← Chapters

သွေးစွန်းသော ဆန်စေ့များ

Vol. 66 Ch. 983

သွေးစွန်းသော ဆန်စေ့များ

Vol. 66 Ch. 983

"အခုမှပဲ အသက်ရှူချောင်တော့တယ်"

ယန်ကျန့်က ကျိုးဒန်အား သူ၏တစ္ဆေနယ်မြေအတွင်းသို့ ပြန်လည်ဆွဲသွင်းလိုက်သည့် ထိုအခိုက်အတန့်တွင် ကျိုးဒန်တစ်ယောက် အသက်ကို မမှန်မကန်ရှူရှိုက်ရင်း အေးစက်သောချွေးများ ရွှဲနစ်နေရာမှ သက်သာရာရသွားတော့၏။ သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း တိုက်စားနေသည့် သဘာဝလွန်စွမ်းအားတို့ လွင့်ပြယ်သွားချိန်တွင် ပြာနှမ်းနေသော မျက်နှာသွင်ပြင်ကလည်း တဖြည်းဖြည်း ပြန်လည်သွေးရောင်လွှမ်းလာတော့သည်။

သို့တိုင်အောင် သူတော်တော်လေးနှင့် အခြေအနေမှန်သို့ ပြန်မရောက်နိုင်သေးချေ။

"ကျရှုံးသွားပြန်ပြီပေါ့။ ဆန်ကို ပစ်ကျွေးတာရော မြေပေါ်ချပြီး တစ္ဆေကိုကျွေးတာရော နှစ်မျိုးလုံး အသုံးမဝင်ဘူး"

ခြေလက်မစုံတော့သည့် လီယန်က တစ္ဆေနယ်မြေထဲတွင် ထိုင်နေရာမှ အချက်အလက်များကို စေ့စေ့စပ်စပ် သုံးသပ်နေ၏။ သူကိုယ်တိုင် လှုပ်ရှားသွားလာရန် အဆင်မပြေတော့သော်လည်း ဦးနှောက်ကိုတော့ အနားမပေးသေးပေ။

"ခေါင်းဆောင်၊ ကျိုးဒန်ရဲ့ စွန့်စားမှုက လုံးဝအလဟဿတော့ မဖြစ်ခဲ့ဘူး။ အစောက သူချကျွေးလိုက်တဲ့ ဆန်တွေ ပျောက်သွားတာက အရေးကြီးတဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်တယ်"

"ငါလည်း သတိထားမိတယ်။ ဒါကြောင့် ဆန်စေ့တွေက လူနဲ့ သိပ်အဝေးကြီးမှာ ရှိလို့မဖြစ်ဘူးဆိုတာ ငါကောက်ချက်ချလိုက်တယ်။ မဟုတ်ရင် အသုံးမဝင်ရုံတင်မကဘဲ အလကားဖြစ်သွားလိမ့်မယ်"

သိမ်းငှက်အိုကြီးက အစောပိုင်းတွင် ပစ်ကြဲလိုက်သော ဆန်စေ့များမှာ မြေပြင်ပေါ်တွင် ရှိနေသေးသည်ကို ယန်ကျန့် သတိပြုမိလိုက်၏။

လျိုချင်းချင်းက ဝင်ပြောသည်။

"တစ္ဆေစာပို့တိုက်ရဲ့ လေးထပ်မှာတုန်းက တံခါးဝမှာ ပြာတွေဖြူးထားခဲ့တာကို မှတ်မိကြသေးရဲ့လား။ ဒီဆန်စေ့တွေကလည်း တစ္ဆေပစ္စည်းတွေကို သီးခြားခွဲထုတ်ထားနိုင်တဲ့ အစွမ်းရှိနေမလားပဲ။ မြေကြီးပေါ်မှာ စက်ဝိုင်းပုံဖြူးလိုက်ရင် တစ္ဆေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်လောက်တယ်"

"ဖြစ်နိုင်ခြေနည်းတယ် အခုအချိန်ထိတော့ သဘာဝလွန်ပစ္စည်းတွေမှာ တူညီတဲ့အချက်ဆိုတာ မရှိခဲ့ဘူး သဘာဝလွန်ဖြစ်ရပ်တစ်ခုမှာ တူညီတဲ့တစ္ဆေနှစ်ကောင် မရှိသလိုပေါ့ သုံးစွဲရမယ့် နည်းလမ်းတစ်ခုခုတော့ သီးသန့်ရှိနေမှာပဲ"

