တွားသွားပြန်ရခြင်း
Vol. 1 Ch. 13
"ခရမ်းရောင်ရွှေ ခရမ်းရောင်ရွှေ တစ်တေးလ် ငါ တကယ်ကို ခရမ်းရောင်ရွှေ တစ်တေးလ် ရခဲ့ပြီ..."
ကျန်းရီသည် သူအိပ်မက် မက်နေသည်ဟု ခံစားနေရရင်း ကျန်းအိမ်တော် တောင်ပိုင်းရှိ အဂ္ဂိရတ် ဌာနကို ပြန်လာခဲ့သည်။ သူသည် ဝတ်ရုံထဲတွင် သိမ်းထားသော ခရမ်းရောင်ရွှေ သစ်ရွက်လေးကို လူမသိအောင် ထုတ်ကာ ကြည့်လိုက် အကြိမ်ပေါင်း များစွာ ပွတ်သပ် ကြည့်လိုက်ဖြင့် ထုတ်လိုက် သွင်းလိုက်ဖြင့် အပျော်ကြီး ပျော်နေခဲ့သည်။
သူသည် နှစ်ရက်အတွင်း၌ပင် ခရမ်းရောင် ရွှေတစ်တေးလ်ကို တကယ် ရရှိခဲ့လေသည်။ ထို့အပြင် မိန်းကလေးကျီက အနာဂတ်တွင်လည်း သူ့ဆီမှ အခြားသော ဆေးများရှိခဲ့လျှင် ဝယ်ဦးမည် ပြောခဲ့သည်။ သို့ဆိုလျှင် သူသာ အနက်ရောင်ဆေး နှစ်ဆယ့်ခုနစ်လုံးသာ ဖော်စပ် နိုင်ခဲ့ပါလျှင် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် ရကာ သူ့၏အမိန့်ပေး တံဆိပ်ပြားကို ပြန်ရွေးနိုင်မည် မဟုတ်ပါလော။
အနာဂတ်တွင် ပုလဲမှုန် အစည်းအရုံး ဗိမာန်တွင် ရောင်းလို့ရမည် ဖြစ်သော များစွာသော ဆေးအရေအတွက် အကြောင်း တွေးမိသောအခါ ကျန်းရီ၏ကိုယ်သည် တုန်လှုပ်လာသည်။ သူသည် ဆေးဖော်စပ်ရာတွင် အသုံးမကျသော်လည်း အနက်ရောင် အတွင်းအား၏ အစွမ်းကို အားကိုးကာ ဆင်းဆင်းရဲရဲ မနေရတော့ဘဲ ရှောင်နူ နှင့်အတူ တစ်ဘဝလုံး သက်သောင့်သက်သာ နေနိုင်ကာ လူချမ်းသာ တစ်ယောက် ဖြစ်လာနိုင်ပေသည်။
အကြီးအကဲလျှိုသည် ရက်အနည်းငယ် ကြာအောင် ကျိန်းသေပေါက် ဆေးဖော်စပ်နည်းကို စမ်းသပ် နေဦးမှာပင်။ အနက်ရောင် အတွင်းအားကို မထည့်ပေးရင်တော့ သူသည် မြေကမ္ဘာ အဆင့်ဆေးကို ဖော်စပ်နိုင်မှာ မဟုတ် အသုံးမဝင်တဲ့ ဆေးပဲ အများကြီး ပုံလာရုံသာ ရှိမည်။
"အာ ဟုတ်သားပဲ ငါ အနက်ရောင် အတွင်းအားတွေ အကုန် သုံးလိုက်မိပြီ။ နောက် လိုသလို သုံးနိုင်အောင် ပြန်ကျင့်ရမယ်။ ပြီးတော့ မနေ့က ဆေးအပူ ပြန်ပေးရင်း အပြာရောင် အတွင်းအားတွေပါ တော်တော် သုံးမိသွားတယ်။ အဲ့အတွက်လည်း ပြန်ကျင့်ရဦးမယ်"
ကျန်းရီသည် တင်ပျဉ်ချိတ်ကာ တရား မထိုင်ခင် သူ့ စိတ်နှလုံးသားထဲက ပျော်ရွှင်မှုများကို ရှုပ်ထွေးသော အတွေးများ မရှိစေရန် ထိန်းသိမ်းလိုက်သည်။ သူသည် အမည်မဲ့ ကျင့်စဉ်ကို သုံးနာရီ ကျင့်ပြီးနောက် ကျန်းမိသားစု ရေဓာတ် ပညာရပ်ကို ပြောင်းလဲကျင့်ကာ ညမှောင်လာသည်နှင့် ဆေးဖက်ဝင် အရွက်များ စာအုပ်ကို အိမ်သို့ ယူပြန်ကာ ညလုံးပေါက် ဖတ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
