အခန်း (၂၁၁)
Vol. 15 Ch. 211
ချန်းပင်အန်းက တံခါးကို သော့ခတ်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာခဲ့သည်။ နဂါးစီးလမ်းကြားထဲတွင် ရှိနေသော သူ၏မုန့်ဆိုင်သို့ ရောက်လာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက တံခါးပေါက်တွင် တွေဝေမိန်းမောစွာ ထိုင်နေကြောင်း တွေ့လိုက်ရသည်။
ချန်းပင်အန်းကို မြင်သည့်အချိန်တွင် ထိုကောင်လေးက စိတ်ဓာတ်ကျနေသော အမူအရာနှင့် နှုတ်ဆက်လိုက်သည်။
ချန်းပင်အန်းက အတွင်းထဲသို့ ဝင်လိုက်ရာ ထိုင်ခုံတစ်ခုပေါ်တွင် မတ်တပ်ရပ်နေသော ပန်းရောင်ဝတ် ကလေးမလေးကို မြင်လိုက်ရ၏။ သူမ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့၏။ သူမက စားပွဲခုံနောက်တွင် မတ်တပ်ရပ်နေပြီး စာရင်းစာအုပ်ထဲတွင် ရှိနေသော အရေအတွက်များကို ပေသီးနှင့် တွက်ချက်နေခဲ့၏။
သူမ၏လက်ချောင်းလေးများက ပန်းပွင့်တစ်ပွင့်ကို ပျံဝဲနေသော လိပ်ပြာငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ ပေသီး တွက်ချက်သည့် အသံကလည်း တတောက်တောက် မြည်နေပြီး အထူးသဖြင့် အတော်လေးကို လှပသည်။
မြို့ငယ်လေးထဲမှ မိန်းမပျိုများစွာနှင့် အမျိုးသမီးများကလည်း သူမ၏အနားတွင် ရပ်ပြီး အံ့ဩမှင်တက်နေကြသည့်အပြင် လေးစားအားကျနေသည့် အမူအရာမျိုး ရှိနေကြ၏။ ချန်းပင်အန်းကို မြင်သည့်အချိန်တွင် ရိုကျိုးပုံရသော အမျိုးသမီးများနှင့် မိန်းမပျိုများက သူ့ကို ‘ဆိုင်ရှင်ချန်း’ ဟု အပြုံးနှင့် နှုတ်ဆက်လိုက်ကြသည်။
ထိုစကားကို ကြားသည့်အခါ ပန်းရောင်ဝတ် ကလေးမလေးက ပြောလိုက်၏။
“ဆရာ…
ကျွန်မက စာရင်းတွေ တွက်ဖို့အတွက် ဆိုင်မှာ ကူညီပေးနေတာ။ သိပ်မကြာခင် ပြီးတော့မှာပါ…”
ချန်းပင်အန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက စားပွဲခုံနောက်သို့ လျှောက်သွားခဲ့ပြီး သူ့အတွက် စာရွက်နှင့် စုတ်တံ ပြင်ပေးရန် လူတစ်ယောက်ကို ခိုင်းစေလိုက်သည်။ သူက လက်ဆောင်စာရင်းတစ်ခုကို စတင်ရေးသားနေခဲ့၏။ သူ မြို့ငယ်လေးထဲမှ ထွက်သွားသည့်အချိန်တွင် မြို့ငယ်လေးထဲတွင် နေထိုင်သူများနှင့် အိမ်နီးချင်းများကို လက်ဆောင်ပေးရန် ရွမ်ရှို့ကို အကူအညီတောင်းခဲ့သည်။
ချန်းပင်အန်းက ကြွေထည်အလုပ်သမားအဖြစ် နဂါးမီးဖိုကြီးထဲတွင် အလုပ်လုပ်ခဲ့သည့်အချိန်၌ လူတိုင်းဆီမှ စားစရာနှင့် လိုအပ်သည့်အရာများကို အသုံးပြုပြီး ကြီးပြင်းလာခဲ့ရသည်ဟု ဆိုနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် သူက ကုစန့်၏ အိမ်တွင် အခမဲ့ စားစရာများ ရရှိတတ်ပြီး တခြားမိသားစုများဆီမှအဝတ်အစားများကို မကြာခဏ လက်ခံရတတ်သည်။
ချန်းပင်အန်းအတွက်တော့ စားစရာတစ်ခုချင်းဆီတိုင်းနှင့် အဝတ်အစား တစ်ခုချင်းဆီတိုင်းက သနားကြင်နာသော လုပ်ရပ်ဖြစ်ပြီး အသက်ကယ်ပေးသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။
မြို့ငယ်လေးထဲမှ ထွက်သွားသည့်အချိန်တွင် သူသာ အသက်ရှင်နေသရွေ့ သူက နှစ်စဉ်နှစ်တိုင်း ထိုမိသားစုများကို လက်ဆောင်များ ပေးပို့မည်ဟု ရွမ်ရှို့ကို ပြောခဲ့၏။ ထိုလက်ဆောင်များက တန်ကြေးမရှိပေ။ သို့သော် ရွှံ့ပုလင်းလမ်းကြားနှင့် ပတ်ပတ်လည် လမ်းကြားလေးများထဲတွင် နေထိုင်ကြသော မိသားစုငယ်လေးများ အတွက်တော့ သေချာပေါက် ငွေစ (၇)စမှ ငွေစ (၂၀) နီးပါးခန့် တန်ကြေး တန်ကြေး ရှိသည်။
ထိုအချိန်တွင် ဘာကြောင့် သူတို့ကို တစ်ကြိမ်တည်းနှင့် ငွေစများများ မပေးသနည်းဟု ရွမ်ရှို့က သူ့ကို မေးမြန်းခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းက ပို၍ လွယ်ကူရိုးရှင်းနိုင်ပြီး ထိုလူများက သူ့ကို ပို၍ ကျေးဇူးတင်လာနိုင်သည်။
သို့သော် ထိုအရာက အလုပ်မဖြစ်နိုင်ကြောင်း ချန်းပင်အန်းက ပြန်ဖြေခဲ့၏။ သူက အောက်ခြေလူတန်းစား မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက လူသားများ၏သဘာဝနှင့် လောကကြီး၏ သဘာဝကို ကောင်းကောင်းကြီး နားလည်နေခဲ့၏။ သူက ထိုအရာများကို စကားလုံး စကားလုံးသက်သက်နှင့် ပြောပြ၍ မရနိုင်ပေ။
