အခန်း (၂၂၀)
Vol. 15 Ch. 220
ခဏကြာသည့်တိုင်အောင် ဖရိုဖရဲ အဘိုးအိုက မတ်တပ်ရပ်ခဲ့ခြင်း မရှိသလို လူငယ်လေးကလည်း ထွက်သွားခဲ့ခြင်း မရှိချေ။
ထိုအရာက အတော်လေးကို ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မရှိဟု ချွေးချန်းက ခံစားမိနေခဲ့၏။ အောက်ဘက်တွင် ရှိနေသူက သူ၏ဆရာတစ်ဝက် ဖြစ်နေသော်လည်း သူကတော့ စိတ်မဝင်စားချေ။ သို့သော် ချွေးချန်းက ထိုအရာများကို အမှန်တကယ် စိတ်ဝင်စားလာအောင် အာရုံစိုက်၍လည်း မရနိုင်ပေ။
ထို့ပြင် အလွန်အစွမ်းထက်သော ဓားသမားက တစ်နေ့နေ့တွင် ဤကမ္ဘာကြီးဆီသို့ ပြန်လာနိုင်သည့်အကြောင်း စိတ်ထဲတွင် အမှတ်ရနေသေးသည်။ မဟုတ်လျှင် သူ၏စိတ်ဝိညာဉ် နှစ်ပိုင်းကွဲသွားခဲ့သည့် အချိန်တည်းကစပြီး သူ့အတွက် အကျိုးမရှိသော ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးကို အနားယူခွင့်ပေးလိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက သူ့အတွက် မျက်စိစပါးမွှေး စူးစရာဖြစ်နေခဲ့သည့်အပြင် သူက မထင်မှတ်ထားသော အခြေအနေများစွာကို သယ်ဆောင်ပေးနိုင်သည်။ ချွေးချန်းက အခြေအနေတစ်ရပ်လုံးကို ပြည့်ပြည့်ဝဝ ထိန်းချုပ်ခြင်းနှင့် အသားကျနေခဲ့သည့်အတွက် ထိုကဲ့သို့သော ခံစားချက်မျိုးကို လုံးဝသဘောမကျပေ။ လူငယ်လေး ချွေးချန်း၏ မဟာတာအိုက ပျက်စီးသွားခြင်းရှိမရှိ ၊ အထွဋ်အထိပ်ကို ပြန်ရောက်နိုင်ခြင်းရှိမရှိက သူနှင့် လုံးဝ မသက်ဆိုင်တော့ပေ။ သူတို့က လုံးဝမတူညီသော လူနှစ်ယောက် ဖြစ်လာခဲ့သည်။
ဝါးထိုင်ခုံပေါ်တွင် ထိုင်နေရင်း အဘိုးအိုက အေးစက်စွာ ပြုံးပြီး မေးလိုက်၏။
“ဘာလဲ။ ငါက အပြစ်မရှိတဲ့သူတွေကို စိတ်ကြိုက်သတ်နေလို့ မင်းက မကျေနပ်ဘူးလား။ မင်းက နောင်တတရားတွေနဲ့ သေသွားတဲ့ အဲဒီလူအတွက် တရားမျှတမှု ရှာပေးချင်နေတာလား…”
ချန်းပင်အန်းက အလောင်းဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ လူငယ်သိုင်းပညာရှင်ကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်၏။
“ခင်ဗျားက ဘာလို့ ဒီကို ရောက်လာခဲ့လဲဆိုတာ ကျုပ်မသိဘူး။ ဘာလို့ သူက သတ်လိုက်တယ်ဆိုတာလည်း ကျုပ်မသိဘူး။ ဒါကြောင့် ခင်ဗျားအတွက် ကျုပ်လုပ်ပေးနိုင်တာက မြေမြှုပ်ပေးဖို့ပဲ။ တကယ်လို့ နောက်ပိုင်း ကျုပ်က ခင်ဗျားရဲ့မွေးရပ်မြေကို ရှာတွေ့ခဲ့တယ်ဆိုရင်တော့ ခင်ဗျားကို အိမ်ပြန်ပို့ပေးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်…”
ချန်းပင်အန်းက တိတ်တဆိတ် ပြောလိုက်သည်။
သူက သေဆုံးသွားသော သိုင်းပညာရှင်ကို ထိုစကားများ ပြောနေသည်မှာ ဝါးအဆောက်အဦး၏ ဒုတိယထပ်တွင် ရှိနေသော လူနှစ်ယောက်ကို ပြောနေသလို ဖြစ်နေသည်။ သို့သော် သူက တစ်ယောက်တည်း ပြောနေသလို ပို၍ထင်မှတ်ရ၏။