အဂ္ဂိရတ် ဌာနတွင် ရေရှည် လုပ်နိုင်ရန်တော့ သူမျှော်လင့်မိသည်။ အကြောင်းမူကား အကြီးအကဲလျှို၏ အမိန့်ကို မနာခံမိမှာကို စိုးရိမ်သောကြောင့်ပင်... မဟုတ်လျှင် သူ့ကံကြမ္မာသည် ကျန်းစုန့်၏ကံကြမ္မာနှင့် အလားတူ ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပေသည်။
ကျန်းရီသည် နှစ်နာရီကြာခန့် လေ့ကျင့်နေစဉ်တွင် ရုတ်တရက် နိုးသွားခဲ့သည်။ သူသည် ခြေသံဖွဖွ တစ်ခုကြောင့် နိုးသွားခဲ့ခြင်း ဖြစ်သည်။
တံခါးဝတွင် ရပ်နေသော ပုံရိပ်သည် အခန်းတွင်းသို့ ချောင်းကြည့်ခဲ့သည်။ ကျန်းရီတစ်ဦးသာ ရှိမှန်း တွေ့သောအခါမှ သက်ပြင်းရှည် ချကာ အခန်းတွင်းသို့ ခြေသံဖွဖွဖြင့် ဝင်လာခဲ့သည်။
ကျန်းစုန့်ပါလား... သူဒီမှာ ဘာလုပ်နေတာပါလိမ့်။
ကျန်းရီသည် မတ်တတ်ရပ်ကာ ကျန်းစုန့်ကို နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ကျန်းစုန့်က တိတ်တိတ်နေရန် လက်ဖြင့် အချက်ပြလိုက်ပြီး သူ့အနားသို့ ဖြည်းဖြည်း ကပ်လာခဲ့သည်။
"ကျန်းရီ... မင်း အဂ္ဂိရတ် ဌာနမှာ ဘာလုပ်နေတာလဲ အကြီးအကဲရော အထဲမှာရှိလား"
ဟူ၍ ကျန်းစုန့် မှ လေသံတိုးတိုးဖြင့် မေးလာခဲ့သည်။
အဂ္ဂိရတ်ဖိုတွင် သူများ၏ လက်ထောက်နေရာကို စိတ်ထဲမပါ၍ ယူလိုက်ရသော်လည်း အနည်းငယ်တော့ ရှက်မိသလို ခံစားလိုက်ရသည်။
"အကြီးအကဲမရှိဘူး" ကျန်းရီ ပြန်ဖြေလိုက်သည်။
"အမ်... မနေ့က မင်းထွက်သွားတော့ ငါလည်း မင်းနဲ့ အတူ လိုက်ထွက်မလို့ ဒါပေမဲ့ အကြီးအကဲလျှိုက သူကို ဆက် ကူညီပေးရင်း ဒီမှာ လုပ်ဖို့ ပြောခဲ့တယ်"
"ဘာ "
ကျန်းစုန့်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကာ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ၊ ဒေါသများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သူသည် တစ်နေ့က အကြီးအကဲလျှိုထံမှ ပါးကို အရိုက်ခံခဲ့ရသည့် အပြင် အိမ်ရောက်၍ ဖခင်ဖြစ်သူအား ပြောပြသော အခါတွင်လည်း ဖခင်ထံမှ ထပ်မံ ရိုက်နှက်ခြင်း ခံခဲ့ရပြန်သည်။ ထိုနေ့က ဖခင်ဖြစ်သူမှ အကြီးအကဲလျှိုကို ခွင့်လွှတ်မှု တောင်းခံကာ အဂ္ဂိရတ်ဌာနတွင် ဆက်လက် အလုပ်လုပ်ခွင့် ပြုရန် ညှိနှိုင်းရန်အတွက် ချက်ချင်း စေလွှတ်ခဲ့သည်။
ကျန်းစုန့်သည် ဒုတိယတန်းစား မျိုးနွယ်မှ ဆင်းသက်လာသူလည်း ဖြစ်သည်။ သူ့တွင် ပါရမီ မရှိခဲ့သည့်အပြင် သူ့၏ မူရင်း သဘာဝ အကျင့်စရိုက်အရ အလွန်ပင် ပျင်းရိသောသူ ဖြစ်သည်။ ထို့ကြောင့် သူ၏သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယ အဆင့်၌သာ ရှိသည်။ သူ့အဖေမှ အကြီးအကဲ လျှိုထံ အကြိမ်ကြိမ် တောင်းဆိုပြီးမှသာ ထိုနေရာတွင် အလုပ်လုပ်ရန် စီစဉ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖခင်၏ အဓိက ရည်ရွယ်ချက်မှာ ဆေးဖော်စပ်ခြင်းကို သင်ယူစေကာ အနာဂတ်တွင် ရှာဖွေ စားသောက်နိုင်စေရန် ဖြစ်သည်။