ယန်ကျန့်က ဆက်ပြော၏။

"ငါကိုယ်တိုင် စမ်းသပ်ပြီး အမှားခံကြည့်ရတော့မှာပေါ့"

သူက လက်ဟန်ပြလိုက်သည်။

"ငါနဲ့ ခပ်ခွာခွာမှာနေကြ"

ထို့နောက် ယန်ကျန့်က ခန်းမဆောင်၏ ထောင့်တစ်နေရာဆီသို့ လျင်မြန်စွာ ရွေ့လျားလိုက်သည်။ ထိုနေရာက အနီရောင်ခေါင်းတလားနှင့်ရော လူအားလုံးနှင့်ပါ အတော်လေး အလှမ်းဝေး၏။ သူ့ထံတွင် ကိုယ်ပိုင်တစ္ဆေနယ်မြေရှိနေသောကြောင့် အချိန်မရွေး ပြန်လည်ဆုတ်ခွာနိုင်စွမ်း ရှိနေ၏။

ချက်ချင်းဆိုသလိုပင်…ဆန်ဖြူတစ်ပန်းကန်ကို ကိုင်ဆောင်ထားသော ယန်ကျန့်၏ ပုံရိပ်က ရှေးဟောင်းအိမ်ကြီးထဲတွင် တဖြည်းဖြည်း ထင်ရှားပေါ်လာသည်။

သူက တစ္ဆေနယ်မြေ၏ ပဉ္စမအလွှာမှ ထွက်ခွာလိုက်ပြီဖြစ်သော်လည်း သူ၏တစ္ဆေနယ်မြေကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ တစ္ဆေမျက်လုံးများက အခြားသူများကို အနီရောင်အလင်းတန်းများ ဖြာထွက်ကာ ဆက်လက်ကြည့်ရှုနေဆဲ ဖြစ်သည်။

ယခုအချိန်တွင် သူက သဘာဝလွန်လက်နက်ကို အသုံးပြုရန် စိတ်ကူးမရှိသည့်အတွက် အက်ကွဲနေသော လှံတံကို သူ့ဘေးတွင် ချထားလိုက်သည်။

ဒီနေရာတွင် တစ္ဆေများစွာရှိနေရာ ရှင်သန်ရန် မှန်ကန်သောနည်းလမ်းကို ရှာမတွေ့ပါက သူ့ကို အလောင်းကောင် သံချောင်း ဆယ်ချောင်းနှင့် ထင်းခုတ်ဓား ဆယ်ချောင်းပေးလျှင်တောင် အသုံးဝင်မည် မဟုတ်ပေ။ သဘာဝလွန်ပစ္စည်းများ သုံးစွဲခြင်း၏ နောက်ဆက်တွဲဒဏ်ကို သူခံနိုင်ရည်ရှိမည် မဟုတ်သည့်အတွက် နောက်ဆုံးတွင် အရှင်လတ်လတ် အစားခံရမည်သာ ဖြစ်သည်။

ယန်ကျန့် ပေါ်ထွက်လာသည့်အချိန်မှာပင်…နံရံပေါ်ရှိ မရေမရာ တစ္ဆေပုံရိပ်က လှုပ်ရှားလာပြီး နံရံတစ်လျှောက် လှိုင်းထကာ သူ့ထံသို့ ပြေးဝင်လာသည်။

ယန်ကျန့်၏ တစ္ဆေအရိပ်က သူ့ကိုယ်သူ ဖုံးလွှမ်းသွားရာ သူ၏ တစ်ကိုယ်လုံး အရိပ်မည်းတစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်သွားပြီး ထိုတစ္ဆေ၏ လွှမ်းမိုးမှုကို ချက်ချင်း သီးခြားခွဲထုတ်လိုက်သည်။

သူသာ မြေပြင်ပေါ်ရှိ အရိပ်တစ်ခုအဖြစ်သို့ မပြောင်းလဲသွားသမျှ ထိုတစ္ဆေ၏ တိုက်ခိုက်မှုကို ခံရမည်မဟုတ်ပေ။ ထို့ကြောင့် လောလောဆယ်တွင် နံရံပေါ်ရှိ တစ္ဆေပုံရိပ်ကို သူလျစ်လျူရှုထားနိုင်၏။

"သိမ်းငှက်အိုကြီးနဲ့ ကျိုးဒန်တို့ရဲ့ စမ်းသပ်မှုတွေ ရှိခဲ့ပေမယ့် တတိယအကြိမ်မြောက်ဖြစ်တဲ့ ငါ့ကို ပစ်မှတ်ထားတဲ့ တစ္ဆေအရေအတွက်ကလည်း သိသိသာသာကို များနေတုန်းပါလား"

