အခန်း (၂၁၉)
Vol. 15 Ch. 219
စာဝါလေးက ရှဲ့ရှစ်၏ ပုခုံးပေါ်တွင် ရပ်နားလိုက်ပြီးနောက် သူက ရေနွေးခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး စိုးရိမ်စရာများကို ဘေးဖယ်ထားလိုက်သည်။ သူက အားရပါးရ ရယ်ပြီး မေးလိုက်၏။
“တာ့လီအင်ပါယာက ဧည့်သည်ကို ဒီလိုမျိုးပဲ ကြိုဆိုတာလား…”
ချောင်ကျိက အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားလိုက်ရသည်။ သူက ရှဲ့ရှစ်ကို အမှန်တကယ် သတ်ပစ်ချင်နေပြီး နောက်ကွယ်မှ ထောက်ပံ့ပေးနေသော အစွမ်းထက် တာအိုကျင့်ကြံသူကို ဖော်ထုတ်ချင်နေခဲ့သည်။
လက်ရှိအချိန်တွင် အရာအားလုံးက ဖရိုဖရဲ ဖြစ်နေခဲ့၏။ တောင်ပိုင်း ဝဲကတော့ ကုန်းမြေကြီးမှ ယင်းရင် ချန်းကလန်၊ မြို့ငယ်လေးမှ သူတော်စင် ရွမ်ချုံ၊ အရှေ့ပိုင်း ကုန်းမြေကြီးထဲတွင် ရှိနေသော စစ်ကျောင်း ရှေးဟောင်းကျောင်းဆောင်နှစ်ခုဖြစ်သည့် ဖုန်းရွှယ်ကျောင်းဆောင်နှင့် အစစ်အမှန်စစ်တောင်တန်း၊ တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် အမည်မသိ စွမ်းအားများ ရှိနေသော ကျောက်စိမ်းဖြူမြို့တော်၊ တာ့လီအင်ပါယာမှ အလွန်ကောက်ကျစ်ဉာဏ်များသော တော်ဝင်နန်းဆရာ ချွေးချန်း အစရှိသည့်အရာများ ဖြစ်ကြသည်။
ချောင်ကျိကသာ သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်ကို ပေးထားသော ကတိတည်နိုင်မည်ဆိုလျှင် သူ၏ကိုယ်ပိုင် အသက်ကြွေထည်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ပါလိမ့်မည်။ သူတို့၏ မျိုးဆက်များ ကြားထဲတွင်လည်း မင်္ဂလာပွဲတစ်ခု ကျင်းပပေးနိုင်မည် ဖြစ်၏။ ထို့နောက် သူက ထိုပြဿနာထဲမှ ရှောင်ထွက်ရန် အခွင့်အရေးတစ်ခု ရှာဖွေပြီး ဘေးဘက်မှနေ၍ ပြဿနာများကို အေးအေးဆေးဆေး ကြည့်နေနိုင်သည်။
အကယ်၍ ကောင်းကင်ဘုံက ပြိုလဲသွားမည်ဆိုလျှင်ပင် အခြားသော အစွမ်းထက် ပညာရှင်များက အရင်ဆုံး ခုခံကြရပါလိမ့်မည်။ ထိုနေရာတွင် အကျိုးအမြတ်များစွာ ရှိနေပြီး အဆိုးရွားဆုံး အခြေအနေရောက်သွားလျှင်ပင် နောက်ပိုင်း သူက ပင်လယ်ဖိနှိပ်ကျောင်းဆောင်ထဲတွင် ရိုးရှင်းစွာ ပုန်းအောင်းနေနိုင်မည် ဖြစ်သည်။ သို့သော် ရှဲ့ရှစ်နှင့် ပထမဆုံး ရင်ဆိုင်ရသည့်သူက သူ မဖြစ်ချင်ပေ။
အလွန်ဗဟုသုတပြည့်စုံသော ရှုယောင်က စာဝါလေး တည်ရှိမှုကို သတိထားမိခဲ့ပြီးနောက် သူ့ဓားကို ဆွဲထုတ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ သို့သော် ရှဲ့ရှစ်၏ မှတ်ချက်ကို ကြားလိုက်ရပြီးနောက် သူ့ရင်ထဲတွင် မကျေမနပ် ဖြစ်လာပြီး သူ၏ ဓားလက်ကိုင်ပေါ်သို့ နောက်တစ်ကြိမ် လက်တင်လိုက်သည်။
မိုအတွေးအခေါ်ဂိုဏ်းမှ ပညာရှင်က မက်မွန်ရွက်လမ်းကြားထဲတွင် ဖြည်းညင်းစွာ လျှောက်လာနေရင်း ရှဲ့ကလန်၏ စံအိမ်အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။ သူက လမ်းလျှောက်နေရင်း ပြောလိုက်၏။
“တာ့လီအင်ပါယာက ဧည့်သည်တွေကို ဘယ်လိုကြိုဆိုလဲဆိုတာ မင်း ငါ့ကို မှတ်ချက်ပေးဖို့ မလိုဘူး။ တကယ်လို့ တိုင်းပြည်က မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် နဂိုကတည်းက ကျစ်ကွေးက ဒီမြို့ငယ်လေးထဲမှာ ပေါ်လာမှာ မဟုတ်ဘူး…”
“ခံစားချက်တွေကို ဖယ်ပြီး ဆင်ခြင်တုံတရားနဲ့ပဲ စဉ်းစားကြည့်လိုက်စမ်းပါ။ တာ့လီအင်ပါယာက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာမှ မဟုတ်ပဲလေ။ တစ်ဖက်မှာတော့ မင်း ရှဲ့ရှစ်က ဆက်သွယ်ရေးစခန်းထဲမှာ စကားပြောတဲ့အချိန် တော်တော်လေး မောက်မာတယ်။ မင်းက တာ့လီအင်ပါယာကိုလည်း အလေးအနက်မထားဘူး။ ဘာလဲ… မင်းက ဘိုးဘေးတွေရဲ့ အထောက်အပံ့ကို အားကိုးပြီး မင်းရဲ့မာနကို ပြချင်နေတာလား။ ကောင်းပြီလေ။ ငါ မင်းကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ စိန်ခေါ်မယ်။ ဒါက ငါ ရှုယောင်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်…”
