ပျောက်ကွယ်သွားသော ပုံရိပ်
Vol. 66 Ch. 984
နောက်ဆုံးတွင် ယန်ကျန့်က ပဉ္စမနေ့ တစ္ဆေဧည့်ခံပွဲမှ ရှင်သန်လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။
ဆန်စေ့များကို သွေးဖြင့်စွန်းထင်းစေပြီး တစ္ဆေများကို ကျွေးမွေးခြင်းဖြင့် သူတို့၏ လှုပ်ရှားမှုများကို ယာယီအားဖြင့် တည်ငြိမ်သွားစေကာ တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ပေသည်။
ထိုနည်းလမ်းက ရိုးရှင်းလှသော်လည်း ထိုရိုးရှင်းလှသော နည်းလမ်းကြောင့်ပင် လူအချို့ သေမင်းခံတွင်းဝသို့ ရောက်လုနီးပါးဖြစ်ခဲ့ရ၏။ သူတို့အသက်ရှင်ကျန်ရစ်ခြင်းမှာ ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ ကျန်ရှိနေသေးသူများက ရှင်သန်နိုင်စွမ်းမြင့်မားပြီး တစ္ဆေများ၏ ချက်ချင်းသတ်ဖြတ်ခြင်းကို မခံခဲ့ရသောကြောင့်သာ ဖြစ်သည်။
နည်းလမ်းကို သိရှိသွားပြီးနောက် လူတိုင်းက လျင်မြန်စွာ အသင့်ပြင်လိုက်ကြသည်။
သူတို့က လတ်ဆတ်သောသွေးကို အသုံးပြု၍ ဆန်စေ့များကို အနီရောင်ဆိုးလိုက်ကြပြီး အလဟဿဖြစ်သွားခြင်း သို့မဟုတ် မလုံလောက်ခြင်းတို့ ဖြစ်ပေါ်လာပါက အသုံးပြုရန် အနည်းငယ်ကို ချန်ထားလိုက်ကြ၏။
"ငါ တစ္ဆေနယ်မြေကို ပြန်ရုပ်သိမ်းဖို့လိုပြီ ဒီအခြေအနေမှာ ငါဆက်ထိန်းထားနိုင်သေးပေမယ့် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပဲ"
ယန်ကျန့်က လူအုပ်ကို သတိပေးလိုက်သည်။
"နည်းလမ်းက မှန်နေသရွေ့တော့ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး"
လျိုချင်းချင်းက ဆို၏။
ကျိုးဒန်နှင့် လီယန်တို့ကလည်း ခေါင်းညိတ်ပြကြရာ သူတို့အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ…
ယန်ကျန့်က မဆိုင်းမတွပင် တစ္ဆေနယ်မြေကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
ပဉ္စမအလွှာ တစ္ဆေနယ်မြေ ပျောက်ကွယ်သွားသည်နှင့် လူအချို့၏ ပုံရိပ်များက ရုတ်တရက် ထင်ရှားပေါ်လာ၏။
တစ္ဆေများက ချက်ချင်းဆိုသလို လှုပ်ရှားလာကြပြီး အချို့က အနားသို့ တိုးကပ်လာကာ အချို့ကတော့ တိတ်တဆိတ် တိုက်ခိုက်မှုများကို စတင်နေပြီဖြစ်သည်။
သို့သော် လူတိုင်း၏ လက်ထဲတွင် သွေးစွန်းနေသော ဆန်စေ့တစ်ဆုပ်စီ ရှိနေ၏။
တစ္ဆေများက သူတို့၏ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။
