← Chapters

ပြဿနာများအား လွှဲပြောင်းပေးခြင်း

Vol. 5 Ch. 57

ပြဿနာများအား လွှဲပြောင်းပေးခြင်း

Vol. 5 Ch. 57

အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “လခွမ်းကွာ … တာအိုခန္ဓာ ဗလာအဆင့်ကနေ အဆင့်၉တဲ့လား … ငါတို့က ကျင့်ကြံခြင်း ဂိမ်းတွေ ဘာတွေ ဆော့နေတာတော့ မဟုတ်လောက်ဘူးမလား …”

အနုမြူနတ်သမီးလေး “ငါ့ရဲ့ ကျင့်ကြံခြင်းအပေါ် အမြင်တွေ အားလုံး လွင့်ပါးကုန်ပါပြီနော် … အရမ်းတွေ ဝမ်းနည်းနေမိပါပြီ … ကောင်းကင်နတ်မိမယ် တည်ငြိမ်ရေ … ကယ်ပါဦး … ရှင့်အကူအညီတွေ လိုအပ်နေပါပြီ …”

ကောင်းကင်နတ်မိမယ် ငြိမ်းချမ်း “မမအနုမြူရေ … ကောင်းကင်နတ်မိမယ် တည်ငြိမ်က အခုနက ပြောထားတာတွေ မြင်ပြီး သွေးအန်လွန်းလို့ မျော့မျော့ပဲ ကျန်တော့တယ် …”

“အနုမြူနတ်သမီးလေး …”

“တာအိုသခင် တောသားလေးနွားကြီး …”

ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “ငါ့သောက်ဘဝကြီးက အွန်လိုင်းဂိမ်း ဆော့နေရသလိုပဲ … အခက်အခဲတွေ အများကြီးကို ရှင်သန်ကျော်ဖြတ်ခဲ့ပြီးမှ လယ်ဗယ် ၈၀ကို ရောက်တယ် … အဲဒီနောက်မှာတော့ မစ္စတာအန်က လယ်ဗယ် ၉၉ နဂါးသတ်ဓားကြီးကိုင်လို့ ငါ့ကိုကြည့်ရယ်နေတာ တွေ့ရတော့တာပဲ …”

သာယာတဲ့ အသံပိုင်ရှင် နတ်သမီးလေး “ဟိဟိ … ငါက ကံကောင်းတာပေါ့ … ငါက အခုလေးတင် အလင်းရဲ့ သွားနှုန်းနီးပါးနဲ့ နှလုံးအားကောင်းဆေး ၉၉လုံး သောက်ထားတယ် … အခုတော့ နေလို့ထိုင်လို့ ကောင်းနေပြီ …”

တာအိုသခင် နဂါးနီ “ငါကတော့ ငါးဆားနယ် ကောင်လိုမျိုး ခံစားနေရပြီ …”

***

ချက်ချင်း ဆိုသလိုပင် ဂရုပ်ထဲရှိ ကျင့်ကြံသူ များစွာသည် လိုင်းပေါ် ရောက်လာကြပြီး သူတို့၏ ရှက်ရွံ့မှုများကို ဖော်ပြကြသဖြင့် အန်လင်းသည်ပင်လျင် အနည်းငယ် တုန်လှုပ်လာမိသည်။

ဂရုပ်ထဲတွင် ပေါ်လာသည့် မက်ဆေ့ချ် များစွာကို မြင်လိုက် ရသည့်အခါတွင် ထျန်းလင်းလင်းသည် အနည်းငယ် စိတ်သက်သာရာ ရလာသည်။

စိတ်ဖိစီးမှုများသည် အခြားသူများနှင့် မျှဝေလိုက်ရသည့် အခါမျိုးတွင် ဝန်ပေါ့သွားစမြဲသာ။

ကျင့်ကြံသူ အနည်းငယ်သာလျှင် သူတို့၏ တာအိုနှလုံးသား အကြိမ်ပေါင်းများစွာ လှုပ်ခါလျက် ရှိနေသည်မှအပ ထိုဖြစ်ရပ်သည် လျင်မြန်စွာပင် မေ့ပျောက် သွားတော့သည်။

