← Chapters

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၃

Vol. 25 Ch. 346

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၃

Vol. 25 Ch. 346

ခေါက်ဆွဲပန်းကန်များ တည်ခင်းပြီးသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့နှင့် ဖန်းရှစ်ကျုံးတို့သည် ချက်ချင်း အားရပါးရစားကြသည်။

ဟွားသျဲ့သည် ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်လျက် စားရန်တုံ့ဆိုင်းနေခဲ့သည်။ ဤနံနံပင်သည် အချစ်အမုန်းကိစ္စရပ်တွင် အရေးပါကြောင်း သူမ သိထားသည် မဟုတ်ပါလော။

နံနံပင်အပြည့်ခေါက်ဆွဲပန်းကန်သည် ဟွားသျဲ့အား ပျို့တက်မိမတတ် ဖြစ်စေသည်။

ချန်ကျဲ့သည် အနည်းငယ်စားသောက်ပြီးနောက် မေးလိုက်သည်။

“မိန်းကလေးဟွားသျဲ့ မစားဘူးလား။ မကြိုက်လို့လား”

ဖန်းရှစ်ကျုံးလည်း ကြည့်လာပြီး ပြောသည်။

“မင်းအကြိုက်နဲ့ မကိုက်ညီရင် မစားလို့ရတယ်”

ထိုအခါ မိန်းကလေးဟွားသျဲ့သည် အတင်းဖျစ်ညှစ်ပြုံးလာ၏။ သူရရှိထားသည့် ဇာတ်ညွှန်းအရ ဖန်းရှစ်ကျုံး၏ ဆရာတူညီမဖြစ်သူသည် နံနံပင်ကို အရူးအမူးဖြစ်သောကြောင့် သူမလည်း နံနံပင်ကို ကြိုက်ရမည်ဖြစ်သည်။

ဖန်းရှစ်ကျုံး၏ ဆရာတူညီမဖြစ်သူအား တိတိကျကျ ပုံတူကူးရန်အတွက် သူမ ခံနိုင်ရည်ရှိသည်ဖြစ်စေ ခံနိုင်ရည်မရှိသည်ဖြစ်စေ ဤခေါက်ဆွဲကို စားရပေမည်။

“အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ ဒါက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့အကြိုက်နဲ့ မကိုက်ညီတာ ဖြစ်ပါ့မလဲ”

ရှလွတ်~ ရှလွတ်~

ဟွားသျဲ့သည် ပြုံးလျက် ခေါက်ဆွဲကို စတင်စား‌၏။ ချန်ကျဲ့မှ ပြောသည်။

“ခေါက်ဆွဲတွေချည်းပဲ စားမနေနဲ့။ နံနံပင်လည်း များများစား။ ကျုပ်တို့ကို နံနံပင်ကြိုက်သူတွေက အမြဲ နံနံပင်က စစားတာဗျ”

ဟွားသျဲ့သည် ချန်ကျဲ့အား တစ်ကိုယ်လုံးကိုက်ဝါးပစ်ချင်သည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သို့တိုင် သူမသည် အံတင်းတင်းကြိတ်၍ နံနံပင်တစ်ဆုပ်ကြီးကို ပါးစပ်ထဲ ထည့်လိုက်ပြီး နှစ်ကြိမ်မျှ ဝါးလိုက်သည်။ ထို့နောက် မကြေညက်သေးပါဘဲနှင့် မျိုချပစ်လိုက်လေသည်။

ထိုအခါ ချန်ကျဲ့ စိတ်ထဲမှတွေးလိုက်သည်။

မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းရက်စက်တာပဲ။

ထိုစဉ် ဟွားသျဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ဖန်း ဟွားသျဲ့ ဒီနေ့လာတာ တခြားကိစ္စရှိပါသေးတယ်”

“အို ဘာကိစ္စလဲ”

“ဒီလိုပါ။ ဒီနေ့ ပြဇာတ်ရုံပိုင်ရှင်က လင်မြို့ရဲ့ချင်ချွဲ့ကို ကျွန်မနဲ့ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။ အဲဒါကြောင့် ခန်းမအရှင်သခင်ဖန်းအနေနဲ့ ဟွားသျဲ့ကို လာအားပေးဖို့ တောင်းဆိုချင်ခဲ့တာပါ။ ဒါပေမဲ့ ခန်းမအရှင်သခင်က ဒဏ်ရာရထားတယ်ဆိုတော့ အိမ်မှာပဲ နားနေလိုက်ပါတော့။ ကျန်တဲ့ကိစ္စတွေကို ခန်းမအရှင်သခင် ကျန်းမာရေးပြန်ကောင်းမှပဲ ပြောကြရအောင်ပါ”