ရှေးဟောင်းအိမ်ကြီးထဲသို့ စီးဝင်လာသော ကြောက်မက်ဖွယ်ပုံရိပ်များစွာက သူ့ထံသို့ ချဉ်းကပ်လာနေသည်ကို ယန်ကျန့် ချက်ချင်းမြင်လိုက်ရသည်။

သို့သော် သူတစ်ခု သတိပြုမိလိုက်၏။

ထိုတိုင်းရှီကုလားထိုင်နက်ကြီးကတော့ ရွေ့လျားလာခြင်းမရှိတော့။ အမှောင်ထုတစ်ခုက တိုင်းရှီကုလားထိုင်၏ နောက်တွင် ပိတ်ဆို့နေပြီး ရှေ့သို့ တိုးမလာနိုင်တော့ချေ။

သူက ထိုတစ္ဆေကို ထင်းခုတ်ဓားဖြင့် သုံးကြိမ်တိုင်တိုင် ခုတ်ပိုင်းခဲ့ရာ နောက်ဆုံးတွင် တစ္ဆေ၏ လက်နှစ်ဖက်လုံးကို ဖြတ်တောက်နိုင်ခဲ့ပြီး တစ္ဆေ၏ ကြောက်မက်ဖွယ်အဆင့်ကို လျော့ကျစေကာ လှုပ်ရှားမှုကို ရပ်တန့်စေနိုင်ခဲ့သည်။

ထိုသို့ပြုလုပ်ခြင်း၏ အကျိုးဆက်အဖြစ်…ယန်ကျန့်၏ မည်းနက်သော တစ္ဆေလက်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အက်ရာတစ်ခုပေါ်လာပြီး ထိုအက်ရာက အရိုးအသားထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် ထိုလက်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာ၏။ ဒဏ်ရာက နက်ရှိုင်းသော်လည်း ယာယီအားဖြင့် အန္တရာယ်မရှိ။ တစ္ဆေလက်သည် ထင်းခုတ်ဓား၏ ကျိန်စာတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသောကြောင့်ဖြစ်ပြီး သာမန်လူတစ်ယောက်၏ လက်သာဆိုလျှင် ကြာမြင့်စွာကတည်းက ပြုတ်ထွက်သွားလောက်ပြီ။

တစ္ဆေတစ်ကောင်က ယန်ကျန့်ထံသို့ ဦးစွာချဉ်းကပ်လာသည်။

ထိုတစ္ဆေက ဘေးချင်းယှဉ်လမ်းလျှောက်နေသော လူနှစ်ယောက်ပုံစံဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေသည်။ လူတစ်ယောက်တွင် လည်ပင်းတစ်ခုတည်း၌ ခေါင်းနှစ်လုံးပေါက်နေသကဲ့သို့ပင်။ မည်သည့်ခေါင်းက တစ္ဆေ၏ခေါင်း၊ မည်သည့်ခေါင်းက လူ၏ခေါင်းဟု ခွဲခြား၍မရပေ။ ထိုတစ္ဆေက သက်ရှိခန္ဓာကိုယ်ထဲသို့ ကျူးကျော်နိုင်စွမ်းရှိပုံရပြီး တစ်စုံတစ်ယောက်ကို ပူးကပ်ထားဟန်တူ၏။

ထိုတစ္ဆေက လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ၏ ယိုယွင်းနေသော ခန္ဓာကိုယ်ကို စွန့်ပစ်ကာ လက်ခံကောင်အသစ်ရှာဖွေရန် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ယန်ကျန့်က ပစ်မှတ်အသစ်ဖြစ်နေ၏။

ထို့ကြောင့် ထိုလက်ကို မြှောက်လိုက်သည့်အခါ ခန္ဓာကိုယ်၏ ညာဘက်ခြမ်းက တစ္ဆေတစ်ပိုင်းဖြစ်နေကြောင်း ယန်ကျန့် နားလည်လိုက်သည်။

ထိုတစ္ဆေ ချဉ်းကပ်လာသည့် စက္ကန့်အနည်းငယ်အတွင်းမှာပင် ယန်ကျန့်က လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။

သူက ဆန်တစ်ဆုပ်ကိုယူပြီး လက်ဖဝါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