ကျန်းစုန့်သည် ဖခင်ထံမှ ရိုက်နှက်ခြင်း ခံရပြီးနောက် အချိန်အတော်ကြာ ဆူပူခံခဲ့ရသည်။ ထို့အပြင် သူသည် ကိစ္စများ ဖြစ်ပျက်ပြီးနောက် နောင်တ ရသလို ခံစားခဲ့ရသည်။ အနည်းဆုံးတော့ ဒီနေရာတွင် အလုပ်လုပ်ရသည်မှာ ဆေးများ ပုံမှန်ထုတ်နိုင်ပြီး အပြင်တွင် ပြန်ရောင်း၍ ရခဲ့သည်။ ထိုနေ့က အတော်အတန် စဉ်းစားပြီးနောက် သူသည် အရေထူကာ အကြီးအကဲ လျှိုကို ဒူးပဲ ထောက်ရ ထောက်ရ ရအောင် တောင်းပန်မည်ဟု ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ရောက်သွားချိန်တွင် ခုလို စိတ်ဓာတ်ကျဖွယ်ရာ သတင်းကို ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြီးအကဲလျှိုသာ ကျန်းရီကို ဆက်နေခွင့်ပေးခဲ့လျှင် သူ့အတွက် အခွင့်အရေး ရှိနိုင်မည်မဟုတ်…။
သူသည် ဆေးများ ထပ်မဖော်စပ်သည်ကို တွေးမိရင်း ငွေမရှာနိုင်တော့မည်ကိုပါ တွေးမိလေသည်။ ပို၍ ဆိုးသည်ကား သတင်းကို ကြားခဲ့လျှင် ထွက်ပေါ်လာမည့် ဖခင်၏ အမျက်ကြောင့် သူ ဒုက္ခရောက်မည်မှာ ကျိန်းသေပင်။ ကျန်းစုန့်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်လာခဲ့သည်။ ထိုအချိန်တွင် သူသည် စိတ်ပူပန်ရမည်လား ဒေါသ ထွက်ရမည်လား ဝေခွဲမရ ဖြစ်နေခဲ့သည်။
ကျန်းစုန့်၏ အခြေအနေကို မြင်သောအခါ ကျန်းရီသည် ဖျောင်းဖျရန် ကြိုးစားခဲ့သည်။
"ငါ တောင်းပန်ပါတယ် ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး..."
"မရည်ရွယ်ခဲ့ဘူး"
ကျန်းစုန့်သည် ကျန်းရီ၏ မျက်နှာကို လှည့်ကြည့်ပြီး ချက်ချင်း ဒေါသမီးပုံ ကျတော့သည်။ ကျန်းရီ၏ မျက်လုံးကို လက်ညှိုးဖြင့် တည့်တည့်ထိုးရင်း ဒေါသကြီးစွာ အော်ဟစ် ပြောဆိုလိုက်သည်။
"ဒါမင်းရည်ရွယ်ချက်ရှိရှိ တမင် လုပ်လိုက်တာ…ဟုတ်တယ် မနေ့က ငါ အိမ်သာထဲမှာ ရှိနေတုန်းက သူဒီနေရာမှာ ရှိနေခဲ့တယ် အကြီးအကဲကို သွားပြီး ကုန်းချောလိုက်တာ မင်းပဲ ဖြစ်မယ်... အဲတာကြောင့် သူ့စိတ်ဆိုးသွားတာ... ကျန်းရီ... မင်းက အတော် ယုတ်မာတဲ့ကောင်... မင်းလို ရိုးသားပြီး ယုံကြည်ရတဲ့ လူတစ်ယောက်က ခုလို ကောက်ကျစ်တဲ့ လူစားမျိုးလို့ မထင်ထားမိခဲ့ဘူး... "
"... "
ကျန်းရီသည် ပြောစရာ စကားပင် မရှိအောင် ဖြစ်သွားခဲ့သည်။ ကျန်းစုန့် ကိုယ်တိုင်ကပင် လူပျင်းတစ်ယောက် ဖြစ်၍ အကြီးအကဲလျှိုက အခွင့်အရေး မပေးချင်တော့ခြင်း ဖြစ်သည်။ ဒီအချက်သည် သူနှင့် လုံးဝ မသက်ဆိုင်ပေ... အကယ်၍... သူသာ လက်ထောက်နေရာကို တာဝန်မယူခဲ့လျှင် အခြားသော သူများလည်း နေရာကို ရကောင်း ရသွားနိုင်သည်...။
ကျန်းစုန့်နှင့် ပြဿနာကို မငြင်းခုံချင်တော့သဖြင့် လှည့်ထွက်ကာ အခန်းအတွင်း ဘက်သို့ လျှောက်သွားကာ အေးစက်စွာ ပြောလိုက်သည်...
