← Chapters

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၆

Vol. 25 Ch. 349

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၆

Vol. 25 Ch. 349

ပြောပြီးနောက် မျက်မမြင်လူကြီးသည် နေရာမှ လှည့်ထွက်သည်။

ထိုစဉ် ချန်ကျဲ့မှ ပြောသည်။

“လူကြီးမင်း၊ လူကြီးမင်း ခု‌န‌က ပြောတဲ့အထဲမှာ ကျွန်တော့်လို နောက်ထပ်နှစ်ယောက်ရှိသေးတယ်ဆို။ သူတို့က ဘယ်သူတွေလဲ”

မျက်မမြင်လူကြီးမှ ပြန်ပြောသည်။

“သူတို့က အဲဒီခေါက်ဆွဲပန်းကန်ထဲမှာ ရှိနေတယ်”

ခေါက်ဆွဲထဲမှာ?

ချန်ကျဲ့ လှည့်ကြည့်လိုက်သည်။

ခေါက်ဆွဲပန်းကန်ထဲမှာ ဘာရှိလို့လဲ။ ဝက်ခြေထောက်နဲ့ စွပ်ပြုတ်ရည်ပဲရှိတာ မဟုတ်လား။ ဟင့်အင်း၊ မဟုတ်သေးဘူး။ သူ အစမှာ ငန်တဲ့အကြောင်းပြောခဲ့တာ.. အဲဒီတော့ ဆားကို ပြောချင်တာများလား။

ဝက်လား? ဆားလား?

ဘာတွေလဲကွာ

ထိုအချိန်၌ ချန်ကျဲ့သည် သူ့ရှေ့တွင် မည်သည့်အချိန်က ရောက်လာခဲ့မှန်းမသိ‌ရသော ကျောက်ခဲသုံးလုံးကို မြင်တွေ့လိုက်သည်။

အဲဒီကျောက်ခဲတွေက ဘာကို ရည်ညွှန်းတာလဲ။

“လူကြီးမင်း…”

ချန်ကျဲ့ ခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် မျက်မမြင်လူကြီး၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။ ထိုလူကြီးမှာ ဘယ်တုန်းကမျှ မတည်ရှိခဲ့ဖူးသည့်အလားပင်။

ချန်ကျဲ့ သူ၏ရှေ့ရှိ ကျောက်ခဲသုံးလုံးကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

ဒီကျောက်ခဲတွေက ဘာကိုဆိုလိုတာများလဲ။

ချန်ကျဲ့ စဉ်းစားမရပေ။

မျက်မမြင်လူကြီးရဲ့ စကားအရဆို ငါ့မှာ လောကရဲ့ အမြင့်ဆုံး အထွတ်အထိပ်နေရာကို တက်လှမ်းဖို့ ကြိုးပမ်းဖို့အခွင့်အရေးရှိနိုင်မယ် ထင်တယ်။ ပြီးတော့ ငါနဲ့တန်းတူ ယှဉ်ပြိုင်နိုင်မယ့်သူတွေက ဝက်နဲ့ဆားဖြစ်မှာလား။

ဘယ်လိုတောင် ရှုပ်ယှက်ခတ်နေတာတွေလဲ။

မျက်မမြင်ကံကြမ္မာဟောပြောသူသည် ပဟေဠိဆန်ဆန်ပေါက်ကရများ လျှောက်ပြောသွားသည်ဟူသော အတွေးဖြင့် ချန်ကျဲ့ ခေါင်းခါရမ်းလိုက်သည်။

အခုအချိန်မှာ အရေးအကြီးဆုံးက ဒီနေ့ညဖျော်ဖြေပွဲပဲ။ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျို ရောက်လာပါ့မလားနော်။

…

ညနေအချိန်ရောက်လာလေပြီ။ နွေဦးလေပြေပြဇာတ်ရုံတွင်လည်း မီးအိမ်များ စတင်ထွန်းညှိနေလေပြီ။ လူများလည်း စည်ကားနေပြီဖြစ်၏။

