ဇနီး : ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?_၄
Vol. 25 Ch. 342
“နင်…”
ချွေ့ကျူမှ ယင်ဟုန်မိန်ကို စိုက်ကြည့်လျက် ပြောသည်။
“နင်က ငါ့ကိုသတ်မလို့လား”
ယင်ဟုန်မိန်မှ ပြောသည်။
“နင် မအိပ်တာကောင်းလိမ့်မယ်။ အိပ်လိုက်ရင် ဘယ်တော့မှ ပြန်နိုးမလာတော့တာလည်း ဖြစ်နိုင်တယ်။ ရေကန်အနားလည်း မသွားတာကောင်းတယ်၊ ရေကန်ထဲ ပြုတ်ကျပြီး ဘယ်တော့မှ ပြန်တက်မလာတော့တာလည်း ဖြစ်နိုင်လို့လေ။ မီးဖိုချောင်ထဲကိုလည်း မသွားသင့်ဘူး။ ဓားတွေက အရမ်းထက်တယ် မဟုတ်လား!”
ထိုအခါ ချွေ့ကျူသည် မျက်လုံးအပြူးသားဖြင့် ပြောသည်။
“နင်ငါ့ကိုခြောက်နေတာလား။ နင် ယုံချင်ယုံ၊ မယုံချင်နေ ငါအရင် နင့်ကိုသတ်ပစ်မှာ”
ယင်ဟုန်မိန်မှ ပြောသည်။
“သတ်ကြည့်လေ။ နင်လည်း နင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်!”
“နင်… နင်ငါ့ကိုသတ်ရင် နင်လည်း သေရမယ်!”
ယင်ဟုန်မိန် ခေါင်းမော့ကြည့်လာသည်။ သူမ၏မျက်နှာထက်တွင် နောက်ဆုံးတွင်တော့ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေပြီ။ ယင်ဟုန်မိန်မှ ပြောသည်။
“ငါမကြောက်ဘူး!”
“နင်~”
ယင်ဟုန်မိန်၏ ထူးဆန်းသည့် အပြုံးကို မြင်သောအခါ ချွေ့ကျူသည် ကြောက်ရွံ့လာခဲ့သည်။
သူက တကယ်ကြီး ရူးသွပ်နေတဲ့သူလား။ သူတကယ် ငါ့ကိုသတ်ချင်နေတာလား။
ယင်ဟုန်မိန်မှ ချွေ့ကျူကို ကြည့်လျက် ပြောသည်။
“နင့်မှာ ရွေးချယ်စရာတစ်ခုရှိတယ်။ သခင်မကို ဦးတိုက်တောင်းပန်ပြီး သခင်ကြီးကို ဘယ်တော့မှ မချဉ်းကပ်တော့ဖို့ပဲ မဟုတ်ရင်တော့ သေလိုက်ပေါ့!”
ချွေ့ကျူမှ ပြောသည်။
“နင်ဘာလို့ ဒီလိုလုပ်ရတာလဲ”
“အကြောင်းအရင်းမရှိဘူး။ နင့်ရဲ့ဆုံးဖြတ်ချက်ကိုသာ ငါ့ကိုပြောပြစမ်းပါ!”
“ငါ… ငါ သခင်မကို ဦးတိုက်တောင်းပန်ပြီး သခင်ကြီးကို ဘယ်တော့မှ ထပ်ပြီး မချဉ်းကပ်တော့ပါဘူး!”
“ကောင်းပြီ အိပ်တော့!”
ယင်ဟုန်မိန်သည် သူမ၏မျက်နှာရှိ ကုတ်ခြစ်ရာများကို လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်ရင်း ပြောသည်။ ထို့နောက် အိပ်ရာသို့ပြန်သွား၍ စောင်ခြုံကာ ပြန်အိပ်သွားတော့သည်။
အစေခံမိန်းကလေးသုံးဦးသည် ချွေးစေးများ ရွှဲနစ်နေကြလျက် ယင်ဟုန်မိန်ကို ကြည့်နေကြသည်။
ဒါက ဘယ်လို စိတ်ရူးဖောက်နေတဲ့မိန်းမလဲ!