ရှုယောင်က ရှဲ့ကလန်၏ စံအိမ်ရှေ့တံခါးဆီသို့ လျှောက်သွားပြီး အပြုံးနှင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ငါတို့ မိုအတွေးအခေါ်ဂိုဏ်းက တပည့်တွေရဲ့ စကားလုံးက ရွှေထက်ပိုပြီး တန်ကြေးရှိတယ်။ အခု ငါ မင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်မယ်။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် သေသွားတဲ့အချိန်ကျရင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်။ နောက်ပိုင်းကျရင်လည်း တာ့လီအင်ပါယာနဲ့ မိုအတွေးအခေါ်ဂိုဏ်းက အကြီးအကဲတွေ တစ်ယောက်မှ မင်းကို ပြဿနာလာရှာမှာ မဟုတ်ဘူး…”
ချွေးချန်း၊ ချောင်ကျိ၊ ရွမ်ချုံ၊ ရှုယောင်နှင့် အမည်မဲ့သိုင်းပညာရှင်….
ယခုမြို့ငယ်လေးထဲတွင် အလွန်အစွမ်းထက်သော ပညာရှင်ပေါင်းများစွာ ပြည့်နှက်နေခဲ့သည်။ ထို(၅)ယောက်က အစွမ်းထက်ဆုံးဖြစ်၏။ သူတို့က ရှဲ့ရှစ်၏ ပတ်ပတ်လည်တွင် မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဝန်းရံနေကြသည်။ နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် ရှုယောင်က အရင်ဆုံး ရှေ့ထွက်ပြီး ရှဲ့ရှစ်ကို စိန်ခေါ်ရန် ဖြစ်နိုင်ချေ အနည်းဆုံး လူတစ်ယောက် ဖြစ်သည်။
သို့သော် အဆုံးတွင်တော့ အလွန်သဘောကောင်းပုံရသော မိုအတွေးအခေါ်ဂိုဏ်းမှ ကျင့်ကြံသူက သူ့ဓားကို ဆွဲထုတ်ပြီး ရှဲ့ရှစ်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်ခဲ့သည်။ သူက တာအိုကောင်းကင်သခင်၏ ထိပ်သီးအစွမ်းများကို ကိုယ်တိုင် မြင်တွေ့ချင်နေခဲ့၏။
ရှဲ့ရှစ်က မျက်မှောင်ကြုတ်လိုက်ပြီး စံအိမ်ရှေ့တံခါးကို လှမ်းကြည့်လိုက်သည်။
“ရှုယောင်…
မင်း တကယ်ပဲ ငါနဲ့ တိုက်ခိုက်ချင်တာလား…”
သူက တည်ငြိမ်စွာ မေးလိုက်သည်။
ရှုယောင်က သူ့ဓား၏ လက်ကိုင်ကို ပုတ်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ငါက အစစ်အမှန် ဓားသိုင်းကွက်တစ်ခု တိုက်ခိုက်ခဲ့တာ နှစ်ပေါင်း (၆၀)တောင် ကြာခဲ့ပြီ။ ငါက ဒီရည်ရွယ်ချက်နဲ့ ဓားကို (၂)ချောင်း (၃)ချောင်းလောက်ထိ အားဖြည့်ထားခဲ့တာ။ ဒါက ငါ့အတွက် လုံလောက်ပြီ။ ငါက ကောင်းကင်သခင်ရှဲ့ကို သေချာပေါက် စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ယုံကြည်ချက်ရှိတယ်…”
ရှားရှားပါးပါးအနေနှင့် ရှဲ့ရှစ်က အကြပ်အတည်းတစ်ခုထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူတို့နှစ်ယောက်၏ ကြားထဲတွင် ပဋိပက္ခများ ရှိနေမည်ဆိုလျှင် ၊ အကယ်၍ ထိုအရာကသာ ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်၌ ဆိုလျှင် သူက တိုက်ခိုက်ရန် အလွယ်တကူ သဘောတူခဲ့မည်ဖြစ်၏။
သို့သော် ယခုတော့ သူက တာ့လီအင်ပါယာ၏ တောင်ဘက်သို့ ရောက်လာခဲ့သည့်အတွက် အကြောင်းအရာများက ထိုမျှ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ ရှဲ့ရှစ်က ထိုအရာများ လုပ်ဆောင်ရန် သူ၏မသိစိတ်ကို ဆန့်ကျင်နေသည်မှာ ပြဿနာကို သေချာနားလည်ထားခြင်းကြောင့် ဖြစ်သည်။
ကုန်းမြေကြီးတစ်ခု၏ တာအိုသခင် တစ်ယောက် ဖြစ်သည့်အတွက် မွေးရပ်မြေရှိနေသော တောင်ပိုင်းသို့ ခရီးလမ်းတွင် အရှက်ခွဲခံရနိုင်ချေနှင့် သူ၏အသက်ကြွေထည်ကို သုံးပြီး တစ်ယောက်ယောက်က ခြိမ်းခြောက်နိုင်ချေရှိသည် မဟုတ်ပေလော။