***

ကပွဲတစ်ခုလုံးအား လှည့်ပတ် ကြည့်လိုက်သည့် အခါတွင် အန်လင်းသည် လင်းဝူဟွာနှင့် ကောင်းဖုန်းတို့အား တွေ့လိုက်ရသည်။ အတိတ်သည် အတိတ်မှာပဲ ကျန်နေခဲ့မှာ ဖြစ်သည့်အတွက် သူတို့အား အသိအမှတ်ပြုဖို့ရန် မလိုအပ်တော့ဟု ခံစားမိသည်။

ကပွဲသည် မကြာခင်မှာပင် ပြီးဆုံးတော့မည်ကြောင့် အန်လင်းတို့ သုံးဦးသည် သရဖူ ဟိုတယ်သို့ ပြန်ကာ အနားယူတော့သည်။

ထျန်းလင်းလင်း သည်လည်း တစ်ချိန်လုံး လိုက်ပါလာခဲ့ပြီး အန်လင်း၏ ဘေးအခန်းတွင် နေထိုင်လျက်ရှိသည်။

သူမသည် သေမျိုးကမ္ဘာမှ ကျင့်ကြံသူများ၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။ ထို့ကြောင့် အန်လင်းတို့သုံးဦး ထမ်းဆောင်ရမည့် တာဝန်များ ပြီးမြောက်စေရန် အတွက် ပူးပေါင်း ကူညီပေးရမည်မှာ သူမတာဝန် ဖြစ်သည်။

သေမျိုးကမ္ဘာရှိ အခြားသော ကျင့်ကြံသူများ၏ အကူအညီများ လိုအပ်လာသည့် အခါတွင် ဆင့်ခေါ်ချင်ပါက သူမသည် ကူညီကာ စုဆောင်း ပေးနိုင်သည်။

အကယ်၍ ကျင့်ကြံခြင်း အဆင့်မြင့်သည့် ဝါရင့်ကျင့်ကြံ သူများ၏ အကူအညီကို လိုအပ်လျှင်မူ သင့်လျော်သည့် အဖိုးအခများကို ပေးရလိမ့်မည်။

သူတို့သည် ကောင်းကင်ဘုံ ပိုင်နက်နှင့် ဆက်နွယ်ခြင်း မရှိသည့် လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် အခမဲ့ လုပ်အားပေးခြင်းအား မည်သူကမျှ ထုံအစွာ လုပ်ကိုင် ပေးကြလိမ့်မည် မဟုတ်။

သို့ပေမဲ့လည်း ဂရုထဲရှိ အချို့သော ကျင့်ကြံသူများသည် လူထု၏ နှလုံးသားကို ရရှိထားကြသူများ ဖြစ်ပြီး လူထုအကျိုးအတွက် မကောင်းဆိုးဝါးများအား သတ်ဖြတ် သုတ်သင်လေ့ ရှိကြသည်။ ထိုသူများသည်တော့ သူတို့၏ အကူအညီ လိုအပ်မည်ဆိုလျှင် ပျော်ပျော်ကြီး ကူညီကြလိမ့်မည် ဖြစ်သည်။

ပြဿနာမှာ ထိုသူတို့၏ ကျင့်ကြံခြင်း အဆင့်များသည် တသမတ်တည်း မဟုတ်ကြခြင်း၊ ထိုသူများ၏ စိတ်တက်ကြွမှုသည် သူတို့၏ တရားမျှတလိုမှုနှင့် ပရဟိတ စိတ်ဓာတ်များမှ လာခြင်း၊ ထို့ကြောင့် ခေါ်ယူနိုင်မည့် ကျင့်ကြံသူ အရေအတွက်သည် အာမခံချက် မရှိပေ။

အန်လင်းသည် ထိုဂရုပ်မှ ရရှိနိုင်မည့် မဟာမိတ်များအား မဆုံးဖြတ်မီ သူ့အမြင်အား ထည့်သွင်း စဉ်းစားလိုက်သည်။ ထမ်းဆောင်ရမည့် တာဝန်၏ ခက်ခဲမှုကို သုံးသပ်ကြည့်မည် ဆိုလျှင် သူဦးဆောင်ရမည့် အဖွဲ့မှာ သေးငယ်နေလျှင် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်။

