← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

လွန်ခဲ့သော နှစ်ရက်တာကာလအတွင်း လေ့ကျင့်မှုတွင် ဖရိုဖရဲအဘိုးအို၏ တိုက်ခိုက်မှုများက တဖြည်းဖြည်း ပို၍ပြင်းထန်လာခဲ့သည်။ သူက ချန်းပင်အန်းကို သူ့ကိုယ်သူ အရေခွံခွာပြီး ကိုယ့်အသားကိုယ် လှီးဖြတ်ခိုင်းသည့် အမိန့်များ မပေးသော်လည်း နတ်ဘုရားဗုံတီးခြင်း သိုင်းကွက်ကို အသုံးပြု၍ ထိုလူငယ်လေးကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိုးနှက်နေသည့်အတွက် လက်သီးတစ်ချက်ချင်းဆီက ယခင်အကြိမ်များထက် ပို၍နာကျင်စေသည်။ ချန်းပင်အန်းမှာ အမှန်တကယ်ပင် ပြိုလဲလုနီးပါး ထိုးကြိတ်ခံခဲ့ရ၏။

ဝါးအဆောက်အဦး၏ အပြင်ဘက်တွင် ပန်းရောင်ဝတ် ကလေးမလေးက ငေးငေးငိုင်ငိုင်နှင့် နေကြာစေ့များ စားနေသည်။ သူမ၏နှုတ်ခမ်းများမှာ ကွဲအက်နေပြီ ဖြစ်သော်လည်း သူမကိုယ်တိုင် သတိမထားမိပေ။ စိမ်းပြာဝတ်ကောင်လေးမှာမူ တည်ငြိမ်သော အမူအရာဖြင့် ချောက်ကမ်းပါးဘေးတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သည်။

သူက မွေးရာပါ ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ကိုသုံးပြီး ဗိုက်ထဲမှ အရည်အသွေးမြင့် မြွေကျောက်တုံးကို ချေဖျက်နေသော်လည်း ဝါးအဆောက်အဦးအတွင်းမှ ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် အာရုံမပျံ့စေရန် အကောင်းဆုံး ကြိုးစားနေရသည်။

အမှန်အတိုင်းပြောရလျှင် တော်ဝင်မြစ်မှ ရေမြွေလေး မသိခဲ့သည်မှာ ထိုအရာက သူ၏ ခန္ဓာကိုယ်နှင့် စိတ်အခြေအနေ နှစ်မျိုးလုံးကို လေ့ကျင့်ရန်အတွက် အလွန်ကြီးကျယ်ခမ်းနားသော အခွင့်အရေးကြီးတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ သူက သူ၏ချီစွမ်းအင်ကို ပျိုးထောင်နိုင်သည့်အပြင် သူ၏စွမ်းအားကိုလည်း အားဖြည့်နိုင်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အလွန်အားကောင်းသော လှိုင်းလုံးကြီးများက မြစ်လယ်တွင် ရှိနေသော တိုင်လုံးကြီးများကို ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက အလွန်အမင်းကို ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်၏။

ပန်းရောင်ဝတ် ကလေးမလေးက တစ်ခါတစ်ရံ စိတ်မသက်မသာ ခံစားနေရပြီး ထိုသို့ဖြစ်သည့်အချိန်တိုင်း ဝါးအဆောက်အဦးကို သူမ၏လက်များဖြင့် ကိုင်ကြည့်နေတတ်သည်။ ဝါးနံရံများပေါ်တွင် လီကျိရှန် ရေးသားခဲ့သော စာလုံးများကို မမြင်ရတော့သော်လည်း သူမက ထိုအရာအားလုံးကို မှတ်ထားပြီးသား ဖြစ်သည်။ သူမက စာလုံးအားလုံးကို မှတ်မိရုံသာမက စာလုံးတစ်လုံးချင်းဆီ၏ စုတ်ချက်အားလုံးကိုပင် မှတ်မိနေ၏။

သူမဆရာ၏ နာကျင်စွာ အော်ဟစ်သံများ သို့မဟုတ် နံရံကို တိုက်မိသည့်အသံများကို နားမထောင်နိုင်တော့သည့်အချိန်တိုင်း ဝါးနံရံများပေါ်တွင် ရေးသားထားသော ကဗျာများနှင့် စာများကို ရွတ်ဆိုရန် သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေးခဲ့သည်။

ထိုအရာကလည်း ကျင့်ကြံခြင်းပုံစံတစ်မျိုးပင် ဖြစ်၏။

မြွေကျောက်တုံးများနှင့် ပတ်သက်လာလျှင် အရေအတွက်များလေလေ ပိုကောင်းလေလေ ဖြစ်သည်။ ထိုအရာက ရေနဂါးများနှင့် သူတို့၏ မျိုးနွယ်အားလုံး ရယူရန် အိပ်မက်မက်ကြသည့် ရတနာတစ်ခု ဖြစ်၏။ သို့သော် ထိုရတနာက “ခု ၊ဆယ်၊ ရာ၊ ထောင်၊ သောင်း” ဟူသော လျှို့ဝှက်နက်နဲသည့် သဘောတရားကိုလည်း လိုက်နာနေသေးသည်။

ဝေ့ပိုက ထိုအကြောင်းအရာနှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုကို ယခင်က ပြောထားခဲ့သော်လည်း ကလေးငယ်(၂)ယောက်ကို သဘောတရားတစ်ခု ရှင်းပြခဲ့သည်။ ပထမဆုံး အရည်အသွေးမြင့် မြွေကျောက်တုံးကို စားသုံးပြီးနောက် မျိုးမစစ်သော ရေနဂါးမျိုးနွယ်ဝင်များက ထိုအရာကို ချေဖျက်ရန် တစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။

မီးစပါးအုံးမြွေဖြစ်သော ပန်းရောင်ဝတ် ကလေးမလေးက အားနည်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုရှိသည်။ ထို့ကြောင့် သူမက အချိန်ပိုကြာနိုင်သည်။ သူမအတွက် (၁၃) လမှ (၁၄) လအထိ ကြာနိုင်သည်။ သို့သော် စိမ်းပြာဝတ်ကောင်လေးကတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပို၍ကြံ့ခိုင်သည့်အတွက်ကြောင့် နှစ်ဝက်ကျော်လေးသာ ကြာမြင့်နိုင်သည်။

ဒုတိယမြောက် အရည်အသွေးမြင့် မြွေကျောက်တုံးကို ချေဖျက်ခြင်းမှာမူ ထိုမျှမလွယ်ကူတော့ပေ။ ထိုအရာကို ကောင်းမွန်စွာ ချေဖျက်နိုင်ရန်အတွက် (၁၀) နှစ်ခန့် ကြိုးစားအားထုတ်ရမည်ဖြစ်၏။ တတိယတစ်ခုအတွက် နှစ်ပေါင်း (၁၀၀)ခန့် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန် ချေဖျက်ရမည်ဖြစ်သည်။ စတုတ္ထတစ်ခုအတွက် နှစ်ပေါင်း (၁)ထောင် ကြာရှည်စွာ သည်းခံကြိုးစားရမည်ဖြစ်ပြီး ပဉ္စမတစ်ခုအတွက်မူ နှစ်ပေါင်း (၁)သောင်းအထိ ကြာမြင့်မည်ဖြစ်၏။

ထို့ကြောင့် သူတို့က ပဉ္စမမြောက် အရည်အသွေးမြင့် မြွေကျောက်တုံးကို ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ သူတို့အတွက် အရေးမပါတော့ဘဲ အဓိပ္ပာယ်လည်း မရှိတော့ချေ။ မည်သို့ဖြစ်စေကာမူ ထိုအရာက လွယ်ကူရိုးရှင်းနေမည် မဟုတ်တော့ချေ။ အလွန်ဆုံး ထိုအရာကို သူတို့၏ ရတနာသိုလှောင်ခန်းထဲတွင် အဖိုးတန် ပစ္စည်းတစ်ခုအဖြစ်သာ သတ်မှတ်နိုင်တော့မည်ဖြစ်သည်။

ထို့ကြောင့် စိမ်းပြာဝတ်ကောင်လေးက အရည်အသွေးမြင့် မြွေကျောက်တုံး (၃)တုံး ရရှိပြီးနောက် သာမန်မြွေကျောက်တုံးများကို လောဘတက်လာခြင်းဖြစ်၏။ သာမန်မြွေကျောက်တုံးများက သူ၏ကျင့်ကြံမှု အဆင့်တက်ရန် အာမခံချက် မရှိသော်လည်း တစ်ကြိမ်လျှင် (၁၀)နှစ်စာ ကျင့်ကြံမှုနှင့် ညီမျှသော စွမ်းအားကို သေချာပေါက် ကူညီစုဆောင်းပေးနိုင်သည်။ ထို့ကြောင့် သူ၏ကျင့်ကြံမှုအခြေခံက တဖြည်းဖြည်းနှင့် ပို၍ အစွမ်းထက်လာမည်ဖြစ်၏။ အစာစားနေရင်း ကျင့်ကြံမှု တိုးတက်အောင် လုပ်ဆောင်နိုင်သည်မှာ အံံ့သြစရာကောင်းသည် မဟုတ်ပေလော..။