ရှဲ့ရှစ်၏ ကံဆိုးကြောင့် ချောင်ကျိက အနည်းငယ် ကျေနပ်သွားသည်။
ရှုယောင်က အကြောင်းအကျိုး၊ သဘောတရားနှင့် အလွယ်တကူ ဖြောင်းဖြ၍ ရနိုင်သော လူတစ်ယောက်ဟု လူသိများသည်။ သို့သော် သူ့ကို အတင်းအကျပ် လုပ်ဆောင်၍ မရနိုင်ပေ။ ဤကမ္ဘာကြီးထဲရှိ ခရီးသွားကျင့်ကြံသူများထဲတွင် သူက လွယ်ကူရိုးရှင်းပြီး သဘောကောင်းသူတစ်ယောက် ဖြစ်သည်။ သူ မည်မျှအစွမ်းထက်ကြောင်း၊ သူ၏ကျင့်စဉ်အဆင့်က မည်မျှမြင့်မားကြောင်း၊ သူ၏နောက်ခံက မည်မျှကြီးကျယ်ခမ်းနားလဲဟူသည်မှာတော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ်သာ ရှိနေသေးသည်။
သို့သော် တောင်ပေါ်တွင် ရှိနေသော ကျင့်ကြံသူများနှင့် တောင်တန်းများ အပြင်ဘက်တွင် နေထိုင်သော ကျင့်ကြံသူများ အားလုံးက အကြောင်းအရာတစ်ခုကို ယုံကြည်နေကြသည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်ကသာ အချိန်ကြာမြင့်စွာ အသက်ရှင်နေမည်ဆိုလျှင် နာမည်ဂုဏ်သတင်းတစ်ခု တည်ဆောက်နိုင်ပြီး ကောင်းမွန်သော စိတ်ထားတစ်ခု ရှိနေနိုင်သေးသည်။ သို့သော် သူတို့က ဒေါသထွက်ပြီး စိတ်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်မျိုးတွင် အလွန်အမင်းကို ကြောက်စရာ ကောင်းလာနိုင်၏။
ထိုအချိန်တွင် ရှဲ့ကလန်၏ စံအိမ်ထဲ၌ အကြီးအကဲတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
“ရှုယောင်…
ဒီအဘိုးကြီးနဲ့ မတိုက်ခိုက်နဲ့။ ရှဲ့ရှစ် … ဟုတ်တယ် မဟုတ်လား။ သူ့ကို ငါပဲ ရင်ဆိုင်လိုက်မယ်။ ငါက သူ့ကို လေ့ကျင့်ဖို့အတွက် အသုံးချလို့ရတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒါက အဆင့် (၁၀)ကို ပြန်ရောက်လို့ အောင်ပွဲခံတာလို့ သတ်မှတ်နိုင်တယ်။ တကယ်လို့ ငါ့ရဲ့ပြိုင်ဘက်က လုံလောက်အောင် အစွမ်းမထက်ဘူးဆိုရင်တော့ ငါက စိတ်နှစ်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး…”
“တကယ်လို့ ငါက အားနည်းတဲ့လူကို ရွေးပြီး အရေအတွက်နဲ့ အခွင့်အရေးယူတယ်လို့ ခံစားရတယ်ဆိုရင် မင်းရဲ့နောက်ကွယ်ကလူကို လှမ်းခေါ်လိုက်ပါ။ ငါ့စိတ်ထဲမှာ ဘာမှမရှိဘူး။ ငါက မင်းကို ထောက်ပံ့ပေးတဲ့လူနဲ့လည်း တိုက်ခိုက်လို့ရတယ်။ ရှုယောင်လိုပဲ ငါတို့က ဒါကို ကိုယ်ရေးကိုယ်တာ တိုက်ပွဲအဖြစ်ပဲ သတ်မှတ်မယ်။ ငါတို့ရဲ့သေရေးရှင်ရေးကို ကိုယ်တိုင်ပဲ တာဝန်ယူမယ်..”
ရှဲ့ရှစ်၏ပုခုံးပေါ်တွင် နားနေသော စာဝါလေးက ကျီကျီကျာကျာနှင့် သာယာနာပျော်ဖွယ် အော်မြည်နေခဲ့သည်။
ရှဲ့ရှစ်က အသံကို သေချာနားထောင်ပြီး အပြုံးနှင့် ကြေညာလိုက်၏။
“အစမှာ ကျွန်တော်က လှိုက်လှိုက်လှဲလှဲမရှိခဲ့ဘူးလို့ အကြီးအကဲက ပြောတယ်။ ကျွန်တော်က မမောက်မာသင့်ဘူး။ အခု သူက လုံချွမ်စီရင်စုကို အမြန်ခရီးနှင်လာနေပြီ။ သူက တာ့လီအင်ပါယာရဲ့ပြဿနာတွေကို ကိုယ်တိုင် ကူညီပေးမယ်လို့ ပြောခဲ့တယ်…”
ရှဲ့ရှစ်က အကြီးအကဲ၏ သတင်းစကားကို လူတိုင်းသိအောင် ပြောပြလိုက်သည်။ ထိုနေရာကို ရောက်သည့်အချိန်တွင် သူ၏မျက်နှာအမူအရာက အနည်းငယ် ငြိမ်သက်သွားခဲ့၏။ သူက အကြီးအကဲ၏ အားနည်းချက်ကို တခြားသူများသိအောင် မထုတ်ဖော်သင့်ကြောင်း နားလည်သွားပြီးနောက် အလျင်အမြန် ပြင်ဆင်ပြီး ဆက်ပြောလိုက်သည်။
“သူက တာ့လီအင်ပါယာကို ကူညီပြီး ကျောက်စိမ်းမိန်းမပျို ဟယ်ရှောင်လျန့်ကို ကိုယ်တိုင် ခေါ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက ပြဿနာရှာမှာ မဟုတ်တော့ဘူး။ ဒါက ငါတို့ရဲ့သဘောထားပဲ..။ ဒါကြောင့် တာ့လီအင်ပါယာက အစစ်အမှန်စစ်တောင်တန်းကိုပဲ အာရုံစိုက်ဖို့ လိုတယ်..”
