← Chapters

ဖန်းရှစ်ကျုံးသေဆုံးခြင်း

Vol. 25 Ch. 350

ဖန်းရှစ်ကျုံးသေဆုံးခြင်း

Vol. 25 Ch. 350

“မွေးစားအဖေ!”

ဖန်းရှစ်ကျုံး ထရပ်သွားသည်ကို မြင်သောအခါ ချန်ကျဲ့လည်း ထရပ်၍ နောက်မှလိုက်သွားခဲ့သည်။

ချန်ကျဲ့သည် စင်နောက်သို့ ဆက်တိုက်လိုက်လာခဲ့ပြီး တစ်နေရာအရောက်တွင် ဖန်းရှစ်ကျုံးမှ နောက်လှည့်ကြည့်ပြီး ပြောသည်။

“ကျိုစစ် မင်းဘာလို့ ငါ့နောက်လိုက်လာတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေ ကျွန်တော် ပြဇာတ်ကြည့်နေခဲ့တာပါ။ မွေးစားအဖေက ဘယ်သွားမလို့လဲ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မိန်းကလေးဟွားသျဲ့က ရုတ်တရက် ရင်ဘတ်အောင့်လို့တဲ့။ ငါသူ့ကို သွားကြည့်မလို့”

ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေ ကျွန်တော်လည်း အတူလိုက်ပါရစေ။ နှစ်ယောက်ဆို တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးလို့ရတာပေါ့”

“ချန်ကျိုစစ် မင်းဘာဖြစ်နေတာလဲ။ မင်းဘာလို့ တစ်ချိန်လုံး ငါ့နောက်လိုက်နေတာလဲ။ မိန်းကလေးဟွားသျဲ့က ငါ့မိန်းကလေးပဲ။ မင်းက ငါ့သားတစ်ယောက်ကို ဘာလို့ မိန်းကလေးဟွားသျဲ့ကို အကြောင်းအရင်းမရှိ အနှောင့်အယှက်ပေးနေရတာလဲ။ ဘာလဲ မင်းက ငါလိုလူအိုကြီးနဲ့ မိန်းက‌ေလးတစ်ယောက်အတွက် ယှဉ်ပြိုင်ချင်သေးတာလား”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၏မျက်လုံးများကို စူးရဲစွာ စိုက်ကြည့်သည်။

သူသည် ချန်ကျဲ့ကြောင့် တကယ်ကြီး စိတ်ရှုပ်နေပြီဖြစ်၏။

ဒါက စိတ်ရူးဖောက်နေတာပဲ မဟုတ်ဘူးလား?

မိန်းကလေးဟွားသျဲ့ကို တွေ့မြင်လိုက်ရသော နေ့မှစတင်၍ သူ၏ နာခံတတ်သော သားလေးသည် သူ၏မေမေလေးနှင့် နီးကပ်ရန် ကြိုးပမ်းနေခဲ့သည်။

ဦးစွာ အိမ်တော်ထဲတွင် သူ့အစား ဖျော်ဖြေပွဲကို တက်ရောက်ပေးမည်ဟု ပြောခဲ့သည်။ ထိုအချိန်က သူ သဘောမတူခဲ့။ သို့သော် ချန်ကျိုစစ်သည် ဒီနေရာအထိ လိုက်လာပြီး မိန်းကလေးဟွားသျဲ့ကို အားပေးထောက်ပံ့ရန် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးများကိုပင် ခေါ်လာခဲ့သေးသည်။

အခုလည်း မိန်းကလေးဟွားသျဲ့ ရင်ဘတ်အောင့်လို့ ငါ့ကို နှိပ်နယ်ပေးစေ‌ချင်တာကိုလည်း မင်းက ငါ့နောက်လိုက်ချင်သေးတာလား။ မင်းဘာလုပ်ချင်နေတာလဲ၊ ငါ့အစား သူ့ကို နှိပ်နယ်ပေးမလို့လား။

အဲဒါက မင်းရဲ့ အနာဂတ်မေမေလေးကွ!

