ဇနီး : ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?_၂
Vol. 25 Ch. 339
ချန်ကျဲ့သည် နေ့လယ်မှ ညနေအထိ စာကြည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။
ညစာစားပြီးနောက်တွင်လည်း စာကြည့်ခန်းထဲသို့ ပြန်သွားပြီး စာအုပ်တစ်အုပ်ရွေး၍ ကြုံရာဖတ်နေလိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို တံခါးမှ တစ်ချက်ကြည့်ပြီးနောက် ယင်ဟုန်မိန်နှင့်အတူ ထွက်သွားခဲ့သည်။
“သခင်ကြီးကို မနှောင့်ယှက်ကြနဲ့။ သူ့မှာ အရေးကြီးကိစ္စတချို့ ရှိနေတယ်”
နောက်တစ်ကြိမ် မူးနောက်နောက်ဖြစ်လာချိန်တွင် ကိုယ်တိုင်တောင် သတိမထားမိလိုက်ပါဘဲ ည၈နာရီအချိန်သို့ ရောက်နေခဲ့လေပြီ။ ထိုအချိန်၌ စာကြည့်ခန်းတံခါးသည် ရုတ်တရက်ပွင့်ဟလာ၏။ ချန်ကျဲ့ ကြည့်လိုက်သောအခါ အစေခံမိန်းကလေးချွေ့ကျူကို မြင်လိုက်ရသည်။
ချွေ့ကျူသည် ဒီနေ့တွင် မျက်နှာချေအချို့ လိမ်းကျံထားပြီး ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထား၏။ သူမသည် ချန်ကျဲ့သို့ ကြာစေ့စွပ်ပြုတ်တစ်ပန်းကန်ကို သယ်ဆောင်လာပြီး ပြောသည်။
“သခင် အချိန်နောက်ကျနေပြီ။ ခန္ဓာကိုယ်နွေးအောင်လို့ တစ်ခုခုစားလိုက်ပါဦး”
“အိုး အဲဒီမှာပဲ ထားခဲ့လိုက်ပါ”
ချန်ကျဲ့ သာမန်ကာလျှံကာမျှ တုံ့ပြန်လိုက်သည်။
ထို့နောက် လက်ထဲရှိစာအုပ်ကို ပြန်ဖတ်နေလိုက်သည်။
ထိုအခါ ချွေ့ကျူသည် ထွက်မသွားသေးဘဲ ပြောလာသည်။
“သခင်၊ သခင့်ရဲ့ပခုံးတွေ တောင့်တင်းနာကျင်နေလောက်မှာပဲ။ ကျွန်မ နှိပ်ပေးပါရစေ”
ချန်ကျဲ့ သူမကို တစ်ချက်ကြည့်လိုက်သည်။
“နောက်ကျနေပြီ။ မင်း ပြန်သွားပြီး အနားယူလိုက်တော့”
“ကျွန်မ အဆင်ပြေပါတယ်၊ မပင်ပန်းပါဘူး!”
ထိုသို့ပြောလျက် ချွေ့ကျူသည် ချန်ကျဲ့၏နောက်သို့ ရုတ်ချည်းသွား၍ ချန်ကျဲ့၏ပခုံးကို သူမ၏ နူးညံ့သည့်လက်များဖြင့် ဖိနှိပ်လိုက်သည်။
၎င်းမှာ အတော်လေး သက်သောင့်သက်သာရှိသည်ဟု ဆိုနိုင်ပေသည်။
ဤသည်မှာလည်း ချွေ့ကျူ သူမအမေထံမှ သင်ယူခဲ့သည့် လှည့်ကွက်တစ်မျိုးဖြစ်သည်။
သူမ၏မိခင်သည် အစေခံတစ်ဦးမှ အလေးပေးခံရသော ကြင်ယာတော်တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်ခဲ့သူဖြစ်ရာ သူမတွင်လည်း အထူးတလည် ကျင့်သုံးသည့် နည်းလမ်းများရှိပေသည်။
ဤပခုံးနှိပ်နည်းသည်လည်း ထိုကဲ့သို့ပင် ထူးခြားပေသည်။