ဟွားသျဲ့မှ စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“စိန်ခေါ်ပြိုင်ပွဲပေါ့။ ဒါဆိုရင် ငါသေချာပေါက် လာရ‌မှာပေါ့။ ဘယ်လိုလုပ်ပြီး မင်းကို တခြားသူတစ်ယောက်ဆီမှာ ရှုံးခွင့်ပြုနိုင်ပါ့မလဲ”

“ခန်းမအရှင်သခင်ဖန်း ဟွားသျဲ့ကို ဂရုစိုက်တာကို ဟွားသျဲ့သိပါတယ်။ ဒါပေမဲ့ ခန်းမအရှင်သခင်က ဒဏ်ရာရထားတယ်လေ။ ဟွားသျဲ့ကြောင့် ခန်းမအရှင်သခင် ဒုက္ခများရမှာမျိုး မဖြစ်စေချင်ပါဘူး”

“ဒါပေမဲ့ ငါမလာလို့ ရှုံးသွားတဲ့အခါ မင်းဝမ်းနည်းရလိမ့်မယ်”

“အဆင်ပြေပါတယ်။ သရုပ်ဆောင်တွေကြား အငြင်းပွားမှုတွေဆိုတာ အသေးအဖွားပါပဲ။ ရှုံးနိမ့်တယ်ဆိုတာလည်း ဘာမှကြီးမားတဲ့ကိစ္စ မဟုတ်ပါဘူး။ နည်းနည်းလောက် ငိုပြီးသွားရင်– ‌အဲဒါက ဘာမှမဟုတ်တော့ပါဘူး”

ဟွားသျဲ့မှ သနားချင့်စဖွယ်သောဟန်ပန်ဖြင့် ပြောသည်။

“မဖြစ်ဘူး။ မင်းက ဖန်းရှစ်ကျုံးရဲ့လူပဲ။ ဘယ်လိုလုပ်ပြီး လင်မြို့ရဲ့ချင်းနျောင်(ငှက်)ကို ရှုံးနိမ့်နိုင်မှာလဲ”

“ချင်ချွဲ့ပါ”

“ဘာငှက်ဖြစ်ဖြစ်ကွာ မင်းစိတ်ချထားပါ။ ငါဒီနေ့ည မင်းကိုအားပေးဖို့ လာခဲ့ပါ့မယ်”

“မွေးစားအဖေ!”

ထိုနှစ်ဦး၏ အပြန်အလှန်ပြောစကားများကို ကြားနေရသည်တွင် ချန်ကျဲ့ ကြားဖြတ်ပြောလိုက်သည်။

“မွေးစားအဖေ မိန်းကလေးဟွားသျဲ့ပြောတာ မှန်ပါတယ်။ ‌မွေးစားအဖေက ဒဏ်ရာရထားတာဆိုတော့ မသွားတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော် မွေးစားအဖေအစား မိန်းကလေးဟွားသျဲ့ကို အနိုင်ရအောင် သွား‌အားပေးနိုင်ပါတယ်”

“မဖြစ်ဘူး။ မင်းသွားလို့ ဘယ်သင့်တော်ပါ့မလဲ”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေ၏။

မင်းအဖေက မိန်းကလေးတစ်ယောက်ကို အားပေးထောက်ပံ့ပေးနေတာကို ‌မင်းကပါ သွားတယ်ဆိုတော့ အဲဒါက ဝါစဉ်ကို ရှုပ်ထွေးအောင်လုပ်နေတာ ဖြစ်မသွားဘူးလား။ ပြီးတော့ မိန်းကလေးဟွားသျဲ့က သာမန်မိန်းကလေးမို့လို့လား? သူက ငါ့ရဲ့ဆရာတူညီမလေး ဝင်စားတာကွ။ မင်းက ငါချစ်ရတဲ့သားဖြစ်နေပေမဲ့လည်း သူ့ကိုတော့ ထိခွင့်မပေးနိုင်ဘူးပဲ!