ဖရိုဖရဲ အဘိုးအိုက ဒေါသထွက်နေသော အမူအရာနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အမူအရာက ရှုပ်ထွေးပြီး အလွန် ကြောက်စရာကောင်း၏။ သူ၏အငွေ့အသက်များကလည်း အလွန်ပြင်းထန်လာပြီး သူက ပြန်မေးလိုက်သည်။
“ဒီလောကကြီးထဲမှာ လူကောင်းတွေ သန်းပေါင်းများစွာရှိတယ်။ ဒါပေမဲ့ ငါ့လို သန့်စင်တဲ့ သိုင်းပညာရှင်က လက်တစ်ဆုပ်စာတောင် မရှိဘူး။ ဒီကမ္ဘာကြီးထဲမှာ ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေတာလဲ။ အထွဋ်အထိပ်ကို ရောက်နေတဲ့ လူတွေက ကောင်းတာနဲ့ ဆိုးတာကို ကွဲပြားတယ်လို့ ထင်နေတာလား…”
“ချန်းပင်အန်း…
မင်း ငါ့ဆီကနေ ဘာတွေသင်ခဲ့တာလဲ။ လက်သီးသိုင်းပညာပဲလား။ ဒါမှမဟုတ် မင်းက လူတစ်ယောက်အဖြစ် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို သင်ခဲ့တာလား…”
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး စိမ်းပြာဝတ်ကောင်လေးကို အချက်ပြလိုက်သည်။ သူက ထိုလူငယ်သိုင်းပညာရှင်ကို မြေမြှုပ်ပေးရန် ခိုင်းစေလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူက ဒုတိယထပ်ကို လက်ညှိုးထိုးပြပြီး လှမ်းကြည့်ပြီး ပြန်ဖြေလိုက်သည်။
“လက်သီးသိုင်းပဲ သင်တာ…”
ဖရိုဖရဲ အဘိုးအိုက မတ်တပ်ရပ်ပြီး အားရပါးရ ရယ်လိုက်သည်။
“အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းက ဘယ်အချိန် စမှာလဲ…”
ချန်းပင်အန်းက ဝါးအဆောက်အဦးထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။
ဖရိုဖရဲ အဘိုးအိုက ပြန်လှည့်လာပြီး အခန်းထဲသို့ ဝင်သွားခဲ့၏။
“မင်းတစ်ခုခုလိုတာရှိရင် ငါ့ကိုခေါ်လိုက်ပါ…”
“ဘာမှမစိုးရိမ်ပါနဲ့…”
ချွေးချန်းက ပြန်ဖြေလိုက်ပြီး လှေကားဆီသို့ လျှောက်သွားခဲ့သည်။
“ကျွန်တော် ဘာမှမလိုဘူး…”
သူက ပြတ်သားစွာ ပြောဆိုလိုက်၏။
အဘိုးအိုက ယာယီ ငြိမ်သက်သွားခဲ့ပြီးနောက် နောက်တစ်ကြိမ် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးကို အားနှင့် စောင့်ပိတ်လိုက်၏။
ချွေးချန်းက လှေကားသို့ ရောက်သည့်အချိန်တွင် ရပ်လိုက်သည်။
ချန်းပင်အန်းက လှေကားတစ်ဝက်တွင် ရှိနေပြီး တော်ဝင်နန်းဆရာက လမ်းဖယ်ပေးရန် စိတ်ကူးမရှိကြောင်း မြင်လိုက်ရသည့်အခါ သူလည်း လမ်းတွင် ရပ်လိုက်သည်။
ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ထားသော အဘိုးအိုက လူငယ်လေးကို ငုံ့ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“လီကျူးသုခဘုံ ပျက်စီးသွားတော့မယ့်အချိန် ဒီကမ္ဘာငယ်လေးထဲမှာ မင်းက သနားစရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်။ မင်းရဲ့ကံကြမ္မာက တော်တော်လေးကို ဆိုးရွားပြီး လုံးဝကို မရှိသလောက်ပဲ။ ရလဒ်အနေနဲ့ မင်းက ဒီကမ္ဘာငယ်လေးထဲမှာရှိတဲ့ ကံကောင်းမှုတွေ ၊ အခွင့်အရေးတွေအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ မင်းက တခြားလူတွေအတွက် ငါးစာသက်သက်တစ်ခုဆိုတာထက် မပိုခဲ့ဘူး….”
“အခုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကန့်သတ်ချက်တွေက ပျောက်ကွယ်သွားပြီ။ မင်းက အရာအားလုံးကို တဖြည်းဖြည်း ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးတောင် ပေါ်လာပြီ။ ဒါကြောင့် ကောင်းကင်ပေါ်က အခွင့်အရေးကြီးတစ်ခု ကျလာမယ်ဆိုရင် မင်းက သေချာဖမ်းဆုပ်ထားဖို့ လိုအပ်တယ်။ မင်းရဲ့အသက်ကို ဖက်တွယ်ထားသလိုမျိုး ဖမ်းထားလိုက်ပါ။ တကယ်လို့ မင်းရဲ့လက်တွေ ၊ ခြေထောက်တွေ ကျိုးသွားမယ်ဆိုရင်တောင် ၊ မင်းရဲ့သွားတွေ ကျိုးသွားမယ်ဆိုရင်တောင် ပါးစပ်ကို သုံးပြီးတော့ ရအောင်ဖမ်းထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဲဒီအခွင့်အရေးအတွက် နောက်ဆုံးအခြေအနေအထိ တိုက်ခိုက်ရလိမ့်မယ်….”
ချွေးချန်းက အောက်သို့ ဆင်းလာရင်း ဆက်ပြောလိုက်သည်။
“ငါက မင်းကို အဲဒီအဘိုးကြီးအတွက် ပြောပြနေတာ။ သူက စကားကို ဘယ်တော့မှ ကောင်းကောင်းမပြောတတ်ဘူး။ သူက ဘယ်လိုစကားမျိုးပဲပြောပြော တရားမျှတမှုရှိတယ်လို့လည်း ခံစားရမှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ဒါက တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်။ တကယ်လို့ ငါသာဆိုရင် ဒီတစ်ကြိမ် မင်းကို သေချာပေါက် လာတွေ့ဖြစ်မှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မင်းသေတာရှင်တာက ငါ့အတွက် အသုံးမဝင်တော့ဘူး…”
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းက ငါ့ရဲ့ဆရာတူညီလေး ချီကျင့်ချွန်ကိုပဲ ကျေးဇူးတင်သင့်တယ်။ တကယ်လို့ မင်းကသာ မျှော်လင့်ချက်အတိုင်း အသက်မရှင်နိုင်ဘူးဆိုရင်တော့ ချီကျင့်ချွန် သေဆုံးသွားရတာက အချည်းနှီးဖြစ်သွားမှာပဲ…”
ထိုစကားကို ပြောလိုက်ပြီးနောက် ချွေးချန်းက ခံစားချက်များ ပြည့်နှက်စွာ ပြုံးပြီး မှတ်ချက်ပေးလိုက်သည်။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ငါက နောက်ဆုတ်လိုက်မယ်။ ငါ့ရဲ့မြင်နိုင်စွမ်းက အဘိုးကြီးယန်ထက် ပိုသာပေမယ့် ချီကျင့်ချွန်ကိုတော့ မမှီပါဘူး…”
အဆုံးတွင်တော့ သူတို့နှစ်ယောက်က လှေကားထစ်တွင် အချင်းချင်း ဖြတ်ကျော်သွားကြပြီး အနည်းငယ်ဆီ စောင်း၍ လမ်းဖယ်ပေးလိုက်သည်။
ထို့နောက် ချွေးချန်းက ခဏရပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
“မင်းရဲ့ဘဝမှာ အန္တရာယ်အများဆုံး အခြေအနေက ဘယ်အချိန်လဲဆိုတာ သိလား…”
လူငယ်လေးကလည်း တစ်ချိန်တည်းလိုလိုပင် အရှိန်လျှော့လိုက်သည်။
“သဘောကောင်းတဲ့ဆိုင်ရှင်က မင်းကို တုတ်ထိုးသကြားလုံးတစ်ချောင်း ပေးလိုက်တဲ့အချိန်ပဲ။ အဲဒီအချိန်တုန်းကသာ မင်းက အဲဒီအရာကို လက်ခံလိုက်မယ်ဆိုရင် အရာအားလုံးက မီးခိုးငွေ့တွေလို ပျောက်ကွယ်သွားရလိမ့်မယ်…”
ချွေးချန်းက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
