အခန်း (၂၁၈)
Vol. 15 Ch. 218
နှစ်သစ်ကူးပြီးဆုံးသွားပြီးနောက် အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အလွန်ကြီးကျယ်သော အဖြစ်အပျက်များစွာ ဖြစ်ခဲ့သည်။ ပထမဆုံးတစ်ခုက ဆရာတူအစ်ကိုကြီးဖြစ်သူ ကောင်းကင်သခင် ချီကျန်း၏ ထောက်ခံမှုကြောင့် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းထဲတွင် စီနီယာတစ်ယောက်ဟူသော အဆင့်အတန်း ရှိနေသည့် လူငယ်တာအိုသခင်လေးက နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းကို ထိန်းချုပ်ထားသော ဂိုဏ်းဆီသို့ ဖိတ်ခေါ်ခံခဲ့ရသည်။
ထိုအရာက အလယ်မြေ နတ်ဘုရားကုန်းမြေကြီးထဲတွင် ရှိနေသော တာအိုဂိုဏ်းကြီး တစ်ခုလည်း ဖြစ်၏။ သူက ထိုဂိုဏ်းထဲတွင် ကျမ်းစာထိန်းသိမ်းစောင့်ရှောက်ရေး ဝိညာဉ်သခင်အဖြစ် တာဝန်ပေးခံခဲ့ရသည်။ သူက အလွန်အဖိုးတန်ပြီး ထူးခြားဆန်းကြယ်သော တာအိုကျမ်းစာများ ဖြစ်သည့် တုန်ရွှမ်ကျမ်းစာကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသည်။ ထိုကျမ်းစာက တာအိုလမ်းစဉ်၏ အခြေခံအချက်အလက်များဟု လူသိများ၏။
ထိုသတင်းက နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်း၏ ချီကျန်းကို ကောင်းကင်သခင်ရာထူး ပေးအပ်လိုက်သော သတင်းကဲ့သို့ ကြီးကျယ်လှသည်။ ဒုတိယတစ်ခုကတော့ စစ်ကျောင်းသူတော်စင်များ၏ ရှေးဟောင်းကျောင်းဆောင်များထဲမှ တစ်ခုဖြစ်သော အစစ်အမှန်စစ်တောင်တန်းက တစ်နှစ်အတွင်း အဆင့်(၃)ဆင့် တက်ခဲ့သော တပည့်အသစ်တစ်ယောက်ကို ခေါ်နိုင်ခဲ့သည်။
ပထမတွင် စစ်တောင်တန်းက ဖုန်းရွှယ်ကျောင်းဆောင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် တည်ရှိမှုအရရော ဂုဏ်သိက္ခာအရပါ အနည်းငယ်ပို၍ နိမ့်ပါသည်။ သို့သော် သူတို့ဆီတွင် ပါရမီရှင်အသစ် ပေါ်ထွက်လာသော သတင်းကြောင့် သူတို့၏ ဂုဏ်သတင်းက အကြီးအကျယ် မြင့်တက်လာခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူတို့က ဖုန်းရွှယ်ကျောင်းဆောင်ကို ကျော်လွန်သွားမည့် လက္ခဏာမျိုးပင် ပေါ်လာခဲ့၏။
ထို့ပြင် ဖုန်းရွှယ်ကျောင်းဆောင်မှ ဝေ့ကျင်းက မြေပြင်ဓားအင်မော်တယ်အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ကြောင်းလည်း လူတိုင်းက သိနေကြသည်။ ထိုအရာကလည်း ပါရမီရှင်လူငယ်တစ်ယောက်၏ အရည်အချင်းကို သက်သေပြနေခြင်းဖြစ်၏။
တတိယတစ်ခုကတော့ မြောက်ပိုင်းလူရိုင်းများဟု နာမည်ကျော်ကြားသော တာ့လီအင်ပါယာက ရူးသွပ်သွားခဲ့ပြီး တောင်ပိုင်းတွင် ရှိနေသော တောင်မြင့်ကြီးတစ်ခုကို အဆင့်အတန်းမြှင့််ကာ သူတို့၏မြောက်ပိုင်းတောင်အဖြစ် သတ်မှတ်ထားခဲ့သည်။
ထိုအရာက ဆူပူမှုများ၊ ဆွေးနွေးမှုများကို ချက်ချင်း ပျံ့နှံ့လာစေခဲ့၏။ လူအများစုကတော့ တာ့လီအင်ပါယာ၏ လုပ်ရပ်အတွက် လှောင်ပြောင်သရော်နေကြသည်။ တောသားများ ဖြစ်ကြသော စုန့်ကလန်က ဗဟုသုတနည်းပါးပြီး မြောက်နှင့် တောင်ကိုပင် မခွဲနိုင်ဟု လှောင်ပြောင်နေကြသည်။
ကန်ကြည့်ကျောင်းတော်တစ်ခုတည်းတွင်သာ ထိုကိစ္စကို မဆွေးနွေးရန် သူ၏ကျောင်းသားများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့၏။ ထိုအရာက သေချာစဉ်းစားရန် ထိုက်တန်သော အရာတစ်ခုလည်း ဖြစ်သည်။ တခြားကိစ္စများကတော့ ထိုကိစ္စ(၃)ခုလောက် အံ့ဩစရာ မကောင်းလှပေ။ အများစုကတော့ တိတိကျကျမရှိဘဲ ပျံ့နှံ့နေသော အရာများသာ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအရာများ၏ အခြေအနေကို ဆုံးဖြတ်ရန် ခက်ခဲ၏။
ဥပမာအနေနှင့် ပြောရလျှင် ကုန်းမြေကြီး၏ တောင်ဘက်စွန်း မြို့ဖြစ်သည့် နဂါးအိုမြို့မှ သခင်လေးဖူနန်းဟွာက တောင်ပိုင်းစမ်းချောင်းတိုင်းပြည် အစွမ်းထက်ကလန်တစ်ခုမှ တိုက်ရိုက်မျိုးဆက်တစ်ယောက်နှင့် လက်ထပ်ရတော့မည်ဖြစ်သည်။ ထိုမိန်းမပျို၏ ကလန်က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အစွမ်းထက်ဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး ကလန်များထဲမှ တစ်ခုလည်း ဖြစ်သည်။ သို့သော် ထိုမိန်းမပျိုက အတော်လေးကို ရုပ်ဆိုးပြီး အသက် (၃၀) ကျော်ပြီဟု ပြောကြ၏။
ဥပမာအနေနှင့် ပြောရလျှင် တာ့ဆွေတိုင်းပြည်ကတော့ ငြိမ်းချမ်းမှုမရှိဟု ဆိုနိုင်သည်။ အစွမ်းထက် ကျင့်ကြံသူများစွာက တိုင်းပြည်ထဲမှ တိတ်တဆိတ် ထွက်သွားကြပြီး တောင်ဘက်သို့ ခရီးသွားရန် ရွေးချယ်ခဲ့ကြသည်။ သူတို့က တာ့လီအင်ပါယာ၏ ကျောက်စိမ်းဖြူမြို့တော်မှနေ၍ အဝေးကို ထွက်ပြေးသွားသည်ဟုလည်း ကောလာဟလများ ထွက်နေကြသည်။ တစ်ချိန်တည်းတွင် ကျောက်စိမ်းဖြူမြို့တော်က အတုဟုလည်း ပြောနေကြ၏။
