ဇနီး : ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?_၆
Vol. 25 Ch. 343
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ ခဏနေမှ စာကြည့်ခန်းထဲ သွားယူကြတာပေါ့။ အရင်စားလိုက်ဦး”
ချန်ကျဲ့သည် မနက်စာစားရင်း မနေ့ညက ရရှိခဲ့သည့် စနစ်အချက်အလက်များကို စဉ်းစားနေခဲ့သည်။
မနေ့က ရရှိခဲ့သည့် အချက်အလက်၅ခုတွင် အသုံးဝင်သည့်အရာမှာ မများလှပေ။ တစ်ချက်သာလျှင် ချန်ကျဲ့ကို အာရုံဆွဲဆောင်နိုင်ပေသည်။
ထိုအချက်မှာ ဖန်းရှစ်ကျုံး၏လက်အောက်ရှိ လင်းယုန်အစောင့်အရှောက်၁၂ဦး၏ အစ်ကို၂ ယင်းအာ့အကြောင်း ဖြစ်သည်။ ယင်းအာ့သည် မနေ့က ချန်ကျဲ့ကို ကျားဖြူခန်းမအတွင်းသို့ ပို့ဆောင်ပေးခဲ့သူဖြစ်သည်။ ထိုလူသည် မမျှော်လင့်စွာဖြင့် ဖုန်းရွှမ်နှင့် ကြံရာပါဖြစ်နေခဲ့သည်။
အချက်အလက်တွင် ဖော်ပြထားသည်မှာ ဖုန်းရွှမ်နှင့် ယင်းအာ့တို့သည် ဒုက္ခသည်လူတစ်စုအတွင်း အတူတကွ ကြီးပြင်းလာကြသူများဖြစ်ပြီး နောက်ပိုင်းတွင်
ဖန်းရှစ်ကျုံး၏ မွေးစားခံခဲ့ရခြင်း ဖြစ်သည်ဟူ၏။ ယင်းအာ့သည် ပင်ကိုအရည်အချင်းနည်းပါးသောကြောင့် မွေးစားသားမဖြစ်ခဲ့ဘဲ လင်းယုန်အစောင့်အရှောက်အဖွဲ့တွင် တာဝန်ပေးခံခဲ့ရသည်။
ယင်းအာ့နှင့် ဖုန်းရွှမ်တို့နှစ်ဦးသည် ဖန်းရှစ်ကျုံး၏ တပည့်များ ဖြစ်ကြပေသည်။
ကနဦး၌ သူတို့နှစ်ဦးသည် ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ခဲ့ကြသော်ငြား လွန်ခဲ့သည့်၂နှစ်တွင် ဝေးကွာသွားခဲ့ကြသည်။ သို့သော် နောက်ကွယ်တွင်တော့ ယင်းအာ့သည် ဖုန်းရွှမ်အား အရေးကြီးသည့် အချက်အလက်များကို လက်ဆင့်ကမ်းပြောပြပေးနေခဲ့သည်။
ယင်းအာ့ကို ဖုန်းရွှမ်၏လူဟု သတ်မှတ်နိုင်ပါ၏။
ထိုအချက်အလက်ကို ဖတ်ပြီးနောက်၌ ချန်ကျဲ့လည်း စိတ်ထဲတွင် ထိတ်လန့်သွားရသည်။ ဖုန်းရွှမ်သည် မွေးစားအဖေ၏ အနီးကပ်ဖြစ်သော အဝန်းအဝိုင်းထဲသို့ပင် ထိုးဖောက်ဝင်ရောက်ထားနိုင်သည်အထိ အန္တရာယ်ကြီးသူဖြစ်ပေသည်။
ငါ့အနားမှာရော ဖုန်းရွှမ်ရဲ့လူတွေ ရှိနေမလား။
ချန်ကျဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ရှောင်ဟူနှင့် ကျိုးချူတို့နှစ်ဦးသည် ကျိန်းသေပေါက် ပြဿနာမရှိနိုင်ပေ။ စူးယွင်ကျင်းနှင့် ရွေ့ရွေ့လည်း မဖြစ်နိုင်ပေ။ သို့သော် အစေခံများမှာမူ မသေချာတော့ပေ။
ကြည့်ရတာ ငါ ပိုသတိထားမှဖြစ်တော့မယ်။
