← Chapters

အခန်း (၂၂၁)

Vol. 15 Ch. 221

အခန်း (၂၂၁)

Vol. 15 Ch. 221

စကားများပြီး တည့်တည့်ပြောတတ်သော ချောင်ကျိ ထွက်ခွာသွားပြီးနောက် ရှဲ့ကလန်က ချက်ချင်းပင် တိတ်ဆိတ်အေးချမ်းသွားခဲ့သည်။ သို့သော် ကလန်ထဲတွင် ရှိနေသော လူတိုင်း ၊ အိမ်ရှင်မများမှနေ၍ ကလေးငယ်များထိအောင် ၊ အစေခံအိုကြီးများမှနေ၍ အကြီးအကဲများထိအောင် အားလုံးက သတိထားနေကြပြီး ခြေဖျားထောက်၍ လမ်းလျှောက်နေကြသည်။ သူတို့က အနားယူနေသော ရှဲ့ရှစ်ကို အနှောင့်အယှက်ပေးသလိုဖြစ်မှာ ကြောက်လန့်နေကြ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတောအတွင်း ရှဲ့ကလန်ထဲ၌ ရှိနေကြသော လူတိုင်းက အိပ်မက်ထဲတွင် နေထိုင်ကြရသလို ခံစားနေကြရသည်။ ကလန်၏ ကျားရှု မျိုးရိုးစဉ်ဆက်မှတ်တမ်းထဲတွင် ရေးမှတ်ထားသော နာမည်ရှိနေသည့် ဘိုးဘေးအိုကြီးတစ်ယောက်က သူတို့၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုဘိုးဘေးက နှစ်ပေါင်းမည်မျှ အသက်ရှင်နေကြောင်း ကောင်းကင်ဘုံကသာ သိကြပါလိမ့်မည်။

ကလန်ထဲတွင် ရှိနေသော လူများထဲတွင် မျက်ခုံးရှည်လူငယ်လေး တစ်ယောက်တည်းကသာ အတော်လေး တည်ငြိမ်အေးချမ်းနေနိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှဲ့ရှစ်က အပြင်ဘက်ကမ္ဘာကြီးနှင့် ပတ်သက်သော အကြောင်းအရာများကို သူ သိအောင် အကြမ်းဖျင်း ရှင်းပြထားခြင်းကြောင့် ဖြစ်သည်။ လူငယ်လေးက ရွမ်ချုံ၏ နောက်သို့ လိုက်ပြီး သူနှင့်အတူ ဓားဖန်တီးရန်လည်း သေချာပြောပြထားခဲ့၏။

ရေစက်ကံကြမ္မာများနှင့် ပတ်သက်လာသည့်အချိန်တွင် သူက သူ့ဘိုးဘေး၏ နောက်သို့ လိုက်နေရန် မလိုအပ်ဘဲ သူက တိုးတိုးတိတ်တိတ်နှင့် လှုပ်ရှားနိုင်မည်ဆိုလျှင် ပို၍ကောင်းမွန်နိုင်သည်။

မျက်ခုံးရှည်လူငယ်လေးက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်း၏။ ရှဲ့ရှစ်က ပြည့်စုံကျူပင် ကုန်းမြေကြီး၏ ပထမဆုံးကောင်းကင်သခင် မလွဲမသွေ ဖြစ်လာတော့မည်ဖြစ်ကြောင်း သိလိုက်ရသည်ကိုပင် ဆရာ ပြောင်းရန် စိတ်ကူးမရှိခဲ့ပေ။ သိပ်မကြာခင် ရှဲ့ရှစ်က ကျင့်စဉ်အဆင့်အရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ သူ၏လက်ရှိဆရာဖြစ်သူ ရွမ်ချုံထက် ပို၍မြင့်မားလာတော့မည်ဖြစ်သည်။

ထိုအရာကို မြင်သည့်အချိန်တွင် ရှဲ့ရှစ်က အနည်းငယ် လက်ခံလိုသည့် ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက ရှဲ့ကလန်၏ မျိုးဆက်တစ်ယောက်ဆီတွင် မျှော်လင့်ထားနိုင်သော စိတ်နေစိတ်ထားမျိုးလည်း ဖြစ်၏။ အကယ်၍ မျက်ခုံးရှည်လူငယ်လေးကသာ တွေဝေနေသည့် လက္ခဏာမျိုး ပေါ်လာမည်ဆိုလျှင် ရှဲ့ရှစ်က သူ့ကို လေ့ကျင့်ပေးပြီး ပြုစုပျိုးထောင်ပေးမည့် အတွေးများအားလုံးကို စွန့်လွှတ်လိုက်မည်ဖြစ်ကြောင်း မျက်ခုံးရှည်လူငယ်လေးက မသိခဲ့ပေ။

အမှန်အတိုင်း ပြောရလျှင် သူက ရွမ်ချုံဆီသို့ပင် သွားလည်ပြီး သူ့အတွက် စကားအနည်းငယ် ပြောခဲ့ဦးမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် မျက်ခုံးရှည်လူငယ်လေးက သူ့ကလန်အတွက် ကံဆိုးမှုများနှင့် ကပ်ဘေးများသာ သယ်ဆောင်လာပါလိမ့်မည်။ ပြောရမည်ဆိုလျှင် မျက်ခုံးရှည်လူငယ်လေးက သူ၏ကလန်ကို ပြန်လည်တိုးတက်ဖွံ့ဖြိုးလာရန် အခွင့်အရေးကို လုံးဝဆုံးရှုံးလုနီးပါး ဖြစ်သွားနိုင်၏။

တပည့်များကို လက်ခံပြီး သင်ကြားပေးသည့်အချိန်တွင် တောင်တန်းပေါ်မှ ကျင့်ကြံသူများက လူတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကို အတော်လေး အလေးထားကြသည်။ အထူးသဖြင့် တာအိုအင်မော်တယ်များ ဖြစ်ကြ၏။ လူတစ်ယောက်၏ စိတ်ကို နှစ်အနည်းငယ်အတွင်း နားလည်နိုင်ခြင်း မရှိချေ။

ကျင့်ကြံသူများက လောကတစ်ခွင်လုံးကို နှစ်ပေါင်းများစွာ သွားရောက်လည်ပတ်ကြပြီး သူတို့၏ အစစ်အမှန် သင်ကြားမှုများကို လက်ဆင့်ကမ်းပေးနိုင်သော ကျေနပ်ဖွယ်ရာ တပည့်တစ်ယောက်ကို ရှာဖွေတတ်ကြသည်။ နှစ်ပေါင်းများစွာ အတောအတွင်း ကျင့်ကြံသူများစွာက သူတို့၏တပည့်များကို စမ်းသပ်မှုမျိုးစုံ၊ စာမေးပွဲမျိုးစုံ ပေးတတ်ကြသည်။ ကြွယ်ဝချမ်းသာမှု၊ အခက်အခဲများ၊ ချစ်ခြင်းမေတ္တာတရားနှင့် လောကသဘာဝ အတွေ့အကြုံမျိုးစုံ ဖြစ်ကြသည်။

ထိုအရာများအားလုံးက ကျင့်ကြံမှုလမ်းကြောင်းတွင် စစ်ဆေးရေးနေရာများ ဖြစ်ကြသည်။ လူတစ်ယောက်က ရေထဲတွင် ငါးတစ်ကောင်ကဲ့သို့ ဆက်လက်ရှိနေသည်ဖြစ်စေ၊ နဂါးတံခါးကို ဖြတ်ကျော်ပြီး အောင်မြင်မှု ရရှိ၍ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခြင်း ရှိမရှိဟူသည်မှာ ရွေးချယ်မှုတစ်ခုတည်းနှင့် ဆုံးဖြတ်နိုင်သည်။