ကွန်ဖြူးရှပ်ကျောင်းတော် (၇၂) ခုထဲမှ တစ်ခုဟူသော ဂုဏ်ကို ဆုံးရှုံးခဲ့ရသည့် ချောက်ကမ်းပါးကျောင်းတော်က ယခင်နှစ်များအတွင်း တာ့ဆွေတိုင်းပြည်မြို့တော်ထဲတွင် အခြေကျလာခဲ့သည်။ ထိုအရာက ကြီးမားသော သတင်းတစ်ခုဟု သတ်မှတ်နိုင်ခြင်း မရှိချေ။
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်တွင် တာ့ဆွေတိုင်းပြည်က သူတို့ဆီ၌ အစွမ်းထက်သော အဆင့် (၁၀) သိုင်းပညာရှင်တစ်ယောက် ရှိလာသည်ဟု ကြေညာခဲ့သည်။ သို့သော် အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်ပိုင်းနယ်မြေထဲတွင် ရှိနေသော လူတိုင်းကတော့ ထိုအရာကို အလိမ်အညာစကားတစ်ခု၊ လမ်းလွှဲလိုသော စကားတစ်ခုဟုသာ သတ်မှတ်ထားကြသည်။
ဝေ့ပိုက လော်ပိုတောင်ပေါ်တွင် လမ်းလျှောက်ပြီး နေ့စဉ်နေ့တိုင်း သူ့စိတ်ကို အနားယူနေသည့်အတွက် လော်ပိုတောင်ကလည်း တဖြည်းဖြည်းနှင့် လူသူစည်ကားလာခဲ့သည်။
ပထမတွင်တော့ အနီးအနားတောင် (၃)တောင်တွင် ရှိနေသော အင်မော်တယ်အဖွဲ့အစည်းများက လော်ပိုတောင်ကို ဟာသတစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။ အထူးသဖြင့် ထိုတောင်မြင့်ကြီး၏ ပိုင်ရှင်က တောင်ပေါ်တွင် မည်သည့်အဆောက်အအုံမျှ မဆောက်ခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် ယခုတော့ သူတို့က လော်ပိုတောင်ကို မကြာခဏ လာခဲ့ကြပြီး မြောက်ပိုင်းတောင်၏ နတ်ဘုရားနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ကြသည်။
တစ်ခါတစ်ရံ သူတို့က တောင်ထိပ်ပေါ်တွင် ရှိနေသော တောင်တန်း နတ်ဘုရားကျောင်းဆောင်သို့ သွားပြီး အမွှေးတိုင်များ ပူဇော်ကြသည်။ ဒုတိယလုပ်ရပ်ကတော့ ရိုးရှင်းသော လုပ်ရပ်တစ်ခု မဟုတ်ချေ။
အမှန်အတိုင်း ပြောရလျှင် အင်မော်တယ်တစ်ယောက်က ကျောင်းဆောင်ထဲသို့ ဝင်ရောက်လာပြီး အမွှေးတိုင်ပူဇော်ရန် စောင့်ကြည့်လိုက်နာရမည့် အရာများစွာ ရှိနေသည်။ အင်မော်တယ်များက နတ်ဘုရားကျောင်းဆောင်များထဲသို့ ဝင်ရောက်၍ မရသလို သူတို့က အမွှေးတိုင်ကို စိတ်ကြိုက်ပူဇော်၍လည်း မရနိုင်ပေ။ ထိုအရာက မဟာမိတ်တစ်ခုဖွဲ့ရန် အမွှေးတိုင်ပူဇော်ခြင်း မဟုတ်၍ အဆင်မပြေလှပေ။
ဥပမာအနေနှင့် ပြောရလျှင် အင်မော်တယ်တစ်ယောက်က တောင်တန်းပေါ်တွင် စံအိမ်တစ်ခု လိုချင်လျှင်ဖြစ်စေ၊ နန်းတွင်းက တောင်ပေါ်တွင် တောင်တန်းနတ်ဘုရားအသစ်တစ်ပါး ခန့်အပ်လိုက်သည့် အချိန်မျိုးတွင်သာ အင်မော်တယ် တစ်ယောက်က တောင်တန်းနတ်ဘုရားကျောင်းဆောင်တွင် အမွှေးတိုင်ပူဇော်ကြသည်။
သို့သော် သူတို့က အမွှေးတိုင်(၃)တိုင်အစား အမွှေးတိုင်တစ်တိုင်တည်းသာ ပူဇော်ကြရ၏။ ထိုအရာကလည်း နှုတ်ဆက်သည့် သဘောမျိုးသာ သတ်မှတ်နိုင်သည်။ အကယ်၍ အမွှေးတိုင်က လုံးဝလောင်ကျွမ်းသွားသည်ဆိုလျှင် တောင်တန်းကျောင်းဆောင်ထဲတွင် ရှိနေသော နတ်ဘုရားက အမွှေးတိုင်ပူဇော်သော အင်မော်တယ်ကို အသိအမှတ်ပြုသည်ဟု ဆိုလိုနေသည်။
အကယ်၍ အမွှေးတိုင်က လုံးဝလောင်ကျွမ်းခြင်းမရှိလျှင်တော့ သူတို့၏ ဆက်ဆံရေးက ကောင်းမွန်ခြင်းမရှိကြောင်း ပြသနေသည်။ အင်မော်တယ်အဖွဲ့က ထိုနတ်ဘုရားကို ဆန့်ကျင်ရန် ရွေးချယ်ခြင်း ရှိမရှိနှင့် နောက်ပိုင်းတွင် ပတ်သက်မှုတစ်ခု တည်ဆောက်လိုခြင်း ရှိမရှိကတော့ ထိုအဖွဲ့နှစ်ခု၏ အစွမ်းနှင့် ယုံကြည်ချက်အပေါ်သာ မူတည်နေပါလိမ့်မည်။
ပြောရမည်ဆိုလျှင်တော့ တစ်ဖက်လူက လူသားတိုင်းပြည်အပေါ် မည်မျှအစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိလဲဟူသည့် အချက်ပေါ် မှီခိုနေသည်။ သို့သော် အရှေ့ပိုင်းကုန်းမြေကြီးက အင်အားစုမျိုးစုံနှင့် အတွေးအခေါ်မျိုးစုံရှိနေသော အလယ်မြေ နတ်ဘုရားကုန်းမြေကြီးနှင့် ကွဲပြားသည်။
မည်သို့ဖြစ်စေကာမူ အလယ်မြေနတ်ဘုရားကုန်းမြေကြီးတွင် နှစ်ပေါင်းတစ်ထောင်ခန့် သမိုင်းကြောင်းရှိသော အစွမ်းထက်သည့် အင်ပါယာတစ်ခု ရှိခဲ့ဖူးသည်။ အင်ပါယာတစ်ခု ပျက်စီးပြီး အားနည်းသွားသည့် အချိန်တိုင်း ရည်မှန်းချက်ကြီးမားပြီး ဉာဏ်ပညာရှိသည့် ရှင်ဘုရင်များ၊ အစွမ်းထက်ပြီး သစ္စာရှိသော အရာရှိများ သေချာပေါက် မွေးဖွားလာတတ်သည်။
ထိုအင်ပါယာက သန့်စင်သော သိုင်းပညာရှင်များကို အလွန်အလေးထားခဲ့သည်။ တစ်ကြိမ်တွင်တော့ ထိုအင်ပါယာက အလွန်ကြီးကျယ်သော အရာတစ်ခုကို လုပ်ဆောင်ခဲ့၏။ တိုင်းပြည်၏ ကံကြမ္မာကို ပြတ်တောက်လုနီးပါးဖြစ်စေခဲ့သော ခပ်တုံးတုံး ဘုရင်တစ်ယောက်က သူ့မိဖုရားတစ်ယောက်အတွက် အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး တိုင်းပြည်တစ်ခုလုံး၏အစွမ်းကို ဆင့်ခေါ်၍ တောင်တန်းကြီးတစ်ခုကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