ဥပမာအနေနှင့် ပြောရလျှင် ဆန်စေ့ တစ်စေ့က ကျေးဇူးတင်မှု ရရှိနိုင်သော်လည်း ဆန်တစ်ခွက်ကတော့ မကျေနပ်မှုများသာ ဖြစ်လာစေနိုင်သည်။ တစ်ခါတစ်ရံ အသေးအဖွဲ့ကိစ္စများနှင့် အရေးမပါသောကိစ္စများက တာဝန်သိတတ်သော သားသမီးများ၏ရင်ထဲရှိ စိတ်ကောင်းနှလုံးကောင်းကို ပျက်စီးသွားစေနိုင်သည်။
ထို့ကြောင့် ချန်းပင်အန်းက အကြောင်းပြချက် အသေးအမွှားများကို ရွမ်ရှို့သိအောင် သေချာရှင်းပြခဲ့၏။ မြို့ငယ်လေးထဲတွင် မိသားစုတစ်ခုချင်းဆီ၏ အခြေအနေက လယ်ကွင်းတစ်ခုထဲရှိ အခြေအနေနှင့် နှိုင်းယှဉ်နိုင်သည်။ လူတချို့တွင် ကြီးမားသော လယ်ကွင်းများ ရှိနိုင်သလို တချို့တွင် သေးငယ်သော လယ်ကွင်းများလည်း ရှိသည်။ မိသားစုတချို့ကတော့ ကြွယ်ဝချမ်းသာသော မျိုးဆက်များကို အောင်အောင်မြင်မြင် မွေးထုတ်နိုင်ကြ၏။ သို့သော် မထင်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး မိသားစုတစ်ခုလုံး ပျက်စီးသွားသည့်အဖြစ်မျိုးလည်း ဖြစ်ပေါ်လာတတ်သည်။
ထို့ကြောင့် ချန်းပင်အန်း သူတို့အတွက် စီစဉ်ပေးထားသော လက်ဆောင်များက စားစရာနှင့် အဝတ်အစားများသာ ဖြစ်သည်။ သို့သော် အကယ်၍ မိသားစုတစ်ခုကသာ ငွေကြေးလိုအပ်နေမည်ဆိုလျှင် ထိုလက်ဆောင်များကို ငွေစအဖြစ် ပြောင်းလဲ၍လည်း ရနိုင်သည်။
အဆင်ပြေသော မိသားစုများက ထိုလက်ဆောင်များ ရရှိသည့်အတွက် ဝမ်းသာနိုင်ပါလိမ့်မည်။ ဆင်းရဲနွမ်းပါးသော မိသားစုများကလည်း ထို ထိုလက်ဆောင်များအတွက် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ကြလိမ့်မည်ဖြစ်သည်။ ထိုအရာက ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်၏။ ထိုအရာက လိုအပ်သည့်အချိန်တွင် အကူအညီပေးလိုက်ခြင်း ဖြစ်သည့်အတွက် အချိုပေါ် သကာလောင်းလိုက်သလို ဖြစ်သည်။
သို့သော် ချန်းပင်အန်းက ထိုစည်းမျဉ်းများကိုသာ နားလည်ထားခဲ့၏။ သူက စာဖတ်ပြီး စကားလုံးများကို သင်ယူလာခဲ့ပြီးနောက် ထိုအရာများကလည်း မှန်ကန်နေကြောင်း နားလည်သွားခဲ့ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရွမ်ရှို့က ကျေနပ်စွာ ပြုံးလိုက်မိသည်။ တောင်ပေါ်မှ ကျင့်ကြံရေးကမ္ဘာကြီးကတော့ အပြင်ဘက်တွင် ရှိနေသော လောကကြီးနှင့် အနည်းငယ် ကွဲပြားနေသည်။ ယခုနှစ်လက်ဆောင်စာရင်းကတော့ ယခင်နှစ် လက်ဆောင်စာရင်းထက် ပို၍နည်းသည်။ မည်သို့ဖြစ်စေကာမူ ကျေးဇူးကြွေးဟူသည်မှာ အရေးပါမှုနှင့် တန်ဖိုးပေါ်မူတည်၍ မတူညီသော အဆင့်ကွာဟချက်များ ရှိသည်။
ဥပမာအနေနှင့် ပြောရလျှင် တချို့ပတ်သက်မှုများက သူ့မိဘများနှင့် ပတ်သက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ချန်းပင်အန်းနှင့် သူတို့၏ ကြားထဲတွင် ရှိနေသော ပတ်သက်မှုက အလွန်နိမ့်ကျပြီး ဝေးကွာလှ၏။ အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းက သူတို့အပေါ် ကျေးဇူးတရားများ ခံစားမိခဲ့ခြင်း မရှိချေ။
ထို့ကြောင့် သူက နှစ်စဉ်နှစ်တိုင်း သူတို့ကို လက်ဆောင်ပေးရန် ရက်ရောနေခဲ့ခြင်း မရှိချေ။ သို့သော် အိမ်နီးနားချင်း အကြီးအကဲတချို့နှင့် ပတ်သက်လာလျှင်တော့ ချန်းပင်အန်းက သူတို့နှင့် တိကျသော ပတ်သက်မှုများ မရှိသော်လည်း သူတို့ကို လက်ဆောင်ပေးရန် ရွေးချယ်ခဲ့သည်။
ငွေကြေးဟူသည်မှာ မိုးပေါ်မှ ကျလာခြင်းပေလော။ လက်ဆောင်စာရင်းကို ဆုံးဖြတ်သည့်အချိန်တွင် ချန်းပင်အန်းက ထိုလူများ၏ လက်ရှိကြွယ်ဝချမ်းသာမှုကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိချေ။ ယခု သူက အခွင့်အရေးရှိလျှင် သေချာပေါက် လမ်းခင်း တံတားဖောက်မည်ဟု စဉ်းစားထားခဲ့သည်။
စာရင်းစာအုပ်များနှင့် အလုပ်ပြီးဆုံးသွားသည့်အခါ ပန်းရောင်ဝတ် ကလေးမလေးက မုန့်ဆိုင်၏ ရောင်းချမှုနှင့် စွမ်းဆောင်ရည်များကို စတင်မေးမြန်းနေခဲ့သည်။