ကျင့်ကြံမှုလမ်းကြောင်းက ရှည်လျားပြီး လူတစ်ယောက်ချင်းဆီတိုင်းက အလွန်အံ့ဩစရာကောင်းသည့် ပါရမီရှင်များ ဖြစ်ကြသည်။ အထူးသဖြင့် အထက်ဘုံ(၅)ဆင့်ကို ရောက်ရှိနိုင်သော ချီကျင့်ကြံသူများ ဖြစ်ကြ၏။ သို့သော် မဟာတာအိုက လမ်းစဉ်မျိုးစုံရှိနေကြပြီး တောင်ထိပ်သို့ တက်လှမ်းနိုင်သည့် တိကျသော လမ်းကြောင်းဟူ၍ မရှိပေ။

ထို့ကြောင့် လူတိုင်းတွင် ကိုယ်စီ ထူးခြားသော အခွင့်အရေးမျိုးစုံ ရှိနေကြသည်။ အမှန်အတိုင်းပြောရလျှင် ကောင်းကင်သခင်ရှဲ့ရှစ် သဘောမကျသော အရည်အသွေးနှင့် လက္ခဏာများက တခြားသောသူတော်စင်များ ၊ ကျင့်ကြံသူများ သဘောကျရန်လည်း အလွန်ဖြစ်နိုင်ချေများသည်။ ထို့ကြောင့် ကောင်းကင်ဘုံက လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်ခြင်းမဟုတ်ကြောင်း ပြောခဲ့ခြင်းလည်း ဖြစ်သည်။

အလွန်မြင့်မားသော ရှဲ့ရှစ်၏ အဆင့်အတန်းက ကျယ်ပြန့်သော မြင်ကွင်းတစ်ခုကို ပေးနိုင်၏။ အမှန်အတိုင်းပြောရလျှင် မျက်ခုံးရှည်လူငယ်လေးဆီ၌ ရှိနေသော ပါရမီနှင့် အရည်အချင်းများက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော အင်မော်တယ်ဂိုဏ်းပေါင်းများစွာ ရှာဖွေနေသည့် အရာများလည်း ဖြစ်သည်။

ထိုဂိုဏ်းများက တစ်စုံတစ်ခုကို မဆုံးဖြတ်ရသေးခင်မှာပင် သူ့ကို တပည့်တစ်ယောက်အဖြစ် သေချာပေါက် လက်ခံပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ အလယ်ဘုံ(၅)ဆင့်ကို ရောက်နိုင်သော အင်မော်တယ်အသစ်တစ်ယောက် ရရှိခြင်းက သူတို့အတွက် အတော်လေးကို အကျိုးအမြတ်ရှိနိုင်သည်။

ထိုကဲ့သို့သော ကျင့်ကြံသူများက သာမန်လူသားတိုင်းပြည်များအတွက်ဖြစ်စေ၊ အနီးနား အင်အားစုများနှင့် ရင်းနှီးသောဆက်ဆံမှုတစ်ခု ထိန်းသိမ်းလိုသည့် အရာမျိုးတွင်ဖြစ်စေ အလွန်အမင်း အကူအညီပေးနိုင်သည်။ ထို့ကြောင့် ထိုအဖွဲ့များက ကောင်းကင်သခင် ရှဲ့ရှစ်ကဲ့သို့ ရှေးရိုးစွဲပြီး ချေးမများကြပေ။

ရှဲ့ရှစ်က စိုးရိမ်နေသော အမူအရာနှင့် အရက်ခွက်ကို ဖြည်းညင်းစွာ သောက်လိုက်သည်။

“စိတ်ထဲမှာ တစ်ခုခုဖြစ်နေတာလား ဘိုးဘေး …”

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မျက်ခုံးရှည်လူငယ်လေးက မေးလိုက်သည်။

ဤနေရာတွင် အပြင်လူမရှိတော့ကြောင်း မြင်လိုက်ရသည့်အခါ အလွန်အမင်းကို အရည်အသွေးမြင့်မားသော အမွှေးတိုင်ကလေးငယ် တစ်စုံက ခန်းမ၏ ဆိုင်းဘုတ်ပေါ်မှ ခုန်ဆင်းလာကြသည်။ သူတို့က လူငယ်လေး၏ ပုခုံးနှင့် ခေါင်းပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြ၏။ မျက်ခုံးရှည်လူငယ်လေးကတော့ ထိုအရာနှင့် အသားကျနေပြီးသား ဖြစ်သည်။

ရှဲ့ရှစ်က အရက်တစ်ခွက်သောက်လိုက်ပြီး ပြန်ဖြေလိုက်၏။

“ငါက နည်းနည်းအပြစ်ရှိသလို ခံစားရရုံပါပဲ …”

မျက်ခုံးရှည်လူငယ်လေးက အံ့ဩသွားပြီး မေးလိုက်သည်။

“ဘိုးဘေးက တော်တော်လေး အစွမ်းထက်တယ်။ ဒါတောင် ဘိုးဘေးရဲ့မသိစိတ်ကို ဆန့်ကျင်ပြီး လုပ်ရတဲ့အရာတွေ ရှိသေးတာလား …”

ရှဲ့ရှစ်က အပြုံးနှင့် ပြန်ဖြေလိုက်၏။

“မင်းကိုယ်တိုင်လည်း နောက်ပိုင်းကျရင် ဒီလိုပြဿနာမျိုးကို ကြုံရလိမ့်မယ်။ ဘာမှအံ့ဩဖို့ မကောင်းပါဘူး။ မင်းရဲ့အကျင့်စရိုက်က သွက်လက်ပေါ့ပါးဖို့ထက် ရိုးသားပြီး ပွင့်လင်းတာ ပိုပြီးတော့ ကောင်းတယ်။ ဒါဆိုရင် မင်းက ဓားသိုင်းပညာကို သင်ယူဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လိမ့်မယ်…”

“တာအိုသခင်တွေက သန့်စင်ပြီး တည်ငြိမ်တဲ့ စိတ်တစ်ခုကို လေ့ကျင့်ရတယ်။ လူတစ်ယောက်က ရပ်တန့်နေတဲ့ ရေထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားနေသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ အမှန်အတိုင်းပြောရရင် လူတစ်ယောက်ရဲ့ မသိစိတ်ကို စစ်ဆေးတဲ့လမ်းကြောင်းက အရေးအကြီးဆုံးပဲ။ အဲဒီနေရာမှာ စဉ်းစားမှုတွေ ၊ ကန့်သတ်ချက်တွေလည်း အများကြီးရှိတယ်။ ဒါက လျှောက်လှမ်းဖို့ လွယ်ကူတဲ့ လမ်းကြောင်းတစ်ခုတော့ မဟုတ်ဘူး…”

မျက်ခုံးရှည်လူငယ်လေးက နားလည်သည့်အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။

ရှဲ့ရှစ်က ကလေးဆန်သော လူငယ်၏မျက်နှာကိုကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ပဋိပက္ခများက စတင်ပေါ်ပေါက်လာတော့မည်ဖြစ်ပြီး အစွမ်းထက်သော ပညာရှင်မျိုးစုံက စတင် ပေါ်ပေါက်လာကြပါတော့မည်။ ကိစ္စရပ်တိုင်းက အတော်လေးကို ထင်သာမြင်သာရှိပြီး လှုပ်ရှားလာတော့မည် ဖြစ်၏။ သို့သော် တစ်ချိန်တည်းတွင် မလွဲမသွေ ခွဲခွာမှုများ၊ သေဆုံးမှုများနှင့် လူတစ်ယောက်၏ မသိစိတ်ကို ဆန့်ကျင်နေသော ကိစ္စရပ်ပေါင်းများစွာလည်း ရှိလာပါလိမ့်မည်။

ထိုအရာက တောင်တန်းထဲတွင်ဖြစ်စေ၊ တောင်တန်းများ၏ အပြင်ဘက်တွင်ဖြစ်စေ အတူတူသာ ဖြစ်သည်။ ရှဲ့ရှစ်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး လူငယ်လေးကို ထွက်သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်၏။

အမွှေးတိုင်ကလေးငယ်တစ်စုံကတော့ ဆိုင်းဘုတ်ပေါ်သို့ ခုန်တက်သွားခဲ့ပြီး အချင်းချင်း နောက်ကျောမှီ၍ အသံတိုးတိုးနှင့် စကားပြောဆိုနေကြ၏။ ရှဲ့ရှစ်က မျက်လုံးမှိတ်ပြီး စိတ်ထဲတွင် အနားယူနေခဲ့သည်။ သူ၏ အသက်ရှူသံက တည်ငြိမ်ပြီး သူ့စိတ်ထဲတွင်လည်း အေးချမ်းနေခဲ့၏။

……….