မင်း စဉ်းလဲတဲ့ကောင်စုတ်လေး မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ကျင့်ဝတ်နိယာမတွေကို ဖျက်ဆီးပစ်မလို့လား။

ဖန်းရှစ်ကျုံး ဒေါသထွက်နေခဲ့သည်။ အတိအကျဆိုရသော် အမျိုးသမီးတစ်ဦး၏ ညှို့ယူဖမ်းစားခံထားရခြင်းဖြစ်၏။ သို့မဟုတ်ပါက ဖန်းရှစ်ကျုံးအနေဖြင့် ထိုသို့အတွေးဝင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် ခုနက နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးကို ‌ပုတ်ခတ်သည့်စကားအချို့ ပြောခဲ့သည်။ ထို့ကြောင့် ချန်ကျိုစစ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနိုင်သည်ဟု ဖန်းရှစ်ကျုံး အတွေးဝင်နေခြင်းဖြစ်သည်။

ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိနေတာကြောင့်သာ မဟုတ်ရင် ချန်ကျိုစစ်က ဘာလို့ မိန်းကလေးဟွားသျဲ့နဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်နေမှာတဲ့လဲ။

ပြောစရာတောင်လိုမနေဘူး။

ဖန်းရှစ်ကျုံးသည် အင်အားအာဏာနှင့် ရာထူးနေရာကို အလျှော့ပေးနိုင်သည်။ သို့သော် ဤအမျိုးသမီး‌ကိုတော့ အလျှော့မပေးနိုင်ပေ။ ဤသည်မှာ သူ တဏှာရာဂစိတ် လွန်ကဲပြင်းထန်နေခြင်းကြောင့်လည်း မဟုတ်ရပါချေ။

ဖန်းရှစ်ကျုံးသည် ဤအမျိုးသမီးကို သူ၏စိတ်နှလုံးအား နှစ်သိမ့်ရာအဖြစ် သဘောထားသည်။ သူ၏ ဆရာတူညီမလေးသည် သူ့ကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပြီး ၎င်းသည် သူ၏စိတ်နှလုံးကို အမြဲလိုလို ဖိစီးထားခဲ့၏။

သူ၏ ဤဘဝတစ်သက်လုံးတွင် ထိုအဖြစ်အပျက်အတွက် ဘယ်သောအခါမျှ အပြစ်ပြေရာပြေကြောင်း လုပ်ဆောင်နိုင်တော့မည်မဟုတ်ဟု ဖန်းရှစ်ကျုံး တွေးထားခဲ့သည်။ သို့သော် ဟွားသျဲ့ဟု အမည်ရသည့် မိန်းကလေးတစ်ဦး ထွက်ပေါ်လာခဲ့၏။

မိန်းကလေးဟွားသျဲ့သည် သူ၏ဆရာတူညီမလေးနှင့် အမှန်တကယ်ပင် ဆင်တူသည်။ ထို့ပြင် သူမ၏အသက်သည် ဆရာတူညီမလေး သေဆုံးခဲ့သည့် အချိန်ကာလနှင့် ကွက်တိကိုက်ညီနေခဲ့သည်။ ထို့အပြင် ဆရာ‌တူညီမလေးသည် သူမ ပြန်လည်ဝင်စားနိုင်ပါက သိုင်းလောကတွင်ကျင်လည်သူတစ်ဦးမဟုတ်ဘဲ သစ်တော်ဥယျာဉ်တွင် နာမည်ကြီးသည့် သရုပ်ဆောင်တစ်ယောက် ဖြစ်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။

ရုပ်ရည်ဆင်တူသည်။ အသက်သည်လည်း သူ၏ဆရာတူညီမလေး သေဆုံးသည့်အချိန်ကာလနှင့် ကိုက်ညီသည်။ သို့ဖြစ်ရာ ပြန်လည်ဝင်စားသည့် သီအိုရီနှင့် အံဝင်ခွင်ကျဖြစ်သည့်အပြင် ဆရာတူညီမလေး၏ နောက်ဘဝတွင် ဖြစ်မြောက်ချင်သည့်ဆန္ဒဖြစ်သော ပြဇာတ်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်နေခဲ့သည်။ ထို့ပြင် မိန်းကလေးဟွားသျဲ့၏ အကျင့်စရိုက်၊ ဝါသနာများ၊ ကြိုက်နှစ်သက်သည့် အရောင်များ၊ ကြိုက်နှစ်သက်သည့် ဟင်းလျာများ၊ ကြိုက်နှစ်သက်သည့် မျက်နှာချေများသည်လည်း သူ၏ဆရာတူညီမလေးနှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။