ပခုံးနှိပ်ခြင်းသည် အစပိုင်းတွင် အတော်လေး သာမန်ဖြစ်သော်ငြား တဖြည်းဖြည်းနှင့် တစ်ခုခုလွဲချော်နေသည်ဟု ချန်ကျဲ့ ခံစားလာရသည်။ သူ၏ပခုံးနှင့် လည်တိုင်တို့တွင် ရေငွေ့လုံးနှစ်လုံး မြင့်ချည်နိမ့်ချည်ဖြစ်နေသည့်အလား မတူကွဲပြားသည့် အာရုံခံစားမှုတစ်မျိုးကို စတင်ခံစားလာရပေသည်။
“အင်း”
ဤသည်မှာ မတူကွဲပြားကြောင်း ချန်ကျဲ့ ခံစားမိသည်။
တစ်ချိန်တည်းတွင် သူ၏နားဘေးမှ ချွေ့ကျူ၏အသံကိုလည်း ကြားနေရ၏။
“သခင်ကြီး အာ~ ဒီလိုက ခံစားလို့ကောင်းလားဟင်”
“ဒါက ကျွန်မရဲ့ ကျွမ်းကျင်မှုအရည်အချင်းတစ်ခုပါ။ သခင်ကြီး အဝတ်ချွတ်ချင်လား။ အဲ့လိုဆို ပိုပြီး ခံစားလို့ကောင်းပါလိမ့်မယ်”
ချန်ကျဲ့သည် ချွေ့ကျူမှ သူ့အား မည်သို့မည်ပုံနှိပ်ပေးနေသည်ကို ကောင်းစွာ သတိထားမိ၏။
ဤသည်မှာ အစေခံတစ်ဦး မဟုတ်ပါဘဲ ကျွမ်းကျင်အနှိပ်သည်တစ်ဦးဖြစ်ပေသည်။
ဒီခေတ်အစေခံမိန်းကလေးတွေက ရဲတင်းလိုက်တာ၊ ဘာမဆိုလုပ်ရဲတယ်။
ချန်ကျဲ့ အံ့ဩနေခဲ့သည်။
ငါ့အိမ်တော်မှာ ဒီလိုပါရမီရှင်မျိုး ရှိသေးတာလား။
ချန်ကျဲ့သည် ဆက်လက်၍ အနှိပ်ခံသင့်၊မခံသင့် တွေဝေနေစဉ် တံခါးအပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ယောက်ျား အချိန်နောက်ကျနေပြီ၊ ရှင် အိပ်သင့်…”
အသံသည် တစ်ဝက်တစ်ပြက် ရပ်တန့်သွား၏။ စူးယွင်ကျင်းသည် ယင်ဟုန်မိန်နှင့်အတူ တံခါးရှေ့တွင် ရပ်နေခဲ့သည်။
သူတို့မြင်လိုက်ရသည့် မြင်ကွင်းတွင် ချန်ကျဲ့သည် ထိုင်နေပြီး ချန်ကျဲ့၏နောက်တွင် အစေခံမိန်းကလေးချွေ့ကျူသည် အဝတ်ချွတ်ထားသဖြင့် ရင်ဘတ်မှာ အဝတ်ဗလာဖြစ်နေသည်။
“အာ ရှင်မ!”
ချွေ့ကျူလည်း လန့်သွားခဲ့သည်။ သူမ ခုနက သေချာမေးမြန်းခဲ့ပြီးဖြစ်သည်။ သခင်မသည် သခင်မလေးကို စာရေးနည်းသင်ကြားပေးနေသောကြောင့် အချိန်တစ်ခုအထိ အပြင်ထွက်လာလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ သခင်မက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။
စူးယွင်ကျင်းသည် အမှန်တကယ်ပင် ရွေ့ရွေ့ကို စာရေးသင်ပေးနေခဲ့တာဖြစ်သည်။ သို့သော် အချိန်ကြည့်ပြီးနောက် စာကြည့်ခန်းထဲတွင် ရှိနေသေးသည့် ချန်ကျဲ့ကို တွေးမိသဖြင့် အနားယူရန် လာပြောခြင်းဖြစ်သည်။
ဤသို့မြင်ကွင်းမျိုးနှင့် ပက်ပင်းတိုးရန် မျှော်လင့်မထားခဲ့ပေ။
စူးယွင်ကျင်းသည် မည်သို့တုံ့ပြန်သင့်မှန်း စဉ်းစားမရဘဲ ဖြစ်နေခဲ့သည်။