ချန်းပင်အန်းက လုံးဝကို မှင်တက်သွားမိခဲ့၏။ သူကတော့ တရှိန်ထိုးပြေးလွှားနေသော မြင်းတစ်ကောင်ကို စီးနေရသည့်လား ခေါင်းထဲတွင် အဖြစ်အပျက်ပေါင်းများစွာ ပေါ်လာခဲ့သည်။
တော်ဝင်နန်းဆရာ ချွေးချန်းကတော့ လှေကားထစ်မှ အောက်သို့ ဆက်၍ ဆင်းသွားခဲ့၏။ သူက နောက်ဆုံးလှေကားထစ်မှ ဆင်းသွားသည့်အချိန်တွင် တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ယနေ့ ချန်းပင်အန်း၏ လေ့ကျင့်မှုက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံးကို အားဖြည့်ခြင်းနှင့် ပတ်သက်နေသည်။ ယမန်နေ့တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏လေ့ကျင့်မှုက ပို၍ပြင်းထန်ပြီး ဆိုးရွားသည်ဟု ဆိုနိုင်၏။ လူငယ်လေးက မည်မျှပင် အံကြိတ်ပြီး သည်းခံနေစေကာမူ အကြိမ်ပေါင်းများစွာ သတိလစ်သွားခဲ့သေးသည်။
သူက ဖရိုဖရဲအဘိုးအိုကြောင့် ပြန်နိုးလာခဲ့သော်လည်း (၃)ကြိမ် (၄)ကြိမ်ခန့် ကြုံခဲ့ရပြီးနောက် သေသည်ထက်ပင် ပို၍နာကျင်ရသော ခံစားမှုမျိုးကို ခံစားခဲ့ရသည်။
စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းကို သယ်သွားခဲ့သည့်အချိန်တွင် သူကတော့ ယနေ့ ဒုတိယမြောက် အလောင်းတစ်ခုကို သယ်ဆောင်ရတော့မည်ဟုပင် တွေးမိခဲ့သည်။ သူက အလွန်ကြောက်လန့်သွားခဲ့၏။
ချန်းပင်အန်း၏ အငွေ့အသက်များက စာရွက်တစ်ရွက်ကဲ့သို့ ပါးလွှာနေပြီး အပ်ချည်မျှင်လေး တစ်ခုကဲ့သို့ အားနည်းနေသည်။ သူ၏အငွေ့အသက်များက ပို၍ပင် ဖျော့တော့နေပြီး သူက အဘိုးအိုတစ်ယောက်ထက်ပင် ပို၍ အားနည်းနေသေး၏။
အမှန်အတိုင်းပြောရလျှင် ဝေ့ပိုကပင် ဒုတိယထပ်၏တံခါးကို သွားခေါက်ပြီး ဖရိုဖရဲ အဘိုးအိုကို အလွန်အကျွံမလုပ်ရန် သတိပေးခဲ့ရသည်။ ဒ
“ဒီလောကကြီးထဲမှာ လက်သီးသိုင်းသင်နေတဲ့အချိန် ငါ့ကို ဘယ်လိုလုပ်ပါဆိုပြီး အမိန့်ပေးနိုင်တဲ့သူ များများမရှိဘူး…”
ဖရိုဖရဲ အဘိုးအိုက တံခါးနောက်မှနေ၍ လှမ်းပြောလိုက်သည်။
ဝေ့ပိုက ဒေါသတကြီး အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး ချန်းပင်အန်းအတွက် စိတ်ပူနေခဲ့၏။ ထို့ကြောင့် သူလည်း ဆေးရည်ဇလုံထဲတွင် လဲလျောင်းနေသော လူငယ်လေး၏ အသက်ရှူသံကို သေချာစောင့်ကြည့်နေရသည်။ သူလည်း တစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်နေခဲ့၏။
ညဘက်ပိုင်းတွင် ချန်းပင်အန်းက ဝတ်စုံအသစ်များ လဲလှယ်ပြီးနောက် ဝါးအဆောက်အဦးထဲမှ ထွက်လာခဲ့သည်။ ကမ်းပါးပေါ်တွင် တစ်ယောက်တည်း လေ့ကျင့်နေသော စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ကလည်း ဝါးထိုင်ခုံငယ်လေးတစ်ခုကို သယ်ဆောင်လာခဲ့သည်။
ချန်းပင်အန်းက ထိုင်လိုက်ပြီး သူမ၏ခေါင်းကို ပုတ်လိုက်၏။
“ငါ အဆင်ပြေပါတယ်…”
သူက အပြုံးနှင့် ပြောလိုက်သည်။
ပန်းရောင်ဝတ်ကလေးမလေးက ပြုံးလိုက်ပြီး စိမ်းပြာဝတ်ကောင်လေး၏ စကားပြောဆိုပုံကို အတုခိုးပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ဆရာက အစွမ်းထက်ဆုံးပဲလေ…”