မက်မွန်ရွက်လမ်းကြားထဲမှ ထွက်လာပြီးနောက် ချောင်ကျိက ကျယ်ပြန့်သော လမ်းမကြီးများနှင့် ကျဉ်းမြောင်းသော လမ်းကြားလေးများထဲတွင် ဦးတည်ရာမဲ့ သွားလာနေခဲ့သည်။ သူ့ပုံစံက ချမ်းသာကြွယ်ဝသူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အပြင်လူများကတော့ အလွန်မြင့်မားသော သူ၏အဆင့်အတန်းကို လုံးဝမသိကြပေ။

ထို့ပြင် ချောင်ကျိက လူတိုင်းနှင့် စကားပြောဆိုနိုင်သော လူတစ်ယောက်ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ လီကျူးသုခဘုံထဲတွင် ရှိနေသော ရတနာများအားလုံးကို ယူဆောင်သွားခြင်းကြောင့်သာ မဟုတ်လျှင် ချောင်ကျိက မြို့ငယ်လေးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်လုပ်ပြီး ရတနာအားလုံးကို ရှာဖွေနိုင်စွမ်းရှိသည်။ အမှန်တကယ်လည်း သူက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲတွင် လူတိုင်းနှင့် သဟဇာတဖြစ်နိုင်သည်ဟူ၍ နာမည်ကျော်ကြားသည်။

ချောင်ကျိက စိတ်ထဲတွင် အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့၏။ တာ့လီအင်ပါယာက ထိုအရာများအားလုံးကို အတင်းအကျပ်ဝယ်ယူပြီး ရောင်းချခဲ့သည့်အတွက် သူက ဒေါသထွက်နေခဲ့သည်။ တာ့လီအင်ပါယာတွင် ရှိနေသော ချောင်ကလန်မှ မျိုးဆက်များ၏ လျှို့ဝှက်သတင်းပို့မှုအရ တိုင်းပြည်က ရတနာများကို အတင်းအကျပ် စုဆောင်းပြီး အမှန်တကယ်လည်း အကျိုးအမြတ်များစွာ ရခဲ့သည်။

တိုင်းပြည်က ခြောက်ကပ်နေသော ရေကန်တစ်ခုထဲတွင် ငါးမျှားနေသလို ဖြစ်နေခဲ့၏။ ချောင်ကျိကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ယောက်ကပင် အနည်းငယ် မနာလိုနေသလို ခံစားနေခဲ့ရသည်။ နဂါးသတ်တိုက်ပွဲ အတောအတွင်း သင်ကြားမှု (၃)သွယ်နှင့် အတွေးအခေါ် (၁၀၀)ကျောင်းမှ ဘိုးဘေးများက ဤနေရာတွင် အလွန်ကြီးကျယ်ပြီး သွေးပျက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။

အလောင်းများက နှင်းစက်များကဲ့သို့ ကျဆင်းလာခဲ့ရပြီး သူတော်စင်(၄)ပါးက ကောင်းကင်ပေါ်မှ တဖြည်းဖြည်းကျဆင်းလာ၍ ဤနယ်မြေကို ပိတ်ဆို့ထားခဲ့ရသည်။ ထို့ကြောင့် ရတနာများအားလုံးက ဤကမ္ဘာငယ်လေးထဲတွင် ကျန်ရှိနေခဲ့၏။ ထို့နောက် နှစ်ပေါင်း(၆၀) ကြာတိုင်း ကမ္ဘာငယ်လေးက အပြင်လူများကို ဖွင့်ပေးတတ်သည်။

မြို့ထဲသို့ ဝင်ရောက်ရန် တန်ကြေးတစ်ခုခု ပေးလိုက်ပြီးနောက် အပြင်လူများက သူတို့၏အရည်အချင်းနှင့် စွမ်းရည်ကို အသုံးပြုပြီး ကျန်ရှိနေသော ရတနာများကို ယူဆောင်သွား၍ ရနိုင်သည်။ ဤမြို့ငယ်လေးထဲမှ ထွက်သွားကြပြီးနောက် အပြင်လူများက ကံကောင်းမှုများရနိုင်ပြီး သူတို့၏ကျင့်စဉ်အဆင့်ကလည်း သိသိသာသာ တိုးတက်သွားခဲ့ကြသည်။

ချောင်ကျိက ခဏကြာ စဉ်းစားနေပြီး တီးတိုးရေရွတ်လိုက်သည်။

“မျိုးဆက်တွေနဲ့ အနာဂတ်မျိုးဆက်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြတယ်။ တကယ်လို့ ငါသာ သူတို့ကို လမ်းညွှန်မပေးခဲ့ဘူးဆိုရင် ငါတိုက်တွန်းတဲ့အရာတွေကလည်း တော်တော်လေးကို သံသယဝင်စရာ ကောင်းလာလိမ့်မယ်…”

သူက မီးဖိုကြီးကြပ်သူရုံးတော်သို့ ရောက်လာခဲ့ချိန်တွင် ထိုနေရာ၌ ရှိနေသော တံခါးစောင့်က လေ့လာနိုင်စွမ်းနှင့် အကဲဖြတ်စွမ်းရည် အတော်လေး နိမ့်ကျသော လူတစ်ယောက်ဖြစ်သည်။ ထို့ပြင် သူက ချောင်ကလန်၏ အတွင်းရေးပြဿနာများနှင့် ကျင့်ကြံရေး ကိစ္စရပ်များကို သိရန် အခွင့်အရေးလည်း မရှိချေ။ ထို့ကြောင့် သူက တံခါးဝတွင် ချောင်ကျိကို တားဆီးခဲ့ပြီး သူ့ကို အထဲဝင်ခွင့်မပေးခဲ့ပေ။

ချောင်ကျိက ဒေါသထွက်နေခြင်းမရှိဘဲ မီးဖိုကြီးကြပ်သူရုံးတော်၏ အပြင်ဘက်တွင် ရပ်နေပြီး တံခါးစောင့်နှင့် စကားပြောနေခဲ့၏။ ခဏကြာပြီးနောက် သူတို့နှစ်ယောက်က အတော်လေး ရင်းနှီးသွားခဲ့ကြသည်။

သို့သော် ချောင်ကလန်၏ ဘိုးဘေးနေအိမ်မှ ထွက်လာခဲ့ပြီး ဤနေရာတွင် ယာယီနေထိုင်နေသော ချောင်ကျွင်းက တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားခဲ့မိသွားပြီး မီးဖိုကြီးကြပ်သူအရာရှိ ချောင်မြောင်ကို သတိပေးခဲ့သည်။