သူတို့ကို သတ်ဖြတ်မည့်အစား တစ္ဆေများက သူတို့၏ လက်ထဲမှ ဆန်စေ့တစ်စေ့ကို ယူဆောင်သွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ရပ်နေသောနေရာတွင် မသဲမကွဲနှင့် ဖောက်ထွင်းမြင်နေရသော ပုံရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။
"နည်းလမ်းက တကယ်ပဲ အသုံးဝင်တာပဲ"
သူ့လက်ထဲမှ သွေးစွန်းနေသော ဆန်စေ့များ လျင်မြန်စွာ လျော့နည်းသွားသည်ကို ကြည့်ရင်း ကျိုးဒန်က သက်ပြင်းချကာ ပြုံးလိုက်မိသည်။
တစ္ဆေများ ပျောက်ကွယ်သွားသည်နှင့်အမျှ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို မခံရတော့ပေ။
ဖိအားများက ရုတ်တရက် လျော့ကျသွား၏။
"ယန်ကျန့် ဆန်ကို သွေးဆိုးရမယ်ဆိုတဲ့ အတွေးကို မင်းဘယ်လိုရလိုက်တာလဲ"
ကျိုးဒန်က နောက်မှ မေးလိုက်သည်။
"သမ္မတနိုင်ငံခေတ်တုန်းက တစ္ဆေဆရာတွေက ဒီလိုလှည့်ကွက်မျိုးတွေ သုံးရတာကို သဘောကျကြတယ်"
ယန်ကျန့်က တည်ငြိမ်စွာ ဆိုလိုက်သော်လည်း သူ၏မျက်လုံးများကတော့ လေးနက်နေဆဲဖြစ်ပြီး သက်တောင့်သက်သာဖြစ်သွားသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။
ကျိုးဒန်က စပ်စုလိုက်သည်။
"မင်း အရင်က ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံဖူးလို့လား"
"ကိုယ်စားလှယ်အရုပ်"
ယန်ကျန့်က ပြန်ဖြေလိုက်၏။
ကျိုးဒန်က တစ်ခဏမျှတွေဝေသွားသည်။ သူက ကိုယ်စားလှယ်အရုပ်အကြောင်းကို သိထား၏။ ဌာနချုပ်မှ ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်ချက်များအတွက် အဓိကဇာတ်ကောင်များကိုသာ ချီးမြှင့်သော ရှားပါးသည့် သဘာဝလွန်ပစ္စည်းတစ်ခုဖြစ်သည်။ သူက ထိုအရာကို သိရှိရုံသာသိပြီး တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။
"သူ့ရဲ့အသုံးပြုပုံက ဆင်တူလို့လား ဒါပေမယ့် အသုံးပြုပုံ ဆင်တူရုံလောက်နဲ့တော့ မင်းဒီလိုစွန့်စားမှာ မဟုတ်လောက်ဘူး"
ယန်ကျန့်က ဆက်၍တိတ်ဆိတ်နေခဲ့သည်။
သို့သော် လီယန်ကတော့ နားလည်လိုက်၏။
ထိုအရာက အခန်းနံပါတ် ၃၀၁ ၏ ပိုင်ရှင်ကြောင့် ဖြစ်ပေမည်။
သူတို့တစ်ချိန်က တာချွမ်းမြို့၏ အခန်းနံပါတ် ၃၀၁ ထဲတွင် ကိုယ်စားလှယ်အရုပ်များ ပြုလုပ်ရန်ဟု သံသယရှိရသော အလုပ်စားပွဲခုံကို မြင်ခဲ့ဖူးသည်။
ပြီးတော့ ဒီနေရာမှာ ယန်ကျန့်နှင့် လီယန်တို့က အခန်းနံပါတ် ၃၀၁ မှ အဖွားအို လျှောက်သွားနေသည်ကို ကြုံတွေ့ခဲ့ရဖူး၏။
ထိုအဖွားအိုက ဒီရှေးဟောင်းအိမ်ကြီးထဲသို့ပင် ဝင်ရောက်သွားခဲ့သေးသည်။
အဖွားအိုတစ်ယောက်နှင့် လတ်တလောမှ ကွယ်လွန်သွားသော အဘိုးအိုတစ်ယောက်။