ဖန်းရှစ်ကျုံး၏အတွေးကို ချန်ကျဲ့လည်း ရိပ်မိလိုက်ရာ ချန်ကျဲ့ ထိတ်လန့်သွား၏။ ကြည့်ရသည်မှာ မိန်းကလေးဟွားသျဲ့သည် ဖန်းရှစ်ကျုံး၏နှလုံးသားတွင် အထူးတလည်ဖြစ်ပုံရ‌၏။‌

ဒီအဘိုးကြီးဖန်းက ငါက မိထွေးကို ထိပါးဖို့ကြိုးစားနေတယ်လို့ ‌တွေးလိုက်မှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား?

ထိုအချက်ကို နားလည်လိုက်သည်တွင် ချန်ကျဲ့လည်း ဒီနေ့အတွက်တော့ ငြင်းခုန်နေခြင်းသည် အသုံးမဝင်နိုင်ကြောင်း လက်ခံလိုက်တော့သည်။

ထို့ပြင် ဤသို့အခြေအနေ၌ ငြင်းခုန်လေလေ အမှားများလေလေ ဖြစ်လိမ့်မည်။ ဖန်းရှစ်ကျုံးသည် သူ့အား ‌မိထွေးနှင့် အီစီကလီလုပ်ချင်နေသည်ဟု တကယ်ကြီး တွေးထင်သွားပါလျှင် အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

ထိုသို့တွေးတောလိုက်ပြီးနောက် ချန်ကျဲ့သည် များများစားစား မပြောတော့ရန် ဆုံးဖြတ်လိုက်ပြီး နံနံပင်ခေါက်ဆွဲကိုသာ ဆက်စားနေလိုက်သည်။

ဟွားသျဲ့ကိုလည်း များများစားရန် ဖိအားမပေးတော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုသို့ပြုလုပ်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ ကိစ္စများသည် သတ်မှတ်ပြီးနေလေပြီ။

အချိန်ခဏကြာပြီးနောက်၌ ဟွားသျဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ဖန်း အချိန်နီးနေပြီ။ ဟွားသျဲ့ ပြန်သွားပြီး ပြင်ဆင်လိုက်ပါဦးမယ်။ ဒီညနေ ဖျော်ဖြေရမှာမို့လို့ပါ”

“ကောင်းပြီ၊ ငါမင်းကို လိုက်ပို့မယ်”

“ခန်းမအရှင်သခင်‌ ကျေးဇူးပြုပြီး အလုပ်ရှုပ်မခံပါနဲ့တော့”

ဟွားသျဲ့သည် ဖန်းရှစ်ကျုံးအား လိုက်မပို့စေဘဲ ဖန့်ဖူနှင့်အတူ ထွက်ခွာသွားသည်။ ထို့နောက် ရထားလုံးပေါ်တက်၍ ဘေးရှိ ထွေးခံကို အမြန်ဆွဲယူလိုက်သည်။

ဝေါ့~

သူမ စတင်၍ အန်တော့သည်။

အထဲမှ အော့အန်သံများကို ကြားသောအခါ ရထားလုံးမောင်းသမားမှ မေးသည်။

“ဘယ်လိုနေလဲ”

“ရှင့်သခင်ကို ပြန်သွားပြောလိုက်၊ သေချာပြီလို့။ ဖန်းရှစ်ကျုံး ဒီနေ့ည သေချာပေါက် လာလိမ့်မယ်”

“ကောင်းတယ်။ မင်းပင်ပန်းသွားပြီ”

ထိုသို့ပြောလျက် ရထားလုံးသည် လျင်မြန်စွာ ရွေ့လျားထွက်ခွာသွားခဲ့သည်။

ထိုစဉ် အနောက်ခြံဝင်းထဲ၌ ချန်ကျဲ့မှ ဖန်းရှစ်ကျုံးကို ပြောသည်။

“မွေးစားအဖေ…”

“ကျိုစစ် ငါကတိပေးလိုက်တာကို မင်းလည်းမြင်တာပဲ။ ငါမသွားဘူးဆိုရင် ရှက်ဖို့မကောင်းဘူးလား။ အဲဒါကြောင့် ငါ့ကိုဖျောင်းဖျဖို့ မကြိုးစားနဲ့တော့”

“ဒါပေမဲ့ မင်းစိတ်ချပါ။ ဘာမှမစိုးရိမ်ပါနဲ့။ ငါက ဒဏ်ရာရထားတယ်ဆိုပေမဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ပါ။ ဒဏ်ရာရှိနေလည်း လူမထိခိုက်နိုင်ပါဘူး။ ပြီးတော့ နန်ပါးထျန်းလိုလူမျိုးက စီရင်စုအုပ်ချုပ်ရေးမှူးကို လေးစားတော့ တိုက်ရိုက်လှုပ်ရှားရဲမှာ မဟုတ်ဘူး။ အဲဒီတော့ စိတ်မပူပါနဲ့”