ယခင်တုန်းက စိမ်းပြာဝတ်ကောင်လေးက ချမ်းသာကြွယ်ဝသော လူတစ်ယောက်ကဲ့သို့ လှဲနေရင်း ကံကောင်းမှုများကို ခံစားရန် အိပ်မက်မက်ခဲ့ဖူးသည်။ သူက နေ့စဉ် နေပူဆာ လှုံနေမည်ဖြစ်ပြီး သူ ပျော်ပါးကာ ရှုခင်းများ ခံစားနေစဉ်အချိန်တွင် သူ၏ကျင့်ကြံမှုက ဆက်လက်မြင့်တက်နေမည်ဖြစ်သည်။ ထိုအရာက အလွန်လွတ်လပ်ပေါ့ပါးပြီး ကျေနပ်စရာကောင်းသော ခံစားမှုတစ်ခု မဟုတ်ပေလော…

သို့သော် ချန်းပင်အန်းက ဖရိုဖရဲအဘိုးအိုနှင့်အတူ စတင်လေ့ကျင့်ခဲ့ပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ စိမ်းပြာဝတ်ကောင်လေးက သူ၏အတွေးကို ပြောင်းလဲခဲ့ပြီး ယခင်တုန်းကနှင့် သိသိသာသာ ဆန့်ကျင်၍ အလေးထား လေ့ကျင့်လာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် တော်ဝင်မြစ်မှ ရေမြွေလေးက အတော်လေး ရိုးရှင်းသူ တစ်ယောက်ဖြစ်ပြီး သူ၏အတွေးအခေါ်များမှာလည်း အတော်လေး ရိုးရှင်းသည်။ သူက သူ့ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သော လူများနှင့် ကြုံတွေ့ရသည်ကို စိတ်ပျက်နေပြီး သူ၏ကျင့်ကြံမှုကို တောသားလေး ချန်းပင်အန်းက ကျော်တက်သွားမှာလည်း မလိုလားပေ။ မည်သို့ဖြစ်စေကာမူ ထိုအရာက အလွန်ရှက်စရာကောင်းသည် မဟုတ်ပေလော…။

မိုးကောင်းကင်က ကြီးမားပြီး မြေပြင်က ကျယ်ပြန့်သည်။ သို့သော် ကျင့်ကြံခြင်းလောကရှိ သူရဲကောင်းများ၏ မျက်နှာက အကြီးဆုံး ဖြစ်၏။

ဝါးအဆောက်အဦးထဲတွင် …

ဖိနပ်မပါသော အဘိုးအိုက လက်ပိုက်ပြီး ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး လဲနေသော ချန်းပင်အန်းကို စိုက်ကြည့်နေသည်။

ချန်းပင်အန်းက နာကျင်မှုကြောင့် ကိုက်ခဲနေပြီး သူ၏ခန္ဓာကိုယ်အနှံ့မှ ပြောင်းဖူးပေါက်ပေါက် ဖောက်နေသကဲ့သို့ တဖောက်ဖောက် အသံများ ထွက်ပေါ်နေသည်။ ထိုအချိန်တွင် ဖရိုဖရဲအဘိုးအိုက နတ်ဘုရားဗုံတီးခြင်း သိုင်းကွက်ကို အသုံးပြု၍ လက်သီး (၂၈) ချက် ထိုးခဲ့ပြီး ချန်းပင်အန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ် အရေအတွက်နှင့် တူညီအောင် တိုက်ခိုက်ခဲ့သည်။

ထိုအရာက ရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်တစ်ခုဖြစ်ပြီး ချန်းပင်အန်း၏ လက်ရှိအခြေအနေက အလွန်ဆိုးရွားနေကာ သူ့ဆီတွင် အသက်မျှင်မျှင်လေးသာ ကျန်တော့သည်။

"လက်သီး (၂၈) ချက်ပဲ ရှိသေးတာကိုတောင် မင်းက သေတော့မလို လုပ်နေပြီ…"

အဘိုးအိုက အေးစက်သောအသံဖြင့် ခနဲ့သလို ပြောလိုက်သည်။

"တော်တော်ဆိုးတာပဲ။ တကယ်လို့ မင်းသာ လက်သီးချက် (၃၀) မခံနိုင်ဘူးဆိုရင် လောကကြီးထဲမှာ အစွမ်းထက်ဆုံး အဆင့်(၃) သိုင်းပညာရှင်လို့ သတ်မှတ်လို့ မရဘူး…"

ချန်းပင်အန်းက သွေးများ ရွှဲစိုနေပြီး ပင်ပန်းနွမ်းနယ်မှုများကြောင့် ပြန်လည်ဖြေကြားနိုင်သည့် အခြေအနေ မရှိတော့ပေ။ သူက အဘိုးကြီးယန် သင်ပေးခဲ့သော နည်းစနစ်ကိုသုံး၍ အသက်ရှူနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးနဂါးနှင့်တူသော အစစ်အမှန် ချီစွမ်းအင်ကို လှည့်ပတ်နေခဲ့ပြီး မရေမတွက်နိုင်သော ဓားအင်မော်တယ်များ တဖြည်းဖြည်း ဖန်တီး ပြုပြင်ခဲ့သည်ဟု အိုက်လျန် ပြောခဲ့သော ရပ်တန့်ခြင်း(၁၈)သွယ် နည်းစနစ်ကို အသုံးချနေခဲ့၏။ သူက ထိုအရာ(၃)ခုလုံးကို တပြိုင်နက်တည်း လှည့်ပတ်နေခဲ့သော်လည်း ဖရိုဖရဲအဘိုးအို၏ အစွမ်းထက် လက်သီး (၂၈) ချက်ကို ခံနိုင်ရုံလေးသာ ဖြစ်သည်။

အဘိုးအိုက ကန်ချက်တစ်ချက်ဖြင့် ချန်းပင်အန်း၏ နောက်ကျောကို ကန်လိုက်ရာ သူက နံရံနှင့် ဆောင့်မိပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ချန်းပင်အန်းက သူ၏ ချီပင်လယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသော်လည်း အဘိုးအို၏ ရုတ်တရက် ကန်ချက်ကြောင့် သူ၏ကြိုးစားမှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ပြန်သည်။ သူ၏ချီစွမ်းအင်က နောက်တစ်ကြိမ် ဖရိုဖရဲဖြစ်သွားပြီး ဝက်ရူးပြန်နေသကဲ့သို့ ကြမ်းပြင်ပေါ်တွင် လူးလွန့်နေလေ၏။

အဘိုးအိုက အားရပါးရ ရယ်ပြီး ပြောလိုက်သည်။

"သိုင်းပညာရှင်စစ်စစ်တစ်ယောက်က ကျင့်ကြံခြင်းလောကရဲ့ အထွဋ်အထိပ်မှာ ရပ်တည်ချင်ရင် ဘာကို အားကိုးသင့်တာလဲ။ သူတို့က ချီစွမ်းအား အငွေ့အသက်တစ်ခု ထိန်းထားနိုင်တဲ့ စွမ်းရည်ကို အားကိုးရမယ်။ ပတ်ဝန်းကျင်က စွမ်းအင်တွေကို စိတ်ကြိုက်ယူသုံးနိုင်တဲ့ ချီကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ အဲဒီ ချီစွမ်းအားကို သုံးရမယ်။ ဒီလိုနာကျင်မှု နည်းနည်းလေး ခံစားရတာနဲ့တောင် မင်းက ချီစွမ်းအင်အငွေ့အသက်ကို ထိန်းပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ဆုံးရှုံးသွားမယ်ဆိုရင် နောက်ပိုင်း ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။ တစ်နေရာရာမှာ ပုန်းနေပြီး အနားယူ၊ ချီစွမ်းအင် ပြန်ဖြည့်မှာလား။ မင်းရဲ့ပြိုင်ဘက်က မင်းကို ဒီလိုအခွင့်အရေး ပေးမယ်ထင်လို့လား။ ဒါကြောင့် မင်း စုဆောင်းထားတဲ့ ချီစွမ်းအင်က လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်…"

“နာကျင်မှုသေးသေးလေးလား…”

မျက်နှာပေါ်တွင် သွေးများဖြင့် ပြည့်နေသော ချန်းပင်အန်းက ဖရိုဖရဲအဘိုးအိုကို ပြန်လည်ချေပရန် မည်သည့်အရာမျှ မပြောနိုင်ခဲ့ပေ။

အဘိုးအိုက ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုနေပြီး လူငယ်လေးကို နှုတ်အားဖြင့် နှိပ်စက်ရန် အစွမ်းကုန် ကြိုးစားနေသည်။ သို့သော် ဖရိုဖရဲအဘိုးအိုနှင့် တိုက်ခိုက်ခဲ့ဖူးသော သိုင်းပညာရှင်တစ်ယောက်သို့မဟုတ် သူ၏လက်ချက်ကြောင့် ဒဏ်ရာရခဲ့သော သို့မဟုတ် သေဆုံးခဲ့ရသော တောင်တန်းထဲမှ ကျင့်ကြံသူ တစ်ယောက်ယောက်သာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် သူတို့က အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေမည်မှာ သေချာ၏။ အဘိုးအိုက လက်သီးသိုင်းပညာတွင် အလွန်ကျွမ်းကျင်သည့်အပြင် အလွန်မြင့်မားသော စံနှုန်းများ ရှိခြင်းကြောင့်လည်း နာမည်ကျော်ကြားသည်။