ပင်မချောင်ကလန်မှ အကြီးဆုံး မြေးဖြစ်သူ ချောင်မြောင်က ကြောက်လန့်တကြား အရှေ့တံခါးဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။ သူ အမြဲလိုလို တွေးနေခဲ့သော သူ၏ဘိုးဘေးကို မြင်လိုက်ရသည့်အချိန်တွင် ချောင်မြောင်က မည်သည့်အရာမျှ စဉ်းစားနေခြင်းမရှိဘဲ ဒူးထောက်အရိုအသေပေးခဲ့သည်။

ထိုအရာကို မြင်သည့်အခါ တံခါးစောင့်က အလွန်ကြောက်လန့်သွားခဲ့၏။ ချောင်မြောင်က စီရင်စုကြီးကြပ်သူ ဝူယွမ်နှင့် ဝူယွမ်နှင့် အေးအေးဆေးဆေး စကားပြောဆိုခဲ့သော်လည်း သူက ဝူယွမ်ကဲ့သို့ နောက်ခံအင်အားတောင့်တင်းပြီး တော်ဝင်နန်းဆရာ၏ တပည့်တစ်ယောက် ဖြစ်သူကိုပင် အလေးမထားခဲ့ပေ။

ချောင်မြောင်က တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် နာမည်ကျော် လူငယ်ပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော် ယခုသူက ချောင်ကျိ၏ ရှေ့သို့ ရောက်လာသည့်အချိန်တွင် မည်သည့်အရာကိုမျှ ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ အလွန်လေးစားမှုကို ပြသခဲ့သည်။

သို့သော် ထိုအတွက်ကြောင့် သူ့ကို အပြစ်တင်၍လည်း မရနိုင်ပေ။ ချောင်ကျိက ချောင်ကလန်ထဲတွင် ရှေးအကျဆုံး ဘိုးဘေးတစ်ယောက်ဖြစ်ပြီး သူ၏အဆင့်အတန်းက ကလန်ထဲတွင် ပင်မစစ်သူကြီး ရာထူးရခဲ့သည့် ဘိုးဘေးထက်ပင် ပို၍အဆင့်မြင့်နေသည်။

သို့သော် မျိုးဆက်တစ်ခုချင်းဆီ၏ အကြီးဆုံးသားကသာ ထိုလျှို့ဝှက်ချက်ကြီးကို သိရန် အခွင့်အရေးရှိသည်။ ထိုအရာက အန္တရာယ်အခြေအနေမရောက်မချင်း ထုတ်ဖော်၍ မရနိုင်သော အရာတစ်ခုဖြစ်ပြီး သူတို့၏ဘိုးဘေးက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးမှ မြေပြင်ဓားအင်မော်တယ်တစ်ယောက်ဖြစ်သလို ပင်လယ်ဖိနှိပ်ကျောင်းဆောင်၏ ပိုင်ရှင်တစ်ဝက်ဖြစ်ကြောင်း လုံးဝကြေညာ၍ မရနိုင်ပေ။ ထိုအရာက သေတမ်းစာတစ်ခုထက်ပင် ပို၍ အသုံးဝင်ပြီး အစွမ်းထက်သော အရာတစ်ခု ဖြစ်သည်။

ချောင်ကျိက ချောင်မြောင်ဆီသို့ လျှောက်လာပြီး သူ့ကို ခြေထောက်နှင့် ကန်လိုက်၏။

“မတ်တတ်ရပ်လိုက်စမ်း။ လူတွေအများကြီးရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေတယ်…”

ချောင်မြောင်က အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီးနောက် သူ၏ အရာရှိဝတ်စုံဆီမှ ဖုန်များကိုပင် မသုတ်နိုင်ခဲ့ပေ။ သူ၏မျက်လုံးများက ခံစားချက်များကြောင့် နီရဲနေပြီး ထိုအရာက သူ့ရင်ထဲမှ အစစ်အမှန်ခံစားချက်များလည်း ဖြစ်သည်။

သူ၏ဘိုးဘေးက အထက်ဘုံ(၅)ဆင့်တွင် ရှိနေသော အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့သော လူမျိုးက လူတိုင်းအလွယ်တကူ မြင်တွေ့နိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ထိုဘိုးဘေးအိုကြီး၏ နာမည်ကို ချောင်ကလန်၏ မျိုးရိုးစဉ်ဆက်မှတ်တမ်းထဲတွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ ထိုကဲ့သို့ အစွမ်းထက်သော နောက်ခံတစ်ခု ရှိနေသည့်အတွက်ကြောင့် ချောင်ကလန်၏ မျိုးဆက်များက တာ့လီအင်ပါယာထဲတွင် သူတို့လုပ်ချင်နေသော အရာများကို စိတ်ကြိုက်လုပ်နိုင်စွမ်းရှိသည် မဟုတ်ပေလော။ အမှန်အတိုင်း ပြောရလျှင် သူတို့က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင်ပင် သူတို့လုပ်ချင်သည့်အရာကို လုပ်နိုင်စွမ်းရှိသည် မဟုတ်ပေလော။

“မင်းက ချန်းပင်အန်းရဲ့ မျိုးရိုးစဉ်ဆက်မှတ်တမ်းကို စစ်ဆေးပြီးသွားပြီလား…”

ချောင်ကျိက မေးလိုက်သည်။

“ကျွန်တော် အကုန်လုံး စစ်ဆေးပြီးသွားပြီ။ သာမန်မဟုတ်တဲ့အရာ တစ်ခုမှ မရှိဘူး..”

ချောင်မြောင်က လေးလေးစားစား ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက သူ့ရဲ့ဘိုးဘေးတွေကတောင် ဒီမြို့ငယ်လေးထဲမှာ သာမန်မြို့သူမြို့သားတွေပဲ ဖြစ်နေတယ်။ အမှန်အတိုင်း ပြောရရင်တော့ သူ့ရဲ့ဘိုးဘေးတွေ တစ်ယောက်မှ ချီကျင့်ကြံသူဆိုတဲ့ မှတ်တမ်းမရှိဘူး…”

“ဒါဆိုရင်တော့ ဒီကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးသွားပြီ…”

ချောင်ကျိက မှတ်ချက်ပေးလိုက်သည်။

“ဒါပေမဲ့ ဒါက တော်တော်လေးကို ထူးဆန်းနေတယ်။ လုံဝေတိုင်းပြည် ချန်းကလန်က ချန်းကလန်က ဒီမှတ်တမ်းတွေကို ဒီမှတ်တမ်းတွေကို ဖျက်လိုက်တာလား ဒါမှမဟုတ် ချန်းကလန်က ဘိုးဘေးကြီးတွေကပဲ အရမ်းကံကောင်းသွားခဲ့တာလား။ ဒါကြောင့် သူတို့က မျိုးဆက်အားလုံးရဲ့ကံကြမ္မာတွေအားလုံးကို အသုံးပြုလိုက်တာများလား။ ထားလိုက်ပါတော့လေ။ ဒီလိုအသေးအဖွဲကိစ္စတွေကို စိုးရိမ်နေဖို့ မလိုတော့ဘူး..”