“မင်းက ကျားဖြူခန်းမကိုပဲ ဂရုစိုက်ပါ။ မွေးစားအဖေက အသက်ကြီးနေပြီ။ အနာဂတ်မှာ ကျားဖြူခန်းမက မင်းအပိုင်ဖြစ်လာမှာ”

ထို့နောက် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ကောင်းပြီ။ မင်း အလုပ်သွားလုပ်တော့။ ငါ့ကို မစိုးရိမ်နဲ့”

ဖန်းရှစ်ကျုံးမှ သူ၏တောင်းဆိုချက်ကို ပစ်ပယ်လိုက်ရာ ချန်ကျဲ့လည်း ကူကယ်ရာမဲ့စွာဖြင့် ဖန်းရှစ်ကျုံးကို ကြည့်နေခဲ့သည်။ သို့သော် ခဏမျှတွေးတောပြီးနောက် ဖန်းရှစ်ကျုံးကို အပြစ်ပြုရန်‌ ဆုံးဖြတ်လိုက်၏။

“မွေးစားအဖေ မိန်းကလေးဟွားသျဲ့ကို သတိထားပါ”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်လာ၏။

“မင်း ဘာကိုဆိုလိုတာလဲ”

“တစ်ခုခုရှာတွေ့ထားလို့လား”

ချန်ကျဲ့ ဘာကိုများ ရှာတွေ့နိုင်ပါမည်နည်း။ ဟွားသျဲ့၏သရုပ်သည် ပြစ်ချက်မရှိအောင် ထုဆစ်ပုံဖော်ထားခံရခြင်း ဖြစ်ပေလိမ့်မည်။ ဖန်းရှစ်ကျုံးလည်း စုံစမ်းစစ်ဆေးပြီး ဖြစ်လိမ့်မည်။

“ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ နံနံပင်ခေါက်ဆွဲစားတာကို ကြည့်လိုက်တော့ ကြိုက်တဲ့ပုံစံလုပ်နေပေမဲ့ မျက်လုံးတွေက တွန့်ဆုတ်နေတယ်။ အပြုအမူတွေကလည်း သံသယဖြစ်‌ဖို့ကောင်းတယ်။ ကျွန်တော့်အထင် သူက မွေးစားအဖေကို လိမ်နေတာလိုပဲ။ မွေးစားအဖေကို လိမ်လည်လှည့်ဖျားနေတာ!”

“ဟားဟား… သူ နံနံပင်မကြိုက်တာကို ငါသိပါတယ်”

ဟမ်?

ချန်ကျဲ့ ဖန်းရှစ်ကျုံးကို ကြည့်လိုက်သည်။

ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ဒါပေမဲ့ သူက ငါ့အတွက် သူ့ကိုယ်သူ နံနံပင်စားဖို့ ဖိအားပေးခဲ့တယ်။ ကျိုစစ် အဲဒီလိုမိန်းကလေးတစ်ယောက်ကို မင်းရဲ့မွေးစားအဖေက တခြားဘာပြောနိုင်ပါ့မလဲ”

သောက်ကျိုးနည်းဟ!

ချန်ကျဲ့ ဆဲရေးလိုက်သည်။

မွေးစားအဖေက သူ့ကိုယ်သူ ဦးနှောက်ဆေးနေတာလား?

“မွေးစားအဖေ သူ အဖေ့ကို တစ်ကြိမ်လိမ်ညာနိုင်ရင် နောက်တစ်ကြိမ်လည်း လိမ်ညာနိုင်ပါလိမ့်မယ်။ သူ ဒီအကြောင်းကို လိမ်ညာနိုင်ရင် တခြားအကြောင်းအရာတွေကိုလည်း လိမ်ညာနိုင်မှာပါ!”

ချန်ကျဲ့ ဖန်းရှစ်ကျုံးကို ကြိုးစားဖျောင်းဖျသည်။

ဖန်းရှစ်ကျုံးသည် ခေါင်းခါရမ်း၏။

“မဖြစ်နိုင်ဘူး။ သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး”

“မွေးစားအဖေ!”

“မင်း ထပ်ပြောဖို့ မလိုတော့ဘူး။ ကျားဖြူခန်းမကိုပဲ ဂရုစိုက်ပါ”

All Chapters