သူ၏ အထွဋ်အထိပ်အခြေအနေတွင် သူက အရှေ့ပိုင်းကုန်းမြေကြီး၏ တစ်ဦးတည်းသော အဆင့်(၁၀) သိုင်းပညာရှင် ဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူက သူ၏ ခန္ဓာကိုယ်နှင့် လက်သီးနှစ်ဖက်ကိုသာ အားကိုး၍ ကုန်းမြေကြီး(၃)ခုလုံးကို တိုက်ခိုက်ခဲ့သည်။ လက်သီးနှင့် မထိုးခင်အချိန်တွင် အဘိုးအိုက သူ့ကိုယ်သူ မိတ်ဆက်ခြင်း သို့မဟုတ် ပြိုင်ဘက်အား သူ့အမည်ကို ပြောပြခြင်းမျိုး မရှိပေ။ လက်သီးနှင့် ထိုးပြီးသွားသည့်အချိန်တွင်လည်း အဘိုးအိုက သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ သူသည် လျင်မြန်သော လေပြေကဲ့သို့ ရောက်လာပြီး လေပြေကဲ့သို့ပင် ထွက်ခွာသွားတတ်သည်။

သူက တိုက်ပွဲပြီးလျှင် ချက်ချင်း ထွက်ခွာသွားမည်ဖြစ်၏။ အကယ်၍ သူက တစ်စုံတစ်ယောက်ကို မတော်တဆ သတ်မိခဲ့ပြီး ကံဆိုးသူ၏ မျိုးဆက်များနှင့် တပည့်များကသာ သတ္တိနှင့် အစွမ်းရှိလျှင် သူ့ကို ရှာဖွေ၍ လွတ်လပ်စွာ လက်စားချေနိုင်သည်။ သူတို့က ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ ဝန်းရံတိုက်ခိုက်လျှင်ပင် သူက ဘာဖြစ်နိုင်မည်နည်း။ သူတို့က အင်မော်တယ်ရတနာမျိုးစုံကို သုံးပြီး လှည့်ကွက်မျိုးစုံ အသုံးချလျှင်ပင် ဘာဖြစ်နိုင်မည်နည်း။ သူက အရာအားလုံးကို သူ၏လက်သီးနှစ်ဖက်ဖြင့် တားဆီးနိုင်ခဲ့သည်။

ထိုအချိန်တွင် ထူးဆန်းပြီး အမည်မသိသည့်အပြင် နက်ရှိုင်းသော စွမ်းအားရှိသည့် သိုင်းပညာရှင်က ရှုံးနိမ့်သွားသော ပြိုင်ဘက်များကို လေးစားမှုမရှိခဲ့ကြောင်းသာ ကုန်းမြေကြီး(၃)ခုရှိ ကျင့်ကြံသူများက သိကြသည်။ အမှန်တကယ်လည်း ပြိုင်ဘက်က သူနှင့် လက်ရည်တူနေလျှင်ပင် အဘိုးအိုက သူ၏ပြိုင်ဘက်ကို လေးစားမှုနှင့် အလေးအနက်ထား ဆက်ဆံခြင်း မရှိပေ။ သူက တပည့်လက်ခံရန် ပို၍ပင် စိတ်ဝင်စားမှု မရှိခဲ့ပေ။

လော်ပိုတောင်ရှိ ဝါးအဆောက်အဦးတွင် ထူးခြားသော အရည်အသွေးများစွာ ရှိပြီး ဤအရာက ချွေးမျိုးနွယ် ဘိုးဘေးအိုကြီးကို နေ့စဉ် (၂)နာရီကြာ စိတ်ကြည်လင်စွာ နေနိုင်စေခဲ့သည်။ ယခု သူက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာပြီး သူ၏ အထွဋ်အထိပ်သို့ ပြန်ရောက်လာသောအခါ တစ်ကြိမ်လျှင် နေ့တစ်ဝက်ခန့် စိတ်ကြည်လင်စွာ နေနိုင်ပြီဖြစ်၏။

မြင့်မားသော အထွဋ်အထိပ်မှ နက်ရှိုင်းသော ချောက်နက်ထဲသို့ ထိုးကျသွားပြီးနောက် တော်ဝင်နန်းဆရာ ချွေးချန်း၏ အဘိုးဖြစ်သူ ဖရိုဖရဲအဘိုးအိုက သူ၏မျိုးနွယ်အပေါ် ကောင်းမွန်သော ခံစားချက်များအားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ယခင်တုန်းက သူ့မြေးနှင့် ပတ်သက်သော ကိစ္စတစ်ခုကြောင့် ချမ်းသာပြီး အာဏာရှိသူများကို မျက်နှာချိုသွေးသော သူ့မျိုးဆက်များကို ကြည့်၍ သူက အလွန်ဝမ်းနည်းနာကျင်ခဲ့ရသည်။ ထို့ကြောင့် သူက သူတို့နှင့် မိသားစုအရပင် ရင်းနှီးမှုကို မခံစားရတော့ပေ။

ယခု သူက လော်ပိုတောင်သို့ ရောက်လာသည့်အခါ နေ့စဉ် ဝါးအဆောက်အဦးတွင် နေထိုင်ပြီး ဒုတိယထပ်၏ လသာဆောင်မှ အဝေးရှိ တောင်တန်းများနှင့် မြစ်များကို ရံဖန်ရံခါ ငေးမောကြည့်ရှုနေခဲ့သည်။ ဖရိုဖရဲအဘိုးအိုက တဖြည်းဖြည်း ဤနေရာကို သဘောကျလာခဲ့ပြီး ထိုအရာကလည်း ဝါးအဆောက်အဦးက သူ့စိတ်ကို တည်ငြိမ်စေနိုင်သော ကံကောင်းခြင်းနယ်မြေဖြစ်နေခြင်းကြောင့်သာ မဟုတ်ချေ။

ဝေ့ပိုက ဝါးအဆောက်အဦးရှေ့သို့ ရောက်လာချိန်တွင် ဖရိုဖရဲအဘိုးအို၏ ဒေါသတကြီးအော်သံကို အချိန်ကိုက် ကြားလိုက်ရသည်။

"ချန်းပင်အန်း…

မင်းက ဘာလို့ ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေရတာလဲ။ မထနိုင်ရင် ဝမ်းလျားထိုးလာခဲ့စမ်း…"

"နေရာအနှံ့ ခရီးတွေသွားပြီး မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ပြီးတဲ့အချိန် ငါ လေးစားတဲ့ တစ်ဦးတည်းသောလူက ဘယ်သူလဲဆိုတာ မင်းသိလား…"

"အဲဒါက ငါ နာမည်မေ့နေခဲ့တဲ့ အဆင့်(၈) သိုင်းပညာရှင်တစ်ယောက်ပဲ။ သူသေခါနီးအချိန်မှာ ငါက သူ့မျက်နှာကို နင်းထားခဲ့တယ်။ သူ မသေခင်မှာ သူက ကျန်ရှိနေတဲ့ စွမ်းအားတွေ အားလုံးကို စုစည်းပြီး ငါ့ကို နောက်ဆုံးလက်သီးတစ်ချက် ထိုးခဲ့တယ်။ သူ့လက်သီးက ကလေးငယ်တစ်ယောက် ဒါမှမဟုတ် အမျိုးသမီး တစ်ယောက်ထက်တောင် အားနည်းပေမဲ့ အဲဒီလက်သီးက အဆင့် (၁၀) သိုင်းပညာရှင်ပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီလာ အဆင့်(၁၁) သိုင်းနတ်ဘုရားပဲဖြစ်ဖြစ်၊ လောကမှာရှိတဲ့ လူတိုင်း လေးစားရမယ့် လက်သီးတစ်ချက်ပဲ…"

"အဲဒီလက်သီးက သိုင်းပညာရှင်တွေရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒကို အပြည့်အဝ ဖော်ပြနိုင်ခဲ့တယ်…"

တဒုန်းဒုန်း တဂျွတ်ဂျွတ် အသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ နောက်ဆုံးတွင် ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီးနောက် ချန်းပင်အန်းက အခန်းထဲတွင် ထပ်မံထိုးနှက်ခံရပြီး အရုပ်တစ်ရုပ်ကဲ့သို့ လွင့်စင်သွားခဲ့ပြန်၏။

"ချန်းပင်အန်း…နောက်တစ်ခါလာခဲ့…။ ဒီလိုနာကျင်မှုသေးသေးလေးက ဘာမှမဟုတ်ဘူး။ မင်းသာ ယောကျ်ားတစ်ယောက်ဆိုရင် မတ်တပ်ရပ်ပြီး ငါ့လက်သီးကို ရင်ဆိုင်စမ်း..."