သမ္မတနိုင်ငံခေတ်မှ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်။ ဒီလိုအခြေအနေမျိုးတွေအောက်မှာ ထင်ကြေးအမျိုးမျိုးပေးပြီး ခန့်မှန်းချက်တွေဆွဲထုတ်မိဖို့က ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုဖြစ်နေ၏။
"ဘယ်လိုပဲကြည့်ကြည့် အသက်ရှင်ကျန်ရစ်တာက အကောင်းဆုံးရလဒ်ပဲ"
သိမ်းငှက်အိုကြီးက သေဆုံးခြင်းမရှိသေးဘဲ သူ့ရှေ့မှ အန်စာတုံး၏ လည်ပတ်နှုန်းကလည်း နှေးကွေးလာသည်။
ထိုအချက်က အနီးအနားတွင် တစ္ဆေနည်းပါးလာပြီဖြစ်ကြောင်း အချက်ပြနေ၏။
အိမ်ကြီး၏ အန္တရာယ်က လျော့နည်းလာနေသည်။
"ပျော်တာစောလွန်းနေပြီ ဆန်သုံးပန်းကန်က ဒီတစ္ဆေတွေအားလုံးရဲ့ ဗိုက်ကိုဖြည့်ဖို့ လုံလောက်လို့တဲ့လား"
လီယန်က သူ၏စိုးရိမ်မှုကို ထုတ်ဖော်ပြောလိုက်သည်။
"ပထမနေ့က အသုဘ၊ ဒုတိယနေ့က ညစောင့်ခြင်း၊ တတိယနေ့က ဝမ်းနည်းပူဆွေးခြင်း၊ စတုတ္ထနေ့က အသုဘရှုခြင်းနဲ့ ပဉ္စမနေ့က တစ္ဆေဧည့်ခံပွဲ။ ဘယ်နေ့မှ ပြဿနာမရှိတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး မျှခြေရှိနေတဲ့ အခြေအနေအောက်မှာတောင်မှ အလှည့်ပြောင်းခါနီး နောက်ဆုံးနာရီဝက်က အလွန်အန္တရာယ်များတယ်"
သူက သူ၏ပျောက်ဆုံးနေသော ခြေထောက်များနှင့် လက်တစ်ဖက်ကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
ယန်ကျန့်က ဆို၏။
"အဆိုးမြင်မနေနဲ့ အရင်နေ့တွေက ပြဿနာရှိခဲ့တာက ငါတို့က ကြိုတင်မတွေးထားနိုင်ခဲ့ဘဲ နည်းလမ်းမှန် မရှိခဲ့လို့ပဲ အခုငါတို့သိသွားပြီဆိုတော့ အခြေအနေတွေ ပိုကောင်းလာမှာပါ အန္တရာယ်ရှိနေရင်တောင် အရင်ကလို မျှော်လင့်ချက်မဲ့နေတာမျိုးတော့ မဟုတ်တော့ဘူး"
"ဒီနေ့က ငြိမ်းချမ်းသွားမှာပါ ဆန်သုံးပန်းကန်ကလည်း လုံလောက်မှာပါ"
"ပဉ္စမနေ့တောင် ရောက်နေပြီပဲ ခဏလောက်ဆက်ပြီး ကြံ့ကြံ့ခံလိုက်ရင် ပြီးသွားမှာပါ စိတ်ဓာတ်မကျကြနဲ့"
ကျိုးဒန်က ခေါင်းညိတ်ရင်း ပြောလိုက်ရာ သူကတော့ စိတ်ပျက်အားငယ်မှုရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။
သူက ဒီတစ်ကြိမ်မှာ ဘာမှမရလိုက်တာကိုသာ နောင်တရနေမိ၏။ မီးအိမ်က လုယူခံလိုက်ရပြီး အမွှေးတိုင်ကလည်း အသုံးမပြုရသေးဘဲ သူ့မှာ ဝမ်းနည်းခြင်းဝတ်စုံတစ်ထည်သာ ကျန်ရစ်ခဲ့သည်။
သေရေးရှင်ရေး အကျပ်အတည်းအတွက်ကတော့ အရေးမကြီးပေ။
တစ္ဆေဆရာတစ်ယောက်နှင့် အဓိကဇာတ်ကောင်တစ်ယောက်အနေဖြင့် သူက အန္တရာယ်များစွာကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်။ ဒီတစ်ကြိမ်က ထူးခြားသော်လည်း သူသေမသွားသမျှ ကိစ္စမရှိပေ။