အထူးသဖြင့် ဤသို့ အယူသည်းပြီး ပြန်လည်ဝင်စားခြင်းကို ယုံကြည်ကြသည့် ကံကြွေးချစနစ်လူမှုအဖွဲ့အစည်းခေတ်၌ ဖန်းရှစ်ကျုံးအနေဖြင့် အဘယ်သို့များ ထိုသို့မတွေးထင်ဘဲ ရှိနိုင်ပါမည်နည်း။

သင်သာ ဖန်းရှစ်ကျုံးနေရာတွင် ဖြစ်ခဲ့ပါက အဘယ်သို့ တွေးထင်လိမ့်မည်နည်း။

လောကကြီးတွင် ထိုသို့တိုက်ဆိုင်မှုမျိုး အမှန်တကယ် ရှိနိုင်ပါ၏လော။

တကယ်သာ တိုက်ဆိုင်မှုဖြစ်ခဲ့ပါကလည်း ဖန်းရှစ်ကျုံး လက်ခံနိုင်ပေသည်။ အနည်းဆုံးတော့ မိန်းကလေးဟွားသျဲ့ကို သူ၏ဆရာတူညီမလေးအဖြစ် သဘောထား၍ ဆက်ဆံနိုင်လိမ့်မည်ဖြစ်သည်။ သို့ဖြင့် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်ကို သက်သာစေနိုင်ပြီး မိမိကိုယ်ကိုယ်အပြစ်တင်နေသည့် ဒုက္ခဆင်းရဲကို အချိန်ပြည့်ခံစားနေရတော့မည် မဟုတ်ပေ။

အဲဒါလည်း ကောင်းတာပဲ မဟုတ်ဘူးလား။

ဖန်းရှစ်ကျုံးသည် ခြေလှမ်းတစ်သောင်း နောက်ပြန်ပြုတ်ကျပြီး ဤအရာအားလုံးမှာ အတုအယောင်ဖြစ်ကြောင်း နားလည်သွားခဲ့လျှင်သော်မှ သူသည် မိမိကိုယ်ကိုယ် အိပ်မွေ့ချ၍ ကျိုးကြောင်းမဆီလျော်ခြင်းမှသည် ကျိုးကြောင်းဆီလျော်ခြင်းအဖြစ်သို့ ဦးနှောက်ဆေးပစ်မည်ဖြစ်သည်။

ဤသည်မှာ ဖန်းရှစ်ကျုံးမျက်လုံးထဲရှိ ကမ္ဘာကြီးဖြစ်၏။

ယခုတွင် ချန်ကျိုစစ်သည် အကြိမ်ကြိမ်အခါခါ သူ့နောက်ကပ်လိုက်၍ မိန်းကလေးဟွားသျဲ့နှင့် နီးစပ်ချင်နေသည်။

ချန်ကျိုစစ်ရဲ့ရည်ရွယ်ချက်က တကယ်ပဲ ဘာများလဲ?

ချန်ကျဲ့ ရှင်းပြချင်သော်ငြား ဖန်းရှစ်ကျုံးသည် ရှင်းပြချက်များကို နားမထောင်တော့ပေ။ ဖန်းရှစ်ကျုံးသည် ဘေးရှိ လင်းယုန်အစောင့်အရှောက်ကို ပြောလိုက်သည်။

“ယင်းအာ့၊ ယင်းစန်း၊ မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ပြီး သူ့ကိုစောင့်ကြည့်နေ။ အထဲဝင်မလာစေနဲ့”

“ဟုတ်ကဲ့”