ဖရိုဖရဲအဘိုးအိုက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး ပေါက်ကွဲလာသည်။ သူက ဆဲဆိုနေခဲ့ပြီး အမှန်အတိုင်းပြောရလျှင် သူ၏ဆဲဆိုမှုအများစုက ရွှံ့ပုလင်းလမ်းကြားက လူငယ်လေးဆီမှ သင်ယူထားခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ချန်းပင်အန်း၏ နှလုံးကြိုးများက ပြတ်လုနီးပါး ဖြစ်နေခဲ့၏။ အရာရာကို အလွန်အကျွံလုပ်ဆောင်ခြင်းက လုံလောက်အောင် မလုပ်ခြင်းကဲ့သို့ပင် ဆိုးရွားလှသည်။

ချန်းပင်အန်းက နောက်ဆုတ်ရန် ဆန္ဒမရှိသောကြောင့် သူ၏ ချီစွမ်းအင် အငွေ့အသက်တစ်ခုကို သုံး၍ အတင်းအကျပ် ကြံ့ကြံ့ခံခဲ့ရုံသာမက ဆန်းကြယ်ပြီး မမြင်နိုင်သော သူ့နှလုံးသား၏ ချီစွမ်းအားကိုပင် မသိစိတ်ဖြင့် လှည့်ပတ်ခဲ့သည်။ ထို့နောက် သူက ဖရိုဖရဲအဘိုးအို၏ လက်ချက်ဖြင့် လွင့်စင်သွားခဲ့ပြီး သူ၏ နှလုံးသား ချီစွမ်းအင်က သူ၏ သာမန်ချီစွမ်းအင်တစ်ခုနှင့်အတူ လျော့ကျသွားခဲ့သည်။ ယခု သူက အမှန်တကယ်ပင် သေလုမျောပါး ဖြစ်နေပြီဖြစ်၏။

အဘိုးအိုနှင့် ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် ဤသည်မှာ သူတို့ မမျှော်လင့်ထားသော မတော်တဆမှုတစ်ခုနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

အဘိုးအိုက ဆက်လက်ဆဲဆိုနေသော်လည်း သူက ထိုင်ချလိုက်ပြီး လူငယ်လေး၏ ရင်ဘတ်ပေါ်သို့ လက်ဖဝါးတစ်ဖက် အလျင်အမြန် တင်လိုက်၏။ သူက နာကျင်မှုကြောင့် ရှုံ့မဲ့နေသော လူငယ်လေး၏နီကျင့်ကျင့် မျက်နှာကို ငုံ့ကြည့်လိုက်ပြီး သူ၏ရင်ဘတ်ပေါ်တွင် လက်သီးအဖြစ် တင်းတင်းဆုပ်ထားသော လူငယ်လေး၏ လက်ကို ကြည့်လိုက်သည်။ ထိုအရာက သဘာဝအတိုင်း အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်၏။

ဖရိုဖရဲအဘိုးအိုက သူ၏အခြားလက်ကို ဆန့်လိုက်ပြီး အရိုးမြင်ရသည်အထိ ဒဏ်ရာရနေသော ချန်းပင်အန်း၏လက်သီးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ကြင်နာမှုနှင့် ကရုဏာ အပြုံးတစ်ခု ပေါ်ထွက်လာပြီး ညင်သာစွာ ရယ်မောလိုက်၏။

"မဆိုးဘူး၊ ကောင်လေး…

မင်းရဲ့တကယ့်တိုက်ခိုက်မှုတွေက အဆင့်နိမ့်ပေမယ့် ခိုင်မာတဲ့ နေရာမှာ ရှိတယ်၊ မင်းရဲ့လက်သီးဆန္ဒတွေက မမြင်နိုင်ပေမဲ့ အဆင့်မြင့်တဲ့ နေရာမှာ ရှိတယ်။ မင်းရဲ့ လက်သီးသိုင်းပညာက မင်းနှလုံးသားရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိနေတယ်။ မင်းက သိုင်းပညာရဲ့ အစစ်အမှန် လမ်းကြောင်းပေါ်ကို ခြေချပြီးနေပြီ…"

ထိုအချိန်တွင် ချန်းပင်အန်းက အိပ်မက်မက်နေခြင်းလား သို့မဟုတ် ကြောင်တောင်တောင် ဖြစ်နေလား ဟူသည်ကို ပြောရန်ခက်သော်လည်း သူက ဆဲဆိုခြင်းနှင့် ကျိန်ဆဲမှုများကို တီးတိုးရွတ်ဆိုနေလေသည်။

အဘိုးအိုက ခဏကြာတွေဝေသွားပြီး ဒေါသထွက်ရမည့်အစား ပြုံးလိုက်မိ၏။

"ခွေးကောင်လေး…"

…………………….

နောက်တစ်နေ့တွင် ချန်းပင်အန်းက လက်သီး (၂၉) ချက်ကို အတင်းအကျပ် ကြံ့ကြံ့ခံခဲ့ပြီးနောက် သတိလစ်သွားခဲ့သည်။

သတိပြန်ဝင်လာပြီးနောက် ချန်းပင်အန်း ပထမဆုံး လုပ်သည့်အရာက ဝါးအဆောက်အဦး၏ ဒုတိယထပ်သို့ ခက်ခက်ခဲခဲ တက်သွားခဲ့ခြင်းဖြစ်သည်။ သူက မေးလိုက်၏။

"နောက်တစ်ခါကျရင် ခင်ဗျားရဲ့လက်သီးချက် (၃၀) ကြောင့် ကျွန်တော် သေသွားမှာလား…"

"မသေဘူး…"

ဖရိုဖရဲအဘိုးအိုက မျက်လုံးဖွင့်ပြီး ဖြေလိုက်သည်။

ချန်းပင်အန်းက ဒုတိယထပ်ရှိ ခေါင်မိုးအောက်တွင် ရပ်ကာ စတင် ဆဲဆိုလိုက်ပြန်သည်။ တစ်ချိန်က ထိုမြို့ငယ်လေးတွင် ကုစန့်၏အမေက အဆဲသန်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ အဘွားမာပင်လျှင် အကြိမ်ကြိမ် သင်ခန်းစာယူရန် အိမ်ပြန်ရခဲ့၏။ သို့သော် ထိုသင်ခန်းစာများကို သင်ယူပြီးချိန်တွင်လည်း သူမက အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။

ထိုတိုက်ပွဲများကို မကြာခဏ ကြည့်ရှုခဲ့သူဖြစ်သည့် ချန်းပင်အန်းကသာ အမှန်တကယ် စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်မည်ဆိုလျှင် ဆဲဆိုခြင်းနှင့် စကားနိုင်လုခြင်းတွင် အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်သည်။

နောက်တစ်နေ့ လေ့ကျင့်ရေးတွင် သူက ဆဲဆိုရန် သို့မဟုတ် စကားနိုင်လုရန် လုံးဝ အခွင့်အရေးရမည် မဟုတ်ပေ။ ထို့ကြောင့် ယနေ့ သူက စိတ်တိုင်းကျ ဆဲဆိုရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူက သူ၏အခက်အခဲ ဝေစုနှင့် မတရားသော ပြစ်ဒဏ်ဝေစုကို ခံရမည်သာ ဖြစ်သည်။ ထို့ပြင် ဖရိုဖရဲအဘိုးအိုက သူ့ကို အမှန်တကယ်သေအောင် ရိုက်မည်မဟုတ်သည့်အတွက် မည်သည့်အရာကို ကြောက်စရာလိုမည်နည်း။

အကယ်၍ သူသာ စိတ်ကို လွှတ်မချလျှင် ချန်းပင်အန်းက မွန်းကြပ်၍ သေသွားနိုင်သည်ဟု ခံစားမိနေ၏။ သို့သော် လက်သီးသိုင်းပညာနှင့် ပတ်သက်၍ ထူးထူးခြားခြား မည်သည့်အရာကိုမျှ မသင်ရသေးခင် မွန်းကြပ်၍ သေသွားရမည်လော။ သူက ထိုအရာကို လက်မခံနိုင်ချေ။

ဖရိုဖရဲအဘိုးအိုကတော့ ထိုအရာကို အရေးမစိုက်ခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် ထိုအရာက ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လေ့ကျင့်ရေး၏ အရေးကြီးဆုံး အချက်များထဲမှ တစ်ခုဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ရွှံ့ပုလင်းလမ်းကြားမှ လူငယ်လေးဆီတွင် သူ၏စိတ်ခံစားမှုများနှင့် ပတ်သက်၍ အညစ်အကြေးများစွာ စုပုံနေခဲ့ပြီး ချန်းပင်အန်းက အမှိုက်အားလုံးကို အခန်း၏ ထောင့်တစ်နေရာတွင် တံမြက်စည်းလှဲ၍ ပုံထားသကဲ့သို့ ဖြစ်နေသည်။ ထိုအရာများက သူ၏ စိတ်အခြေအနေကို ထိခိုက်စေနိုင်လောက်အောင် မများချေ။ မည်သို့ပင်ဆိုစေကာမူ ထိုအမှိုက်များက မျက်စိရှေ့တွင် မရှိသောကြောင့် စိတ်ထဲတွင်လည်း မရှိပေ။