ချန်းပင်အန်းကတော့ ထိုစကားဝိုင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ သူက ခဏကြာ စဉ်းစားပြီးနောက် ထိုလက်ဆောင်စာရင်းကို သူမ၏လက်ထဲသို့ ပေးလိုက်ပြီး ထိုပစ္စည်းများကို ဝယ်ယူရန် အလျင်လိုစရာ မလိုသေးကြောင်း ပြောခဲ့သည်။
ပန်းရောင်ဝတ်ကလေးမလေးက လက်ဆောင်စာရင်းကို သေချာလက်ခံလိုက်ပြီးနောက် ထိုတာဝန်ကို သေချာပေါက် ပြီးဆုံးအောင်လုပ်ပေးမည်ဟု သူမ၏ဆရာကို ကတိပေးခဲ့သည်။
ချန်းပင်အန်းက သူမ၏ခေါင်းကို ပုတ်လိုက်ပြီး စိမ်းပြာဝတ်ကောင်လေး၏ဘေးတွင် သွားထိုင်လိုက်၏။
သူ့မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ရှိနေသည်။ သူက ဆက်တိုက် သက်ပြင်းချနေပြီး ကျင့်ကြံရေးကမ္ဘာကြီးက အန္တရာယ်များ ပြည့်နှက်နေကြောင်း တီးတိုးရေရွတ်နေခဲ့သည်။
ထိုအချိန်တွင် ချွေးစစ်ဟုခေါ်သော လူငယ်လေးက နောက်ကျောတွင် အဝတ်ထုပ်နှင့်အတူ မုန့်ဆိုင်သို့ ရောက်လာခဲ့သည်။ သူ့ဆရာက အိမ်တွင် အလုပ်များနေကြောင်း ချန်းပင်အန်းကို ပြောခဲ့၏။ ထို့ကြောင့် သူကိုယ်တိုင် ရောက်မလာနိုင်ကြောင်း ပြောခဲ့သည်။
သို့သော် လီကျိရှန်က သူ့ကို ပစ္စည်းများ လာပို့ခိုင်းထားကြောင်း ပြောခဲ့၏။ တစ်ချိန်တည်းတွင် ချွေးစစ်က သူ့ဆရာ၏ အမှာစကားကိုလည်း ပြောခဲ့သည်။ ချန်းပင်အန်းက ထိုပစ္စည်းများကို လျစ်လျူမရှုသင့်ကြောင်း ပြောခဲ့၏။ သူက ထိုအရာများကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားရန် အရေးကြီးသည်။
စိမ်းပြာဝတ်ကောင်လေးကတော့ ထိုလူငယ်လေးကို ကြိုဆိုနေခြင်း မရှိချေ။ သူက အလွန်မောက်မာသော ချွေးစစ်၏ လေသံကို သတိထားမိသည့်အချိန်တွင် ပို၍ပင် ဒေါသထွက်လာခဲ့သည်။ သူက ချက်ချင်းပင် ခုန်ထပြီး ကျိန်ဆဲလိုက်၏။
“မင်းဆရာနဲ့ ငါ့ဆရာက အဆင့်အတူတူပဲ။ ဒီတော့ မင်းလို စာသင်သား လက်ထောက်တစ်ယောက်က ပိုပြီးတော့ လေးစားမှု ထားသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဆရာက ကံကောင်းမှုတွေ မရတာပဲ ရှိတယ်။ မင်းက ဘာများ မောက်မာနေဖို့ လိုလို့လဲ…”
ချွေးစစ်၏ မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့သည်။
ချန်းပင်အန်းကတော့ အခြေအနေ တည်ငြိမ်သွားစေရန် ဝင်ရောက်ပြောဆိုလိုက်၏။
“ချွေးစစ်…
ငါက သူ့လက်ဆောင်ကို လက်ခံတယ်လို့ မင်း ဆရာကို ပြောလိုက်ပါ။ ငါက သေချာပေါက် ကြိုးစားပြီး အဆောင်တွေကို ဘယ်လိုဆွဲရမလဲဆိုတာ လေ့ကျင့်မယ်..”
ချွေးစစ်က ခပ်တည်တည်နှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက စိမ်းပြာဝတ်ကောင်လေးကို ကြည့်ပြီး နှာခေါင်းရှုံ့၍ အဝေးကို လှည့်ထွက်သွားခဲ့၏။
ပျောက်ကွယ်သွားသော ချွေးစစ်ကို ကြည့်ပြီး စိမ်းပြာဝတ်ကောင်လေးက သူ့နောက်ကျောဘက်မှနေ၍ လက်သီးနှင့်ထိုး ခြေထောက်နှင့် ကန်ခဲ့သည်။ ထိုအရာကို လုပ်ဆောင်ပြီးမှသာ သူလည်း အနည်းငယ်တည်ငြိမ်သွားခဲ့၏။
သူက တံခါးဘောင်တွင် ပြန်ထိုင်ပြီးနောက် စိုးရိမ်နေသော အမူအရာနှင့် ပြောလိုက်သည်။
“ဆရာ..
ဒီမြို့ငယ်လေးက နဂါးအသိုက်နဲ့ ကျားရဲတွင်းတွေလိုပဲ ၊ အန္တရာယ်တွေ ပြည့်နေတယ်။ ဆရာက ဒီနေ့ထိ ဘယ်လိုများ အသက်ရှင်နေခဲ့တာလဲ။ တကယ်လို့ ကျွန်တော်နဲ့ အဲဒီကလေးမလေးသာဆိုရင် အစောကြီးကတည်းက အသတ်ခံပြီး အရေခွံနွှာခံရလောက်ပြီ…”
ချန်းပင်အန်းက သက်ပြင်းချပြီး ပြန်ဖြေလိုက်၏။
“ငါလည်း မသိဘူး…”
ပန်းရောင်ဝတ်ကလေးမလေးက တံခါးဆီသို့ လျှောက်လာပြီး နားလည်သော အမူအရာနှင့် မေးလိုက်သည်။
“ဆရာ…
ရေပုံးနဲ့ အစ်မကြီးက ဘယ်သူလဲ။ သူက အရမ်းကြောက်ဖို့ကောင်းတယ်။ သူက ဆရာရဲ့တပည့်လို ကြောက်စရာကောင်းတယ်လို့ ခံစားမိတယ်…”
စိမ်းပြာဝတ်ကောင်လေးက ဒေါသတကြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“တကယ်လို့ ဆရာက ကျွန်တော့်ကို သေအောင်ရိုက်မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ရွှံ့ပုလင်းလမ်းကြားထဲကို နောက်တစ်ကြိမ် ထပ်မသွားတော့ဘူး။ အဲဒီနေရာကို သွားရတာက ကျားပါးစပ်ထဲကို ဝင်သွားတဲ့ သိုးတစ်ကောင်လို ဖြစ်နေလိမ့်မယ်…”