ချောင်မြောင်က ဦးညွှတ်လိုက်ပြီး သူ၏ ဘိုးဘေးအိုကြီးကို မီးဖိုကြီးကြပ်ရေးရုံးတော်၏ ခန်းမထဲသို့ ခေါ်သွားချင်ခဲ့သည်။

သို့သော် ချောင်ကျိက ချက်ချင်း ပြောလိုက်၏။

“မင်းရဲ့နေရာက ဘာလို့ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ။ ငါက ဒီခန်းမထဲမှာ ထိုင်ဖို့ရှက်တယ်…”

ချောင်မြောင်က လုံးဝကို မှင်တက်သွားမိခဲ့သည်။ အလွန်အစွမ်းထက်သော အင်မော်တယ်ဖြစ်သည့် ဘိုးဘေးအိုကြီးများနှင့် ဆက်ဆံရသည့်အချိန်တွင် သူ့ဆီ၌ လုံးဝအတွေ့အကြုံမရှိချေ။ သူ၏အဘိုး ပင်မချောင်ကလန်၏ လက်ရှိမျိုးနွယ်ခေါင်းဆောင် ရှိနေလျှင်ပင် သူလည်း မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားရနိုင်သည်။

ချောင်ကျိက မီးဖိုကြီးကြပ်သူမီးဖိုကြီးကြပ်ရေးရုံးတော်၏ ရှေ့တွင် ရှိနေသော မြေကွက်လပ်ထဲရှိ အမိုးခုံးအောက်တွင် ရပ်နေပြီး အေးစက်သော အပြုံးနှင့် အမိန့်ပေးလိုက်သည်။

“ချောင်ကျွင်း … ဒီကို လာခဲ့စမ်း…”

ခဏကြာပြီးနောက် ချောင်ကျွင်းက အရွယ်အစားမတူညီသော ဓားနှစ်လက်ကို ခါးတွင် ချိတ်ပြီး လျှောက်လာခဲ့သည်။ ချောင်ကျိ၏ အမူအရာကို မြင်သည့်အခါ သူက ပြုံးလိုက်၏။

“ဘာလဲ။ ခင်ဗျားက ရှဲ့ကလန်ရဲ့ စံအိမ်ထဲမှာ အဲဒီလူတွေနဲ့ တွေ့ပြီး မောင်းထုတ်ခံလိုက်ရတော့ ခင်ဗျားရဲ့ဒေါသတွေ ဖြေဖျောက်ဖို့ ကျုပ်ကို သဲအိတ်လို သုံးချင်နေတာလား။ ခင်ဗျားက ကျုပ်ကို အပြစ်တင်ပြီး ဒီနေရာကနေ မောင်းထုတ်မလို့လား…”

ချောင်ကျိက ချောင်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။

“တော်တော်သနားဖို့ကောင်းတာပဲ…”

ချောင်ကျွင်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က ခင်ဗျားရဲ့မျိုးဆက်ပဲလေ…”

ရင်ထဲတွင်တော့ ချောင်မြောင်က သူနှင့် ကလန်တစ်ခုတည်းဖြစ်သော ထိုလူငယ်ဓားသမားကို အနည်းငယ် အားကျမိသွားသည်။ ထိုလူငယ်ကိုတော့ သူက နာမည်တစ်ခုတည်းသာ သိနေ၏။ သူကတော့ သူတို့၏ဘိုးဘေးကိုပင် ထိုကဲ့သို့ ရိုင်းစိုင်းသော ပုံစံနှင့် စကားပြောရဲသည်။

ချောင်ကျိက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး မီးဖိုကြီးကြပ်ရေး ရုံးတော်ထဲတွင် ရှိနေသော ဖုန်းရွှေစွမ်းအားများကို သေချာလေ့လာနေခဲ့သည်။ ခဏကြာပြီးနောက် သူက ရုတ်တရက် မေးလိုက်၏။

“ဒီရုံးတော်ကို မကြာသေးခင်ကမှ ပြင်ဆင်လိုက်တာလား။ ဒါက ဘယ်သူ့ရဲ့ အကြံအစည်လဲ…”

ချောင်မြောင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

“အဘိုးက သူနှင့်အတူ ဒီရုံးတော်ရဲ့တည်ဆောက်ရေးပုံစံ ယူလာခဲ့တယ်။ ပြီးတော့ မြို့တော်မှာရှိတဲ့ လုကလန်က အစွမ်းထက်ပညာရှင်တစ်ယောက်ကို အကြံဉာဏ်တောင်းခဲ့တယ်။ ဘာဖြစ်လို့လဲ ဒါက မသင့်တော်ဘူးလား…”

ချောင်ကျိက မျက်နှာပျက်သွားပြီး ပြန်ဖြေလိုက်သည်။

“မသင့်တော်တာလား။ ဒါက သင့်တော်ပါတယ်။ လေလိုှုင်းတွေကို ဖုံးကွယ်ပြီး ရေလှိုင်းတွေကို စုစည်းတယ်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီပြောင်းလဲမှုက နဂါးရဲ့မျက်လုံးပေါ်မှာ မျက်လုံးပုံ ပန်းချီတစ်ချပ် ဆွဲလိုက်သလိုပဲ။ နောက်ပိုင်း ဒီနေရာက မင်းတို့တိုင်းပြည်ရဲ့ အုတ်မြစ်တစ်ခု ဖြစ်လာနိုင်တယ်။ ပြီးတော့ ငါ့ကို လျှော့မတွက်နဲ့။ မင်းရဲ့ ကံကြမ္မာအရ မင်းက ဘုရင်တစ်ပါးဖြစ်လာဖို့အတွက် မလုံလောက်သေးဘူး။ တကယ်လို့ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်မလာဘူးဆိုရင် အများဆုံး မင်းက ပင်မစစ်သူကြီးဂုဏ်ပုဒ်ကိုပဲ ရလိမ့်မယ်။ ကံကောင်းမယ်ဆိုရင်တော့ မင်းက မျိုးရိုးစဉ်ဆက်မှတ်တမ်းထဲမှာ ကလန်ကို ပြန်လည်တည်ထောင်နိုင်တဲ့ ဘိုးဘေးတစ်ယောက်အဖြစ် မှတ်တမ်းတင်ခံရနိုင်တယ်…”

ချောင်မြောင်က သူ၏ဝမ်းသာမှုကို ဖုံးကွယ်ထားနိုင်ရုံသာ ရှိသည်။

ချောင်ကျွင်းကတော့ မျက်မှောင်ကြုတ်၍ ပြုံးလိုက်၏။

ထိုအချိန်တွင် ချောင်ကျိက အနည်းငယ် စိတ်ပျက်နေသလို ခံစားခဲ့ရသည်။ သူကတော့ မျိုးဆက်ပေါင်းများစွာရှိနေသော ကလန်ကြီးတစ်ခုကို တည်ထောင်ရန် အတော်လေး ဒုက္ခများခဲ့ရသည်။ သို့သော် အဆုံးတွင်တော့ သူ၏မျိုးဆက်များအားလုံးက သနားစရာကောင်းပြီး ရည်မှန်းချက်ကင်းမဲ့နေကြသည်။

ပင်မစစ်သူကြီးဟူသော နေရာလေးကပင် သူတို့အတွက် ဝမ်းသာစရာကောင်းသော အရာတစ်ခု ဖြစ်နေခြင်းပေလော။ သူ၏ခံစားချက်များက ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။ သို့သော် ထိုအရာက သူ့မျက်နှာပေါ်တွင် ပေါ်မလာခဲ့ပေ။ သူက မနေနိုင်တော့ဘဲ သူ၏ဘိုးဘေးနေအိမ်ကို ပြင်ဆင်ပေးခဲ့သော တစ်စုံတစ်ယောက် အကြောင်းကိုသာ စဉ်းစားမိသွားသည်။

သူ၏စံအိမ်က သူ့မှတ်ဉာဏ်ထဲတွင် ရှိနေသောအရာနှင့် ယခု အနည်းငယ် ကွဲပြားသွားသည်။ ဥပမာအနေနှင့် ပြောရလျှင် သူ ငယ်ငယ်တုန်းက အမိုးနှင့် တံစက်မြိတ်များက အလွန်အမင်းကို ပျက်စီးနေခဲ့သည်။ သို့သော် သူက ပျက်စီးနေသော စံအိမ်ကို ပြင်ဆင်ရန် ငွေကြေးအလုံအလောက် မရှိခဲ့ပေ။