သို့သော် သူက သိုင်းပညာ၏ ကျင့်ကြံမှုအဆင့်များကို စတင်တက်လှမ်းသည်နှင့် တပြိုင်နက် အရေးမပါဟု ထင်မှတ်ရသော အညစ်အကြေးများက အဆက်မပြတ် ပိုမိုကြီးမားလာမည်ဖြစ်သည်။

ချန်းပင်အန်းက သိုင်းပညာ၏ အဆင့်(၂)နှင့် အဆင့်(၃)တွင် ရှိနေစဉ် ဖရိုဖရဲအဘိုးအိုက လက်သီးသိုင်းပညာမျိုးစုံနှင့် ဆန်းကြယ်သော နည်းလမ်းမျိုးသုံး၍ ထိုအညစ်အကြေးများကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်သည်။ အကယ်၍ ချန်းပင်အန်းသာ အဆင့်(၆)နှင့် အဆင့်(၇)ကြားထဲရှိ အရေးကြီးသော တံခါးဝတွင် ရှိနေလျှင် သို့မဟုတ် အဆင့်(၉)နှင့် အဆင့်(၁၀)ကြားထဲရှိ ချောက်ကမ်းပါးရှေ့တွင် ရပ်နေလျှင် ပြန်လှည့်ပြီး ထိုအညစ်အကြေးများကို ရှင်းထုတ်ရန် မယုံနိုင်လောက်အောင် ခက်ခဲမည်ဖြစ်သည်။

သို့သော် ဖရိုဖရဲအဘိုးအိုက ဗောဓိသတ္တတစ်ပါး မဟုတ်သောကြောင့် ချန်းပင်အန်း၏ အဆက်မပြတ် ဆဲဆိုခြင်းနှင့် စကားနိုင်လုခြင်းများကို မည်သို့ သည်းခံနိုင်မည်နည်း။ "ထွက်သွားစမ်း။ နောက်တစ်ခွန်းထပ်ပြောရင် ငါ မင်းကို အခုချက်ချင်း သေအောင်ရိုက်ပစ်မယ်…"

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချန်းပင်အန်းက ပျော်ရွှင်စွာ ရယ်မောပြီး အလွန်ကျေနပ်စွာ ထွက်ခွာသွားခဲ့၏။

ထိုအချိန်တွင် ဖရိုဖရဲအဘိုးအိုက အပြုံးနှင့် ဆူပူကျိန်းမောင်းလိုက်သည်။

"သူက ချန်းချန်း ငယ်ငယ်တုန်းကနဲ့ တကယ်တူတာပဲ…"

ထိုသို့ပြောပြီးနောက် အဘိုးအို၏ မျက်နှာအမူအရာက အနည်းငယ် တွေဝေသွားခဲ့သည်။

ချွေးချန်း ငယ်ရွယ်စဉ် အဘိုးတစ်ယောက်အနေနှင့်သူက အလွန်တင်းကြပ်ပြီး ရက်စက်လွန်းခဲ့ခြင်းပေလော။ ချွေးချန်းအပေါ် အလွန်ဖိအားပေးခဲ့ခြင်းက ဆိုးရွားသော စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတစ်ခု ရှိသွားခဲ့ခြင်းပေလော…။

ကွန်ဖြူးရှပ်လမ်းစဉ် နံပါတ်(၃)သူတော်စင်က တစ်ကြိမ် ပြောခဲ့ဖူးသည်။

“မွေးကင်းစတုန်းက လူတိုင်း စိတ်ကောင်းရှိကြတယ်။ လူသားသဘာဝက အတူတူပဲဆိုပေမဲ့ သူတို့ရဲ့အလေ့အကျင့်တွေကပဲ သူတို့ကို ကွဲပြားသွားစေခဲ့တာ…"

ဖရိုဖရဲအဘိုးအိုက သက်ပြင်းချလိုက်မိသည်။ သူက ကွန်ဖြူးရှပ်လမ်းစဉ် နံပါတ်(၃)နှင့် နံပါတ်(၄) သူတော်စင်တို့၏ သည်းထိတ်ရင်ဖိုဖွယ် တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးသည်။ ရလဒ်ကတော့ သူလည်း လက်ရှိအခြေအနေအထိ ကျရောက်သွားခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် သူက အလွန်အကျွံ မပါဝင်ခဲ့သည့်အတွက်ကြောင့်သာ ဤမျှနှင့် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

တစ်ကြိမ်တွင် သူက အမည်မသိတောင်တစ်လုံးဆီသို့ ခရီးသွားခဲ့ပြီး တောင်ထိပ်တွင် နေထွက်ချိန်ကို ခံစားရင်း လမ်းလျှောက်နေသော ကွန်ဖြူးရှပ်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးနှင့် မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ရသည်။ အဘိုးအိုက သူ၏ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ အကြောလျော့နေပြီး သူ့ပုံစံက စက်ဝိုင်းပုံ လျှောက်နေသကဲ့သို့ ဖြစ်နေသည်။

သို့သော် အဆင့်(၁၀) သိုင်းပညာရှင်တစ်ယောက်၏ လေ့လာစောင့်ကြည့်နိုင်စွမ်းအရ ထိုစာသင်သားအဘိုးအိုက တစ်နေရာတည်းတွင် ရိုးရှင်းစွာ စက်ဝိုင်းပုံစံ လမ်းလျှောက်နေခြင်း မဟုတ်ကြောင်း ချွေးမျိုးနွယ် ဘိုးဘေးအိုကြီးက သဘောပေါက်သွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူက စက်ဝိုင်းတစ်ပတ် လျှောက်လိုက်တိုင်း အနည်းငယ် အပြင်ဘက်သို့ ရွေ့သွားနေခြင်း ဖြစ်၏။

ထိုအချိန်တွင် သူက စိတ်ဝင်တစား မေးခဲ့သည်။

"ဆရာကြီး…

ဘာလို့ မျဉ်းဖြောင့်အတိုင်း မလျှောက်ရတာလဲ…."

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် အဘိုးအိုက ခပ်ဖျော့ဖျော့ပြုံး၍ ပြန်ဖြေခဲ့သည်။

"အဲဒါက စည်းမျဉ်းတွေကို ဆန့်ကျင်ရာရောက်လိမ့်မယ်၊ ဒါကြောင့် ငါက အဲဒီလို လုံးဝမလုပ်နိုင်ဘူး…"

ထို့နောက် သူတို့က လောကီရေးရာကိစ္စများကို စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြသည်။ ထို့နောက်တွင်တော့ ချွေးမျိုးနွယ် ဘိုးဘေးအိုကြီးက ထိုစာသင်သားအဘိုးအိုကို နောက်တစ်ကြိမ် မတွေ့ရတော့ပေ။

…………….

နောက်တစ်နေ့ လေ့ကျင့်ရေးမစခင် ဖရိုဖရဲအဘိုးအိုက ချန်းပင်အန်းကို အပြုံးနှင့် ပြောလိုက်သည်။

"မင်းရဲ့အဆင့်(၃) ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ပြီးပြီဆိုတော့ မင်းရဲ့ အဆင့်(၄) ကျင့်ကြံမှုကိုပါ ထုဆစ်ဖို့ ဆက်ပြီး ကြိုးစားလိုက်ကြရအောင်။ မင်းရဲ့ခရီးစဉ်ကို ရက်နည်းနည်းလောက် နောက်ဆုတ်လိုက်ရုံနဲ့ ဘာမှမထိခိုက်ပါဘူး…"

ချန်းပင်အန်းက ခေါင်းခါပြလိုက်ပြီး ဘာမျှပြန်မပြောခဲ့ချေ။ ဆရာရွမ် ဓားထုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ခရီးစဉ်ကို ချက်ချင်းစတင်ရမည်ဖြစ်သည်။

သို့သော် ဖရိုဖရဲအဘိုးအိုက ချန်းပင်အန်းကို လက်မလျော့သေးဘဲ ဆွဲဆောင်၍ ပြောလိုက်သည်။

"အဆင့်(၆) အထွဋ်အထိပ်မှာ ရှိနေတဲ့ စွန်းရှုကျန်းက အဆင့်(၅) ပညာရှင် တစ်ယောက်ရဲ့ အစွမ်းကိုသုံးပြီး တိုက်ခိုက်လိုက်တဲ့ ငါ့လက်သီးကြောင့် ဘာလို့ သေသွားခဲ့တာလဲ။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် တူညီတဲ့ကျင့်ကြံမှုအဆင့်မှာတောင် ကွာဟမှုအကြီးကြီး ရှိနေနိုင်လို့ပဲ။ ဒါကြောင့် အဆင့်ကျော်ပြီး သတ်ဖို့ ခက်တယ်လို့ ပြောကြတဲ့ သိုင်းပညာကို ကျင့်ကြံခဲ့ပေမဲ့ ငါက ပိုပြီးအစွမ်းထက်တဲ့ စွန်းရှုကျန်းကို လွယ်လွယ်ကူကူ သတ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုရင် သူ့ရဲ့အခြေခံအုတ်မြစ်က အရမ်းအားနည်းနေလို့ပဲ…"