"ကျန်းစုန့်... မင်း ပြန်သွားလိုက်တော့ ...ငါမင်းနဲ့ ရန်မဖြစ်ချင်ဖူး... ...ငါမင်းရဲ့ နောက်ကွယ်မှာ ကောက်ကျစ်ပါတယ်လို့ ထင်နေသေးရင် စည်းကမ်း ထိန်းသိမ်းရေးမှာ ငါ့ကို သွားတိုင်လို့ရတယ်"
"ကောင်းပါပြီ မင်းက ဒီမှာ စလုပ်တာ တစ်ရက်ပဲ ရှိသေးတယ် ကိုယ့်ကို ကာကွယ်တတ်နေပြီပေါ့"
ကျန်းစုန့်၏ တစ်ကိုယ်လုံး ဒေါသများဖြင့် တုန်ယင်နေခဲ့သည်။ သူ့မျက်နှာရှိ ကြွက်သားများပင် လှုပ်ခါနေသည်။ သူ့မျက်လုံးတွင် ရက်စက်မှု ပုံရိပ်ကို ဖျတ်ခနဲ တွေ့လိုက်ရသည်။
"အကြီးအကဲလျှို မင်း ဒုတ္ခိတဖြစ်ရင် မင်းကို ဘယ်မှာ သုံးလို့မလဲ ဆိုတာ ကြည့်ကြတာပေါ့"
ဟု အော်ပြောလာခဲ့သည်။
"ဟင်း...အဲချိန်ကျရင် ငါ့အဖေကို အကြီးအကဲလျှို ဆီမှာ ထပ်ပြီး တောင်းဆိုခိုင်းမယ်... အဲဒီနေရာက ငါ့နေရာပဲ ပြန်ဖြစ်လာမှာပဲ"
စကား ပြောပြီးပြီးချင်းမှာပဲ ရက်စက်မှုများ မျက်လုံး အစုံမှ တဖျတ်ဖျတ် တောက်ရင်း အော်လိုက်သည်...။
"သဲနက်ကွင်းနီ လက်ဝါး"
သူ့၏ လက်နှစ်ဖက်စလုံးမှ အနက်ရောင် အပြားများသည် ထွက်လာကာ ကျန်းရီနောက်ကြောသို့ ဦးတည်လာသည်။
ကျန်းရီသည် နောက်မှ လေသံကို ကြားလိုက်သဖြင့် ရုတ်တရက် လှည့်လိုက်သည်။ ထိုအချိန် အတွင်းမှာပဲ ကျန်းရီ ထိန်းချူပ် မရအောင် ဒေါသ ထွက်သွားခဲ့သည်။ ဒီလောက် နှစ်တွေ အများကြီး ကျန်း မိသားစုထဲမှာ သူ့ရဲ့ ထူးခြားတဲ့ ပါရမီကြောင့် လေးစားခံခဲ့ရတုန်းက ကျန်းမိသားစု ကျင့်သော သိုင်းအားလုံးကို မြင်ဖူးခဲ့ရသည်။ ထိုကြောင့် ကျန်းစုန့် သုံးလိုက်သော သိုင်းကို တစ်ချက် ကြည့်ရုံဖြင့် သတိထားမိလိုက်သည်။
သဲနက်ကွင်း နီလက်ဝါး
ဤသိုင်းကွက်သည် သဲနက်တွင် မြှုပ်ထားသော ခေါင်းမှ အမြီးထိ အနီကွင်းများ ရှိသော သန္တာမြွေကို အဓိက ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းအဖြစ် သုံးသည်။ ထို သိုင်းကွက်ဖြင့် တိုက်ခိုက်ခံရသူသည် သန္တာမြွေ အကိုက်ခံရသကဲ့သို့ သွေးလည်ပတ်မှု နှေးကွေးလာပြီး သူတို့၏ခန္ဓာကိုယ်သည် သံမဏိ ကျည်ဆန်ဖြင့် ဖောက်ထွင်းခံရသလို ယိုယွင်းလာမည် ဖြစ်သည်။ ဒါက ချက်ချင်း လုပ်ယူလို့ရတဲ့ လူလုပ် အလယ်အလတ် အဆင့် တိုက်ကွက်တစ်ခု ဖြစ်တယ်။
ဒီတိုက်ကွက်သည် အရမ်းကို ရက်စက်သော တိုက်ကွက် တစ်ခုပင်။ တိုက်ခိုက်ခံရသူသည် အချိန်မှီ မကုသနိုင်လျှင် ကံကောင်းလျှင် ဒုတ္ခိတ ဖြစ်လျှင်ဖြစ် မဖြစ်၍ ဒဏ်ရာ ပြင်းထန်ခဲ့လျှင် သေသွားရန်သာ ရှိသည်။ ဤသိုင်းသည် ကျင့်ရန် လွယ်ကူသော်ငြားလည်း ကျန်း မိသားစုမှ မောက်မာသော သခင်လေးများသည် ကျင့်ရန်ပင် နိမ့်ကျလွန်းသည်ဟု ဆိုကြသည်။ ဒီသိုင်းကို ကျန်းစုန့် ဘာမဟုတ်တဲ့ ကိစ္စအတွက် အားကုန် သုံးလိုက်သည်မှာ ကျန်းရီကို တကယ်ပင် ဒုတ္ခိတ ဖြစ်စေချင်သည်လော... ကျန်းရီ၏ အသက်ကို တိုက်ရိုက် နုတ်ယူချင်၍လော