သူ၏ ဟိုတယ်ခန်းထဲ တွင်တော့ အန်လင်းသည် မတူညီသည့် ရိုမန့်တစ် အက်ရှင်ကားပေါင်း တစ်ထောင်ခန့်ကို ဒေါင်းလော့ လုပ်ပြီးပြီလည်း ဖြစ်သည်။

အားလုံးပြီးသည့် နောက်တွင်တော့ မောပန်းစွာဖြင့် အိပ်ယာပေါ် လဲလျောင်း လိုက်သည်။

"ဟူး … သူတို့က အရာအားလုံးကို လိုချင်နေကြတော့တာပဲ … တချို့ လူတွေဆိုရင် ရိုမန့်တစ်တဲ့ အက်ရှင် ဇာတ်လမ်းတွေ ဝယ်ခဲ့ဖို့ပါ မှာလိုက်သေးတယ် … တကယ်ပဲ …"

အန်လင်းက သူ့လက်ထဲတွင် ရှိသည့် ဈေးဝယ်စာရင်းအား မနည်းအောင့်အည်း သည်းခံနေရသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ပိုက်ဆံရှာ ရခြင်းသည် လွယ်ကူမှု မရှိဟု ရုတ်တရက် ဆိုသလို နားလည် သဘောပေါက် လိုက်မိသည်။

တချို့သော လူများက မေးပါလိမ့်မယ် … ဘာလို့များ အွန်လိုင်းကနေ မဝယ်ရသလဲလို့ပေါ့ …။

တကယ်တမ်းတွင် အဝတ်အစား ကဲ့သို့သော အရာများအား ဝယ်ယူသည့်အခါ အန်လင်း၏ အထက်တန်းလွှာ လူကြီးမင်းများသည် အွန်လိုင်းမှ ရောင်းချသူများကို မယုံကြည်နိုင်ကြပေ။

ထို့ကြောင့် သူတို့သည် ဆိုင်များ ဖွင့်လှစ်ကာ ရောင်းချသည့် နေရာများတွင် ဝယ်ယူပေးပါရန် အထူးတောင်းဆို လိုက်ကြသည်။ ထို့အပြင် အဝတ်အစားများအား သူတို့လိုချင်သည့် အရောင်များ၊ အရွယ်အစားများကို တိတိကျကျ ဝယ်ယူပေးပါရန် မှာကြား လိုက်ကြသေးသည်။

စက်ပစ္စည်းများနှင့် လက်ဝတ် ရတနာများကိုမူ အန်လင်းသည် ရာနှင့် ထောင်နှင့်ချီကာ လွယ်လင့်တကူပင် ဝယ်ယူနိုင်စွမ်း ရှိသည်။

အကယ်၍သာ အန်လင်းသည် ထိုပစ္စည်းများအား အွန်လိုင်းမှနေ ဝယ်ယူမည် ဆိုပါက ထိုပစ္စည်းများ ရောက်ရှိလာသည်နှင့် စာတိုက်ရုံးသို့ ခေါက်တုံ့ခေါက်ပြန် ပြုလုပ်ရာမှ ခြေထောက်များပင် ချိသွားနိုင်သေးသည်။

ထို့ကြောင့် အရောင်းဆိုင်များသို့ သွားကာ တစ်နေ့တည်းနှင့် တစ်ဆိုင်လုံး သိမ်းကျုံး ဝယ်လိုက်ပြီးနောက် ပစ္စည်းများအား စစ်ဆေးကြည့်ရှု နိုင်ပေသည်။

တိန် တိန် …

ရုတ်တရက်ဆိုသလို သူ့ဖုန်းတွင် မက်ဆေ့ချ် အသစ်ရောက်သည့် အသိပေးချက် ပေါ်လာသည်။

အန်လင်းက ဖုန်းအား ဖွင့်လိုက်ပြီးသည့် နောက်တွင် ထျန်းလင်းလင်းသည် WeChatမှ မက်ဆေ့ချ်တစ်ခု ပို့ထားသည်ကို တွေ့လိုက်ရသည်။

ထန်းလင်းလင်း"ဟျောင့် အတုအယောင်တာအိုသခင် ဘုန်းတော်ကြီး … မနက်ဖြန်အားလား … ငါနဲ့အတူလိုက်ခဲ့ … သရဲဖမ်းကြမယ်လေ …"

"အန်လင်း …”