သေသွားလျှင်လည်း ကိစ္စမရှိတော့။
"မင်းတို့က ခြောက်ရက်မြောက်နေ့ရဲ့ ကိစ္စတွေကို စဉ်းစားသင့်တယ် ငါတို့က ရှင်သန်ရမယ့်နည်းလမ်းကို ရှာတွေ့ခါစပဲ ဆန်ကလည်း လုံလောက်နေတုန်းပဲ ဒါက အလုံခြုံဆုံးအချိန်ပဲ ဒါကြောင့် ငါတို့ အခုကတည်းက ကြိုတင်စီစဉ်ထားရမယ်"
သိမ်းငှက်အိုကြီးက ပြောလိုက်သည်။
သူက မရေမရာ စိတ်မအေးဖြစ်နေမိ၏။
အသံရှစ်သံ တေးဂီတသေတ္တာက သူ့စိတ်ထဲမှာ ရက်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။ ထိုအရာက ဒုတိယနေ့ ညစောင့်ခြင်းတွင် အသုံးပြုခဲ့သောအရာဖြစ်ပြီး ယခုမှာတော့ ပဉ္စမနေ့ဖြစ်သည်။
ယန်ကျန့်က ဒီအသံရှစ်သံ တေးဂီတသေတ္တာက ရက်အနည်းငယ်ကြာ ရှင်သန်နိုင်အောင် အာမခံနိုင်ကြောင်း ပြောခဲ့ဖူးသည်။
ဒီရက်တွေနဲ့ ပတ်သက်ပြီး သုံးရက်၊ ငါးရက်၊ ဒါမှမဟုတ် ခုနစ်ရက်လားဆိုတာ ဘယ်သူမှ တကယ်မသိပေ။ ကံတရားအပေါ်မှာ မူတည်နေ၏။
သုံးရက်ကြာ ရှင်သန်ပြီးနောက်မှာတော့ သိမ်းငှက်အိုကြီးက သူ့မှာ အချိန်သိပ်မကျန်တော့ဘူးဟု ယုံကြည်နေသည်။
"ခြောက်ရက်မြောက်နေ့နဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုမှ မရှိဘူး"
ကျိုးဒန်က ခေါင်းခါရင်း ပြောလိုက်သည်။
"မင်းရဲ့ အရင်က သုံးသပ်ချက်တွေက အရမ်းတိကျခဲ့တယ် ဒါပေမယ့် ဒီနောက်ဆုံးနှစ်ရက်မှာတော့ အချက်အလက်ကွာဟမှုတစ်ခု ရှိနေတယ်"
"ဟုတ်တယ် ရှေးဟောင်းအိမ်ကြီးထဲက အချက်အလက်အားလုံးကို သုံးလို့ကုန်သွားပြီ ခြောက်ရက်မြောက်နေ့မှာ တကယ့်အချက်အလက် ကွာဟမှုတစ်ခုရှိနေတယ် ငါထင်တာတော့ ခုနစ်ရက်မြောက်နေ့နဲ့ ပေါင်းပြီး ကောက်ချက်ဆွဲရမယ်ထင်တယ်"
လီယန်က အကြံပြုလိုက်သည်။
ယန်ကျန့်က မေးလိုက်သည်။
"မင်းမှာ ဘာစိတ်ကူး ရှိလို့လဲ"
"တောင်းပန်ပါတယ် ငါဘာမှ မစဉ်းစားမိသေးဘူး ဒီဘက်ကို ဦးတည်ပြီး စဉ်းစားသင့်တယ်လို့ မရေမရာ ခံစားမိနေရုံပဲ"
လီယန်က ခေါင်းခါရင်း ရှက်ရွံ့စွာ ပြောလိုက်၏။
ယန်ကျန့်က ဆို၏။
"ခြောက်ရက်မြောက်နေ့နဲ့ ခုနစ်ရက်မြောက်နေ့မှာ အသုဘပို့တဲ့နေ့ တစ်နေ့တော့ ပါကိုပါရမယ် ဆိုလိုတာက ဒီအနီရောင်ခေါင်းတလားကို ရှေးဟောင်းအိမ်ကြီးထဲကနေ သယ်ထုတ်ပြီး နောက်ဘက်မှာ မြှုပ်ရမယ် ခုနစ်ရက်မြောက်နေ့က အသုဘပို့တဲ့နေ့ဆိုရင် ခုနစ်ရက်မြောက် ဝိညာဉ်ပြန်လာရာနေ့နဲ့ ထပ်တူကျနေလိမ့်မယ်"
"ဒါဆို မင်းထင်တာ မနက်ဖြန်က အသုဘပို့တဲ့နေ့လား ခုနစ်ရက်မြောက်နေ့ကရော"