ကြုံရာကျပန်း ခန့်မှန်းလိုက်ခြင်းမဟုတ်ဘဲ ရှေးရိုးအစဉ်အလာ နာရေးထုံးတမ်းများနှင့် သက်ဆိုင်နေ၏။ လူများသေဆုံးပြီးနောက် ငရဲသို့သွားရသည်ဟု ဆိုကြပြီး ငရဲတံခါးဝတွင် လေလွင့်ဝိညာဉ်များကို တိုက်ခိုက်ရန် ခွေးလေခွေးလွင့်များနှင့် တောကြက်များက စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် လူတို့က မရဏလမ်းတစ်လျှောက် ဘေးကင်းစေရန် ထိုသတ္တဝါများကို ကျွေးမွေးရန် ဆန်နှစ်ဆုပ်ကို ယူဆောင်သွားကြသည်ဟု အဆိုရှိ၏။

သို့သော်…

ထိုအယူအဆများက မှားယွင်းနေကြောင်း ရှင်းလင်းစွာ သိသာနေသည်။

ယန်ကျန့် ဆန်ကိုကိုင်ထားစဉ်မှာပင် ထိုတစ္ဆေက သူ၏တိုက်ခိုက်မှုကို မရပ်တန့်ခဲ့။

တစ္ဆေ၏ ဖြူဖျော့သောအရေပြားက လက်တစ်လုံးအလိုအထိ အနားသို့ကပ်လာခဲ့သည်။

"အသုံးမဝင်ဘူးလား"

ယန်ကျန့်က သူ၏နည်းလမ်းကို ချက်ချင်းပြောင်းလဲလိုက်ပြီး ဆန်စေ့များကို ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ကာ မမျိုချဘဲ ငုံထားလိုက်သည်။

သို့တိုင်အောင် တစ္ဆေ၏ လှုပ်ရှားမှုက မရပ်တန့်သေး။

ထိုအခိုက်တွင် တစ္ဆေတစ်ပိုင်းလူတစ်ပိုင်း ခန္ဓာကိုယ်က ယန်ကျန့်၏ အသားနှင့် ထိကပ်နေပြီဖြစ်ပြီး အေးစက်ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေက သူ၏ခန္ဓာကိုယ်ဟောင်းကို စွန့်ခွာကာ ယန်ကျန့်နှင့် တဖြည်းဖြည်း ပေါင်းစပ်နေလေပြီ။

ယန်ကျန့်ကတော့ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ သူ့တွင် ပြန်လည်စတင်ခြင်း စွမ်းရည်ရှိနေသေးရာ တစ္ဆေက သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာလျှင်တောင် အန္တရာယ်ကို နောက်ပြန်လှည့်ပြီး တိုက်ခိုက်မခံရမီ အချိန်သို့ ပြန်ရောက်သွားနိုင်၏။

"ဒါတောင် အလုပ်မဖြစ်သေးဘူးဆိုရင် နောက်ဆုံးတစ်နည်းပဲ ကျန်တော့တယ်"

ယန်ကျန့်က ဆန်စေ့များကို အလဟဿမဖြစ်စေလိုသောကြောင့် ပါးစပ်ထဲမှ ပြန်လည်ထုတ်ကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

ဆန်စေ့များက ရှိနေဆဲ၊ လျော့နည်းသွားခြင်းမရှိ။

တစ္ဆေကလည်း သူ၏ကျူးကျော်မှုကို မရပ်မနား ဆက်လက်လုပ်ဆောင်နေသည်။

ယန်ကျန့်က သူ၏ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဉ်သွားသည်ကို ခံစားလိုက်ရပြီး ထိုခန္ဓာကိုယ်က အခြားတစ်ယောက် ပိုင်ဆိုင်သွားသကဲ့သို့ ဖြစ်နေသည်။ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လူသေခေါင်းတစ်ခုက သူ့ဘေးတွင် ကပ်တွယ်နေ၏။

အေးစက်တောင့်တင်းသော အထိအတွေ့က သူ့ကို တုန်လှုပ်ချောက်ချားစေသည်။

သို့သော် ယန်ကျန့်က တည်ငြိမ်နေဆဲ ဖြစ်ကာ သူက မဆိုင်းမတွပင် သူ၏လက်ချောင်းကို ဖြတ်လိုက်ပြီး သွေးများ စီးကျစေလိုက်သည်။