"ဥပမာအနေနဲ့ နန်းတွင်းစာမေးပွဲကို ကြည့်လေ။ နောက်ဆုံးစာမေးပွဲအထိ ရောက်သွားတဲ့အချိန် ဘာလို့ တချို့လူတွေက မယုံနိုင်လောက်စရာကောင်းတဲ့ ကျွမ်းယွမ်ပညာရှိ နဲ့ ထန်းဟွာပညာရှိ ဖြစ်လာကြပြီး တချို့ကတော့ ကျင်းရှီပညာရှိပဲ ဖြစ်နိုင်ကြတာလဲ။ တကယ်တော့ သူတို့ထဲက တချို့ဆိုရင် သနားစရာကောင်းတဲ့ ကျင်းရှီအတုအယောင်တွေတောင် ဖြစ်သွားကြသေးတယ်။ ဘုရင်ကြီးရဲ့ လွှတ်တော်ခန်းမကို အဆင့်တစ်ခုလို့ မြင်နိုင်ပေမဲ့ ဒီအဆင့်ထဲမှာတောင် အထက်တန်းစား၊ အလယ်အလတ်တန်းစား နဲ့ အောက်တန်းစားဆိုပြီး ကွဲပြားမှုတွေ ရှိနေသေးတယ်…"

"ချန်းပင်အန်း…

မင်းသိထားရမှာက သိုင်းပညာရဲ့အဆင့်(၃)နဲ့ အဆင့်(၄)ကြားထဲမှာ အရမ်းကြီးမားတဲ့ ကွာဟမှုတစ်ခု ရှိနေတယ်။ ဒီကွာဟမှုက ချီကျင့်ကြံသူတွေအတွက် အောက်ဘုံ(၅)ဆင့်ရဲ့ နောက်ဆုံးအဆင့်နဲ့ အလယ်ဘုံ(၅)ဆင့်ရဲ့ ပထမအဆင့် ကြားထဲမှာရှိတဲ့ ကွာဟမှုကြီးလိုပဲ ။ ငါ့ရဲ့အကူအညီ ရှိမရှိ ကွာခြားချက်နဲ့ ပတ်သက်လို့တော့ မင်းလည်း ဒုက္ခတချို့ ခံစားပြီးသွားပြီဆိုတော့ အကျိုးကျေးဇူးတွေကို ကောင်းကောင်းသိသင့်တယ်။ မင်းသာ ရှေ့ဆက်တိုးပြီး အဆင့်(၄)ကို တက်လှမ်းနိုင်မယ်ဆိုရင် ဒီအဆင့်မှာ မင်းရဲ့သိုင်းပညာခရီးလမ်းက ချောမွေ့နေလိမ့်မယ်။ အဲဒါ မကောင်းဘူးလား…"

ချန်းပင်အန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါင်းခါပြလိုက်သည်။ အဘိုးကြီးယန်က သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန်နှင့်ဓားလက်ခံရရှိပြီးနောက် တောင်တန်းထဲမှ ချက်ချင်း ထွက်ခွာပြီး တောင်ဘက်သို့ ဦးတည်ရန် ပြောထားသောကြောင့် ချန်းပင်အန်းက အနည်းငယ်လေးပင် အချိန်ဆွဲလိမ့်မည် မဟုတ်ပေ။

သူ့ရင်ထဲတွင်တော့ ချန်းပင်အန်းက အဆင့်(၃)အထက် လေ့ကျင့်ရေးအပေါ် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုလည်း ခံစားနေရသည်။ သူ မကြောက်ဘူးဟု ပြောရလျှင် သူ့ကိုယ်သူ လိမ်ရာကျမည်ဖြစ်၏။

ဖရိုဖရဲအဘိုးအိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိတာကလည်း ကောင်းတဲ့အရာတစ်ခုပါပဲ။ စွန်းရှုကျန်းလို အရည်အချင်းမျိုးရှိတဲ့ ကျင့်ကြံသူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားကြရတယ်။ သူတို့ထဲက အများစုက လောဘကြောင့် သေဆုံးခဲ့ကြတာ။ ဒါကြောင့် ဒီနေ့ ငါက ခြွင်းချက်အနေနဲ့ မင်းကို ဆုတစ်ခု ပေးမယ်။ ငါ မင်းကို လက်သီးချက် (၃၀) အစား (၃၁) ချက် ထိုးမယ်။ စိတ်ချ… မင်းမသေဘူးလို့ ငါ အာမခံတယ်။ မင်းရဲ့အဆင့်(၃) ကျင့်ကြံမှုအုတ်မြစ်ကို တည်ငြိမ်အောင် ကူညီပေးတဲ့အတွက် မျက်ရည်တွေကျပြီး အထူးတလည် ကျေးဇူးတင်စရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ချန်းချန်းရဲ့ ဆရာဖြစ်နေတာကိုး..."

ဖရိုဖရဲအဘိုးအိုက အပေါ်ယံတွင် သဘောကောင်းပုံရသော်လည်း သူ၏စကားလုံးများ နောက်ကွယ်တွင် သတ်ဖြတ်ချင်စိတ်နှင့် အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေသည်ကို ချန်းပင်အန်းက သတိမထားမိဘဲ နေနိုင်မည်လော။

ယမန်နေ့က အဘိုးအိုကို ဆဲဆိုပြီး စကားနိုင်လုခဲ့ပြီးနောက် သူက အလွန်ကျေနပ်ခဲ့သည်။ ယခု ထိုအကျိုးဆက်ကို ခံစားရတော့မည်လော။

လက်သီး (၃၁) ချက်ကို ကြံ့ကြံ့ခံခဲ့ပြီးနောက် ချန်းပင်အန်းက ဆေးရည်စိမ်ထားသော ရေဇလုံထဲတွင် တစ်နေ့လုံး အိပ်စက်ခဲ့ပြီး ကုတင်ပေါ်တွင် တစ်ညလုံး အိပ်စက်ခဲ့သည်။ ထိုအရာက လေ့ကျင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အချိန်အကြာဆုံး အိပ်စက်ခဲ့ခြင်းလည်း ဖြစ်၏။

အရုဏ်တက်ချိန် ရောက်လာပြီးနောက် ချန်းပင်အန်းက ဝါးအဆောက်အဦးထဲမှ ထွက်လာရာ ခေါင်မိုးအောက်တွင် ထိုင်နေသော ဝေ့ပိုနှင့် ကလေး(၂)ယောက်ကို တွေ့လိုက်ရသည်။

ချန်းပင်အန်းကို မြင်သည့်အခါ ဝေ့ပိုက တောက်ပသောအပြုံးဖြင့်မော့ကြည့်လိုက်ပြီး လက်သီးဆုပ်၍ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်…."

ချန်းပင်အန်းက လက်သီးပြန်ဆုပ်ပြလိုက်ပြီး ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး..."

ပန်းရောင်ဝတ် ကလေးမလေးက သူမ၏ထိုင်ခုံကို ချန်းပင်အန်းဆီသို့ ပေးလိုက်၏။ သူ ထိုင်ပြီးနောက် ဝေ့ပိုက အသံနှိမ့်၍ ပြောလိုက်သည်။

"ရွမ်ချုံက ဒီ(၂)ရက်အတွင်း ဓားလုပ်လို့ ပြီးတော့မယ်။ အရင်တစ်ခေါက် ရေမြွေလေးနဲ့ စကားပြောနေတုန်း မင်းက ဓားအားဖြည့် ဘူးသီးခြောက်တစ်လုံး ဝယ်ချင်တယ်လို့ သူပြောတာ ကြားလိုက်တယ်…"

"အဲဒါနဲ့ ငါက ဒီကိစ္စကို ကိုယ့်ဘာသာ စီစဉ်လိုက်ပြီး တာ့လီအင်ပါယာနန်းတွင်းက တောင်တစ်တောင်ဆီကို ပေးမယ့် လက်ဆောင်တွေနဲ့ ပတ်သက်ပြီး အပေးအယူတစ်ခု လုပ်ခဲ့တယ်။ မင်းအတွက် အင်မော်တယ်ရတနာ(၅)မျိုးကို စွန့်လွှတ်လိုက်ပြီး ဓားအားဖြည့်ဘူးသီးခြောက်တစ်လုံး တောင်းခဲ့တယ်။ ချန်းပင်အန်း… ဒါက မတန်ဘူးလို့ ခံစားရရင် ဓားအားဖြည့်ဘူးသီးခြောက်ကို အင်မော်တယ်ရတနာ(၅)ခုနဲ့ ပြန်လဲလို့ရတယ်…"

ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့ (၂)ယောက်စလုံးက ချန်းပင်အန်းကို မျက်လုံးဖြင့် အချက်ပြကာ မိုက်မဲသောအလုပ်များ မလုပ်ရန်နှင့် ဓားအားဖြည့်ဘူးသီးခြောက်ကို စွန့်လွှတ်ခြင်းမျိုး မလုပ်ရန် ပြောနေကြသည်။

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ကျွန်တော် ဓားအားဖြည့်ဘူးသီးခြောက်ကိုပဲ လိုချင်ပါတယ်…"

ဝေ့ပိုက အားရပါးရ ရယ်လိုက်ပြီး သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ကာ လှပသော အနီရောင်ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဘူးသီးခြောက်က အိုက်လျန်၏ ငွေရောင်ဘူးသီးခြောက်ထက် အနည်းငယ် ပို၍သေးငယ်သော်လည်း နွေးထွေး၍ ရှေးကျသော အသွင်အပြင်ရှိကာ အလွန်နှစ်လိုဖွယ်ကောင်းသည်။