ကျိုးဒန်က မေးလိုက်သည်။
ယန်ကျန့်က မျက်လုံးမှေးလိုက်ပြီး ပြောလိုက်သည်။
"ခုနစ်ရက်မြောက် ဝိညာဉ်ပြန်လာရာနေ့မှာ ငါတို့အားလုံး ရှေးဟောင်းအိမ်ကြီးထဲမှာနေပြီး အန္တရာယ်အများဆုံးနေ့ကို ကျော်ဖြတ်ရလိမ့်မယ် သန်းခေါင်ကျော်သွားရင် ငါတို့ ဒီစာကို ပို့ရမယ် ပြီးရင် တာဝန်ပြီးဆုံးပြီ"
"ငါတို့ မှားပြီး ဆုံးဖြတ်မိရင် အသုဘပို့တဲ့နေ့က ငါတို့အားလုံး အစုလိုက်အပြုံလိုက် သေဆုံးရမယ့်နေ့ ဖြစ်သွားလိမ့်မယ်"
လျိုချင်းချင်းက ဆို၏။
"မဟုတ်ဘူး မနက်ဖြန်က အသုဘပို့တဲ့နေ့ သေချာပေါက်ဖြစ်ရမယ် ခုနစ်ရက်မြောက် ဝိညာဉ်ပြန်လာရာနေ့က အသုဘပို့တဲ့နေ့နဲ့ တစ်နေ့တည်း ဖြစ်လို့မရဘူး"
ယန်ကျန့်က သေချာရေရာစွာ ပြောလိုက်သည်။
လျိုချင်းချင်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ဘယ်အချက်အလက်ကို အခြေခံပြီး ဒီကောက်ချက်ကို ဆွဲချလိုက်တာလဲ"
"ပြောင်းပြန်ကောက်ချက်ဆွဲတာ"
ယန်ကျန့်က ပြောလိုက်သည်။
"ခုနစ်ရက်မြောက်နေ့က ဝိညာဉ်ပြန်လာရာနေ့၊ ခြောက်ရက်မြောက်နေ့က အသုဘပို့တဲ့နေ့။ အကယ်၍ မင်းက အစဉ်လိုက်ကို မှားလိုက်မယ်ဆိုရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်။ တာဝန်သတိပေးချက်မှာ ငါတို့ကို ရှေးဟောင်းအိမ်ကြီးထဲမှာ ခုနစ်ရက်နေခိုင်းထားတယ်၊ ပြီးတော့ ခေါင်းသွင်းတဲ့ ပထမနေ့ကတည်းက ငါတို့က အသုဘလုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ကြတယ်"
"နည်းလမ်းမှန်၊ အချိန်မှန်၊ ဒါက ငါတို့အရင်က လုပ်ခဲ့သမျှအရာအားလုံး မှန်ကန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါတို့သာ ခြေတစ်လှမ်းမှားခဲ့ရင် အခုချိန်လောက်ဆို သေနေလောက်ပြီ"
"ပုံစံခွက်တွေအရ အစောပိုင်းနေ့တွေက အခက်ခဲဆုံးပဲ။ အခု အများကြီး ပြီးသွားပြီ၊ ကျန်တဲ့နှစ်ရက်အတွက် ငါတခြားနည်းလမ်းတွေ စဉ်းစားလို့မရတော့ဘူး"
လျိုချင်းချင်း၊ ကျိုးဒန်၊ သိမ်းငှက်အိုကြီးနှင့် လီယန်တို့အားလုံး အတွေးနက်နေကြသည်။
အလေးအနက်ထား စဉ်းစားကြည့်သောအခါ ထိုအချက်က အမှန်တကယ်ပင် ယုတ္တိရှိပုံရ၏။
အဆင့်အများစုက ပြီးစီးသွားပြီ။ ကျန်ရှိသော အသုဘပို့ခြင်းနှင့် ဝိညာဉ်ပြန်လာရာနေ့က ခုနစ်ရက်တာ ကွာဟချက်ကို အံဝင်ခွင်ကျ ဖြည့်ဆည်းပေးပြီး ဒီခုနစ်ရက်မြောက်နေ့၏ အထူးအချိန်အခါနှင့် ကိုက်ညီနေသည်။
"ဒါဆို မနက်ဖြန် ငါတို့က ဒီခေါင်းတလားကို ရှေးဟောင်းအိမ်ကြီးထဲကနေ သယ်ထုတ်ပြီး နောက်က သစ်အိုတောအုပ်ထဲမှာ မြှုပ်ရတော့မှာပေါ့"