"အနက်ရောင် အတွင်းအား"
ကျန်းရီ လျင်မြန်စွာ အနက်ရောင် အတွင်းအား မျှင်တစ်ခုကို စုစည်းလိုက်ပြီး ဘယ်ဘက် မျက်လုံးဆီသို့ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကျန်းစုန့်လို သဏ္ဌာန် သုံးဆင့် အသွင် ပြောင်းခြင်း ဒုတိယ အဆင့်သာ ရှိသော မျိုးရိုးနိမ့်သော ကောင်ကို အနိုင်တိုက်ရန် အနက်ရောင် အတွင်းအား သုံး၍ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်နေရသည်မှာ မတန်ဟု တွေးလိုက်သည်။ သူ့၏ စွမ်းအားကို ကြီးစွာ မြှင့်တင်နိုင်သည်ကို လူအများကြီး မသိစေချင်သည်မှာ အမှန်ပင်…။ သိုင်းပညာ ကျွမ်းကျင်မှုချင်း ယှဉ်လျှင် ကျန်းစုန့်၏အဆင့်သည် သူ့ထက်ပင် ဆိုးဝါးနေပေသည်။
"ဝီ"
ကျန်းရီ၏ ဘယ်ဘက်မျက်လုံး အနက်ရောင် တောက်ပသွားခဲ့သည်။ လောကကြီးသည်လည်း သူ့မျက်လုံး အောက်တွင် ပြောင်းလဲသွားခဲ့သည်။ ကျန်းစုန့်၏ မြန်ဆန်လှသော လက်ဝါး နှစ်ဖက်သည်လည်း နှေးကွေးသွားခဲ့သည်... ။
ပိုးလက်ဝါး…။
သူသည် လျင်မြန်စွာ တစ်ဖက်သို့ လှည့်လိုက်သည်။ နောက်သို့ ဆုတ်ခြင်း မဟုတ်ဘဲ ရှေ့ကိုသာ တိုးနေခဲ့သည်။ ခြေထောက် နှစ်ဖက်စလုံးသည် ရှေ့ဘက်သို့ ဦးတည်ရင်း ရှေ့သို့ လျှောထွက် သွားသည်။ ပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ ပြန်လှန်ရင်း လက်နှစ်ဖက်သည် ကျန်းစုန့်၏ လက်နှစ်ဖက်ရှိရာသို့ ရွေ့လျားကာ လက်များကို ရေညိပင်ကဲ့သို့ ရစ်နှောင် သွားသည်။ သူသည် အနက်ရောင် အတွင်းအား၏ အကူအညီဖြင့် ရန်သူ့ တိုက်ကွက်၏ လမ်းကြောင်း အမြန်နှုန်းကို သိနိုင်ပြီး ဤအချက်ကို အသုံးပြုကာ ရှောင်ရန် ပြန်လည် တိုက်ခိုက်ရန်ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။
"ဟင့်"
ကျန်းစုန့် အံ့သြသွားသော်လည်း စိတ်ရှုပ် မသွားခဲ့ပေ။ သူမြင်သည်မှာ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်သာ ရှိသည်။ အတိတ်တွင် သိုင်းပညာ ဘယ်လောက်ပဲ ထူးချွန်ခဲ့ပါစေ သူ့ပြိုင်ဘက် မဟုတ်ပေ။ သူသည် ကျန်းရီထက် အဆင့်တစ်ဆင့် မြင့်သည်။ နှစ်ယောက်စလုံး၏ တုံ့ပြန်မှုနှုန်း တိုက်ခိုက်မှုနှုန်း ခွန်အားတို့ ကွာခြား လွန်းနေသည်။