ချီကျင့်ကြံသူများဆီမှ အင်မော်တယ်ရတနာများနှင့် ဓားကျင့်ကြံသူများဆီမှ ဓားပျံများအပြင် သန့်စင်သော သိုင်းပညာရှင်များဆီမှ အစွမ်းထက်သော ဒူးလေးများ၊ တာအိုအဆောင်များ ရေးဆွဲထားသည့် လက်နက်ပစ္စည်း (၆၀၀၀) နီးပါးခန့်ကိုလည်း အသုံးပြုခဲ့သည်။ ထိုအရာတွင်သာမက မိုအတွေးအခေါ်ဂိုဏ်းမှ ယန္တရားပညာရှင်များ အထူးတည်ဆောက်ထားသည့် ဧရာမဒူးလေးကြီး တစ်ထောင်ခန့်ကိုလည်း အသုံးပြုခဲ့သေး၏။
ထိုဘုရင်က သူ့၏တိုင်းပြည်ထဲတွင် ရှိနေသော လက်နက်များအားလုံးကို အသုံးပြုခဲ့ပြီး ဧရာမဒူးလေးကြီးဆီမှ ပစ်လွှတ်လိုက်သော မြားတစ်ချောင်းဆီက နန်းတော်တိုင်လုံး တစ်လုံးကဲ့သို့ ကြီးမားလာသည်။ အဆုံးတွင်တော့ ထိုတောင်တန်းကြီးက အကြီးအကျယ် ပျက်စီးသွားခဲ့ရ၏။
လုံချွမ်စီရင်စုထဲတွင် ရှိနေသော မြို့ငယ်လေးကတော့ အမြဲလိုလို စည်ကားနေဆဲသာ ဖြစ်သည်။ သို့သော် အနောက်ဘက်တွင် ရှိနေသော တောင်တန်းများကတော့ လွန်ခဲ့သော နှစ်ရက်အတောအတွင်း အတော်လေးကို တိတ်ဆိတ်အေးချမ်းနေခဲ့သည်။ ထိုနေရာတွင် အခြေချနေသော ပြင်ပအင်မော်တယ်အင်အားစုများကို မဆိုထားနှင့် စည်းကမ်းမဲ့သော နတ်ဆိုးများ၊ ဝိညာဉ်များကပင် သာမန်မဟုတ်သော အပြုအမူမျိုးကို မလုပ်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာ ချွေးချန်းက တောင်တန်းများပေါ်တွင် စတင်ကင်းလှည့်နေခြင်းကြောင့် ဖြစ်သည်။ သတင်းများအရ ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသော အဘိုးအိုက လုံချွမ်စီရင်စုကို ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။
ထိုအဘိုးအိုက အလွန်ကြီးကျယ်ခမ်းနားပြီး လေးနက်ပုံရ၏။ သူနှင့်အတူ လက်အောက်ငယ်သား နှစ်ယောက်ကို ခေါ်လာခဲ့ပြီး မြောက်ဘက်မှနေ၍ တောင်ဘက်သို့ လမ်းလျှောက်သွားခဲ့၏။ သူက မြို့ငယ်လေး၏ မြောက်ဘက်တွင် ရှိနေသော စီရင်စုရုံးတော်မှနေ၍ တောင်တန်းများထဲသို့ ဝင်ရောက်သွားခဲ့သည်။
ချွေးချန်းက သူ၏တည်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်းမရှိဘဲ သူ တန်ဖိုးအထားရဆုံး တပည့်ဖြစ်သူ စီရင်စုကြီးကြပ်သူ ဝူယွမ်ကို ကြိုတင်သတိပေးထားခဲ့သည့်အတွက် တောင်တန်းများထဲတွင် ရှိနေသော အင်မော်တယ်အဖွဲ့များအားလုံးက စီရင်စုရုံးတော်ဆီမှ သတိပေးချက်များကို ရခဲ့သည်။
တော်ဝင်နန်းဆရာက တောင်တန်းများထဲသို့ ဝင်ရောက်လာပြီး ရှုခင်းကြည့်ရှုသည့်အချိန်တွင် သူတို့က ကြိုဆိုရန် အဆင်သင့်ပြင်ထားရမည်ဟုလည်း ပြောထားခဲ့သည်။ သို့သော် သူတို့က တော်ဝင်နန်းဆရာကို ရတနာများ၊ ရှားပါးသော ပစ္စည်းများ လက်ဆောင်ပေးရန်တော့ အတင်းအကျပ် တွန်းအားပေးခဲ့ခြင်း မရှိချေ။
သို့သော် အနည်းဆုံးတော့ တော်ဝင်နန်းဆရာဆီမှ မျက်နှာရရန်အတွက် အဖွဲ့အစည်းတစ်ခုဆီမှ ခေါင်းဆောင်တစ်ယောက်က သူ့ကို နှုတ်ဆက်ရန် သူတို့၏တောင်တန်းထဲတွင် စောင့်နေကြရသည်။ မဟုတ်လျှင် တော်ဝင်နန်းဆရာကို ကြိုဆိုပြီး သူ့မေးခွန်းများကို ပြန်ဖြေပေးရန် လူတစ်ယောက်မှ မရှိလျှင် မသင့်တော်နိုင်ပေ။
တောင်တန်းများထဲတွင် ရွမ်ချုံ၏ ရှန်ရှို့တောင်နှင့် အဝတ်ထုပ်ဆိုင်၏ နွားချိုတောင်က သေချာပေါက် အရေးပါဆုံးဖြစ်သည်။ ထို့ကြောင့် ဝူယွမ်က တိုင်းပြည်အရာရှိယွမ်နှင့် မီးဖိုကြီးကြပ်သူ အရာရှိချောင်တို့ကို ထိုတောင်တန်းနှစ်ခုဆီသို့ အရင်ဆုံး စေလွှတ်ခဲ့သည်။ ထိုသို့မဟုတ်လျှင် တော်ဝင်နန်းဆရာကို ကောင်းမွန်စွာကြိုဆိုနိုင်မည် မဟုတ်ချေ။
ပိယွင်တောင်ကတော့ ကောင်းမွန်စွာ ပြင်ဆင်ထားမည်ဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။ မည်သို့ဖြစ်စေကာမူ ဘုရင်ကြီးကိုယ်တိုင် မကြာခင် ရောက်လာတော့မည်ဖြစ်သည်။ တော်ဝင်နန်းဆရာ ချွေးချန်းက ပိယွင်တောင်တွင် (၂)ရက်ကြာနေထိုင်ခဲ့ပြီး မြောက်ပိုင်းတောင်၏ ကျောင်းဆောင်နှင့် ကျောင်းတော်အသစ် တည်ထောင်ရန် ရည်ရွယ်ထားသော နေရာများကို ကြည့်ရှုပြီးသွားသည့်အချိန်တွင် သူ့ဘေးနားတွင် နောက်ထပ် လူတစ်ယောက်ပေါ်လာပြီး သူနှင့်အတူ တစ်ချိန်လုံး လိုက်လာခဲ့သည်။
ထို့ကြောင့် အလွန်ကြီးမားသော လှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာခဲ့၏။ သူ့ဘေးတွင် ရောက်လာသူကတော့ ခုံရုံးဝါတိုင်းပြည်၏ ယခင်လက်ထောက်အမတ်ကြီး ချန်းရွှေတုံဖြစ်သည်။ ထို့ကြောင့် ထင်မြင်ချက်များစွာလည်း ပေါ်လာခဲ့၏။ တာ့ဆွေတိုင်းပြည်၏ လက်အောက်ခံတစ်ခုဖြစ်သော ခုံရုံးဝါတိုင်းပြည် ဟုန်ကလန်က သူတို့၏မဟာမိတ်ကို သစ္စာဖောက်လိုက်ခြင်းပင်လော။