အေး… သရဲလိုက်ဖမ်းလို့ ဘာရမှာတုန်း …။

အန်လင်းက မနက်ဖြန်တွင်လည်း ရှော့ပင်ထွက်မည်ဟု စဉ်းစား ထားသည်ကြောင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ "အားမနေဘူး … မနက်ဖြန် ရှော့ပင်ထွက်စရာ ရှိတယ် …"

ထျန်းလင်းလင်း "နင်ရှော့ပင်ထွက်တာ ဘယ်လောက်များ ကြာမတဲ့တုန်း … ငါလည်းလိုက်မယ်လေ … ပြီးရင် သရဲသွားဖမ်းကြမယ် …"

အန်လင်းက အနည်းငယ် ရယ်လိုက်ပြီးနောက် "အဟင်း … သေချာရဲ့လား …"

ထျန်းလင်းလင်း "သေချာတာမှ သေချာ သေချာလို့တောင် မြည်နေသေး …"

အန်လင်းက ပြန်မဖြေတော့ဘဲနှင့် ထို့အစား သူ၏ ဈေးဝယ်စာရင်းကိုသာ ဓာတ်ပုံရိုက်ပြီး ထျန်းလင်းလင်း ထံသို့ ပို့လိုက်တော့သည်။

ထျန်းလင်းလင်းသည် ထိုရှည်လျားလှသည့် ဈေးဝယ်စာရင်းအား ကြည့်ပြီးနောက် ထိတ်လန့်လွန်းသဖြင့် တိတ်ဆိတ် သွားတော့သည်။

***

ထျန်းလင်းလင်း "ဒီလိုဆိုရင်ကော … အဲဒီ ဈေးဝယ်တဲ့ကိစ္စ ငါ့ကိုသာ လွှဲပေးလိုက်လေ … ထျန်းယွီ အုပ်စု ဆိုတာကို ကြားဖူးတယ်မလား … ငါ့အဖေက အဲမှာ ဉက္ကဌပဲ … ငါ့အဖေ ဆီကနေ လူတချို့တောင်းပြီးတော့ နင့်အစား ဝယ်ပေးထား လိုက်မယ်လေ … အဲဒီစာရင်းအတိုင်း သေချာ လိုက်ဝယ်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက်လောက်တော့ ကြာမှာပဲ … အဲနှစ်ရက်ကို နင်က ငါနဲ့အတူ သရဲလိုက်ဖမ်းပေးလေ … မကောင်းဘူးလား …"

ထျန်းယွီ အုပ်စုလား …။

အဲဒါက ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းအုပ်စုကြီး ငါးရာထဲက တစ်ခုမလား …။ အန်လင်းက အံ့ဩနေမိသည်။

ထိုအုပ်စုတွင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးရှိသည်။ ရုပ်ရှင်ရိုက်ကူးရေး၊ တေးဂီတ၊ ဖက်ရှင်မဂ္ဂဇင်း၊ အဝတ်အထည် စသည်ဖြင့် …။ ဖျော်ဖြေရေး လောကတွင် ထိပ်တန်းအုပ်စု တစ်ခုဟုလည်း သတ်မှတ်နိုင်သည်။

ထိုကဲ့သို့ နောက်ခံမျိုး ရှိနေသည်ကြောင့် ဈေးဝယ်ယူခြင်း တာဝန်အား သူမကို လွှဲပြောင်းပေးရာတွင် ပြဿနာ မရှိလောက်ပေ။

ထျန်းလင်းလင်း၏ ကမ်းလှမ်းချက်အား သဘောတူရန် ပြင်စဉ်မှာပင် ရုတ်တရက် ဆိုသလို တစ်စုံတစ်ခုအား သတိရလိုက်မိသည်။ သူ့ဖုန်းအား ကောက်ယူ လိုက်ပြီးနောက် သူ၏ ဈေးဝယ်စာရင်းတွင် ပါဝင်သည့် အရာအားလုံးအား ဓာတ်ပုံရိုက်ယူ လိုက်သည်။

အင်း … ယွဲ့တုနဲ့ တခြားလူတွေအတွက် မုန့် … အရုပ်နည်းနည်း … ပြီးတော့ လက်မှုပစ္စည်းနည်းနည်း …