ချန်ကျဲ့သည် အတွေးများနေသဖြင့် ပေါက်စီစားနေသည့်အရှိန်မှာလည်း နှေးကွေးလာခဲ့သည်။
ကျားဖြူခန်းမသည် တည်ငြိမ်အေးချမ်းပုံရသော်ငြား သေချာအာရုံခံကြည့်ပါက လျှို့ဝှက်အကြံအစည်များ ဖုံးကွယ်စီးဆင်းနေသည်ကို သိရှိနိုင်လိမ့်မည်။
သို့သော် နောက်ဆုံးတွင်တော့ အင်အားသည်သာလျှင် အချုပ်ဖြစ်၏။ အင်အားကြီးမားသည်နှင့်အမျှ ဘေးအန္တရာယ်တွေကို လျော့ပါးစေနိုင်သော စွမ်းရည်သည်လည်း ပို၍ကြီးမားလာမည်ဖြစ်သည်။
ဒီကိစ္စတွေကို ခဏမေ့ထားလိုက်ဦး။ ငါအရင်ဆုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့်နည်းလမ်း ရှာမှဖြစ်မယ်။
လက်ရှိတွင် ချန်ကျဲ့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေရန်ဖြစ်သည်။ ဆေးဝါး၃၆မျိုးသည် ပြဿနာမရှိပေ။ အဓိကပါဝင်ပစ္စည်းသုံးမျိုးသာလျှင် လိုအပ်နေခြင်းဖြစ်သည်။
“သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့”ကိုတော့ ရရှိထားပြီးလေပြီ။
“စိတ်ဝိဉာဉ်ပြောင်းလဲမြက်”ကိုမူ ဟွမ်ဝမ်အာမှ သူ့ကိုပေးမည်ဟု ကတိပေးထား၏။
ထို့ကြောင့် “နှစ်၅၀၀သက်တမ်း သွေးလင်ဇီး”ကိုသာ လိုအပ်တော့သည်။ ထိုသွေးလင်ဇီးအတွက် ဝူကျုံးသည် မြူခိုးထုထဲတွင် အသက်ဆုံးရှုံးလုနီး ဖြစ်ခဲ့ရဖူးသည်။
ထို့ပြင် ယခု သူလိုအပ်သည်မှာ နှစ်၅၀၀သက်တမ်းဖြစ်၏။
ရဖို့ခက်ခဲလိုက်တာ။ ငါ ဒီနှစ်၅၀၀သက်တမ်းသွေးလင်ဇီးကို ဘယ်မှာသွားရှာရမလဲ။
ချန်ကျဲ့ နားထင်ကို နှိပ်နယ်နေခဲ့သည်။
…
အနောက်ခန်းမ၌
စူးယွင်ကျင်းသည် ချန်ကျဲ့ဖော်စပ်ထားသည့်ဆေးများ ပါဝင်သော ဆေးသေတ္တာကို ထုတ်ယူသည်။
ထို့နောက် ယင်ဟုန်မိန်၏ ရောင်ရမ်းနေသောဒဏ်ရာများကို ကြည့်သည်။
အသားပြန်တက်နေပြီဖြစ်သော်ငြား အနာရွတ်ကျန်နိုင်ခဲ့ချေများ၏။
စူးယွင်ကျင်းသည် ဦးစွာ သေရည်ပုလင်းကို ရှာယူလိုက်သည်။ ဖွင့်လိုက်သောအခါ သေရည်အနံ့ပြင်းပြင်းသည် နှာဖျားအတွင်းသို့ တိုးဝင်သွားသည်။
၎င်းသည် ချန်ကျဲ့ အားလပ်ချိန်တွင် ပေါင်းခံသန့်စင်ထားသည့် အရက်ဖြူဖြစ်ပြီး ဒဏ်ရာပိုးသတ်ရာတွင် အသုံးဝင်သည်။
စူးယွင်ကျင်းသည် ဂွမ်းလုံးတစ်လုံးယူကာ အရက်ဖြူနှင့် တို့ထိလိုက်သည်။
“နည်းနည်းစပ်မယ် သည်းခံနော်”
စူးယွင်ကျင်းမှ ယင်ဟုန်မိန်ကို ပြောသည်။ ယင်ဟုန်မိန်မှ ပြုံးလျက် ပြန်ပြောသည်။
“ရပါတယ်”
စူးယွင်ကျင်းသည် ယင်ဟုန်မိန်၏ ဒဏ်ရာကို အရက်ပြန်စွတ်ထားသော ဂွမ်းလုံးဖြင့် သုတ်လိမ်း၍ ပိုးသတ်ပေးသည်။ ထို့နောက် ချန်ကျဲ့ပြင်ဆင်ထားသည့် ရွှေဒဏ်ရာပျောက်ဆေးကို ရှာဖွေသည်။