ချန်းပင်အန်းက ခေါင်းစဉ်ပြောင်းပြီး မေးလိုက်၏။
“ငါက သစ်သားဓားနဲ့ ဆရာရွမ် ဖန်တီးပေးမယ့် ဓားကို နတ်ဆိုးသုတ်သင်ခြင်းနှင့် မိစ္ဆာရှင်းလင်းခြင်းဆိုပြီး နာမည်ပေးထားတယ်။ မင်းတို့ ဘယ်လိုသဘောရလဲ…”
သူက အသံတိုးတိုးနှင့် ဆက်ပြောလိုက်၏။
“ငါ့ရဲ့ဓားငယ်လေးကိုတော့ ငါက ပထမ ဒါမှမဟုတ် မနက်ခင်းဆိုတဲ့ နာမည်မျိုး ခေါ်ရတာ ပိုသဘောကျတယ်…”
ကောင်လေးနှင့် ကလေးမလေးတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
“ငါက နာမည်ရွေးတဲ့နေရာမှာ တော်တော်လေး တော်တယ်မလား…”
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် လက်မထောင်၍ ချီးကျူးလိုက်သည်။
“နာမည်ရွေးတဲ့နေရာမှာ ဆရာ့ရဲ့အရည်အချင်းက တော်တော်ထူးခြားတယ်။ အထွဋ်အထိပ်ကိုတောင် ရောက်ပြီး အခြေခံကိုတောင် ပြန်ရောက်သွားပြီ။ ဒါက အရမ်းလှတယ်လို့ ပြောလို့ရတယ်။ ဒီနာမည်တွေက စာသင်သားတွေ ပေးနိုင်ပေးတဲ့ နာမည်တွေထက်တောင် ပိုပြီးတော့ လေးနက်တဲ့အဓိပ္ပာယ်မျိုး ရှိတယ်…”
ပန်းရောင်ဝတ်ကလေးမလေးက တစ်စုံတစ်ခုပြောချင်နေသော်လည်း သူမက မပြောတော့ပေ။ သူမက ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ခဏကြာ စဉ်းစားနေခဲ့၏။ သူမက သူမ၏မသိစိတ်ကို ဆန့်ကျင်၍ မလုပ်ချင်တော့ပေ။ သူမက နောက်ထပ်လည်း အလိမ်အညာများ မပြောချင်တော့ချေ။
စိမ်းပြာဝတ်ကောင်လေးကတော့ ပြောလိုက်၏။
“ဘာဖြစ်လို့လဲဆရာ။ ကျွန်တော့်စကားကို မယုံဘူးလား။ ဆရာ့ရဲ့တွက်ချက်မှုက တော်တော်လေးကို ဆိုးနေပြီ…”
“ဒီနာမည်တွေက မကောင်းဘူးလား…”
ချန်းပင်အန်းက မသေမချာအသံနှင့် မေးလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး အမှန်တရားအတွက် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ တင်လိုက်၏။ ထို့နောက် ခံစားချက်များ ပြည့်နှက်နေသော အသံနှင့် ပြောလိုက်သည်။
“ဆရာ…
လှည့်စားတတ်တဲ့ တာအိုသခင်တွေက တစ်ချိန်လုံး နတ်ဆိုးသုတ်သင်ခြင်း၊ မိစ္ဆာရှင်းလင်းခြင်းဆိုတဲ့ စကားစုကို ရွတ်ဆိုနေတာပဲ မဟုတ်ဘူးလား။ ပြီးတော့ မနက်ခင်း လား။ ဘာလို့ ကျွန်တော်က နေ့ခင်းတို့ ညတို့ဆိုတဲ့ နာမည်မျိုး မပေးရတာလဲ။ ပထမ လား။ ဆရာက လတစ်လရဲ့ ပထမနေ့နဲ့ (၁၅) ရက်မြောက်နေ့ကို ရည်ညွှန်းချင်တာလား…”
“ဆရာ…
အဲဒီအရာတွေက သာမန်နာမည်တွေပဲ။ သူတို့မှာ ဘာစွမ်းရည် ဂုဏ်သတ္တိမှ မရှိတဲ့အပြင် မူလနာမည်လည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ ဓားနာမည်တွေကိုပဲ ကြည့်လိုက်။ ဥပမာ ဆရာ့တပည့်ရဲ့ ဓားနာမည်ကို ရွှေပန်းပွားလို့ ခေါ်တယ်။ ဒီနာမည်က သူ့ဓားရဲ့ပုံစံနဲ့လည်း လိုက်ဖက်တယ်။ ဒါက အရမ်းလည်း အခြေခံကျမနေဘူး။ ပြီးတော့ ချောင်ကျွင်းရဲ့ ဓားနှစ်လက် ငါးဖြူလေးနဲ့ မင်ချီ…”
“ဆရာ့ရဲ့ဓားတွေကိုပဲ ကြည့်လိုက်။ နတ်ဆိုးသုတ်သင်ခြင်းနဲ့ မိစ္ဆာရှင်းလင်းခြင်း၊ ပြီးတော့ ပထမ ဒါမှမဟုတ် မနက်ခင်း။ တကယ်လို့ ကျွန်တော်သာ ဓားဝိညာဉ်ဆိုရင် သေချာပေါက်သွေးအန်မိလိမ့်မယ်…”
“ဒါတော့ကျွန်မလည်း ထောက်ခံတယ်…”
ပန်းရောင်ဝတ်ကလေးမလေးက ပြောလိုက်သည်။
ချန်းပင်အန်းက အချိန်တော်တော်ကြာ စဉ်းစားခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါက နာမည်တွေကို ပြောင်းမှာ မဟုတ်ဘူး…”
စိမ်းပြာဝတ်ကောင်လေးက နဖူးကို လက်နှင့်ရိုက်ပြီး စိတ်လိုလက်ရ ပြောလိုက်သည်။
“အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ပိုင်းနယ်မြေထဲမှာ နာမည်ကျော် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ အဲဒီဂိုဏ်းရဲ့တည်ထောင်သူက သူ့ရဲ့အဖွဲ့ကို ပြိုင်ဘက်ကင်း နတ်ဘုရားလက်သီးဂိုဏ်းလို့ နာမည်ပေးထားတယ်။ အဲဒီနာမည်နဲ့ပတ်သက်ပြီး ဘယ်လောက်ကြာအောင် နောက်ပြောင်ခံခဲ့ရလဲဆိုတာ ဆရာသိမှာ မဟုတ်ဘူး…”
“ဆရာ...