ချွေ့ကျူသည် ယင်ဟုန်မိန်ကို မုန်းတီးမှုပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်ကာ ထိုင်ခုံတွင် သွားထိုင်သည်။ သူမ ပြန်မအိပ်ရဲတော့ပေ။
သူမ ပြန်အိပ်လိုက်ပါက တကယ်ကြီး ပြန်လည် နိုးထမလာနိုင်တော့မည်ကို ကြောက်ရွံ့နေခဲ့သည်။
သူ ခုနက ငါ့ကို တကယ်သတ်ချင်နေခဲ့တာ။
ထိုအချိန်၌ ယင်ဟုန်မိန်သည် အစေခံမိန်းကလေးသုံးဦးကို ကျောခိုင်း၍ လှဲနေခဲ့သည်။ သူမသည် စိတ်ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် မအိပ်သေးဘဲ မျက်လုံးဖွင့်ထား၏။ သူမ၏ ခေါင်းအုံးအောက်တွင် စာလုံးသုံးလုံးပါဝင်သည့် စာရွက်တစ်ရွက်ရှိနေသည်။ [ယင်ဟုန်မိန်]
သခင်မသည် သူမ၏နာမည်ကို ရေးတတ်အောင် သင်ပေးခဲ့သည်။
သခင်မက သူမကို အစ်မဟု ခေါ်ဆိုရန်ပြောခဲ့ချိန်က သူမ ငြင်းဆိုခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်ရက်အတွင်း၌ သခင်မ၏ အပြုအမူအားလုံးကို သူမ မြင်တွေ့ခဲ့သည်။ သခင်မသည် သူမကို အမှန်တကယ်ပင် ညီမလေးတစ်ယောက်လို ဆက်ဆံပေးနေခဲ့ပေသည်။
သူမ၏စိတ်ထဲတွင်လည်း သခင်မကို အစ်မတစ်ယောက်အဖြစ် သဘောထားနေခဲ့ပြီဖြစ်၏။
သခင်မသည် နူးညံ့ကြင်နာတတ်သော အစ်မကြီးဖြစ်သော်ငြား အားနည်းချက်လည်း များပြားလွန်းလှသည်။
သခင်မသည် နူးညံ့လွန်းသောကြောင့် အစေခံများသည် သခင်မကို အနိုင်ကျင့်နိုင်သည်ဟု တွေးထင်လာကြသည်။ သခင်မ၏ ကြင်နာမှုသည် အလွန်တရာ ခက်ထန်မှုကင်းမဲ့နေသောကြောင့် အစေခံများသည် သခင်မကို ကြောက်ရွံ့စိတ်မရှိကြပေ။
ဒီနေ့အဖြစ်အပျက်သည် ဥပမာဖြစ်၏။ ရက်အနည်းငယ်ကမှ အိမ်တော်ဝင်လာသော အစေခံတစ်ဦးသည် သခင်ကြီးကို ပေါ်ပေါ်ထင်ထင် ဆွဲဆောင်ရဲလေသည်။ မထိန်းသိမ်းပါက နောက်ပိုင်းတွင် အဘယ်သို့ ဖြစ်လာလိမ့်မည်နည်း။
သို့သော် ဤမျှကြင်နာတတ်သည့် သခင်မသည် ကြမ်းကြမ်းတမ်းတမ်းပြုမူရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူမ သိသည်။
ထို့ကြောင့် ကြမ်းကြမ်းတမ်းတမ်း မပြုမူနိုင်သည့် သခင်မအတွက် သူမက ဓားတစ်လက်ဖြစ်ပေးလိုက်မည်။ သူမကို ညီမတစ်ယောက်ကဲ့သို့ သခင်မကို ကာကွယ်ပေးမည်။
…
မနက်ခင်း၌ ချန်ကျဲ့၊ စူးယွင်ကျင်း၊ ရွေ့ရွေ့နှင့် ရှောင်ဟူတို့သည် စားပွဲဝိုင်းတွင် ထိုင်၍ မနက်စာစားနေကြသည်။
ယင်ဟုန်မိန်သည် ဘေးတွင်ရပ်၍ ဘေးတိုက်အနေအထားဖြင့် ခစားနေသည်။
ဘေးတိုက်အနေအထားဖြစ်ရခြင်းမှာ သူမ၏ မျက်နှာရှိ ကုတ်ခြစ်ဒဏ်ရာများကို မမြင်စေလိုသောကြောင့် ဖြစ်သည်။ သခင်မအား သူမ၏ ဒဏ်ရာရထားသည့်မျက်နှာကို မမြင်စေချင်ပေ။