ထိုအခါ ဖန်းရှစ်ကျုံးဘေးရှိ ယင်းအာ့နှင့် ယင်းစန်းတို့မှ ပြောခဲ့သည်။

ချန်ကျဲ့သည် စင်္ကြံတစ်လျှောက် တစ်ဦးတည်းလျှောက်သွားပြီး အစွန်ဆုံးအခန်းထဲသို့ တံခါးတွန်းဖွင့်ဝင်သွားသည့် ဖန်းရှစ်ကျုံးကို ကြည့်နေခဲ့သည်။

ချန်ကျဲ့ ရှေ့တိုးလိုက်သည်။ သို့သော် ယင်းအာ့မှ ပြောသည်။

“သခင်၅ ကျေးဇူးပြုပြီး ဒီငယ်သားတို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ”

ယင်းစန်းမှလည်း ပြောသည်။

“ဟုတ်ပါတယ် သခင်၅၊ ဒါက ခန်းမအရှင်သခင်ရဲ့အမိန့်ပါ။ ကျွန်တော်တို့ ခန်းမအရှင်သခင်ကို အနှောင့်အယှက်မပြုသင့်ပါဘူး။ ပြီးတော့လည်း သခင်၅၊ မိန်းကလေးဟွားသျဲ့က ခန်းမအရှင်သခင်ရဲ့မိန်းကလေးပါ။ သားတစ်ယောက်က ကိုယ့်ရဲ့အနာဂတ်မေမေလေးကို အဖေနဲ့အတူ ပြိုင်လုရိုး ထုံးစံမရှိပါဘူး။ သခင်၅အနေနဲ့ အရမ်းသဘောကျနေတယ်ဆိုရင်တောင်မှ အဲဒါက အရမ်းကိုမှ အထင်သေးစက်ဆုပ်ဖို့ကောင်းနေမှာပါ!”

“မင်း!”

ထိုနှစ်ဦး၏စကားများကြောင့် ချန်ကျဲ့မှာ ပြောစရာစကားများ ပျောက်ရှသွားရလေသည်။ တကယ်တော့ ဤသည်မှာ ယင်းအာ့နှင့် ယင်းစန်းတို့ကြောင့် မဟုတ်ပါဘဲ ဖန်းရှစ်ကျုံးက ပြဿနာဖြစ်သည်။ ယင်းအာ့နှင့် ယင်းစန်းသည် သူ၏ပြိုင်ဘက်မဟုတ်ပေ။ သို့သော် ချန်ကျဲ့‌အနေဖြင့် ယခုအချိန်တွင် သူတို့နှစ်ဦးကို တိုက်ခိုက်ပြီး အခန်းထဲ အတင်းထိုးဖောက်ဝင်သွား၍ သူ၏မွေးစားအဖေ ဖန်းရှစ်ကျုံးမှ သူ၏မေ‌မေလေး ဟွားသျဲ့၏ ရင်ဘတ်ကို နှိပ်နယ်ပေးနေသည့် မြင်ကွင်းကို သွားကြည့်လိုက်ပါက အပြင်လူများ၏အမြင်တွင် မည်သို့ဖြစ်သွားလိမ့်မည်နည်း။

သားရဲတိရစ္ဆာန်ကောင်လား?

ဟုတ်ပါ၏။ သင့်တွင် အကြောင်းအရင်းပေါင်း ထောင်သောင်းများစွာ ရှိကောင်းရှိနိုင်သော်ငြား အပြင်လူများ၏အမြင်တွင်တော့ အရာအားလုံးသည် ဆင်ခြေများသာ ဖြစ်လိမ့်မည်။

ဖန်းရှစ်ကျုံးကို သတ်ချင်နေတဲ့သူရှိတယ်ဆိုတာကရော သက်သေက ဘယ်မှာလဲ။

ဘာသက်သေမှ မရှိဘူး။ ဒီတိုင်း မွေးစားအဖေက မေမေလေးရဲ့ရင်ဘတ်ကို နှိပ်နယ်ပေးနေတဲ့မြင်ကွင်းကို ရပ်ကြည့်နေတဲ့ ငါပဲရှိလိမ့်မယ်။

ချန်ကျဲ့ သိသိသာသာ မျက်မှောင်ကြုတ်နေခဲ့၏။ အချိန်တစ်ခုအထိ ချောင်ပိတ်မိနေသည့် အခြေအနေမှ မလွတ်မြောက်နိုင်ဘဲ ဖြစ်နေခဲ့သည်။