ငါဘယ်လိုလုပ် ရုန်းနိုင်မှာလဲ ကျန်းစုန့်သည် အေးစက်စွာ ရယ်လိုက်ပြီ လက်ရှိ အခြေအနေကို သတိ မထားနိုင်တော့ချေ... အတွင်းအားကို ကျန်းရီ၏ ပေါင်ကြားကို ရုတ်တရက် မတိုင်ခင် ဒူးခေါင်းတွင် စုစည်းနေသည်။
ကျန်းစုန့် တွေးခဲ့သည်မှာ မမှားပေ။ သို့သော်လည်း သူမသိခဲ့သည်မှာ ကျန်းရီ၏ ဘယ်ဘက် မျက်လုံးသည် လွန်ကဲစွာ ကောင်းမွန်သော အမြင်အာရုံ ရှိနေသည်ကိုပင် ဖြစ်သည်။ထို့ကြောင့် ကျန်းရီသည် သူ့၏လှုပ်ရှားမှု အကုန်လုံးကို မြင်နေပြီး ဖြစ်သည်။ သူ မလှုပ်ခင်ကပင် ကျန်းရီသည် အကုန် ခန့်မှန်းပြီးသား ဖြစ်သည်။ စွမ်းအားနှင့် တိုက်ခိုက်နှုန်းတွင် ကွာခြားမှု ရှိလင့်ကစား ကျန်းရီ၏ တုံ့ပြန်နှုန်းသည် သူ့ထက် မြန်ဆန်ခဲ့သည်။
မြွေကျာပွတ် ခြေထောက်
ကျန်းရီ၏ ညာခြေထောက်သည် အစကတည်း ထုတ်လွှတ်ပြီး ဖြစ်သည်။ ကျန်းစုန့်၏ အောက်မှ ကန်လိုက်သော ခြေထောက်ကို တားဆီးရန် အဆိပ်ရှိသော မြွေသကဲ့သို့ ပျံလွှားသွားသည်။
ခြေထောက်ချင်း ရိုက်ခတ်သံများကို တစ်ခုပြီး တစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ၏ ညာခြေထောက်သည် အဆိပ်ရှိသော မြွေကဲ့သို့ ကျန်းစုန့်၏ခြေထောက်ကို မွှေ့ကန်နေခဲ့သည်။ ကျန်းရီ ဒီလောက် မြန်ဆန်စွာ တုံ့ပြန်နိုင်မည်ဟု ကျန်းစုန့် ဘယ်လိုမှ မထင်ခဲ့ပေ...သူသတိထားမိသည့် အချိန်တွင် သူ့ခြေထောက်အား သုံးချက် ထိပြီးသွားပြီ ဖြစ်သည်။ ဒဏ်ရာမှ နာကျင်မှုကို ခံစားမိသဖြင့် တစ်ခုခု မှားနေပြီ ဟုတွေး၍ နောက်သို့ ဆုတ်ကာ တိုက်ကွက်ကို အရင်ရှောင်ပြီး တန်ပြန် တိုက်ခိုက်ရန် ညာခြေထောက်ကို နောက်သို့ ဆုတ်လိုက်သည်။
သို့ပေမဲ့…
သူ့လက်များသည် ကျန်းရီ၏ ပိုးလက်တွင် တွယ်ငြိနေသည် မေ့သွားခဲ့သည်... နောက်ကို ခြေလှမ်း ဆုတ်ရန် ကြိုးစားကြည့်သော်လည်း လက်များ တွယ်ငြိနေဆဲပင်။ နောက်သို့ ဆုတ်ရန် ကြိုးစားမှုသည် ဟန်ချက် မညီဖြစ်ကာ ကျန်းစုန့်အား လဲကျသွားစေခဲ့သည်။ ထိုအချိန်တွင် ကျန်းစုန့်၏ စိတ်များ လုံးဝရှုပ်ထွေးသွားသည်။
ကျန်းရီ၏ အမူအရာသည် ဆုံးဖြတ်ပြီးသည့်ပုံ ဖြစ်သွားသည်။ သူ့ခြေထောက်များသည် ကျန်းစုန့်၏ ညာခြေထောက် အထူးသဖြင့် အောက်ပိုင်းကို အဆက်မပြတ် လျှပ်စီးသကဲ့သို့ ကန်နေခဲ့ သည်။
"ဂျွတ်"
"အား"
ကျန်းရီ၏ ခြောက်ချက်မြောက် ကန်ချက်တွင် ကျန်းစုန့် ခြေထောက်မှ အရိုးကျိုးသံ ထွက်ပေါ်လာခဲ့သည်။ ကျန်းစုန့်၏ နာကျင်စွာ အော်သံက ကပ်လိုက်လာခဲ့သည်။ ကျန်းစုန့်၏ ခန္ဓာကိုယ် အလေးချိန်ကို မသယ်နိုင်တော့သဖြင့် ကျန်းရီသည် ကြမ်းပြင်ပေါ်သို့ ပစ်လှဲ လိုက်သည်။ သူသည် ညာဘက် ခြေထောက်ကိုင်၍ ခါးသီးသော နာကျင်မှုကို မြည်တမ်းနေခဲ့သည်။