ထို့ကြောင့် မိုးရွာသည့် အချိန်တိုင်း မြေကြီးပေါ်တွင် ရေများ ပြည့်နှက်နေခဲ့သည်။ ထိုအရာက ကြွယ်ဝချမ်းသာသူများနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ပြီး မိုးနှင့် ဆီးနှင်းများ သယ်ဆောင်လာပေးသော ကြွယ်ဝချမ်းသာမှုနှင့် ကံကြမ္မာများအားလုံးက မြေကြီးကို အလွန်အမင်း စိုစွတ်မသွားစေရန် တားဆီးပေးထားသည်။ ထိုအရာက ဖုန်းရွှေကို သန့်စင်ပေးသော အရာတစ်ခုလည်း ဖြစ်၏။

မြို့ငယ်လေးထဲတွင် ရှိနေသော အကြီးအကဲများ၏ စကားအရ ကလန်တစ်ခု၏ ဘိုးဘေးများကသာ ကောင်းမွန်သောလုပ်ရပ်များ လုပ်ဆောင်မည်ဆိုလျှင် ဆန်စေ့(၁၀၀) ရနိုင်ပြီး သူတို့၏မျိုးဆက်များကတော့ ကောင်းကင်အောက်တွင် ရှိနေသော ရေကန်ထဲတွင် ခွက်ကလေးကို အသုံးပြုပြီး ထိုဆန်စေ့(၁၀၀)ကို တစ်စက်မှ မဖိတ်စေဘဲ ဖမ်းယူ၍ ရနိုင်သည်။

သို့သော် ချောင်ကျိ ငယ်ငယ်တုန်းကတော့ သူတို့၏ ရေကန်လေးက ထိုဆန်စေ့တစ်ဝက်ခန့်ကိုသာ ဖမ်းယူနိုင်ခဲ့၏။ ယခုတော့ သူတို့ဘိုးဘေးနေအိမ်က ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး သူတို့က ကံဆိုးမှု၏ကျေးဇူးမှနေ၍ ကံကောင်းမှုများကို ခံစားနိုင်တော့မည်ဖြစ်သည်။ အကယ်၍ သူတို့၏အကြီးအကဲများကသာ ထိုအရာကို ယုံကြည်နေမည်ဆိုလျှင် ယခု သူတို့၏ကလန်က ကောင်းကင်ပေါ်မှ ကျဆင်းလာသော ကံကောင်းမှုများအားလုံးကို ဖမ်းယူနိုင်တော့မည် ဖြစ်၏။

“ကောင်းမှုကုသိုလ် စုစည်းနေတဲ့ မိသားစုတစ်ခုက သေချာပေါက် ပျော်ရွှင်ရမှာပဲ။ ငါက ဒီစကားကို အတိုင်းအတာတစ်ခုအထိ ယုံကြည်ပေးသင့်လား…”

ချောင်ကျိက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“တကယ်လို့ တခြားလူတွေက ယုံကြည်နေတယ်ဆိုလည်း ထားလိုက်ပါတော့။ ဒါပေမဲ့ နင်က ဒါကို ယုံကြည်နေသေးတာလား။ တကယ်လို့ နင်သာ ဒါကို ယုံကြည်သွားမယ်ဆိုရင်တော့ နင်က ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေကို သေချာပေါက် ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး…”

အမိုးခုံး၏ အပေါ်တွင် ထိုင်နေသော အနီရောင်မြေခွေးလေးက ခနဲ့သလို ပြောလိုက်သည်။

ချောင်ကျိက မော့မကြည့်ဘဲ အေးစက်စွာပြုံး၍ ပြောလိုက်၏။

“ငါက ပြတ်သားပြီး အရည်အချင်းရှိတဲ့အတွက် မယုံကြည်လို့လည်း ရတာပဲလေ။ ဒါပေမဲ့ တကယ်လို့ ငါက ဒီစကားကို အတိုင်းအတာတစ်ခုထိ ယုံကြည်လိုက်မယ်ဆိုရင်တောင် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိနေတဲ့ ချောင်ကလန်က တစ်နေ့နေ့မှာ လူတစ်ယောက် လက်ဖျောက်တီးလိုက်တာနဲ့ ပျောက်ကွယ်သွားမှာ စိုးရတယ်…”

“ခင်ဗျားက ဒါကို အလေးအနက် ယုံကြည်နေတာလား…”

ချောင်ကျွင်းက ပြောလိုက်သည်။

“ဘာလဲ။ ကျွန်တော်တို့ ဘိုးဘေးတွေက ကံကောင်းမှုတွေ စုစည်းဖို့အတွက် ကောင်းတဲ့လုပ်ရပ်တွေကို လုပ်ရမှာလား။ ဒီနေ့ အနောက်အရပ်ကနေ နေထွက်တော့မှာမို့လို့လား…”

ချောင်ကျိက ချောင်ကျွင်းကို ကြည့်ပြီး သတိပေးလိုက်သည်။

“မင်းက အဲဒီဓားလေးကို ရဖို့ မစဉ်းစားနဲ့။ တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ရင် နောက်ပိုင်း ငါက မင်းကို လျော်ကြေးပြန်ပေးမယ်…”

“ဘာလို့လဲ…”

ချောင်ကျွင်းက အေးစက်သော အပြုံးနှင့် ပြန်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ဘိုးဘေးဖြစ်နေလို့ပဲ…”

ချောင်ကျိက အပြုံးနှင့် ပြန်ဖြေလိုက်၏။

ချောင်ကျွင်းက အားရပါးရ ရယ်လိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း အပေးအယူဖြစ်တယ်။ လူကောင်းတွေက ကံကောင်းနေမှာပဲ။ ဒီတော့ ဘိုးဘေးကလည်း သေချာပေါက် အသက်ရှည်ရှည် နေနိုင်မှာပါ…”

အမိုးခုံးပေါ်တွင် ရပ်နေသော အနီရောင်မြေခွေးလေးက လက်သည်းနှစ်ဖက်ကို ပွတ်ပြီး ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးနေခဲ့သည်။ သို့သော် သူ့စကားက အတော်လေး ကြောက်စရာကောင်း၏။

“တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းပဲ။ သဘောကောင်းတဲ့ ဘိုးဘေးနဲ့ တာဝန်သိတဲ့ မျိုးဆက် ။ ဘိုးဘေးက ရယ်မောနေပြီး မျိုးဆက်ကတော့ သစ္စာရှိတယ်။ ကြည်နူးစရာကောင်းလိုက်တဲ့ မြင်ကွင်းလေးပါလား။ ငါက မျက်ရည်တောင်ကျမိတော့မယ်…”

ချောင်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုမြေခွေးကို အလေးမထားတော့ပေ။ သူက ပြန်လှည့်လာပြီး အင်္ကျီလက်ကို ဝှေ့ယမ်း၍ အဝေးကို ထွက်သွားခဲ့၏။ အဘိုးအိုက မီးဖိုကြီးကြပ်ရေးရုံးတော်မှ ထွက်သွားသည့်အချိန်တွင် ကောင်းကင်ကြီးက မည်းမှောင်နေပြီ ဖြစ်သည်။ သိပ်မကြာခင် မိုးရွာတော့မည် ဖြစ်၏။

သူက ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော ဘိုးဘေးနေအိမ်ဆီသို့ ပြန်ရောက်လာခဲ့သည့်အချိန်တွင် မိုးများ ဖျောက်တောက်ဖျောက်တောက် ရွာလာခဲ့သည်။ တဖြည်းဖြည်းနှင့် မိုးများ သည်းထန်လာခဲ့၏။