ချောင်ကျိက ထိုအကြောင်းကို ခဏကြာ စဉ်းစားနေပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိခဲ့သည်။ သို့သော် သူက ရှဲ့ရှစ်၏စကားထဲတွင် ပြဿနာ ရှာမတွေ့ခဲ့ချေ။
ရဲှဲ့ရှစ်က စံအိမ်ရှေ့တံခါးကို လှမ်းကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ အပြုံးနှင့် ပြောလိုက်သည်။
“တကယ်လို့ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် ဒီကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ ငါ မင်းကို သေချာပေါက် ဖျော်ဖြေပေးမယ်…”
ထို့နောက် သူက လော်ပိုတောင်နှင့် ဝါးအဆောက်အဦး တည်ရှိနေသော အနောက်တောင်ဘက်ရှိ တောင်တန်းများရှိရာကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“တကယ်လို့ ဆရာကြီးက ကျွန်တော့်ရဲ့အကြီးအကဲနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ကျွန်တော် ရှဲ့ရှစ်ကို အရင်ဆုံး ကျော်ရလိမ့်မယ်။ ဆရာကြီးက ဒီကိစ္စကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒါက ဆရာကြီးကို အထင်သေးတယ်လို့ ယူဆတယ်ဆိုရင်တော့….”
ရှဲ့ရှစ်က လက်သီးနှစ်ဖက်ကို ရုတ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ရယ်ပြီး ဆက်ပြောလိုက်၏။
“ဒါဆိုလည်း ဆရာကြီးရဲ့သဘောပါပဲ..။ ဒါက ဆရာကြီးကို အထင်သေးတာလို့ ယူဆနိုင်ပါတယ်…”
သူက နောက်ဆုံး မှတ်ချက်တစ်ခု ပြောလိုက်သည်။
“ဒီကိစ္စတွေ ပြီးသွားတဲ့အချိန်ကျရင် ကျွန်တော် သေချာပေါက် ဆရာကြီးကို ဖျော်ဖြေပေးပါ့မယ်…”
လော်ပိုတောင်ပေါ်တွင် ရှိနေသော ဝါးအဆောက်အဦးထဲတွင် ဖရိုဖရဲအဘိုးအိုက ချွေးချန်းကို အပြုံးနှင့် ကြည့်လိုက်သည်။
“ဘယ်လိုလဲ။ ဘယ်အချိန်မှာ ငါက လှုပ်ရှားရမှာလဲ…”
သူက မေးလိုက်သည်။
“တကယ်လို့ ဒါက သာမန်ကိစ္စတစ်ခုဆိုရင်တော့ ငါက ဒီလောက်ထိ သည်းခံနေမှာ မဟုတ်ဘူး…”
ချွေးချန်းက မလှုပ်မယှက် ရပ်နေပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ပြန်လည်စဉ်းစားနေသည့်အလား လက်မနှင့် လက်ချောင်းလေးများကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“အလျင်လိုဖို့ မလိုပါဘူး။ ဒီကိစ္စမှာ စီးပွားရေးအရ ဆွေးနွေးဖို့ ရှိသေးတယ်။ ရှဲ့ရှစ် လုပ်နေတဲ့အရာတွေက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲလေ။ ကျွန်တော်က ဘုရင်ကြီး အပေးအယူ ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အဘိုးရဲ့ အဆင့် (၉) ကျင့်ကြံမှုကို ငှားသုံးချင်ရုံ သက်သက်ပဲ။ သူ့ရဲ့နောက်ခံက နောက်ကို တစ်လှမ်းဆုတ်ဖို့ ပြောပြီးသွားပြီဆိုမှတော့ တာ့လီအင်ပါယာက ရှဲ့ရှစ်ကို ပစ်မှတ်ထားဖို့ မလိုတော့ဘူး…”
“ရှဲ့ရှစ်က နောက်ပိုင်း ကန်ကြည့်ကျောင်းတော်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ တောင်တန်းတွေကို စောင့်ကြပ်ဖို့ လိုအပ်နေသေးတယ်။ ဒီတော့ ကျွန်တော်တို့က ဒီတာအိုကောင်းကင်သခင်ကို ဒဏ်ရာရအောင် လုပ်လို့မရဘူး။ ကျွန်တော် ဒီတောင်ပေါ်ကနေ ထွက်သွားပြီးသွားရင် ရှုယောင်နဲ့ စကားပြောပြီး သူ့ကို မဆင်မခြင် မလုပ်ဖို့ တိုက်တွန်းရဦးမယ်….”