အဆုံးတွင်တော့ ချွေးချန်းက တောင်တန်းများ၏ တောင်ဘက်အစွန်ဆုံးတွင် ရှိနေသော လော်ပိုတောင်သို့ ရောက်လာခဲ့သည်။ သူက တောင်တန်းနတ်ဘုရား ကျောင်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့ချိန်တွင် စုန့်ယုကျန်း၏ နတ်ဘုရားခန္ဓာကိုယ်လည်း ပေါ်လာခဲ့ရသည်။
နုနယ်စဉ် ဗဟုသုတ ရှာဖွေနေသည့်အချိန်၌ စုန့်ယုကျန်းက တော်ဝင်နန်းဆရာ ချွေးချန်းကို အလွန်လေးစားပြီး မော့ကြည့်ခဲ့ရသည်။ ယခု သူက အနီးကပ်တွေ့ခွင့်ရခဲ့ပြီး သူနှင့်အတူ ကောင်းမှုကုသိုလ်နှင့် ပတ်သက်သော အရာများကိုပင် ဆွေးနွေးခွင့်ရခဲ့သည်။ ထို့ကြောင့် တောင်တန်းနတ်ဘုရား တစ်ပါးဖြစ်လာသော စုန့်ယုကျန်းကတော့ အတော်လေးကို ခံစားချက်များ လှုပ်ရှားနေခဲ့ရ၏။
တောင်တန်းနတ်ဘုရားကျောင်းဆောင်မှ ထွက်လာပြီးနောက် ပိယွင်တောင်သို့သွားပြီး တောင်တန်းထဲသို့ ဝင်ရောက်လာသော နတ်ဆိုးများကို နေရာချထားပေးရန် ကိစ္စများအတွက် ဝေ့ပိုနှင့် ဆွေးနွေးရန် စုန့်ယုကျန်းကို ချွေးချန်းက ပြောခဲ့သည်။ ထိုအချိန်တွင် သူကတော့ သူ၏လက်အောက်ငယ်သား နှစ်ယောက်ဖြစ်သော ရှုယောင်နှင့် လျှိုယုတို့ကို မြို့ငယ်လေးဆီသို့ ပြန်သွားရန် ပြောလိုက်သည်။ သူတို့က ရှဲ့ရှစ်နှင့် ချောင်ကျိတို့ကို စောင့်ကြည့်နေရန် လိုအပ်၏။
ညရောက်လာသည့်အချိန်တွင် တာ့လီအင်ပါယာမှ တော်ဝင်နန်းဆရာက တောင်တန်းပေါ်မှ တစ်ယောက်တည်း ဆင်းလာခဲ့၏။ သေးငယ်ပြီး ကျဉ်းမြောင်းသော လမ်းအတိုင်း လျှောက်လာခဲ့ပြီး နောက်ဆုံးတွင်တော့ သူက နှစ်ထပ်ဝါးအဆောက်အအုံကြီးရှေ့ကို ရောက်လာခဲ့သည်။
စိမ်းပြာဝတ်ကောင်လေးက ကမ်းပါးပေါ်တွင် တစ်ယောက်တည်း လေ့ကျင့်နေပြီး ပန်းရောင်ဝတ်ကလေးမလေးကတော့ တံစက်မြိတ်အောက်တွင် နေကြာစေ့များ၊ မုန့်များ စားနေခဲ့သည်။
အဘိုးအိုကို မြင်သည့်အချိန်တွင် သူမက မျက်မှောင်ကြုတ်လိုက်ပြီး မျက်ခုံးပင့်လိုက်မိ၏။ သူမ၏ဆရာက ဆေးရည်ဇလုံထဲတွင် သတိလစ်နေသေးသည်။ သူမက တံခါးမပိတ်ရဲသလို ထိုအဘိုးအိုကို နှင်ထုတ်ရဲခြင်းလည်း မရှိချေ။ တစ်ချိန်တည်းတွင် သူမက ထိုအဘိုးအိုကို ဝါးအဆောက်အအုံထဲသို့ ဝင်ခိုင်းရဲခြင်းလည်း မရှိချေ။
သိပ်မကြာခင် အချိန်အတောအတွင်း စိမ်းပြာဝတ်ကောင်လေးက စိတ်ပါလက်ပါ လေ့ကျင့်နေခဲ့၏။ သူက နေ့ရောညပါ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ဆက်တိုက် လေ့ကျင့်နေခဲ့၏။ ချန်းပင်အန်းကို ဝါးအဆောက်အအုံ၏ ဒုတိယထပ်မှ ပြန်သယ်လာခြင်းက လွဲလျှင် သူက ကမ်းပါးပေါ်မှ လုံးဝထွက်သွားခဲ့ခြင်း မရှိချေ။
သို့သော် မျက်လုံးဖွင့်လိုက်ချိန် သူ ပထမဆုံး မြင်လိုက်ရသည့်အရာက အတော်လေး သဘောထားဆိုးရွားပုံရသည့် အစွမ်းထက် ကွန်ဖြူးရှပ်တပည့်တစ်ယောက် ဖြစ်နေသည်။ ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးကတော့ ကမ်းပါးပေါ်မှ ခုန်ချပြီး သူ့ကိုယ်သူ သတ်သေချင်စိတ်ပင် ပေါ်လာခဲ့၏။
အကယ်၍ သူကသာ မြို့ငယ်လေးထဲတွင် သို့မဟုတ် ရွှံ့ပုလင်းလမ်းကြားထဲတွင် သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်သော အစွမ်းထက်ပညာရှင်များကို တွေ့ရမည်ဆိုလျှင်လည်း လက်ခံနိုင်သေးသည်။ အကယ်၍ သူက တိတ်ဆိတ်ခြောက်ကပ်နေသော လော်ပိုတောင်၏ တောင်တက်လမ်းမများပေါ်တွင် ထိုကဲ့သို့ လူများကို တွေ့ရမည်ဆိုလျှင်လည်း ခံနိုင်ရည် ရှိနေသေး၏။
သို့သော် သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်နိုင်လောက်အောင် အစွမ်းထက်သော လူတစ်ယောက်က သူ့အိမ်ရှေ့တံခါးကို ရောက်လာခဲ့သည်။ သူက အေးအေးချမ်းချမ်း လေ့ကျင့်နေသည့်အချိန်တွင် သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်သော လူတစ်ယောက်က သူ့ရှေ့တံခါးကို ရောက်လာခဲ့သည်။
သေမှာကို မကြောက်သောသူများကတော့ သတ္တိရှိကြောင်း ပြသနိုင်ကြသည်။ စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာအမူအရာက အနည်းငယ် ခပ်တင်းတင်း ဖြစ်သွားပြီး ခံစားချက်ကင်းမဲ့သော အမူအရာနှင့် အဘိုးအိုကို ပြောလိုက်၏။
“အခုအချိန်မှာ ကျွန်တော့်ဆရာက ဧည့်သည် လက်မခံသေးဘူး။ တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော့်ကို လက်သီး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထဲကို ဝင်သွားပြီး ကျွန်တော့်ဆရာကို နှောင့်ယှက်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့အသက်ကို အရင်ဆုံး ယူသွားဖို့ လိုလိမ့်မယ်…”