သို့သော် စူးယွင်ကျင်းသည် သတိထားမိသွားဆဲပင်။
“ဟုန်မိန်”
“သခင်မ”
စူးယွင်ကျင်းမှ ပြောသည်။
“ဒီကိုလာဦး။ မင်းမျက်နှာက ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ပါဘူး သခင်မ”
“ဘာမှမဖြစ်ဘူးတဲ့လား? ခြစ်ရာတွေ ထင်နေတာလေ။ ဘာဖြစ်တာလဲ။ ရန်ဖြစ်ခဲ့တာလား”
စူးယွင်ကျင်းသည် ယင်ဟုန်မိန်ကို ဆွဲခေါ်လိုက်ရင်း စိုးရိမ်ပူပန်စွာ ပြောသည်။
သူတို့၏ဘေးရှိ ရွေ့ရွေ့မှလည်း ပြောသည်။
“အိုး မမဟုန်မိန် မျက်နှာမှာ ထိခိုက်ထားတာလား”
“ဟားဟား ဘာမှမဖြစ်ပါဘူး သခင်မလေး”
ယင်ဟုန်မိန်မှ ပြန်ပြောသည်။
“ယောက်ျား ရှင်ဆက်စားနှင့်။ ကျွန်မ ဟုန်မိန်ကိုခေါ်ပြီး ဆေးသွားထည့်ပေးလိုက်ဦးမယ်”
“အာ သခင်မ၊ မလိုပါဘူး။ ဒဏ်ရာအသေးစားလေးပါ၊ အရင်စားလိုက်ပါနော်”
“ဘာကို ဒဏ်ရာအသေးစားလေးလဲ။ မိန်းကလေးတစ်ယောက်အတွက် မျက်နှာက အရမ်းအရေးကြီးတယ်။ လာ ငါ့နောက်လိုက်ခဲ့”
စူးယွင်ကျင်းသည် ယင်ဟုန်မိန်ကို နောက်သို့ ခေါ်သွားရန်ပြင်သည်။
သို့သော် ထိုအချိန်တွင် ချွေ့ကျူ ရုတ်တရက်ရောက်လာပြီး ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
ထို့နောက် စူးယွင်ကျင်းကို သုံးကြိမ်ဦးတိုက်သည်။ အားလုံး ကြောင်အသွားကြ၏။ စူးယွင်ကျင်းမှလည်း မေးသည်။
“ချွေ့ကျူ မင်းဘာလုပ်တာလဲ”
ချွေ့ကျူမှ ငိုကြွေးလျက် ပြောသည်။
“သခင်မ ဒီအစေခံ မှားသွားပါတယ်။ ကျွန်မ မနေ့က သခင့်ရဲ့ပခုံးကို မနှိပ်ခဲ့သင့်ပါဘူး။ ကျွန်မ နောက်ထပ် မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ!”
ထိုသို့ပြောလျက် နောက်ထပ် သုံးကြိမ်ဦးတိုက်သည်။
ဟူဇစ်လည်း ရှုပ်ထွေးသွား၏။ သူ၏ပါးစပ်ထဲရှိ ပေါက်စီသည်လည်း အရသာကင်းမဲ့သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
ရွေ့ရွေ့သည် သူမ၏ အသားပေါက်စီကို အစားမပြတ်သော်ငြား ချွေ့ကျူကို စူးစိုက်ကြည့်နေခဲ့သည်။ အစ်ကိုကြီး၏ ပခုံးကို နှိပ်ပေးခြင်းတွင် အဘယ်အရာက မှားယွင်းနေကြောင်း သူမ နားမလည်နိုင်ပေ။
ချန်ကျဲ့သည် ကနဦးတွင် တွေဝေသွားသော်ငြား ယင်ဟုန်မိန်ကို ကြည့်လိုက်သည်။
ယင်ဟုန်မိန်သည်တော့ မျက်နှာအမူအရာကင်းမဲ့နေမြဲပင်။
စူးယွင်ကျင်းသည် ချန်ကျဲ့ကို ပြန်လှည့်ကြည့်လာ၏။
ချန်ကျဲ့သည် မမြင်ချင်ယောင်ဆောင်၍ သူ၏ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး ယာဂုကို မှုတ်နေ၏။ စူးယွင်ကျင်းလည်း အချို့အရာများကို မိမိဘာသာ ကိုင်တွယ်တတ်ရန် သင်ယူရပေမည်။ အဆုံးတွင်တော့ သူမသည် အိမ်တော်အရေးကိစ္စများကို တာဝန်ယူထားရသူ မဟုတ်ပါလော။