“ဒါက နည်းနည်းတော့ ခေါင်းကိုက်ဖို့ကောင်းတယ်။ ရှုယောင်မှာ ဘာဆန္ဒမှ မရှိဘူး။ သူ့ရဲ့စိတ်စွမ်းအားက အရမ်းပြင်းထန်တယ်။ ဒါ့ကြောင့် သူ့ခေါင်းထဲမှာ ဆုံးဖြတ်ပြီးသွားပြီဆိုရင် ကျွန်တော် ကိုယ်တိုင်တောင် ခေါင်းကိုက်ရနိုင်တယ်…”
ဝရံတာတွင် ရပ်နေရင်း ခြေဗလာနှင့် ဖရိုဖရဲအဘိုးအိုက ချွေးချန်းကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ချန်းချန်း…
မင်းက ဒီလိုမျိုး မဖြစ်သင့်ဘူး…”
ချွေးချန်းက အဝေးကို လက်ညှိုးထိုးပြပြီး ခနဲ့သလို ပြောလိုက်၏။
“ကျွန်တော့်နာမည်က ချွေးချန်း။ အဘိုးရဲ့မြေး ချွေးချန်းက တာ့ဆွေတိုင်းပြည်ထဲမှာ ရှိတယ်။ သူ့ရဲ့ရုပ်ရည်က ကောင်လေးတစ်ယောက်ရဲ့ပုံစံမျိုး ရှိတဲ့အပြင် သူက ကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားမျိုးတောင် ရှိတယ်။ သူ့ကိုတော့ အဘိုး သဘောကျမှာပါ…”
ထိုအချိန်တွင် ချွေးချန်း၏ ခံစားချက်များက အဆိုးဆုံး အခြေအနေသို့ ရုတ်တရက် ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ထွက်လာခဲ့စမ်း…”
ရုတ်တရက် သူ၏အော်ဟစ်သံကြောင့် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က ကြောက်လန့်တကြား တုန်လှုပ်သွားခဲ့ကြသည်။ အမှန်အတိုင်း ပြောရလျှင် စိမ်းပြာဝတ်ကောင်လေးက အလွန်ကြောက်လန့်သွားသည့်အတွက် ခြေထောက်နှစ်ဖက်ပင် ပျော့ခွေသွားသလို ခံစားလိုက်ရ၏။
“ငါက စိတ်ထဲက အော်သံကိုတောင် မခံနိုင်ဘူးလား။ ငါက အဲဒါကိုတောင် မကြားနိုင်တာလား။ ကွန်ဖြူးရှပ်သူတော်စင်တွေက ဘယ်အချိန်တုန်းကများ ဒီလောက်ထိ အစွမ်းထက်သွားရတာလဲ…”
ဝါးအဆောက်အအုံ၏ အပြင်ဘက်တွင် ရှိနေသော လမ်းကျဉ်းလေးဆီမှ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူက အလွန်ချောမောခန့်ညားပြီး အသက် (၃၀) ဝန်းကျင်သာ ရှိသေးသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော် သူ့ဆီမှနေ၍ အလွန်မာကျောပြီး ရေခဲတုံးနှင့် အလားသဏ္ဍာန် တူညီသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာနေခဲ့သည်။ သူက အလွယ်တကူ ရင်ဆိုင်၍ မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း သိသာနေ၏။
သူက ယုံကြည်ချက်ရှိသော အမူအရာနှင့် ဝါးအဆောက်အဦးဆီသို့ လျှောက်လာပြီး ဒုတိယထပ်ကို မော့ကြည့်၍ ပြောလိုက်သည်။
“ချွေးကလန်က ဧည့်သည်အကြီးအကဲ စွန်းရှုကျန်း.. တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာကို အရိုအသေပေးပါတယ်။ မျိုးနွယ်ခေါင်းဆောင်ချွေးကို အရိုအသေပေးပါတယ်…”
ချွေးချန်း၏ မျက်လုံးထဲတွင် မကျေမနပ်ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ပန်းကန်လုံးနဲ့ ဘုန်းတော်ကြီးက မင်းအတွက် တစ်ကြိမ် တားပေးခဲ့တယ်။ အဲဒါက မင်းအသက်ကို တစ်ကြိမ် ကယ်တင်လိုက်တာနဲ့ အတူတူပဲ။ ဒါတောင် မင်းက ဒီနေရာကို လာရဲသေးတာလား…”
ထိုအချိန်တွင် ချွေးချန်းက ဖရိုဖရဲအဘိုးအိုဆီသို့ လာရောက်ရန်အတွက် ဆက်သွယ်ရေးစခန်းမှ တိတ်တဆိတ် ထွက်လာခဲ့သည်။သူ ရောက်လာသည့် အချိန်တွင် တစ်နေရာ၌ ပုန်းနေသော စွန်းရှုကျန်းကို သတိထားမိခဲ့၏။ သို့သော် ချွေးချန်း မလှုပ်ရှားခင် ဘုန်းတော်ကြီး ရောက်လာခဲ့သည်။ သူက ချွေးချန်းနှင့် ချွေးကလန် ဧည့်သည်အကြီးအကဲတို့၏ ကြားထဲတွင် ရပ်နေခဲ့သည်။ ထို့ကြောင့် ချွေးချန်းက သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ထားခဲ့၏။ သူက မလိုအပ်ဘဲ ဘုန်းတော်ကြီးနှင့် ပြဿနာ မဖြစ်ချင်ပေ။
စွန်းရှုကျန်း၏အမူအရာက တည်ငြိမ်ပြတ်သားသည်။ သူက လက်သီးဆုပ်ပြီး ခေါင်းမော့၍ တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာကို စိုက်ကြည့်လိုက်၏။
“မျိုးနွယ်ခေါင်းဆောင်ကို စောင့်ကြည့်ဖို့ ချွေးကလန်က လူတစ်ယောက် အမြဲလွှတ်ထားတယ်။ ဒီတာဝန်ကို (၁၀)နှစ်တစ်ကြိမ် လူသစ်တစ်ယောက်ဆီ လွှဲပေးတယ်။ ဒါကလည်း မျိုးနွယ်ခေါင်းဆောင်ကို တခြားလူတွေ ထိခိုက်အောင် လုပ်တာတွေကနေ ကာကွယ်ပေးဖို့ပါပဲ..”