အဘိုးအိုက ခေါင်းညိတ်ပြီး ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
“မင်းက သေချင်နေတာ မဟုတ်လား…”
စိမ်းပြာဝတ်ကောင်လေးက ပြန်ပြောတော့မည့်အချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက ကလေးဆန်သော အသံနှင့် မေးလိုက်သည်။
“ဆရာကြီးက ဘယ်သူ့ကို ရှာနေတာလဲ…”
ချွေးချန်းက ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
“ငါ့နာမည်က ချွေးချန်း။ တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာ။ ငါက မင်းတို့ရဲ့ဆရာကို လာရှာတာ မဟုတ်ဘူး။ ငါက အဆောက်အဦးရဲ့ ဒုတိယထပ်မှာ ရှိနေတဲ့သူကို လာရှာတာ…”
စိမ်းပြာဝတ်ကောင်လေးက မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူက မျက်လုံးပြူးသွားခဲ့ပြီး ခေါင်းပေါ်သို့ လက်တစ်ဖက်တင်၍ မျက်စိမမြင်တော့သည့်အလား ခေါင်းကို ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
“အစောတုန်းက ငါ ဘာတွေ ပြောခဲ့မိတာလဲ။ ငါ ဘာလို့ ရုတ်တရက် မေ့သွားရတာလဲ။ ငါ ဘာတွေ ဖြစ်နေတာလဲ…”
ဒုတိယထပ်တွင် ရှိနေသော အဘိုးအိုက လက်ရန်းဘေးတွင် မတ်တပ်ရပ်လိုက်ပြီး ပန်းရောင်ဝတ် ကလေးမလေးကို ပြောလိုက်သည်။
“သူ့ကို တက်လာခိုင်းလိုက်ပါ။ မင်းနဲ့ ရေမြွေလေးကတော့ တခြားနေရာကို သွားပြီးတော့ ကစားလို့ရတယ်။ စိတ်မပူပါနဲ့။ ဒါက မင်းတို့ရဲ့ဆရာ ချန်းပင်အန်းနဲ့ ဘာမှမဆိုင်ဘူး…”
တော်ဝင်နန်းဆရာ ချွေးချန်းက ထိုင်ခုံနှစ်လုံး ယူပြီး ဝါးအဆောက်အဦး၏ ဒုတိယထပ်ကို တက်သွားခဲ့သည်။ သူက ထိုထိုင်ခုံနှစ်လုံးကို လေသာဆောင်တွင် သေချာချလိုက်ပြီးနောက် တစ်လုံးကို သူ ထိုင်လိုက်ပြီး တစ်လုံးကို ဖရိုဖရဲ အဘိုးအိုဆီသို့ ပေးလိုက်သည်။
“ဘာဖြစ်လို့လဲ…”
ဖရိုဖရဲအဘိုးအိုက မေးလိုက်၏။
“ကျွန်တော့်ရဲ့မဟာတာအိုလမ်းစဉ်အတွက် ရှေးခေတ်အင်မော်တယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာခဲ့ပြီး အဲဒီထဲမှာ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်တစ်ဝက်ကို ထည့်ခဲ့တယ်…”
ချွေးချန်းက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ကျွန်တော့်ရဲ့စိတ်ဝိညာဉ်က နှစ်ပိုင်းကွဲသွားခဲ့ပြီး တခြားတစ်ပိုင်းကိုတော့ ကောင်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ထည့်ပြီး တာ့လီအင်ပါယာ လီကျူးသုခဘုံထဲမှာ လှည့်ပတ်သွားခိုင်းထားတယ်။ ဒါပေမယ့် ကျွန်တော်က ချီကျင့်ချွန်နဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ရှုံးသွားတယ်။ ဒါကြောင့် ကျွန်တော့်တခြားတစ်ဝက်ရဲ့ ကျင့်စဉ်အဆင့်က သိသိသာသာ လျော့ကျသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်က မတည်မငြိမ်ဖြစ်သွားတယ်…”
“အဲဒီနောက်မှာတော့ ကျွန်တော်က အချိန်အကြာကြီး အသက်ရှင်နေခဲ့တဲ့ အကျဉ်းသား တစ်ယောက်နဲ့ အပေးအယူ လုပ်ခဲ့ရတယ်။ ကျွန်တော်က လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သင်ခဲ့ပြီး အခက်အခဲတွေ အများကြီး ကျော်ပြီးသွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့စိတ်နဲ့ စိတ်ဝိညာဉ်က ပြန်ပြီးတော့ တည်ငြိမ်သွားတယ်…”
“ဒါပေမယ့် အဲဒီနောက်မှာတော့ စာသင်သားအိုကြီးက ဒီနေရာကို ရောက်လာတယ်။ သူက လူငယ်လေးကို ရွေးချယ်ပြီး တာ့လီအင်ပါယာရဲ့ မြို့တော်မှာရှိနေတဲ့ ကျွန်တော့်ကိုတော့ စွန့်ပစ်ခဲ့တယ်။ သူက ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ဆက်သွယ်မှုကိုလည်း ဖြတ်တောက်ပစ်ခဲ့တဲ့အတွက် ကျွန်တော်တို့က မတူညီတဲ့ လူနှစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်။ ဒါကြောင့် အခု ဒီကမ္ဘာကြီးထဲမှာ ချွေးချန်း (၂)ယောက်ရှိတယ်…”
ဖရိုဖရဲအဘိုးအို၏ မျက်နှာပေါ်တွင် အေးစက်သောအမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူ၏လက်နှစ်ဖက်ကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒူးနှစ်ဖက်ပေါ်သို့ တင်ထားခဲ့၏။ သူက အဝေးကို ငေးကြည့်နေရင်း ပြောလိုက်သည်။
“မင်းပြောတာ မှားတယ်။ အဲဒါက ချွေးချန်းချန်းလို့ ခေါ်တယ်…”