သွေးများစိုစွတ်သွားသော ဆန်ဖြူစေ့များက အနီရောင်သို့ ပြောင်းလဲသွား၏။

ထိုအခိုက်အတန့်မှာပင်…ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယန်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်နေသော တစ္ဆေက ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီးနောက် အေးစက်သော လက်တစ်ဖက်က ယန်ကျန့်၏ လက်မောင်းတစ်လျှောက် လျှောတိုက်လာကာ သူ၏လက်ထဲမှ သွေးစွန်းနေသော ဆန်စေ့တစ်စေ့ကို ယူဆောင်သွားလေသည်။

နောက်တစ်ခဏ…တစ္ဆေ၏ တိုက်ခိုက်မှုက ပြောင်းပြန်ဖြစ်သွားပြီး တစ်ဝက်တစ်ပျက် ကျူးကျော်ပြီးသော အခြေအနေမှ ရပ်တန့်ကာ ဆုတ်ခွာသွားပြီး သူ၏ ပုပ်သိုးနေသော အလောင်းကောင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

မကြာမီမှာပင် ထိုတစ္ဆေ၏ ပုံသဏ္ဌာန်က မှေးမှိန်သွားပြီး မသဲမကွဲဖြစ်သွားသည်။

သို့သော် လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ မရေမရာ ပုံရိပ်တစ်ခုသာ ကျန်ရစ်ပြီး တစ္ဆေနယ်မြေတစ်မျိုးမျိုးထဲတွင် သီးခြားခွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

"အောင်မြင်သွားပြီလား"

ယန်ကျန့်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ထိုနည်းလမ်း အလုပ်ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။

ဆန်စေ့များက သွေးကို ကြားခံအဖြစ် လိုအပ်ပြီးနောက် တစ္ဆေကို ကျွေးမွေးရမည်။

သိပ်ဝေးလွန်းလို့ မဖြစ်၊ သို့မဟုတ်ပါက တစ္ဆေက စားလိုက်လျှင်တောင် အလုပ်ဖြစ်မည်မဟုတ်။ သက်ရှိသွေးဖြင့် စွန်းထင်းနေရမည်။ ကျိုးဒန်၏ ဆန်ပန်းကန်က အစောက မှောက်ကျသွားစဉ်က သွေးဖြင့် မစိုစွတ်ခဲ့ဘဲ ကြားခံပစ္စည်းမရှိခဲ့ပေ။ ထို့ကြောင့် တစ္ဆေက စားပြီးနောက် ထွက်မသွားဘဲ ဆန်စေ့များက အစွမ်းအာနိသင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ထဲရှိ ဆန်စေ့များမှ တစ်စေ့လျော့သွားချိန်တွင် ရှေ့မှတစ္ဆေက သီးခြားခွဲထုတ်ခံလိုက်ရပြီး ဆက်လက်သတ်ဖြတ်နိုင်ခြင်း မရှိတော့ဟန်တူ၏။

သို့သော် ယန်ကျန့် နောက်ထပ်မစဉ်းစားနိုင်မီမှာပင်…အမြစ်များနှင့် မြေကြီးများဖြင့် ရစ်ပတ်နေသော လက်တစ်ဖက်က လေထဲတွင် ရုတ်တရက်ပေါ်လာပြီး သင်္ချိုင်းထဲမှ ယခုလေးတင် တွားသွားထွက်လာသကဲ့သို့ ဖြစ်နေသည်။ ထိုလက်က ယန်ကျန့်၏ လက်ဖဝါးထဲမှ သွေးစွန်းနေသော ဆန်စေ့နောက်တစ်စေ့ကို ဆွဲယူသွားသည်။

ထို့နောက် ထိုလက်က ပျောက်ကွယ်သွား၏။

ထိုမျှသာမက…နောက်ဘက်တွင်…ယန်ကျန့်က သူ၏ခေါင်းနောက်တွင် တစ်စုံတစ်ခုပေါ်လာသည်ကို ခံစားလိုက်ရပြီး အေးစက်သော အသက်ရှုငွေ့တစ်ခုက အနားတွင် ကပ်နေသည်။ တစ်စုံတစ်ခုက လျင်မြန်စွာ လှမ်းယူလိုက်ပြီး လျှပ်တပြက်အတွင်း ဖြတ်ပြေးသွားသည်။

သူ့လက်ထဲမှ သွေးစွန်းနေသော ဆန်စေ့တစ်စေ့ ပျောက်ဆုံးသွားပြီးနောက် သူ့နောက်မှ ထူးဆန်းသော အရာက လျင်မြန်စွာ ဆုတ်ခွာပျောက်ကွယ်သွားသည်။