ချန်းပင်အန်းက သူမကို လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက သူမကိုကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိ၏။ ထို့နောက် ချန်းပင်အန်းက ထိုင်ခုံပေါ်တွင် တိတ်တဆိတ် အနားယူလိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်သို့ တင်ထားခဲ့သည်။ သူ့ပုံစံက ပျင်းရိနေသလို ဖြစ်နေပြီး သူက တခြားပုံစံနှင့် ထိုင်နေရန် ကြိုးစားခဲ့ခြင်း မရှိချေ။
သို့သော် နောက်ဆုံးတွင်တော့ ချန်းပင်အန်းက ပြောပြ၍ မရနိုင်သော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။ သူက စကားမပြောသော်လည်း သူ မတ်တပ်ရပ်နေချိန်တွင် ဖြစ်စေ၊ ထိုင်နေချိန်တွင်ဖြစ်စေ လဲလျောင်းနေသည့်အချိန်တွင်ဖြစ်စေ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ စီးဆင်းနေသော အစစ်အမှန် လက်သီးဆန္ဒ လှိုင်းလုံးတစ်ခုကို ခံစားမိနေခဲ့သည်။ ထိုအရာက လက်သီးသိုင်း ကျင့်ကြံသူများပင် အံ့ဩမှင်တက်သွားမိစေနိုင်သော အစစ်အမှန် လက်သီးဆန္ဒများ ဖြစ်သည်။
ပန်းရောင်ဝတ်ကလေးမလေးက ထိုအရာကို မရင်းနှီးသလို ခံစားနေရပြီး စိမ်းပြာဝတ်ကောင်လေးကတော့ ပို၍ပင် ထူးဆန်းသလို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူက နေ့စဉ်နှင့်အမျှ စိတ်ပါလက်ပါ လေ့ကျင့်နေခြင်းကြောင့် ဖြစ်၏။
ချန်းပင်အန်း၏ လေ့ကျင့်မှုတွင် အခက်ခဲဆုံးနှင့် တန်ဖိုးအရှိဆုံးအရာကတော့ အဘိုးအိုက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို မည်မျှပင် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်စေကာမူ လူငယ်လေး၏အကျင့်စရိုက်နှင့် စိတ်နေစိတ်ထား လုံးဝပြောင်းလဲမသွားခြင်း ဖြစ်သည်။
တောင်ပေါ်နှင့် တောင်တန်းများ၏ အပြင်ဘက်တွင် နေထိုင်သော ကျင့်ကြံသူများ အသုံးပြုတတ်သည့် စကားလုံးတစ်ခု ရှိသည်။ တာအိုကို သင်ကြားသည့် အချိန်တွင် ဗဟုသုတများကို ဖြန့်ဝေခြင်းနှင့် မေးခွန်းများကို ပြန်ဖြေပေးခြင်းထက် ကျော်လွန်နေသော ဆရာများကို သူတော်စင် ဆရာများဟု ခေါ်ကြသည်။
ဖရိုဖရဲ အဘိုးအိုက သိုင်းပညာလမ်းကြောင်းတွင် ထိပ်တန်းအဆင့် သူတော်စင်ဆရာတစ်ယောက် ဖြစ်နိုင်၏။ သူတော်စင်ဆရာဟူသည်မှာ အစွမ်းထက်ဆုံးဖြစ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လီကလန်၏ မျိုးနွယ်ခေါင်းဆောင်က အဆင့်(၅) သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ကျူးဟယ်ကို သူတော်စင်ဆရာတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် အခန်းထဲတွင် တစ်ယောက်တည်း နေထိုင်သော အဘိုးအိုက သိုင်းပညာရှင် သိုင်းသခင်တစ်ယောက် မဟုတ်လျှင်ပင် အမှန်တကယ် ထူးဆန်းနေပါလိမ့်မည်။
အဆင့်(၉)၏ အထက်တွင် ပို၍ကြီးကျယ်ခမ်းနားသော မြင်ကွင်းများ ရှိနေ၏။ ထိုကဲ့သို့သော စကားလုံးမျိုးကို မည်သူကရော ပြောနိုင်မည်နည်း။ ဥပမာအနေနှင့် ပြောရလျှင် အဆင့်(၉)ဟူသည်မှာ တောင်ထိပ်နယ်ပယ်ဖြစ်ပြီး အဆုံးသတ်နယ်ပယ်တစ်ခုဟု ကျူးဟယ်က ယုံကြည်နေခဲ့သည်။ ထိုအရာက သိုင်းပညာ၏ အထွဋ်အထိပ်ဟုလည်း ယုံကြည်နေခဲ့၏။