နာမည်ရွေးတဲ့နေရာမှာ ဆရာ့ရဲ့နည်းလမ်းတွေက ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဆရာက ပါရမီရှင် ဓားသမားတစ်ယောက်တော့ မဟုတ်ဘူး။ ဒီတော့ ဆရာ့ရဲ့ဓားတွေကို လူတော်တော်များများက သိမှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ ဆရာကြိုက်သလို နာမည်ပေးလို့ရပါတယ်…”
ချန်းပင်အန်းက စကားပြောရန် ပြင်လိုက်သော်လည်း ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သူက တိတ်တဆိတ် မတ်တပ်ရပ်ပြီး ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က ငါ့ကို နဂါးစီးလမ်းကြားထဲမှာ စောင့်နေ။ ငါ တစ်နေရာကို သွားလိုက်ဦးမယ်…”
ချန်းပင်အန်းက ယန်မိသားစု ဆေးဆိုင် ခြံဝန်းထဲသို့ ရောက်လာခဲ့သည်။
ချန်းပင်အန်း ထိုင်လိုက်ပြီးနောက် အဘိုးကြီးယန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “အသေးအဖွဲကိစ္စတွေကို အရင်ဆုံး ပြောမယ်။ မင်း နောက်ကို လိုက်နေတဲ့ ရေမြွေငယ်လေးနဲ့ မီးစပါးအုံးမြွေတို့က မြို့ငယ်လေးထဲကနေ ထွက်ပြီး လော်ပိုတောင်ကို သွားရလိမ့်မယ်။ ရွမ်ချုံက သူ့ရဲ့မီးဖိုကြီးကို မီးမွှေးပြီး သိပ်မကြာခင် ဓား ဖန်တီးတော့မယ်။ ဒါက တော်တော်လေး ကြီးမားတဲ့ လှုပ်ရှားမှုကြီး ဖြစ်လာနိုင်တဲ့အတွက် လုံချွမ်စီရင်စုထဲမှာရှိတဲ့ နတ်ဆိုးတွေ၊ ဝိညာဉ်တွေနဲ့ သတ္တဝါတွေအားလုံး ထိခိုက်နိုင်တယ်…”
“အနိမ့်ဆုံးအဆင့် ဒါတွေ သက်ရောက်ခံလိုက်ရမယ်ဆိုရင် ဓားထုလုပ်တဲ့အသံကြောင့် သူတို့နှစ်ပေါင်းများစွာ ကြိုးစားထားတဲ့ ကျင့်စဉ်အဆင့်တွေက ပျက်စီးပြီး ပျောက်ကွယ်သွားလိမ့်မယ်။ သူတို့က မူလအခြေအနေကိုတောင် ပြန်ရောက်သွားနိုင်တယ်။ အဆိုးဆုံး အခြေအနေကတော့ သူတို့က နေရာမှာပဲ ချက်ချင်း သေသွားနိုင်တယ်…”
“ခဏကြာရင် လုံချွမ်စီရင်စုနဲ့ သစ်ခါးဝါတိုင်းပြည်ရုံးတော်နှစ်ခုလုံးကနေ ရုံးတော်မှတ်တမ်းထဲမှာရှိနေတဲ့ သတ္တဝါတွေ၊ နတ်ဆိုးတွေကို သတိပေးကြလိမ့်မယ်။ သူတို့တွေက ဒီနေရာကနေ ယာယီထွက်သွားဖို့ ရွေးချယ်ကြရလိမ့်မယ်။ ဒါမှမဟုတ် သူတို့က တောင်တန်းတွေ၊ ဝမ်ချန်းစံအိမ်နဲ့ စစ်ကျောင်းသူတော်စင် ကျောင်းဆောင်တွေထဲမှာ ခိုလှုံနေလို့လည်း ရတယ်။ အဲဒီနေရာတွေက ဖုန်းရွှေအများဆုံးနဲ့ စွမ်းအင်အများဆုံး စုစည်းနေတဲ့ နေရာတွေပဲ။ ဒါကြောင့် ရွမ်ချုံ ဓားဖန်တီးရာကနေ ထွက်လာတဲ့ လှိုင်းလုံးတွေကို တားဆီးနိုင်လိမ့်မယ်..။ မင်းရဲ့ ရေမြွေလေးနဲ့ မီးစပါးအုံးမြွေတို့ကို ပြောလိုက်။ သူတို့ဆီမှာ ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်း တံဆိပ်ပြား ရှိနေလို့ လုံခြုံနေမယ်လို့ မထင်နဲ့…”
“ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ပြန်သွားတဲ့အချိန်ကျရင် သူတို့ကို သတိပေးလိုက်ပါ့မယ်…”
ချန်းပင်အန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
အဘိုးကြီးယန်က သူ၏ဆေးတံကြီးကို တစ်ချက်ရှိုက်လိုက်ပြီး နောက်ထပ်ပြောရမည့် စကားကို စဉ်းစားနေပုံရသည်။
ချန်းပင်အန်းက မတ်မတ်ထိုင်လိုက်၏။ လက်ရှိအချိန်တွင် သူက အတော်လေးကို မသက်မသာ ခံစားနေရသည်။ နောက်ဆုံးတွင်တော့ အဘိုးကြီးယန်က နောက်တစ်ကြိမ် ပြောလိုက်၏။
“ချီကျင့်ချွန်က အမွှေးတိုင်ဝိညာဉ်တစ်ကောင်ကို တိတ်တဆိတ် ပိုင်ဆိုင်ထားတယ်။ ငါက အဲဒါကို ယူဖို့ တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူး။ အဲဒါက မင်းရဲ့သစ်သားဓားထဲမှာ ရှိနေတဲ့ မိန်းကလေးပဲ။ အခု အဲဒီအရာကို ငါ ပိုင်သွားပြီ။ အပြန်အလှန်အနေနဲ့ ငါက မင်းကို တစ်ကြိမ် ကာကွယ်ပေးရမယ်။ အဲဒါက အခုတစ်ကြိမ်ပဲ။ အခု မြို့ငယ်လေးက သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်နေပြီ။ ဒီတော့ မင်းက သွားနေကျနေရာတွေကို သွားသင့်တဲ့အချိန်မျိုး မဟုတ်ဘူး။ ပြောရမယ်ဆိုရင် မင်းက ဒီနေရာမှာ အချိန်အကြာကြီး မနေသင့်ဘူး။ ငါက မင်းအတွက် တွက်ချက်ပေးဖို့ လူတစ်ယောက်ကို တောင်းဆိုခဲ့တယ်။ ဒါကြောင့် ရွမ်ချုံက အောင်အောင်မြင်မြင် ဓား ဖန်တီးပြီးသွားရင် မင်းက မြို့ငယ်လေးထဲကနေ ထွက်သွားပြီး တောင်ပိုင်းကို ခရီးရှည်ကြီး သွားရလိမ့်မယ်။ ဘယ်နေရာကို သွားမလဲဆိုတာကတော့ မင်းရဲ့ခံစားချက်ပေါ် မူတည်တယ်။ မင်းက လေ့လာရေးခရီးတွေပဲ သွားမလား၊ ကျင့်ကြံရေးကမ္ဘာကြီးထဲကိုပဲ သွားချင်လား၊ ဒါမှမဟုတ် မင်းရဲ့သိုင်းပညာအဆင့် မြင့်တက်လာအောင်လို့ တိုက်ပွဲကွင်းပြင်တွေကိုပဲ သွားမလား၊ ရွေးချယ်မှုကတော့ မင်းအပေါ်ပဲမူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၅)နှစ်အတွင်း ဒီမြို့လေးထဲကို ပြန်မလာပါနဲ့…”
ချန်းပင်အန်းက အလွန်ထိတ်လန့်သွားခဲ့သည်။
“မင်းက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ မင်းရဲ့အိမ်ကို စိတ်ပူနေဖို့ မလိုဘူး။ နဂါးစီးလမ်းကြားထဲမှာရှိတဲ့ ဆိုင်နှစ်ဆိုင်အတွက်လည်း စိုးရိမ်နေဖို့ မလိုဘူး။ မင်းက လော်ပိုတောင်နဲ့ တခြားတောင်တန်းတွေကိုလည်း စိုးရိမ်နေဖို့ မလိုဘူး။ တကယ်လို့ မင်းကိုယ်မင်း စောင့်ရှောက်နိုင်မယ်ဆိုရင် သူတို့ကို ပိုပြီးကောင်းကောင်း စောင့်ရှောက်နိုင်လိမ့်မယ်…”
အဘိုးကြီးယန်က ဆက်ပြောလိုက်သည်။
ချန်းပင်အန်း၏ နှုတ်ခမ်းလေးများက အနည်းငယ် လှုပ်ရှားသွားခဲ့၏။
အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်သည်။
“မင်းမှာ နင်ယောင်လို့ခေါ်တဲ့ မိန်းကလေး မိတ်ဆွေတစ်ယောက် ရှိတယ် မဟုတ်လား။ သူက ကျောက်စက်ပန်းဆွဲတောင်က ဖြစ်မယ်။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူက ဓားချီမဟာတံတိုင်းကပဲ။ သူ့ရဲ့မွေးရပ်မြေမှာ အလိုအပ်ဆုံးအရာက ဓားကောင်း တစ်လက်ပဲ။ တကယ်လို့ မင်းသာ သတ္တိရှိမယ်ဆိုရင်တော့ အဲဒီကိုသွားပြီး သူ့ကို ဓားတစ်ချောင်း သွားပေးဖို့ ကူညီလို့ရတယ်…”
ချန်းပင်အန်းက သက်ပြင်းချပြီး မေးလိုက်သည်။
“ကျွန်တော် ဘယ်အချိန် သွားရမှာလဲ…”
အဘိုးကြီးယန်က ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“မင်းရဲ့ပစ္စည်းတွေကို သိမ်းပြီး ရွမ်ချုံ ဓား ဖန်တီးပြီးသွားတဲ့အချိန်အထိ စောင့်နေ။ သူက မင်းကို ဓားပေးလိုက်တာနဲ့ မင်းက ချက်ချင်း ထွက်သွားသင့်တယ်…”
“တကယ်လို့ ကျွန်တော် ထွက်မသွားဘူးဆိုရင် ဘာတွေ ဖြစ်လာမှာလဲ…”
ချန်းပင်အန်းက မေးလိုက်သည်။
“ဘာတွေဖြစ်လာမှာလဲလား…”
အဘိုးအိုက ခနဲ့သလို ပြောလိုက်သည်။
“ဘာတွေဖြစ်နိုင်မှာလဲ။ မင်းက အလောင်းတစ်လောင်းပဲ ဖြစ်သွားမှာပေါ့။ မင်းရဲ့ကြွယ်ဝချမ်းသာမှုတွေကို တခြားသူရဲ့လက်ထဲ အလွယ်တကူ ထည့်ပေးလိုက်ရလိမ့်မယ်။ အဲဒီလူတွေကတော့ မင်းရဲ့ကြွယ်ဝချမ်းသာမှုတွေကို ထိုင်ပြီး ခွဲဝေယူကြလိမ့်မယ်။ တစ်ယောက်က တောင်တန်းတွေကိုယူပြီး တစ်ယောက်က ဓားကို ယူမယ်။ တစ်ယောက်က မြွေတွေနဲ့ စပါးအုံးမြွေတွေကို ယူမယ်။ အဲဒီလိုပဲပေါ့။ လူတိုင်းက ပျော်ရွှင်နေလိမ့်မယ်။ ဒါပေမဲ့ မင်းကရော။ မင်းရဲ့အလောင်းကို မြှုပ်ပေးမဲ့ လူတောင် ရှိမှာ မဟုတ်လောက်ဘူး..။ ပြီးတော့ ဒါက အဆိုးဆုံးအခြေအနေ မဟုတ်သေးဘူး။ ဒါပေမဲ့ အခုအချိန်မှာ မင်းကို အဆိုးဆုံးအခြေအေပြောလိုက်ရင်လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး…”
ချန်းပင်အန်းက လက်နှစ်ဖက်ကိုမြှောက်ပြီး ပါးနှစ်ဖက်ကို နှိပ်နေခဲ့သည်။ သူက မသက်ဆိုင်သော မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်၏။
“ဆရာကြီးယန်...
မြို့ငယ်လေးရဲ့အရွယ်အစားက ကျွန်တော် တွေးကြည့်လို့မရနိုင်ဘူးလို့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော် မေးမိတာကို ခွင့်လွှတ်ပေးပါ။ ဒီမြို့ငယ်လေးက ဘယ်လောက်ကြီးလဲ…”
အဘိုးကြီးယန်က မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်၏။
“ငါသာ မမှားဘူးဆိုရင် မင်းက ကောင်းကင်ပေါ်က တံတားရှည်ကြီးကို မြင်ခဲ့ဖူးတယ် မဟုတ်လား..”