ဒီတစ်ခါတွင်တော့ ကျန်းရီသည် လဲနေသော ရန်သူကို ဆက်၍မထိုးနှက်ပဲ ကျန်းစုန့်၏လက်ကို လွှတ်ကာ မနားတမ်း နာကျင်စွာ အော်နေသည်ကို အေးစက်စွာ ကြည့်ခဲ့သည်။ကျန်းရီရဲ့နှလုံးသားတွင် စာနာမှုကို မခံစားခဲ့ရပေ။ အနက်ရောင် အတွင်းအားသာ မရှိခဲ့လျှင် ဒီနေ့ ထိုနေရာတွင် လဲကာ နာကျင်မှုဖြင့် အော်မြည်နေရမည်မှာ သူပင်ဖြစ်သည်။ လောကကြီးသည် ရက်စက်လွန်းလှပေသည်။ စွမ်းအား မရှိသူတို့သည် အနိုင်ကျင့် အရှက်ခွဲ ခံရလေသည်သာ…။
ကျန်းစုန့်သည် အချိန်အတော်ကြာ မြည်တမ်းခဲ့ပြီးနောက် လဲနေရာမှ အနိုင်နိုင် ထလာခဲ့သည်။ သူ့နဖူးသည် အေးစက်သော ချွေးစက်များဖြင့် ရွှဲနေသည်။ သူ့မျက်နှာသည် တုန်လှုပ်သွားပြီး မျက်လုံးများတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
အခုတောင်မှ ကျန်းရီလို သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်သာရှိပြီး အသုံးမဝင်တဲ့သူက သူ့ကို အနိုင်ယူသွားသည်ကို မယုံနိုင်ဖြစ်နေသည်။
ဘယ်လိုပင် ဖြစ်ဖြစ် သူသည် ဉာဏ်တော့ ကောင်းသည်။ အခုချိန်ထွက်သွားဖို့ ပိုအရေးကြီးသည်။ မဟုတ်လျှင် သူဒဏ်ရာများ ပိုဆိုးလာနိုင်သည်။ သူသည် ခြေထောက် တစ်ဖက်ကို အကူပြုကာ ခက်ခက်ခဲခဲ ထွက်ပြေးလာသည်။
တံခါးဝနား ရောက်၍ နောက်က ကျန်းရီ လိုက်မလာသည်ကို တွေ့သောအခါ အံ့ကြိတ်လျက် အငြိုးဖြင့် ပြောလိုက်သည်။
"ကျန်းရီ... မင်းငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့ မင်းတော့ သေပြီ... ငါအကို ဟူကို ပြောပြီး မင်းကို သေအောင် ရိုက်ခိုင်းမယ်... .မင်းသတ္တိရှိရင် အဓိက ခြံဝန်းထဲကနေ ထွက်သွားဖို့ မစဉ်းစားနဲ့ "
"သုံး ထိ ရေပြီးလို့ မင်း ထွက်မသွားသေးရင် လေးဘက်ထောက် ပြန်ဖို့ ပြင်ထား"
ကျန်းရီသည် မလှုပ်မယှက်ပင် ကျန်းစုန့်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ကျန်းစုန့်သည်လည်း မျက်နှာ အခြေအနေ ပြောင်းကာ ကျန်းရီ စမရေခင်မှာ ပင်လျှင် ဘယ်ဘက် ခြေထောက်နှင့် နံရံကို အားပြု၍ ခုန်ဆွခုန်ဆွ ထွက်ပြေးသွားသည်။ စက္ကန့်၃၀ အကြာတွင် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျန်းစုန့် နောက်သို့ မလိုက်ခဲ့ခြင်းမှာ ဤနေရာသည် အဓိက ခြံဝန်းဖြစ်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ရန်ပွဲအကြောင်းကို သိခဲ့လျှင် နှစ်ယောက်စလုံး အပြစ်ပေးခံရနိုင်သည်။ ကျန်းမိသားစုသည် မိသားစုဝင် အချင်းချင်း ရန်ပွဲများကို တိတ်တဆိတ်တွင် သည်းခံသော်လည်း အပေါ်ယံတွင် မိသားစု စည်းကမ်း၏ လုပ်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းရသေးသည်။