“လက်ရှိကျွန်တော်က မျိုးနွယ်ခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။ မျိုးနွယ်ခေါင်းဆောင်က သတိမပေးဘဲ တောင်ပိုင်းနယ်မြေကနေ ထွက်လာတဲ့ အချိန်မှာတောင် မျိုးနွယ်ခေါင်းဆောင်က တောင်ပိုင်းနယ်မြေထဲမှာပဲ ရှိနေသေးတဲ့ အကြောင်း သတင်းပို့ဖို့ ကူညီပေးထားတာ ကျွန်တော်ပါပဲ..”
ချွေးချန်းက အပြုံးနှင့် မေးလိုက်သည်။
“ဒါဆိုရင် မင်းက ဒီမှာ ဆုလာဘ် လာတောင်းတာပေါ့…”
စွန်းရှုကျန်းက ခေါင်းခါလိုက်သော်လည်း သူ၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
“ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော် စွန်းရှုကျန်းက မျိုးနွယ်ခေါင်းဆောင်ဆီက လက်သီးသိုင်းပဲ သင်ဖို့ ဆန္ဒ ရှိတာပါ..။ တကယ်လို့ ကျွန်တော့်ရဲ့ပါရမီက ကန့်သတ်ချက်ရှိတဲ့အတွက် အခြေခံပဲ သင်နိုင်မယ်ဆိုရင်တောင် ကျွန်တော် နောင်တ မရပါဘူး…”
သူက ကျယ်လောင်စွာ ပြောလိုက်သည်။
ခြေဗလာနှင့် အဘိုးအိုက ရယ်ပြီး မှတ်ချက်ပေးလိုက်သည်။
“ငါက ရူးနေတဲ့ အခြေအနေနဲ့ နှစ်ပေါင်း (၁၀၀)လောက် နေခဲ့ရတယ်။ တစ်ခါတစ်လေ ငါ သတိဝင်လာတဲ့အချိန် မင်းလို လူတွေ အများကြီးနဲ့ တွေ့ခဲ့တာကို မှတ်မိတယ်။ သူတို့တွေအများစုက မင်းထက်ပိုပြီး ကျင့်စဉ်အဆင့် မြင့်ကြတယ်။ ဒါက ပုံစံကိုပဲ ကြည့်တာဆိုတော့ တိကျမှုတော့ မရှိဘူး။ ပါရမီနဲ့ တိုက်ခိုက်စွမ်းရည်အရ အဲဒီလူတွေက အဆင့်(၆) သိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းထက် တော်တော်လေး နိမ့်ကျတယ်။ မင်းက နှိမ့်ချနေဖို့ မလိုဘူး။ အမှန်အတိုင်းပြောရရင် မင်းကိုယ်မင်း စွန့်ပစ်ပြီး ငါ့ကို နှစ်ပေါင်း(၁၀၀)လောက် စောင့်ရှောက်ပေးတဲ့ ဆုံးဖြတ်ချက်ကလည်း မင်းရဲ့လှည့်ကွက်တစ်စိတ်တစ်ပိုင်းပဲမလား…”
စွန်းရှုကျင်းက အစစ်အမှန်လူဆိုးတစ်ယောက်၏ အတွေးအခေါ်မျိုးရှိသည်။ သူက ခေါင်းညိတ်ပြီး ဝန်ခံလိုက်၏။
“ကျွန်တော်က ကံစမ်းကြည့်နေတာပါ။ ကျွန်တော်က မျိုးနွယ်ခေါင်းဆောင်ချွေးရဲ့ ဂုဏ်ကို အားကိုးပြီး တစ်ကြိမ်တည်းနဲ့ ကောင်းကင်ပေါ်ကို တက်လှမ်းဖို့ ကြိုးစားကြည့်ချင်တာပါ…”
“အော်…တော်တော်ရည်မှန်းချက်ကြီးတာပဲ..။ တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာကတော့ မင်းလို လူမျိုးကို သဘောကျမှာပဲ..”