ပြိုင်ပွဲအကြောင်း ကြားသိရသဖြင့် လူများ မရေမတွက်နိုင်လောက်အောင် အများအပြား ရောက်ရှိနေကြသည်။ လူများစွာတို့သည် မျန့်ရွှေစီရင်စုမြို့၏ ပြဇာတ်သရုပ်ဆောင် ဟွားသျဲ့နှင့် လင်မြို့၏ ပြဇာတ်သရုပ်ဆောင် ချင်ချွဲ့တို့နှစ်ဦး၏ ပြိုင်ပွဲကို ကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။ ပြဇာတ်ပရိသတ်များအတွက်မူ အလွန်တရာ ကြည့်ရှုရန်ထိုက်တန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပေသည်။

“အစ်ကို ခန်းမအရှင်သခင်ရောက်ပါပြီ”

ရှောင်ဟူမှ ထိုသို့ပြောလာချိန်တွင် ချန်ကျဲ့သည် ပြဇာတ်ရုံဝင်ပေါက်တွင် ရပ်နေခြင်းဖြစ်သည်။ ချန်ကျဲ့ မော့ကြည့်လိုက်ရာ နောက်လိုက်များနှင့်အတူ ရောက်လာသည့် ဖန်းရှစ်ကျုံးကို မြင်တွေ့ရ၏။ ဖုန်းရွှမ်လည်း ဘေးတွင် အတူပါလာကာ နှစ်ဦးသားသည် ရွှင်ပျတက်ကြွစွာ စကားပြော‌ဆိုနေကြသည်။

ဝင်ပေါက်အနီး‌ရောက်သောအခါ

ဖုန်းရွှမ်မှ ပြောသည်။

“မွေးစားအဖေ ဘယ်လိုထင်လဲ။ ကျွန်တော်ပြောပါတယ် ကျိုစစ်က သိတတ်လိမ္မာတဲ့သားတစ်ယောက်ပါလို့။ သူဒီနေ့ ကျိန်းသေပေါက် ရောက်လာပြီး ထောက်ပံ့အားပေးမှာပါဆို”

ဖန်းရှစ်ကျုံးမှ အားရပါးရ ရယ်မော၏။

“ဟားဟားဟား… ကျိုစစ် မင်းလည်း ရောက်လာတာပဲ”

ထိုအခါ ချန်ကျဲ့သည် ဖုန်းရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“အစ်ကိုကြီးတောင် အရောက်လာမှတော့ ကျွန်တော်က ဘယ်လိုလုပ် မလာဘဲ‌နေနိုင်ပါ့မလဲ။ အစ်ကို၃နဲ့ ညီငယ်၆တို့လည်း ရောက်နေပါတယ်။ သူတို့က ‌ မွေးစားအဖေကို စောင့်ရင်း အထဲမှာ ထိုင်နေနှင့်ကြပါပြီ”

“ဟားဟားဟား… ကောင်းတယ် ကောင်းတယ်”

ဖန်းရှစ်ကျုံးသည် ထပ်ခါထပ်ခါ ချီးမွမ်းပြောဆိုပြီးနောက် ထပ်ပေါင်းပြောဆိုသည်။

“သားကြီး အထဲဝင်ကြစို့”

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ဖုန်းရွှမ်လည်း ဖန်းရှစ်ကျုံးနှင့်အတူ အထဲဝင်ခဲ့သည်။ သို့သော် အထဲမဝင်မီ၌ ချန်ကျဲ့အား အနည်းငယ်အေးစက်သော အပြုံးမျက်နှာဖြင့် မသိမသာ လှမ်းကြည့်ခဲ့သည်။

ချန်ကျဲ့သည် ဖုန်းရွှမ်၏ ထိုအမူအရာကို မျက်လုံးထောင့်စွန်းမှ မြင်တွေ့ခဲ့၏။ ချန်ကျဲ့ ပြန်လှည့်ကြည့်လိုက်ချိန်တွင်မူ ဖုန်းရွှမ်သည် ဘာမျှမဖြစ်ခဲ့သည့်အလား တစ်ဖက်သို့လှည့်နေခဲ့သည်။

ချန်ကျဲ့၏စိတ်ထဲ သတိပေးသံများ မြည်ဟီးသွား၏။

‌”ရှောင်ဟူ”