ချွေးချန်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်နာမည်က ချွေးချန်း။ ကျွန်တော် မွေးရပ်မြေကနေ ထွက်လာတဲ့ အချိန်ကတည်းက အဲဒီအတိုင်းပဲ။ ကျွန်တော့်စိတ်ဝိညာဉ်တစ်ဝက်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေးကတော့ တောင်တန်းတွေနဲ့ သက်ဆိုင်တဲ့ နာမည်အသစ်တစ်ခုကို ရွေးချယ်ထားတယ်။ အဲဒါက ချွေးတုံရှန်းပဲ။ ဒါပေမယ့် သူ့ကို ချွေးချန်းလို့ ခေါ်ရတာ ပိုကောင်းတယ်လို့ ကျွန်တော်ခံစားမိတယ်။ ချွေးချန်းနဲ့ ချွေးချန်း။ တောင်တန်းနဲ့ မြစ်တွေက ခွဲခြားလို့မရဘူး။ တောင်တန်းနဲ့ မြစ်တွေက တဖြည်းဖြည်း ပေါင်းစပ်သွားရမှာပဲ။ ဒါက နမိတ်ကောင်းတစ်ခုပဲလေ…”
“မင်းက ဘယ်လောက် ဘာလို့ ဒီလောက်တောင် အသက်ကြီးသွားရတာလဲ…”
ဖရိုဖရဲအဘိုးအိုက သူ့ကို ကြည့်ပြီး မေးလိုက်သည်။
ချွေးချန်းက ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်သွားသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် အသက် (၂၀)အရွယ်မှာ အိမ်ကနေ ထွက်လာပြီး အသက် (၂၄) နှစ် အရွယ်မှာ အလယ်မြေနတ်ဘုရားကုန်းမြေကြီးကို သွားခဲ့တယ်။ အဲဒီနောက်မှာတော့ နှစ်ပေါင်း (၁၀၀)လောက် အတွေ့အကြုံမျိုးစုံကို ကြုံခဲ့ရတယ်။ ကျွန်တော့်ရဲ့ဆရာကို သစ္စာဖောက်ခဲ့ပြီး ကျွန်တော်က လောကတခွင် နှစ်ပေါင်း (၃၀) လောက် လှည့်ပတ်သွားလာနေခဲ့တယ်…”
“အရှေ့ပိုင်းကုန်းမြေကြီးကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ ကျွန်တော်က တာ့လီအင်ပါယာမှာပဲ နှစ်ပေါင်းများစွာ ဆက်ပြီးတော့ နေခဲ့တယ်။ ကျွန်တော်က အသက် (၂၀၀) ကျော် ရှိနေပြီ။ ဒါကြောင့် ကျွန်တော်က လူငယ်တစ်ယောက် မဟုတ်တော့ဘူးလေ…”
ဖရိုဖရဲအဘိုးအိုက ခေါင်းခါပြီး ပြောလိုက်သည်။
“ဒါက ငါ မှတ်မိတဲ့ ချန်းချန်း မဟုတ်တော့ဘူး…”
ချွေးချန်းက အပြုံးနှင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“အဘိုး …
အဘိုး သိလား။ အဘိုးက အမြဲတမ်း ဒီအတိုင်းပဲ။ အဘိုးမှန်တယ်လို့ ခံစားရတဲ့ အရာတွေအတွက် အမြဲတမ်း ဒီအတိုင်းပဲ နေခဲ့တာ။ အဘိုးအတွက်တော့ ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူတွေနဲ့ လောကကြီးထဲမှာ ရှိတဲ့ စည်းမျဉ်းတွေ အားလုံးကတောင် အဘိုးရဲ့ပတ်လည်မှာ လှည့်နေသလိုမျိုးပဲ။ အမှန်အတိုင်းပြောရရင် အဘိုး ရူးသွားတဲ့အချိန်ကျမှပဲ အဲဒီလိုအရာတွေက ရပ်တန့်သွားခဲ့တာ။ ကျွန်တော်က နောက်ကွယ်မှာရှိတဲ့ သဘောတရားတွေ ၊ ကံဆိုးမှုတွေကို မသိတဲ့အပြင် ချွေးချန်းက ဘာလို့ အဘိုးကို ပိတ်လှောင်မထားခဲ့လဲဆိုတာ မသိပေမယ့် ဒီနေ့ အဘိုးဆီကို ရောက်လာတာက ကျွန်တော်တို့နှစ်ယောက်လုံးအတွက် အကျိုးအမြတ် ရှိလိမ့်မယ်လို့တော့ ထင်တယ်…”
ဖရိုဖရဲအဘိုးအိုက နောက်တစ်ကြိမ် ခေါင်းခါပြီး ပြောလိုက်သည်။
“ငါက မင်းရဲ့ဆရာကို တွေ့ဖို့ ဒီနေရာကို လာရှာခဲ့တာ…”
“စာသင်သားအိုကြီးလား…”
ချွေးချန်းက အက်ရှရှလေသံနှင့် ပြောလိုက်သည်။
“သူ အရှေ့ပိုင်းကုန်းမြေကြီးထဲကနေ ထွက်သွားတာ အရမ်းကြာပြီ။ သူက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးကို သွားပြီး အဲဒီမှာ ပြဿနာရှာနေတယ်။ အမှန်အတိုင်းပြောရရင် ယင်းရင် ချန်းကလန် မျိုးနွယ်ခေါင်းဆောင်ရဲ့ ပုခုံးပေါ်မှာ ရှိနေတဲ့ နေမင်းတစ်ခုကိုတောင် အဲဒီစာသင်သားအိုကြီးက ခိုးသွားခဲ့သေးတယ်။ အခုဆိုရင် လောကကြီးတစ်ခုလုံးက ဒီကိစ္စကို အံ့ဩဘနန်း အမူအရာနဲ့ ဆွေးနွေးနေကြတာ။ ဒါပေမယ့် သူကတော့ အဲဒါတွေကို လုံးဝ ဂရုမစိုက်ဘူး။ သူက လုံးဝကို လွတ်လပ်ပေါ့ပါးနေတာပဲ…”
ဖရိုဖရဲအဘိုးအိုက အပြုံးနှင့် မှတ်ချက်ပေးလိုက်သည်။
“ချန်းချန်း ငယ်ငယ်တုန်းက မင်းလို စကားမျိုးတွေ လုံးဝမပြောခဲ့ဘူး။ သူက တခြားသူတွေအကြောင်း မကောင်းတာတွေ ပြောချင် ပြောလိမ့်မယ်။ ဒါပေမယ့် အဆုံးမှာတော့ မှတ်ချက်တစ်ခု အမြဲတမ်း ပေးတတ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီလူက သူ့မိသားစုအပေါ် အရမ်းကောင်းတယ်ဆိုတာမျိုးပေါ့။ ဒါမှမဟုတ် ဒီလူက ကဗျာပညာရပ်မှာ အရမ်းကျွမ်းကျင်နေတယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် ..”
“တော်လောက်ပြီ…”
ချွေးချန်းက ကြားဖြတ်ပြီး ပြောလိုက်သည်။
“အဲဒီအရာတွေအားလုံးက အတိတ်မှာ ကျန်နေခဲ့ပြီ။ အခုအချိန် ပြောနေလို့ရော ဘာမှမထူးတော့ဘူး…”
ဖရိုဖရဲအဘိုးအိုက အားရပါးရ ရယ်လိုက်၏။
“တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာတစ်ယောက် ဖြစ်လာရလောက်အောင် အစွမ်းထက်တဲ့ လူတစ်ယောက်ဆိုမှတော့ ကုန်းမြေကြီးတစ်ဝက်လောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်စွမ်းလည်း ရှိမှာပေါ့လေ…”
ချွေးချန်းက နှာခေါင်းရှုံ့၍ သက်ပြင်းချလိုက်မိသည်။
“ဒါကြောင့်လည်း ငါ မင်းကို မမှတ်မိခဲ့တာပဲ..”