ဒါပေမဲ့ ဖန်းရှစ်ကျုံးအနားမှာ အဖော်ပြုပေးနေတဲ့သူ တစ်ယောက်မှမရှိလို့ ဘယ်လိုဖြစ်မှာလဲ။ ထိုသို့အတွေးဖြင့် ချန်ကျဲ့ ယင်းအာ့ကို မေးလိုက်သည်။

“ယင်းသာ့နဲ့ အခြားသူတွေ ဘယ်မှာလဲ”

ယင်းအာ့မှ ပြောသည်။

“သူတို့က ပြဇာတ်ရုံပတ်ပတ်လည်မှာ လုံခြုံရေးယူထားကြပါတယ်”

“ဦးလေးဖူကရော?”

ချန်ကျဲ့ ဖန့်ဖူအကြောင်း ဆက်မေးလိုက်သည်။ ယင်းအာ့မှ ပြောသည်။

“ဦးလေးဖူကို ခုန‌က အတွင်းခန်းမအရှင်သခင်ထန်က လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်တာကြောင့် ထွက်သွားပါတယ်”

“ခန်းမအရှင်သခင်ထန်?”

ချန်ကျဲ့ စိတ်ရှုပ်ထွေးဟန်ဖြင့် ယင်းအာ့ကို ကြည့်လိုက်သည်။ ယင်းအာ့မှ ရှင်းပြသည်။

“ထန်ကျိုး ထန်ဇီယွဲ့ပါ”

ထိုလူမှာ နန်ပါးထျန်း၏ ဗျူဟာမှူးထန်ဇီယွဲ့ဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ ချန်ကျဲ့မှ မေးသည်။

“သူက ဦးလေးဖူနဲ့ ဘာအကြောင်းကိစ္စများ ပြောစရာရှိလို့တဲ့လဲ”

ထိုအခါ ယင်းအာ့မှ ပြောသည်။

“ကျွန်တော် သေချာမသိပါဘူး”

ယင်းစန်းမှ ဝင်ပြော၏

“အရင်တုန်းက ဦးလေးဖူက ထန်ဇီယွဲ့ကို ကူညီပေးခဲ့ဖူးတယ်နဲ့တူတယ်”

…

ထိုစဉ် ပြဇာတ်ရုံအပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင်၌ ထန်ဇီယွဲ့သည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဖန့်ဖူကို ပြောသည်။

“ဦးလေးဖူ ကျွန်တော်တို့်နှစ်ယောက် ဒီလိုထိုင်ပြီး လက်ဖက်ရည်မသောက်ဖြစ်တာ အတော်ကြာခဲ့ပြီနော်”

ဖန့်ဖူသည် ထန်ဇီယွဲ့ကို ပြန်ကြည့်လိုက်ပြီး ပြောသည်။

“အားလုံးက ကိုယ့်သခင်နဲ့ကိုယ်ပါပဲ။ မင်းက ပိုကောင်းတဲ့သခင်ကို ရထားတာဆိုတော့ မင်းအတွက် ဒီလူအိုကြီးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံဖို့ မလိုအပ်တော့တာ သဘာဝကျပါတယ်”

ထန်ဇီယွဲ့မှ ရယ်မော၏။

“ဦးလေးဖူ ကျွန်တော် စာပေလေ့လာနေခဲ့တဲ့အချိန်၊ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့တောင် ခက်ခဲနေခဲ့တဲ့အချိန်တွေကို ကျွန်တော် အမြဲသတိရတယ်။ အဲဒီအခက်ခဲဆုံးနေ့ရက်တွေမှာ ဦးလေးဖူရဲ့ ခဏတိုင်းပေးတတ်တဲ့ အကူအညီ‌တွေကြောင့်သာ ကျွန်တော် အသက်ရှင်နိုင်ခဲ့တာ။ ဦးလေးကြောင့်သာ မဟုတ်ခဲ့ရင်‌ ပြောမရဘူး ကျွန်တော် အစာငတ်ပြီး သေသွားခဲ့လောက်ပြီ”

စာစဉ်ပြီး၏

All Chapters