ကျန်းစုန့် လုံးဝ ပျောက်ကွယ် သွားတော့မှသာ ကျန်းရီ စိတ်အေးနိုင်တော့သည်။ သို့ပေမဲ့လည်း သူ့မျက်လုံးတွင် စိုးရိမ်စိတ်တော့ ထင်ဟပ်နေသည်။
ကျန်းစုန့် ပြောခဲ့သော အကို ဟူဆိုသည်မှာ ကျန်းရုဟူ ပင်ဖြစ်သည်။ သူသည် ဒုတိယတန်းစား မျိုးနွယ် မိသားစုမှ ခေါင်းဆောင်ဖြစ်သည်။ ကျန်းရုဟူ၏ ဖခင်မှာ ကျန်းဟန်ရွှေ ဖြစ်ပြီး မိသားစု အတွင်းရေး ပြဿနာ ဖြေရှင်းရေး ဌာနမှ အဓိက ကြီးကြပ်သူဖြစ်သည်။
သူ့တွင် ကျန်းရူလောင်ဟု ခေါ်သော အကို တစ်ယောက်လည်း ရှိသည်။ သူသည် မိသားစု၏ အငယ်ဆုံး မျိုးဆက်ထဲတွင် ဒုတိယ စွမ်းအား အမြင့်ဆုံးအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပြီးသူ့သည် ကျန်းမိသားစု ၏ သခင်လေး ကျန်းဟန်ရွှေ လက်အောက်တွင် ဖြစ်သည်။ ဤကဲ့သို့ အဖေနှင့်အစ်ကို၏ ကာကွယ်ခြင်းကို ခံရသည်အပြင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထ အဆင့် ဖြစ်သဖြင့် ကျန်းရူဟူသည် အာဏာရှိပြီး လေးစားခံရသည့် အပြင် လူသိများသည့် နေရာကို ရထားသောကြောင့် များစွာသော ကျန်းမိသားစုမှ ဒုတိယတန်းစား မိသားစု မျိုးနွယ်ဝင်များ ဖြစ်သော ကျန်းပေါင်နှင့် ကျန်းစုန့် ကဲ့သို့သော သူများသည် သူ့ ဦးဆောင်မှုနောက် လိုက်ကြသည်။
လွန်ခဲ့သည့် နှစ်ရက်ကပင် ကျန်းပေါင်ကို အနိုင်ယူခဲ့သည်။ ယခုတွင် ကျန်းစုန့်ကို ကန်ခဲ့သည်။ သေချာသည်မှာ ကျန်းရူဟူသာ သိရင် အမုန်းတရား အပြည့်နဲ့ တိုက်ခိုက်ရန် လက်ယားနေမည်ပင်။
"ကျန်းရုဟူ…"
ကျန်းရီသည် ခဏတာသာ စွမ်းအားဖြင့် မောက်မာခဲ့ခြင်းသာ ဖြစ်သည်။ ယခုကိစ္စ အပြီးတွင် သူ၏ နှလုံးသားထဲတွင် အနိုင်ကျင့် အရှက်ခွဲ မခံတော့စေရန် အစွမ်းထက်သော စွမ်းရည်များကို ပိုမို လိုချင်လာခဲ့သည်။
သူ့ခေါင်းကို ခါယမ်းရင်း တင်ပျဉ်ခွေ ပြန်ထိုင်ကာ တိုးတီးပြောလိုက်သည်…။
"ဟမ့်... ငါ 'ကျန်း' ရေအသွင် ကျင့်စဉ်ကို အရင် ကျင့်သင့်တယ်... ဒီတစ်ခေါက်မှာတော့ ကျန်းရူဟူနဲ့ သူ့အဖွဲ့တွေ မဖမ်းမိအောင် ဂရုစိုက်ရမယ်။"
"ငါ ပိုက်ဆံ အလုံအလောက် ရတာနဲ့ ငါ့ ကျင့်စဉ်တွေကို အရှိန်မြင့်ပြီး မွန်းမံဖို့ ငါအရည်အသွေးမြင့် ဆေးတွေဝယ်နိုင်ပြီ... ဟီးဟီး... ငါ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်ကို ရောက်ရင် အဲ့စွမ်းအားကို အနက်ရောင် အတွင်းအားနဲ့ ပေါင်းလိုက်မယ်... ကျန်းရူဟူတို့ ပြဿနာ လာရှာကြည့်... .မင်းတို့ကို အစိတ်စိတ် အမွှာအမွှာ ဖြဲပစ်မယ်"
***