“အစ်ကို”

“မင်းဒီမှာမနေနဲ့တော့။ ငါ အရမ်းစိတ်မအေးဖြစ်နေတယ်။ ငါ့အတွက် ကိစ္စတစ်ခုသွားလုပ်ပေး၊ မြန်လေ‌ကောင်းလေပဲ”

“နားလည်ပါပြီ”

ရှောင်ဟူသည် ချန်ကျဲ့၏ညွှန်ကြားချက်များကို နားထောင်ပြီးနောက် လျင်မြန်စွာပင် အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့သည်။

ချန်ကျဲ့၏ စိတ်မအေးနိုင်‌သော ခံစားချက်မှာ ပို၍ ပြင်းထန်လာနေသည်။

ထိုစဉ် မနီးမဝေးမှ လူတစ်အုပ်ရောက်ရှိလာ၏။ မြင်းပေါ်တွင် နန်ပါးထျန်းနှင့် ချင်းယင်တို့ စီးနင်းလာကြပြီး ငါးဖမ်းအဖွဲ့သားများစွာလည်း နောက်မှလိုက်ပါလာသည်။

“‌ခေါင်းဆောင်နန်၊ အရှင်သခင်ယင်”

ချန်ကျဲ့ ထိုနှစ်ဦးကို နှုတ်ဆက်လိုက်သည်။

နန်ပါးထျန်းသည် မြင်းပေါ်မှဆင်းရင်း ချန်ကျဲ့ကို ကြည့်လာသည်။

“ကျိုစစ် ဒီလောက်အချိန်တိုလေးအတွင်းမှာ တစ်ဦးတည်းရပ်တည်နိုင်တာကို ကြည့်လိုက်ရင် မင်းက အရည်အချင်းရှိသားပဲ။ ဟားဟားဟား… ကောင်းတယ်”

ချင်းယင်လည်း ရယ်မော၏

“ဟားဟား မင်းရဲ့မွေးစားအဖေကို ငါတို့ကိုကြိုဆိုဖို့ မင်းကိုလွှတ်လိုက်တာလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်”

သူတို့နှစ်ဦး အထဲဝင်လုနီးတွင် မနီးမဝေးမှ နောက်ထပ်လူတစ်စု ထပ်ရောက်လာသည်။

ထိုလူအုပ်တွင် လျိုလောင်ကွေ့နှင့် သူ၏သားဖြစ်သူ လျိုစုန့်အပြင် စာပေပညာရှင်ပိုင်မော့ရှန်းလည်း လိုက်ပါလာသည်။

နန်ပါးထျန်းသည် လျိုလောင်ကွေ့နှင့် ပိုင်မော့ရှန်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။

“ဒီလူတွေကို မင်းရဲ့မွေးစားအဖေ ဖိတ်ထားတာလား”

နန်ပါးထျန်းသည် ချန်ကျဲ့ကို မျက်လုံးအစုံ မှေးကျုံ့လျက် ကြည့်နေသည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် မသိပါဘူး”

သို့သော် လျိုလောင်ကွေ့ရောက်လာသည့်အပြင် ပိုင်မော့ရှန်းလည်း ပါလာခဲ့ရာ ချန်ကျဲ့ အနည်းငယ်စိတ်အေးသွား၏။

အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တစ်ယောက် ပိုရောက်လာတယ်ဆိုတော့ မွေးစားအဖေရဲ့လုံခြုံရေးအတွက် ပိုကောင်းမွန်သွားတာပေါ့။

ချန်ကျဲ့တွေးနေစဉ် လျိုလောင်ကွေ့၏ အားပါးတရရယ်မောသံကို ကြားလိုက်ရသည်။

“ဟားဟားဟား ပါးထျန်း၊ မင်းလည်း ပြဇာတ်ကြည့်ဖို့လာခဲ့တာလား”

နန်ပါးထျန်းမှ ‌ပြန်ပြောသည်။

“တကယ်ပါပဲ။ ညီနောင်လျိုမှာ ဒီလိုစိတ်ဝင်စားမှုအသစ်တစ်မျိုး ရှိနေတယ်ဆိုတာ ကျွန်တော် သတိမထားမိလိုက်ဘူးဗျာ”