ကျိုးဒန်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်က မှန်သင့်တယ်လို့ ငါထင်တယ် လောလောဆယ်တော့ ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြရအောင်"
လီယန်က ဆို၏။
"တခြားအတွေးအမြင်တွေရှိရင် ဒီအချိန်အတွင်းမှာ တင်ပြလို့ရတယ် ပြီးတော့ အားလုံး ဆက်ပြီး ဆွေးနွေးလို့ရတာပေါ့"
သိမ်းငှက်အိုကြီးက ခေါင်းခါရင်း ပြောလိုက်သည်။
"ငါ့မှာ ကန့်ကွက်စရာမရှိဘူး"
ထို့နောက် သူက အမိုး၏ ထောင့်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
အနီရောင်မီးပုံးပျံက အပေါ်တွင် လွင့်နေပြီး၊ ယန်ရှောင်ဟွာ၏ ခန္ဓာကိုယ်က အောက်တွင် တွဲလောင်းကျနေကာ သူမ၏ မျက်နှာကို အဝါရောင်စက္ကူဖြင့် ဖုံးအုပ်ထားပြီး အသက်ရှုသံ လုံးဝမရှိတော့ပေ။
"ငါသိချင်တာက ယန်ရှောင်ဟွာက အသက်ရှင်သေးရဲ့လားဆိုတာပဲ။ ရက်အနည်းငယ်ပဲ ကျန်တော့တယ်၊ သူ့ကို အောက်ချဖို့ အချိန်တစ်ခုတော့ ရှာရမယ်"
"ဒီနေ့ပြီးရင် ငါသူ့ကို အောက်ချပေးမယ်။ အခုက အချိန်မသင့်သေးဘူး။ တစ္ဆေဧည့်ခံပွဲက ဆက်ဖြစ်နေတုန်းပဲ၊သူ့ရဲ့ပေါ်ထွက်လာမှုက တစ္ဆေကြမ်းတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရနိုင်တယ်"
ယန်ကျန့်က ဆို၏။
ကျိုးဒန်က ပြောလိုက်သည်။
"သူက သေနှင့်နေလောက်ပြီ"
"သူ မသေသေးဘူး။ သူ့ခန္ဓာကိုယ်ရဲ့ လတ်ဆတ်မှုက အရမ်းမြင့်နေတုန်းပဲ၊ ပုပ်သိုးတာတွေ အညိုအမည်းစွဲတာတွေ မရှိဘူး။ သူသာ သေနေရင် အခုလောက်ဆို အနံ့ထွက်နေလောက်ပြီ။ ငါက သူ့ခန္ဓာကိုယ်အခြေအနေကို ရံဖန်ရံခါ စစ်ဆေးကြည့်တယ်"
ယန်ကျန့်က ဆို၏။
လူတိုင်းက ဒီအချိန်မှာ မသက်ဆိုင်တဲ့ အကြောင်းအရာအချို့ကိုသာ ဆွေးနွေးနိုင်ကြသည်။
လူတစ်ယောက်ချင်းစီက သွေးစွန်းနေသော ဆန်စေ့တစ်ဆုပ်ကို ကိုင်ထားကြ၏။
ဆန်ပမာဏက လျော့နည်းလာပြီး၊ ရှေးဟောင်းအိမ်ကြီးထဲက တစ္ဆေကြမ်းတွေကလည်း ပျောက်ကွယ်သွားကာ၊ ကြောက်မက်ဖွယ်ရာ ပုံရိပ်အကြမ်းတွေကိုသာ ချန်ထားရစ်ခဲ့သည်။
ဆန်သုံးပန်းကန်၏ ပေါင်းစပ်ထားသော ပမာဏက အတော်လေး များပြားလှသည်။
တစ္ဆေကြမ်းတစ်ကောင်က ဆန်စေ့တစ်စေ့သာ ယူဆောင်သွားရန် လိုအပ်သောကြောင့် ဒီသုံးပန်းကန်က အချိန်အတော်ကြာ ခံနိုင်ပေသည်။
သို့သော်…
အရင်က တစ္ဆေ ပျောက်ကွယ်သွားပြီးနောက်၊ တစ္ဆေကြမ်းအသစ်တွေက အိမ်ကြီးရဲ့ ပင်မတံခါးဘက်ကနေ ထပ်ပြီး ဝင်ရောက်လာနေပြန်သည်။