“ဆရာ ဒီနေ့ မပျော်ဘူးလား…”
ပန်းရောင်ဝတ် ကလေးမလေးက တိတ်တဆိတ် မေးလိုက်သည်။
“ဆရာကြီးက အဲဒီလူကို သတ်လိုက်တဲ့ သတ်လိုက်တဲ့အတွက်ကြောင့်လား…”
ချန်းပင်အန်းက မေးလိုက်သည်။
ပန်းရောင်ဝတ် ကလေးမလေးက ဝါးအဆောက်အဦး၏ ဒုတိယထပ်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်၏။ သူမ၏စကားလုံးကြောင့် သူမ၏ဆရာ ဒုက္ခတွေ့မှာကိုလည်း သူမက စိုးရိမ်နေခဲ့သည်။
ချန်းပင်အန်းက ရှင်းရှင်းလင်းလင်း ပြန်မဖြေခဲ့ဘဲ အသံတိုးတိုးနှင့် ပြောလိုက်၏။
“အရင်တုန်းက ခရီးရှည်ကြီး သွားခဲ့တဲ့အချိန်မှာ ငါက မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သရဲမတစ်ယောက်ကို တွေ့ခဲ့ရတယ်။ သူက စာသင်သားတစ်ယောက်ကို သဘောကျတယ်။ အဲဒီလူကို အရမ်းကို သဘောကျခဲ့တာ။ ဒါကို ဘယ်လိုရှင်းပြရမလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အဆုံးမှာတော့ သူက အနားကနေ ဖြတ်သွားတဲ့ အပြစ်မဲ့စာသင်သားတွေအများကြီးကို သတ်ပစ်ခဲ့တယ်…”
“ဒီကိစ္စနဲ့ပတ်သက်ပြီး သူ မှားတယ်လို့ ငါခံစားရတယ်။ ဒါကို ရှောင်ဖို့ လုံးဝ နည်းလမ်းမရှိဘူး။ ပြီးတော့ ဒါက သာမန်အသေးအဖွဲအမှားတစ်ခုလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒါကို ငါက ဘာလုပ်နိုင်မှာလဲ။ အဲဒီအချိန်မှာ ငါက လီပေါင်ဖျင်နဲ့ တခြားသူတွေကို စောင့်ရှောက်ပေးနေရတယ်။ ဒါကြောင့် ငါက ဘယ်လိုလုပ်ပြီး လှုပ်ရှားလို့ရနိုင်မှာလဲ။ ပြီးတော့ ငါ့ရဲ့သုံးသပ်မှုတွေ ၊ တွက်ချက်မှုတွေက အဆင်ပြေမပြေဆိုတာလည်း ပြန်ပြီးတော့ စဉ်းစားရသေးတယ်။ အဲဒီအချိန်မှာ ငါမှန်ပါတယ်လို့ သေချာမပြောရဲခဲ့ဘူး…”
“ဆရာ …
ဒါဆိုရင် အခုကျတော့ရော…”
ပန်းရောင်ဝတ်ကလေးမလေးက စိတ်ဝင်တစား မေးလိုက်သည်။
ချန်းပင်အန်းက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်လုံးများက ကြည်လင်တောက်ပသွားခဲ့၏။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
“သူက လုံးဝကို မှားတယ်။ နောက်တစ်ကြိမ် ငါ သူ့ကိုတွေ့ရင် ငါက သူနဲ့ အကျိုးအကြောင်းပြဿနာတွေ ဆွေးနွေးနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး။ ဒါက နောက်တစ်ကြိမ်မှပဲ ဖြစ်လာမှာပဲ။ နောက်တစ်ကြိမ်ရဲ့ နောက်တစ်ကြိမ်လည်း ဖြစ်ချင်မှ ဖြစ်နိုင်တာပဲလေ။ တဖြည်းဖြည်းတော့ အခွင့်အရေးတစ်ခု ရလာမှာပါ…”
ပန်းရောင်ဝတ် ကလေးမလေးက ပြုံးရုံလေး ပြုံးလိုက်မိသည်။ ယခု သူမ၏ဆရာက ယခင်တုန်းကနှင့် အနည်းငယ် ကွဲပြားလာသည်ဟု ခံစားမိလာခဲ့သည်။ သို့သော် ထိုအရာက ပိုကောင်း၏။
ချန်းပင်အန်းက ခေါင်းထဲတွင် တစ်စုံတစ်ခုကို တစ်ယောက်တည်း တိတ်တဆိတ် ပြောလိုက်သည်။
“ငါက အရင်ဆုံး ဆက်ပြီးတော့ အသက်ရှင်နေဖို့ လိုအပ်တယ်…”
…………..