ချန်းပင်အန်း၏ စိတ်ထဲတွင် လှိုင်းလုံးများ ထွက်ပေါ်လာခဲ့ပြီး အကြောက်တရား အနည်းငယ်ကို ခံစားလိုက်ရသည်။
“ငါက အမွှေးတိုင်ဝိညာဉ်ကို ယူခဲ့မှတော့ မင်းကို လျှို့ဝှက်ချက်တချို့ ပြောပြပေးမယ်…”
အဘိုးကြီးယန်က ဆက်၍ပြောလိုက်သည်။
“ဥပမာအနေနဲ့ ပြောရရင် အဲဒီကျောင်းဆောင်ငယ်လေးရဲ့ နံရံပေါ်မှာ သူတို့ရဲ့နာမည် ရေးခဲ့တဲ့ ကလေးတွေအများစုက သေဆုံးသွားကြပြီ။ ဒါပေမဲ့ အသက်ရှင်နေတဲ့ လူတွေအားလုံးက အရမ်းအစွမ်းထက်တဲ့သူတွေပဲ။ ဥပမာအနေနဲ့ ပြောရရင် ပြည့်စုံကျူပင် ကုန်းမြေကြီးက ကောင်းကင်သခင် ရှဲ့ရှစ်နဲ့ တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးက ဓားအင်မော်တယ် ချောင်ကျိ။ ငါကတော့ အငှားပေးထားတဲ့ လူတစ်ယောက် သက်သက်ပဲ။ တစ်နှစ်ပြီး တစ်နှစ် ငါက ဒီနေရာကို စောင့်ကြည့်ပြီး အငှားတွေကို ပြန်ယူနေတယ်…”
“ပြီးတော့ ဒီမြို့ငယ်လေးထဲမှာ နေထိုင်တဲ့သူတွေ ခေါ်ကြတဲ့ ဂဏန်းအမိုးခုံး ဆိုတာက စာချုပ်တစ်ခု ဖန်တီးထားတဲ့ နေရာတစ်ခုပဲ။ နောက်ဆုံးအစစ်အမှန်နဂါးကို သတ်ပြီးသွားတဲ့အချိန်မှာ လူတိုင်းက အဲဒီနေရာမှာ ထိုင်ပြီး အကျိုးဆောင်မှုအရ ရတနာတွေကို ခွဲဝေကြတယ်။ အဲဒီနေရာက လူတိုင်း ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့နေရာပဲ။ ဒါကတော့ လမ်းစဉ်(၃)သွယ်နဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူတော်စင်(၄)ယောက်ရဲ့ ကြားထဲမှာရှိတဲ့ စာချုပ်တစ်ခုပဲ။ မာခူရွှမ်က အဲဒီလူတွေထဲက တစ်ယောက်နဲ့ ပတ်သက်နေတယ်…”
“အဲဒီအပြင် ဒီအမိုးခုံးရဲ့ အစစ်အမှန်ရည်ရွယ်ချက်ကတော့ ပျောက်ဆုံးသွားပြီ။ အမှန်အတိုင်း ပြောရရင် ဒီအမိုးခုံးကို ‘ဓားဖိနှိပ်ကျောင်းဆောင်’ လို့ ခေါ်သင့်တာ။ အဲဒီအရာက ဒီကမ္ဘာကြီးထဲမှာ အစွမ်းထက်ဖိနှိပ်ခြင်းကျောင်းဆောင် (၉)ခုထဲက တစ်ခုပဲ။ ဘယ်ဓားကို ဖိနှိပ်လဲဆိုတာကတော့ မင်းရော ငါရော နှစ်ယောက်လုံး သိထားပြီးသားပဲ။ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို တခြားသူတွေ မသိအောင် ဖုံးကွယ်ထားနိုင်ဖို့အတွက် ရွှေချပ်ဝတ်ကုန်းမြေကြီးထဲမှာလည်း ဓားဖိနှိပ်ကျောင်းဆောင်တစ်ခု ရှိတယ်။ အဲဒီအရာက ဓားဖိနှိပ်ကျောင်းဆောင်အတုပဲ ဆိုပေမဲ့ သူ ဖိနှိပ်ထားတဲ့ဓားကလည်း အရမ်းအံ့ဩစရာကောင်းတဲ့ ဓားတစ်ချောင်းပဲ…”
“ဒါပေမဲ့ အဆုံးသတ်မှာတော့ အဲဒီကျောင်းဆောင်က အတုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီလျှို့ဝှက်ချက်တွေကို ပုံပြင်လိုပဲ သတ်မှတ်ထားလို့ရတယ်။ မင်းက ဒီလျှို့ဝှက်ချက်တွေကို မကြားဘူးဆိုရင် ကိစ္စမရှိဘူး။ တကယ်လို့ မင်းက အဲဒီလျှို့ဝှက်ချက်တွေကို ကြားသွားမယ်ဆိုရင်တောင် ငါက မင်းကို အကူအညီများများ ပေးနိုင်မှာမဟုတ်ဘူး..”