ဖရိုဖရဲအဘိုးအိုက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အမူအရာနှင့် ပြောလိုက်သည်။
“ငါ မှတ်မိတဲ့ ချန်းချန်းက မင်း အခုဖြစ်နေတဲ့ ပုံစံနဲ့ အရမ်းကို ကွဲနေတယ်…”
ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး လက်ရန်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
“လူသားတွေရဲ့ နှလုံးသားက ရေလိုပဲလေ။ မလှုပ်ရှားဘူးဆိုရင် ရေသေတစ်ခုလို ပုပ်သွားမှာပေါ့…”
ဖရိုဖရဲအဘိုးအိုက ဖြည်းညင်းစွာ မတ်တပ်ရပ်ပြီး ပြောလိုက်၏။
“မင်းနဲ့အတူပါလာတဲ့ ဓားသမားအပြင် ဒီမြို့ငယ်လေးထဲမှာ နောက်ထပ် အစွမ်းထက်တဲ့ လူ(၂)ယောက် ရှိနေသေးတယ်ဆိုတာ ငါ ပြောနိုင်တယ်။ ဘာလဲ။ သူတို့က မင်းကို ပစ်မှတ်ထားဖို့ ဒီကို ရောက်လာကြတာလား။ ငါက မင်းအတွက် တစ်ခုခုလုပ်ပေးဖို့ လိုတာလား…”
ချွေးချန်းက ခဏကြာ စဉ်းစားသွားခဲ့ပြီး အမှန်တရားတစ်ဝက် အခြေအနေနှင့် ပြန်ပြောလိုက်သည်။
“ဒါကတော့ အဘိုးက ပြည့်စုံကျူပင်ကုန်းမြေကြီးပေါ်က တာအိုကောင်းကင်သခင် တစ်ယောက်ကို သတ်ပစ်နိုင်လောက်တဲ့ သတ္တိရှိလားဆိုတဲ့အပေါ် မူတည်တယ်လေ..”
ဖရိုဖရဲအဘိုးအိုက ပြုံးရုံလေးသာ ပြုံးလိုက်မိသည်။
ချွေးချန်းက အဘိုးအိုကို ပြန်လှည့်ကြည့်လိုက်သည်။ အဘိုးအိုက သူ့ကို မှတ်မိနေသော အခြေအနေနှင့် လုံးဝကို ကွဲပြားနေသလို အဘိုးအို ကိုယ်တိုင်ကလည်း သူ မှတ်မိခဲ့သည့် ပုံစံနှင့် လုံးဝကို ကွဲပြားနေသည်။ ယခင်တုန်းက ချွေးကလန်၏ မျိုးနွယ်ခေါင်းဆောင်က လမ်းလျှောက်တုတ်တစ်ချောင်းနှင့် လှည့်ပတ်သွားလာနေခဲ့ပြီး သူ့ပုံစံက အသက်ကြီးနေပုံရသည်။ ထို့ပြင် သူ့ဆီမှနေ၍ စာသင်သားတစ်ယောက်၏ အငွေ့အသက်မျိုးလည်း ရခဲ့၏။
ဖရိုဖရဲအဘိုးအိုက မျက်လုံးမှိတ်လိုက်သည်။ သူက မြို့ငယ်လေးထဲတွင် လူတချို့၏ အငွေ့အသက်ကို စတင်ရှာဖွေနေခဲ့၏။
…………..
မက်မွန်ရွက်လမ်းကြားထဲတွင် ရှိနေသော ရှဲ့ကလန်၏ စံအိမ်ထဲတွင် ချောင်ကျိကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သည်။ ရှဲ့ရှစ်က သူ့ကို ရှဲ့ကလန်နှင့် မိတ်ဆက်ပေးရန် စိတ်ကူးမရှိခဲ့ပေ။ ချောင်ကျိကလည်း သူ၏အားနည်းချက်ကို ပြသလိုခြင်း မရှိချေ။ ထို့ကြောင့် ရှဲ့ကလန်တွင် အလွန်ချမ်းသာကြွယ်ဝသော အဘိုးကြီးက တောင်ပိုင်းဝဲကတော့ကုန်းမြေတွင် မြေပြင်ဓားအင်မော်တယ် တစ်ယောက်ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။
ရှဲ့ရှစ်က တာ့လီအင်ပါယာ တော်ဝင်နန်းဆရာ၏ အကြောင်းပြန်ချက်ကို စောင့်နေခြင်းဖြစ်သည်။ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ဟယ်ရှောင်လျန့် ၊ အစစ်အမှန် စစ်တောင်တန်းမှ မာခူရွှမ်နှင့် မြို့ငယ်လေးမှ လီကျိရှန်တို့ကို သူ့ဆီသို့ လက်လွှဲပေးရမည်ဖြစ်သည်။
ရှဲ့ကလန်က ချောင်ကျိ၏ အစစ်အမှန်နောက်ကြောင်းနှင့် ပတ်သက်ပြီး မသိသော်လည်း သူတို့၏ ဘိုးဘေးအိုကြီးဖြစ်သော ရှဲ့ရှစ်၏ မိတ်ဆွေ တစ်ယောက် ဖြစ်နေသည့်အတွက် သူ့ကို တလေးတစား ဆက်ဆံရန် လုံလောက်သည်။ သူတို့က သူ့ကို ရန်မစရဲကြပေ။
သူတို့က ခန်းမကြီးထဲတွင် ထိုင်ပြီး ရေနွေးသောက်နေသည့်အချိန်တွင် ချောင်ကျိက ဆိုင်းဘုတ်ထဲတွင် ဝင်ပုန်းနေကြသော ချစ်စရာကောင်းသည့် အမွှေးတိုင်ဝိညာဉ် တစ်စုံကို သေချာကြည့်လိုက်မိသည်။
ချောင်ကျိ၏သဘောထားကြောင့် ရှဲ့ရှစ်က စိတ်ရှုပ်သွားခဲ့ပြီး မောင်းထုတ်ရန် ပြင်လိုက်သည်။ သို့သော် တစ်ချိန်တည်းလိုလိုပင် သူတို့နှစ်ယောက်က အနောက်တောင်ဘက်ကို လှည့်ကြည့်လိုက်မိ၏။
ချောင်ကျိက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ပုံစံက လူတစ်ယောက်၏ ကံဆိုးမှု အကြောင်းကို ဝမ်းမြောက်ဝမ်းသာ ပြောချင်နေပုံရသည်။ ထိုအချိန်တွင် ရှဲ့ရှစ်ကတော့ အပေါ်ယံတွင် ပုံမှန်အတိုင်းဖြစ်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် အံ့သြသွားခဲ့၏။ ထိုအရာက အဆင့်(၉) အထွဋ်အထိပ်တွင် ရှိနေသော သိုင်းပညာရှင်တစ်ယောက်၏ အငွေ့အသက်ဖြစ်သည်။
မြို့ငယ်လေး၏ အနောက်မြောက်ဘက်တွင် ရှိနေသော တောင်တန်းကြီးများထဲရှိ တစ်နေရာမှနေ၍ လူတစ်ယောက်က မြို့ငယ်လေးတစ်မြို့လုံးကို လိုက်လံကြည့်ရှုနေခြင်းဖြစ်သည်။ အဆုံးတွင်တော့ သူက ရှဲ့ရှစ်ကို အာရုံစိုက်မိသွား၏။ ရှဲ့ရှစ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဓားအင်မော်တယ် ချောင်ကျိကလည်း သူ၏လက်ကောက်ကို မြစ်တစ်စင်းအဖြစ်မှ ဓားပျံတစ်ခုအဖြစ် ဖန်တီးလိုက်သည်။