သူတို့နှစ်ဦးသည် အပြန်အလှန် စူးစိုက်ကြည့်နေကြသည်။ နန်ပါးထျန်း၏ မျက်နှာအမူအရာသည်တော့ စိတ်မကျေနပ်ကြောင်း သိသာနေသည်။

ထိုစဉ် လျိုလောင်ကွေ့သည် ချန်ကျဲ့သို့ လှည့်ကြည့်လာပြီး ပြောသည်။

“ကျိုစစ် မတွေ့တာကြာပြီနော်”

“ခေါင်းဆောင်လျိုကို ဂါရဝပြုပါတယ်”

ချန်ကျဲ့ လျိုလောင်ကွေ့ကို နှုတ်ဆက်ချိန်တွင် မနီးမဝေးမှ နောက်ထပ်လူနှစ်ယောက် ချဉ်းကပ်လာ‌ေနပြန်သည်။

ထိုလူနှစ်ဦးသည် သာမန်ပြည်သူအဝတ်အစားများဖြင့် ခြေလျင်လျှောက်လာနေကြသည်။ ထို့ကြောင့် အနားရောက်မှ‌သာ အခြားသူများမှာ သူတို့မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိကြတော့သည်။ ထိုလူနှစ်ဦးမှာ ဖမ်းဆီးရေးအရာရှိကျန်းလီယဲ့နှင့် ဝူဟုန်တို့ဖြစ်သည်။

နန်ပါးထျန်း ပို၍ မျက်မှောင်ကြုတ်သွား၏။

သူကရော ဘာလို့ရောက်လာရတာလဲ?

လျိုလောင်ကွေ့သည် နှုတ်ခမ်းထောင့်စွန်းကို ပြုံးစစဟန် အနည်းငယ်တွန့်ကွေးလျက် ချန်ကျဲ့ကို ကြည့်၏။

သူတို့ကို ဖိတ်ထားတာ ကောင်စုတ်လေး မင်းလား။

နန်ပါးထျန်းသည် ခဏမျှ တန့်နေခဲ့ပြီးနောက်မှ ကျန်းလီယဲ့ကို ပြောသည်။

“ညီနောင်ကျန်းလည်း ပြဇာတ်ကြည့်ဖို့ အချိန်အားတယ်လားဗျ”

ကျန်းလီယဲ့မှ ပြန်ပြောသည်။

“ဟားဟား ကျုပ်တပည့်က ပြဇာတ်ကြည့်ရတာ သဘောကျလို့ပါ။ ကျုပ်က သူ့ကို အဖော်လိုက်ပေးရုံပါပဲ”

ဝူဟုန်နှင့် ချန်ကျဲ့တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချန်ကျဲ့ ပို၍ စိတ်အေးသွားခဲ့သည်။

ဒီနေ့ ‌ဒီမှာ အရေးပါတဲ့ပုဂ္ဂိုလ်ကြီးတွေ အများကြီးရောက်နေကြတာဆိုတော့ ပြဿနာရှာဖို့ လွယ်ကူမှာ မဟုတ်တော့ဘူး။ ဒီလိုဆို မွေးစားအဖေလည်း နည်းနည်းဖြစ်ဖြစ် ပိုပြီး လုံခြုံသွားလောက်ပါပြီ ဟုတ်တယ်မလား။

ချန်ကျဲ့ တိတ်ဆိတ်နေခဲ့သည်။ ဤအခြေအနေတွင် သူ အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး ဖြစ်၏။

ယဉ်ကျေးမှုအရ အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် သူတို့အားလုံး နွေဦးလေ‌ေပြပြဇာတ်ရုံထဲ ဝင်ခဲ့ကြသည်။ လျိုစုန့်သည် ချန်ကျိုစစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျိုလောင်ကွေ့ကို ပြောသည်။