အစေခံမိန်းကလေးနှင့် အိမ်တော်သခင်တို့၏ ဇာတ်လမ်းများသည် အိမ်တော်ကြီးများတွင် သာမန်ကိစ္စဖြစ်သည်။ အနည်းဆုံး ရိုက်နှက်ပြီး ပြန်ရောင်းလိုက်ခြင်းမှ သေအောင်ရိုက်နှက်သည်အထိ ပြစ်ဒဏ်ပေးနိုင်၏။ မည်သို့ပင်ဖြစ်စေ ကျွန်စာချုပ်တည်ရှိနေပြီး အစေခံ၏သေဆုံးမှုအတွက် မေးခွန်းထုတ်ကြလိမ့်မည် မဟုတ်ပေ။
ချန်ကျဲ့ပင်လျှင် အနည်းငယ် ကသိကအောက် ခံစားလိုက်ရ၏။ တရားမဝင် အနှိပ်ခံနေသည်ကို ဇနီးမှ ဖမ်းမိသွားသည့်အလား ခံစားချက်မျိုးဖြစ်သည်။
ချွေ့ကျူသည် စိုးရိမ်ထိတ်လန့်နေခဲ့သည်။ သခင်မ၏ စိတ်နေသဘောထားမှာ မည်သို့ရှိသည်ကို သူမ သေချာမသိထားပေ။
အချိန်ခဏမျှအကြာတွင် စူးယွင်ကျင်း ပြန်လည်အသိဝင်လာသည်။ ထို့နောက် ပုံမှန်လေသံဖြင့် ပြော၏။
“ယောက်ျား ရှင် အနှိပ်ခံလို့ပြီးပြီလား”
ချန်ကျဲ့မှ ပြောသည်။
“ပြီးပြီ”
“အို ကောင်းပါပြီ။ ချွေ့ကျူ မင်းထွက်သွားနိုင်ပြီ”
“အာ ဟုတ်ကဲ့ပါ သခင်မ”
အရေးမထားဟန်သော စကားသံကို ကြားလိုက်သောအခါ ချွေ့ကျူသည် ခွင့်ပြုချက်ရသွားသည့်အလား အလျင်စလို ထွက်သွားခဲ့သည်။ ယင်ဟုန်မိန်သည်တော့ မျက်မှောင်ကြုတ်လျက် ဤအရှက်မရှိသည့်မိန်းမယုတ်ကို သင်ခန်းစာပေးပစ်ချင်နေသည်။
သို့သော် စူးယွင်ကျင်းမှ တားမြစ်လိုက်သည်။
ချွေ့ကျူထွက်သွားပြီးနောက် ချန်ကျဲ့သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ခံစားရသဖြင့် စားပွဲပေါ်မှ ကြာစေ့စွပ်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်သည်။
တစ်ဖက်ရှိ စူးယွင်ကျင်းသည် အခန်းထဲ ဝင်လာခဲ့သည်။
“ဟုန်မိန် မင်းခစားပေးဖို့ မလိုတော့ဘူး။ သွားလို့ရပြီ”
စူးယွင်ကျင်းသည် ယင်ဟုန်မိန်ကိုလည်း ဖယ်ထုတ်လိုက်သည်။
အခန်းထဲတွင် ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့နှစ်ဦးသာ ကျန်ရစ်တော့သည့် တဒင်္ဂတွင် လေထုအခြေအနေသည် အနည်းငယ် အနေခက်ဖွယ်ဖြစ်လာခဲ့၏။
စူးယွင်ကျင်းသည် စကားမပြောပေ။ သူမသည် ချန်ကျဲ့နောက်သို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွား၍ ချန်ကျဲ့၏ပခုံးများကို ညင်ညင်သာသာ နှိပ်ပေးရင်း ပြောသည်။
“ပင်ပန်းနေတယ်မလား”
“အရမ်း မဟုတ်ပါဘူး”
“အဲဒီမိန်းကလေးက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ရှင် သူ့ကို ကြင်ယာတော်အဖြစ် ယူချင်လား”
စူးယွင်ကျင်းသည် ပေါ့ပေါ့ပါးပါးပင် ပြော၏။
“ဘာ?”