ယန်ကျန့်၏ နဖူးစပ်မှ ချွေးစေးများ စို့တက်လာသည်။

သူသာ ဆန်စေ့ကို အသုံးပြုရမည့် မှန်ကန်သောနည်းလမ်းကို ရှာမတွေ့ခဲ့ပါက ထိုတစ္ဆေများ၏ တိုက်ရိုက်တိုက်ခိုက်မှုကို ခံရမည်မှာ သေချာနေ၏။

ချဉ်းကပ်လာသော အရိပ်များက တိုး၍များပြားလာသည်။

ထူးဆန်းပြီး တစ်ခုနှင့်တစ်ခုမတူသော လက်များက ဆန့်တန်းလာကြသည်။

တစ္ဆေများက ယန်ကျန့်ကို တိုက်ခိုက်ခြင်းမပြုဘဲ သူ၏လက်ထဲမှ သွေးစွန်းနေသော ဆန်ဖြူစေ့တစ်စေ့ကိုသာ ယူဆောင်သွားကြသည်။

ဆန်စေ့ကို ယူသွားသော တစ္ဆေက ပျောက်ကွယ်မသွားဘဲ မရေမရာဖြစ်ကာ မလှုပ်မယှက်ဖြင့် ထိုနေရာမှာပင် ရပ်တန့်နေတော့၏။

"နည်းလမ်းကို ရှာတွေ့သွားပြီ၊ ယန်ကျန့် အောင်မြင်သွားပြီ"

တစ္ဆေနယ်မြေထဲရှိ လူတိုင်းက ထိုမြင်ကွင်းကို မြင်နေရသည်။ သူတို့က သီးခြားခွဲထုတ် ခံထားရခြင်းမရှိဘဲ ယန်ကျန့်က သူတို့၏ အမြင်အာရုံကို ပိတ်ပင်ထားခြင်း မရှိပေ။ အပြင်ဘက်ရှိ အရာအားလုံးကို သူတို့မြင်နေရဆဲဖြစ်သော်လည်း ထိုမြင်ကွင်းများက အစစ်အမှန်မဟုတ်ဘဲ တစ္ဆေနယ်မြေ၏ အလွှာများစွာကို ဖြတ်သန်းပြသထားခြင်းသာ ဖြစ်၏။

"သွေးစွန်းနေတဲ့ ဆန်စေ့တွေကို တစ္ဆေတွေကို ကျွေးလိုက်ရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ယာယီရပ်တန့်သွားစေနိုင်တာကိုး"

လီယန်က ပြောလိုက်သည်။

"ဒါကြောင့်ကိုး၊ ငါ့ဆန်ကို အစောက ကျွေးလိုက်တာတောင်မှ တိုက်ခိုက်ခံခဲ့ရတာ"

ကျိုးဒန်က မဆိုင်းမတွပင် သူ၏လက်ဖဝါးကို ဖြတ်ကာ ဆန်စေ့များကို သွေးဖြင့် အနီရောင်ဆိုးလိုက်သည်။

လျိုချင်းချင်းက သူ့ကိုတားလိုက်သည်။

"တော်တော့၊ ဆန်အားလုံးကို တစ်ယောက်တည်း အကုန်မသုံးပစ်လိုက်နဲ့။ အားလုံး ဘေးကင်းအောင် ဝေမျှသုံးတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျားတစ်ယောက်တည်း ဘာမှမဖြစ်ဘဲ ကျန်တဲ့ဆန် မရှိတဲ့သူတွေက တစ္ဆေတွေရဲ့ သတ်ဖြတ်တာကို ခံနေရလိမ့်မယ်"

"ဟုတ်တယ် မှန်တယ်"

လီယန်က ထောက်ခံသည်။

"ကျန်တဲ့ဆန်တွေကို ခွဲဝေသုံးစွဲကြရအောင်"

"ကောင်းပြီ၊ အားလုံး အတူတူအသက်ရှင်တာ အကောင်းဆုံးပဲ။ ငါ့ဘက်က ဘာမှကန့်ကွက်စရာမရှိဘူး"

ကျိုးဒန်က ထိုမျှလောက် တစ်ကိုယ်ကောင်းဆန်သူတစ်ယောက် မဟုတ်ပေ။ သူတို့က ကျန်ရှိသော ဆန်စေ့များကို စတင်ခွဲဝေကြပြီး တစ်ယောက်ချင်းစီက မိမိတို့၏ ဆန်စေ့များကို သွေးဖြင့် ဆိုးလိုက်ကြတော့သည်။

All Chapters