အဘိုးကြီးယန်က မျက်မှောင်ကြုတ်၍ ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။ “ဒီနေရာကိုတော့ ဓားဖိနှိပ်ကျောင်းဆောင်လို့ ခေါ်တယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဒါက စလာကတည်းက တက်လှမ်းခြင်းစင်မြင့်တစ်ခုပဲ။ ဒါပေမဲ့ ဒီအရာကလည်း ဟိုးအရင်နှစ်ပေါင်းများစွာတုန်းက ကိစ္စတစ်ခုပဲ။ ဒီတော့ အခုအချိန်မှာ ဒါတွေပြောနေလို့လည်း ဘာမှကောင်းကျိုးမရှိဘူး…”
အဘိုးကြီးယန်က မျက်လုံးအကြည့်ကို ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းရဲ့တည်ရှိမှုကတော့ မတူညီတဲ့ကိစ္စတွေရဲ့ ကြားထဲမှာ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းလိုပဲ။ ဒီကိစ္စကြောင့် ငါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတောအတွင်း အပေးအယူတွေ အတော်များများ ပြီးဆုံးခဲ့သလို အကျိုးအမြတ်တွေလည်း တော်တော်လေးရခဲ့တယ်။ အရင်တုန်းက ငါက မင်းကို အသက်ရှူလေ့ကျင့်ခန်း သင်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအပေးအယူတွေကနေ အကျိုးအမြတ်တချို့ ရခဲ့လို့ပဲ။ ဒါကြောင့် မင်းက ငါ့ကို ကျေးဇူးတင်ဖို့ မလိုသလို ငါ့အပေါ် ကျေးဇူးရှိနေတယ်လို့ သတ်မှတ်စရာလည်း မလိုဘူး။ အလုပ်က အလုပ်ပဲ။ တစ်နေ့နေ့မှာ မင်းရဲ့ရန်သူတစ်ယောက်က ငါနဲ့ဆန့်ကျင်ဘက်မှာ ထိုင်နေပြီး ငါ့ကို ကျေနပ်လောက်တဲ့ ပမာဏတစ်ခုလည်း ကမ်းလှမ်းနိုင်တယ်။ အဲဒီအချိန်ကျရင် ငါက သူတို့နဲ့ ဆွေးနွေးပြီး အကျိုးအမြတ်ရှိရင် မင်းကိုလည်း ရောင်းစားရမှာပဲ…”
ချန်းပင်အန်းက တိတ်ဆိတ်နေခဲ့သည်။ သူက အနည်းငယ်ဝမ်းနည်းသွားသလို ခံစားနေရ၏။ မည်သို့ဖြစ်စေကာမူ သူက ကောင်လေးတစ်ယောက်သာ ဖြစ်နေသေး၏။ သူက တောင်တန်းများ မည်မျှဖြတ်ကျော်စေကာမူ၊ မြစ်ချောင်းများ မည်မျှကူးဖြတ်စေကာမူ ထိုအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူက အသက် ၁၅ နှစ်သာ ရှိနေသေး၏။
အဘိုးကြီးယန်က ချန်းပင်အန်း၏ခေါင်းတွင် ရှိနေသော ဆံထိုးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဒါက သာမန်ဆံထိုးတစ်ခုပဲဆိုပေမဲ့ ငါက ဆံထိုးပေါ်မှာရှိတဲ့ စကားလုံးတွေကို တော်တော်လေး သဘောကျတယ်။ ဒါကြောင့် ငါက မင်းနဲ့ အပေးအယူလေးတစ်ခု လုပ်မယ်။ တကယ်လို့ မင်းသာ ငါ့ကို ဒီဆံထိုးပေးမယ်ဆိုရင် ငါက အဆင့်(၂) သိုင်းပညာရှင်တစ်ယောက် သုံးနိုင်တဲ့ အိပ်ဆောင်ရတနာတစ်ခု မင်းကို ပေးနိုင်တယ်။ အဲဒီအရာတစ်ခုတည်းက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အိပ်ဆောင်ရတနာနဲ့ ရတနာသိုလှောင်ပစ္စည်းတွေ အများစုထက် ပိုပြီးရှားပါးလိမ့်မယ်…”
“တောင်ပိုင်းကိုသွားတဲ့ မင်းရဲ့ခရီးလမ်းက တာ့ဆွေတိုင်းပြည်ကိုသွားတဲ့ ခရီးလမ်းနဲ့ ကွဲပြားလိမ့်မယ်။ မင်းက ဒီတစ်ကြိမ် ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး။ ဒါကြောင့် မင်းမှာ ရတနာနဲ့ ပိုင်ဆိုင်မှုအလုံအလောက်မရှိရင် မင်းက အဝေးကြီး သွားနိုင်မှာမဟုတ်ဘူး…”
ချန်းပင်အန်းက အံ့ဩသွားခဲ့သည်။
အဘိုးကြီးယန်က သူ၏တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်နေခဲ့၏။
“တစ်နေ့နေ့မှာ ကျွန်တော်က ဒီဆံထိုးကို ပြန်ဝယ်နိုင်တဲ့အချိန်မျိုးရှိလာရင် ပြန်ဝယ်လို့ရမှာလား…”
ချန်းပင်အန်းက တိုးတိုးလေး မေးလိုက်သည်။
အဘိုးကြီးယန်က အပြုံးနှင့် ပြန်ဖြေလိုက်၏။
“တကယ်လို့ တခြားတစ်ယောက်ဆိုရင်တော့ ငါ့ရဲ့အဖြေက မရဘူးလို့ ဖြေမှာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို အကျိုးအမြတ်ရှိအောင် အကြိမ်ကြိမခ ကူညီပေးခဲ့တယ်။ ဒီတော့ ငါက ခြွင်းချက်တစ်ခုထားပြီး မင်းရဲ့တောင်းဆိုမှုကို သဘောတူပေးမယ်။ ဒါပေမဲ့ မင်းကို တစ်ခုတော့ အရင်ဆုံးပြောထားမယ်။ အဲဒီအချိန်ကျရင်တော့ အိပ်ဆောင်ရတနာတစ်ခုက ဒါကိုပြန်ဝယ်ဖို့ မလုံလောက်ဘူး..”
ချန်းပင်အန်းက သူ့ခေါင်းပေါ်မှ ကျောက်စိမ်းဆံထိုးကို ဖယ်ရှားလိုက်ပြီး အဘိုးအို၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ အဘိုးအိုက သာမန်ပစ္စည်းဖြင့် ဖန်တီးထားသော အဖြူရောင်ကျောက်စိမ်းဆံထိုးလေးကို ယူလိုက်ပြီးနောက် သူ၏အင်္ကျီအိတ်ထဲသို့ ထည့်လိုက်၏။
ထို့နောက် ချန်းပင်အန်းက သူ့လက်ကိုပင် မရုတ်ရသေးခင် သူ၏လက်ဖဝါးပေါ်၌ တစ်လက်မခန့် အရှည်ရှိသော ဓားတိုလေးတစ်ချောင်း ပေါ်လာခဲ့သည်။ အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်၏။
“ငါက မင်းရဲ့ဓားနာမည်ကို တော်တော်လေး သဘောကျတယ်။ ပထမ... ဒါက တော်တော်လေး ကောင်းတဲ့ နိမိတ်တစ်ခုပဲ။ အဲဒီကလေးနှစ်ယောက်ကသာ သေချာနားမလည်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဓားပျံလေးက အိပ်ဆောင်ရတနာအဖြစ် အသုံးပြုလို့ရနိုင်သလို အရည်အသွေးမြင့်တဲ့ အသက်ဓားပျံအဖြစ်လည်း သန့်စင်လို့ရတယ်။ သူ့ရဲ့နာမည်ကိုတော့ ‘ဆယ့်ငါး’ လို့ ခေါ်တယ်…”
“ဒီဓားပျံက အရမ်းတန်ဖိုးရှိတယ် မဟုတ်လား…”
ချန်းပင်အန်းက အသံတိုးတိုးနှင့် မေးလိုက်သည်။
“ဘာမှ မစိုးရိမ်ပါနဲ့။ ယူမှာသာ ယူလိုက်ပါ…”
အဘိုးကြီးယန်က အပြုံးနှင့် ဆက်ပြောလိုက်၏။
“နှစ်သစ်ကူးမှာ ဘယ်သူကရော လက်ဆောင်မရလို့တုန်း…”
Translated by Hein Htet.