မက်မွန်ရွက်လမ်းကြားထဲတွင် တိတ်တဆိတ် ပေါ်လာသော လူငယ်ဓားသမား တစ်ယောက်လည်း ရှိ၏။ သူကတော့ တခြားလူမဟုတ်ဘဲ မိုအတွေးအခေါ်ဂိုဏ်းမှ ကျင့်ကြံသူ ရှုယောင်ဖြစ်သည်။ သူက နောက်ကျောတွင် ဓားကို ကိုင်ပြီး လျှောက်လာခဲ့၏။
သူ့ကို အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် လူအတော်များများက မသိကြပေ။ သို့သော် အလယ်မြေနတ်ဘုရားကုန်းမြေကြီးထဲတွင်တော့ သူက အလွန်အမင်းကို နာမည်ကျော်ကြားသည်။ ထိုသို့ဆိုရာတွင် အလယ်မြေနတ်ဘုရားကုန်းမြေကြီးမှ လူအများစုကပင် ရှုယောင်၏ဓားပညာက ခုခံမှုကိုသာ အလေးထားပြီး တိုက်ခိုက်မှုကို အလေးမထားဟုသာ သိထားကြသည်။
သူ၏ဓားသိုင်းပညာက အလွန်နူးညံ့သိမ်မွေ့ပြီး ရိုးရှင်း၏။ သူ၏ဓားစွမ်းရည်များက နက်ရှိုင်းပြီး သူ၏ ဓားဆန္ဒများက ခိုင်မာသည်။ သူက ခုခံမှုစွမ်းရည်အရ အလွန်အမင်းကို နာမည်ကျော်ကြား၏။ သို့သော် ရှုယောင်၏အစွမ်းထက် ဓားပညာက ရန်သူများကို သတ်ဖြတ်ရန်လည်း အသုံးပြုနိုင်ကြောင်း လူအနည်းစုကသာ သိထားကြသည်။ သူက ခုခံမှုတစ်ခုတည်းကိုသာ အလေးထားရန် မည်သို့ ဖြစ်နိုင်မည်နည်း။
မိုအတွေးအခေါ် ကျင့်ကြံသူများက လောကတခွင်လုံး သွားလာနေကြပြီး သူတို့၏ ရည်ရွယ်ချက်က အစွမ်းထက်သူကို ဖိနှိပ်၍ အားနည်းသူကို ကူညီရန်ဖြစ်သည့်အတွက် သူတို့၏ အဖျက်စွမ်းရည်နှင့် လူသတ်စွမ်းရည်များက သေချာပေါက် မနိမ့်ပေ။ ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် ဖြစ်စေ၊ တိုက်ပွဲထဲတွင် ဖြစ်စေ သူတို့က အတူတူသာ ဖြစ်သည်။
ထို့ကြောင့် အတွေးအခေါ်(၁၀၀)ကျောင်းများထဲတွင် စစ်ကျောင်းကျင့်ကြံသူများအပြင် မိုအတွေးအခေါ်ကျင့်ကြံသူများက တန်ဖိုးအထားခံရဆုံးလူများ ဖြစ်ကြသည်။ ယခု အနိမ့်ဆုံး အဆင့်(၉) အထွဋ်အထိပ်ရှိနေသော သိုင်းပညာရှင်တစ်ယောက်က တောင်တန်းများထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ထို့ပြင် သူက ပြဿနာရှာရန် အဆင်သင့်ဖြစ်နေပြီး သူက ရှဲ့ရှစ်အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေပုံရသည်။
ထို့ပြင် ရှဲ့ရှစ်က လက်ရှိရပ်တည်ချက်ကို မသိရသေးသော သူတော်စင်ရွမ်ချုံကိုလည်း စဉ်းစားရန် လိုအပ်နေသေးသည်။ ရှဲ့ရှစ်က ရေနွေးတစ်ငုံ သောက်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ သူက ရေနွေးခွက်ကို စားပွဲပေါ်သို့ ပြန်ချတော့မည့်အချိန်တွင် ခြံဝင်းထဲရှိ ကောင်းကင်ကြီးပေါ်မှနေ၍ စာဝါလေးတစ်ကောင် ရုတ်တရက်ဆင်းလာခဲ့သည်။ ကိစ္စရပ်ပေါင်းများစွာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
ချစ်စရာကောင်းပြီး သေးငယ်သော စာဝါလေးက ရှဲ့ရှစ်၏ ပခုံးပေါ်တွင် ရပ်နားလိုက်ပြီး သူ၏အဝတ်အစားများကို နှုတ်သီးနှင့် ထိုးလိုက်သည်။ ချန်းပင်အန်းက ထိုစာဝါလေးကို မြင်ခဲ့ဖူး၏။ ချီကျင့်ချွန်လည်း အတူတူသာဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် မြို့ငယ်လေးထဲ၌ နေထိုင်သူအများစုက ထိုစာဝါလေးကို မြင်ခဲ့ဖူးကြ၏။
ချောင်ကျိ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခု ပေါ်လာပြီး တခဏအတွင်း သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ အဆုံးတွင်တော့ သူ၏မျက်နှာပေါ်မှ ချွေးသီးချွေးပေါက်များ ကျလာပြီး ပြုံးနေသော သူ၏မျက်နှာကလည်း ဖြူဖတ်ဖြူရော် ဖြစ်လာခဲ့၏။ သူက လေးစားကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
ရှုယောင်က သက်ပြင်းချလိုက်မိပြီး သူ၏ဓားလက်ကိုင်ပေါ်မှ လက်ကို ဖယ်ရှားလိုက်၏။ သူက ဓားကို ဆွဲထုတ်သည်ဖြစ်စေ၊ ဆွဲမထုတ်သည်ဖြစ်စေ ကွဲပြားမှုမရှိတော့ကြောင်း ခံစားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ ရလဒ်က အတူတူသာဖြစ်၏။ သူက အနည်းငယ် နှေးကွေးနေသေးသည်။
ရွမ်ချုံက ခဏတာ လှုပ်ရှားသွားခဲ့ပြီး သံထုလုပ်ခြင်းကိုသာ ဆက်၍ အာရုံစိုက်နေခဲ့၏။
လော်ပိုတောင်ပေါ်တွင် ရှိနေသော ဝါးအဆောက်အဦးထဲ၌ ထိုင်နေသည့် ဖရိုဖရဲအဘိုးအိုကသာ အားရပါးရ ရယ်လိုက်သည်။ သူ့ဆီတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေခဲ့လေ၏။
Translated by Hein Htet.