ဈေးဝယ်စာရင်း တစ်ခုလုံးအား ဓာတ်ပုံရိုက်ယူပြီး နောက်တွင် အန်လင်းသည် ထျန်းလင်းလင်းထံသို့ အကုန်လုံး တစ်ပြိုင်နက် ပို့လိုက်သည်။

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် "ကောင်းပြီလေ … ဒီပစ္စည်းတွေကို သေချာလေး ဂရုစိုက်ပြီး ဝယ်ပေးနိုင်တယ် ဆိုရင်တော့ နင်နဲ့အတူ လိုက်ပြီး သရဲဖမ်းပေးမယ်လေ …"

သူမဖုန်းထဲသို့ ပုံတစ်ပုံချင်းဆီ ရောက်ရှိလာပြီး ထျန်းလင်းလင်း မျက်စိရှေ့တွင် ရှည်လျားထွေပြား လှသည့် ဈေးဝယ်စာရင်းကြီး ပေါ်လာတော့သည်။

ထိုဈေးဝယ် စာရင်းတွင် ပါရှိသည့် ပစ္စည်းများ၏ ထူးဆန်းလှသည့် လိုအပ်ချက်များသည် ထျန်းလင်းလင်းအား ဖုန်းထဲမှနေတစ်ဆင့် လှောင်ပြောင် နေသကဲ့သို့ ဖြစ်သည်။

ထျန်းလင်းလင်းသည် သူမ၏ဖုန်းအား တင်းတင်းဆုပ်ကိုင်ကာ မျက်လုံးများ ပြူးလျက် ရှိနေသည်။

အတော်ကြာပြီးသည့် နောက်တွင် သူမသည် သက်ပြင်းရှည်ကြီးအား ချလိုက်ပြီနောက် ခက်ခက်ခဲခဲနှင့် စာလုံးအချို့အား ရိုက်နှိပ် လိုက်ရသည်။

ထျန်းလင်းလင်း "ကောင်းပြီလေ … ငါ့တာဝန်ထားလိုက် …"

အန်လင်းက ထျန်းလင်းလင်း၏ ပြန်စာအား ကြည့်လိုက်ပြီးနောက် ပီတိအပြည့်ဖြင့် 'ကောင်းသောညပါ' ဟု ပို့လိုက်သည်။ ထို့နောက်တွင် သူ့ဖုန်းအား ဘေးတွင် ချထား လိုက်တော့သည်။

"ဟား … ငါက အရမ်းကို တော်လွန်းတာပဲ … အခုတော့ ငါ့ပြဿနာတွေ အားလုံးက ပြေလည်သွားပြီ … နေလို့ထိုင်လို့ ကောင်းလိုက်တာ …"

အန်လင်းသည် ကျေနပ်ပီတိ ဖြစ်စွာဖြင့် မျက်လုံးများကိုမှိတ်ပြီး သူ့ကိုယ်သူ ချီးကျူးကာ ပျော်ရွှင်မြူးထူး လျက်ရှိသည်။

သူသည် ယနေ့ညတော့ နှစ်ခြိုက်စွာဖြင့် အိပ်ပျော်တော့မည်ဟု ခံစားနေရသည်။

***

သူ၏ဘေးခန်းတွင်မူ ထျန်းလင်းလင်းသည် အိပ်ယာပေါ်တွင် ခြေထောက်ကို တင်ပုလ္လင်ခွေကာ ထိုင်လျက် ရှိနေသည်။

သူမ၏ ဖုန်းထဲရှိ ဈေးဝယ်စာရင်းအား ကြည့်ကာ နှုတ်ခမ်းများသည် ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်လျက် ရှိသည်။ အဆုံးတွင် သူမသည် ဒေါသတကြီးဖြင့် "ဒီကောင်က ငါ့ကို အကြပ်ကိုင်ရဲတယ်ပေါ့ … သေချာပေါက် ဒီကိစ္စအတွက် ပြန်ပေးဆပ်ရမယ်မှတ် …"

ဦးဦးလင်းသည် အခြားအလုပ်များနှင့် ရှုပ်နေသည်ကြောင့် အားလပ်ချိန် ရှာမရသည့် အတွက် အန်လင်းလိုမျိုး စက်ဆုပ်ဖွယ် ကောင်းလွန်းသည့် လူတစ်ယောက်နှင့် မဟာမိတ်ဖွဲ့ရခြင်း ဖြစ်သည်။