“အဖေ ငါးဖမ်းကုန်သည်အဖွဲ့မှာ ကသောင်းကနင်းဖြစ်နေတာကို အဖေက ဘာလို့ သူတို့ကိစ္စထဲ ဝင်ပါပြီး စိတ်ရှုပ်ခံရတာလဲ။ အဖေက ပြဇာတ်လာကြည့်ပေးရအောင် ချန်ကျိုစစ်က ဘယ်လိုအဆင့်အတန်းမို့လို့လဲ”

ထိုအခါ လျိုလောင်ကွေ့သည် လျိုစုန့်ကို စိုက်ကြည့်လျက် ပြစ်တင်ကြိမ်းမောင်း၏။

“ငတုံးကောင်! ဦးနှောက်မရှိတဲ့ကောင်! မင်းက ချန်ကျိုစစ်ရဲ့ တစ်သောင်းပုံတစ်ပုံလောက်တောင် အရည်အချင်းမရှိဘူးပဲ။ အသက်မြဲမြဲရှူပြီး ဒီနေရာမှာ တစ်ခုခုသင်ယူသွားလိုက်။ သိုင်းလောက,က မင်း‌ထင်သလို မရိုးရှင်းဘူး”

လျိုလောင့်ကွေ့၏ စကားများကို နားမဝင်ဘဲ လျိုစုန့်မှ ပြန်ချေပသည်။

“တစ်နေ့ကျ ကျွန်တော်ကိုယ့်အားနဲ့ကိုယ် နာမည်ကောင်းရအောင် လုပ်ပြမယ်။ အဖေစောင့်ကြည့်နေ!”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“မေ့ထားလိုက်စမ်းပါ။ မင်းလိုလူက ငါတည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းနိုင်ရင်ပဲ ငါမင်းကို စိတ်ပျက်မိမှာ မဟုတ်တော့ဘူး”

စကားပြောဆိုရင်းဖြင့် လူအုပ်သည် ပြဇာတ်ရုံထဲ ရောက်ခဲ့ကြသည်။ ဖန်းရှစ်ကျုံးသည် အဆင့်အတန်းမြင့်ပုဂ္ဂိုလ်ကြီးများ အများအပြားရောက်ရှိလာခြင်းကြောင့် တွေဝေသွား၏။ ထို့နောက် ချန်ကျဲ့သို့ လှည့်ကြည့်၍ မေးသည်။

“ကျိုစစ် မင်း လှည့်ကွက်တွေသုံးနေတာလား”

ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေ ကျွန်တော်တို့ နောက်မှပြောကြရအောင်ပါ။ ဖျော်ဖြေပွဲကို အရင်ကြည့်ကြမယ်”

သို့ဖြင့် အားလုံး နေရာယူလိုက်ကြသည်။ လျိုလောင်ကွေ့နှင့် နန်ပါးထျန်းတို့အပါအဝင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပုဂ္ဂိုလ်ကြီးများသည် ရှေ့တန်းတွင် နေရာယူကြသည်။ ဖန်းရှစ်ကျုံးသည် နန်ပါးထျန်း၏ဘေးတွင် နေရာယူခဲ့ပြီး ချင်းယင်လည်း ထိုဘေးတွင် နေရာယူသည်။

ကျန်တစ်ဖက်တွင်တော့ ပိုင်မော့ရှန်းနှင့် ကျန်းလီယဲ့တို့ဖြစ်သည်။

ဒုတိယတန်းတွင် ချန်ကျဲ့၊ ဖုန်းရွှမ်၊ လုရုံ၊ လျိုစု့န်နှင့် အခြားဒုတိယမျိုးဆက်များ‌မှ နေရာယူကြသည်။

အားလုံးနေရာယူပြီးသောအခါ ဟွားသျဲ့ ရှီးရှစ်အဖြစ် စင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။ သူမထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်များမှာ ညှို့ယူဖမ်းစားခံလိုက်ရ၏။

ဖန်းရှစ်ကျုံးသည် မျက်လုံးများ မြူဆိုင်းဝေဝါးလာခဲ့ကာ နန်ပါးထျန်းသည်ပင် တဒင်္ဂမျှ နစ်မြောသွားခဲ့သည်။ မိမိကိုယ်ကိုယ် အသိပြန်ကပ်စေပြီးနောက်၌ နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးကိုကြည့်ပြီး မှတ်ချက်ပြုသည်။