ဖရိုဖရဲအဘိုးအိုက သူ့ဘေးတွင် ရှိနေသော ချွေးချန်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
နောက်ဆုံးတွင်တော့ သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဝါးအဆောက်အဦး၏ရှေ့တွင် မတ်တပ်ရပ်နေသော သိုင်းပညာရှင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ကျေးဇူးကန်းတဲ့ကောင်…
ငါက ချွေးကလန်ရဲ့မျိုးနွယ်ခေါင်းဆောင်ဆိုတာ သိနေတာကိုတောင် မင်းက ဒီလိုလုပ်ရဲသေးတာလား..တော်တော်အတင့်ရဲတာပဲ။ ငါ အသိစိတ် ပြန်ဝင်လာတဲ့အချိန်ကျရင် မင်းကို လက်သီးတစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လုပ်ပစ်မှာ မကြောက်ဘူးလား…”
စွန်းရှုကျန်း၏ အမူအရာက အလွန်ပြတ်သားနေသည်။ သူက ပြန်ဖြေလိုက်၏။
“တကယ်လို့ ကျွန်တော်က ဒီအလောင်းအစားကို မလုပ်ခဲ့ရင် ဘဝတစ်လျှောက်လုံး နောင်တရနေမယ်ဆိုတာပဲ သိတယ်…”
ချွေးချန်းက မျက်မှောင်ကြုတ်လိုက်မိပြီး နောက်ဆုံးတွင်တော့ ပထမဆုံးအကြိမ်အဖြစ် ထိုလူကို သေချာစိုက်ကြည့်လိုက်သည်။ ထိုအရာက အတော်လေးကို စိတ်ဝင်စားစရာကောင်း၏။
ဖရိုဖရဲအဘိုးအိုက ချွေးချန်း၏ အမူအရာပြောင်းလဲမှုကို မျက်လုံးထောင့်မှာ မြင်လိုက်ရသည်။ သူက အပြုံးနှင့် ဒုတိယထပ်မှ ခုန်ဆင်းသွားခဲ့၏။
မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်လိုက်ပြီးနောက် အဘိုးအို၏ နောက်ကျောတွင် ရှိနေသည်မှာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးနှင့် ပထမထပ် ဆေးရည်ဇလုံထဲတွင် လဲှနေသော သနားစရာ ချန်းပင်အန်းသာ ဖြစ်သည်။
ဖရိုဖရဲအဘိုးအိုက သူ့ကလန်မှ ဧည့်သည်အကြီးအကဲကို ကြည့်ပြီး ပြောလိုက်၏။
“တကယ်လို့ မင်းက ငါ့ဆီကနေ လက်သီးသိုင်းသင်ချင်တယ်ဆိုရင် မင်းမှာ ပါရမီနဲ့ အရည်အချင်းရှိဖို့တော့ လိုတယ်။ မင်းက ငါ့ဆီက လက်သီးတစ်ချက်ကို လက်ခံရဲလား။ တကယ်လို့ မင်းက လက်ခံနိုင်မယ်ဆိုရင်တော့ အဆင့်(၈)ဆိုတာ မင်းအတွက် ဖြစ်နိုင်သွားပြီ။ မင်းက အဆင့်(၉)ကိုတောင် ရောက်နိုင်တယ်။ တကယ်လို့ ခံနိုင်ရည်မရှိဘူးဆိုရင်တော့ ဒုတိယမြောက် လက်သီးချက်ဆိုတာ မရှိနိုင်တော့ဘူး..”
သူ့ရှေ့တွင် အလွန်ကြီးကျယ်ခမ်းနားသော အခွင့်အရေးတစ်ခု ရှိနေသော်လည်း စွန်းရှုကျန်းကတော့ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးသည်။
“မျိုးနွယ်ခေါင်းဆောင်ချွေး…
ဒီလက်သီးချက်က ဘယ်အဆင့်ကို ကိုယ်စားပြုလဲဆိုတာ မေးခွင့်ရှိမလား…”
သူက ထူးဆန်းစွာ မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသည့်အခါ ဒုတိယထပ်တွင် ရပ်နေသော ချွေးချန်းက ပြုံးလိုက်သည်။ စွန်းရှုကျန်းက သူ၏ ကျားစေ့တစ်ခု ဖြစ်လာရန် အမှန်တကယ်လည်း အရည်အချင်း ရှိနေ၏။
ဖရိုဖရဲအဘိုးအိုက အားရပါးရ ရယ်ပြီး ပြန်ဖြေလိုက်သည်။
“မင်းက အဆင့်(၆)ပဲ ရှိသေးတယ်။ ဒီတော့ ငါက မင်းကို အနိုင်မကျင့်ပါဘူး။ ငါက မင်းကို အဆင့် (၅) လက်သီးတစ်ချက်ပဲ ပေးမယ်။ ဘယ်လိုသဘောရလဲ…”
စွန်းရှုကျန်းက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး နောက်ခြေတစ်လှမ်းနှင့် ထောက်ထားလိုက်သည်။ ထို့နောက် သူက လက်သီးတိုက်ခိုက်ရေးပုံစံ ပြင်ဆင်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ လက်သီးဆန္ဒများကို ထုတ်ဖော်လိုက်၏။
သူ၏လှုပ်ရှားမှုများက လက်တွေ့ဆန်ပြီး အငွေ့အသက်များက သဘာဝကျသည်။ စွန်းရှုကျန်းက ဆုံးဖြတ်ချက် ပြတ်သားသည့်အပြင် သိုင်းပညာနှင့် ပတ်သက်လာသည့် အချိန်တွင်လည်း အလွန်နားလည်နိုင်စွမ်း မြင့်မားသည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် သူက လက်ရှိအခြေအနေထိ ရောက်လာရန် ချွေး၊ သွေးနှင့် မျက်ရည်အမြောက်အများ ကုန်ဆုံးခဲ့ရ၏။