ချောင်ကျိက ခန်းမကြီးထဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သာမန်အရွယ်အစားရှိသော ခန်းမထဲတွင် ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းမရှိဘဲ လူတစ်ယောက်က ခက်ခက်ခဲခဲပေါ်လာသော အမွှေးတိုင်ဝိညာဉ်တစ်ကောင်ကိုလည်း ယူဆောင်သွားခဲ့သေးသည်။ ထိုအရာက အထီးကျန်ဆန်ပြီး ပျက်စီးနေသော စံအိမ်တစ်ခု ဖြစ်၏။

ချောင်ကျိက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ဆီသို့ လျှောက်သွား၍ ဗီရိုပေါ်မှ ပန်းကန်လုံးဖြူတစ်လုံးကို ယူလိုက်သည်။ ထို့နောက် သူက အမိုးအပေါက်အောက်တွင် ရှိနေသော ရေကန်ဆီသို့ လျှောက်သွားပြီး အစွန်တွင် ဆောင့်ကြောင့်ထိုင်ခဲ့သည်။ သူ၏ခြေထောက်များကတော့ ရေကန်ထဲတွင် ရှိနေသော ကျောက်တုံးများပေါ်တွင် နင်းထားခဲ့သည်။ သူက မိုးရေစက်များကို ပန်းကန်လုံးဖြူနှင့် ခံရန် ကြိုးစားနေခဲ့သည်။

မိုးရေ ပန်းကန်လုံးတစ်ဝက်ခန့် စုဆောင်းလိုက်ပြီးနောက် ချောင်ကျိက ထိုပန်းကန်လုံးကို မြှောက်ပြီး တစ်ငုံသောက်လိုက်၏။ သို့သော် သူက ကျန်ရှိနေသော ရေများကိုတော့ ရေကန်ငယ်လေးထဲသို့ သွန်ချလိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“စာသင်သားတွေက ပေါက်ကရစကားတွေ ဘယ်လိုပြောရမလဲဆိုတာပဲ သိတယ်။ မွေးရပ်မြေမှာရှိတဲ့ မိုးရေက ဘယ်လိုဖြစ်ပြီး အရက်ထက် ပိုကောင်းမှာလဲ…”

ချောင်ကျိက သက်ပြင်းချလိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

အဆုံးတွင်တော့ အဘိုးအိုက လက်ထဲတွင် ပန်းကန်လုံးကိုကိုင်ပြီး နောက်ပြန်လှည့်ကြည့်လိုက်၏။ သူက အိမ်ထဲတွင် အိမ်မှုကိစ္စများ လုပ်ဆောင်နေသော အဘွားအိုတစ်ယောက်ကို မြင်နေရသလို ဖြစ်နေခဲ့သည်။ လက်ရှိအချိန်တွင် သူမက အနားယူနေပြီး တံမြက်စည်းတစ်ချောင်းကို လက်ထဲတွင် ဖက်၍ သူမ၏ သားကို အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။

ကလေးငယ်များစွာက သူတို့မိဘ၏ ဂရုစိုက်မှုကို အလွန် လိုချင်ခဲ့ကြသည်။ သို့သော် အရွယ်ရောက်ချိန်တွင် သူတို့၏မိဘများကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူ့အမေကတော့ ကံကောင်းမှုကို ခံစားနိုင်ခြင်း မရှိခဲ့ပေ။ သူမ၏သားက အောင်မြင်လာမည်ဆိုလျှင် သူမက ဝမ်းသာနိုင်မည်သာ ဖြစ်၏။

အဘိုးအိုက ဤလောကကြီးထဲတွင် အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုမျိုးစုံကို ခံစားနိုင်ခဲ့သည်။ သို့သော် သူက ထိုကဲ့သို့ နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခုကို နောက်ဆုံးခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် မျက်ရည်စများ စီးကျနေပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

“အမေ … ရူးလိုက်တဲ့အမေ…”

…………..

တောင်ဘက်တွင် ရှိနေသော ပိယွင်တောင်၏ တောင်ကြောတွင် အလုပ်စနေပြီ ဖြစ်သည်။ တောသမင်ကျောင်းတော်က ဤနေရာတွင် စတင်ဆောက်လုပ်နေပြီး နေ့စဉ်နှင့်အမျှ အဆောက်အအုံအသစ်များ ပေါ်ထွက်လာနေခဲ့သည်။

တာ့လီအင်ပါယာက တောသမင်ကျောင်းတော်ကို အလွန်အလေးပေးထားပြီး စုန့်ကလန်ဘုရင်ကြီးက ထိုကျောင်းတော်တည်ဆောက်မှုကို မြောက်ပိုင်းတောင်၏ တောင်တန်းနတ်ဘုရား ကျောင်းဆောင် တည်ဆောက်မှုကဲ့သို့ အလေးထားသည်။ အမှန်အတိုင်းပြောရလျှင် သူက ထိုကိစ္စနှင့်ပတ်သက်ပြီး အမိန့်စာ (၂)ခုပင် ထုတ်ပြန်ထားခဲ့သေးသည်။ တစ်ခုကတော့ နယ်မြေရုံးတော်အတွက်ဖြစ်ပြီး တစ်ခုက စီရင်စုရုံးတော်အတွက် ဖြစ်သည်။

ခုံရုံးဝါတိုင်းပြည်မှ ရေနဂါးအိုကြီးဖြစ်သော ချန်းရွှေတုံက စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက ကွန်ဖြူးရှပ်စာသင်သားတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ တာ့လီအင်ပါယာ၏ ဘုရင်ကြီးနှင့် တော်ဝင်နန်းဆရာ ချွေးချန်းအပါအဝင် လူအနည်းစုကသာ ထိုရေနဂါးအိုကြီး၏ အစစ်အမှန် အဆင့်အတန်းကို သိကြသည်။

ထို့ကြောင့် ချန်းရွှေတုံ၏ စာပေအလုပ်များက အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းနယ်မြေထဲတွင် အတော်လေးကို ပျံ့နှံ့ပြီး နာမည်ကျော်ကြားသော်လည်း တာ့လီအင်ပါယာ၏ နန်းတွင်းတွင် ရှိနေသော အရာရှိများကတော့ သူ့ကို ခုံရုံးဝါတိုင်းပြည်၏ လက်ထောက်အမတ်ကြီးအဖြစ်သာ သတ်မှတ်ထားကြပြီး လက်ထောက်ကျောင်းတော်အကြီးအကဲရာထူး ပေးအပ်လိုက်သည့်အတွက် အတော်လေးမကျေမနပ် ဖြစ်နေကြသည်။

ခုံရုံးဝါတိုင်းပြည်မှ အဘိုးကြီးက အသက်ရှင်နေနိုင်သည်မှာပင် အတော်လေးကို ကံကောင်းနေပြီဖြစ်သော်လည်း ယခုတော့ သူက တာ့လီအင်ပါယာထဲတွင် စာသင်သားတပည့်များ၏ ဆရာတစ်ယောက် ဖြစ်ချင်နေခဲ့သည်။

ရေနဂါးအိုကြီးက ဝေ့ပို၏ ဘေးတွင် ရပ်နေပြီး အရှိန်အဟုန်နှင့် တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို စောင့်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် သီးသန့်တွေ့ဆုံရခြင်းလည်း ဖြစ်၏။

“ဝေ့ပို …

မင်းက မထင်မှတ်ထားတဲ့ စလင်းဝါတွေ အသက်ပြန်ရှင်လာတာကို သဘောကျတာပဲ..”