“ဒီမိန်းမငယ်လေးက ဆရာတူညီမလေးနဲ့ အတော်ဆင်တူတာပဲ”

ဖန်းရှစ်ကျုံး တွန့်ဆုတ်သွားပြီး နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ဆက်ပြောသည်။

“အရင်တုန်းက ဆရာတူညီမလေးလည်း ပြဇာတ်တွေမှာ သရုပ်ဆောင်တာကို သဘောကျခဲ့တယ်။ သူ့မှာ နောက်ဘဝရှိခဲ့ရင် သိုင်းလောကမှာ ကျင်လည်ရတဲ့ ကလေးတစ်ယောက်မဟုတ်ဘဲ ပြဇာတ်စင်မြင့်ပေါ်က နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ပြောခဲ့သေးတာ”

ဖန်းရှစ်ကျုံး ‌မျက်မှောင်ကြုတ်သွား၏။

“မင်း ဘာကိုဆိုလိုချင်တာလဲ”

နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးကို ပြန်လှည့်ကြည့်ပြီး ပြောသည်။

“မင်းကြောင့်သာ မဟုတ်ခဲ့ရင် ဆရာတူညီမလေး သေခဲ့မှာ မဟုတ်ဘူး”

“မင်းက အဲဒီလိုမိန်းကလေးတစ်ယောက်နဲ့ မထိုက်တန်ဘူး!”

ထိုစကားတွင် ဖန်းရှစ်ကျုံးမှာ မျက်နှာအရောင်ပြောင်းလဲသွား၏။ မျက်လုံးအိမ်တို့လည်း မှေးကျုံ့လိုက်သည်။

“မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

နန်ပါးထျန်းမှ ရယ်မောသည်။

“ဟားဟား ကျုပ်လည်း ဆရာတူညီမလေးအပေါ် မေတ္တာသက်ဝင်နေခဲ့တယ်”

“မင်းဘယ်လိုတောင်!”

ဖန်းရှစ်ကျုံး ဒေါသတကြီး အော်လိုက်၏။

နန်ပါးထျန်းသည် ဖန်းရှစ်ကျုံး၏မျက်လုံးအကြည့်တို့ကို တည်ငြိမ်အေးဆေးစွာပင် ရင်ဆိုင်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ရယ်မောလိုက်၏။

“ဟားဟား ကျုပ်က ဆရာတူအစ်ကိုကို စနောက်လိုက်ရုံပါပဲ။ အရမ်း အတည်မယူပါနဲ့ဗျာ”

ထိုအချိန်၌ ဟွားသျဲ့သည် သူမ၏ဖျော်ဖြေမှုကို အပြီးသတ်၍ စင်နောက်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။ ယခုတွင် လင်မြို့ပြဇာတ်သရုပ်ဆောင် ချင်ချွဲ့၏ ‘ဝမ့်ကျွင်း၏ခရီး’ကို ဖျော်ဖြေရမည့်အလှည့် ဖြစ်သည်။

သို့သော်ငြား ထိုအချိန်တွင် အလုပ်သမားတစ်ဦး အလျင်စလို ပြေးထွက်လာ၏။ ဖန်းရှစ်ကျုံး ထိုအလုပ်သမားကို သိသည်။ ထိုလူသည် ဟွားသျဲ့၏ အနီးကပ်အစေခံဖြစ်သည်။

အလုပ်သမားသည် ဖန်းရှစ်ကျုံးကို နားနားကပ်၍ တစ်စုံတစ်ရာ တီးတိုးပြော၏။

“ဘာ?!”

ဖန်းရှစ်ကျုံး မျက်လုံးပြူးကျယ်သွားပြီး ချက်ချင်း ထရပ်သည်။ ထို့နောက် နန်ပါးထျန်းကို ကြည့်၏။ ထို့နောက် အလုပ်သမားနှင့်အတူ စင်နောက်ဘက်သို့ အမြန်လိုက်သွားတော့သည်။

All Chapters