ညနက်ပိုင်းတွင် …
ခေါင်းပေါ်၌ ကြာပန်းဆံထိုးတစ်ခု ရှိနေသော လူငယ်တာအိုသခင်တစ်ယောက်က ကံကြမ္မာဟောပြောဆိုင်များ အသုံးပြုသော အလံတစ်ခုဆွဲထားသည့် ဘီးတစ်ဘီးနှင့် လှည်းတစ်စီးကို တွန်းလာခဲ့သည်။
သူက သစ်ခါးဝါနိုင်ငံဆီသို့ ဦးတည်နေသော လမ်းမကြီးအတိုင်း လျှောက်လာသည်။ ထိုလမ်းမပေါ်တွင် လှည်းဘီးသံက တကျွီကျွီ မြည်နေခဲ့၏။ ထိုအရာကတော့ မြို့ငယ်လေးထဲတွင် နှစ်ပေါင်းများစွာ ကံကြမ္မာဟောပြောသူအဖြစ် အလုပ်လုပ်ခဲ့သော တာအိုသခင်လု ဖြစ်သည်။
စာဝါလေးက နက်မှောင်နေသော ညအလယ်ကို ဖြတ်၍ လူငယ်တာအိုသခင်၏ ပုခုံးပေါ်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုငှက်ကလေးက လူငယ်တာအိုသခင်၏ ပါးကို ခေါင်းလေးနှင့် ချစ်စရာကောင်းစွာ ပွတ်သပ်နေခဲ့၏။
တာအိုသခင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး စာဝါလေး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။
“ကောင်းပြီ။ ငါသိတယ်။ မင်းက တော်တော်လေး ကြိုးစားအားထုတ်ခဲ့တယ် ဆိုတာလည်း ငါသိတယ်။ မင်းက သူတို့ရဲ့စာသင်သားကံကြမ္မာကို စစ်ဆေးဖို့အတွက် အဲဒီကြေးပြားတွေအားလုံးကို ချည်သွားလို့ရပြီ…”
“ဒါပေမဲ့ ဒီကျားကစားပွဲမှာ ချီကျင့်ချွန်က တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ ကြည့်လိုက်စမ်း။ ငါတို့နှစ်ယောက်လုံးက ချီကျင့်ချွန်ရဲ့ ဝှက်ဖဲတွေကို တွက်ချက်ဖို့ ကျရှုံးခဲ့တယ် မဟုတ်လား။ ဟူးး ဒီတာအိုသခင်လေးက အရှုံးကိုလက်ခံပါတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာက မျက်နှာလိုက်တယ်လို့ ဘယ်သူကရော ပြောရဲမှာလဲ…”
“ငါက ကျားထိုးတဲ့ပညာနဲ့ တွက်ချက်မှုမှာ တော်တော်လေး ဆိုးရွားတယ်ဆိုတာ သေချာသွားပြီ။ ငါက တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာလည်း အားနည်းဆုံးပဲ။ အဆုံးမှာတော့ အခက်ခဲဆုံးနဲ့ အဆင်မပြေဆုံး တာဝန်တွေအားလုံးကို ငါ့ဆီပဲ လွှဲပေးတယ်။ ဒါက ငါ့ကို အခက်အခဲတွေကြားထဲ ရည်ရွယ်ချက်ရှိရှိ တွန်းပို့လိုက်တာပဲ မဟုတ်လား…”
တာအိုသခင်လေးက ပြစ်တင်ကြိမ်းမောင်းနေသော လူသားမိန်းမပျိုတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ့ပုံစံက အင်မော်တယ်တစ်ယောက်နှင့် လုံးဝကို မတူခဲ့ပေ။
စာဝါလေးက သူ၏ နားရွက်ကလေးကို ရုတ်တရက် ခါလိုက်သည်။ စာဝါလေး၏ အတွေးကို ဖတ်လိုက်ပြီးနောက် လူငယ်တာအိုသခင်က ရယ်ပြီး ပြောလိုက်၏။
“အင်မော်တယ်တွေကရော လူသားတွေပဲ မဟုတ်ဘူးလား…”