ထျန်းလင်းလင်း၏ သေးငယ်လှသည့် မျက်နှာလေးသည် စိတ်အနှောင့်အယှက် ဖြစ်မှုဖြင့် ပြည့်နှက်လျက် ရှိနေသည်။ သူမသည် သူမ၏ အိပ်ယာထက်သို့ ငါးဆားနယ် တစ်ကောင်ကဲ့သို့ အားအင်ကုန်ခမ်းစွာဖြင့် ပစ်လှဲချလိုက်တော့သည်။

သူမသည် ယနေ့ညမှာတော့ ကောင်းမွန်စွာ အိပ်စက်နိုင်တော့မည် မဟုတ်ပေ။

***

မကြာမီမှာပင် ကောင်းကင်တွင် နေမင်းသည် အစားထိုး ဝင်ရောက် လာတော့မည် ဖြစ်သည့်အတွက် မနက်ခင်းတစ်ခု အစပြုရန် အရိပ်အယောင်များ ပေါ်ထွက်လာနေပြီ ဖြစ်သည်။

ဒေါက် … ဒေါက် … ဒေါက် …

ထျန်းလင်းလင်းသည် တံခါးအား ခေါက်နေလေသည်။

အန်လင်းသည် တံခါးဖွင့်လိုက်သည့် အခါတွင် ပန်းရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားသည့် ထျန်းလင်းလင်းအား တွေ့လိုက်ရသည်။ သူမ၏ သေးသွယ်သည့် ပုံရိပ်လေးသည် တက်ကြွစွာဖြင့် ရွှန်းရွှန်းဝေလျက် ရှိနေသည်။

"မင်္ဂလာ နံနက်ခင်းပါ အတုအယောင် တာအိုသခင် ဘုန်းတော်ကြီးရေ …" ထျန်းလင်းလင်းသည် သူ့အခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်း ဆိုသလို နှုတ်ခွန်း ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ လိုလီလေးရေ …" အန်လင်းသည်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

ထိုစကားအား ကြားလိုက် ရသည့်အခါတွင် ထျန်းလင်းလင်းသည် နောက်ထပ်တစ်ဖန် ဒေါသထွက်လာ ရပြန်သည်။ အန်လင်းသည် သူမထက် အမြဲခြေတစ်လှမ်း သာလျက် ရှိနေသည်။

သူမသည် အန်လင်းအား ဖိုင်တစ်ခု ကမ်းပေးလိုက်သည်။ ထိုအထဲတွင် သရဲဖမ်းခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သော စာရွက်စာတမ်းများ ပါရှိသည်။

အန်လင်းသည် ဖိုင်အား ဆတ်ခနဲပင် ဖွင့်ကြည့်လိုက်ပြီးနောက် အမှု၏ အခြေခံသဘောအား နားလည်နိုင်စေရန် စာတမ်းများကို ဖတ်ကြည့်လိုက်သည်။

လတ်တလောတွင် ရုံမြို့ရှိ ဟောင်စီရွာ၌ ထူးဆန်းသည့် လူသတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

ထိုအမှု အားလုံးတွင် သေဆုံးသူများသည် အသားအရောင် မွဲခြောက်ကာ မျက်လုံးဟောက်ပက်နှင့် ဖြစ်ပြီး ထိုမျက်တွင်းများမှ သွေးများ ယိုစီးကျလျက် ရှိသည်။ သူတို့၏ မျက်နှာတွင် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေဟန် ရှိပြီး တစ်စုံတစ်ခု၏ ရုတ်တရက် ခြောက်လှန့်မှုအား ခံစားခဲ့ရသည့် အနေအထားဖြစ်ကြောင်း သိသာနေသည်။

ယခုအခါတွင် ထိုအမှု၌ သေဆုံးသူသည် ၁၁ဦးအထိ ရောက်ရှိလာပြီ ဖြစ်သဖြင့် ပြည်နယ် လုံခြုံရေးဌာနမှ ညွန်ကြားရေးမှူး ကျိုးကျန်း ကိုယ်တိုင် အမှုအား စစ်ဆေးနေပြီပဲ ဖြစ်သည်။ သို့ရာတွင် ကျိုးကြောင်း မသင့်သည့် ရှာဖွေတွေ့ရှိချက် များမှအပ အမှု၏ အခြေအနေမှာ တိုးတက်လာခြင်း မရှိချေ။