သူက အဆင့်(၆) အထွဋ်အထိပ်တွင် ရှိနေသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ကုန်းမြေကြီးတစ်ခု၏ ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် လွတ်လပ်စွာ သွားလာနိုင်သော သိုင်းပညာရှင် သိုင်းသခင်တစ်ယောက်လည်း ဖြစ်၏။
စွန်းရှုကျန်းက အသက်အောင့်ထားလိုက်သည်။ ထိုအချိန်တွင် သူက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ ပုံသဏ္ဍာန်မျိုး ရှိနေခဲ့၏။
“ကျေးဇူးပြုပြီး တိုက်ခိုက်လို့ရပါပြီ မျိုးနွယ်ခေါင်းဆောင်…”
ချွေးချန်းကတော့ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
ဖရိုဖရဲအဘိုးအိုက ရှေ့ကို လျှောက်သွားပြီး လက်သီးနှင့် တစ်ချက်ထိုးလိုက်၏။ ရိုးရှင်းပြီး အထင်ကြီးစရာ မရှိသော လက်သီးချက်က စွန်းရှုကျန်း၏ နဖူးကို တိုက်ခိုက်မိလိုက်သည်။
စွန်းရှုကျန်းက အဘိုးအို၏ လက်သီးချက်ကို ရှောင်တိမ်းရန် အချိန်မရခဲ့ပေ။ သူက နောက်ကို မီတာ (၃၀)ကျော် ချက်ချင်း လွင့်သွားခဲ့၏။ သူက သွေးအိုင်ထဲတွင် လဲကျသွားခဲ့ပြီး သူ့လက်မောင်းနှင့် ခြေထောက်များက အကြောဆွဲ၍ ကိုယ်တွင်းပေါက်များထဲမှနေ၍ သွေးများ ဆက်လက် စီးကျလာနေခဲ့သည်။
အလွန်ရည်မှန်းချက်ကြီးသော သိုင်းပညာရှင်က မသေခင် မျက်လုံးပြူး၍ ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့၏။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှု ၊ လက်မခံချင်စိတ်နှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။
ပန်းရောင်ဝတ် ကလေးမလေးက မျက်လုံးကို အုပ်ထားခဲ့ပြီး ထိုမြင်ကွင်းကို မကြည့်ရဲပေ။ စိမ်းပြာဝတ်ကောင်လေးကတော့ ကြောက်လန့်သွားခဲ့၏။ သူက လက်သီးတစ်ချက်တည်းနှင့် လူတစ်ယောက်ကို သေအောင် သတ်နိုင်ခဲ့သည် မဟုတ်ပေလော။
“အဘိုးက ဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ..”
ချွေးချန်းက ဝါးအဆောက်အဦး၏ ဒုတိယထပ်မှနေ၍ လှမ်းမေးလိုက်သည်။
ဖရိုဖရဲအဘိုးအိုက ပြန်လှည့်လာပြီး ဒုတိယထပ်ပေါ်သို့ ခုန်တက်လာခဲ့၏။ သူက တံစက်မြိတ်အောက်တွင် ရပ်နေရင်း ပြန်ဖြေလိုက်သည်။
“ဒီလိုလူစားမျိုးက ငါ့ဆီကနေ လက်သီးသိုင်းသင်ဖို့ မထိုက်တန်ဘူး…”
ချွေးချန်းက အရှက်တရားတစ်ခုကို အနည်းငယ် ခံစားမိခဲ့သည်။ စွန်းရှုကျန်းက အဆင့်(၈)ကို ရောက်ရန် အလားအလာရှိသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူက တခြားသူများ လျှော့မတွက်နိုင်သည့် အရေးပါသော ကျားစေ့လေးတစ်စေ့ပင် ဖြစ်လာနိုင်၏။ သို့သော် သူက သေသွားပြီဖြစ်သည့်အတွက် ချွေးချန်းက ထိုသိုင်းပညာရှင်အတွက် ခံစားချက်များကို လျင်မြန်စွာ ဘေးဖယ်ထားလိုက်သည်။ သူက လူသေတစ်ယောက်အတွက် စဉ်းစားပေးနေရန် အချိန်မရှိပေ။
ထိုအရာက တခြားလူတစ်ယောက်၏ ပိုင်နက်ထဲတွင် ဖြစ်နေသည်မှာ ကျေးဇူးတင်စရာကောင်းသည်။ ထို့ကြောင့် သူက အလောင်းကို ဖယ်ရှားရန် မလိုအပ်ပေ။
“ဒါဆိုရင် ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ…”
ချွေးချန်းက စိတ်ဝင်တစား မေးလိုက်သည်။
အဘိုးအိုက ထိုင်ပြီး ပြန်ဖြေလိုက်၏။
“အဲဒါက မင်းကိုပြဖို့ မဟုတ်ဘူး။ အောက်ထပ်မှာ ရှိတဲ့သူကို ပြဖို့ပဲ…”
ကံကောင်းခြင်းနှင့် ကံဆိုးခြင်းဟူသည်မှာ ကြိုတင်သတ်မှတ်ထား၍ မရနိုင်ပေ။ ထိုအရာကို လူတစ်ယောက်၏ အပြုအမူနှင့်သာ သတ်မှတ်နိုင်၏။
ချွေးချန်းက ငုံ့ကြည့်လိုက်သည်။ ဝါးအဆောက်အဦး၏ရှေ့တွင် လူငယ်တစ်ယောက် ရပ်နေပြီး မည်းမှောင်နေသော မျက်နှာအမူအရာနှင့် သူတို့ကို မော့ကြည့်နေခဲ့၏။ သို့သော် ထိုလူငယ်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ အခြေအနေကလည်း လုံးဝကို အေးစက်နေခဲ့၏။
Translated by Hein Htet.