စူးယွင်ကျင်းသည် အားနည်းသော်ငြား မတုံးအပေ။ သူမသည် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ကြမ်းပြင်တွင် ဒူးထောက်နေသည့် ချွေ့ကျူကို တစ်လှည့် မျက်နှာတွင် ဒဏ်ရာရနေသည့် ယင်ဟုန်မိန်ကို တစ်လှည့်ကြည့်လိုက်သည်။
ထို့နောက် ပြောသည်။
“ဪ ဒီကိစ္စက ပြီးသွားပြီ၊ နောက်ကို ထပ်ပြောဖို့ မလိုတော့ဘူး။ မင်းလုပ်ရမယ့်အလုပ်ကိုပဲ ကြိုးစားလုပ်ပါ”
“ကောင်းပြီ မင်းသွားနိုင်ပြီ”
“ကျေးဇူးတင်ပါတယ် သခင်မ”
ချွေ့ကျူသည် ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ရုတ်ချည်း ထပ်မံအရိုအသေပြုသည်။
ချန်ကျဲ့သည် အစမှ အဆုံးအထိ စကားတစ်လုံးမျှ ဝင်မပြောပေ။
တစ်ဖက်ရှိ စူးယွင်ကျင်းသည် ချန်ကျဲ့ကို အသာခေါင်းညိတ်ပြခဲ့ပြီးနောက် ယင်ဟုန်မိန်ကို အနောက်သို့ ခေါ်သွားခဲ့သည်။
ရှောင်ဟူမှ ပြောသည်။
“အစ်ကို မနေ့က ဘာဖြစ်ခဲ့လို့လဲ”
ချန်ကျဲ့ ရှောင်ဟူကိုကြည့်၍ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ ရှောင်ဟူ၊ မင်းအသက်ဘယ်လောက်ရှိပြီလဲ။ မင်း လက်ထပ်ဖို့အရွယ်ရောက်နေပြီ ဟုတ်တယ်မလား။ မင်း သဘောကျတဲ့မိန်းကလေးရှိလာရင် ငါ့ကိုသာ ပြောလိုက်။ ငါမင်းကို ကူညီပြီး လက်ထပ်ခွင့်တောင်းပေးမယ်”
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဒုက္ခများဖို့မလိုပါဘူး အစ်ကိုရာ။ ကျွန်တော့်မှာ ဘာမိန်းကလေးမှ မရှိသေးပါဘူး။ အခုလောလောဆယ်တော့ ကျွန်တော် ဓားရေးလေ့ကျင့်ဖို့ပဲ အာရုံစိုက်ချင်တယ်။ မိန်းကလေးထားတာက ကျွန်တော့်ရဲ့ ဓားဆွဲထုတ်တဲ့အရှိန်ကို နှေးကွေးသွားစေရုံပဲ ရှိလိမ့်မှာဗျ”
ချန်ကျဲ့မှ ပြောသည်။
“ဒီလူညစ်ကောင်လေးတော့”
ထို့နောက် ချန်ကျဲ့မှ ဆက်ပြောသည်။
“ငါ့မှာ ဓားကောင်းနှစ်လက်ရှိတယ်။ မင်း ဘယ်တစ်လက်ကို ကြိုက်လဲ။ ငါမင်းကို တစ်လက်ပေးမယ်လေ?”
အမှန်တကယ်ပင် ချန်ကျဲ့တွင် ဓားနှစ်လက်ရှိ၏။ တစ်လက်မှာ ဖုန်းစန်း၏ ရွှေဓားဖြစ်ပြီး ကျန်တစ်လက်မှာ ကျန်းချွမ်၏ တစ်ဖက်သွားဓားတို့ ဖြစ်သည်။
ဓားနှစ်လက်စလုံးမှာ အတော်ဆုံး ပန်းပဲဆရာများဖြင့် သွန်းလုပ်ထားခြင်းဖြစ်သောကြောင့် ချန်ကျဲ့သည် လူကို အနိုင်ယူပြီးနောက်တွင် လက်နက်များကို သိမ်းယူထားခဲ့သည်။
ထိုအခါ ရှောင်ဟူမှ ပြောသည်။
“ဟားဟား ကျွန်တော် တစ်ဖက်သွားဓားပဲ ယူလိုက်မယ်။ ရွှေဓားက အရမ်းတောက်ပြောင်လွန်းတယ်”