ကျိုးကြောင်းမသင့်သည့် ရှာဖွေတွေ့ ရှိချက်များထဲတွင် ညအချိန် ရွာထဲ၌ ထူးဆန်းသည့် အသံများအား ကြားရခြင်းနှင့် မကြာခဏဆိုသလို လေထဲတွင် အနက်ရောင်မြူမှုန်များ ရစ်သိုင်းနေတတ်ခြင်းတို့ ပါဝင်သည်။ ထိုထူးဆန်းသည့် ဖြစ်ရပ်များကြောင့် ရွာနေလူထုမှာ အမြဲလိုလို ကြောက်ရွံ့ထိတ်လန့် နေကြရသည်။

ကျိုးကျန်းသည် ယခင်က ထိုအမှုနှင့် အလားသဏ္ဌာန်တူ ဖြစ်ရပ်များအား စုံစမ်း စစ်ဆေးခဲ့ဖူးသည်။ ထိုအမှုသည် သူတတ်နိုင်သည့် အတိုင်းအတာမှ ကျော်လွန် နေသည့်အတွက် ဗဟိုအစိုးရထံသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း အမျိုးသား အထူးစစ်ဆင်းရေး ဌာနသည် လတ်တလောတွင် လူပိုမရှိသည့် အတွက်ကြောင့် ကျိုးကျန်းသည် ဟွားနိုင်ငံ ကျင့်ကြံသူများအဖွဲ့သို့ ကမ်းလှမ်းရတော့သည်။

တာအိုသခင် လုံဟူတောင်မှ တာအိုသခင် လင်းရီနှင့် ထျန်းလင်းလင်း တို့သည် သူ၏ကမ်းလှမ်းချက်အား တုံ့ပြန်ခဲ့ကြသည်။

သို့ပေမဲ့လည်း တိဘက်တွင် ဖြစ်ပေါ်လာသည့် မမျှော်လင့်ထားသည့် ဖြစ်ရပ် တစ်ခုကြောင့် တာအိုသခင် လင်းရီသည် အချိန်အတော်ကြာအောင် အားလပ်မည် မဟုတ်သော်လည်း ထိုအမှုသည် နှောင့်နှေးကြန့်ကြာနေရန် မဖြစ်နိုင်။

ထို့ကြောင့် အချိန်အတော်ကြာ လှည့်ပတ်ရှာဖွေပြီး နောက်တွင် ထျန်းလင်းလင်းနှင့် အန်လင်းတို့သည် ထိုအမှုအား စစ်ဆေးရန် အတွက် အဖွဲ့တစ်ခု ဖွဲ့လိုက်တော့သည်။

စာတမ်းအား ဖတ်ပြီးသည့်နောက်တွင် အန်လင်း တွေးမိသည်မှာ ထိုအမှုသည် တပ်သားအဆင့် သို့မဟုတ် စစ်သူကြီးအဆင့်ရှိ မကောင်းဆိုးဝါးသရဲနှင့် ပတ်သက် နေမည်ဟူ၍ ဖြစ်သည်။ (အရင်အပိုင်းမှာ နယ်ရုပ်လို့ ရေးခဲ့ပါတယ်။ အခု တပ်သားလို့ ပြောင်းလိုက်ပါမယ်။)

ဆိုလိုသည်မှာ တစ်ဖက်ရန်သူသည် တာအိုခန္ဓာ အဆင့် ၅ မှ အဆင့် ၁၀ အတွင်း ရှိနိုင်သည်။

ထိုသည်မှာ အန်လင်းအတွက် သူတတ်နိုင်သည့် အတိုင်းအတာ အတွင်း ရှိနေသည်။ ထို့ကြောင့် စာတမ်းများအား ပြန်လည် သိမ်းဆည်း လိုက်ပြီးနောက် ထျန်းလင်းလင်းကို ပြုံးပြလိုက်သည်။

"အဲဒါက ဟောင်စီရွာမှာမလား … သွားကြတာပေါ့ …"

***

All Chapters