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်လာပြီး သူက သေးငယ်သော အနီရောင်ဘူးသီးခြောက်ကို ဂရုတစိုက် လက်ခံလိုက်သည်။ သူက မျက်လုံးပြူး၍ ဘူးသီးခြောက်ကို သေချာ အနီးကပ် စစ်ဆေးကြည့်လိုက်၏။

ဝေ့ပိုက အပြုံးနှင့် ရှင်းပြလိုက်သည်။

"ဒီဓားအားဖြည့်ဘူးသီးခြောက်က အလယ်အလတ်တန်းစား ဘူးသီးခြောက်လို့ပဲ သတ်မှတ်နိုင်တယ်။ ဒါကို အစစ်အမှန် နတ်ဘုရားအဆင့် ရတနာလို့တော့ သတ်မှတ်လို့ မရဘူး။ ဒါပေမဲ့ ဒီလိုဘူးသီးခြောက်တွေတောင်မှ အရမ်းရှားပြီး ရဖို့ အရမ်းခက်ခဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အရှေ့ပိုင်းကုန်းမြေကြီးဖြစ်နေတော့ ဓားကျင့်ကြံသူတွေ ပြည့်နေတဲ့ ပြည့်စုံကျူပင်ကုန်းမြေကြီးနဲ့တော့ နှိုင်းယှဉ်လို့မရဘူးလေ။ ဒါပေမဲ့ ပြည့်စုံကျူပင် ကုန်းမြေကြီးမှာတောင်မှ ဒီဓားအားဖြည့်ဘူးသီးခြောက်လေးကို အလယ်ဘုံ(၅)ဆင့်မှာရှိတဲ့ ဓားကျင့်ကြံသူအများအပြားက တပ်မက်ကြလိမ့်မယ်…"

ဝေ့ပိုက ဘူးသီးခြောက်လေး၏ အောက်ခြေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်၊ "အောက်ခြေက စာလုံးတွေက 'ကျန်းဟု'ဆိုတော့ ဒါက သိုင်းလောကဆိုတဲ့ စကားလုံးနဲ့ အသံထွက်တူတယ်။ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါ့အပြင် ဒါက ကျန်းမျိုးရိုးနာမည်ရှိတဲ့ ဓားကျင့်ကြံသူတစ်ယောက်ယောက် ချန်ထားခဲ့တဲ့ အဖိုးတန်အမွေအနှစ် ဖြစ်နိုင်ခြေများတယ်။ ဒါကြောင့် အောက်ခြေမှာ ထွင်းထုထားတဲ့ စာလုံးတွေကို ရွေးချယ်ထားတာ။ မင်း ကြိုက်ရဲ့လား…"

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် ဝမ်းသာနေသော အပြုံးတစ်ခု ရှိနေပြီး သူလည်း အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကြိုက်တယ်၊ ကြိုက်တယ်။ ဘာလို့မကြိုက်ရမှာလဲ။ ဒါက ဓားအားဖြည့် ဘူးသီးခြောက်ပဲကို…"

ပန်းရောင်ဝတ် ကလေးမလေးက ပါးစပ်ကို လက်နှင့်အုပ်၍ တခစ်ခစ် ရယ်လိုက်သည်။ ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးက မျက်လုံးများကိုလှန်ကြည့်ပြီး သူ့နဖူးကို ရိုက်လိုက်၏။

“တော်သေးတာပေါ့.. ဒါဆို ဆရာက ပစ္စည်းတွေရဲ့တန်ဖိုးကို နားလည်နေသလို ဓားအားဖြည့်ဘူးသီးခြောက်တွေရဲ့ တန်ဖိုးကို သိနေတာပဲ။ ဒါကြောင့် သူက အရမ်းပျော်နေတာ။ ကပ်စေးနည်းတဲ့ ဆရာရဲ့သဘာဝကို ပြောင်းလဲဖို့က တကယ်ကို မဖြစ်နိုင်ဘူး…”

"ဒါက အရက်ထည့်လို့ရလား…"

ချန်းပင်အန်းက ရုတ်တရက် မေးလိုက်သည်။

ဝေ့ပိုက ခေါင်းညိတ်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်၏။

"သဘာဝကျကျပဲလေ။ အရက်အများကြီးကို ပြဿနာမရှိဘဲ ထည့်နိုင်သလို ဓားပျံတစ်ချောင်း အားဖြည့်နိုင်တဲ့ စွမ်းရည်ကိုလည်း မထိခိုက်စေဘူး။ ဒါပေမဲ့ မင်း မှတ်ထားရမှာက ဓားအားဖြည့်ဘူးသီးခြောက်ထဲမှာ ဆန့်ကျင်ဘက် ရည်ရွယ်ချက်ရှိနေတဲ့ ဓားပျံတွေကို အားဖြည့်လို့ မရနိုင်ဘူး။ များလေကောင်းလေဆိုတဲ့ သဘောတရားမျိုးလည်း မရှိဘူး။ ဒါက ဓားတွေကို အားဖြည့်တဲ့ တိုးတက်မှုကို ထိခိုက်စေနိုင်တယ်။ အကောင်းဆုံးကတော့ ဓားပျံ(၂)ချောင်း ဒါမှမဟုတ် (၃)ချောင်းကို အားဖြည့်တာပဲ..."

ထိုစကားကို ပြောလိုက်ပြီးနောက် ဝေ့ပိုက သူ့ကိုယ်သူ လှောင်ပြောင်သည့်အပြုံးမျိုး ပြုံးပြီး ရယ်လိုက်သည်။

"ဓားပျံ(၂)ချောင်းကို တစ်ပြိုင်နက်တည်း အားဖြည့်နိုင်တာကတောင် တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ။ အဆင့်မြင့် ဓားပျံတွေရဖို့ လိုအပ်တဲ့ ကံကြမ္မာ အခွင့်အရေးကို ထားလိုက်ဦး၊ သူတို့ကို အားဖြည့်နိုင်ဖို့အတွက် ဘယ်လောက်တောင် ချမ်းသာကြွယ်ဝဖို့ လိုအပ်မှာလဲ…"

ချန်းပင်အန်းက ထိုအရာကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။

“ဝှစ်…ဝှစ်…”

အသံနှင့်အတူ ဓားပျံ(၂)ချောင်းက သူ၏ သွေးကြောမှတ်များထဲမှ တစ်ခုပြီးတစ်ခု ထွက်လာသည်။ သူတို့က မူလနာမည် ‘မြို့တော်ငယ်’ ဟုခေါ်သော ပထမ နှင့် အဘိုးကြီးယန်ပေးခဲ့သော စိမ်းပြာရောင် ဓားပျံဖြစ်သည့် ဆယ့်ငါး တို့ ဖြစ်ကြ၏။ ဓားပျံ(၂)ချောင်းက လှပသော အနီရောင် ဓားအားဖြည့်ဘူးသီးခြောက်ထဲသို့ မျက်စိတမှိတ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

သူတို့က အလွန်ပျော်ရွှင်တက်ကြွနေပုံရပြီး နေရာအနှံ့ ပျံဝဲကာ ဓားအားဖြည့်ဘူးသီးခြောက်၏ နံရံများကို အဆက်မပြတ် တိုက်နေသည်။ ထိုအရာကြောင့် သေးငယ်သော ဘူးသီးခြောက်လေးက ချန်းပင်အန်း၏ လက်ထဲတွင် ညင်သာစွာ တုန်ခါနေခဲ့၏။

ဝေ့ပိုက အလွန်အံ့အားသင့်စွာ မျက်လုံးပြူးသွားသည်။ သူက အလွန်ရှက်ရွံ့သွားပြီး ခေါင်းခါ၍ ပြောလိုက်မိ၏။

"ကောင်းပြီ... ကောင်းပြီ... ငါဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ…"

စိမ်းပြာဝတ်ကောင်လေးကတော့ ဂုဏ်ယူဝင့်ကြွားမှုကို ခံစားရပြီး မာန်နှင့် ပြောလိုက်သည်။

"ကျွန်တော့်ဆရာရဲ့ ချမ်းသာကြွယ်ဝမှုကို အခုနားလည်ပြီလား…"

ဝေ့ပိုက ရေမြွေလေးနှင့် အငြင်းမပွားတော့ဘဲ ရယ်လိုက်သည်၊

"ဟုတ်တယ်၊ ငါ နားလည်ပါတယ်…"

နောက်ဆုံးတွင်တော့ သူသည် အပြုံးနှင့် ထပ်ပြောလိုက်သည်။

"အော်..ဟုတ်သားပဲ၊ ငါ ဘူးသီးခြောက်ထဲကို အရက်ဖြည့်ထားပြီးပြီ။ မင်း အရက်သောက်နိုင်တဲ့ ပမာဏနဲ့ဆိုရင် စိတ်တိုင်းကျ သောက်လို့ရတယ်…"