ချန်ကျဲ့သည် တွန့်ဆုတ်သွားပြီး စူးယွင်ကျင်းကို လှည့်ကြည့်လိုက်သည်။
“ရှင်ဘာလို့ ကျွန်မကို ကြည့်နေတာလဲ။ ရှင် အဲဒီအစေခံမိန်းကလေးကို ကြင်ယာတော်တင်မြှောက်ချင်လားလို့ ကျွန်မ မေးနေတာလေ”
စူးယွင်ကျင်းမှ ထပ်မေးသည်။
“ရှင်မ အဲဒီလိုမဟုတ်ပါဘူး။ ကိုယ်ဘာမှမလုပ်ခဲ့ဘူး။ ဘာလို့ သူ့ကို ကြင်ယာတော်မြှောက်ရမှာလဲ”
ချန်ကျဲ့ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
စူးယွင်ကျင်းမှ ပြောသည်။
“ယောက်ျား ရှင် ကျွန်မအတွက် စိုးရိမ်ဖို့မလိုပါဘူး။ ရှင့်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆို အမျိုးသမီးတစ်ယောက်ပဲရှိဖို့ဆိုတာ မဖြစ်နိုင်တာကို ကျွန်မ သိပါတယ်။ မဟုတ်ရင် လူတွေက ရှင့်ကို လှောင်ရယ်ကြလိမ့်မယ်”
“ရှင့်ရဲ့အစ်ကိုကြီးဖုန်းရွှမ်ကိုပဲ ကြည့်လေ။ တရားဝင်ဇနီးတစ်ယောက်နဲ့ ကြင်ယာတော်သုံးယောက်ရှိတယ်”
“ရှင့်အစ်ကို၂ကျန်းချွမ်ဆို တရားဝင်ဇနီးတစ်ယောက်နဲ့ ကြင်ယာတော်၅ယောက်ရှိတယ်”
“ရှင့်အစ်ကို၃နဲ့ ၄တို့မှာလည်း ဇနီးနဲ့ ကြင်ယာတော်တွေ အများကြီးရှိကြတာပဲ။ ကျားဖြူခန်းမရဲ့ သခင်၅ဖြစ်တဲ့ရှင့်မှာ ဘယ်လိုလုပ်ပြီး ဇနီးတစ်ယောက်ပဲရှိပြီး ကြင်ယာတော်မရှိဘဲ ဖြစ်ပါ့မလဲ။ လူတွေ ရယ်ကြလိမ့်မယ်”
“အဲဒါကြောင့် ရှင် အဲဒီမိန်းကလေးကို ကောင်းတယ်လို့ ထင်တယ်ဆိုရင် သူ့ကို ကြင်ယာတော်အဖြစ် ယူလိုက်ပါ”
“ဒီတိုင်း ရှင့်ကျန်းမာရေးကိုတော့ သေချာဂရုစိုက်ပေါ့။ သာယာမှုထဲ အရမ်းမနစ်မြောစေနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနဲ့ ရွေ့ရွေ့က ရှင့်အပေါ် မှီခိုနေကြတုန်းပဲလေ”
စူးယွင်ကျင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောခဲ့သည်။ သူမသည် ဒီအကြောင်းများကို လွန်ခဲ့တဲ့ရက်တွေကတည်းက စဉ်းစားထားပြီးဖြစ်သည်။
ယောက်ျားတွေက အင်အားအာဏာရှိသွားပြီဆိုရင် အဲဒီယောက်ျားဘယ်နှယောက်ကများ မိန်းမတစ်ယောက်တည်း ရှိနိုင်လို့လဲ။
အစ်မဟွားပြောသည့်အတိုင်းပင် အပြင်ဘက်ရှိ အမျိုးသမီးများသည် ပိုးဖလံများကဲ့သို့ ဖြစ်ကြသည်။ စိတ်အားထက်သန်စွာဖြင့် ဝင်တိုးလိုသည့်ဆန္ဒများ ပြင်းပြနေကြ၏။ သူတို့သည် နည်းလမ်းမျိုးစုံကို အသုံးပြု၍ ဤအမျိုးသားကို လုယူဖမ်းဆုပ်ရန် ကြိုးပမ်းကြလိမ့်မည်။
အကယ်၍ အမျက်ဒေါသဖြင့် တားဆီးဖို့ကြိုးစားပါက အောင်မြင်လိမ့်မည် မဟုတ်ပေ။
ဟန့်တားခြင်းထက် ပါးနပ်စွာ ပရိယာယ်သုံးခြင်းသည် ပိုကောင်း၏။ သူ၏စိတ်နှလုံးထဲရှိ မိမိ၏နေရာကို ကောင်းစွာသိနားလည်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။
ထို့ပြင် ဤခေတ်အခါရှိ အမျိုးသမီးများ၏ စဉ်းစားတွေးခေါ်ပုံသည် မျက်မှောက်ခေတ်၏ အမျိုးသမီးများကဲ့သို့ မဟုတ်ပေ။ ဤခေတ်အမျိုးသမီးများ ရွတ်ဆိုကျက်မှတ်ရသည့် မိန်းမမြတ်ကျင့်ဝတ်များထဲတွင် အမျိုးသမီးတစ်ယောက်အတွက် လမ်းညွှန်ချက်များ ပါဝင်ပေသည်။