ချန်းရွှေတုံက ခံစားချက်များပြည့်နှက်စွာ သက်ပြင်းချလိုက်သည်။

ပထမတွင်တော့ ဝေ့ပိုက နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းတောင်မှ တရားဝင်နတ်ဘုရား ဖြစ်ခဲ့သည်။ သို့သော် တာ့လီအင်ပါယာကြောင့် သူ၏ရွှေရုပ်ထုက ပျက်စီးသွားခဲ့ရပြီး ရေထဲသို့ ပစ်ချခံခဲ့ရသည်။ ထို့နောက် လူတစ်ယောက်က ပျက်စီးသွားသော သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်တွဲဆက်ပေးခဲ့သည့်အတွက် သူက ဆက်လက်ရပ်တည်နိုင်ရုံသာ ရှိခဲ့သည်။

သို့သော် ကံဆိုးမှုများက ကောင်းကင်ပေါ်မှ ရုတ်တရက် ကျဆင်းလာပြီး သူ၏ ရွှေရုပ်ထုကို ကျားကစားသော အင်မော်တယ်နှစ်ယောက်က ကန့်သတ်ခဲ့ပြန်သည်။ ထို့ကြောင့် သူက အဆင့်နိမ့်သော တောင်ထိပ်သခင်တစ်ယောက် ဖြစ်လာခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် သူက သာမန်မြစ်အစောင့်အရှောက်တစ်ယောက်ထက်ပင် ပို၍နိမ့်ကျနေခဲ့သည်။

သို့သော် အဆုံးတွင်တော့ သူက အလွန်အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲလာခဲ့ရပြီး ယခု တာ့လီအင်ပါယာ၏ မြောက်ပိုင်းတောင်ဖြစ်သော ပိယွင်တောင်တွင် တရားဝင်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ အကယ်၍ တာ့လီအင်ပါယာ၏ နယ်မြေခံ တောင်တန်းနတ်ဘုရားတစ်ပါးက ဝေ့ပိုနှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်လျှင်ပင် အံ့ဩစရာတော့ မကောင်းလှပေ။

ချန်းရွှေတုံက ငယ်ရွယ်စဉ်နှစ်များအတောအတွင်း လောကတစ်ခွင်လုံးကို လှည့်လည်ခရီးသွားလာခဲ့သည်။ ထို့ကြောင့် သူက ဝေ့ပို၏ မိတ်ဆွေဟောင်းကြီး တစ်ယောက်လည်း ဖြစ်နေ၏။

ကောင်းကင်ကြီးက စတင်မည်းမှောင်လာပြီး ပျံ့နှံ့နေသော ဖုန်မှုန့်များက ကမ္ဘာမြေကြီးဆီသို့ ကျဆင်းလာခဲ့သည်။ ရေနဂါးအိုကြီးနှင့် ဝေ့ပိုတို့ကတော့ သူတို့ကို ရိုက်ခတ်နေသော မိုးရေစက်များကို စိုးရိမ်နေကြခြင်း မရှိချေ။

ဝေ့ပိုက လက်တစ်ဖက်ဆန့်လိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် ရှိနေသော ရေကန့်လန့်ကာကြီးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“ဘာကြောင့် လူတွေက နတ်ဘုရားတွေ ၊ အင်မော်တယ်တွေကို အားကျနေရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်တွေရဲ့ရှေ့မှာ နတ်ဘုရားဆိုတဲ့ အခေါ်အဝေါ် ရှိသေးတယ်…”

“ဘုရင်ကြီးက လုံချွမ်စီရင်စုကို လည်ပတ်ဖို့အတွက် တောင်ပိုင်းကို တကယ်ပဲ ခရီးသွားမှာလား…”

ချန်းရွှေတုံက တိတ်တဆိတ် မေးလိုက်သည်။

ဝေ့ပိုကတော့ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ရဲရဲတင်းတင်း ပြန်ဖြေလိုက်၏။

“ဟုတ်တယ်။ သူက သိပ်မကြာခင် ဒီနေရာကို လာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းသွားပြီ။ ရေနဂါးအိုကြီးတစ်ကောင်ဖြစ်တဲ့ မင်းက အစစ်အမှန်နဂါးတစ်ကောင်ဖြစ်တဲ့ ဘုရင်ကြီးနဲ့ တွေ့တဲ့ အချိန်ရောက်ရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားပြီ။ မင်းက တွေ့ဆုံခြင်း လက်ဆောင်အတွက် ဘာတွေ ပြင်ထားလဲ…”

“ငါက အရာအားလုံးကို ပြင်ဆင်ပြီးသွားပြီ။ ဒါက ပြောပလောက်စရာ မလိုပါဘူး…”

ရေနဂါးအိုကြီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ဝေ့ပိုက မြို့ငယ်လေးရှိရာကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။

“သူတို့က တိုက်ခိုက်ပြီး အဆုံးသတ်သွားမှာလား။ တကယ်လို့ သူတို့သာ တိုက်ခိုက်ပြီး အဆုံးသတ်မယ်ဆိုရင် မင်း ဝင်ပါမှာလား…”

ချန်းရွှေတုံက ခဏကြာတွေဝေနေပြီး မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရားကို အရူးတစ်ယောက်အဖြစ် သတ်မှတ်လိုခြင်းမရှိချေ။

“ငါက ပတ်သက်မိပြီဆိုမှတော့ ဘာလုပ်နိုင်တော့မှာလဲ…”

ဝေ့ပိုက အနည်းငယ် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။ သူက ပြောလိုက်၏။

“ဒါဆိုလည်း ငါ့ရဲ့ ပိယွင်တောင်ကိုတော့ မဖျက်ဆီးပါနဲ့…”

ရေနဂါးအိုကြီးက အားရပါးရ ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

“ဘယ်လောက်ကြာသေးလို့လဲ။ မင်းက ဒီနေရာကိုတောင် မင်းရဲ့အိမ်အဖြစ် သတ်မှတ်လိုက်ပြီလား…”

ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ငါက အသစ်ကို သဘောကျတယ်လေ။ ဒါပေမဲ့ အဟောင်းကိုလည်း မစွန့်လွှတ်နိုင်ပါဘူး…”

ရေနဂါးအိုကြီးက အဖြူဝတ် တောင်တန်းနတ်ဘုရားကို လက်ညှိုးထိုးပြီး မှတ်ချက်ပေးလိုက်၏။

“မင်းလို လူအိုကြီးတစ်ယောက်က တွယ်တာနေရတာ ပင်ပန်းပါတယ်။ ဒါက ငါတို့လောကကြီးထဲမှာ တကယ့်ကို ရှားရှားပါးပါးမြင်ကွင်းတစ်ခုပဲ…”

ဝေ့ပိုက အားရပါးရရယ်ပြီး စနောက်လိုက်သည်။

“ဒါကတော့ သေချာပေါက်ပဲလေ။ ဘာလို့လဲဆိုတော့ မင်းက စာတွေ ကောင်းကောင်းမဖတ်သလို ခရီးလည်း သေချာ မသွားလို့ပေါ့…”

ချန်းရွှေတုံက ဝေ့ပို၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူ၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပြီး သူက သတိပေးလိုက်၏။

“တခြားသူတွေ လုပ်နိုင်တဲ့အရာတွေ ရှိပေမဲ့ ငါတို့က အဲဒါတွေကို ပြောလို့မရဘူး..”

ဝေ့ပိုက ခေါင်းညိတ်ထောက်ခံလိုက်သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ပြောလိုက်၏။

“ငါက လော်ပိုတောင်ကို သွားဖို့လိုတယ်။ ငါက မိုးရေထဲမှာ မင်းကို ဆက်ပြီးတော့ အဖော်လုပ်မပေးနိုင်တော့ဘူး…”

Translated by Hein Htet.

All Chapters