ဤဆေးသည် ဓားဒဏ်ရာများကိုပင် အနာရွတ်မကျန်စေဟု ချန်ကျဲ့မှ ပြောခဲ့ဖူးသည်။
ထို့ကြောင့် ယင်ဟုန်မိန်၏ဒဏ်ရာကို ဂွမ်းလုံးဖြင့် ဆေးလိမ်းပေးသည်။
“မင်းဘာလို့ ရန်ဖြစ်ရတာလဲ ဟမ်”
စူးယွင်ကျင်းမှ ဒဏ်ရာကို လေမှုတ်ပေးရင်း မေးသည်။
“နာလား”
“ဟင့်အင်း”
“မင်း ရန်မဖြစ်သင့်ဘူး။ သူတို့က ၁၆နှစ်၊ ၁၇နှစ်အရွယ်တွေ မင်းက အရမ်းငယ်သေးတယ်။ မင်း သူတို့ကို မနိုင်,နိုင်ဘူး”
“နိုင်တယ်”
ယင်ဟုန်မိန်သည် ထပ်မံ၍ အသေးစိတ်ရှင်းမပြပေ။
စူးယွင်ကျင်းမှ ပြောသည်။
“အဲဒီတော့ ချွေ့ကျူ ရောက်လာပြီး ဦးတိုက်တောင်းပန်တာက မင်းသူ့ကို လုပ်ခိုင်းလိုက်တာမလား”
ယင်ဟုန်မိန်မှ ပြန်ပြောသည်။
“မဟုတ်ပါဘူး။ သူ့ဆန္ဒနဲ့သူပါ”
“ဟားဟား… ဒီကောင်မလေး ငါ့ကို အရူးမှတ်နေလား။ ဒီလောကမှာ အဲဒီလိုဆန္ဒရှိတဲ့သူ မရှိပါဘူး”
ယင်ဟုန်မိန် ဘာမျှမပြောပေ။
စူးယွင်ကျင်းမှ ပြောသည်။
“ပြီးရင် မင်းပစ္စည်းတွေသိမ်းပြီး ငါ့အခန်းဘေးကို ပြောင်းလာခဲ့လိုက်။ မင်းသူတို့နဲ့ အတူမနေနဲ့တော့၊ သူတို့ အနိုင်ကျင့်တာ မခံရအောင်လို့”
“မလိုပါဘူး သခင်မ။ ကျွန်မက အစေခံတစ်ယောက်ပါ။ ကိုယ်ပိုင်အခန်းနဲ့နေဖို့ မထိုက်တန်ပါဘူး။ အဲဒီလိုက စည်းမျဉ်းနဲ့ မကိုက်ညီပါဘူး”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ဟားဟား… ဘာစည်းမျဉ်းလဲ။ ဒီအိမ်တော်မှာ ငါ့စကားက အတည်ပဲ”
ယင်ဟုန်မိန် : “ဒါပေမဲ့လည်း”
“တော်ပြီ။ အဲဒီလိုပဲ သတ်မှတ်လိုက်ပြီ။ လိမ္မာစမ်းပါ ပြီးတော့ ရန်လည်းမဖြစ်နဲ့တော့နော်”
စူးယွင်ကျင်းသည် ဆေးသေတ္တာကို ပြန်လည်သိမ်းဆည်းရင်း ပြောသည်။
“ဒီမနက် မင်းငါ့နောက်လိုက်ဖို့ မလိုဘူး။ ပစ္စည်းတွေသွားသိမ်းပြီး နည်းနည်းလောက် နားလိုက်”
“ကျွန်မ နားဖို့မလိုပါဘူး”
…
စူးယွင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။
ယင်ဟုန်မိန်မှ ပြောသည်။
“ကျွန်မ သခင်မဆီကနေ စာရေးသင်ချင်ပါတယ်”
“ဟားဟား ကောင်းပြီ။ စာရေးသင်ပေးမယ်”
ထို့နောက် စူးယွင်ကျင်းသည် အခန်းထဲမှထွက်၍ မနက်စာ စားမပြီးသေးသည့် ချန်ကျဲ့ဆီသို့ သွားသည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏ဘေးတွင် ထိုင်လိုက်ပြီး ပြောသည်။
“ယောက်ျား ကျွန်မ ရှင့်ကိုပြောစရာရှိတယ်။ ကျွန်မ ဟုန်မိန်ကို သီးသန့်အခန်းပေးဖို့ စဉ်းစားနေတာ”
