာကို သတိထားမိခဲ့တာ။ ငါ တမင်ကြံစည်ထားတာ မဟုတ်ခဲ့ဘူး။ စစ်ရှီးလည်း ပြန်ရောက်တော့ ငါ့ကို အဲဒီအကြောင်းရှင်းပြတယ်။ ငါလည်း အထင်လွဲတာတွေမဖြစ်ရအောင်လို့ မင်းနဲ ဒီအကြောင်းကို မျက်နှာချင်းဆိုင် ပြောပြချင်နေခဲ့တာ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒါဆို အဲဒီလိုဖြစ်ခဲ့တာပေါ့။ ကျွန်တော်လည်း အဲဒီနေ့က တကယ်ပဲ အဲဒါကို နည်းနည်းတိုက်ဆိုင်တယ်လို့ တွေးမိပြီး စိတ်ရှုပ်ထွေးမိခဲ့ပါသေးတယ်။ အခု အစ်ကိုကြီးက ရှင်းပြလိုက်တော့ ကျွန်တော်လည်း ရှင်းလင်းသွားပါပြီ”

ချန်ကျဲ့ တက်ကြွစွာ ပြန်လည်တုံ့ပြန်လိုက်သည်။ ဖုန်းရွှမ်မှ သက်ပြင်းချလျက် မျက်နှာအမူအရာသည်တော့ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလာပေသည်။

“ညီအစ်ကိုတွေ တစ်ယောက်နဲ့တစ်ယောက် သံသယဝင်ကုန်ကြတာ။ ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်ရတာလဲ”

“အာ ကောင်းပြီ ညီငယ်၅၊ အခုအချိန်မှာ စကားတွေက အသုံးမဝင်ပါဘူး။ အနာဂတ်မှာ အစ်ကိုကြီးရဲ့အပြုအမူတွေကို မင်း စောင့်ကြည့်လေ့လာလိုက်ရင် ရပြီ။ သွားကြစို့”

ထိုသို့ပြောပြီးနောက် ဖုန်းရွှမ်သည် လက်ဝှေ့ရမ်းလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ လှည့်ထွက်သွားသော သူ၏မျက်နှာအမူအရာသည် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့၏။ မျက်လုံးများတွင်လည်း ကူကယ်ရာမဲ့မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။

ဘာမှမသိသူမှ မြင်တွေ့ပါက ဖုန်းရွှမ် အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ပြီဟု အထင်ရောက်နိုင်လောက်ပေသည်။

ဖုန်းရွှမ် ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်နေစဉ် ရှောင်ဟူသည် ရထားလုံးနှင့်အတူ ရောက်လာပြီး‌ ပြောသည်။

“အစ်ကို သူတကယ် ပြောင်းလဲသွားတာလား”

ချန်ကျဲ့ ရှောင်ဟူကို ကြည့်လိုက်ပြီး ပြောသည်။

“ဒီတစ်ခုကို မှတ်ထား၊ တောတောင်ရေမြေတွေ ပြောင်းလဲသွားရင်တောင်မှ လူရဲ့ဗီဇကို ပြောင်းလဲဖို့ ခက်ခဲတယ်တဲ့။ သူ ပိုကောင်းတဲ့လူအဖြစ် ပြောင်းလဲနိုင်တယ်ဆိုရင်တောင်မှ သတိထားနေရမယ်။ လူတစ်ယောက် ပုံမှန်ထက် ထူးထူးဆန်းဆန်းပြုမူနေတယ်ဆိုတာ အန္တရာယ်ကို ဖော်ပြနေတာဖြစ်နိုင်တယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့ ရထားလုံးဆီသို့ တက်လိုက်သည်။

တစ်ဖက်တွင်လည်း ဖုန်းရွှမ် ရထားလုံးပေါ်သို့ ရောက်သောအခါ ဖချိုက်မှ မေးသည်။

“သခင် ဘယ်လိုအခြေအနေပါလဲ”

ဖုန်းရွှမ်မှ ပြောသည်။

“ဟားဟား အဖိုးကြီးက တုံးအနေတုန်းပဲ။ ဒါပေမဲ့ ချန်ကျိုစစ်ကတော့ နည်းနည်း ကိုင်တွယ်ဖို့ခက်ခဲတယ်!”

“ကျွန်တော် သူ့ကို သွားဖြေရှင်းလိုက်ပါ့မယ်!”

ဖချိုက်၏ စိတ်အားထက်သန်စွာသော ကမ်းလှမ်းချက်ကို ဖုန်းရွှမ်မှ ပြန်ပြောသည်။

“အခုတော့ လှုပ်ရှားဖို့ မလိုသေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ထောင်ချောက်ဆင်ထားပြီးမှတော့ ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး”

ထိုသို့ပြောခဲ့ပြီး ဖုန်းရွှမ်သည် ရထားလုံးထဲသို့ ဝင်လိုက်သည်။

“ပြန်ကြရအောင်။ နောက်နှစ်ရက်ပဲ လိုတော့တယ်”

“ဟုတ်ကဲ့”

ဖချိုက် ရထားလုံးကို မောင်းနှင်လိုက်သည်။

…

ချန်ကျဲ့သည် အိမ်ပြန်ရောက်သောအခါ စာဖတ်ခန်းထဲတွင် မျက်ခုံးစပ်ကို ဖိနှိပ်ပွတ်သပ်နေခဲ့သည်။

သူသည် ဖန်းရှစ်ကျုံးထံမှ ရရှိခဲ့သော အလွန်တန်ဖိုးကြီးသည့် သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ကို သေချာယူဆောင်လာခဲ့သည်။

ထို့နောက် ချန်ကျဲ့သည် ဒီနေ့အဖြစ်အပျက်များကို ပြန်ပြောင်းစဉ်းစားနေခဲ့သည်။ ဖုန်းရွှမ်၏ မူမမှန်သည့် အပြုအမူများသည် တစ်စုံတစ်ရာ ကြီးကြီးမားမားဖြစ်ပျက်တော့မည့်အလား သူ့ကို စိတ်မအေးဖြစ်နေစေခဲ့သည်။

All Chapters