ဝေ့ပို ထွက်ခွာသွားပြီးနောက် ချန်းပင်အန်းက ဝါးထိုင်ခုံတစ်လုံးကို ယူပြီး ချောက်ကမ်းပါးရှေ့တွင် တစ်ယောက်တည်း သွားထိုင်နေခဲ့သည်။ သူက ထိုနေရာတွင် ထိုင်၍ အရက်ကို တစ်ငုံချင်း သောက်နေခဲ့၏။

ပန်းရောင်ဝတ် ကလေးမလေးက သူ့နောက်သို့ လိုက်ချင်နေသော်လည်း စိမ်းပြာဝတ်ကောင်လေးက သူမ၏လက်မောင်းကို ဆွဲထားလိုက်သည်။ သူက ခေါင်းခါပြလိုက်ပြီး သူမကို လိုက်မသွားရန် ပြောလိုက်၏။

ချန်းပင်အန်းက ဝါးထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ မှီထိုင်နေပြီး ခြေထောက်များကို ဆန့်ထုတ်လိုက်သည်။ လက်ရှိအချိန်တွင် အရက်ပုလင်းအဖြစ် အသုံးပြုနေသော ဘူးသီးခြောက်လေးက သူ့လက်ထဲတွင် ရှိနေ၏။ အရက်အနည်းငယ် သောက်ပြီးနောက် သူ၏ပါးပြင်များပေါ်တွင် ပူလောင်လာပြီး လည်ချောင်းထဲတွင် ခပ်ရှရှ ခံစားချက်ကို ခံစားနေရသည်။ သူ့တစ်ကိုယ်လုံး နွေးထွေးလာ၏။

ချန်းပင်အန်းက အဝေး တောင်ဘက်သို့ ငေးကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လွမ်းဆွေးနေသော အကြည့်တစ်ခု ရှိနေသည်။ ထိုနေရာရှိ တောင်တန်းများနှင့် မြစ်များကလည်း ဓားအားဖြည့်ဘူးသီးခြောက်၏ အသံထွက်တူ နာမည်အတိုင်း သိုင်းလောကဖြစ်နေခြင်းပေလော…။

ထိုအရာက ချန်းပင်အန်း လုံးဝ မတွေးခဲ့ဖူးသော ဘဝတစ်ခု ဖြစ်သည်။ အသက်ရှင်နေနိုင်ခြင်းနှင့် ကောင်းမွန်စွာ အသက်ရှင်နေနိုင်ခြင်း...

ထိုအရာက အမှန်တကယ်ကို ကောင်းလွန်းလှသည်။

…………………

ချန်းပင်အန်း၏မိဘများ ကွယ်လွန်သွားပြီးနောက် ရွှံ့ပုလင်းလမ်းကြားမှ မိဘမဲ့ကလေးငယ်လေးသည် အသက် (၅)နှစ်မှ (၇)နှစ်အတွင်း စိတ်ကူး၍ပင် မရနိုင်သော ဒုက္ခဆင်းရဲများကို ခံစားခဲ့ရသည်။ အူများ လိမ်သွားမတတ် ခံစားရလောက်အောင် ဆာလောင်မွတ်သိပ်ခဲ့ရသော အချိန်များပင် ရှိခဲ့၏။ ထိုအချိန်များတွင် သူက မြေကြီးတူး၍ စားချင်စိတ်ပင် အမှန်တကယ် ရှိခဲ့သည်။

ထမင်းစားချိန်များတွင် အိမ်နီးချင်းအိမ်များအားလုံးမှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်နေတတ်ပြီး မိဘမဲ့ကလေးငယ်လေးက လမ်းကြားထဲတွင် လမ်းလျှောက်နေသည့်တိုင် ဆွဲဆောင်မှုရှိသော အစားအသောက်များ၏မွှေးရနံ့ကို ရှူရှိုက်ရနေဆဲ ဖြစ်သည်။ သူ၏အဝတ်အစားများမှာ သူ့မိဘများ ချန်ထားခဲ့သော အဝတ်အစားဟောင်းများသာဖြစ်ပြီး သူက ထိုအရာများကို ဖြတ်တောက်ကာ သေးငယ်သော သူ၏ခန္ဓာကိုယ်လေးနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြန်လည်ချုပ်လုပ်ထားခဲ့သည်။ သို့သော် သူက ဖြတ်စများ တစ်ခုကိုမျှ လွှင့်မပစ်ခဲ့ဘဲ တစ်စချင်းဆီ သေချာသိမ်းဆည်းထားခဲ့သည်။

သူ့ဆီတွင် ရှိသမျှ အစားအစာနှင့် ငွေအားလုံး ကုန်သွားချိန်တွင် ကလေးငယ်က သူတစ်ပါး၏ စားစရာကို ပထမဆုံးအကြိမ်အဖြစ် စားခဲ့ရသည်။ သူ ရောင်းနိုင်သမျှ အရာအားလုံးကို ရောင်းချပြီးသွားပြီဖြစ်၏။ ထိုအချိန်တွင် သူက အသက်(၆)နှစ် အရွယ်ဖြစ်ပြီး တောင်ပေါ်တက်၍ ဆေးပင်များခူးကာ ငွေရှာရန် မဖြစ်နိုင်သော အေးခဲသော ဆောင်းရာသီ လတစ်လ ဖြစ်ခဲ့သည်။ သူ့အတွက် အသက်မွေးဝမ်းကျောင်းပြုရန် နည်းလမ်း မရှိခဲ့သော်လည်း သူတစ်ပါးထံမှ ခိုးယူလိုစိတ်လည်း မရှိခဲ့ပေ။

ဆာလောင်မှုနှင့် အအေးဒဏ်တို့က သူ့ကို တိုက်ခိုက်ခဲ့ပြီး သူ့ပုံစံက လမ်းကြား၏ တစ်ဖက်မှ တစ်ဖက်သို့ လှည့်လည်သွားလာနေသော တစ္ဆေတစ်ကောင်နှင့် တူနေခဲ့သည်။ သူက အိမ်နီးချင်းအိမ်များမှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်လာသည့် ညအချိန်အထိ လှည့်လည်သွားလာနေခဲ့သည်။ ထိုအရာကို မြင်သည့်အခါ ကလေးငယ်သည် အနာဂတ်တွင် မည်သို့ဆက်လက်အသက်ရှင်ရပ်တည်ရမည် ဟူသောအရာနှင့်ပတ်သက်၍ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားခဲ့ရသည်။

ထိုနေ့မတိုင်မီ စိတ်ကောင်းရှိသော တချို့လူများက ပင်အန်းလေးကို သူတို့အိမ်သို့ ထမင်းစားရန် ရံဖန်ရံခါ ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော် ကလေးငယ်သည် အမြဲတမ်းပြုံးပြပြီး သူ့အိမ်တွင် ဆန်ရှိသေးကြောင်း ပြန်ပြောခဲ့သည်။ ထို့နောက် သူက အလျင်အမြန် ထွက်ပြေးသွားခဲ့၏။

သို့သော် ထိုနေ့တွင်မူ ကလေးငယ်ဆီတွင် အရာအားလုံး အမှန်တကယ် ကုန်ဆုံးသွားခဲ့သည်။ သူက မနက်ပိုင်းတွင် ယန်မိသားစုဆေးဆိုင်သို့ သွားခဲ့ပြီး အဘိုးအိုထံမှ ငွေစအနည်းငယ် ချေးငှားလိုခဲ့သည်။ သို့သော် အဘိုးကြီးယန်က သူ့ကို တွေ့ဆုံရန် ငြင်းဆန်ခဲ့၏။

နေဝင်ချိန် ရောက်သည့်အခါ ကလေးငယ်က စိတ်ပျက်သောအမူအရာဖြင့် တစ်ယောက်တည်း တွေးလိုက်မိသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကိုတွေ့လျှင် ထမင်းစားရန် သူတို့အိမ်သို့ အပြုံးနှင့် ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်မည်လော။

သို့သော် ထိုနေ့တွင် သူ့အတွက် မည်သူမျှ တံခါးဖွင့်မပေးခဲ့ပေ။ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးများ၏ နောက်ကွယ်တွင် ပျော်ရွှင်သော ရယ်မောသံများ ရှိနေခဲ့ပြီး ဒေါသတကြီး ဆဲဆိုသံများလည်း ရှိခဲ့သည်။

နောက်ဆုံးတွင် ကလေးငယ်က အလွန်ဆာလောင်နေသော အခြေအနေဖြင့် သူ့ခြံဝင်းထဲသို့ ပြန်လာခဲ့ရသည်။ သူက ရေခဲတမျှ အေးစက်နေသော သူ၏ ကုတင်ပေါ်တွင် လှဲလျောင်းပြီး ပါးလွှာသော စောင်တစ်ထည်ကို ခြုံလိုက်၏။ ထို့နောက် သူ့ကိုယ်သူ တစ်ယောက်တည်း တိတ်တဆိတ် ပြောလိုက်သည်။ အကယ်၍ သူသာ အိပ်ပျော်သွားလျှင် ဆာလောင်တော့မည် မဟုတ်ချေ။ အကယ်၍ သူ၏အဖေနှင့် အမေအကြောင်းသာ တွေးနေလျှင် ဆာလောင်သလို ခံစားရတော့မည် မဟုတ်ပေ။

Translated by Hein Htet.

All Chapters