“အိုး ရတယ်လေ”
ချန်ကျဲ့ ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် ခဏမျှစဉ်းစားလိုက်ပြီး ထပ်ပြောသည်။
“ဒါနဲ့ ဟုန်မိန်ကို သိုင်းပညာသင်ချင်လားလို့ မေးကြည့်လိုက်ပါ။ အကယ်၍ သူသင်ချင်တယ်ဆိုရင် သူ့ကို သင်ပေးဖို့ လူရှာပေးနိုင်တယ်”
“သိုင်းပညာလား”
စူးယွင်ကျင်းသည် ချန်ကျဲ့၏ဆိုလိုရင်းကို နားမလည်ဘဲ ရှုပ်ထွေးသွား၏။ ချန်ကျဲ့သည်လည်း ထပ်မံ၍ ရှင်းမပြပေ။
ခုနက ရှောင်ဟူသည် ချွေ့ကျူနှင့် အခြားအစေခံမိန်းကလေးများကို သွားမေးပြီးပြီ ဖြစ်သည်။ ထိုမိန်းကလေးသည် ကြမ်းတမ်းခက်ထန်သော်ငြား စူးယွင်ကျင်းအပေါ် အထူးတလည် သံယောဇဉ်ရှိသည်။
ထိုမိန်းကလေးသည် သူ့အနားကို ချဉ်းကပ်၍ စူးယွင်ကျင်း၏ ခံစားချက်များကို ထိခိုက်နာကျင်စေခြင်းအတွက် လူသတ်ခြင်းအမှုကိုပင် ကျူးလွန်နိုင်လေသည်။
သူမသည် သစ္စာရှိ၏။ အထူးသဖြင့် စူးယွင်ကျင်းကို ဖြစ်သည်။
သူတို့၏အိမ်တော်သခင်မသည် အဘက်ဘက်မှ ကောင်းမွန်သော်ငြား အလွန်ကြင်နာတတ်လွန်းကာ တစ်ပါးသူများအပေါ် အရမ်းကောင်းလွန်းသည်။ အိမ်တော်သခင်မတစ်ဦးအတွက် ထိုသို့အကျင့်စရိုက်မျိုးသည် ဆုံးဖြတ်ချက်ပြတ်သားမှုတွင် ဆုတ်ယုတ်စေနိုင်ပြီး စဉ်းလဲသည့် အစေခံများ၏ အနိုင်ကျင့်ခြင်းတို့ကို အလွယ်တကူ ရင်ဆိုင်ရတတ်သည်။
ချန်ကျဲ့သည် စူးယွင်ကျင်းကို ပြောင်းလဲပေးလိုစိတ် အမြဲလိုလို ရှိနေခဲ့သော်ငြား ကြင်နာတတ်ခြင်းသည် မကောင်းသည့်အရာ မဟုတ်ပေ။ သူမကို ပြောင်းလဲရန်ကြိုးစားခြင်းသည် စူးယွင်ကျင်းအတွက် တစ်နည်းတစ်ဖုံ ရက်စက်နိုင်၏။
သို့ဖြစ်ရာ ချန်ကျဲ့အနေဖြင့် စူးယွင်ကျင်း၏ လိုအပ်ချက်ကို ပြီးပြည့်စုံစေမည့် လူတစ်ယောက်ကို လိုအပ်သည်။ ယင်ဟုန်မိန်သည် ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်၏။ ဤအဖြစ်အပျက်အရ ယင်ဟုန်မိန်သည် စူးယွင်ကျင်းကို အကြွင်းမဲ့သစ္စာရှိပုံရသည်။ ဤသစ္စာရှိမှုကို မွေးမြူခြင်းဖြင့် အနာဂတ်တွင် စူးယွင်ကျင်းအတွက် အကျိုးရှိစေမည်။
အမှန်အတိုင်းဆိုရသော် ချန်ကျဲ့သည် အမြဲတွက်ချက်နေပြီး နှလုံးသားမဲ့သော ဇနီးသည်မျိုးထက် ယခုကဲ့သို့ ကြင်နာတတ်သည့် ဇနီးလေးကို ပို၍သဘောကျပါသည်။
သို့ဖြစ်၍ ချန်ကျဲ့သည် ဇနီးဖြစ်သူကို မပြောင်းလဲနိုင်လေရာ သူမကို အင်အားတောင့်တင်းစေမည့် နည်းလမ်းကိုသာ ရှာဖွေရတော့သည်။