သို့သော် အရင်ကလောက်တော့ ထူထပ်ခြင်းမရှိပေ။
အဖွဲ့က ဆက်လက် ခုခံနေကြပြီး ဘယ်သူမှ မသေဆုံးသေးခြင်းက ဒီရက်ပိုင်းအတွင်းမှာ တစ်ခုတည်းသော သတင်းကောင်းဖြစ်ပုံရ၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ… မျက်စိတစ်မှိတ်အတွင်းမှာပင် ပဉ္စမနေ့ နေ့လည်ခင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ရှေးဟောင်းအိမ်ကြီးထဲသို့ ဝင်ရောက်လာသော တစ္ဆေအရေအတွက်က လျော့နည်းလာသည်။လူတိုင်းလက်ထဲက ဆန်ကလည်း ကုန်ခါနီးနေပြီဖြစ်သည်။
မှောင်မိုက်အေးစက်နေသော ရှေးဟောင်းအိမ်ကြီးထဲတွင် မရေမရာ ကြောက်မက်ဖွယ်ရာ ပုံရိပ်အကြမ်းတစ်ခုပြီးတစ်ခုက စုပြုံနေပြီး ဒီနေရာမှာရှိတဲ့ လူတိုင်းကို ဝါးမျိုတော့မည့်အလား ခံစားနေရသည်။။
သို့သော် ဒီမရေမရာ တစ္ဆေကြမ်းပုံရိပ်တွေက ရှေးဟောင်းအိမ်ကြီးထဲက သက်ရှိတွေကို နှောင့်ယှက်နိုင်ခြင်းမရှိပေ။
သူတို့က တခြားကမ္ဘာတစ်ခုမှာ ရှိနေသကဲ့သို့၊ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်သွယ်လို့မရ။
ဒီအချိန်အတွင်းမှာ၊ ယန်ကျန့်၏ တစ္ဆေအရိပ်က ပြန်လည်ကောင်းမွန်လာပြီး၊ သူ့ရဲ့ဒဏ်ရာတွေကလည်း ပျောက်ကင်းသွားပြီဖြစ်သည်။
သို့သော် ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေသော တစ္ဆေကြမ်းလက်က ယန်ကျန့်၏ အာရုံကို ဖမ်းစားလိုက်သည်။
ဒါက တိုင်းရှီကုလားထိုင်နက်ပေါ်က တစ္ဆေကြမ်းဆီကနေ ခုတ်ဖြတ်ခဲ့တဲ့ လက်ဖြစ်သည်။
လက်တစ်ဖက်တည်းဖြစ်နေပေမယ့်၊ ဒါက တစ္ဆေကြမ်းရဲ့ ပဟေဠိအပိုင်းအစတစ်ခု ဖြစ်နေသေး၏။
အခုချိန်ထိ ဒီလက်ကို တစ္ဆေကြမ်းက ပြန်မသိမ်းယူသေးဘဲ ရှေးဟောင်းအိမ်ကြီးထဲမှာ ချန်ထားရစ်ခဲ့သည်။
"ပြန်သိမ်းထားလိုက်မယ်၊ အသုံးဝင်လာနိုင်တယ်"
ယန်ကျန့်က လမ်းလျှောက်သွားပြီး ဖြတ်တောက်ထားသော လက်ကို ကောက်ယူလိုက်သည်။
သူက သူ့ကိုယ်သူ ပဟေဠိအပိုင်းအစတွေ အများကြီးတပ်ဆင်ပြီး မျှခြေပျက်သွားမှာကို အလွယ်တကူ ဖြစ်စေနိုင်တဲ့အတွက် တစ္ဆေအရိပ်ကိုသုံးပြီး ဒါကို သူ့ကိုယ်မှာ တပ်ဆင်ဖို့ ရည်ရွယ်မထားပေ။
အကောင်းဆုံးနည်းလမ်းက ဒီတစ္ဆေအရာဝတ္ထုကို သဘာဝလွန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
မည်းနက်သော လက်သည်းများပါသည့် ကြောက်မက်ဖွယ် တစ္ဆေကြမ်းလက်က သဘာဝလွန်ရဲ့ ပုံရိပ်တစ်ခုသာ ဖြစ်၏။
ယန်ကျန့်လို ထိပ်တန်းတစ္ဆေဆရာတစ်ယောက်အတွက်တော့ သူက သဘာဝလွန်ရဲ့ ပုံရိပ်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။