ထိုအချိန်တွင် သူ၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့ပြီး ဗုဒ္ဓဘုန်းတော်ကြီး တစ်ပါးကဲ့သို့ ရင်ဘတ်ရှေ့တွင် လက်တစ်ဖက် မြှောက်လိုက်သည်။ သူ၏လုပ်ရပ်က အတော်လေးကို ရယ်စရာကောင်းသည်ဟု ဆိုနိုင်၏။ သို့သော် လေးလေးနက်နက် ပြောရမည်ဆိုလျှင်တော့ သူ၏လုပ်ရပ်က တာအိုလမ်းစဉ်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။
လူငယ်တာအိုသခင်ကတော့ လေးနက်မှုမရှိဘဲ တိတ်တဆိတ် ရေရွတ်လိုက်သည်။
“ဗုဒ္ဓနဲ့ ဗောဓိတဗ္ပတို့…
မြို့ငယ်လေးဆီသို့ ပြန်သွားတဲ့အချိန် ကျေးဇူးပြုပြီး ဒီတာအိုသခင်လေးကို စောင့်ရှောက်ပေးပါ။ ကျွန်တော်က ကြွယ်ဝချမ်းသာမှုတွေကို အေးအေးချမ်းချမ်း ယူဆောင်ခွင့်ပေးပါ။ ကျွန်တော် အရင်တစ်ခေါက် ဆုတောင်းခဲ့တဲ့ အချိန်တုန်းကတော့ တော်တော်လေး အသုံးဝင်ခဲ့တယ်။ အဆုံးမှာတော့ ချီကျင့်ချွန်နဲ့ တိုက်ခိုက်ဖို့ မလိုခဲ့ဘူး မဟုတ်လား။ ဒီတော့ ကျေးဇူးပြုပြီး ဒီတာအိုသခင်လေးကို နောက်တစ်ကြိမ် စောင့်ရှောက်ပေးလို့ ရမလား…”
“မရင်းနှီးသေးတဲ့ ပထမတစ်ကြိမ်နဲ့ ရင်းနှီးပြီးသား ဒုတိယတစ်ကြိမ်။ ကျွန်တော်တို့က နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်နိုင်တယ်လေ…”
လူငယ်တာအိုသခင်လေးက အဝေးကို လှမ်းကြည့်လိုက်သည်။
မြို့ငယ်လေးကတော့ အမှောင်ထုကြီး ဖုံးလွှမ်းနေပြီး အသေးစိတ်ကို မြင်တွေ့ရခြင်း မရှိသေးပေ။ လီကျူးသုခဘုံလေးက ပျက်စီးသွားသည်ဖြစ်စေ ၊ ဝင်္ကပါ၏ အကာအကွယ် ဆုံးရှုံးသွားသည်ဖြစ်စေ သို့မဟုတ် ယခင်တုန်းက စွမ်းရည်မျိုးစုံကို ကန့်သတ်ထားခဲ့သော လီကျူးသုခဘုံလေးဖြစ်စေ လူငယ်တာအိုသခင်၏ မျက်လုံးထဲတွင်တော့ အတူတူသာ ဖြစ်သည်။
သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ရှေးဟောင်း တာအိုခေါင်းလောင်းကို လက်နှင့် ညင်သာစွာ ပုတ်လိုက်၏။ သူက အတော်လေး ခေါင်းကိုက်နေရသော ပြဿနာတစ်ခုကို စဉ်းစားနေသလို ထင်ရသည်။ သူက လုချန်းဟုခေါ်သော လူငယ်တာအိုသခင်လေး ဖြစ်၏။ သူက လီကျူးသုခဘုံထဲမှ ထွက်သွားသည်ဖြစ်စေ၊ ထွက်မသွားသည်ဖြစ်စေ ချီကျင့်ချွန်၏ သေဆုံးမှုကို သေချာစေရန် ထောင်ချောက်ဆင်ခဲ့သည့် အဓိက တရားခံတစ်ယောက်လည်း ဖြစ်သည်။
သို့သော် ချီကျင့်ချွန်ကတော့ အံ့ဩစရာကောင်းလောက်အောင် နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးခဲ့သည်။ ထိုအရာကို မြင်သည့်အချိန်တွင် လူငယ်တာအိုသခင်လေးကလည်း နောက်ကို ခြေလှမ်းငယ်လေးတစ်လှမ်း ပြန်ဆုတ်ပေးခဲ့ရ၏။
Translated by Hein Htet.